Tuesday, August 27, 2013

လူငယ်ကဗျာဆရာ ညီလင်းနိုင်၊ ရဲရင့်လမင်း၊ ဆူးရဲ တို့နဲ့ အွန်လိုင်း လူငယ် ကဗျာ စကားဝိုင်း

၁။ အောင်ချိမ့်အစ မိုဃ်းဇော် အဆုံး ပင်မရေစီး ခေတ်ပေါ်ကဗျာခေတ်တုန်းက အနုပညာသြဇာနဲ့ ၀ါသမ္ဘာ တည်ဆောက်နိုင်ခဲ့ကြတဲ့ ၀ါရင့်ကဗျာဆရာ အများစု အနေနဲ့ ခေတ်နဲ့အညီ ကဗျာရေးဟန်အသစ်တွေဆက် မဖန်တီးနိုင်တော့ဘဲခေတ်ပေါ်ကဗျာအဟောင်းထဲမှာပဲ ရပ်တန့်ကျန်နေခဲ့ကြပြီလို့ ကိုယ် ထင်တယ်။ အာရုံခံစားပုံ လတ်ဆတ်ပြီး လူငယ်ဆန်တဲ့ နေမျိုး၊ ပိုင်၊ မောင်ဆေးရိုး၊ မင်းဆွေနှစ်၊ နိုင်မွန်အောင်သွင်၊ ခရမ်းပြာထက်လူ၊ခိုင်မြဲကျော်စွာ၊ မောင်ဖီလာ၊ ကိုရွေး သူတို့ကတော့ ခြွင်းချက်ပေါ့လေ။ ကဲ ညီလေးတို့ အမြင်ကို ပြောပါဦး။


ညီလင်းနိုင် - လူတွေကြောင့် ခေတ်ဟာရွေ့နေတယ်၊ ရွေ့နေတဲ့ခေတ်နဲ့အညီ ခေတ်အဆက်ဆက်က ကဗျာဆရာတွေရဲ့ ကဗျာတွေဟာလည်း ရွေ့နေတယ်။ အရင်ကလည်းရွေ့ခဲ့တယ်.... အခုလည်းရွေ့နေတယ်... နောက်လည်း ရွေ့ဦးမယ်။ အရွေ့အတိုင်းလိုက်ပါစီးဆင်းလာတဲ့ဆရာတွေရှိနေတော့ လူငယ်တွေအနေနဲ့ ပိုအားရှိတယ်လို့ ကျွန်တော် မြင်မိပါတယ်။

ရဲရင့်လမင်း - ခတ်ပေါ်ကဗျာရေစီးကိုအထိုက်အလျောက်ဖြတ်သန်းခွင့်ရခဲ့လို့ အထက်ပါဆရာသမားတွေအပြင် အခြားသောဆရာသမားတွေရဲ့ ကဗျာတွေကိုလည်း ဖတ်ရှု၊လေ့လာ၊ခံစားခွင့်ရခဲ့ပါတယ်။ကြိုက်နှစ်သက်ခဲ့တဲ့ ကဗျာတွေရှိသလို၊မကြိုက်တာတွေလည်းရှိခဲ့ပါတယ်။ခေတ်ပေါ်ကဗျာရဲ့ အဓိကပြဿနာကတော့ အနက်ဝှက်လွန်းတယ်။နားလည်ဖို့မလွယ်ဘူး။အဲ့ဒီလို အနေအထားတွေနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတာပါ။ဒါပေမယ့်လည်းအခုချိန်မှာတော့ ခေတ်ပေါ်ကဗျာဟာ သူ့ဖြတ်သန်းမှုနဲ့သူ သူ့ဟန်နဲ့သူ အခိုင်အမာရပ်တည်နေခဲ့ပါပြီ။ ကျွန်တော့်အနေနဲ့ကတော့ ကိုယ့်ရှေ့ကဆရာသမားတွေ ဖောက်ခဲ့၊လျှောက်ခဲ့ကြတဲ့လမ်းကို အတိအကျလေးစားပြီးသားပါ။   ကဗျာဆိုတာကလည်း ခေတ်စနစ် လူမှုဝန်းကျင်နဲ့အညီ ရွေ့နေတာဆိုတော့ အခုခေတ်မှာဖြစ်ပေါ်တိုးတက်လာနေတဲ့ ကဗျာပုံစံတွေ၊အယူအဆတွေနဲ့ ခေတ်ပေါ်ကဗျာကိုယှဉ်ကြည့်လို့ကတော့ အရာရာကွာခြားနေမှာပါပဲ။ဒါကိုကဗျာသမားတိုင်းက နားလည်လက်ခံနိုင်မယ်လို့ ယူဆပါတယ်။    ကိုယ့်ရှေ့က ဆရာသမားတွေအနေနဲ့ ရေးဟန်အသစ်တွေ ကဗျာပုံစံ အသစ်တွေကို ဆက်လက် ဖန်တီးသည်ဖြစ်စေ၊မဖန်တီးတော့သည်ဖြစ်စေ လူငယ်ကဗျာသမားတစ်ယောက်အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး။ကိုယ်ယုံကြည်တဲ့လမ်းကို ကိုယ်ဆက်လျှောက်ဖို့ပဲ အလေးထားပါတယ်။

ဆူးရဲ - အဲဒါကတော့ အဲဒီဆရာတွေခေတ်တင်မဟုတ်ပါဘူး။ ကျွန်တော်တို့လက်ရှိဖြတ်သန်းနေတဲ့ခေတ်မှာလည်း ကျွန်တော်တို့နဲ့ခေတ်ပြိုင်လို့ပြောလို့ရမယ် ကဗျာဆရာတွေအများအပြားရှိပါတယ်။ ရေးနေကြတာကတော့ ကဗျာအမျိုးအစားအလိုက်ရော၊ ပုံသဏ္ဍာန်ရော အစုံအလင်ပေါ့။ တချို့လည်း ကိုယ်ယုံကြည်ရာတစ်ခုတည်းကို တရားသေဆုပ်ကိုင်ရေးသားနေသူတွေရှိသလို၊ အသစ်အသစ်ဖြစ်ထွန်းလာနေတဲ့ခေတ်စနစ်နဲ့အပြိုင် ချဲ့ထွင်ရွေ့လျားရေးသားနေသူတွေလည်းရှိပါတယ်။ ဒါကိုတော့ ဘယ်သူကျန်ခဲ့ရကောင်းလား ၊ ဘယ်သူရွေ့ရကောင်းလားဆိုပြီး အပြစ်တစ်ခုရယ်လို့တော့ မမြင်မိပါဘူး။

၂။ ညီလေးတို့က ၂၀၁၀ အလွန်မှာ ထွက်ပေါ်လာတဲ့ နောက်ဆုံး မျိုးဆက်သစ် လူငယ်ကဗျာဆရာတွေပေါ့။ ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာက ညီလေးတို့ ရဲ့ အနုပညာ ဖန်တီးမှုအပေါ်မှာ မူတည်နေပြီ။ ခေတ်ပြိုင်မြန်မာကဗျာယဉ်ကျေးမှု အသစ်ဟာလည်း ညီလေးတို့ လက်ထဲ ရောက်နေပြီလို့ ကိုယ် ယူဆတယ်။ ဒါပေမဲ့ လူငယ်ကဗျာဆရာတွေနဲ့ လူမှုရေးနဲ့ အနုပညာ ထိတွေ့ဆက်ဆံမှု သိပ်မရှိတဲ့ ၀ါရင့်ကဗျာဆရာတွေက နောက်ဆုံး မျိုးဆက်သစ် လူငယ်တွေ ပေါ်ထွက်နေပြီဆိုတာ သတိမထားမိကြသေးဘူး။ တချို့ ကဗျာဆရာတွေအယ်ဒီတာတွေကျတော့လည်း သတိထားမိပေမဲ့ လူငယ်တွေကို အသိအမှတ်ပြု တန်ဖိုးထား နေရာပေးဖို့ ၀န်လေးတွန့်ဆုတ်နေကြသေးတယ်။ သူတို့ကို ဘာပြောချင်လဲ။


ညီလင်းနိုင် - ခေတ်အဆက်ဆက်ကတည်းက ဖြစ်လေ့ဖြစ်ထရှိနေတဲ့ သမားရိုးကျကိစ္စတစ်ခုလို့ပဲ ကျွန်တော် မြင်မိပါတယ် အစ်ကို။ လူကြီးဟာ လူငယ်ဘဝကနေလာတယ်ဆိုတာကို မမေ့တဲ့ဆရာတွေ ရှိနေမှာ သေချာပါတယ်။ ဘာပဲဖြစ်စေ... ရှေ့ကဆရာတွေမရှိခဲ့ရင် ကျွန်တော်လည်း မရှိနိုင်တာ သေချာပါတယ်။ ဆရာတွေ တန်ဖိုးထားနိုင်လောက်တဲ့အထိ  တန်ဖိုးရှိ တန်းဝင်တဲ့ အနုပညာပစ္စည်းတွေ ဖန်တီး ပြနိုင်ဖို့က ကျွန်တော်တို့အပေါ်မှာ မူတည်နေတယ်လို့ပဲ ခံယူထားပါတယ်။

ရဲရင့်လမင်း - ခတ်ကို လူငယ်တွေကပဲဦးဆောင်တယ်ဆိုတာ အခု လူလတ်ပိုင်း လူကြီးပိုင်းရောက်သွားတဲ့ သူတွေကပိုသိမှာပါ။သူတို့တွေကလူငယ်ဘဝကို ကိုယ်တွေထက်အရင်ဖြတ်သန်းခဲ့ကြတာပါ။ကျွန်တော်တို့ဆီကို လက်လွှဲလက်ပြောင်း သဘောမျိုးနဲ့ လွှဲအပ်စရာမလိုဘူးလို့ယူဆပါတယ်။တကယ်ဖြစ်သင့်တာက လူကြီးတွေက လူငယ်တွေကို လက်ဆင့်ကမ်းပြီး ခေတ်ရဲ့လိုအပ်ချက်တွေကိုပါ ဖြည့်ပြီးနားလည်ပေးမယ်ဆိုရင် ဒီကိစ္စတွေက ငြိမ်းသွားမှာပါ။      လူငယ်ကဗျာသမားတွေကိုသတိမထားမိတဲ့သူတွေကတော့ အခုချိန်မှာ ခေတ်ကဗျာတွေနဲ့ အလှမ်းဝေးဝေးမှာနေလို့ပဲဖြစ်မှာပါ။နေရာပေးဖို့တွန့်ဆုတ်နေတဲ့လူတွေ၊နေရာမပေးချင်တဲ့လူတွေကိုတော့ ဘာမှပြောစရာမရှိသလို ကိုယ်တွေကို နားလည်လက်ခံပေးနိုင်တဲ့ သူတွေနဲ့ပဲ အနာဂတ်ကဗျာ ခရီးကိုဆက်ရမှာပါ။


ဆူးရဲ - အစ်ကိုပြောသလို ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာက ကျွန်တော်တို့အနုပညာဖန်တီးမှုပေါ်
မူတည်နေပြီ၊ မြန်မာကဗျာယဉ်ကျေးမှုအသစ်ဟာလည်းကျွန်တော်တို့လက်ထဲရောက်နေပြီဆိုရင်တော့
ကျွန်တော်တို့အတွက် အမှန်တကယ်တာဝန်ကြီးသွားပါပြီ။ ဟုတ်ပါတယ်။ ကိုယ့်ကဗျာကိုယ်ရေးပြီး ဒီအချက်ကိုမေ့နေခဲ့ရင်တောင် ဒါကိုငြင်းဆန်ရှောင်လွှဲသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ လက်မခံချင်ဘူးဆိုရင်တောင် ကျွန်တော်တို့ပုခုံးပေါ်ကျလာမှာပါပဲ။ လူငယ်ကဗျာဆရာတွေနဲ့ လူမှုရေးအနုပညာထိတွေ့ဆက်ဆံမှုသိပ်မရှိတဲ့ ဝါရင့်ကဗျာဆရာတွေက နောက်ဆုံးမျိုးဆက်သစ်လူငယ်တွေ ပေါ်ထွက်နေပြီဆိုတာ သတိမထားမိကြသေးဘူး။ တချို့ကဗျာဆရာတွေကျတော့လည်း သတိထားမိပေမယ့် လူငယ်တွေကိုအသိအမှတ်ပြုတန်ဖိုးထားနေရာပေးဖို့ ဝန်လေးတွန့်ဆုတ်နေကြသေးတယ်ဆိုတာကတော့ လူငယ်ကဗျာဆရာတွေအပေါ် အပြည့်အဝမယုံကြည်ရဲသေးတာ ဖြစ်နိုင်သလို၊ လူငယ်ကဗျာဆရာတွေရဲ့အရေးအသားတွေက သူတို့လက်ခံထားတဲ့အယူအဆတွေနဲ့ သွေဖယ်နေတာ(ဒါမှမဟုတ်) သူတို့အာရုံခံစားမှုနဲ့ နှစ်သက်လက်ခံနိုင်စွမ်းမရှိသေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောကြည့်ချင်တာ တစ်ခုတော့ရှိတယ်။ ကဗျာယဉ်ကျေးမှုအပြောင်းအလဲဟာ နိုင်ငံရေးယဉ်ကျေးမှုနဲ့ ဆက်စပ်သက်ဆိုင်နေလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ လွန်ခဲ့တဲ့ ၂၀ ရာစုမြန်မာကဗျာယဉ်ကျေးမှုရဲ့ အသစ်အသစ်ပြောင်းလဲဖြစ်ထွန်းမှုတွေကိုပြန်ကြည့်ရင် ဝံသာနုကဗျာလှုပ်ရှားမှု (1920) ၊ ခေတ်စမ်းကဗျာလှုပ်ရှားမှု (1930) ၊ စစ်ပြီးခေတ် (1945)အလွန် စာပေသစ်ကဗျာလှုပ်ရှားမှု ၊ မိုးဝေကဗျာလှုပ်ရှားမှု (1970)တဝိုက် ၊ အရေးအခင်းအလွန် (1990)ဝန်းကျင် ခေတ်ပေါ်ကဗျာအချိုးအကွေ့ စတဲ့ကဗျာယဉ်ကျေးမှုပြောင်းလဲပုံအဆင့်ဆင့်ဟာ နိုင်ငံရေးယဉ်ကျေးမှု(Political Culture)အလိုအရ ပြောင်းလဲဖြစ်ထွန်းလာခဲ့တယ်လို့ ယူဆထင်မြင်မိတယ်။ နိုင်ငံရေးယဉ်ကျေးမှုပြောင်းလဲလာတာနဲ့အမျှ လူ့အဖွဲ့အစည်းရဲ့ စိတ်/ရုပ်ပိုင်းဆိုင်ရာ၊ ငွေကြေး ၊ ရုပ်ဝတ္ထု စတဲ့အပြောင်းအလဲပုံရိပ်မှန်သမျှဟာ အဲဒီခေတ်ရဲ့ကဗျာမှာ လာရိုက်ခတ်မှာပါပဲ။ ဒီနေ့ခေတ်မှာလည်း မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ဒီမိုကရေစီအရိပ်အရောင်နဲ့ အထိုက်အလျောက်ပွင့်လင်းမြင်သာလာမှု ၊ လူနေမှုစရိုက်လက္ခဏာ ၊ လက်ကိုင်ဖုန်းတွင်ကျယ်လာမှု၊ Facebook ၊ sexy ၊ စကပ်တို ၊ ကိုရီးယားဆံပင်(ကောင်းတာ၊ ဆိုးတာအသာထား) စတဲ့ဖြစ်ထွန်းနေမှုအရာအားလုံးဟာ ဒီနေ့ခေတ်မြန်မာကဗျာမှာ စကားလုံး/စာသားအစုအဝေးအဖြစ် မလွဲမသွေပါကိုပါလာမှာပါ။ ရုပ်ကြမ်းဆန်ဆန်ပြောရရင် ခေတ်က ကလက်နေတယ်ဆိုရင် အဲဒီခေတ်နဲ့အပြိုင်ဖြစ်ထွန်းနေတဲ့ကဗျာကလည်း အနည်းနဲ့အများဆိုသလို ကလက်နေပါလိမ့်မယ်။ အစွဲအလန်းကြီးတဲ့ဆရာတွေအနေနဲ့လည်း ဒါကိုမျက်စိဆံပင်မွှေးစူးနေမယ့်အစား ခေတ်ကိုဖြန့်ကျက်နားလည်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့လူငယ်ကဗျာဆရာတွေအနေနဲ့လည်း ကဗျာယဉ်ကျေးမှုအသစ်တစ်ခုဆိုတာ လွယ်လွယ်နဲ့တော့ တည်ဆောက်ယူလို့မရဘူးဆိုတာ နားလည်ထားရမှာပါ။

၃။ လက်ရှိ အခြေအနေအရ ၂၀၁၀ အလွန် ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ပင်မရေစီးခေတ်ပေါ်ကဗျာအပြင် အယ်လ်ပီ ၊ နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ စကားပြေကဗျာ၊ ဖလာ့ဖ် စသဖြင့် ကဗျာအမျိုးအစားသစ်တွေ အယူအဆတွေ အမျိုးမျိုး ရှိနေကြတယ်။ အဲဒီ ကဗျာအယူအဆ/ အနုပညာ လက်ရာတွေအပေါ် ညီလေးတို့ရဲ့ အမြင်။

ညီလင်းနိုင် - သူ့အကြိုက် ကိုယ့်အကြိုက် သူသန်ရာ ကိုယ်သန်ရာအတိုင်း ချဲ့ထွင်နေတယ်လို့ပဲ မြင်မိပါတယ်။ ပင်မရေစီးကြောင်း Rock ကနေတစ်ဆင့် Heavy , Metal , Trash , Alternative , Punk , အစရှိတဲ့ ခေတ်ရဲ့ ရင်ဘတ်ကြီးထဲကို တည့်တည့်ထိမှန်နိုင်မယ်လို့ ယူဆပြီး ကိုယ့်သန်ရာသန်ရာအတိုင်း လျှောက်ခဲ့ကြသလိုပေါ့ အစ်ကို။ ကျွန်တော်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အခြားလမ်းကြောင်းတွေလည်း တည်ရှိနေမှာပါပဲ။ အဓိကကတော့ ကိုယ့်လမ်းကိုယ်လျှောက်နေချိန် မြက်ကလေးတစ်ပင် ခလုတ်မတိုက်ခဲ့မိဖို့ပဲ အရေးကြီးပါတယ်။

ရဲရင့်လမင်း - ဟုတ်ပါတယ်။အခုခေတ်ပြိုင်မြန်မာ ကဗျာအခေင်းအကျင်းမှာ ကဗျာအမျိုးအစားအသစ်တွေ အယူအဆအသစ်တွေအမျိုးမျိုးနဲ့ ခေတ်ပြိုင်ကဗျာဟာ သက်ဝင်လှုပ်ရှားနေပါတယ်။ပန်းခြံကြီးတစ်ခုထဲမှာ ဘာပန်းတွေပဲပွင့်ပွင့်ပေါ့ဗျာ ဒီဥယျာဉ်ကြီးလှပဝေဆာဖို့ရည်ရွယ်တာဆိုရင်တော့ ဘာပန်းပဲဖြစ်ဖြစ်ပေါက်ရောက်ရှင်သန်ခွင့်ရှိတယ်လို့မြင်တယ်။  ဒီမေးခွန်းနဲ့ သက်ဆိုင်ပေမယ့်လည်း ပြန်လှန်ဆွေးနွေးချင်တာလေးရှိပါတယ်။ ကျွန်တော့်စိတ်ထဲဖြစ်ချင်နေတာလေးပါ။ ၁၉၉၆ ကျွန်တော်အထက်တန်းကျောင်းသားဘဝတုန်းက မြန်မာစာမှာ သင်ခဲ့ရပါတယ် "စာဗူးတောင်း"လိုကဗျာမျိုးပေါ့။ အဲ့ဒီကနေမှ အပြင်လောကထဲရောက်လာတော့ ဆရာတာရာမင်းဝေ ရဲ့ကဗျာတွေ စာတွေဖတ်လာရပါတယ်။ပြောချင်တာက မြန်မာစာသင်ရိုးညွှန်းတန်းက ကဗျာတွေနဲ့ အပြင်လောကမှာ တကယ်ဖြစ်ပေါ်နေတဲ့ကဗျာတွေက အရမ်းကို ကွာဟနေတာပါ။အယူအဆ၊အတွေးအခေါ်၊ကဗျာပုံစံ အားလုံးကိုကွဲပြားနေတာပါ။အဲ့ဒီတော့ ကျွန်တော်တို့ရဲ့နောက်မျိုးဆက်တွေအနေနဲ့ ကဗျာအနုပညာကို ခေတ်ကာလနဲ့ အညီ ကျောင်းသားဘဝမှာကတည်းက ရင်းနှီးစေချင်တာပါ။မြန်မာစာသင်ရိုးညွှန်းတန်းမှာ ဆရာမောင်ချောနွယ်၊ဆရာအောင်ချိမ့်၊ဆရာဖော်ဝေး၊ဆရာကြည်မောင်သန်း စသဖြင့် ဆရာသမားတွေရဲ့ ကဗျာတွေကိုလည်း ဖေါ်ပြပေးသင့်တယ်လို့ယူဆမိပါတယ်။အဲ့ဒီလို ဖော်ပြပေးနိုင်ဖို့အတွက်လည်း ဘာတွေလိုအပ်တယ်၊ဘာတွေကိုဘယ်လို တောင်းဆိုသင့်တယ်ဆိုတာ ကျွန်တော့်အနေနဲ့ မသိပါဘူး။တကယ်သိနားလည်တဲ့ ဆရာသမားတွေကလမ်းပြပြီး ဦးဆောင်လှုပ်ရှားသင့်တယ်လို့ မြင်ပါတယ်။

ဆူးရဲ - လက်ရှိပင်မရေစီးခေတ်ပေါ်ကဗျာအပြင် အယ်လ်ပီ၊ နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ စကားပြေကဗျာ၊ ဖလာ့ဖ်၊ စတဲ့ကဗျာအမျိုးအစားတွေရဲ့ အယူအဆနဲ့အနုပညာလက်ရာတွေအပေါ်သုံးသပ်ဖို့ဆိုတာ ကျွန်တော့်အနေနဲ့ လောလောဆယ် မလွယ်သေးပါဘူး။ ကဗျာအမျိုးအစားတစ်ခုချင်းစီမှာကိုက တက္ကနစ်တွေက အရမ်းကျယ်ပြန့်လွန်းပါတယ်။ လေ့လာနေရင်းနဲ့ကို လေ့လာလို့မကုန်နိုင်တဲ့အရာတွေပါ။ ဒါပေမယ့် လက်ရှိအချိန်အထိလေ့လာမိသလောက်တော့ အမျိုးအစားတစ်ခုချင်းစီအပေါ်မှာ အပြည့်အဝလက်ခံထားတာမျိုး မရှိသေးပါဘူး။ အမျိုးအစားတစ်ခုချင်းစီမှာ ကျွန်တော်နှစ်သက်လက်ခံထားတဲ့အချက်တွေရှိသလို ၊ လက်မခံနိုင်သေးတဲ့အချက်တွေလည်း ရှိနေပါသေးတယ်။ ကျွန်တော့်အနေနဲ့ လောလောဆယ် ဒီလောက်ပဲပြောပါရစေ။

၎။ အဲဒီ ခေတ်ပြိုင်ကဗျာတွေထဲက ညီလေးတို့ အာရုံတိမ်းညွတ်မှု ရှိတဲ့ ကဗျာအမျိုးအစား။ အဲဒီ ကဗျာဗေဒအပေါ် နားလည်ခံယူထားပုံ အနှစ်ချုပ်။ တကယ်လို့ ညီလေးတို့ လက်ရှိရေးနေတဲ့ ကဗျာအနုပညာလက်ရာ တွေကို ဖန်တီးသူကိုယ်တိုင် အမှတ်တံဆိပ်တစ်ခုခု ခွဲခြားပြောပြပါ။ ကိုယ့် အနုပညာကိုယ် တခြားသူတွေနဲ့ ကွဲပြားခြားနားအောင် ပြောပါလို့ မေးရင် ဘယ်လိုဖြေကြမလဲ။ တချို့ ကဗျာဆရာတွေ/ ကဗျာဖတ်သူတွေကတော့ ကဗျာအနုပညာကို အမည်အမှတ်တံဆိပ်တွေ တပ်တာအပေါ်ယံ ကိစ္စတွေပဲလို့ ယူဆပြီး နှစ်သက်လက်ခံမှု မရှိကြဘူး။ ကိုယ့် အမြင်ပြောရရင် ကဗျာကိုယ်တိုင်ကိုကတခြား အနုပညာ အမျိုးအစားတွေနဲ့ ကွဲပြားခြားနားနေတဲ့ စာပေပုံသဏ္ဍာန်တစ်မျိုးပဲလေ။ အဲဒါကြောင့် မေးတာပါ။


ညီလင်းနိုင် - လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက်သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့တိုင်းတာရမှာပဲ " ဆရာကြီးဗန်းမော်တင်အောင်ရဲ့ အဲဒီနာမည်ကျော် စကားတစ်ခွန်းက ကျွန်တော့်စိတ်ထဲ စိုက်ဝင်နေပါတယ် အစ်ကို။ ခေတ်ကို တိုက်ရိုက်ထင်ဟပ်ပြနိုင်တဲ့ ကဗျာတွေကို ကျွန်တော် ပိုရင်ခုန်ပါတယ်။ ဒါကြောင့် ကျွန်တော့်စိတ်အတွင်းသားထဲ စိုက်ဝင်လာတဲ့အတိုင်း ကျွန်တော် ဖန်တီးဖြစ်တယ်။ ကျွန်တော် ဒီနေ့ဖန်တီးဖြစ်တဲ့ လက်ရာဟာ တစ်သက်စာ မဟုတ်တာမို့၊ ကျွန်တော့်ကိုယ်ကျွန်တော် တံဆိပ်တပ်ထားလည်း နောင်တစ်ချိန် အရွေ့အတိုင်း ပြန်ဖြုတ် ပြန်တပ်နေရဦးမှာ သေချာပါတယ်။ အဲဒီတော့ ကျွန်တော်အမည်မတပ်လည်း ကဗျာဗေဒပညာရှင်တွေကတော့ တပ်နေမှာပါပဲ။ သေချာတာကတော့ ကျွန်တော့်ဖန်တီးမှုတွေဟာ ခေတ်ကို မျက်နှာလွှဲတာမျိုး မဖြစ်စေရပါဘူး။

ရဲရင့်လမင်း - အာရုံတိမ်းညွှတ်မှုရှိတဲ့ ကဗျာအမျိုးအစားဆိုတာထက် ယခုလက်ရှိကဗျာအမျိုးအစားတွေကို လက်လှမ်းမီသလိုလေ့လာနေရပါတယ်။ပြည်ပရောက်နေတဲ့အတွက် ပြည်တွင်းက ထွက်သမျှ ပရင့်စာပေတွေကို ဖတ်ရှု့ခွင့်သိပ်မရပါဘူး။အွန်လိုင်းပေါ်ကနေတဆင့် အချိန်ရသလို လေ့လာနေရတာပါ။အဲ့ဒီအတွက်လည်း အားနည်းချက်တွေက များပါတယ်။အခုကျွန်တော်ရေးနေတဲ့ကဗျာတွေကို ကိုယ်တိုင်က တံဆိပ်မကပ်ချင်ပေမယ့်လည်း ကိုယ်မကပ်ရင် တခြားသူကလာကပ်မှာဆိုတော့ ကိုယ့်ဟာကိုယ်ပဲ ကပ်လိုက်ပါ့မယ်။ရှုပ်ထွေးကျယ်ပြန့်လာတဲ့ခေတ်၊စနစ်၊ယဉ်ကျေးမှု၊ဘာသာတရား၊ဘာသာစကား၊နည်းပညာ၊သိပ္ပံပညာ၊အနာဂတ်လူ့ အခွင့်အရေး စသည်ဖြင့်များမြောင်လှစွာသော လူမှုဘဝတွန်းထိုးရိုက်ပုတ်မှုတွေကြားက ခေတ်ကိုထင်ဟပ်စေနိုင်မယ့် အာရုံခံစားပုံတွေနဲ့ Hybrid ဆန်တဲ့အရေးအသားတွေပါပဲ။ကိုယ့်အနုပညာကို တခြားသူတွေနဲ့ကွဲပြားခြားနားစေချင်တာကတော့ အနုပညာသမားတိုင်းရဲ့ရင်ထဲကဆန္ဒပါပဲ။ကွဲမကွဲကတော့ ခံစားအားပေးသူတွေရဲ့ သတ်မှတ်ချက်က ပိုပြီးအရာရောက်ပါမယ်။

ဆူးရဲ - စောစောက ကျွန်တော်အပေါ်မှာပြောခဲ့သလိုပါပဲ။ ကျွန်တော့်ကဗျာတွေမှာ မတူကွဲပြားတဲ့ကဗျာအမျိုးအစားတွေဆီက နှစ်သက်လက်ခံမိတဲ့အချက်တချို့ကို ယူငင်သုံးစွဲထားတာမျိုးတွေရှိပါတယ်။ ဉပမာ- နီယိုမော်ဒန်ရဲ့ ခေတ်စနစ်နဲ့ ခေတ်ပြိုင်လူမှုဝန်းကျင်အပေါ်အမြင် ၊ အယ်လ်ပီ(မြန်မာ) ရဲ့ ဘာသာစကားအလုပ်လုပ်ပုံတချို့၊ ပင်မရေစီးခေတ်ပေါ်ကဗျာရဲ့ ကဗျာဘာသာစကားသုံးစွဲမှု၊ နောက်ပြီး အရပ်သုံးဘာသာစကားအရောအနှော စတာတွေပေါ့။ လောလောဆယ် ကျွန်တော့်အရေးအသားပုံစံကိုတော့ Hybrid ကဗျာတွေလို့ ယေဘုယျသတ်မှတ်ရင် ပိုအဆင်ပြေနိုင်မယ် ထင်ပါတယ်။ကဗျာအနုပညာကို အမည်အမှတ်တံဆိပ်တွေ တပ်ဖို့၊ မတပ်ဖို့ဆိုတာကတော့ ကျွန်တော်တို့ကဗျာစရေးစဉ်တုန်းက ဒီကဗျာကိုဘယ်လိုတံဆိပ်တပ်ပြီး ရေးလိုက်မယ်၊ ဘယ်တံဆိပ်အောက် ဝင်ရေးလိုက်မယ်ဆိုတာမျိုးတော့ မရှိခဲ့ဘူးပေါ့။ ဒါပေမယ့် ရေးရင်း လေ့လာရင်းနဲ့ပဲ ကိုယ်အာရုံတိမ်းညွှတ်တဲ့ရေးဟန်က ဘယ်လိုအမည်အမှတ်တံဆိပ်တစ်ခုခုနဲ့ (တစ်ခုထက်မကတာမျိုးနဲ့) အကြုံးဝင်သက်ဆိုင်နေတာတွေကို တွေ့လာရတာမျိုးပါ။ ကိုယ့်ကဗျာကို အမည်အမှတ်တံဆိပ်တပ်ဖို့က ကိုယ်တိုင်ရဲ့ ကဗျာဆိုင်ရာအယူအဆ သဘောတရားတွေအပေါ် လေ့လာအားနဲ့လည်း သက်ဆိုင်ပါလိမ့်မယ်။ ကဗျာအနုပညာကိုအမှတ်တံဆိပ် တပ်သင့်၊ မတပ်သင့်ကတော့ အငြင်းပွားဖွယ်ရာကိစ္စတစ်ခုအဖြစ် မြန်မာကဗျာလောကမှာ ဆက်ရှိနေလိမ့်ဦးမယ် ထင်ပါတယ်။

၅။ ညီလေးတို့ အနေနဲ့ ကဗျာအနုပညာ လက်ရာတစ်ခုကို ဘယ်လို အတွေးအခေါ် ဘယ်လို အာရုံခံစားပုံ ဘယ်လို အတတ်ပညာပိုင်း နည်းစနစ်ပိုင်းတွေနဲ့ ရေးသားဖန်တီးနေကြသလဲ။ ကဗျာရေးသားခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လို နောက်ခံ အယူအဆနဲ့ ခံယူ ယုံကြည်ချက်တွေ ရှိနေကြသလဲ။

ညီလင်းနိုင် - ကဗျာတစ်ပုဒ်ကြောင့် ဘယ်သူမှ တစ်မဂ် တစ်ဖိုလ်ရမသွားရင်တောင် ဖြတ်သန်းနေတဲ့ခေတ်ကို ကိုယ်စားပြုနိုင်ဖို့တော့ တာဝန်ယူတတ်ရမယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ် အစ်ကို။ အဲဒီတော့ နေ့စဉ်ထိတွေ့နေရတဲ့ ခေတ်ကပေးလိုက်တဲ့ အရာတွေကို လက်ခံရရှိခဲ့တဲ့အတိုင်းပဲ အနီးစပ်ဆုံး တင်ပြနိုင်ဖို့ ကြိုးစားပါတယ်။ ကျွန်တော့်ကဗျာတွေ ကျွန်တော်ပြောသလို ဖြစ်မနေရင် ကျွန်တော် ညံ့နေသေးလို့ပါပဲ။

ရဲရင့်လမင်း - အတတ်ပညာ နည်းစနစ်ပိုင်းအနေနဲ့တော့ ကျွန်တော်တို့ဆီမှာကဗျာအကယ်ဒမီ သင်တန်းကျောင်းတွေမရှိသေးပါဘူး။ လက်တွေ့ဖွင့်လှစ်နိုင်ခဲ့မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။(အရမ်းကိုခက်ခဲနေသေးတဲ့ကိစ္စပါ။)နည်းစနစ်ပိုင်းရယ်လို့တော့ပြောလို့မရပါဘူး။ ကိုယ်တွေအနေနဲ့ကတော့ ရှေ့ကဆရာတွေရဲ့ရေးဟန်တွေ၊အယူအဆတွေ၊ကဗျာဝေဖန်ရေးဆောင်းပါးတွေ၊ဘာသာပြန်ကဗျာတွေ အားလုံးကို အဆင်ပြေသလိုလေ့လာခဲ့ရပါတယ်။ အခုခေတ်အနေအထားမှာတော့ အွန်လိုင်းကနေတဆင့် ကွန်ဆက်ခြူရယ်၊နီယိုမော်ဒန်၊အယ်လ်ပီစသည်ဖြင့် ကဗျာအမျိုးအစား တော်တော်များများကို လေ့လာခွင့်ရနေတယ်ဆိုတာပါပဲ။ အတွေးအခေါ်နဲ့ အာရုံခံစားမှုအပိုင်းကတော့ခေတ်နဲ့တိုက်ရိုက်ဆက်စပ်နေပါတယ်။ လူငယ်ကဗျာဆရာတွေအနေနဲ့ ခေတ်အပေါ်အမြင်စူးရှဖို့ အထူးလိုအပ်ပါတယ်။ အဲ့လိုမှမဟုတ်ရင်တော့ အာရုံခံစားပုံ အတွေးအခေါ် အားလုံးဟာ up to date မဖြစ်ပဲ ကျန်ခဲ့မှာပါပဲ။အခုလို နည်းပညာပိုင်းဆိုင်ရာ အရမ်းကို မြန်ဆန်သွက်လက်နေတဲ့ခေတ်ကြီးထဲမှာ ကိုယ်ယုံကြည်ရာ ကဗျာအနုပညာနဲ့ လူနဲ့လူ့ပတ်ဝန်းကျင် အကျိုးကို အကျိုးပြုထင်ဟပ်စေချင်တာပါပဲ။

ဆူးရဲ - တခါတလေကျ တခြားအလုပ်တစ်ခုခုကိုလုပ်နေရင်းလည်း ကဗျာအာရုံဝင်စားနေတာမျိုးဖြစ်မိပါတယ်။ ကဗျာဓာတ်က စိတ်ကိုလှုံ့ဆော်နေလျက်နဲ့ လူကမအားလို့ မရေးဖြစ်တာမျိုး။ လူကအားနေလျက်နဲ့ ကဗျာဓာတ်က စိတ်ကိုလာမရိုက်ခတ်တဲ့ အခါမျိုးတွေလည်းရှိပါတယ်။ အဲဒီအကျိုးအကြောင်းနှစ်ခု တိုက်ဆိုင်သွားတဲ့အချိန်က ကဗျာပါပဲ။ ကဗျာရေးဖို့ရယ်လို့ သီးသန့်သတ်မှတ်ထားတဲ့ အချိန်ဇယားမရှိပါဘူး။ အဲဒီလိုသတ်မှတ်ပြီးရေးတယ်ဆိုရင်လည်း လုပ်ကြံမှုတစ်ခုလို့ ကျွန်တော်ယူဆတယ်။ ဘယ်လိုနည်းစနစ်ပိုင်းတွေနဲ့ရေးတယ်ဆိုတာကတော့ မေးခွန်းအချက်(၄)မှာ ကျွန်တော်ပြောခဲ့တဲ့အတိုင်းပါပဲ။

၆။ မြန်မာနိုင်ငံက ကွန်ဆက်ခြူရယ်၊ အယ်လ်ပီ စသဖြင့်နဲ့ ပို့စ်မော်ဒန် ပထမမျိုးဆက် စာပေအယူအဆတွေကို လက်ခံယုံကြည်တဲ့ ကဗျာဆရာတွေမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလအာရုံခံစားမှုကို အဓိကမထားတဲ့၊ ခေတ်စနစ်လူမှုဝန်းကျင်ရဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို မျက်ကွယ်ပြုချင်တဲ့ အယူအဆမျိုးတွေ ရှိနေကြတယ်။ တကယ်တော့ အဲဒီ အယူအဆတွေက ၁၉ ရာစုအလယ်ပိုင်းလောက်က ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ ခေတ်စားခဲ့တဲ့ Aestheticism ရဲ့ စာပေအနုပညာ အယူအဆတွေ။ Oscar Wilde တို့လို ကိုယ်တို့ဆီမှာဆိုရင် ဆရာသစာနီတို့လိုပေါ့ အနုပညာရသအဓိက၀ါဒီတွေက သန့်စင်တဲ့ အနုပညာဟာလူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ကျင့်တရားဆိုင်ရာ ဆုံးမသွန်သင်မှုတွေနဲ့ မရောထွေးသင့်ဘူးလို့ ယူဆခဲ့ကြတယ်။ အနုပညာဟာ အနုပညာအတွက်ဆိုတဲ့ ကြေညာချက်က Aestheticism ရဲ့ အနှစ်ချုပ် အယူအဆပေါ့။ ညီလေးတို့ အမြင်ကရော...ကဗျာအနုပညာမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလ အာရုံခံစားမှုနဲ့ခေတ်စနစ်လူမှုဝန်းကျင်အပေါ် အမြင်တွေ ပါသင့် မပါသင့်။


ညီလင်းနိုင် - ကျွန်တော်ကတော့ မိမိကိုယ်တိုင်ရဲ့ တစ်သီးပုဂ္ဂလ အာရုံခံစားမှုရယ် ခေတ်ကရိုက်ခတ်နေတဲ့ ခံစားမှုတွေရယ်မပါရင်
လှပါတယ်ဆိုရင်တောင် လောကနဲ့ကင်းကွာနေတဲ့ အလှတရားတစ်ခုပဲ ဖြစ်နေလိမ့်မယ်လို့ ယူဆမိပါတယ်။ မျက်မှောက်ကို မျက်ကွယ်ပြုတာမျိုး မဖြစ်စေဖို့ ကျွန်တော့်ကိုယ်ကျွန်တော် ဆုံးမထားပါတယ်။

ရဲရင့်လမင်း - အနုပညာဟာအနုပညာအတွက်၊အနုပညာဟာ ပြည်သူအတွက် စသည်ဖြင့် ဝိဝါဒအမျိုးမျိုး ခံယူချက်အမျိုးမျိုးနဲ့ ကဗျာအနုပညာအပါအဝင် အခြားသော အနုပညာတွေဟာလည်း အခုထိ သက်ဝင်လှုပ်ရှား နေဆဲပါ။အခုခေတ်အနေနဲ့ကြည့်မယ်ဆိုရင် ကဗျာအနုပညာမှာ တစ်သီးပုဂ္ဂလ အာရုံခံစားမှုအပြင် ခေတ်စနစ်လူမှုဝန်းကျင်အပေါ်အမြင်တွေပါကို ပါသင့်တယ်လို့ ခံယူတယ်။အဲ့လိုမှမဟုတ်ရင်တော့ ဆားမပါတဲ့ဟင်းကိုစားရသလိုပေါ့ရွှတ်ရွှတ်ဖြစ်နေပါလိမ့်မယ်။ကဗျာအနုပညာဟာ ခေတ်ကိုထင်ဟပ်စေမယ့် အာရုံခံစားပုံ၊တည်ဆောက်ပုံ၊အကြောင်းချင်းရာ၊အယူအဆ အားလုံးဟာလက်ရှိ ခေတ်ကိုကိုယ်စားပြုနိုင်မှသာ ကဗျာဖတ်သူ ခံစားသူတွေအနေနဲ့လည်း လတ်ဆတ်တဲ့ ရသကို ခံစားခွင့်ရမှာပါ။အခုဆိုရင်သတင်းအချက်အလက်ဆန်တဲ့ ကဗျာအမျိုးအစားတွေပါ ထွက်ပေါ်လာနေတာကို သတိထားမိပါတယ်။ဒါကလည်း ယနေ့အိုင်တီခေတ်ရဲ့ လိုအပ်ချက်တစ်ခုကိုကဗျာရှုထောင့်ကနေဆက်စပ်တင်ပြတာလို့ နားလည်လက်ခံထားပါတယ်။

ဆူးရဲ - ကဗျာအနုပညာကတော့ လောကမှာဖြစ်ပျက်နေတဲ့ ဘယ်အရာနဲ့မှ သီးခြားကင်းကွာနေလို့ ရနိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ ကဗျာဖန်တီးသူ ကဗျာဆရာကိုယ်တိုင်က လောကထဲကလူသားတစ်ယောက်ဖြစ်နေလို့ပါ။ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလအာရုံခံစားမှုနဲ့ ခေတ်စနစ် လူမှုဝန်းကျင်အပေါ်အမြင်တွေပါသင့်ပါတယ်။ ကျွန်တော့် အမြင်ပေါ့။

၇။ ကိုယ့် အမြင်ပြောရရင် မြန်မာစာပေလောကမှာ Realism အယူအဆနဲ့ တန်ဖိုးစံနှုန်းတွေကို စွဲလမ်းဆုပ်ကိုင်ထားတဲ့ အယ်ဒီတာတွေနဲ့ စာရေးဆရာတွေ ရှိနေလို့ မြန်မာဝတ္ထုတို/ အက်ဆေး အရေးအသားတွေဟာ Realism နယ်ပယ်ထဲမှာပဲ ပိတ်မိနေကြပြီး မြန်မာစကားပြေယဉ်ကျေးမှု အသစ်ဖွံဖြိုးတိုးတက်မှု မရှိဘဲ နှစ်ပေါင်းများစွာ ရပ်တန့်နေတာလို့ မြင်မိတယ်။ ၁၉၉၅ ၀န်းကျင်ကနေ ၂၀၀၅ လောက်အထိ ခေတ်စားရှင်သန်ခဲ့တဲ့ မော်ဒန်နဲ့ ပို့စ်မော်ဒန် စကားပြေတွေကတော့ ခြါင်းချက်ပေါ့လေ။ ကဗျာအနုပညာမှာ ဆိုရင်လည်း Modern Conservative ဖြစ်နေတဲ့ ၀ါရင့် ၀ါနုကဗျာဆရာတွေ၊ အယ်ဒီတာတွေ ကဗျာဖတ် ပရိသတ်တွေ ရှိနေကြသေးတယ် ထင်တယ်။ အဲဒီလို Modern Conservative တွေကို မြန်မာကဗျာယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားတဲ့သူတွေ၊ အနှောင့် အယှက် အဟန့်အတား ဖြစ်စေမယ့် သူတွေလို့ဆိုနိုင်မလား။


ညီလင်းနိုင် - ကျွန်တော်မြင်မိတာက တားဆီးသူရှိနေရင်တောင် တကယ်အားကောင်းမောင်းသန်နဲ့ စီးဆင်းလာမယ်ဆိုရင် ဘယ်လိုမှ ပိတ်ထားလို့ မရနိုင်ဘူးလို့ မြင်မိပါတယ်။

ရဲရင့်လမင်း - တစ်ဦးတည်းအမြင်ပြောရမယ်ဆိုရင်တော့ စကားပြေက ကဗျာလောက် အရှိန်အဟုန်မပြင်းဘူးလို့ဆိုရပါမယ်။အခုထက်ထိလည်း ဝေဖန်ရေးပိုင်းမှာရော အရေးအသား အားထုတ်မှုအပိုင်းမှာပါ မော်ဒန်နဲ့ ပိုစ့်မော်ဒန်စကားပြေ ကအားနည်းနေပါတယ်။အခုထက်ထိ စာပေဆုတွေချီးမြှင့်နေတဲ့အထဲမှာ မော်ဒန်အက်ဆေး ဝတ္ထုတိုတွေ နေရာမရသေးတာ သာဓကပါပဲ။ ချန်လှပ်ထားတာလား၊အားထုတ်မှုတွေက မပြည့်ဝသေးတာလားဆိုတာကိုတော့ ဝါရင့်ပညာရှင်တွေအနေနဲ့ ထောက်ပြပြောဆို အကြံပြုဆွေးနွေးဖို့ လိုအပ်ပါလိမ့်မယ်။ တကယ့်တကယ် အရှိန်အဟုန်ကောင်းလာမယ်ဆိုရင်တော့ ဟန့်တား ပိတ်ဆို့မှုတွေကို သူ့အလိုလို ကျော်လွှားနိုင်မှာပါ။

ဆူးရဲ သူတို့ကိုလည်း မြန်မာကဗျာယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားတဲ့သူတွေ အနှောင့်အယှက်အဟန့်အတားဖြစ်စေမယ့် သူတွေလို့ ကျွန်တော်မထင်ပါဘူး။ ကိုယ်ယုံကြည်ရာလမ်းအတိုင်း စီးဆင်းနေတဲ့မြစ်မွှာတွေလို့ပဲ မြင်မိတယ်။ စီးဆင်းအားအရှိန်အဟုန်နဲ့ သမုဒ္ဒရာဆီရောက်ဖို့က ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကြောင်းပေါ်မှာမူတည်ပါလိမ့်မယ်။ ပရိတ်သတ်ဆိုတာကတော့ သူတို့အာရုံခံစားနိုင်မှုအဆင့်အတန်းအလိုက် ထိုက်တန်တဲ့အနုပညာကိုပဲ ကိုယ်စီနှစ်သက်လက်ခံရယူကြလိမ့်မယ်လို့ ထင်ပါတယ်။

၈။ အွန်လိုင်း ကဗျာယဉ်ကျေးမှုဘက် တစ်ချက်လောက် လှည့်ကြည့်လိုက်ရအောင်။ အွန်လိုင်းက ကဗျာဆရာတွေနဲ့ ကဗျာတွေအပေါ် ညီလေးတို့ အမြင်ကို အုပ်စုနဲ့ အမျိုးအစားတွေ ခွဲခြားဝေဖန်ပေးပါ။ အွန်လိုင်းနဲ့ ပရင့်တ်မီဒီယာ ပဋိပက္ခ ကိစ္စ၊ အနုပညာဗီဇနဲ့ ကဗျာဖန်တီးမှု အတွေ့အကြုံ အနုအရင့်ကိစ္စ၊ အယ်ဒီတာ မရှိတဲ့ မီဒီယာဖြစ်တဲ့အတွက် ကိုယ့်ကဗျာကိုယ် လွတ်လွတ်လပ်လပ် ရေးလို့ရနေတဲ့ အခွင့်အလမ်းရဲ့ နောက်ဆက်တွဲ ကောင်းကျိုး ဆိုးကျိုး၊ အနုပညာ အဆင့်အတန်း သိပ်မရှိတဲ့ ကဗျာတွေအောက်က Like & Comment ကိစ္စတွေက အစပေါ့။

ညီလင်းနိုင် - ကျွန်တော့်အနေနဲ့ကတော့ မြန်မာနိုင်ငံဆိုတဲ့ ခေါင်းစဉ်အောက်မှာဆိုရင် မြန်မာနိုင်ငံသားလို့ပဲ မြင်ထားပါတယ်။ ဘာကိုမှ မခွဲချင်ဘူး။ အချိန်တန်ရင် ဘယ်သူပဲဖြစ်စေ တကယ်လုပ်နေသူပဲ ကျန်နေခဲ့မယ်လို့ မြင်မိပါတယ်။ ကျွန်တော် တကယ်မလုပ်နိုင်တဲ့တစ်နေ့ ကျွန်တော် ကျန်နေခဲ့မှာပါ။

ရဲရင့်လမင်း - အခု ၂၀၁၃ အွန်လိုင်းပေါ်မျာ အများဆုံးတွေ့နေရတာကတော့ ခေတ်ပေါ်ကဗျာ၊နီယိုမော်ဒန်၊PEMSKOOL က ကဗျာတွေနဲ့ စမ်းသပ်ကဗျာ အမျိုးအစားတွေပါပဲ။တခြားကဗျာအမျိုးအစားတွေလည်း ရှိနေပါတယ်။ဒါပေမယ့် အရှိန်အဟုန်က သိပ်မပြင်းဘူးလို့ထင်ပါတယ်။အခုလိုကဗျာအမျိုးအစားတွေ စုံလင်များပြားလာတာ ကောင်းပါတယ်။ လူငယ်တွေအနေနဲ့ လေ့လာခွင့်၊ရွေးချယ်ခွင့်ပြီးတော့ စမ်းသပ်ခွင့်တွေပါပိုရလာပါတယ်။ လက်ရှိဖြစ်ပေါ်တိုးတက်လာနေတဲ့ ကဗျာပုံစံ၊အယူအဆ၊အားသာချက်တွေကိုယူပြီး ကိုယ်ပိုင်ဟန်တွေကို တည်ဆောက်လာနိုင်လို့ပါပဲ။ လူငယ်တွေအနေနဲ့အခုလို ရွေးချယ်စမ်းသပ်ခွင့်တွေရလာတာ အားတက်စရာပါပဲ။ တစ်ခုချင်းစီအမျိုးအစားခွဲပြဖို့ကတော့ ခက်ခဲတဲ့ကိစ္စပါ။ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာသင်ယူဆဲမို့ Detail ပြောပြဖို့ခက်ပါတယ်။ အခုဆိုရင်ပရင့်မှာနာမည်ရနေတဲ့ ဆရာ/မတွေလည်း အွန်လိုင်းမှာ စိတ်အားထက်သန်စွာပါဝင်လာကြပါပြီ။ ပရင့်က ကဗျာတွေ/စကားပြေတွေ အနေနဲ့ အွန်လိုင်းပေါ်ကိုရောက်ဖို့ လွယ်ကူနေပေမယ့် အွန်လိုင်းပေါ်ကကဗျာတွေ/စကားပြေတွေကတော့ ပရင့်ပေါ်ကိုရောက်ဖို့ ခက်ခဲနေဆဲပါ။ ဒါပေမယ့် အွန်လိုင်းကိုနားလည်လက်ခံတဲ့ ခေတ်အမြင်ရှိတဲ့ တစ်ချို့သောအယ်ဒီတာဆရာသမားတွေကတော့ အွန်လိုင်းပေါ်က လူငယ်တွေကိုနေရာပေးလာကြတာလည်းတွေ့နေရပါတယ်။ တဖြည်းဖြည်းနဲ့ အဆင်ပြေသွားမယ့် ကိစ္စလို့မြင်ပါတယ်။ ကိုယ်ဖန်တီးနေတဲ့အနုပညာဟာ အဆင့်အတန်းမမီတဲ့အနုပညာအမျိုးအစားဆိုတာ သူတို့ကိုယ်သူတို့မသိတဲ့သူတွေကတော့ Like & Comment တွေအတွက် ခပ်ညံ့ညံ့အရေးအသားတွေကို ဆက်လက်ပုံဖော်နေကြဦးမှာပါ။ တစ်ချို့ကလည်း အွန်လိုင်းကို အပျော်သဘောနဲ့ ဝင်ရောက်လက်တည့်စမ်းလိုသူတွေလည်းပါကောင်းပါနေမှာပါ။ အွန်လိုင်းက Open ချည်းပွင့်နေတာဆိုတော့ ထိန်းချုပ်မှုကင်းလွတ်နေပါတယ်။ ကိုယ်လိုချင်တာကိုသာ အကျိုးရှိရှိအသုံးချတက်ဖို့ပဲလိုတယ်လို့မြင်ပါတယ်။

ဆူးရဲ - အွန်လိုင်းက ကဗျာဆရာတွေနဲ့ ကဗျာတွေအပေါ် အုပ်စုနဲ့အမျိုးအစားတွေခွဲခြားဝေဖန်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စတစ်ခုပါပဲ အစ်ကိုရေ။ အွန်လိုင်းမှာက ကဗျာရေးသူများသလို၊ ကဗျာအမျိုးအစားတွေကလည်း ကျွန်တော်လက်လှမ်းမမှီနိုင်တာတွေအထိ အများအပြားရှိကြတယ်လေ။ အွန်လိုင်းနဲ့ ပရင့်မီဒီယာကိစ္စကတော့ ကျွန်တော်သိပ်မသိလို့ မဖြေပါရစေနဲ့။ အွန်လိုင်းကတော့ အယ်ဒီတာမရှိတဲ့မီဒီယာဖြစ်တဲ့အတွက် တချို့ကဗျာရေးသူတွေက ကဗျာဖတ်သူရှေ့ ကိုယ့်ကဗျာကိုချပြချင်စိတ်စောလွန်းတာလားမသိဘူးပေါ့။ ဆူလွယ်နပ်လွယ်သဘောမျိုးတွေလည်း တွေ့ရပါတယ်။ ဒါပေမယ့် အွန်လိုင်းရယ်၊ ပရင့်ရယ် စိတ်ထဲမှာမထားဘဲ ကိုယ်ကိုယ်တိုင်စိတ်ကြိုက်ဖြစ်မှ ကဗျာဖတ်သူကို စေတနာပါပါချပြကြတဲ့ ကဗျာဆရာတွေလည်း အများအပြားရှိပါတယ်။ အနုပညာအဆင့်အတန်းသိပ်မရှိတဲ့ ကဗျာတွေအောက်က Like & Comment ကိစ္စတွေက အွန်လိုင်းပေါ်မှာရှိတဲ့ကဗျာဆရာတိုင်းလိုလို သိနေကြတဲ့ကိစ္စဆိုတော့ သိပ်အထွေအထူးပြောဖို့မလိုလောက်တော့ဘူးလို့ ထင်ပါတယ်။ တစ်ခါတုန်းက ကျွန်တော်တင်ဖူးတဲ့ status တစ်ခုလိုပါပဲ။" လူကိုဖတ်ကြည့်တော့ လွှတ်ကောင်းတဲ့ကဗျာဆိုလား "

၉။ မြန်မာကဗျာလောကမှာ ကဗျာချဉ်းကပ်ခံစား ဝေဖန်မှု လုပ်ကြတဲ့အခါ တန်ဖိုးထား နားလည်ခံစားမှု( Appreciation ) နဲ့ ကောင်းဆိုး ဝေဖန် ချဉ်းကပ်သုံးသပ်( Criticize ) လုပ်တာ ဆိုပြီး နှစ်မျိုးနှစ်စားလုံး လုပ်ဆောင်ကြတာ တွေ့ရတယ်။ ဆရာမြဇင်၊ ဆရာ မင်းလှညွန့်ကြူး၊ ဆရာမျိုးသန့်၊ ကိုမင်းခက်ရဲ၊ သူရနီတို့ရဲ့ ကဗျာချဉ်းကပ်မှုတွေက Criticize ဘက်ကို အလေးသာပြီး ဆရာမောင်သာချိုနဲ့ ကို အောင်ခင်မြင့်တို့က Appreciation ဘက်ကို အလေးသာတယ်လို့ ကိုယ် မြင်တယ်။ မြန်မာကဗျာဝေဖန်ရေးအပေါ် ညီလေးတို့ရဲ့ အမြင်။ ပြီးတော့ အခု နှစ်ပိုင်း အွန်လိုင်းမှာ သဘောထားအမြင်မျိုးစုံနဲ့ လူပြောသူပြောများနေတဲ့ မောင်ဂျိုကာရဲ့ ကဗျာချဉ်းကပ်မှုတွေနဲ့ လူမှုရေး ဝေဖန်ချက်တွေအပေါ် အမြင်။

ညီလင်းနိုင် - ဝေဖန်ရေးကတော့ ဘယ်နယ်ပယ်မှာမဆို မရှိမဖြစ်လိုအပ်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ အပြုသဘောနဲ့ ဝေဖန်တာဆိုရင် ဘယ်သူမဆို နားလည် လက်ခံပြီး ကျိုးနွံစွာ ခံယူမှာ ဖြစ်ပါတယ်။ ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေတာမျိုးကတော့ လူတိုင်းကိုယ်စီမှာ ဘဝပေးအသိ အနုပညာအသိနဲ့ မြင်တွေ့နေကြမှာ ဖြစ်လို့ အကျိုးသက်ရောက်မှု ဘာမှ ရှိမလာနိုင်တာ သေချာပါတယ်။ ဆရာမောင်ဂျိုကာကိုလည်း စိတ်ရင်းအမှန်အတိုင်းပြောရရင် ကဗျာဗေဒပညာရှင်တစ်ယောက်အဖြစ် လေးစားမိပါတယ်။ မျက်နှာဖုံးချွတ်ပြီး အပြုသဘောနဲ့ ဝေဖန်တာဆိုရင် ကဗျာအသိုင်းအဝိုင်းကြီးတစ်ခုလုံးက ဝမ်းမြောက်ဝမ်းသာ  ကြိုဆိုနေမှာ သေချာပါတယ်။

ရဲရင့်လမင်း - ဝေဖန်ရေးကတော့ ဘယ်နေရာမှာဖြစ်ဖြစ် ရှိနေမှာပါပဲ။အပြုသဘောနဲ့ ဝေဖန်တဲ့ အချက်အလက်ကျကျ ဝေဖန်ရေးတွေကိုကြိုဆိုလက်ခံသလို ဝေဖန်ရေးဗန်းပြပြီး နောက်ကွယ်က လူမှုရေးတိုက်ခိုက်မှုတွေကိုတော့ အပြင်းအထန်ရှုံ့ချပါတယ်။ အဆင့်မရှိတဲ့လုပ်ရပ်လို့မြင်ပါတယ်။အထူးသဖြင့် မျက်နှာဖုံးစွပ်ပြီးမှ တိုက်ခိုက်ရဲတဲ့သူတွေကိုတော့ ဘယ်လောက်ပဲတော်နေ၊တက်နေပါစေ အထင်လည်းမကြီးပါဘူး။ လေးစားမှုလည်းမပေးနိုင်ပါဘူး။ မျက်နှာဖုံးစွပ်ထားတဲ့ မောင်ဂျိုကာ ကိုလည်း ဒီစကားဝိုင်းကနေ ဝင်ရောက်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။

ဆူးရဲ - တတ်သိနားလည်တဲ့ဆရာတွေအနေနဲ့ Appreciation ပဲဖြစ်ဖြစ်၊ Criticize ပဲဖြစ်ဖြစ် များများလုပ်ပေးနိုင်လေ မြန်မာကဗျာလောကအတွက် ပိုအကျိုးရှိလေလို့ပဲ ကျွန်တော်မြင်တယ်။ မျှော်လည်း မျှော်လင့်ပါတယ်။ မောင်ဂျိုကာကိုတော့ ကဗျာဆိုင်ရာ သီးသန့်ဝေဖန်ချဉ်းကပ်မှုတွေဆိုရင်ကဗျာလောကအတွက် တစုံတရာအကျိုးပြုသူတစ်ယောက်အဖြစ် လက်ခံရမှာပါ။ လူမှုရေးတိုက်ခိုက်လိုစိတ်တွေ ရောနှောမနေဘူး ဆိုရင်ပေါ့။

၁၀။ ၂၀၁၀ အလွန် ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ခေတ်ပေါ်ကဗျာ၊ အယ်လ်ပီ၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ ဖလာ့ဖ်၊ စကားပြေကဗျာ စသဖြင့် ကဗျာအယူအဆ/ အမျိုးအစားတွေ ရှိနေကြတယ်။ ခေတ်ပြိုင်ကဗျာ( Contemporary Poetry) ဆိုတဲ့ ဝေါဟာရအပေါ်မှာလည်း အမြင်နဲ့ ၀ိဝါဒ အမျိုးမျိုး ကွဲပြားနေကြတယ်လို့ ထင်တယ်။ ကိုဇော်ဇော်ထွန်းကတော့ ခေတ်ပြိုင်ကဗျာလို့ မြန်မာလို မပြောဘဲ Contemporary Poetry လို့ အင်္ဂလိပ်လို တိုက်ရိုက် သုံးနှုန်းပြောဆိုဖို့ အကြံပေးထားတယ်။ ခေတ်ပြိုင်ကဗျာဆိုတာ တချိုကဗျာဆရာတွေ ယူဆနေသလို ကဗျာအမျိုးအစားသစ် တစ်ခုလား။ ဒါမှမဟုတ် ၂၀၁၀ အလွန် မြန်မာနိုင်ငံမှာ အသစ်ဖြစ်ထွန်းလာတဲ့ ကဗျာအမျိုးအစားသစ်တွေကို ခြုံငုံခေါ်ဝေါ်တဲ့ ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခုလား။ ညီလေးတို့ ဘယ်လို ခွဲခြားနားလည်ထားလဲ။ ညီလေးတို့ အမြင်နဲ့ဆိုရင် ခေတ်ပေါ်ကဗျာကိုရော ၂၀၁၀ အလွန် ခေတ်ပြိုင်ကဗျာစာရင်းထဲ ထည့်မလား။ ချန်ထားခဲ့ချင်လား။ ပြီးတော့ လာမယ့် ဆယ်စုနှစ်တစ်ခု အတွင်း ခေတ်ပြိုင်မြန်မာကဗျာရဲ့ အလားအလာ။ ဘယ်လို ကဗျာအမျိုးအစားတွေ ဆက်လက် ရှင်သန်ရပ်တည် နေနိုင်မယ် ထင်လဲ။ ဘယ်လို ကဗျာ အမျိုးအစားသစ်တွေ အသစ် ပေါ်ပေါက် ထွန်းကားလာမယ်လို့ ခန့်မှန်း ထင်ကြေးပေးမလဲ။


ညီလင်းနိုင် - ကျွန်တော့်အမြင်ကတော့ လက်ရှိ ကဗျာအမျိုးအစားအကုန်လုံးကို ခြုံငုံပြီးခေါ်တာလို့ ယူဆထားပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ခေတ်ပေါ်ကဗျာကြောင့် ကဗျာဓာတ်စီးဝင်လာခဲ့ရတာမို့ ခေတ်ပေါ်ကို မိခင်နေရာမှာ ထားထားပါတယ်။ ကျွန်တော်ချန်ခဲ့သည်ဖြစ်စေ မချန်ခဲ့သည်ဖြစ်စေ အမေဟာ အမေပါပဲ။ အနာဂတ်အတွက်ကတော့ လက်ရှိလူငယ်တွေရဲ့လက်ထဲမှာ မူတည်ပါတယ် အစ်ကို။ ခေတ်ကိုမျက်ကွယ်မပြုတဲ့ အနုပညာမှန်သမျှ ခေတ်နဲ့အတူတူ တစ်သားထဲစီးဆင်းနေမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။


ရဲရင့်လမင်း - ဒီမေးခွန်းရဲ့အဖြေကိုတော့ မြန်မာပြည်က ကဗျာဗေဒပညာရှင်တွေက ဖြေဆိုသတ်မှတ်ပေးမှ သင့်လျော်မှာပါ။လူငယ်တွေကခေတ်ကို လက်တွေ့ကျကျဖြတ်သန်းနေပါတယ်။ကောင်းတာ၊ဆိုးတာ၊ဖြူတာ၊မဲတာတော့ တပိုင်းပေါ့။ပွင့်ပွင့်လင်းလင်းပြောရရင်တော့ လူငယ်တွေဟာ သတ်မှတ်ချက်တွေ ပုံစံခွက်တွေနဲ့မနေချင်တဲ့ လူတန်းစားတစ်ရပ်ပါပဲ။ကဗျာအနုပညာကိုသင်ယူလေ့လာ အားထုတ်ဆဲလူငယ်တစ်ယောက်အနေနဲ့ လွတ်လပ်တဲ့အတွေးအမြင်နဲ့ လတ်ဆတ်တဲ့ ကဗျာတွေကိုပဲ ခေတ်နဲ့အညီ ဆက်လက်ဖန်တီးချင်ပါတယ်။ ဝါရင့် သမ္ဘာရင့်ကဗျာအနုပညာရှင်တွေရဲ့ လက်ထဲမှာတော့ ဒီမေးခွန်းရဲ့အဖြေက အဆင်သင့်ရှိကောင်းရှိနေလိမ့်မယ်လို့ ယုံကြည်ပါကြောင်း။

ဆူးရဲ - ခေတ်ပြိုင်ကဗျာ(Contemporary Poetry) ဆိုတဲ့ဝေါဟာရကို ကျွန်တော့်အနေနဲ့ ကဗျာအမျိုးအစားအသစ်တစ်ခုလို့ လက်ခံမထားသလို ၊ ၂၀၁၀အလွန် မြန်မာနိုင်ငံမှာ အသစ်ဖြစ်ထွန်းလာနေတဲ့ ကဗျာအမျိုးအစားသစ်တွေကို ခြုံငုံခေါ်ဝေါ်တဲ့ ပညာရပ်ဆိုင်ရာဝေါဟာရတစ်ခုလို့ လက်ခံဖို့လည်း ခဲယဉ်းနေပါသေးတယ်။ လက်ရှိဖြတ်သန်းနေတဲ့ ခေတ်စနစ်နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ထွန်းပေါ်ပေါက်နေတဲ့ ခေတ်ပြိုင်အကြောင်းခြင်းရာတွေပါတဲ့ကဗျာမျိုးတွေကိုတော့ ခေတ်ပြိုင်ကဗျာ(Contemporary Poetry) ဆိုတဲ့ဝေါဟာရကိုအသုံးပြုဖို့ သဘောတူချင်ပါတယ်။ ခေတ်ပေါ်ကဗျာလို့ဆိုပေမယ့်လည်း လက်ရှိခေတ်ပြိုင်အကြောင်းခြင်းရာတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ကဗျာဆိုရင် ခေတ်ပြိုင်ကဗျာစာရင်းထဲ ထည့်သွင်းစဉ်းစားသင့်တယ်လို့ ယူဆမိပါတယ်။ လာမယ့်ဆယ်စုနှစ်တစ်ခုအတွင်း ခေတ်ပြိုင်မြန်မာကဗျာရဲ့အလားအလာနဲ့ ဘယ်လိုကဗျာအမျိုးအစားတွေရှင်သန်ရပ်တည်နေနိုင်မလဲဆိုတာက ကဗျာဆရာတွေအားလုံးရဲ့အပေါ်မှာ မူတည်နေတာမို့ ပြောဖို့ခက်ပါတယ်။ ဘယ်လို ကဗျာအမျိုးအစားသစ်တွေ အသစ်ပေါ်ပေါက်ဖြစ်ထွန်းလာမယ်ဆိုတာ လောလောဆယ်မခန့်မှန်းတတ်သေးပါဘူး။ လက်ရှိအခြေအနေအရတော့ ဖတ်နေရတဲ့ ခေတ်ပြိုင်မြန်မာကဗျာအတော်များများကို ကျေနပ်အားရနှစ်သက်မိပါတယ်။

အောင်ရင်ငြိမ်း

လူငယ်ကဗျာဆရာ ကိုသျှား၊ လင်းလက်တာရာ၊ ကျော်ဦး(လှိုင်) တို့နဲ့ အွန်လိုင်းလူငယ်ကဗျာစကားဝိုင်း

၁။ အောင်ချိမ့်အစ မိုဃ်းဇော် အဆုံး ပင်မရေစီး ခေတ်ပေါ်ကဗျာခေတ်တုန်းက အနုပညာသြဇာနဲ့ ၀ါသမ္ဘာ တည်ဆောက်နိုင်ခဲ့ကြတဲ့ ၀ါရင့်ကဗျာဆရာ အများစု အနေနဲ့ ခေတ်နဲ့အညီ ကဗျာရေးဟန်အသစ်တွေ
ဆက် မဖန်တီးနိုင်တော့ဘဲ
ခေတ်ပေါ်ကဗျာအဟောင်းထဲမှာပဲ ရပ်တန့်ကျန်နေခဲ့ကြပြီလို့ ကိုယ် ထင်တယ်။ အာရုံခံစားပုံ လတ်ဆတ်ပြီး လူငယ်ဆန်တဲ့ နေမျိုး၊ ပိုင်၊ မောင်ဆေးရိုး၊ မင်းဆွေနှစ်၊ နိုင်မွန်အောင်သွင်၊ ခရမ်းပြာထက်လူ၊
ခိုင်မြဲကျော်စွာ၊ မောင်ဖီလာ၊ ကိုရွေး သူတို့ကတော့ ခြွင်းချက်ပေါ့လေ။ ကဲ ညီလေးတို့ အမြင်ကို ပြောပါဦး။

ကိုသျှား - ပင်မရေစီး ခေတ်ပေါ်ကဗျာခေတ်တုန်းက အနုပညာသြဇာနဲ့ ၀ါသမ္ဘာ တည်ဆောက်နိုင်ခဲ့ကြတဲ့ ၀ါရင့်ကဗျာဆရာ အများစု အနေနဲ့ ခေတ်နဲ့အညီ ကဗျာရေးဟန်အသစ်တွေ ဆက်မဖန်တီးနိုင်တော့ဘဲခေတ်ပေါ်ကဗျာ
အဟောင်းထဲမှာပဲ ရပ်တန့်ကျန်နေခဲ့ကြပြီလို့ ယတိပြတ်ပြောနိုင်သူတွေ ရှိသလို တမင်သက်သက် ချန်နေရစ်ခဲ့ကြတဲ့ကဗျာဆရာ
တွေလည်း အသေအချာ ရှိမယ်လို့ ထင်ပါတယ်။အဲဒါကလည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တာပေါ့။ကမ္ဘာကြီးဟာ ပြောင်း
လဲနေတယ်။ခေတ်တွေစနစ်တွေဟာ ပြောင်းလဲနေတယ်။အရာရာဟာ ပြောင်းလဲနေတယ်။အဲဒီတော့ ယဉ်ကျေးမှုနဲ့အနုပညာဟာလည်း ရွေ့ရတယ်။အပြောင်းအလဲနောက် မလိုက်နိုင်တဲ့ မလိုက်ချင်တော့တဲ့ အစွဲအလန်းကြီးတဲ့ကဗျာဆရာတွေ ကျန်ရစ်တာပဲ။လူငယ်တွေလည်း အဲဒီလို မလုပ်နိုင်ရင် တက်ကို လာမှာ မဟုတ်ဘူး။ချန်ရစ်တာခံရမယ်။ဒါပေမယ့် မဆုတ်မနစ် လုပ်လာတဲ့ လုပ်နေတဲ့ ကဗျာဆရာတွေဟာ ဘယ်တော့မှ ရပ်တန့်ကျန်နေရစ်ခဲ့မှာ မဟုတ်ပါဘူး။

လင်းလက်တာရာ - ပင်မရေစီးခေတ်ပေါ်ဆရာတွေဟာ ကျွန်တော်လေးစားအားကျခဲ့ရတဲ့ ဆရာသမားတွေပါပဲဗျာ။ သူတို့ ကဗျာတွေနဲ့ ကြီးပြင်းခဲ့ရတာပါ။ ရပ်တန့် ကျန်ခဲ့တယ် ဆိုတာထက် ခရီးတစ်ခု ကို ခရီးပေါက်အောင် ချီတက်ခဲ့ကြတာပါ။ မှတ်တိုင်တွေ စိုက်ထူခဲ့ကြတာပါ။ အဲ့ဒီ မှတ်တိုင်နဲ့ မတင်းတိမ်နိုင်တဲ့ အနုပညာလောဘကြီးသူတွေကတော့ ကိုယ့်အနုပညာကို ချွန်မြအောင် သ,ရင်း သ,ရင်း ရွေ့ နေတဲ့ ခေတ်ကြီးနဲ့ အတူ လိုက်ပါရွေ့ လျားရင်း ရှိရင်းစွဲ မှတ်တိုင်ကနေ နောက်မှတ်တိုင်ဆီ နောက်ခြေလှမ်းတွေ ခရီးဆက်နေကြတယ်လို့ မြင်ပါတယ်။ တချို့ ကလည်း ရှိရင်းစွဲ မှတ်တိုင်မှာ သူ့ တို့ အလုပ် သူတို့ ပီပီသသ လုပ်ဆောင်နေကြဆဲပဲလေ။  ဒါဟာ ပြဿနာ မဟုတ်ပါဘူး။ ကိုယ့်အယူအဆနဲ့ ကိုယ် ၊ ကိုယ့်ခံယူချက်နဲ့ ကိုယ်၊ ကိုယ့်သမိုင်းနဲ့ ကိုယ်ပဲလေ။ ကိုယ်လုပ်ချင်ရာ လုပ်ဖို့ အတွက် လူ့ ဘဝကို ရရှိခဲ့တာပဲ မဟုတ်လား။တစ်ခုပါပဲ။ ကဗျာရေးသူတွေသာ အကြောင်းကြောင်းကြောင့်ကျန်ရစ်၊ ဒါမှမဟုတ် သေဆုံးသွားကြတယ်။ ကဗျာကတော့ ခေတ်နဲ့ အတူ ရွေ့ လျား စီးဆင်နေမှာပဲ။ သမင်လည်ပြန်ကြည့်လိုက်မယ်ဆိုရင် အစဉ်အလာကဗျာ လေးလုံးစပ်တွေကနေ မော်ဒန်၊ မော်ဒန်ကနေ ခေတ်ပေါ်၊ ခေတ်ပေါ်ကနေ အခု ခေတ်ပြိုင်လို့ တွင်တွင်ကျယ်ကျယ် ခေါ်ဝေါ်နေကြတဲ့ ကျယ်ပြန့် နက်ရှိုင်း ရှုပ်ထွေးလှတဲ့ ကွန်တမ်ပိုရာရီ အခင်းအကျင်းထိပေါ့။ လက်မခံချင်လည်း လက်မခံလို့ မရတဲ့ အနေအထားကို ရောက်နေပါပြီ။

ကျော်ဦး(လှိုင်) - ခေတ်ပေါ်ကဗျာရဲ့ရေစီးမှာ ရေးဟန်ပြောင်းလဲလာတဲ့ ကဗျာရဲ့အပြောင်းအလဲတွေကို လက်ခံနားလည်ပေးတဲ့  ဆရာတွေလည်း ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ အွန်လိုင်းကဗျာတွေမှာလူငယ်တွေကို အားပေးထားတဲ့ ကွန်မန့်တွေလည်း တွေ့နေရတာတွေက လူငယ်တွေအတွက်အားတက်စရာပါ အစ်ကို။

၂။ ညီလေးတို့က ၂၀၁၀ အလွန်မှာ ထွက်ပေါ်လာတဲ့ နောက်ဆုံး မျိုးဆက်သစ် လူငယ်ကဗျာဆရာတွေပေါ့။ ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာက ညီလေးတို့ ရဲ့ အနုပညာ ဖန်တီးမှုအပေါ်မှာ မူတည်နေပြီ။ ခေတ်ပြိုင်မြန်မာကဗျာယဉ်ကျေးမှု အသစ်ဟာလည်း ညီလေးတို့ လက်ထဲ ရောက်နေပြီလို့ ကိုယ် ယူဆတယ်။ ဒါပေမဲ့ လူငယ်ကဗျာဆရာတွေနဲ့ လူမှုရေးနဲ့ အနုပညာ ထိတွေ့ဆက်ဆံမှု သိပ်မရှိတဲ့ ၀ါရင့်ကဗျာဆရာတွေက နောက်ဆုံး မျိုးဆက်သစ် လူငယ်တွေ ပေါ်ထွက်နေပြီဆိုတာ သတိမထားမိကြသေးဘူး။ တချို့ ကဗျာဆရာတွေအယ်ဒီတာတွေကျတော့လည်း သတိထားမိပေမဲ့ လူငယ်တွေကို အသိအမှတ်ပြု တန်ဖိုးထား နေရာပေးဖို့ ၀န်လေးတွန့်ဆုတ်နေကြသေးတယ်။ သူတို့ကို ဘာပြောချင်လဲ။

ကိုသျှား - ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာက ကျွန်တော်တို့ ရဲ့ အနုပညာ ဖန်တီးမှုအပေါ်မှာ မူတည်နေပြီး ခေတ်ပြိုင်မြန်မာကဗျာယဉ်ကျေးမှု အသစ်ဟာလည်း ကျွန်တော်တို့ လက်ထဲ အလုံးစုံ ရောက်နေပြီလို့ ကျွန်တော်တော့ မယူဆဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့လေ့လာမှုအား ကဗျာရေးသက်အတွေ့အကြုံအရ
အချိန်အနည်းနဲ့အများတော့ စောင့်ကြည်ရဦးမယ်။လူငယ်ကဗျာဆရာတွေနဲ့ လူမှုရေးနဲ့ အနုပညာ ထိတွေ့ဆက်ဆံမှု သိပ်မရှိတဲ့ ၀ါရင့်ကဗျာဆရာတွေက နောက်ဆုံး မျိုးဆက်သစ် လူငယ်တွေ ပေါ်ထွက်နေပြီဆိုတာ သတိထားမိအောင်ရယ်လို့ ကဗျာအလုပ်ကို
လုပ်နေတာ မဟုတ်ပါဘူး။အဲဒီလိုပဲ သတိမထားမိအောင်လည်း မလုပ်ပါဘူး။အဲဒီလို သတိထားမိခြင်း မထားမိခြင်းဟာ အပေါ်ယံကိစ္စလို့ ထင်ပါတယ်။လူငယ်တွေကို အသိအမှတ်ပြု တန်ဖိုးထား နေရာပေးဖို့ တွန့်ဆုတ်နေတာဟာ သူတို့အခိုင်အမာ
တည်ဆောက်ခဲ့ရတဲ့နေရာ ပျောက်သွားမလားဆိုတဲ့စိုးရိမ်ကြောက်လန့်စိတ်ကြောင့် ဖြစ်နိုင်သလို ကျွန်တော်တို့အနုပညာပေါ်မှာ
စိတ်မချသေးလို့ စောင့်ကြည့်နေတာလည်း ဖြစ်နိုင်ပါတယ်။ကျွန်တော်တစ်ယောက်တည်းအနေနဲ့ အခိုင်အမာ ပြောချင်တာ
ကတော့ ကိုယ့်ကဗျာကိုယ် သေချာနေဖို့ပါပဲ။နေရာဆိုတာ သူများက ပေးတာမဟုတ်ပါဘူး။ကိုယ်တိုင် တည်ဆောက်ယူရတာပါ။
ကျွန်တော်တို့ သေချာရင် ကျွန်တော်တို့ကို ဘယ်သူမှ မငြင်းဘူးလို့ ယုံကြည်ပါတယ်။

လင်းလက်တာရာ - နောက်ဆုံးမျိုးဆက်သစ် ဆိုတာ ခေတ်အဆက်ဆက်မှာ ပေါ်ထွက်ခဲ့တာပဲ။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်သဘာဝတစ်ခုပါ။ အဲဒီ့ မျိုးဆက်သစ်ကပဲ အချိန်ကာလ အချိုးအကွေ့ တစ်ခု အရောက်မှာ မျိုးဆက်ဟောင်းဖြစ်သွားတာပါပဲ။ အဟောင်းနေရာမှာ အသစ်က အော်တိုမစ်တစ် ဝင်လာမှာပဲ။ အဓိကက စစ်မှန်တဲ့ အသစ်ဖြစ်မဖြစ် အရေးကြီးတာပါ။ ဒါဟာ လူငယ်တွေအတွက် ကြီးလေးတဲ့တာဝန်ပဲ။ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးပဲ။ ညံ့လို့ မရပါဘူး။ အချောင်လိုက် ရေသာခိုနေလို့ လည်း မရတော့ပါဘူး။ ကြိုးစားအားထုတ်မှုတွေ နဲ့ ထင်သာမြင်သာ ရှိရပါတော့မယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း မျိုးဆက်သစ်ဖြစ်ရဲ့လား ဆိုတာ သံသယဝင်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း အားရမိတယ်လို့ ကို မရှိသေးဘူး။ ကဗျာကျောင်းသား အဆင့်ပဲ ရှိပါသေးတယ်။ လေ့လာဆဲ ၊ သင်ယူဆဲ၊ ကြိုးစားဆဲပါ။ ကျွန်တော့်အမြင်ရ ခေတ်ပြိုင်မြန်မာကဗျာရဲ့ ဂယက်ဟာ ပရင့်တ်မှာထက် အွန်လိုင်းမှာက ပိုပြီးလှုပ်ခတ်နေပါတယ်။ အွန်လိုင်းသုံးနေတဲ့ ကဗျာဆရာတွေ ကဗျာချစ်သူတွေ ပိုပြီးသတိထားမိမှာပါ။ ဆရာမောင်ပြည့်မင်း၊ ဆရာသစ္စာနီ၊ ဆရာနိုင်မွန်အောင်သွင်၊ ဆရာ ခရမ်းပြာထက်လူ၊ ဆရာစေတ၊ ဆရာ အောင်ရင်ငြိမ်း၊ ဆရာ မောင်ယုပိုင်၊ ဆရာ လူဆန်း ၊ ဆရာနရနီ၊ ဆရာလွန်းဆက်နိုးမြတ် စတဲ့ ဝါရင့် ကဗျာဆရာတွေ ကိုယ်တိုင် အွန်လိုင်းပေါ်ကလူငယ်တွေရဲ့ ကဗျာတွေကို အရေးတယူဖတ်ပြီး ထင်မြင်ချက်တွေ၊ ဟိုက်လိုက် တွေ ၊ ကွန်မန့် တွေ ပေးကြတယ်။ လူငယ်တွေကို လက်တွဲခေါ်ကြတယ် အားပေးကြတယ်။ ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်ပါ။ လူသားဆန်တဲ့ ကြည်နူးဖွယ် ယဉ်ကျေးမှု တစ်ခုပါ။ လူငယ်တွေအပေါ် အလေးထားတဲ့ လူကြီးတွေကိုလည်း ရှိရင်းစွဲ လေးစားမှုတွေကို ၂ထပ်ကိန်းတင်မိပါတယ်။ ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာဟာ လူငယ်တွေပေါ်မှာ မူတည်နေတယ်ဆိုတာ မှန်ပေမယ့် မပြည့်စုံပါဘူး။ ဒီနေရာ မှာ အလေးအနက် ထပ်ပြောချင်တာက ကျွန်တော်တို့ လူငယ်တွေဟာ ကဗျာပညာရှင်တွေ မဟုတ်ပါဘူး။ လေ့လာဆဲ သင်ယူဆဲ ကြိုးစားဆဲ ကဗျာကျောင်းသားတွေ ဆိုတော့ အစွန်းအထင်း အမှားအယွင်းတွေ တလွဲဆံပင်ကောင်းတာတွေလည်း ရှိနိုင်ပါတယ်။ တတ်သိနားလည်တဲ့ ဆရာသမားတွေရဲ့ ထောက်ပြမှု ၊ အတိမ်းအစောင်းတွေ ကို လမ်းကြောင်း ကျောင်းပေးတာမျိုးတွေ လိုအပ်တယ်လို့ ယူဆမိပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ အတွကိ ရွှေပါပဲ။ ခေတ်ပြိုင် မြန်မာကဗျာရဲ့အလားအလာ ပိုပြီးကျယ်ပြန့် ခိုင်မာဖို့ ဆိုရင် အွန်လိုင်းအပြင် ပရင့်တ်ဘက်မှာပါ ပေါက်ရောက်ဖို့ လိုအပ်ပါတယ်။ ပရင့်ဘက်မှာတော့ အယ်ဒီတာတွေနဲ့ ဆိုင်တာပေါ့ဗျာ။ အယ်ဒီတာတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ပါပဲ။

ကျော်ဦး(လှိုင်) - လူ့ပတ်ဝန်းကျင်မှာလည်း လူငယ်တွေကို သတိထားမိပေမယ့် နေရာမပေးတဲ့ လူကြီးတစ်ချို့လည်းကျွန်တော်တို့တွေ တွေ့နေကြရတာပဲ အစ်ကိုရာ အခုဆို လူငယ်ကဗျာဆရာတွေ အများကြီးထွက်လာပြီ။ ခေတ်ရဲ့ရေစီးကြောင်းကို မြင်ရဲ့သားနဲ့ လက်မခံနိုင်ဘူးဆိုရင်တော့လူငယ်တွေအတွက်က ကိုယ်ယုံကြည်တဲ့ အနုပညာကို ဆက်ပြီးဖန်တီးယုံပေါ့။

၃။ လက်ရှိ အခြေအနေအရ ၂၀၁၀ အလွန် ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ပင်မရေစီးခေတ်ပေါ်ကဗျာအပြင် အယ်လ်ပီ ၊ နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ စကားပြေကဗျာ၊ ဖလာ့ဖ် စသဖြင့် ကဗျာအမျိုးအစားသစ်တွေ အယူအဆတွေ အမျိုးမျိုး ရှိနေကြတယ်။ အဲဒီ ကဗျာအယူအဆ/ အနုပညာ လက်ရာတွေအပေါ် ညီလေးတို့ရဲ့ အမြင်။

ကိုသျှား - ကျွန်တော် စာဖတ်အား အလွန့်အလွန်နည်းပါးကြောင်း ၀န်မခံလို့မရတော့ဘူး။ ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းထဲမှာ ရှိနေတဲ့ ကဗျာအမျိုးအစားတွေထဲက တစ်ခုချင်းစီအပေါ် အမြင်ကို ပြောရမယ်ဆိုရင်တောင် အရမ်းလက်ဝင်နေလိမ့်မယ်။ အားလုံးအပေါ်အမြင်ကို ပြောရမယ်ဆိုရင် ကျယ်ပြန့်နက်ရှိုင်းတာထက် အများကြီး ပိုနေမှာပေါ့။သေချာတာတစ်ခုကတော့ အမျိုးအစားတစ်ခုချင်းစီဟာ သူ့နည်းသူ့ဟန်နဲ့သူ အားကောင်းမောင်းသန်ဖြစ်နေတယ်ဆိုတာပါပဲ...။တစ်ခုချင်းစီမှာ အားသာချက်ကိုယ်စီ ရှိနေပါတယ်။

လင်းလက်တာရာ - ခေတ်ပြိုင် မြန်မာကဗျာ အခင်းအကျင်းမှာ ပင်မရေစီးခေတ်ပေါ် ကဗျာအပြင် ကဗျာအမျိုးအစား အသစ်တွေ အပြိုင် ဖြစ်ထွန်းပေါ်ထွက်လာတာဟာ မြန်မာကဗျာလောကရဲ့ တိုးတက်တဲ့ လက္ခဏာ တစ်ရပ်ပါပဲ။ ကောင်းမွန်ပါတယ်။ ဆက်လက်ပြီး ဘယ်လို ကဗျာအမျိုးအစားသစ်တွေ ပေါ်ထွက် လာဦးမလဲ ဆိုတာ ရင်ခုန်စရာကောင်းပါတယ်။ နိုင်ငံတစ်နိုင်ငံတည်းမှာ လူမျိုးပေါင်းစုံ ဘာသာစကား ဘာသာတရားပေါင်းစုံ အတူတကွ မှီတင်းနေထိုင်သလိုမျိုး ကဗျာနိုင်ငံတော်မှာ ကဗျာအမျိုးအစားပေါင်းစုံ အတူတကွမှီတင်းနေထိုင်ကြခြင်းပေါ့။ တိုက်ခိုက်ရန်ပြုနေမယ့်အစား ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ် ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံး အတူတကွ နေထိုင်သမှုပြုကြမယ်ဆိုရင် ကဗျာနိုင်ငံတော်ကြီး ငြိမ်းချမ်းမှာပေါ့။ စိတ်ချမ်းမြေ့စရာကောင်းမှာပေါ့။ ဘယ်လိုကဗျာအမျိုးအစားသစ်မဆို ပင်မရေစီး ခေတ်ပေါ်ကဗျာလိုပဲ ခိုင်မာတောင့်တင်းတဲ့ ကျောရိုးဆစ်တွေ ရှိနေဖို့ အရေးအကြီးဆုံးပါပဲ။ ဒါဆိုရင် အကောင်းဆုံးပေါ့။

ကျော်ဦး(လှိုင်) - ကော်ဖီကြိုက်တဲ့လူကော်ဖီ လက်ဘက်ရည်ကြိုက်တဲ့လူ လက်ဘက်ရည်ပေါ့ အစ်ကို။ ဘာပဲသောက်သောက်ဆန္ဒပြည့်သွားဖို့ပဲ အဓိကလို့ ထင်ပါတယ်။ အားထုတ်ထားတဲ့ ကဗျာတွေ အများကြီး ကျွန်တော်တို့ဖတ်နေရပါတယ်။

၎။ အဲဒီ ခေတ်ပြိုင်ကဗျာတွေထဲက ညီလေးတို့ အာရုံတိမ်းညွတ်မှု ရှိတဲ့ ကဗျာအမျိုးအစား။ အဲဒီ ကဗျာဗေဒအပေါ် နားလည်ခံယူထားပုံ အနှစ်ချုပ်။ တကယ်လို့ ညီလေးတို့ လက်ရှိရေးနေတဲ့ ကဗျာအနုပညာလက်ရာ တွေကို ဖန်တီးသူကိုယ်တိုင် အမှတ်တံဆိပ်တစ်ခုခု ခွဲခြားပြောပြပါ။ ကိုယ့် အနုပညာကိုယ် တခြားသူတွေနဲ့ ကွဲပြားခြားနားအောင် ပြောပါလို့ မေးရင် ဘယ်လိုဖြေကြမလဲ။ တချို့ ကဗျာဆရာတွေ/ ကဗျာဖတ်သူတွေကတော့ ကဗျာအနုပညာကို အမည်အမှတ်တံဆိပ်တွေ တပ်တာ
အပေါ်ယံ ကိစ္စတွေပဲလို့ ယူဆပြီး နှစ်သက်လက်ခံမှု မရှိကြဘူး။ ကိုယ့် အမြင်ပြောရရင် ကဗျာကိုယ်တိုင်ကိုက
တခြား အနုပညာ အမျိုးအစားတွေနဲ့ ကွဲပြားခြားနားနေတဲ့ စာပေပုံသဏ္ဍာန်တစ်မျိုးပဲလေ။ အဲဒါကြောင့် မေးတာပါ။

ကိုသျှား - အခုလို မဟာ့မဟာဗဟုဝါဒခေတ်ကြီးထဲမှာ ကဗျာရေးသူ/ဆရာတစ်ယောက်အတွက် ကဗျာအမျိုးအစားတစ်ခုတည်း ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့အနည်းငယ်ကို စိတ်အာရုံတိမ်းညွတ်နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးထင်ပါတယ်။နောက်တစ်ခုက
ကျွန်တော့်အနေနဲ့ ဘယ်ကဗျာအမျိုးအစားကို အာရုံတိမ်းညွတ်တယ်ဆိုတာ တိတိကျကျ ပြောဖို့ အရမ်းခက်ခဲပါတယ်။ပြီးတော့
အာရုံတိမ်းညွတ်တာနဲ့ တကယ်လုပ်လိုက်တာဟာလည်း လွဲချော်နေနိုင်ပါတယ်။ကျွန်တော် လက်လှမ်းမီသလောက် လေ့လာပါတယ်။ကျွန်တော် လိုချင်တာ သဘောကျသွားတာ တွေ့ရင် ယူသုံးရင် သုံးမယ်။ ကျွန်တော် မကြိုက်တာလေးတွေ သဘောမတူနိုင်တာလေးတွေ တွေ့ရင် ဘာကြောင့် အဲဒီလို ဖြစ်တာလဲလို့ အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်ပါတယ်။တံဆိပ်ကပ်မှုတွေအပေါ်မှာတော့ ဘယ်လိုမှ သဘောမထားတတ်ပါဘူး။လက်ခံလို့ပဲဖြစ်ဖြစ် လက်မခံလို့ပဲဖြစ်ဖြစ် အနှေးနဲ့အမြန်ပဲ ကွာမှာပါ။တံဆိပ်တစ်မျိုးမျိုးကတော့ ကျွန်တော်တို့ကဗျာတွေဆီ ရောက်ရှိလာမှာပါပဲ။
ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ကဗျာတွေကို ဘာကဗျာအမျိုးအစားတွေပါလို့ ခွဲခြားပြောပြဖို့ အရည်အချင်းမရှိပါဘူး။ကိုယ့်ကဗျာတွေကိုယ် ပြန်ဖတ်ကြည့်တဲ့အခါ ရောဘတ်ဘန်းတို့ခေတ်လောက်ကတည်းက တွင်တွင်ကျယ်ကျယ် သုံးခဲ့တဲ့ ထပ်တလဲလဲအသုံးတွေကိုတောင် ပြန်တွေ့နေရတုန်းပါပဲ။အများဆုံးတွေ့ရတာကတော့
ခေတ်ပေါ်ကဗျာ ကောလာ့(ဂ်ျ)နဲ့စမ်းသပ်တွေဖြစ်မယ်လို့ ထင်မိတာပါပဲ။

လင်းလက်တာရာ - ခေတ်ပြိုင်ကဗျာ အခင်းအကျင်းမှာ ဘယ်လိုကဗျာအမျိုးအစားမဆို ကျွန်တော်စိတ်ဝင်စားပါတယ်။ ကဗျာရေးသူတစ်ယောက်အနေနဲ့ အားလုံးကို ခြုံငုံလေ့လာသင့်ပါတယ်။ ကျွန်တော့်အနေနဲ့ ကတော့ ကဗျာအမျိုးအစားတစ်ခုတည်းအပေါ် အာရုံတိမ်းညွှတ် သွားတာမျိုး မရှိပါဘူး။ ကဗျာအမျိုးအစားတစ်ခုတည်းနဲ့ လည်း မလုံလောက်တော့ပါဘူး။ ကဗျာအမျိုးအစားမျိုးစုံရဲ့ လွှမ်းမိုးရိုက်ခတ်မှုတွေ ကတော့ ကျွန်တော့်အပေါ်မှာ အနည်းနဲ့ အများပါပဲ။ ကိုယ်တိုင်က ကဗျာအမျိုးအစားအသစ်တစ်မျိုး ရေးစွမ်းဖန်တီးနိုင်တဲ့ အစွမ်းအစ မရှိတော့ ရှိနှင့်ပြီးသား ကဗျာအမျိုးအစားတွေထဲကပဲ ကျွန်တော် သဘောကျ နှစ်သက်တာ တွေကို ငှားယူသုံးစွဲပြီး ပေါင်းစပ်ရေးသားကြည့်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကဗျာရေးသူတစ်ယောက်အနေနဲ့ ကိုယ်ဘာတွေ ရေးနေလဲ ဘယ်လိုအမျိုးအစားတွေ ရေးနေလည်းဆိုတာတော့ သိသင့်တယ်လို့ ထင်တယ်။ ကိုယ်စီးနေတာ ရထားလား ကားလားဆိုတာတော့ သိထားရမယ် မဟုတ်လားဗျာ။ လောလောဆယ် Hybrid ပါပဲ။  ကျွန်တော်အရေးအသားအများစုဟာ အယ်လ်ပီရဲ့ အငွေ့ အသက်တွေ၊ ပို့ စ်မော်ဒန်ရဲ့ ပိုင်းစစိတ်မွှာမှု fragments တွေ၊ နီယိုမော်ဒန်ရဲ့ အာရုံခံစားပုံနဲ့ နောက်ခံအယူအဆ တချို့ တွေ ရောယှက်ပါဝင်နေပါတယ်။ ပြီးတော့ collage နဲ့ collaborate တွေလည်း စိတ်ဝင်တစား ရေးဖြစ်ပါတယ်။ ခေတ်ပြိုင်ကဗျာ အခင်းအကျင်းဟာ အနံ့ အရသာ မျိုးစုံ ခင်းကျင်းထားတဲ့ ပွဲတော်အုပ်ကြီးနဲ့ တူပါတယ်။ ကျွန်တော်တို့ ကြိုက်နှစ်သက်ရာ ရွေးချယ် စားသုံးနိုင်တာ မဟာအခွင့်အရေးတစ်ခုပါပဲ။ အဲ့ဒီအပေါ်မှာပဲ ရှာဖွေရင်းချဲ့ ထွင်ရင်း စမ်းသပ်ရင်း ဥာဏ်မီသလောက် ကြိုးစားအားထုတ်ကြည့်ရမှာပါပဲ။ တံဆိပ်တွေကတော့ ကဗျာရေးသူကိုယ်တိုင် လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ ကပ်ပါလာမှာပဲ။ တတ်သိနားလည် ကျွမ်းကျင်သူတွေ ကိုယ်တွယ်သင့်တဲ့ ပညာရပ်ဆန်တဲ့ ကိစ္စမျိုးပါ။ ကဗျာရေးသူတစ်ယောက်ရဲ့ ကဗျာအနည်းငယ်ကို ခွဲခြမ်းစိပ်ဖြာပြီး တံဆိပ်ကပ်လိုက်တာ အမျိုးအစားခွဲလိုက်တာမျိုးဟာ  အဲဒီကဗျာရေးသူအပေါ်မှာ ဘယ်အတိုင်းအတာ ဘယ်ကာလထိ ခံမလဲ။ မသေချာပါဘူး။ ခေတ်ကလည်း ရွေ့ နေပါတယ်။ ကဗျာတွေကလည်း ရွေ့ နေပါတယ်။ ကဗျာရေးသူတွေကလည်း တစ်နေရာတည်း ကျောက်ချ မနေပါဘူး။ ဒါကြောင့် ကျွန်တော်ရေးခဲ့တဲ့ ကဗျာတွေကို အမျိုးအစားခွဲနိုင်ပါတယ်။ တံဆိပ်ကပ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီတံဆိပ် အဲဒီအမျိုးအစား ဘယ်အတိုင်းအတာထိ တည်ရှိနေမလဲ ဆိုတာကိုတော့ ကျွန်တော် အာမ မခံနိုင်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အချိုးအကွေ့ တစ်ခုခုမှာ အားလုံးဟာ ပြောင်းလဲ သွားနိုင်လို့ ပါ။ မရောက်ဖူးသေးတဲ့ အရပ်ဒေသတွေကိုလည်း ခရီးထွက်ချင်ပါသေးတယ်။

ကျော်ဦး(လှိုင်) - ကဗျာကိုတော့ဘယ်လိုကဗျာမျိုးဖြစ်ဖြစ် ဖတ်ပါတယ်။ သွယ်ဝိုက်မှုတွေ သိပ်မပါပဲထိထိရောက်ရောက်ရေးနိုင်မယ့် ကဗျာအရေးအသားမျိုးတွေကို ပိုသဘောကျတယ်။ ကျွန်တော်ရေးတဲ့ ကဗျာကို အမျိုးအစားသတ်မှတ်ဖို့ကတော့ ဖတ်သူတွေကိုယ်တိုင်ပဲတံဆိပ်ကပ်ပါစေ။ ဘယ်လိုတံဆိပ်ကပ်ကပ် ကျွန်တော်တို့ရေးနေတာ ခေတ်နဲ့လူမှုအမြင်ကို ထိထိရောက်ရောက် ဖွင့်ထုတ်ပြလိုက်တဲ့ ခေတ်ပြိုင်ကဗျာတွေလို့ပဲ သတ်မှတ်ပါတယ်။ ကိုယ်ရေးတဲ့ကဗျာကို ကိုယ်ကြည်ညိုရင် ကျေနပ်စရာလို့ထင်ပါတယ်။

၅။ ညီလေးတို့ အနေနဲ့ ကဗျာအနုပညာ လက်ရာတစ်ခုကို ဘယ်လို အတွေးအခေါ် ဘယ်လို အာရုံခံစားပုံ ဘယ်လို အတတ်ပညာပိုင်း နည်းစနစ်ပိုင်းတွေနဲ့ ရေးသားဖန်တီးနေကြသလဲ။ ကဗျာရေးသားခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လို နောက်ခံ အယူအဆနဲ့ ခံယူ ယုံကြည်ချက်တွေ ရှိနေကြသလဲ။

ကိုသျှား - ကဗျာအနုပညာလက်ရာတစ်ခုကို ဘယ်လိုဖန်တီးသလဲဆိုတာကို ပြောပြဖို့က ကျွန်တော့်အတွက် တော်တော်ကို မလွယ်တဲ့ကိစ္စပဲ။ကျွန်တော်ကတော့ ကျွန်တော် ရေးချင်တာကို ရေးတတ်သလို ရေးတာလို့ပဲ ပြောချင်တယ်။

လင်းလက်တာရာ - ခေတ်ပြိုင်ကဗျာရဲ့ အခန်းကဏ္ဍမှာ အတွေးအခေါ် အာရုံခံစားပုံ အတတ်ပညာပိုင်း နည်းစနစ်ပိုင်းတွေ မရှိမဖြစ်လိုအပ်ပါတယ်။ သိထားသင့်ပါတယ်။ တချို့ ကလည်း ကဗျာရေးဖို့ တစ်ခုတည်းသာ အာရုံစိုက်ပြီး poetic ပိုင်းဆိုင်ရာတွေ ၊ Ideology ပိုင်းဆိုင်ရာတွေ သိပ်ဂရုမစိုက်ကြပါဘူး။ ဒါတွေ ပြောဖို့ လည်း ဝန်လေးတွန့် ဆုတ်တတ်ကြတယ်။ လောလောဆယ် လက်လှမ်းမီသလောက် လေ့လာနေဆဲပါပဲ။ ကျွန်တော်ကတော့ သီဝရီတွေ နည်းစနစ်တွေကြား ကိုယ့်ကဗျာလိပ်ပြာလေး ပိတ်မိညပ်သေမသွားအောင် ရှဥ့်လည်း လျှောက်သာ ပျားလည်းဆွဲသာ ဂရုစိုက်ချင်ပါတယ်။ တစ်ပုဒ်နဲ့ တစ်ပုဒ် ပုံစံခွက်ထဲကအတိုင်း ထွက်ကျလာတာ မဟုတ်ပဲ လွတ်လပ်လန်းဆန်းနေတာမျိုးပေါ့။ ဖြစ်ချင်တာကို အကောင်အထည် ဖော်ဖို့ အတွက်ကလည်း မလွယ်ကူပါဘူး။ ဘာပဲဖြစ်ဖြစ်ကဗျာရေးသူ တစ်ယောက်အနေနဲ့ poetic ပိုင်းဆိုင်ရာတွေ Ideology ပိုင်းဆိုင်ရာတွေ ရှောင်လွှဲလို့ မရပါဘူး။ ကျွန်တော်ကတော့ သဒ္ဒါအလင်္ကာရ နဲ့ အတ္ထါအင်္လကာရ နှစ်ရပ်စလုံးပါအောင် အတတ်နိုင်ဆုံး အားထုတ်ပါတယ်။ ခေတ်စနစ်၊ နိုင်ငံရေး၊ယဉ်ကျေးမှု၊ လူအဖွဲ့ အစည်းကြီးရဲ့ အဖြစ်အပျက်နဲ့ ရှုမြင်သုံးသပ်ချက်တွေ၊ ပုဂ္ဂလအာရုံခံစားမှုတွေ၊ စတဲ့ အရာတွေကို ဘာသာစကားနဲ့ hybrid လုပ်ရေးဖြစ်တာများပါတယ်။ အကြမ်းအားဖြင့် Expression နဲ့ Construction ကို ပေါင်းစပ်ရေးသားဖို့ အားသန်ပါတယ်။ ကျွန်တော့်ကို ရိုက်ခတ်လာတဲ့ ကျွန်တော့်အပေါ်မှာ ကပ်ငြိလာတဲ့ သိမှုနဲ့ အဓိပ္ပါယ်တွေကို ဘာသာစကားကို ကြားခံထားပြီး ပေးပို့ စေသလို၊ ဘာသာစကားထဲကပဲ သိမှုနဲ့ အဓိပ္ပါယ်တွေ ပြုလုပ်တည်ဆောက်ရတာကိုလည်း စိတ်ဝင်တစားသဘောကျမိပြန်တယ်။ ဘောလုံးသမားကောင်းတစ်ယောက် ဖြစ်ဖို့ ဘယ်ခြေရော ညာခြေရော သန်ရပါ့မယ်။ ခေါင်းတိုက်ဘောတွေ ဖရီးကစ်တွေ၊ အလိမ်အခေါက်၊ သက်လုံ၊ ကြံ့ခိုင်မှု၊ နည်းစနစ် ၊ အားကစားစိတ်ဓါတ် စတဲ့ အင်္ဂါရပ်တွေ ပြည့်စုံဖို့ လိုအပ်ပါတယ်။ ကဗျာရေးသူကလည်း ဒီလိုပါပဲ။ ကျွန်တော်ကတော့ ကျွန်တော်လေ့လာထားသလောက် သိသလောက် ဥာဏ်မီသလောက်နဲ့  ဂိုးရှူးဖို့ ဘယ်ခြေညာခြေတော့ ရွေးနေမှာ မဟုတ်ပါဘူး။

ကျော်ဦး(လှိုင်) - ကျွန်တော်ရေးလိုက်သမျှကတော့ စိတ်ခံစားမှုပေါ်ထင်ဟပ်လာတဲ့ အကြောင်းအရာတွေကိုချရေးပစ်တာများပါတယ်။ နေစဉ်တွေ့နေရတဲ့ ပတ်ဝန်းကျင်ရဲ့ နာကျင်မှုတွေရယ် ကိုယ်ပိုင်တဲ့ လွပ်လွပ်လပ်လပ် ခံစားမှုတွေ အဲဒီကမှ ကဗျာတည်ဆောက်ပုံကို အရိုးရှင်းဆုံး တင်ပြနိုင်မယ့်ဘာသာစကားမျိုးတွေ သုံးဖြစ်ပါတယ်။ လူ့ပတ်ဝန်းကျင်ကို ထင်ဟပ်ပြနိုင်ဖို့ကျွန်တော်တို့ ကဗျာတွေ ရေးနေရအုံးမှာပါပဲ။


၆။ မြန်မာနိုင်ငံက ကွန်ဆက်ခြူရယ်၊ အယ်လ်ပီ စသဖြင့်နဲ့ ပို့စ်မော်ဒန် ပထမမျိုးဆက် စာပေအယူအဆတွေကို လက်ခံယုံကြည်တဲ့ ကဗျာဆရာတွေမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလအာရုံခံစားမှုကို အဓိကမထားတဲ့၊ ခေတ်စနစ်လူမှုဝန်းကျင်ရဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို မျက်ကွယ်ပြုချင်တဲ့ အယူအဆမျိုးတွေ ရှိနေကြတယ်။ တကယ်တော့ အဲဒီ အယူအဆတွေက ၁၉ ရာစုအလယ်ပိုင်းလောက်က ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ ခေတ်စားခဲ့တဲ့ Aestheticism ရဲ့ စာပေအနုပညာ အယူအဆတွေ။ Oscar Wilde တို့လို ကိုယ်တို့ဆီမှာဆိုရင် ဆရာသစာနီတို့လိုပေါ့ အနုပညာရသအဓိက၀ါဒီတွေက သန့်စင်တဲ့ အနုပညာဟာ
လူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ကျင့်တရားဆိုင်ရာ ဆုံးမသွန်သင်မှုတွေနဲ့ မရောထွေးသင့်ဘူးလို့ ယူဆခဲ့ကြတယ်။ အနုပညာဟာ အနုပညာအတွက်ဆိုတဲ့ ကြေညာချက်က Aestheticism ရဲ့ အနှစ်ချုပ် အယူအဆပေါ့။ ညီလေးတို့ အမြင်ကရော...ကဗျာအနုပညာမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလ အာရုံခံစားမှုနဲ့ ခေတ်စနစ်လူမှုဝန်းကျင်အပေါ် အမြင်တွေ ပါသင့် မပါသင့်။

ကိုသျှား - တွေ့နေရသမျှကဗျာအများစုဟာ တစ်သီးပုဂ္ဂလ အာရုံခံစားမှုနဲ့ခေတ်စနစ်လူမှုဝန်းကျင်အပေါ် အမြင်တွေကို ရေးကြတာပါ။ ကျွန်တော်က တစ်သီးပုဂ္ဂလ အာရုံခံစားမှုနဲ့ခေတ်စနစ်လူမှုဝန်းကျင်အပေါ် အမြင်တွေမပါဘဲ ကဗျာရေးလို့ မရဘူးလို့ ယုံကြည်တယ်။

လင်းလက်တာရာ - ကဗျာအမျိုးအစားတစ်ခုချင်းစီမှာ ယျေဘူယျသွင်ပြင် လက္ခဏာတွေ၊ ဒေါက်တိုင်တွေ ကတော့ သူ့ အယူအဆနဲ့ သူ ရှိနေတာပဲ။ မတူညီနိုင်ပါဘူး။ ကဗျာစားသုံးသူချင်းလည်း မတူညီနိုင်ပါဘူး။ အသီးအရွက်ကြိုက်သူနဲ့ အသားငါးကြိုက်သူ။ ကိုယ်က အသားငါး မစားလို့ အသားငါးစားသူတွေကို ရန်လုပ်စော်ကားထိုင်ဆဲ မနေသင့်ဘူးလေ။ ပွဲတော်အုပ် ဥပမာလို ပဲပေါ့ဗျာ။ ကိုယ်ကြိုက်တဲ့ဟင်း ရွေးနှိုက်စားရုံပါပဲ။ ယဉ်ကျေးမှု ခေတ်စနစ်နဲ့ မျက်မှောက်ခေတ် လူမှုအဖွဲ့ အစည်း အကြောင်းချင်းရာတွေက နေ့ စဉ်နဲ့ အမျှ လူသားတွေ အပေါ် ရိုက်ခတ်နေပါတယ်။ ရှောင်လွှဲလို့ မလွတ်ပါဘူး။ ဒါတွေရဲ့ ကောင်းကျိုး ဆိုးကျိုးကိုလည်း ကျွန်တော်တို့ အနေနဲ့ မီးမောင်းထိုးပြသင့်တယ်။ ရှုမြင်သုံးသပ်သင့်ပါတယ်။ ' ငါ ' ဗဟိုပြုကိစ္စတွေကလည်း ခုထိ အငြင်းအခုန်ကောင်းတုန်းပါပဲ။ ' ငါ' နဲ့  'ငါ့ ခံစားမှု ဟာ ပင်မရေစီးခေတ်ပေါ်ကဗျာမှာ အဓိက ဇာတ်ဆောင် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ခေတ်ပြိုင်ကဗျာတချို့ က 'ငါ' ဗဟိုပြုတွေကို နည်းအမျိုးမျိုးနဲ့ ဖျောက်ဖျက်ကြိုးစားလာကြတယ်။ ငါ' ကို ဆောက်သွားနဲ့ တစ်ချက်ပြီးတစ်ချက်ဖဲ့ထုတ်ကြတယ်။ ငါ' ပါနေခဲ့ရင်လည်း အဲဒီ 'ငါ' ဟာ 'ငါ ' ဗဟိုပြု ' ငါ' မဖြစ်ရလေအောင် ပြုလုပ်ကြတယ်။ ခုနောက်ပိုင်းဆို Parody ပုံစံ 'ငါ' တွေ ခေတ်ပြိုင်ထဲမှာ ထွက်ပေါ်လာပြန်တယ်။ ကျွန်တော့်တစ်ဦးတည်အမြင်အရ လူအုပ်ကြီးထဲမှာ ရောနှောပျောက်ဆုံးနေတဲ့လူသားရဲ့ Identity ကို ရှာဖွေတည်ဆောက်တာကို လက်ခံပါတယ်။ ဒါပေမယ့် ကဗျာဆရာတစ်ဦးတည်းမှာပဲ 'ငါ' ဗဟိုပြုကဗျာတွေ ချည်းပဲ ဖြစ်နေတယ် ဆိုရင်တော့ ငြီးငွေ့ စရာကောငိးပြီး ကဗျာအနုပညာအမြင် အရ ဘောင်ကျဉ်းလွန်းနေမှာပါ။ ဒီလိုပါပဲ ကဗျာဗေဒအယူအဆတွေအရ 'ငါ'ကို လုံးဝကြီး ပစ်ပယ်ထားပြန်ရင်လည်း ကဗျာဗေဒအယူအဆတွေအရ မှန်ကန်ပေမယ့် အနုပညာအမြင်အရတော့ ဘောင်ကျဉ်းနေဦးမှာပဲ။ ငါ ဆိုတာ အတ္တပါပဲ။ ကဗျာရေးသူတွေဟာ ပုထုဇဉ်တွေပါပဲ။ ပုထုဇဉ်မှန်ရင် အတ္တနဲ့ မကင်းပါဘူး။ ” ငါ ” ဗဟိုမပြုတဲ့ ကဗျာတွေကရော ငါ့ကဗျာမှာ “ငါ“ ဗဟိုမပြုအောင် ရေးမယ်ကွာ။ ငါ့ ကဗျာအမျိုးအစားမှာ “ငါ” ကိုဖဲ့ထုတ်မယ်ကွာ ဆိုတဲ့ “ငါ“ အတ္တကြီး ပါနေပြီမဟုတ်လား။ ဆိုတော့ ကဗျာရေးသူမှာ အတ္တမကင်းစင်သေးသမျှ ကဗျာအနုပညာမှာ “ ငါ” ကင်းစင်တယ်လို့ ယူဆလို့ ရပါ့မလား။ ကဗျာနဲ့ ကဗျာရေးသူကို ပူးတွဲ မမြင်သင့်ဘူးဆိုပေမယ့် လူဆိုတာ အတ္တနဲ့ မကင်းကြောင်း ပြောပြတာပါ။ အနုပညာ က အရမ်းကို ကျယ်ပြန့် နက်ရှိုင်းပါတယ်။ ကဗျာဆရာတွေရဲ့ အတ္တကြောင့် ကျဉ်းမြောင်းနေရတာပါ။ အနုပညာမှာ အရာအားလုံးပါသင့်ပါတယ်။ အနုပညာကို မကန့် သင့်ပါဘူး၊ မသတ်သင့်ပါဘူး၊ မကန့် သတ်သင့်ပါဘူး။ ကျွန်တော်ကတော့ ' ငါ' ကို လုံးဝ ပစ်ပယ်လိုက်တာမျိုး မရှိပါဘူး။ တစ်ခါတလေ ဇာတ်ဆောင်၊ တစ်ခါတလေ ဖြတ်လျှောက်ပါပဲ။ အနုပညာဟာ ပြည်သူအတွက်၊ မဟုတ်သေးပါဘူး၊ အနုပညာဟာ အနုပညာရှင်အတွက် ၊ မဟုတ်သေးပါဘူး၊ အနုပညာဟာ အနုပညာအတွက်၊ မဟုတ်သေးပါဘူး။ အနုပညာဟာ အဲဒီအရာတွေ အားလုံးအတွက်ပါ။

ကျော်ဦး(လှိုင်) - ကဗျာဆရာရဲ့တစ်သီးပုဂ္ဂလ အာရုံခံစားမှုနဲ့ ခေတ်စနစ်လူမှုဝန်းကျင်အပေါ် အမြင်တွေ ပါသင့်တယ်လို့ကျွန်တော်မြင်ပါတယ်။ ဒီနေ့ခေတ်ရဲ့ နာကျင်မှုတွေကို ကျွန်တော်တို့လည်းခံစားနေကြရတာပဲ။

၇။ ကိုယ့် အမြင်ပြောရရင် မြန်မာစာပေလောကမှာ Realism အယူအဆနဲ့ တန်ဖိုးစံနှုန်းတွေကို စွဲလမ်းဆုပ်ကိုင်ထားတဲ့ အယ်ဒီတာတွေနဲ့ စာရေးဆရာတွေ ရှိနေလို့ မြန်မာဝတ္ထုတို/ အက်ဆေး အရေးအသားတွေဟာ Realism နယ်ပယ်ထဲမှာပဲ ပိတ်မိနေကြပြီး မြန်မာစကားပြေယဉ်ကျေးမှု အသစ်ဖွံဖြိုးတိုးတက်မှု မရှိဘဲ နှစ်ပေါင်းများစွာ ရပ်တန့်နေတာလို့ မြင်မိတယ်။ ၁၉၉၅ ၀န်းကျင်ကနေ ၂၀၀၅ လောက်အထိ ခေတ်စားရှင်သန်ခဲ့တဲ့ မော်ဒန်နဲ့ ပို့စ်မော်ဒန် စကားပြေတွေကတော့ ခြါင်းချက်ပေါ့လေ။ ကဗျာအနုပညာမှာ ဆိုရင်လည်း Modern Conservative ဖြစ်နေတဲ့ ၀ါရင့် ၀ါနုကဗျာဆရာတွေ၊ အယ်ဒီတာတွေ ကဗျာဖတ် ပရိသတ်တွေ ရှိနေကြသေးတယ် ထင်တယ်။ အဲဒီလို Modern Conservative တွေကို မြန်မာကဗျာယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားတဲ့သူတွေ၊ အနှောင့် အယှက် အဟန့်အတား ဖြစ်စေမယ့် သူတွေလို့
ဆိုနိုင်မလား။

ကိုသျှား - ကျွန်တော်တော့ အဲဒီလို မထင်ဘူး။မော်ဒန်ခေတ်ဦးကိုပဲ ပြန်ကြည့်ရင် ဘယ်လောက်ခက်ခဲကြမ်းတမ်းခဲ့သလဲ။အချိန်တန်တော့လည်း အခုမဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ ကဗျာအများစုဟာ (ကောင်းတာညံ့တာကြိုက်တာမကြိုက်တာက တစ်ပိုင်းပေါ့) ခေတ်ပေါ်ကဗျာတွေချည်းပါပဲ။အဲဒီလိုပဲ တဖြည်းဖြည်းတော့ ရွှေ့ယူကြရမယ်လို့ထင်ပါတယ်။ ခေတ်အဆက်ဆက်ပေါ့ ဖောက်ထွက်တဲ့လူက ဖောက်ထွက်မယ်။ပိတ်တဲ့လူက ပိတ်မယ်။ဒါတွေက မဆန်းပါဘူး။ စကားပြေကိစ္စနဲ့ပတ်သက်လို့ ပြောရရင် Realism အယူအဆနဲ့ တန်ဖိုးစံနှုန်းတွေကို စွဲလမ်းဆုပ်ကိုင်ထားတဲ့ အယ်ဒီတာတွေနဲ့ စာရေးဆရာတွေ ရှိနေတာတစ်ခုတည်းနဲ့ မြန်မာဝတ္ထုတို/ အက်ဆေး အရေးအသားတွေဟာ Realism နယ်ပယ်ထဲမှာပဲ ပိတ်မိနေကြတယ် ပြောလို့ရမယ်မထင်ဘူး။အခုနောက်ပိုင်းမှာ စကားပြေအရေးအသားသစ်တွေကို ဘယ်လောက်များများက အင်တိုက်အားတိုက် ရေးနေသလဲဆိုတာကို ပြန်ကြည့်ဖို့ လိုမယ်ထင်ပါတယ်။ကျွန်တော်ကတော့ အများကြီး သိပ်မတွေ့မိဘူး။ကျွန်တော် စာဖတ်အားနည်းတာကြောင့် မတွေ့မိတာလည်း ဖြစ်နိုင်ပါတယ်။

လင်းလက်တာရာ -  မြန်မာစကားပြေတွေဟာ မြန်မာကဗျာတွေထက် တိုးတက်မှု နှောင့်နှေး နေတာ အားလုံးမျက်မြင်ပါပဲ။ စကားပြေမှာက realism တွေ အားကောင်းမောင်းသန်ဖြစ်ဆဲပါပဲ။ ဒါဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အမှောင်ခေတ်မှာ နှစ်ရှည်ကြာမြင့်စွာ နစ်မြုပ်ခဲ့တာတွေရဲ့ နောက်ဆက်တွဲ ရလဒ် လို့ လည်း ပြောနိုင်တာပဲ။ ဆန်းသစ်တဲ့ စကားပြေရေးဟန်တွေ၊ မော်ဒန်နဲ့ ပို့ စ်မော်ဒန် စကားပြေတွေ ရေးသားခဲ့/ နေသူ အများစုဟာ ကဗျာဆရာတွေ ဖြစ်နေတာကလည်း ထည့်စဉ်းစားသင့်တဲ့အချက်ပါ။ modern conservative တွေကို မြန်မာကဗျာယဉ်ကျေးမှု ဖွံ့ ဖြိုးတိုးတက်ရေးမှာ အနှောက်အယှက် အဟန့် အတား ဖြစ်စေမယ့် သူတွေလို့ ကျွန်တော် မသတ်မှတ်ချင်ပါဘူး။ အနည်းနဲ့ အများတော့ အနှောက့်အယှက် အတားအဆီး ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ကိုယ့်ပန်းတိုင်ရှိရာ ကိုယ့်ယုံကြည်မှုကို ခိုင်ခိုင်မာမာ မလျော့သောဇွဲနဲ့ ကိုယ့်လမ်းကိုယ်ဖောက်သွားမယ်ဆိုရင် အကောင်းဆုံးအနေအထားတစ်ခုကို ရရှိလာမှာပါပဲ။ အနုပညာဟာ စစ်အစိုးရမှ မဟုတ်တာ။ ဟစ်ပ်ဟော့ပ်တွေ အောင်မြင်ဖို့ ရော့ခ်တွေ အမှိုက်တောင်းထဲ/ ရေဆိုးမြောင်းထဲ ထိုးကျပေးလိုက်ရတာမှ မဟုတ်တာ။ အနုပညာယဉ်ကျေးမှုအသစ်တွေ ပေါ်ထွန်းဖို့ အနုပညာယဉ်ကျေးမှုအဟောင်းတွေ မီးရှို့ ဖျက်စီး ပစ်ဖို့ မလိုပါဘူး။ အနုပညာယဉ်ကျေးမှု အဟောင်းတွေဟာ တလေးတစား တမြတ်တနိုး ထိန်းသိမ်းထားသင့်တဲ့ အရာတွေပါ။

ကျော်ဦး(လှိုင်) - အဟန့်အတားလို့တော့ကျွန်တော်မမြင်ပါဘူး။ အားလုံးဟာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ပဲ ကဗျာယဉ်ကျေးမှုဟာခေတ်ရဲ့အလိုအရ ပြောင်းလဲတိုးတက်လာတာကို ဘာနဲ့မှ တားလို့မရနိုင်ဘူး ထင်ပါတယ် အစ်ကို။


၈။ အွန်လိုင်း ကဗျာယဉ်ကျေးမှုဘက် တစ်ချက်လောက် လှည့်ကြည့်လိုက်ရအောင်။ အွန်လိုင်းက ကဗျာဆရာတွေနဲ့ ကဗျာတွေအပေါ် ညီလေးတို့ အမြင်ကို အုပ်စုနဲ့ အမျိုးအစားတွေ ခွဲခြားဝေဖန်ပေးပါ။ အွန်လိုင်းနဲ့ ပရင့်တ်မီဒီယာ ပဋိပက္ခ ကိစ္စ၊ အနုပညာဗီဇနဲ့ ကဗျာဖန်တီးမှု အတွေ့အကြုံ အနုအရင့်ကိစ္စ၊ အယ်ဒီတာ မရှိတဲ့ မီဒီယာဖြစ်တဲ့အတွက် ကိုယ့်ကဗျာကိုယ် လွတ်လွတ်လပ်လပ် ရေးလို့ရနေတဲ့ အခွင့်အလမ်းရဲ့ နောက်ဆက်တွဲ ကောင်းကျိုး ဆိုးကျိုး၊ အနုပညာ အဆင့်အတန်း သိပ်မရှိတဲ့ ကဗျာတွေအောက်က Like & Comment ကိစ္စတွေက အစပေါ့။

ကိုသျှား - အွန်လိုင်းကဗျာယဉ်ကျေးမှုဟာ ဘာလဲဆိုတာ ကျွန်တော် သေသေချာချာ မသိပါဘူး။အခုနောက်ပိုင်းကတော့ အွန်လိုင်းရယ် ပရင့်ထ်ရယ်လို့ သီးခြားကန့်သတ်ခွဲထားလို့ မရတော့ဘူး။အွန်လိုင်းမှာ ရေးတဲ့ကဗျာဆရာ/မတွေကလည်း ပရင့်ထ်မှာ ၀င်ရေးလို့ရတာပဲ။ ပရင့်ထ်မှာ ရေးနေတဲ့ကဗျာဆရာ/မတွေကလည်း အွန်လိုင်းပေါ် တက်လာကြပါပြီ။အွန်လိုင်းမီဒီယာဟာ အယ်ဒီတာ မရှိတဲ့ မီဒီယာဖြစ်တဲ့အတွက် ကိုယ့်ကဗျာကိုယ် လွတ်လွတ်လပ်လပ် ရေးလို့ရနေတဲ့ အခွင့်အလမ်းရဲ့ နောက်ဆက်တွဲတွေကတော့ အတွေးရဲရဲအရေးရဲရဲလူငယ်ကဗျာဆရာ/မအမြောက်အများထွက်ပေါ်လာခြင်း၊ ကဗျာထဲမှာ သမ္မတဦးသိန်းစိန်အပါအ၀င်လမ်းဘေးခွေးလေခွေးလွင့်တွေကိုအထိ လွတ်လပ်စွာ ဆဲရေးပိုင်ခွင့်ရှိတဲ့အတွက် အဲဒီအခွင့်အရေးကို အပြည့်အ၀ အသုံးချခြင်း၊ကိုယ်စမ်းသပ်ချင်တဲ့ပုံသဏ္ဍာန် အကြောင်းအရာကို စိတ်ကြိုက် ရေးးသားပြခွင့်ရှိခြင်း.....အများကြီးပါပဲ။အုပ်စုနဲ့အမျိုးအစားကို ခွဲခြားပြောရရင် ကျွန်တော် သိနေတဲ့ ကဗျာရေးသူ/ဆရာ/မတွေကိုက အများကြီးဖြစ်နေတယ်။ကျွန်တော် မသိတဲ့ကဗျာရေးသူ/ဆရာ/မတွေက ထောင်သောင်းချီနေမှာ။
အဲဒါကိုတော့ ကျွန်တော် မပြောဘဲ ချန်ထားခဲ့ပါတယ်။အနုပညာ အဆင့်အတန်း သိပ်မရှိတဲ့ ကဗျာတွေအောက်က Like & Comment ကိစ္စတွေကိုတော့ ကျွန်တော် တော်တော်ကို ကြိုဆိုလက်ခံပါတယ်။ဘာကြောင့်လဲဆိုတော့ အခုလက်ရှိခပ်ညံ့ညံ့ကဗျာတွေလို့ အများလက်ခံထားတဲ့လက်ရာတွေကို ရေးသားဖန်တီးထုတ်လုပ်နေသူ တစ်ယောက်ဟာ
အဲဒီလို အားပေးကြမ်းတဲ့အတွက်ကြောင့်နောင်တစ်ချိန်မှာ တိုင်းပြုပြည်ပြုကမ္ဘာကျော်ကဗျာဆရာ/မတစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်လို့ပါပဲ။

လင်းလက်တာရာ - ပွင့်လင်းမြင်သာမှုနဲ့ နည်းပညာတိုးတက်မှုတွေရဲ့ အကျိုးရလဒ်က အွန်လိုင်းမှာ ကဗျာရေးသူတွေ အုံနဲ့ ကျင်းနဲ့ ဖြစ်လာတာပါပဲ။ အွန်လိုင်းက ရှိနှင့်ပြီးသား လူငယ်တွေအပြင် ပရင့်တ်သမားတွေပါ အွန်လိုင်းပေါ်ရောက်လာတော့ အတော်ကို မြိုင်လာပါတယ်။ အုပ်စုတွေ အမျိုးအစားတွေကတော့ အတိအကျ မပြောနိုင်ပါဘူးဗျာ။ အစုံပလုံပါပဲ။ ကျွန်တော် သိသလောက်တောင် လူငယ်ကဗျာရေးသူတွေ တော်တော်ကြီးကို များနေတယ်။ နာမည်တွေ အရမ်းများလွန်းလို့ ကျွန်တော် အကုန်မပြောနိုင်လို့ ချန်လှပ်ပရစေ။ တွေ့ မိတဲ့ ကဗျာအမျိုးအစား အများစုကတော့ ခေတ်ပေါ်ကဗျာ၊  lp နဲ့  lp နွယ်ကဗျာတွေ ၊ နီယိုမော်ဒန်နဲ့  ပို့ စ်မော်ဒန်၊  စကားပြေ၊ စမ်းသပ်၊  ကော့လာ့ဂ်ျ၊  ဖလာ့ဖ်တွေ၊ hybrid တွေ။ ဆူရီရယ်၊ ဒီဂျစ်တယ် ကဗျာတွေ၊ အစုံပါပဲ။ အနည်းနဲ့ အများပဲကွာတာပါ။ အွန်လိုင်းနဲ့ ပရင့်တ်ကတော့ အရင်လောက် အဖုအထစ်တွေ သိပ်မရှိတော့ဘူးပါဘူး။ သမီးရည်းစားအဆင့်တောင် ရောက်လောက်ပါပြီ။ ပရင့်တ်သမားတွေ အွန်လိုင်းပေါ် ရောက်လာသလို အွန်လိုင်းသမားတွေလည်း ပရင့်ပေါ်တက်လှမ်းနေကြပါပြီ။ မဂ္ဂဇင်းတွေ အီးမေးလ်လိပ်စာတွေ အသုံးပြုလာတာ အွန်လိုင်းနဲ့ ပရင့်ကွာဟ မှုကို ကျဉ်းမြောင်းစေတာပါပဲ။ မဂ္ဂဇင်းတိုင်းလိုလို အီးမေးလ်လိပ်စာတွေ သုံးလာနိုင်မယ်ဆိုရင် အွန်လိုင်းပေါ်က လူငယ်ကဗျာဆရာတွေ ပရင့်တ်ပေါ် ခပ်စိပ်စိပ်မြင်လာနိုင်ပါတယ်။ အွန်လိုင်းချည်းသက်သက် ရေးသားနေတဲ့ လူငယ်တွေလည်း ရှိနေပါသေးတယ်။ အွန်လိုင်းရဲ့ အားသာချက်က ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ်ချပြလို့ ရတယ်။ ဒ့ါက ကဗျာအနုပညာ ကို ပိုပြီး ကျယ်ပြန့် စေတဲ့အချက်ပေါ့။ ဖက်သူဆီက ချက်ချင်း တုန့် ပြန်မှုရတယ်။ ပရင့်တ်မှာဆို ကိုယ့်ကဗျာ စာဖတ်သူဆီရောက်ဖို့ အဆင့်ဆင့် ကျော်ဖြတ်ရတယ်။ အယ်ဒီတာက မကြိုက်လို့ ပလုံစွက်လိုက်ရင် ကိစ္စပြတ်ရော။ ဆိုးကျိုးကတော့ ပရမ်းပတာ နိုင်လာတယ်။ မင်းမဲ့ဆန်လာတယ်။ copy paste တွေကလည်း ခေတ်စားတော့ ခပ်တည်တည် ကလောင် ပြောင်းတပ်ခံရတာတွေ ပေါ့။ like တွေ comment တွေကိစ္စကတော့ ကဗျာရေးသူအတွက် အားအင် ဖြစ်စေနိုင်သလို like တွေ comment တွေ ထဲမှာပျော်ဝင်မသွားဖို့ လည်း သတိထားသင့်မယ်ထင်တယ်။ အွန်လိုင်းမှာလည်းသာမန်ကဗျာဖတ်ပရိသတ်များပါတယ်။ ခေတ်ပေါ်ကဗျာကောင်းတစ်ပုဒ်ဟာ ခေတ်ပြိုင်ကဗျာကောင်းတစ်ပုဒ်ထက် like တွေ၊ commentတွေ ၊ share တွေ ပိုရနေတာ အထင်းသားပါ။ ပရိသတ်အကြိုက် လိုက်ရေးနေမယ်ဆိုရင်လည်း တိုးတက်သင့်တာတွေ နောက်ကျသွားနိုင်ပါတယ်။ လူငယ်ကဗျာရေးသူအများစုကတော့ သူတို့ ရှေ့ က တတ်သိနားလည်တဲ့ ဆရာသမားတွေရဲ့ အပြုသဘောဆန်တဲ့ comment တွေ ကို ပိုပြီးဆာလောင်တတ်ကြပါတယ်။ တန်ဖိုးထားတတ်ကြပါတယ်။

ကျော်ဦး(လှိုင်) - အွန်လိုင်းကဗျာတွေမှာကဗျာကိုတစိုက်မတ်မတ်ရေးနေတဲ့ လူငယ်/လူကြီး ကဗျာဆရာတွေ ရှိပါတယ်။ အဲဒီလူတွေတော်တော်များများကလည်း အခုဆို စာမျက်နှာတွေပေါ်မှာ တွေ့နေရပါပြီ။ အွန်လိုင်းနဲ့ပရင့် ကိစ္စတွေကလည်း အေးအေးဆေးဆေး ဖြစ်သွားကြတယ်။ အနုပညာဗီဇနဲ့ ကဗျာဖန်တီးမှု အတွေ့အကြုံကတော့ကျွန်တော်လည်း ဖတ်တုန်း လေ့လာတုန်းပဲ ရှိပါသေးတယ်။ ကဗျာတွေလိုင်းပေါ်မှာလွပ်လွပ်လပ်လပ်ရေးလို့ရတဲ့ကောင်းကျိုးက ကဗျာအကောင်းစားတွေကိုအွန်လိုင်းပေါ်မှာတွေ့နေရတာပါပဲ။ ဆိုးကျိုးကတော့ အစ်ကိုပြောသလို  အနုပညာချို့တဲ့နေတဲ့ ကဗျာတွေနဲ့ ပုဂ္ဂိုလ်ရေးLike & comment ယဉ်ကျေးမှုတွေ ထွန်းကားလာတာပါပဲ..။ ဒီထက်ပိုဆိုးတာကနာမည်ရပြီးသား ကလောင်နာမည်တွေကို စာလုံးပေါင်းလေးလွဲရုံလောက်ပေးပြီး နာမည်ယူနေတဲ့အတုတွေ ပေါ်လာတာ အဆိုးဆုံးပဲ အစ်ကိုရာ။


၉။ မြန်မာကဗျာလောကမှာ ကဗျာချဉ်းကပ်ခံစား ဝေဖန်မှု လုပ်ကြတဲ့အခါ တန်ဖိုးထား နားလည်ခံစားမှု( Appreciation ) နဲ့ ကောင်းဆိုး ဝေဖန် ချဉ်းကပ်သုံးသပ်( Criticize ) လုပ်တာ ဆိုပြီး နှစ်မျိုးနှစ်စားလုံး လုပ်ဆောင်ကြတာ တွေ့ရတယ်။ ဆရာမြဇင်၊ ဆရာ မင်းလှညွန့်ကြူး၊ ဆရာမျိုးသန့်၊ ကိုမင်းခက်ရဲ၊ သူရနီတို့ရဲ့ ကဗျာချဉ်းကပ်မှုတွေက Criticize ဘက်ကို အလေးသာပြီး ဆရာမောင်သာချိုနဲ့ ကို အောင်ခင်မြင့်တို့က Appreciation ဘက်ကို အလေးသာတယ်လို့ ကိုယ် မြင်တယ်။ မြန်မာကဗျာဝေဖန်ရေးအပေါ် ညီလေးတို့ရဲ့ အမြင်။ ပြီးတော့ အခု နှစ်ပိုင်း အွန်လိုင်းမှာ သဘောထားအမြင်မျိုးစုံနဲ့ လူပြောသူပြောများနေတဲ့ မောင်ဂျိုကာရဲ့ ကဗျာချဉ်းကပ်မှုတွေနဲ့ လူမှုရေး ဝေဖန်ချက်တွေအပေါ် အမြင်။

ကိုသျှား - Appreciation လုပ်တာပဲဖြစ်ဖြစ် Criticize လုပ်တာပဲဖြစ်ဖြစ် မြန်မာကဗျာလောကအတွက်
အတိအကျ လိုအပ်ပါတယ်။ဘာမှမလုပ်တာကိုပဲ မလိုအပ်တာပါ။အခုနောက်ပိုင်းမှာဆိုရင် ကဗျာတွေကို ချဉ်းကပ်ခံစားပြထားတာ
တွေရော၊အကောင်းအဆိုး ဝေဖန်သုံးသပ်ပြတာတွေရော မတွေ့ရသလောက် နည်းပါးနေတာကိုတော့ အားလုံး သတိပြုမိမယ်
ထင်ပါတယ်။တတ်သိနားလည်တဲ့ဆရာဆရာမများ စွမ်းဆောင်စေချင်ပါတယ်။မောင်ဂျိုကာနဲ့ပတ်သက်လို့ ပြောရရင်တော့ သူ့အရေးအသားတွေကို ကြည့်ရုံနဲ့ သူဟာ ကဗျာဗေဒတွေနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ကဗျာခံစားမှုမှာပဲ ဖြစ်ဖြစ် အဆင့်အတန်း
နိမ့်ကျသူတစ်ယောက်မဟုတ်ဘူးဆိုတာ သိသာပါတယ်။ပုဂ္ဂိုလ်ရေးဝေဖန်ချက်တွေ လျှော့လိုက်ရင် မောင်ဂျိုကာရဲ့ဆောင်းပါးတွေ
ဟာ ကျွန်တော်တို့မြန်မာကဗျာလောကအတွက် တစ်နည်းတစ်ဖုံ အကျိုးသက်ရောက်မှုရှိလာလိမ့်မယ်လို့ ထင်ပါတယ်။

လင်းလက်တာရာ - Appreciation ရော Criticize ရော နှစ်ခုစလုံး လိုအပ်ပါတယ်။ ဝေဖန်ဆန်းစစ်မှု တွေ ရှိမှလည်း တိုးတက်မှု တွေ ရှိမှာပါ။ အခုအခြေအနေက ကဗျာဝေဖန်ရေးသမားက ဗေဒါ တစ်ပင်ဆို ကဗျာရေးသားသူက ဘဲအုပ် တစ်ရာ နှစ်ရာ အနေအထားကို ရောက်နေသလိုပဲ။ ဝေဖန်ရေး ဆိုရာမှာလည်း ချစ်သူကို သာစေ မုန်းသူကို နာစေ ကြီးကတော့ လုံးဝကို မရှိသင့်တဲ့ အရာပါ။ သမာသမတ်ရှိဖို့ အရေးကြီးပါတယ်။ ပုဂ္ဂိုလ်ရေး ဝေဖန်မှုတွေမလုပ်ပဲ စာပေအနုပညာပေါ်မှာပဲ အကယ်ဒမစ်ကျကျ လုပ်ဆောင်ရင်တော့ ဒါဟာ  တကယ်လေးစားစရာပါပဲ။ ဆရာဇော်ဇော်အောင်၊ဆရာဇေယျာလင်း၊ဆရာဇော်ဇော်ထွန်းတို့ ရဲ့ ကဗျာဆိုင်ရာဆောင်းပါးတွေ၊ ဆရာမင်းခက်ရဲ၊ ဆရာသူရနီ၊ ဆရာအောင်ရင်ငြိမ်း စတဲ့ ဆရာတွေရဲ့ ကဗျာချဉ်းကပ်တွေဟာ လေ့လာသူလူငယ်တွေအဖို့ အလွန်ကိုတန်ဖိုးရှိပါတယ်။ ကဗျာအမြင်တွေလည်း တိုးတက်ပွင့်လင်းလာပါလိမ့်တယ်။ မောင်ဂျိုကာ နဲ့ မောင်ချာလီကိုတော့  ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု တွေကို လျော့ပြီး ကဗျာဝေဖန်ရေး တွေ ဆက်လုပ်ပေးပါလို့ တောင်းဆိုလိုက်ပါတယ်။

ကျော်ဦး(လှိုင်) - ကဗျာချဉ်းကပ်တွေကတော့ လေးလေးစားစားနဲ့အားပေးရမှာပါ။  ချစ်လို့ရိုက်တာ ကောင်းစေချင်လို့ရိုက်တာမျိုးတွေပေါ့အစ်ကို။ ကြည့်မရလို့ရိုက်တာဆိုရင်တော့ ဘာမှလေးစားစရာ မရှိတဲ့လုပ်ရပ်ပါပဲ

၁၀။ ၂၀၁၀ အလွန် ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ခေတ်ပေါ်ကဗျာ၊ အယ်လ်ပီ၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ ဖလာ့ဖ်၊ စကားပြေကဗျာ စသဖြင့် ကဗျာအယူအဆ/ အမျိုးအစားတွေ ရှိနေကြတယ်။ ခေတ်ပြိုင်ကဗျာ( Contemporary Poetry) ဆိုတဲ့ ဝေါဟာရအပေါ်မှာလည်း အမြင်နဲ့ ၀ိဝါဒ အမျိုးမျိုး ကွဲပြားနေကြတယ်လို့ ထင်တယ်။ ကိုဇော်ဇော်ထွန်းကတော့ ခေတ်ပြိုင်ကဗျာလို့ မြန်မာလို မပြောဘဲ Contemporary Poetry လို့ အင်္ဂလိပ်လို တိုက်ရိုက် သုံးနှုန်းပြောဆိုဖို့ အကြံပေးထားတယ်။ ခေတ်ပြိုင်ကဗျာဆိုတာ တချိုကဗျာဆရာတွေ ယူဆနေသလို ကဗျာအမျိုးအစားသစ် တစ်ခုလား။ ဒါမှမဟုတ် ၂၀၁၀ အလွန် မြန်မာနိုင်ငံမှာ အသစ်ဖြစ်ထွန်းလာတဲ့ ကဗျာအမျိုးအစားသစ်တွေကို ခြုံငုံခေါ်ဝေါ်တဲ့ ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခုလား။ ညီလေးတို့ ဘယ်လို ခွဲခြားနားလည်ထားလဲ။ ညီလေးတို့ အမြင်နဲ့ဆိုရင် ခေတ်ပေါ်ကဗျာကိုရော ၂၀၁၀ အလွန် ခေတ်ပြိုင်ကဗျာစာရင်းထဲ ထည့်မလား။ ချန်ထားခဲ့ချင်လား။ ပြီးတော့ လာမယ့် ဆယ်စုနှစ်တစ်ခု အတွင်း ခေတ်ပြိုင်မြန်မာကဗျာရဲ့ အလားအလာ။ ဘယ်လို ကဗျာအမျိုးအစားတွေ ဆက်လက် ရှင်သန်ရပ်တည် နေနိုင်မယ် ထင်လဲ။ ဘယ်လို ကဗျာ အမျိုးအစားသစ်တွေ အသစ် ပေါ်ပေါက် ထွန်းကားလာမယ်လို့ ခန့်မှန်း ထင်ကြေးပေးမလဲ။

ကိုသျှား - ကျွန်တော် ယူဆချင်တာကိုပဲ ပြောပါ့မယ်...။အကိုဇော်ဇော်ထွန်းအကြံပြုသလို Contemporary Poetry လို့ အင်္ဂလိပ်လို တိုက်ရိုက်သုံးသုံး ခေတ်ပြိုင်ကဗျာလို့ပဲ သုံးသုံးပေါ့။အသစ်ဖြစ်ထွန်းလာတဲ့ ကဗျာအမျိုးအစားသစ်တိုင်းကို ခြုံငုံခေါ်ဝေါ်တဲ့ ပညာရပ်ဆိုင်ရာဝေါဟာရလို့တော့ ကျွန်တော် မယူဘူး။ အသစ်ဖြစ်ထွန်းလာတာတွေက ခေတ် စနစ် အာရုံခံစားပုံ တစ်သီးပုဂ္ဂလဝေဒနာ...အဲဒါတွေကို လုံးဝနီးပါး ပစ်ပယ်ထားတယ်ဆိုရင်တော့ ခေတ်ပြိုင်ကဗျာလို့ ကျွန်တော် လက်မခံနိုင်သေးဘူး
ကျွန်တော့်အနေနဲ့ဆိုရင် ခေတ်ပေါ်ကဗျာကိုလည်း ၂၀၁၀အလွန် ခေတ်ပြိုင်ကဗျာစာရင်းထဲ ထည့်ချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ အခု ကျွန်တော်တို့ တွေ့ရသလောက် အကိုမောင်ဆေးရိုး၊အကိုနိုင်မွန်
အကိုခရမ်း၊အကိုမောင်ဖီလာ သူတို့ရဲ့ကဗျာတွေကို ခေတ်ပြိုင်ကဗျာစာရင်းထဲ ထည့်လို့ရတဲ့ ခေတ်ပေါ်ကဗျာတွေလို့ ကျွန်တော်
ယုံကြည်လို့ပါပဲ။ခေတ်ပြိုင်မြန်မာကဗျာရဲ့ အလားအလာကိုတော့ ကျွန်တော် မခန့်မှန်းတတ်ပါဘူး...။ဒါပေမယ့် ဘယ်လိုကဗျာအမျိုး
အစားသစ်တွေပဲပေါ်ပေါ် ဘယ်လိုအယူအဆတွေပဲ ရှိနေပါစေ သူများလုပ်တိုင်း လိုက်လုပ်တတ်တဲ့ မျောက်လိုကဗျာဆရာတစ်ယောက် မဖြစ်အောင်တော့ ကျွန်တော့်ကိုယ်ကျွန်တော် အမြဲသတိပေးနေပါတယ်။


လင်းလက်တာရာ - ခေတ်ပြိုင် ကဗျာ ဆိုတာ ခေတ်တစ်ခေတ်တည်းမှာ အပြိုင်ပေါ်ထွက်လာတဲ့ ကဗျာအမျိုးအစားအကုန်လုံး ကို ခြုံငုံခေါ်ဝေါ်တာ ဖြစ်သလို ခေတ်ပြိုင်ကဗျာအမျိုးအစားအသစ်တွေကို ရည်ညွှန်းတာလည်း ဖြစ်တယ် လို့ အကြမ်းဖျင်းသဘောပေါက်ထားပါတယ်။ပြီးတော့ ခေတ်ပြိုင်အကြောင်းချင်းရာတွေကို ရေးသားထားတဲ့ကဗျာတွေကိုလည်း ခေတ်ပြိုင်ကဗျာလို့ လည်း ပြောလို့ ရပါတယ်။ ခေတ်ပေါ်ကဗျာတွေကလည်း ခေတ်ပြိုင်အကြောင်းချင်းရာတွေ ရေးသားကြတော့ ခေတ်ပြိုင်ကဗျာထဲ အကျုံးဝင်နေမှာပါပဲ၊  ခေတ်ပေါ်ကဗျာကို ဘယ်သူတွေက ဘယ်လိုပဲထားခဲ့ ထားခဲ့ ပင်မရေစီးကြောင်းကတော့သူ့ အလှနဲ့ သူစီးဆင်းနေဦးမှာပါပဲ။ ခေတ်ပေါ်သာမရှိခဲ့ဘူးဆိုရင် ခေတ်ပြိုင်ကဗျာအမျိုးအစားအသစ်တွေလည်း ပေါ်လာစရာအကြောင်း မရှိပါဘူး။ ကျွန်တော်တို့ ရဲ့ မိခင်မြစ်မ,ဖြစ်တဲ့ ခေတ်ပေါ်ကဗျာကိုတော့ ယန်ဇီမြစ်လို မခန်းခြောက်စေချင်ပါဘူး။ သူ အနုပညာနဲ့ သူ ၊သူ့ တန်ဖိုးနဲ့ သူ ဆက်လက်စီးဆင်းစေချင်ပါတယ်။ ဆရာဇော်ဇော်ထွန်းရဲ့ အကြံပေးမှုဟာ အလေးအနက်ထား ဝိုင်းစဉ်းစားစရာပါ။ ပညာရပ်ဆန်တဲ့ အတွက် ကျွန်တော် လက်လွှတ်စပယ် မသတ်မှတ်ဝံ့ပါဘူး။ ဘယ်လိုကဗျာအမျိုးအစားတွေ ဆက်လက်ရှင်သန်ရပ်တည်မလဲ ဆိုတာကတော့ ပြောရခက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က ကဗျာလောဘကြီးသူတစ်ယောက်ဆိုတော့ ကဗျာအမျိုးအစားအကုန်လုံးကို ဆက်လက်ရှင်သန် တိုးတက်ရပ်တည်စေချင်ပါတယ်။ တစ်မျိုးတစ်စားတည်း အားကောင်းသွားမယ်ဆို ကဗျာအနုပညာ ဘောင်ကျဉ်းသွားနိုင်ပါတယ်။ အနုပညာနယ်ပယ်မှာ ကဗျာဟာ အနက်ရှိုင်းဆုံးနဲ့ အကျယ်ပြန့် ဆုံးပါပဲ။ နောက်ထပ် ဘယ်လို ကဗျာအမျိုးအစား အသစ်တွေ ပေါ်ထွက်မလာတော့ဘူးဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ပေါ်ထွက်လာခဲ့ရင်လည်း ကြိုဆိုဖို့ အသင့်ပါ။ လူငယ်တွေရဲ့ အသံကို ဖော်ထုတ်ပေးတဲ့ ဆရာအောင်ရင်ငြိမ်းကိုလည်း ကျေးဇူးအရမ်းတင်ရှိပါတယ်။
ကျော်ဦး(လှိုင်) - လက်ရှိစမ်းသပ်ကဗျာနဲ့ ရေးဟန်ပြောင်းလာတဲ့ ခေတ်ပေါ်ကဗျာတွေအားလုံးကိုခြုံငုံပြီးတော့ ခေတ်ပြိုင်အဖြစ်ခေါ်လို့ရမယ်လို့ ကျွန်တော်ထင်တယ်။ ခေတ်ပြိုင်ကဗျာကအခုဆို လူငယ်ကဗျာတွေ အများကြီး ရေးနေကြတဲ့ အမျိုးအစားအဖြစ် ထွန်းကားလာပါပြီ။ စစ်မှန်တဲ့ အနုပညာတွေ အောင်မြင်စွာ ကျန်ခဲ့မှာပါအစ်ကို။ ကဗျာက မပြီးဆုံးနိုင်တဲ့အနုပညာအဖြစ်နဲ့ ဖွံ့ဖြိုးတိုက်တက်နေမှာပဲ လို့ကျွန်တော် ယုံကြည်ပါတယ်။

အောင်ရင်ငြိမ်း

ခင်ဗျားတို့က ဦးနှောက်ကို Rape လုပ်ခံလိုက်ရတဲ့ သနားစရာ Victim တွေ

Religionကို လူတွေမကွဲပြားကြတော့ဘူး ယုံကြည်မှုက dogma…
မပြောခင်ကိုယ့်အသိဥာဏ်ကိုယ် ပတ်စာခွာဖျာလိပ်သွားလိုက်ပါ
ကိုယ့်အထာနဲ့ကိုယ်နေအူကြောင်ကြောင်မမေးနဲ့  Profile မှာအတိအကျတင်ထားတယ်…မာရ်နတ်
ကျွန်မကနာမည်ကြီးဟိုဌာန၀န်ထမ်း ခေတ်အဆက်ဆက်အသုံးတော်ခံ ရှင်ကြိုက်တဲ့ပိုစ့်ပုံစံပြောလေ
အိုခေ…ကိုယ်အကြိုက်ဆုံးကDoggie Style…B-Side လည်းစားမယ်စိတ်ချ…ရမ္မက်ဘက်တော်သား
ခေါင်းထဲမှာတစ်နေ့တစ်နေ့ ဘာကြောင့် ငွေစက္ကူအကြောင်းတွေ လွှမ်းမိုးနေတာလဲ ဖြေရှင်း
သမီးအသက်၁၃-နှစ်၊ အမေက တစ်နေ့ ၅ထောင်မရရင် ပြန်မလာနဲ့တဲ့..Fight Against HumanTrafficking!
တဖြည်းဖြည်းအငွေ့ပျံထွက်မသွားအောင်ဆုပ်ကိုင်ရ…အသက်၊အရာအားလုံးက ငြီးငွေ့စရာ
ကိုယ့်နောက်ကသိပ်ကပ်မလိုက်နဲ့အရေးကြုံရင် မင်းကိုလည်းထားခဲ့မှာ…တစ်ကိုယ်ကောင်းဆန်ဝါဒ
အောက်ပိုင်းကစ်တွေသိပ်ခေတ်စား…ခင်ဗျားတင်ပဆုံပေါက်ကွဲအားယုံကြည်မှလာကန်
ကိုယ့်အသစ်ကလေးအကြောင်းကိုယ်စဉ်းစားဖို့အချိန်ရှိသေးရဲ့လားကိုယ့်လူ
လက်မခံတဲ့အရာလာပေးနေရင်အဲဒါ ခင်ဗျားပစ္စည်းပဲဖြစ်နေဦးမှာ….
ကိုယ်ဆန့်ကျင်ဖောက်ဖျက်သမျှဦးနှောက်ထဲ Save နိုင်မှ ကဗျာကိုဆက်လက်ဖတ်ရှုခံစားပါ
တစ်ခုခုဆို ကွန်မြူနစ်ပဲ.... ခေတ်စားတာ ဆိုရှယ်လစ်နဲ့ရေမရောတဲ့အရေခြုံဒီမိုကရေစီစစ်စစ်
ခရမ်းလွန်ရောင်ခြည်မြင့်တက်၊ သိပ်လင်းလွန်းတဲ့နေ၊လူတွေခံနိုင်ရည်မရှိ အမှောင်မှာ အသားကျကုန်ပြီ!!!
စားရမှာကြောက်တာ ရက်လွန်အသီး၊ အဆိပ်…HIV နဲ့ ကင်ဆာ၊ ပစ္စည်းတွေတော့အိမ်ကိုပို့လိုက်
ပြဿနာက အခုမှစပြီ….ဒုက္ခပဲရေရွတ်နေရုံနဲ့ပြီးသွားရင် အကြိမ် Infinity ရွတ်မယ်
ထွက်ပြေးလွတ်မြောက်မှုကို ကိုယ်မလိုချင်၊ ကိုယ်လိုချင်တာFreedom
တောက်တောက်ပြောင်ပြောင် အ၀တ်အစားတွေက ကိုယ်ပိုင်အတွေးအခေါ်မဟုတ်ဘူး
အမှန်တရားများလာတဲ့အကြောင်း နားလည်မှုလွဲ၊ ရယ်စရာ…ရှော့ခ်အကြီးကြီး
လူ့အဖွဲ့အစည်းနဲ့စကားပြောရင် ၀ါကျတွေကို အကာအစွပ်သုံးဖို့ သတိရပါ..
ပြောတိုင်းယုံ/ခေါင်းညိတ်တာ Aphaw Condom Billboard ထဲက ဦးထုပ်ဆောင်းပုတ်သင်ညို
“လွတ်လပ်ရေး”အဓိပ္ပါယ်က အရင်းတုတ်ပြီး အဖျားရှူးသွားတာလား???
ဟေ့…စနစ်က ခင်ဗျားတို့စိတ်/ဦးနှောက်ကို Rapeလုပ်တာမသိသရွေ့၁၂ရာစုစရိုက်ကို ကြိတ်ခိုက်နေဦးမှာပဲ။

အောင်သက်နှင်း

*Dogma -ဘာသာတရားကို မစူးစမ်းမလေ့လာဘဲ လက်ခံယုံကြည်မှု၊ တယူသန်

နားလည်သလိုသာခေါင်းစဉ်တပ်လိုက်ကြပါ.. ဒါဟာ Feminist တစ်ယောက်ရေးတဲ့ Sex ကဗျာ

Expire ဖြစ်နေတဲ့ရှင့်ကိုယ်ရှင် ရေဆိုးမြောင်းထဲမှာသာ လွှင့်ပစ်လိုက်စမ်းပါ လူကြီးမင်း။
မဲပုပ်နေတဲ့စိတ်အသိုးကြီးပေါ်သားမွှေးအင်္ကျီတစ်ထည်လောက်ကောက်ခြုံလိုက်ရုံနဲ့ လူကြီးလူကောင်းတစ်ယောက်ဖြစ်မလာဘူး။
၂၁ ရာစုမိန်းမပျိုတစ်ယောက်ဟာ Sex အကြောင်းကောင်းကောင်းနားလည်တယ်။ စာတွေ့တိုင်းကို ငါတွေ့ဖြစ်အောင်လုပ်ဖို့မလိုဘူးလူကြီးမင်း။
တစ်ချို့ကိစ္စရပ်တွေမှာ အသိဟာအရှိထက်ပိုတန်ဖိုးရှိကြောင်း ရှင်နားလည်ဖို့ကြိုးစားရလိမ့်မယ်။
Tomboy တစ်ယောက်ထမီဝတ်ဖို့ ယောက်ျားတစ်ယောက်ရဲ့အပွေ့အဖက်ကိုခံရမယ်ဆိုတာ ခပ်ညံ့ညံ့ဗွီဒီယိုဇာတ်လမ်းထဲကမှိုတက်နေတဲ့ပြကွက်တစ်ခုပဲ။
ကျွန်မဘာသာကျွန်မ မိန်းမဆန်ခြင်းမဆန်ခြင်းမှာ ရှင့်အပူဘယ်နှစ်ပြားသားကပ်ပါသွားသလဲ ဖြေပါ။
ရှင်က ရှင့်ကိုရှင်ညစ်ညမ်းတယ်လို့ဝန်ခံတယ်။ ပြီးတော့ ရှင့်ရဲ့ညစ်ညမ်းမှုအောက် အရိုင်းဆန်တဲ့မိန်းမပျိုလေးတွေကိုဆွဲသွင်းတယ်။ 
ဆီဦးထောပတ်ကိုမှစားချင်တယ်ဆိုရင်လည်း နို့ချက်စက်ရုံတည်ထားလိုက်ပေါ့။
ဒီအဖြစ်မှာ ကျွန်မက Stage ပေါ်မှာ Pincel Heel နဲ့ခြေဖမိုးကို ကြိတ်နင်းခံရသူတစ်ယောက်လို။ ရှင့်ကိုယ်တိုင်မြောင်းထဲထိုးချနေတဲ့ရှင့်သိက္ခာအရိအရွဲကြီးကို ကျွန်မကပြန်ပြန်ကောက်တင်။
ရှင့် ရိုင်းပြမှု/ကျွန်မရိုင်းပြမှုကို လူမြင်သူမြင်ဖြစ်အောင် မပြချင်ဘူး။
ရှင်က စကားလုံးအကောင်းစားတွေအရေကျိုသောက်ထားတဲ့ကဗျာဆရာ။ ကျွန်မရှင့်ကို ဘယ်လိုခေါင်းစဉ်တပ်ရမလဲ လူကြီးမင်း။
ဒီလောက်တောင်မှ Sexmaniac ဖြစ်နေရင်လည်း လိင်စိတ်ပြင်းထန်တဲ့မိန်းမတစ်ယောက်ကိုသာ သွားရှာ။
လိင်စိတ်မွေးမြူနည်းထက်စာရင် သားဆက်ခြားနည်းကမှ မိန်းမတစ်ယောက်ရဲ့ပြင်ပလူနေမှုဘ၀မှာအသုံးဝင်ဦးမယ်။
အဆင်ပြေမယ်ဆိုရင် ရှင့်စိတ်ကို Depo တစ်လုံးလောက်ထိုးဖို့ လိုလိမ့်မယ်လူကြီးမင်း။
ရှင်ပြောသလို ရမ္မက်ဟာအနုပညာဆိုရင် ရှင့်အလှည့်ကျမှ ရှင့် Generation ကို လိင်ဆက်ဆံဖို့သင်။
ရှင့်မျိုးဆက်တွေကို Sex Industry ထဲကထုတ်ကုန်တစ်ခုဖြစ်အောင် လုပ်ပေါ့လူကြီးမင်း။
Sex Chat တွေကိုမုန်းတီးပါတယ်ဆိုကာမှ စကားလုံးတွေနဲ့စိတ်ကို Rape လုပ်ခံရတယ်။
Social Site တွေဟာ ရှင်တို့လိုရမ္မက်လိုက်မုဆိုးတွေရဲ့ သားကောင်ရှာစရာညွတ်ကွင်းတစ်ခုပဲ။
အခုလိုပွင့်လင်းမြင်သာနေတဲ့ခေတ်ကြီးမှာ စိတ်ကိုပိတ်မထားသင့်တော့ဘူးဆိုရင် လမ်းမပေါ်တက်ပြီးလိင်ဆက်ဆံမလား။
တက္ကသိုလ်တွေမှာ Sexology မေဂျာပေါ်လာရင်တော့ မိန်းမတစ်ယောက်ကို ရှင်ပေးချင်တဲ့အသိပညာပေးလို့ရကောင်းရမယ်။
ပြဌာန်းစာအုပ်ထဲကလိင်စိတ် အကြောင်းစူးစမ်းလိုတဲ့ မနူးမနပ်လေးတွေကို ရှင့်စကားလုံးတွေနဲ့ရောပြီးမှီဝဲလိုက်ပေါ့လူကြီးမင်း။
ဒီတော့ ဒီလောက်ပါပဲ။ Sexuality ထက် ပိုလေ့လာရမယ့်အသိပညာတွေကို ကျွန်မ မြေပုံညွန်းနဲ့လိုက်ရှာရအုန်းမယ်။
ရှင်မဖတ်ချင်လည်း ကျော်သွားလိုက်ပါ။ ဒါဟာ Feminist တစ်ယောက်ရေးတဲ့ Sex ကဗျာ။

သစ္စာခ                                              

မှတ်ချက်။ ။  ဤကဗျာ၌ပါရှိသောစကားလုံးများသည် တစ်စုံတစ်ဦးနှင့် တိုက်ဆိုင်နေမည်ဆိုပါက ထို တစ်စုံတစ်ဦးကိုသာ တိုက်ရိုက်ရည်ရွယ်ပါသည်။

ဘီကီနီဝတ်ထားတဲ့ အရှက်တရားရဲ့အောက်မှာ ခေတ်ဟာ အလိုမတူပဲ Rape လုပ်ခံနေရ

ခင်ဗျားတို့အော်ကြီးဟစ်ကျယ် ငြင်းခုန်နေကြတဲ့ အနုပညာဆိုတာ တကယ်တော့ အများသုံးအိမ်သာတစ်လုံးပဲ။
ခင်ဗျားရော ကျွန်တော်ပါ အမည်ခံဂုဏ်ပုဒ်တွေအောက်မှာ ရေမွှေးဆွတ်ထားကြတဲ့ အပုပ်ကောင်တွေ။
သောင်းကျော်တန်ရေမွှေးပုလင်း၊ သိန်းကျော်တန် Rolex၊ နောက်ဆုံးပေါ် Handset။ ဘာမှလုပ်မနေနဲ့ လူကြီးမင်း။
ခင်ဗျားသေရင် ပွန်းပဲ့နေတဲ့သိက္ခာတရားတွေပဲ ခင်ဗျားနောက်ပါမယ်။ Night Club တွေခွင့်မပြုတော့ဘူးဆိုလည်း
Day Club ပြောင်းဖွင့်ပေါ့။ ခင်ဗျားတို့လို ဘူဇွာလူတန်းစားတစ်ရပ်လက်ထဲမှာ
နားလှည့်ပါးရိုက်ဖို့ဆိုတာ သိပ်လွယ်ကူတဲ့အတတ်ပညာပဲ။ စင်မြင့်ထက်ကပေါင်တံဖြူမလေးတွေရဲ့ပန်းကုံးတစ်ကုံးဟာ
ပလက်ဖောင်းပေါ်ကညမယ်တစ်ယောက်အတွက် တစ်လစာကိန်းဂဏန်းတစ်ခုပဲ။ နောက်ဆုံးပေါ်
ရောဂါကူးသန်းရောင်းဝယ်ရေးစင်တာသစ်ကြီးတစ်လုံး မနေ့ကစဖွင့်တယ်။
လူတစ်ရာစာ အကောင်းဆုံးဒင်နာနဲ့ ရမ္မက်ခိုးဝေနေတဲ့ အဆီတ၀င်းဝင်းမျက်နှာတွေ။
၂၁ ရာစုမှာ 16+ ကို ကလေးလို့မသတ်မှတ်တော့ဘူး။
Pre-Marietal Relationship နဲ့ Unmarried တွေကြားမှာ Induced Abortion Case ဟာ ပျံ့ပွားနှုန်းမြန်လာတယ်။
ပိုးထိုးလောက်ကိုက်ခံနေရတဲ့ စောင့်စည်းခြင်းတွေ။ ပျက် - ကြ - တယ်။ ပျက် - ကျ - တယ်။ ဖျက် - ချ - တယ်။
သန္ဓေသားလောင်းတွေဟာ ရေခဲပုံးထဲထည့်ခံထားတဲ့ရေဘ၀ဲပေါက်ကလေးတွေလို။ သုံးလသား၊ လေးလသား၊ ငါးလသား။
HIV Positive ဆိုရင်တော့ တဆိတ်ကြိုပြောပေးပါအမျိုးသမီး။ ကျွန်တော်တို့တွေ လက်အိတ်ရှည်သုံးသင့်သုံးရမယ်။
ဆယ်ကျော်သက်တွေကြားမှာ Sex Tape တွေပြန့်ပွားလာတာနဲ့အမျှ တက္ကသိုလ်တိုင်းရဲ့အမျိုးသမီးအိမ်သာရဲ့အမှိုက်ပုံးမှာ
Pregnancy test strip တွေကို ခပ်စိပ်စိပ်တွေ့လာရ။
ပိတ်ထားတဲ့စိတ်တံခါးတွေပွင့်လာလေလေ မိန်းမပျိုလေးတွေရဲ့ဘောင်းဘီ/စကတ်တွေတိုလာလေလေပဲ။
Guest House တွေထဲမှာ။ ဟိုတယ်ခန်းထဲမှာ။ ပန်းခြံတွေထဲမှာ။ ဘုရားကြိုဘုရားကြားမှာ။
ကော်ဖီဘားတစ်ခုမှာ။ အများသုံးအိမ်သာမှာ။ တက္ကသိုလ်အများစုရဲ့ဘေးကလယ်ကွင်းတွေထဲမှာ။
ဘီကီနီဝတ်ထားတဲ့ အရှက်တရားရဲ့အောက်မှာ ခေတ်ဟာ အလိုမတူပဲ Rape လုပ်ခံနေရ။
Sexual Relationship ဟာ လူ့အဖွဲ့အစည်းကို တစ်မြေ့မြေ့လှိုက်စားလာတဲ့အတွင်းကြိတ်အနာပဲ။
ဒီနှစ်ပိုင်းလမ်းဘေးဆေးဆိုင်တွေမှာ Sildenafil နဲ့ Eczee2 တို့ ရောင်းအားနှစ်ဆတက်လာတယ်။
ဆယ်ထပ်တိုက်ပေါ်ကခုန်ချတဲ့ကလေးမလေးမှာ ကိုယ်ဝန်နှစ်ပတ်ရှိနေတယ်။ ဟုတ်တယ်။
ကိုးတန်းကျောင်းသူကလေးတောင် Love Scene တွေ သရုပ်ဆောင်ဖို့ တော်တော်ကျွမ်းကျင်နေပြီ။
ဒါဟာ *ဆင်ဆာတော့ ဆင်ဆာပေါ့ ဒါပေမယ့် ကျွတ်ကျဲတယ် ဆင်ဆာ*။
ဒီတစ်ခေါက် D & C လုပ်ပြီးတဲ့အခါ ခေတ်ကြီးကို Morphine 100 mg လောက်သာ ထိုးချလိုက်ပါဒေါက်တာ။ ။

သစ္စာခ

ပုဂ္ဂလ ဝေဒနာများ

၁။

            မိုးရေတွေထဲမှာ လွယ်အိတ်ကိုမလုံ့တလုံကြွပ်ကြွပ်အိပ်ထဲထည့်ပျော်ပျော်ရွှင်ရွှင်နဲ့ကျောင်းကနေအိမ်ကိုပြန်ခဲ့ရတဲ့
နေ့ရက်တွေကို ကိုယ်ပြန်မရတော့ဘူး။ အခုရွာနေတဲ့ ကိုယ့်ခေါင်းပေါ်မှာရွှဲရွှဲစိုနေတဲ့ မိုးရေတွေကကိုယ်ငယ်ငယ်တုန်းက စိုရွှဲခဲ့တဲ့မိုးရေတွေ မဟုတ်တော့ဘူး...ကိုယ့်အတွက်ရွာပေးလိုက်တဲ့ မျက်ရည်မိုး...။

            ပျော်ရွှင်မှုရဲ့အဓိပ္ပါယ်နောက်လိုက်ရင်းပျော်ရွှင်မှုတွေက တကွဲတပြားစီဖြစ်သွားတယ်သံသရာ။ စာမေးပွဲအောင်တဲ့ေ ပျာ်ရွှင်မှု၊အလုပ်ရတဲ့ပျော်ရွှင်မှု၊ ပိုက်ဆံရလိုက်တဲ့ပျော်ရွှင်မှု၊ မိသားစုပျော်ရွှင်မှု၊တရားမျှတပျော်ရွှင်မှု၊ မနာလိုပျော်ရွှင်မှု၊ သူများဒုက္ခရောက်တာပျော်တဲ့ပျော်ရွှင်မှု...။

            ပျော်ရွှင်မှုအဓိပ္ပါယ်တွေပြိုကွဲကုန်တယ်။ကိုယ်  ဘယ်ပျော်ရွှင်မှုကိုပျော်ရွှင်မှုစစ်စစ်ပါလို့ ပြောလိုက်/ယုံလိုက်/လက်ခံ လိုက်ရမလဲ။ ကိုယ့်ကိုပျော်ရွှင်မှုပေးပါ။ အစစ်အမှန်ကိုပေးပါ။ သာယာမှုမပေးပါနဲ့။

            မိုးမလုံတဲ့အိမ်မှာကိုယ် နေထိုင်ခဲ့ရတယ်။ မိုးတွေအရမ်းရွာနေပြီ။ အခုလိုအချိန်မိုးမလုံတဲ့ကိုယ့်အိမ်မှာထရံပေါက်က ပက်ဝင် လာတဲ့ ရေခိုးရေငွေ့တွေကို ရှူရှိုက်ရင်းအိပ်ရတာကအရသာ။ အိမ်ရှေ့အဖီကလေးက မိုးသိပ်ပက်လို့ အိမ်ဘုရားခန်းမှာ ကိုယ်တို့စုဝေးပြီး အိပ်ခဲ့ရတာပေါ့သံသရာ။ ကိုယ် အဲဒိအချိန်တုန်းကဆို သိပ်စိတ်ချမ်းသာတာပဲ။ကိုယ့်မှာ အပူအပင်မရှိဘူး။
ရှေ့ရေးကို ကိုယ်မပူ။

            အခုလုံခြုံစိတ်ချတဲ့တိုက်ခန်းက ကိုယ့်ကို ဘာလို့ချုပ်နှောင်ထားရတာလဲ။ ကိုယ့်မိသားစုကမိုးမလုံတဲ့အချိန်မှာ ကိုယ်က ဒီမှာ အေးချမ်းစွာအိပ်နေရမှာလား။  ပြောစမ်းပါ...ပြော..စမ်း..ပါ..သံသရာ။ကိုယ်..ကိုယ်လွတ်ရုန်းထွက်ခဲ့တာလား??? ကိုယ်…မိသားစုကိုတကယ်ထောက်ပံနိုင်မှာလား??? တကယ်တော့ ကိုယ့်မိသားစု ဒုက္ခရောက်နေချိန်မှာ ကိုယ်က အဝေးမှာအေးအေးဆေးဆေး အနားယူ လို့ပေါ့။ ကိုယ့်မိသားစုဟာ ဘယ်တုန်းကမှ ပျော်ပျော်ရွှင်ရွှင် မနေခဲ့ရဘူး။

            ကိုယ့်ကိုချုပ်ကိုင်နေတာကိုယ့်အတွေးလား။ ကိုယ့်အခန်းလား။ ကိုယ့်အလုပ်လား။ ကိုယ် စက္ကူတွေကြောင့် မိသားစုကိုခွဲခွါခဲ့ ရတာပါ။ မိသားစုတွေတကွဲတပြား ကိုယ် ဘယ်နေချင်ပါ့မလဲ။ စက္ကူတွေက ကိုယ်တို့လူသားတွေကိုအဆင့်အတန်းခွဲခြားတဲ့ အမှိုက်ပဲ။

၂။

            နွေနေ့လယ်ခင်းတွေမှာကိုယ်ငယ်ငယ်က တွေးခဲ့ဖူးတဲ့အကြောင်းက သေခြင်းတရား။ ကိုယ် သိတတ်စအရွယ်မှာ ကိုယ့်ဘေးမှာ အမြဲတမ်းရှိနေတာက အထီးကျန်မှု။ ကိုယ်တွေးခေါ်သမျှအားလုံးက ခွဲခွါဖို့ ဘယ်လိုပြင်ဆင်ရမလဲ။သံယောဇဉ်ဆိုတာ ကိုယ်တစ်ခါမှ မရ/မခံစားဖူးခဲ့တဲ့ အိပ်မက်ထဲက ဘာသာစကား။ ကိုယ်နဲ့တွေ့တဲ့လူတိုင်းကိုပြောတတ်တဲ့ စကားတစ်ခွန်းက အမှန်တရား။သေချာတယ်။ ကိုယ်က သာမန်မဟုတ်ဘူး။

            လူ့အဖွဲ့အစည်းတစ်ခုလုံးဆုပ်ကိုင်ထားတာ၊သတ်မှတ်လက်ခံကျင့်သုံးတာ တစ်ခုပဲရှိတယ်။ အဲဒါ အမှန်တရားဆိုတာ တစ်ခု တည်းတဲ့။ သိပ်ရယ်ရတယ်သံသရာ။ သူတို့ပြောပြောနေတဲ့ အမှန်တရားဆိုတာ အများကြီးပဲ။ တစ်ယောက်ချင်းစီမှာရှိတဲ့ အမှန်တရားဘယ်တူနိုင်ပါ့မလဲ။ တူနေရင် ဘာသာတရားတစ်ခုတည်းရှိမယ်။ အဲဒီအချိန်ကျမှ ကမ္ဘာဆိုတာ ရွာဖြစ်မှာ။

            စကားလုံးတစ်ခုမှာ ပညတ်အနက်ရှိသလို ပရမတ်အနက်လည်းရှိတယ်။ အပေါင်းဆိုင်ရာအနက်ရှိသလိုအနှုတ်ဆိုင်ရာ အနက် လည်းရှိတယ်။ ကိုယ်တို့ မျဉ်းတစ်ခုပေါ်မှာ အမှတ်တစ်ခုကိုမှတ်လိုက်ပြီးညာဘက်ကို အပေါင်း ၁၊၂…၊ ဘယ်ဘက်ကို အနှုတ် ၁၊၂…… စသည်ဖြင့် မှတ်လိုက်သလိုပေါ့။ အမှန်တရားကလည်းအဲဒီမျဉ်းသဘောပဲ။ အဲဒီမျဉ်းဟာ အမှန်တရားဆိုရင် အမှန်တရားမှာအပေါင်းဆိုင် ရာလက္ခဏာတွေရှိသလိုအနှုတ်ဆိုင်ရာလက္ခဏာ တွေရှိတာပဲ။

            များသောအားဖြင့် လူ့အဖွဲ့အစည်းက အပေါင်း/အနှုတ်  အမှတ်တစ်ခုခုမှာပဲရပ်နေလေ့ရှိတယ်။ သူတို့က ကိုယ်ရပ်နေတဲ့
အမှတ်ကလေးကမှန်ပါတယ်ဆိုပြီးကျန်တဲ့သူကို လက်ညှိုးထိုးတော့တာပဲသံသရာ။ အလယ်က သုညကို သူတို့မမြင်ကြတော့ဘူး။ ကပ်ကျော်ကလေးဖြစ်နေကြတယ်။

            အဲ…သုညကိုမြင်ချင်ရင်တော့ ခင်ဗျား လူ့အဖွဲ့အစည်းထဲကထွက်မှဖြစ်မယ်သံသရာ။မြင်တဲ့အချိန်ကျရင် ခင်ဗျားဟာ Outsider ဖြစ်သွားပြီ။ခင်ဗျားကို လူ့အဖွဲ့အစည်းက လှောင်ပြောင်ကြလိမ့်မယ်။တွယ်ရာမဲ့သူလို့။

            တစ်ခုတော့ သတိပေးလိုက်မယ်။ ဗုဒ္ဓပြောခဲ့တဲ့သုညဆိုက်အောင်ရှုပါဆိုတာအဲဒါကိုပြောတာလို့ ကိုယ်ယူဆတယ်။ ခင်ဗျား နားလည်အောင်ပြောရရင် ပရမတ်အနက်ဆိုတာပဲ။

၃။

            Freelance Lifestyle ကို ကိုယ် အရမ်းသဘောကျတယ်။ဘာဖြစ်လို့လည်းဆိုတော့ ငွေကြေးချုပ်နှောင်မှုက အတန် အသင့် လွတ်ကင်းလို့။

            ဘုရားတရားလုပ်ပါလို့ ကိုယ့်ကို တရားလာလာချနေတဲ့သူတွေရယ်။သဘောတရားမပါတဲ့လက်တွေ့၊ လက်တွေ့မပါတဲ့ သဘောတရားဆိုသူတွေရယ်လို့ ပြောတဲ့သူတွေကို ကိုယ်သိပ်ရယ်ချင်တာပဲသံသရာ။ တရားဆိုတဲ့စကားလုံးအဓိပ္ပါယ်မပြောနဲ့။ သူတို့ တွေဆုပ်ကိုင်ထားတဲ့ ဗုဒ္ဓတရားထဲက “သံဃ”ဆိုတဲ့အဓိပ္ပါယ်တောင်နားလည်ကြတာမဟုတ်ဘူး။

            ပြဿနာကကိုယ်အဖွဲ့အစည်းထဲမှာ အလုပ်မလုပ်ချင်ဘူးဆိုတာက စတာပဲ။ ကိုယ်ကြိုက်တာက လွတ်လွတ်လပ်လပ် အလုပ်လုပ်ရတာ။ ပြောရင် စောစောက သဘောတရားနဲ့ ကိုယ့်ကို တရားချတာပဲ။ “သံဃ”ပစ္စည်းယူတာဟာ အပြစ်ကြီးတယ် လို့ဗုဒ္ဓစာပေတွေကိုမှာဖတ်ဖူးတယ်။ လူတွေက (အထူးသဖြင့်ဗုဒ္ဓဘာသာဆိုသူတွေ) သံဃလို့ပြောလိုက်ရင်သံဃာ(ဘုန်းကြီး ၊ရဟန်း) ကိုပဲပြေးမြင်ကြတယ်။ “အဖွဲ့အစည်း”ဆိုတဲ့ အဓိပ္ပါယ်ကလေးတောင်မသိကြဘူး။သူတို့ဆုပ်ကိုင်ထားတာ သူတို့အမှန်တရား…။

            အဓိပ္ပါယ်တွေကိုသိတဲ့ အာရုံသိမှုအနည်းငယ်လေးလောက်နဲ့ ကိုယ့်ကိုတရားလာချနေရင်တော့ဆောရီးပဲသံသရာ။ ခင်ဗျားတို့ သံသရာတစ်လျှောက်လုံး ကျွံနေမှတော့ ကိုယ်သိတယ်။ဗုဒ္ဓတရားကို အဲဒီလောက်သိရုံနဲ့ ကိုယ့်ကိုလာပြောမနေနဲ့။ ခင်ဗျားအဆင့်ကသူငယ်တန်းအဆင့်ပဲရှိတယ်။ လာတရားချနေရင်တော့ အခုမှ သူငယ်တန်းတက်တဲ့ကလေးကဗုဒ္ဓစာပေကို Ph.D(ကိုယ် လွန်တယ်လို့ ထင်ချင်ထင်) ဘွဲ့ယူထားတဲ့သူကို လာပြောနေသလိုဖြစ်မှာပဲ။နောက်ဆုတ် လက်ပိုက်နေလိုက်ပါ။
ကိုယ် မင်းကို အထင်မသေးချင်ဘူး။

၎။

            ပြာပုံထဲကလာတဲ့သူကပြာပူကိုကြောက်ရိုးထုံးစံမရှိပါဘူး။ ကိုယ်မ၀ရေစာစားခဲ့ဖူးပြီးပြီ။လမ်းဘေးမှာ အိပ်ဖူးပြီးပြီ။ ပက်ပက်စက်စက် အပြောခံရဖူးပြီးပြီ။ ကိုယ့်ကို အခုဘယ်လောက်ခြိမ်းခြောက်၊ကြောက်အောင်လုပ်လုပ် တုန်လှုပ်နေမှာ မဟုတ် တာ့ပါဘူးသံသရာ။ သေခြင်းတရားဆိုတာ အချိန်မရွေးခေါ်သွားနိုင်တာပဲ။ကိုယ့်ကို နင်းတက်သွားပြီးခင်ဗျားနောက်တစ်ဆင့်ဖွင့်ဝင် သွားရမှာ သေမင်းတံခါးဆို ဘွာခတ်ပြီးနောက်ပြန်လှည့်လာလို့မရဘူး။

            နိုင်ငံတစ်ခုတိုးတက်ဖို့ စနစ်တစ်ခုတည်ဆောက်ချိန်မှာပြိုင်ဆိုင်နေကြတဲ့ ခင်ဗျားတို့ရဲ့ဂုဏ်သိက္ခာတစ်ခုအတွက်နဲ့ သာမန်ရိုးသားဖြူစင်တဲ့ဘ၀တွေကို ဒေါသပြေရာပြေကြောင်း ထိုးကျွေးလိုက်ရုံနဲ့တော့ခင်ဗျားဂုဏ်သိက္ခာတက်လာစရာ အကြောင်းမရှိဘူး။ သမိုင်း မှာ အရိပ်မည်းကျန်နေပြီး ခင်ဗျားဖြတ်သန်းရတဲ့/မယ့်ညတွေမှောင်မိုက်နေမှာပဲဆိုတာကိုယ် သိနေတယ်။

            ကိုယ်တို့ငယ်ငယ်က သံလမ်းပေါ်မှာတက်လမ်းလျှောက်ကစားဖူးကြတယ်။ဇလီဖားတုံးပေါ်မှာမဟုတ်ဘဲ သံလမ်းတစ်ဖက် တစ်ချက်ကို တစ်ယောက်စီတက် အဝေးကြီးလျှောက်နိုင်တဲ့သူကအနိုင်ရတာပေါ့။ အောက်ကျတဲ့သူကအရှုံးပဲပေါ့သံသရာ။ အဲဒီလိုပါပဲကိုယ်က သံလမ်းပေါ်လမ်းလျှောက်နေတဲ့ သာမန်အောက်ခြေဘ၀ကလေးပါ။ ကိုယ့်အတွက် အောက်ကျသွားလည်း
ပြန်တက်ဖို့လွယ်ပါတယ်။ အခုကိုယ့်ကို ပြိုင်နေတဲ့သူက အဖွဲ့အစည်းထဲမှာ အမြင့်တစ်နေရာမှာပါ။ သံလမ်းပေါ်လမ်းလျှောက် တာခြင်းအတူတူသူက ဂုတ်ထိပ်တံတားပေါ်မှာ ရောက်နေတာပါသံသရာ။ သူ့အတွက် စိုးရိမ်စိတ်ဝင်လို့ စောင်းမိတာနဲ့ဟိုး ဂျောက်ကြီးထဲကို ကျသွားလိမ့်မယ် ဆိုတာ ကိုယ်သိတယ်။ အခု သူ စိုးရိမ်စိတ်တွေဝင်နေရှာပေါ့။အရမ်းသနားဖို့ကောင်းတာပဲ။

၅။

            ကိုယ့်ဘ၀မှာ တိတ်တိတ်ကလေးငိုခဲ့ရတဲ့အချိန်တွေရှိခဲ့တယ်။ဟိုး…ငယ်ငယ်တုန်းက အဖေနဲ့အမေ ရန်ဖြစ်ကြတာ သိပ်သတိရပေါ့။ တစ်ခုခုဆို အဖေက အမေ့ကို စွပ်စွဲနေတဲ့အသံကြားရရင်ကိုယ့် အမေအပေါ် ကိုယ် သံသယမရှိဘဲ အဖေဘာကြောင့် ဒီလိုဖြစ်ရ တာလဲလို့ ကိုယ်တွေးတယ်။ လင်မယားနှစ်ယောက်ကြားမှာကလေးတွေရပြီးတာတောင်မှဘာကြောင့်ခိုင်မာတဲ့ချစ်ခြင်းမေတ္တာကိုမတည် ဆောက်နိုင်ခဲ့ကြတာလဲ။ ချစ်ခြင်းမေတ္တာဆိုတာဘာလဲ။ အချစ်ဆိုတာကရော ဘာလဲ။

            အရမ်းပျော်မြူးခဲ့တဲ့အချိန်က ကိုယ် ပထမတန်းအရွယ်။ညညထမင်းစားပြီးခါစ အဖေ့လက်ညှိုးတစ်ချောင်းဆွဲပြီး လဘက်ရည်သောက်ထွက်ကြတယ်။ အဖေက ကိုယ့်ကိုမျက်စိမှိတ်ပြီး ခေါ်ထုတ်သွားတာ။ ကျန်တဲ့ အိမ်သားတွေသိပေမယ့် ဘာမှ မပြောဘူး။ မှုန်ဝါးဝါးဖြစ်နေပေမယ့် ကိုယ့်ဘ၀မှာ ပထမဦးဆုံး ခံစားခဲ့ရတဲ့ ချစ်ခြင်းမေတ္တာ။

            ကိုယ့်ကို အသေသတ်ပြီးမှ မင်း ကိုယ့်ကိုချစ်ခဲ့တာချစ်ခြင်းမေတ္တာနဲ့ ပေးဆပ်ခဲ့တာပါလို့ပြောပါသံသရာ။ ကိုယ်က သစ္စာဖေါက် ခံရဖို့ဖြစ်လာတဲ့အလှပြအရုပ်သက်သက်။မင်း ကိုယ့်ကို မွှေခဲ့တာ ပက်ပက်စက်စက်…။

            မှောင်မိုက်နေတဲ့ညတွေမှာ ကိုယ့်သိမ်ငယ်မှုတွေအရမ်းပြင်းထန်လာတယ်။ကိုယ်မျှော်မျှော်နေတဲ့ မင်းဆီကဖုန်းသံ ၀င်မလာ တော့ဘူး။ ကိုယ် အရမ်းကြောက်နေတဲ့အချိန်မင်းကိုဆက်လိုက်ရင် ကိုယ်ကြားရတာက လူကြီးမင်းခေါ်ဆိုသော….။

            ကိုယ်မပျော်ရွှင်တော့ဘူး။ ပျော်ရွှင်မှုတွေကိုယ့်အနားကပ်ဖို့ သိပ်ကြောက်သွားကြပြီ။ ကိုယ်ထပ်တလဲလဲတွေးဖြစ်
နေတာ သေခြင်းတရား။ ကိုယ်ခွဲခွါဖို့ အဆင်သင့်ဖြစ်နေပါပြီ။

            ချစ်ခြင်းမေတ္တာက အရမ်းနူးညံ့တယ်။ သိမ်မွေ့တယ်။ထိရှလွယ်တယ်။ ကိုယ့် အသက်တစ်ရက်ကြီးလာတိုင်း ချစ်ခြင်းမေတ္တာကို ခံစားတွေ့ထိရဖို့ ခက်ခဲလာတယ်။တကယ်တော့ ချစ်ခြင်းမေတ္တာမပြောနဲ့ အချစ်ရဲ့ သာမန်အနက်အဓိပ္ပါယ် အတိမ်အနက်ကလေးမှာကို ကိုယ်က ယုံကြည်မခံရတဲ့ကောင်။ ချစ်ခြင်းမေတ္တာဟာ ကိုယ့်ဆီက ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကိုထွက်ခွါသွားခဲ့တာကြာပေါ့။
                                                                                                                                                                                                                                                                                   အောင်သက်နှင်း

သမားရိုးကျဆန်မှု တွေကိုခေတ်ရေစီးကြောင်းနဲ့ရောမွှေလိုက်တဲ့အခါ ယဉ်ကျေးမှု ပေါက်ကွဲထွက်လာတော့မှ လူငယ်တွေဆီတံတွေးစက်တွေလွင့်စဉ်ကျတာ နာ

ဒီခေတ်ကြီးမှာ Fleming ရဲ့ Penicillin နဲ့ မပျောက်တဲ့ရောဂါတွေ တကယ်ရှိတယ်
New generative antibiotic ကြောင့်ဖြစ်လာတဲ့ ကင်ဆာ
တစ်ယောက်နဲ့တစ်ယောက် သိသိမသိသိ ကြွားဝါချင်တဲ့ဝေဒနာ
ခေတ်လူငယ်တွေရဲ့ အသည်းကွဲဒဏ်ရာ
နောက်တစ်ခု Popular ဖြစ်လာတာက ဆင်ဆာ

ဆင်ဆာ ဆင်ဆာနဲ့ အော်ရင်း ဗီဒီယိုဖိုင်တွေ ပင်မခေတ်ရေစီးကြောထဲဝင်လာတယ်
အရှေ့နဲ့အနောက် ယဉ်ကျေးမှု့တွေ ခြေချင်းလိမ် နှစ်ပင်ယှက်ကုန်တယ်
ပြင်ပါ ပြင်ပါ လို့အော်နေကြတဲ့သူတွေက Download ဆွဲပြီး လူတကာသိအောင် ထုတ်ပြ ကြေငြာကြတယ်
(တစ်ခါတစ်ခါ ကုန်ပစ္စည်းတွေက သူတို့ကြောင့် လူသိများလာတယ်)
သတင်းထဲ ဖတ်ကြည့်ရင် တွေ့လိုက်ရတဲ့ပုဒ်မ 376 က ပိုပိုများလာတယ်

နေရာတကာ Sex ပါလေရာ Sex အီလည်လည် Sex အူကြောင်ကြောင် Sex
ဘယ်သူ စဖော်မှန်းမသိပဲ Sex က စာလုံးပေါင်းပိုကြီးလာတယ်
သမိုင်းကြောင်းတွေလှန် စာတမ်းတွေပါ ပြုစုကြကုန်တယ်
သူတို့ပြောတော့ ပညာပေး ဗဟုသုတ လူငယ်တွေ သင်ခန်းစာရဖို့
အပြောကတော့ ရွှေချပြီး ဘုရားစင်ပေါ်တင် ရှိခိုးပြီး ကိုးကွယ်ချင်စိတ်တွေ ပေါက်လာနိုင်လောက်တယ်
ပညာပေးတွေ ထုတ်နေမဲ့အစား ကျောင်းသင်ခန်းစာမှာ သင်ရိုးညွှန်းတမ်းအဖြစ် သင်လိုက်တာက
လူငယ်တွေပိုဗဟုသုတရ ပိုနားထောင်လို့ကောင်းမယ်ထင်မိ
(ကျောင်းမှန်မှန်တတ်တဲ့ ကလေးတွေလည်းပိုများပြားလောက်ရဲ့)

ဖိုမဆက်ဆံခြင်းက ကမ္ဘာဦးကတည်းက တည်ရှိနေတဲ့ သမားရိုးကျ Rap
Homosexual ဆိုတာဘယ်ချိန်က စခေတ်စားလာလဲ????
သူမသိ ငါမသိ ခင်ဗျားလှန်နေတဲ့သမိုင်းက အညစ်ညမ်းတွေချည်းပဲကို
လိင်တူချင်းတောင် လပ်ထပ်ခွင့်ပေးဖို့ ဟစ်ကြွေးတောင်းဆိုနေကြပြီဆို

မီဒီယာတွေကျယ်ပြန့်လာတဲ့ ခေတ်မှာ လိင်မှု့ရေးရာဆိုတာ Yoyo တစ်ခုလို
ပစ်ချလိုက် ပြန်ဖမ်းလိုက် အရှိန်ကိုတော့ သူတို့က ကြိုးနဲ့ညှိယူတယ်
Under 18 တွေက တော်တော်ထိန်းချုပ်ရခက်တယ်တဲ့
ခိုးစားတဲ့သစ်သီး ပိုအရသာရှိတာမှန်း ခင်ဗျားတို့ သင်ပေးခဲ့ကြတာပဲ

ပထမနဲ့ ဒုတိယ ကမ္ဘာစစ် လူတွေရဲ့ အတ္တနဲ့ လောဘတွေကြောင့်ဖြစ်ခဲ့တယ်
တတိယကမ္ဘာစစ် ရာဂစိတ်တွေကြောင့် မီးခိုးပိုမွှန်နိုင်တယ်

တိုးတိုးပြီးနက်လာတဲ့ ကမ္ဘာမြေရဲ့ Black Hole တိုင်းမရအောင် မှောင်တယ်
လူငယ်တွေရဲ့ လိင်ဗဟုသုတကြီးထွားလာမှု့တွေကြောင့်  နှိုင်းမရအောင် လောင်ကုန်တယ်
နေရာတကာ Guest House တွေပေါ်တယ်
မြို့သစ်တွေမှာ မြေကွက်တွေ ဈေးပိုပိုတက်လာတယ်
ခင်ဗျားတို့ရဲ့လောဘကြောင့် အလှည့်အရွှေ့တွေကြားမှာ ကျောင်းသားတွေ နာမည်ပိုပျက်တယ်

ဒိုးပြားပေးလိုက်တာနဲ့ ရွေ့လာတဲ့ ခေတ်
ပညာပေးကို ပညာပေးလိုမရေးတတ်မှတော့ စမ်းသပ်တဲ့လူငယ်တွေ လွဲမှားကုန်တဲ့ခေတ်
လမ်းလွဲနေတာကို အားပေးထောက်ခံတဲ့ခေတ်
တစ်ခါလေးဆိုရင်တောင် ဂုဏ်ယူစွာပြောတတ်လာတဲ့ခေတ်
မတွေ့ဖူး မကြုံဖူးရင် လူရာမ၀င်တော့သလို ရှောင်ထွက်လာတဲ့ခေတ်
ခေါင်းညိတ်တတ်တာနဲ့ ဖ ဦးထုပ်ရေးချာ ဖြစ်နိုင်တဲ့ခေတ်
ပျက်စီးခြင်းကို ပျားရည်လို မက်မောစေတဲ့ခေတ်
ခေတ် ခေတ် ခေတ် ခေတ် ခေတ် ခေတ် ....................

အခုတော့ ယဉ်ကျေးမှု့တွေ ပေါက်ကွဲလာတော့မှ
လူငယ်တွေကို လက်ညှိုးထိုးတယ်
အတို အဟိုက်တွေကို စာဖွဲ့တယ်
အပြာကားတွေကိုကြည့်ရင် မင်းဘာလူမျိုးလဲ လာမေးတယ်
အရိုးစွဲအသားကျနေတဲ့ အတ္တဆန်မှု့တွေနဲ့
အရွဲ့တိုက်နေကျ လူငယ်တွေရဲ့ အလေ့အထကြား
ရှုရှိုက်နေတဲ့လေတွေထဲမှာ အောက်စီဂျင်တွေ ပိုနည်းလာတယ်
အိုဇုန်းလွှာကြီး ပါးသထက်ပိုပါးလာတယ်
ယဉ်ကျေးတဲ့ အပြုအမူတွေ ပိုပို အရိုင်းဆန်လာတယ်။

ခင်ဂျူး
Faces Magazine, October 2013