Tuesday, January 1, 2013
အလင်းဆိုင်ထဲ တစ်ညလုံး / စိတ်က ကြယ်ပြာလေးတွေဆီ
စကြာဝဠာတစ်ခုလိုပဲ။
တစ်နေ့တခြား ကျယ်ပြောပြန့်ကားလာနေတဲ့ စိတ်ပိုင်းဆိုင်ရာ ကွက်လပ်တစ်ခု။
အားးးးးးးးးးးးသွေးပျက်ထိတ်လန့်စရာ။
ခေတ်ပျက်ကြီးထဲ ကိုယ်တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်နေခဲ့သလို အထီးကျန်ခံစားမှု။
ညီလေး ၀ီရရေ...။
တကယ်တော့ ကိုယ်ဟာ မင်း၊ရဲ့ အက်ဆေးထဲက ကြောင်လေးတစ်ကောင်ပါပဲကွာ။
ချစ်ခြင်းမေတ္တာကို ဆာလောင်မွတ်သိပ်နေတဲ့ ကြောင်ပိန်ပိန်လေး တစ်ကောင်။
ဒါပေမဲ့ ကိုယ်သေရင်တော့ အဲဒီကြောင်လေးလို ပါးစပ်က အမြှုပ်တွေ ထွက်နေမှာ မဟုတ်ပါဘူး။
ကိုယ့် တစ်သက်လုံး အဆိပ်ရှိတဲ့ အစာကို မစားခဲ့ဘူးလေ။
အခုတလော စိတ်ထဲမှာ အပျောက်အရှ အရမ်းများတာပဲ။
ကားမီးရောင်တွေ နှလုံးသွေးကြောထဲ ပြေးဝင်လာ။
စိတ်ထဲက ပန်းပွင့်လေးပေါ် နားနေတဲ့ လိပ်ပြာကလေး လန့်ပျံသွား။
ကျည် အပြည့် ဖြည့်ထားတဲ့ သေနတ်တစ်လက်၊ Vincent Van Gogh ၊  Kurt Cobain ၊ အဆိပ်ရှစ်အောင်စ။
ကိုယ်နှလုံးသားမှာ ကျည်ဆံရာတွေ များနေပြီ။ ကိုယ် တိုက်ပွဲကျတော့မယ် ၀ီရ။
ကိုယ်ဟာ တစ်နေ့တခြား ပိုပိုပြီး အသံတိတ်ဆိတ်လာ။
တစ်ယောက်တည်း လမ်းလျှောက်ရင်း စိတ်ထဲက စကားတွေ တတွတ်တွတ်ပြော။
သွေးပျက်ထိတ်လန့်စရာ အာရုံရုပ်ပုံတွေ။
နင့်ဥာဏ်စမ်းမေးခွန်းတွေအတွက် ကျေးဇူးပါ။
ငါ့ကို အောင်အောင်လို့ ခဏခဏခေါ်ပါ ပြည့်ရယ်။
ဆောင်းဘောက်စ်ထဲက ပြေးထွက်လာတဲ့ ပန့်ခ်မြူးဇစ်။ ဂစ်တာလက်သံ ပြင်းစမ်းပါ။
မီးဂျပ်ရေ.....ဟေးးးးးးမီးဂျပ်။ ၀ီရရေ.....ဟေးးးးးးးးဝီရ။ ပြည့်ရေ .....ဟေးးးးးးးးးပြည့်။
ငါ့ကိုအောင်အောင်လို့ ခေါ်ရင် အမေ့နား ပြန်ရောက်သွားသလို စိတ်လုံခြုံသွားတယ်။
နင့် မျက်နှာက မေတ္တာကြီးမားတဲ့ မိခင်တစ်ယောက်ရဲ့ Blueprint ။
ကိုယ့် အသက်ကို ယုံကြည်ချက်နဲ့ ဆွဲဆန့်ထားရတာ ၀ီရ။
အနုပညာနဲ့ မေတ္တာတရားကိုသာ မယုံကြည်မိရင် သေကြောင်းကြံစည် ပစ်မိမလားပဲ။
သစ္စာတရားရဲ့ နာမည်ကို အသံကုန်အော်ခေါ်မိတဲ့ စိတ္တဇ။
Suicide ဆိုတဲ့ အင်္ဂလိပ်စာလုံးက အဓိပ္ပာယ် သိပ်လှတယ်။
မီးဂျပ်ရေ...ဟေးးးးးးးးးမီးဂျပ်။
ပြည်လမ်းမပေါ် ခရေပန်းလေးတွေ အတူသွားကောက်ကြရအောင်။
ကိုယ့် နှလုံးသားထဲမှာ ကျည်ဆံရာတွေ များနေပြီ ၀ီရ။
မသိစိတ်ထဲက သွေးတွေ ပန်းထွက်လာ။
အနီရောင် စာသားရှော့ခ်ရိုက်ခြင်း။
ကိုယ် မရှိတော့ရင် Trio Coffee Candy လေးနှစ်လုံးကို ပိုင်ရှင်လက်ထဲ ပြန်ထည့်ပေးပါ။
အချစ်ဆိုတာ ဘယ်သူမှ မသိအောင် လျှို့ဝှက်ထားရတဲ့ Password နံပါတ်တွေပေါ့ကွာ။
Love is network error!
သူ့နာမည်နဲ့ ပန်းပင်လေးတစ်ပင်စိုက်ထားတယ်။
ကိုယ်သေသွားရင်တောင် နောင်ဘ၀မှာ ပန်းပွင့်လာမှာပဲ။
Love is loading! Love is problem page!
Nera ရေ.....သမီးလေး Nera ရေ.....။
အခု သမီးလေး အသံထွက်အောင် ဘယ်သူ တီးမှုတ်ဖျော်ဖြေနေသလဲ။
မီးလောင်နေတဲ့ အသံ၊ ငါအသစ်ဖွဲ့နွဲ့ရတဲ့ အိပ်မက်ကမ္ဘာ ပျောက်ဆုံးခြင်း၊အဝေးရောက် ငှက်ကလေးတွေ ဖတ်ဖို့ ကဗျာ။
ကိုယ့် နှလုံးသားနဲ့ ရင်းပြီး ဖန်တီးခဲ့တဲ့ အနုပညာတွေ။
စိတ်ထဲမှာ ချမ်းလိုက်တာကွာ။
ကောင်းကင်က ကြယ်တွေကိုမော့ကြည့်ပြီး နာမည်ပေးတမ်း ကစားရအောင် Nera။
ဟိုးးးးးကြယ်မှုန်မှုန်လေးက ဖေဖေ။ ဟိုးးးးးးးးးးကြယ်အကြီးကြီးက Nera။
ကောင်းကင်မှာ ကြယ်တစ်လုံးကြွေကျသွား။
တစ်ခါက ငါ လက်ညှိုးညွှန်ရာ အရပ်ဟာ မင်း၊ မင်းမော့ကြည့်ဖြစ်ခဲ့တဲ့ ကြယ်ဟာ ငါပေါ့၊
လေဆန်နေဆန်၊ သံသရာထဲ ဖြတ်သန်းခဲ့ကြ အခါခါ။
အခု လူ့ဘ၀ဟာလာဟင်းလင်း၊ အရပ်ရှစ်မျက်နှာ ၊ လက်ညှိုးညွှန်ရာ သားရဲတွေ ၀ိုင်းလို့၊
အမှောင်ခေတ်ထဲ ၊ ငါဟာ ကြယ်လို ကြွေကျလို့။
သစ္စာမရှိတှဲ့ မိန်းမတွေကို အရမ်းမုန်းတာပဲ။
ဘုရားမှာ ပြုခဲ့တဲ့ သစ္စာကိုတောင် ဖောက်ဖျက်ရဲခဲ့တဲ့ မိန်းမ။
ပြည့်ရေ....ဟေးးးးးပြည့်။
နင်ကပြောတယ်။ အတိတ်ကို မေ့ပစ်လိုက်၊ အစွဲအလမ်း မထားနဲ့တဲ့။
ဘ၀တစ်ခုလုံး ကြယ်ကြွေသလို ကြွေကျ ပျက်စီးသွားခဲ့တာ။အလွယ်တကူ ဘယ်လို မေ့လို့ ရမလဲ။
အခုတော့ သူ့နာမည်ကို ငါ့ဦးနှောက်ထဲက ခွဲစိတ်ထုတ်ပစ်လိုက်ပါပြီ။
နှလုံးသားက သုညဖြစ်သွားတော့ စိတ်ထဲမှာ လေဟာနယ်တစ်ခု ကျန်ခဲ့တယ်။
စကြာဝဠာလိုပဲ။
တစ်နေ့တခြား ကျယ်ပြောပြန့်ကားလာနေတဲ့ စိတ်ပိုင်းဆိုင်ရာ ကွက်လပ်တစ်ခု။
အားးးးးးးးးးငါဟာ ဘယ်သူများပါလိမ့်။
ငါတွေးခေါ်တယ် ဒါကြောင့် ငါသေတယ်။ ငါဟာ ဘုရားသခင် ငါ့အနုပညာကို ငါဖန်တီးတယ်။
အနုပညာနဲ့ ချစ်ခြင်းမေတ္တာကလွဲပြှီး  ဘာကိုမှ ကျွန်တော် ဂရုမစိုက်ဘူး မသောကြာ။
Nera ရေ.... သမီးလေးရေ...။
သမီးလေးရဲ့ အရုပ်လေးတွေထဲက တစ်ရုပ်ဟာ ဖေဖေပေါ့။
အဲဒီ အရုပ်လေးက အသက်မရှိဘူးလေ။
သေနေတာကြာပြီ။ စကားလည်း မပြောတတ်ဘူး။
အရုပ်ထည့်တဲ့ ပလတ်စတစ်ခြင်းလေးထဲမှာ ပက်လက်ကလေး။
မသိစိတ်ထဲ အရေးပေါ် လူနာတင်ကားတွေ တ၀ီဝီ ဖြတ်မောင်းသွား။
အနီရောင် ၀ိုင်ယာလက်အော်သံတွေ။
ကိုယ့်ဖေဖေ မသေခင် ပြောခဲ့ဖူးတယ်။လူ့ဘ၀ဆိုတာ ဘာမှ မဟုတ်ပါဘူးကွာတဲ့။
အခု ခင်ဗျား ဘယ်ဘ၀ရောက်နေလဲ ဖေဖေ။ နတ်ပြည်မှာ နတ်သမီးလေးတွေ တစ်ဖက်လေးငါးရာနဲ့ပဲလား။
အမေကတော့ ကျွန်တော်နဲ့ ၁၇၉ မိုင်အဝေးမှာ။
တယ်လီဖုန်း မဆက်ဖြစ်၊ စိတ်ဒဏ်ရာတွေ ကြေးနန်း မရိုက်ဖြစ်။
အမေ စိတ်ဆင်းရဲမှာ စိုးလို့ ရန်ကုန်မှာ အလုပ်ရှိတယ်လို့ လိမ်ပြောထားတယ်။
ကဗျာဆရာဆိုတဲ့ စကားလုံးကို တစ်နေ့ အခါတစ်ရာ ရွတ်စမ်းပါ ၀ီရရာ။
စာသားတွေထဲ အသက်ရှင်၊နေ့စဉ်ကမ္ဘာထဲ ငါသေဆုံး ။
အဲဒီခေါင်းစဉ်နဲ့ ကဗျာတစ်ပုဒ်ရေးတာ အခု ည မအောင်မြင်။
စကားလုံးတွေ သားလျှောသွားတယ်။ စိတ်ကူးတွေ ကိုယ်ဝန်ပျက်ကျသွားတယ်။
မသိစိတ်ထဲက အနီရောင်သွေးတွေ ပန်းထွက်လာ။
အိပ်မက်ထဲက အာရုံရုပ်ပုံတွေ။
ပန်းချီဆရာမ မအိရဲ့ Women Live -2 ပန်းချီကား။
အနက်ရောင်ကင်းဗတ်စ်ပေါ်က အနီရောင်သွေးစက်တွေ။ မိန်းမတွေရဲ့ သင်္ကေတ။
ကျွန်တော့် စိတ်တွေ ရာသီလာနေတယ် မသောကြာ။ အသက်ရှင်ရတာ သရိုးသရီနဲ့။
ကိုယ်သေရင် ဟိုမိန်းမ သတင်းတောင် မကြားရစေနဲ့။
ကဗျာဆရာကို ခွေးလို ဆက်ဆံခဲ့တဲ့ မိန်းမ။
ကိုယ်မွေးတဲ့မျောက် ကိုယ့်ကို ပြန်ခြောက်တာ။
မကောင်းဆိုးဝါးမ။
Who do the fucking cat you copulate and sleep with?
New Year ညကျရင် ပုံပြောတမ်း ကစားရအောင် မီးဂျပ်။
ငါ့ကို မေ့ဆေးနဲ့ ပက်ပါတဲ့ ။ ကမ္ဘာမြေရဲ့ ခင်သစ်ပင်။ Gtalk မှာ တင်ထားတဲ့ စာသားက။
Love is network error!
ကိုယ့်မှာ မိန်းမမာယာမြင်ရင် သွေးလန့်တတ်တဲ့ ရောဂါ ရှိတယ်။
မီးဂျပ်ရေ...ဟေးးးးးးမီးဂျပ်။ ၀ီရရေ....ဟေးးးးးဝီရ။ ပြည့်ရေ.....ဟေးးးးးးးးးပြည့်။
နင့်မျက်နှာက စိတ်နှလုံးလှမယ့် ပုံလို့ ငါပြောတော့ နင်က မုန့်ဝယ်ကျွေးမယ်တဲ့။
ဟင့်အင်းးးးးးးမုန့်ဝယ်ကျွေးမယ့်အစား ငါ့ကို အောင်အောင်လို့ တစ်ခါ ထပ်ခေါ်ပါလား ပြည့်ရယ်။
နင် အဲဒီလို ခေါ်ရင် ငါ အရမ်းပျော်တာပဲ။
မီးဂျပ်နဲ့ ၀ီရရေ....။
နှစ်သစ်ကူးညကျရင် ကြယ်လေးတွေကို နာမည်ပေးတမ်း ကစားကြရအောင်ကွာ။
ဟိုးးးး ကြယ်မှုန်မှုန်လေးက အောင်ရင်ငြိမ်း။ ဟိုးးးးးးးးကြယ် အလတ်စားလေးက ၀ီရထက်နောင်။
ဟိုးးးးးးကြယ်အကြီးကြီးက မီးဂျပ်။ ဟိုးးးးးးကြယ်ပြာလေးက Nera။ ဟိုးးးးးကြယ်ပြာလေးက ပြည့်။
ကိုယ့် စိတ်ထဲမှာ ကြယ်ပြာလေးတွေ လင်းလက်တောက်ပလို့။
ကိုယ့် အသက်ကို ယုံကြည်ချက်နဲ့ ဆွဲဆန့်ထားရတာ ၀ီရ။
မီးဂျပ်က ၀တုတ်ကလေး။
မျက်နှာဖောင်းဖောင်းလေးနဲ့၊ ပါးနှစ်ဖက်မှာ ပါးချိုင့်လေးတွေနဲ့။
စိတ်ကောင်းရှိပြှီး နှလုံးလှမယ့် ပုံလေး။ရယ်စရာတွေလည်း အရမ်းပြောတတ်တာပဲ။
မီးဂျပ်ရယ်သံကြားရင် ငှက်ကလေးတွေ လန့်ပျံသွားတတ်တယ်။
မနေ့က ဖိနပ်အသစ်ကြီး စီးလာပြီး ခြေထောက်နာလို့တဲ့။ လမ်းလျှောက်တာ ထော့နဲ့ထော့နဲ့ နဲ့။
ကားဂိတ်မှာ နာရီကြည့်တော့လည်း မျက်နှာနားကပ်ပြီး ပြူးပြုကြည့်တာတောင် မမြင်ရလို့တဲ့။
သူက ပါဝါ မျက်မှန်နဲ့လေ။
ကိုယ်တို့ ၃ယောက် ကားဂိတ်မှာ ဗာဒံ့စေ့ သွားရောင်းရအောင်ကွားP
ပြီးတော့ fb မှာ စာသားကမ္ဘာ မိသားစု ဖွဲ့ကြမယ်။
နှစ်သစ်ကူးညကျရင် ၀ီရနဲ့ မီးဂျပ်က ဂစ်တာတီးပြီး သီချင်းဆို။
ကိုယ်က ကြယ်လေးတွေ မော့ကြည့်ပြီး တိတ်တိတ်ကလေး နားထောင်မယ်။
ကိုယ် သိပ်ကြိုက်တဲ့ လင်းလင်းရဲ့ သီချင်းတွေနဲ့။
အိမ်ကိုလည်း မပြန်ချင်သေးဘူး××× တိမ်လိုလည်း မမျောလွင့်ချင်သူ×××
လူတကာနဲ့ အဆင်မပြေလည်း အခု××× ကမ္ဘာမြေအတွက် ဆူးမဖြစ်ချင်သူ×××
ဟိုမှာ ရေနွေးငွေ့ ဖြူဖြူလေးတွေ။
စကားဝှက်ပြောတတ်တဲ့ ကြွက်တွေ ကိုယ့်ကို အလစ်ချောင်းမြောင်းလို့။
စိတ်ထဲက ပန်းပွင့်လေးပေါ် နားနေတဲ့ လိပ်ပြာလေး လန့်ပျံသွား။
ကိုယ့်မှာ မိန်းမမာယာမြင်ရင် သွေးလန့်တတ်တဲ့ ရောဂါရှိတယ်။
ငါ့မှာ အနုပညာနဲ့ ချစ်ခြင်းမေတ္တာက လွဲပြီး တခြား ဘာတန်ဖိုးမှ မရှိဘူးလို့ပြောတော့
နင်ဘာလို့ အသံတိတ်သွားတာလဲ ပန်ဒိုရာ။
ခဏကြာမှ '"" အဲဒါကြောင့် နင် Reality နဲ့ ဝေးနေတာပေါ့ "" တဲ့။
နင်ပြောတာ မှန်မှာပါ။
ငါက လူမှု အမှန်တရားတွေရဲ့ အဝေးမှာ တမင် ရွေးချယ်နေထိုင်နေတဲ့ လူလေ။
ကဗျာဆရာဆိုတဲ့ စကားလုံးကို တစ်နေ့ အခါတစ်ရာလောက်ရွတ်စမ်းပါ ၀ီရရာ။
မသောကြာသို့ လူတွေနဲ့ အဝေးတစ်နေရာဆီ အက်ဆေးကို လက်စမသတ်နိုင်သေး။
ကိုယ့်နာမည်နဲ့ လက်မှတ်ထိုးပြီးရင်တော့ အဲဒါ အနုပညာပဲ။
မသောကြာဆိုတာ ကိုယ့် စိတ်ထဲမှာပဲ ရှိပြီး အပြင်လောကမှာ တကယ်မရှိတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နာမည်။
ခေတ်ပျက်ကြီးထဲ ကိုယ်တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့သလို အထီးကျန်ခံစားမှု။
အခုလို ကြောက်စရာကောင်းလောက်အောင် အထီးကျန်တဲ့ ညတွေဆို မသောကြာနာမည်ကို အော်ခေါ်ပြီး
ကိုယ့် စိတ်ထဲက စကားတွေ တတွတ်တွတ် ပြောတော့တာပဲ။
မသောကြာ....မသောကြာ.....မသောကြာ.....
Love is network error! Love is loading! Love is problem page!
ကျွန်တော့်နှလုံးသားမှာ ကျည်ဆံရာတွေ များနေပြီ။
ကျွန်တော် တိုက်ပွဲကျတော့မယ်။
လက်ထဲမှာ ကျည် အပြည့် ဖြည့်ထားတဲ့ သေနတ်တစ်လက်နဲ့။
မနက်ဖြန်ဆို လူတွေရဲ့ အဝေးတစ်နေရာဆီ ကျွန်တော် ထွက်ပြေးသွားတော့မယ် မသောကြာ။
အောင်ရင်ငြိမ်း
26th Dec 2010
4း10 am
စာကြွင်း**2010Christmas ညက အင်းလျားက အပြန် အိမ်မပြန်ချင်တာနဲ့
အလင်းဆိုင်တစ်ဆိုင်မှာ တစ်ယောက်တည်း သွားထိုင်တယ်။ လူက အလင်းဆိုင်ထဲမှာ
တစ်ညလုံး တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေပေမယ့် စိတ်က ဖမ်းဆုပ်လို့ မရအောင်ေ ပြးလွှားနေတာနဲ့
စိတ်ပြေလက်ပျောက် ရေးချဖြစ်ခဲ့တဲ့ စာသားတွေပါ။
ဒီအရေးအသားဟာ ကဗျာ/အက်ဆေး အနုပညာလက်ရာ တစ်ခုခု မဟုတ်ပါဘူး။
ကျွန်တော့်ရဲ့  တစ်ကိုယ်ရေ ပုဂ္ဂလိက ခံစားမှုတွေလို့ပဲ ပြောရမလား။
စာသားကမ္ဘာမိသားစု သူငယ်ချင်းတေ၊ွဖြစ်တဲ့ ၀ီရ၊သက်ငြိမ်၊ မီးဂျပ်နဲ့ ပြည့်တို့
ဖတ်ဖို့ အထူးရည်ရွယ်ပါတယ်။
Nera လေးကတော့ စာမဖတ်တတ်သေးဘူးတဲ့။
သူက ၄ နှစ်နဲ့ ၃လ အရွယ်။
နောက် ဆယ်နှစ်လောက်ကြာလို့ Nera အွန်လိုင်းပေါ် တက်လာတဲ့အခါ
အခုတင်ထားတဲ့ အရေးအသားကို ဖတ်ခွင့်မယ်ဆိုရင် အရမ်းကောင်းမှာပဲလို့ တွေးမိတယ်။
အောင်ရင်ငြိမ်း
6th Jan 2011
ThursdAY
က ဗျာ ဆ န် ေ သ ာ စ ာ သ ာ း မ် ာ း / က ဗ် ာ ဖြ စ် ခြ င်း - မ ဖြ စ် ခြ င်း နှ င့် ရ သ အ သိ အ မြ င်
# နိ ဒါ န်း
                    ကဗျာ အနုပညာ လက်ရာတစ်ခုကို အပေါ်ယံဖတ်ရှုရင် စကားလုံး ဝေါဟာရတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ စာသားအဆောက်အအုံတစ်ခုကို အမြင်အာရုံနဲ့ ပထမဆုံး ထိတွေ့သိမြင်ရပါလိမ့်မယ်။ အဲဒီ စာသားအဆောက်အအုံထဲမှာ ပါဝင်တဲ့ စကားလုံးတွေကို ယေဘုယျသဘော အမျိုးအစား ခွဲကြည့်လိုက်ရင်တော့ အရပ်သုံး အပြောဘာသာစကားနဲ့ ကဗျာဘာသာစကားဆိုပြီး အသွင်အပြင်ရော အနက်အဓိပ္ပာယ်ပါ ကွဲပြားခြားနားနေတဲ့ စကားလုံးအမျိုးအစား နှစ်မျိုးကို တွေ့ရမှာ ဖြစ်ပါတယ်။
                    အရပ်သုံး အပြောဘာသာစကားဆိုတာ လူအများ နေ့စဉ်လူမှုဆက်ဆံရေးနယ်ပယ်ထဲမှာ ပုံမှန် သုံးစွဲပြောဆိုနေကြတဲ့၊ အဓိပ္ပာယ် ရိုးရှင်းနားလည်လွယ်တဲ့ ဘာသာစကားမျိုး ဖြစ်ပြီး အများအားဖြင့် ဘာသာစကားတစ်ခုမှာ သတ်မှတ်ဖွင့်ဆိုပေးထားတဲ့ တိုက်ရိုက်အနက်မျိုးပဲ ထွက်လေ့ ရှိပါတယ်။ ကဗျာဘာသာစကားဆိုတာကတော့ နိမိတ်ပုံ၊ သင်္ကေတ၊ ဥပစာစကား၊ အလင်္ကာ စတဲ့ သာမန်ထက်ထူးခြားတဲ့ စကားလုံးမျိုးတွေ ဖြစ်ပြီး သူတို့ဟာ တိုက်ရိုက်အနက်သာမက သွယ်ဝိုက်၊ ဆင့်ပွား၊ ဆက်စပ် စတဲ့ တခြား အနက်အဓိပ္ပာယ်တွေကိုပါ ဆောင်နိုင်တဲ့ ဘာသာစကား အမျိုးအစား ဖြစ်ပါတယ်။
                    ပင်မရေစီး ခေတ်ပေါ်ကဗျာခေတ် တစ်ခုလုံးမှာ ကဗျာဆရာတွေဟာ ကဗျာဘာသာစကားကို အစွမ်းကုန် အလွန်အကျွံ သုံးစွဲခဲ့ကြပြီး အဲဒီခေတ်မှာ အရပ်သုံး ဘာသာစကားရဲ့ အခန်းကဏ္ဍဟာ ကဗျာဘာသာစကားလောက် အရောင်အ၀ါမတောက်ပခဲ့ဘဲ မှိန်ဖျော့ခဲ့ပါတယ်။ ကဗျာဘာသာစကားရဲ့ အနက်အဓိပ္ပာယ် ထွေပြားလှပမှု၊ ဆွဲဆောင် ညှို့ငင်နိုင်မှု၊ စာသားအဆောက်အအုံထဲမှာ ထူးကဲပေါ်လွင်နေမှု စတဲ့ အရည်အသွေးတွေကြောင့် ကဗျာဆရာတွေရော ကဗျာဖတ်သူတွေပါ ကဗျာဘာသာစကားကို တန်ဖိုးထား စွဲလမ်းခဲ့ကြပါတယ်။ အဲဒီ တန်ဖိုးထား စွဲလမ်းမှုက ဘယ်လောက်ထိ အစွန်းရောက် ပြင်းထန်ခဲ့သလဲ ဆိုရင် ကဗျာဆရာနဲ့ ကဗျာဖတ်သူတွေရဲ့ အသိစိတ်မှာ ကဗျာဘာသာစကားနဲ့ အဓိက ဖွဲ့စည်းတည်ဆောက်ထားတဲ့ စာသားတွေကသာ ကဗျာ ဖြစ်ပြီး အရပ်သုံး အပြောဘာသာစကားနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ စာသားတွေက ကဗျာမဖြစ်ဘူးလို့ လွဲမှားယူဆမိကြတဲ့ အထိ ဖြစ်လာခဲ့ကြပါတယ်။
                  ဆိုလိုတာက ကဗျာဖတ်သူ အများစုဟာ ကဗျာဆန်ခြင်းနဲ့ ကဗျာဖြစ်ခြင်းကို ကွဲပြားခြားနားမှု မရှိဘဲ ရောထွေးနားလည်ထားခဲ့ကြတယ် ဆိုတာပါပဲ။
# က ဗျာ ဆ န် ခြ င်း ဆို တာ
                        ကဗျာဆန်ခြင်း ဆိုတာ ကဗျာဘာသာစကား အသုံးအနှုန်းတွေကို တွဲစပ်ပြီး ထူးခြားလှပ ဆွဲဆောင်မှု ရှိတဲ့ အနက်အဓိပ္ပာယ်မျိုး ထွက်လာအောင် ပြုလုပ်ခြင်း ( သို့မဟုတ်) အဲဒီလို ပြုလုပ်ခြင်းအားဖြင့် ကဗျာဖတ်သူရဲ့ စိတ်အာရုံ တိမ်းညွတ်ပျော့ပျောင်းသွားအောင် ညှို့ငင်ဖမ်းစားနိုင်စွမ်း ( သို့မဟုတ်) အရိုးရှင်းဆုံးပြောရရင် စကားလုံး အဖွဲ့အနွဲ့ အလှအပ လို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။
                        တကယ်တော့ ကဗျာဆန်ခြင်းဟာ ကဗျာစာသား အဆောက်အအုံတစ်ခုလုံးရဲ့ အဓိကလက္ခဏာ မဟုတ်ဘဲ ကဗျာအဆောက်အအုံထဲမှာ  ပါဝင်နေတဲ့ သွင်ပြင် အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပါတယ်။
                        ကဗျာဆန်ခြင်းဟာ ဆန့်ကျင်ဘက် လိင်တွေကို ဆွဲဆောင်နိုင်အောင် ဖက်ရှင် အလှအပ ပစ္စည်းတွေနဲ့ ပြင်ဆင်ခြယ်သထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အပေါ်ယံ အလှအပနဲ့ တူပြီး ကဗျာဖြစ်ခြင်းကတော့ အဲဒီ မိန်းကလေးရဲ့ သဘာဝ မျက်နှာသွင်ပြင်နဲ့ ကိုယ်ခန္ဓာ ကောက်ကြောင်း၊ အသားအရေ နူးညံ့ ပျော့ပျောင်းမှု၊ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်ပိုင်းဆိုင်ရာ တန်ဖိုး စတာတွေနဲ့ တူတယ်လို့ ဥပမာ ပေးချင်ပါတယ်။
                        ဒီ ရိုးရှင်းလွယ်ကူတဲ့ ဥပမာကို ချဲ့ထွင် စဉ်းစားလိုက်ရင် ကဗျာဘာသာစကား အဖွဲ့အနွဲ့ အလှအပတွေဟာ ကဗျာ အနုပညာလက်ရာတစ်ခုရဲ့ အပေါ်ယံ သွင်ပြင်လက္ခဏာမျှသာ ဖြစ်ပြီး ကဗျာစာသားတွေ ဖွဲ့စည်းတည်ဆောက်ထားပုံ၊ အဲဒီ စာသားတွေရဲ့ နောက်ကွယ်က အနက်အဓိပ္ပာယ်၊ စာသားတွေဆီက ရရှိတဲ့ အာရုံခံစားမှု၊ စာသားတွေက တစ်ဆင့် ကဗျာဆရာ ပြောပြနေတဲ့ အတွေးအခေါ်နဲ့ လောကအမြင်၊ ကဗျာစာသားအဆောက်အအုံတစ်ခုလုံးဆီက ရရှိတဲ့ ရသအလှအပ စတဲ့ အရာတွေက ပိုပြီး အဓိက ကျတဲ့ အနှစ်သာရတွေ ဖြစ်တယ်ဆိုတာ တွေးတော့သိမြင် လာကြပါလိမ့်မယ်။
                       ကဗျာ အနုပညာ လက်ရာ တစ်ခုထဲက စကားလုံး အလှအပတွေကိုသာ တန်ဖိုးထား စွဲလမ်းတတ်လေ့ ရှိပြီး ကဗျာစာသား အဆောက်အအုံတစ်ခုလုံးရဲ့ အနှစ်သာရနဲ့ ရသ အလှအပကို မြင်အောင် ကြည့်လေ့ မရှိတဲ့ / မကြည့် မမြင်နိုင်တဲ့ ကဗျာဖတ်သူတစ်ယောက် ရှိတယ် ဆိုပါစို့။ အဲဒီ လူဟာ မိန်းကလေးတစ်ယောက်ရဲ့ အပေါ်ယံ ဖက်ရှင်နဲ့ အရေပြားဆန်တဲ့ အလှအပတွေကိုသာ ကြည့်မြင်နိုင်ပြီး မိန်းကလေးရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေကို မသိမမြင် ၊ နားမလည်နိုင်တဲ့ အသိဥာဏ် ခပ်တိမ်တိမ် လူတစ်ယောက်သာ ဖြစ်တယ်လို့ ကျွန်တော် ဝေဖန် သုံးသပ်မိမှာ သေချာပါတယ်။
                       ကျွန်တော့် အမြင် ပြောရရင် ကဗျာဆရာနဲ့ ကဗျာဖတ်သူတွေဟာ ပင်မရေစီး ခေတ်ပေါ်ကဗျာ သမိုင်းတစ်လျှောက်လုံး အလွန်အကျွံ၊ အစွန်းရောက် သုံးစွဲခဲ့ကြလို့ ရိုးအီ ဟောင်းနွမ်းနေပြီ ဖြစ်တဲ့ ကဗျာဘာသာစကား အလှအပတွေထက် ကဗျာစာသားတွေဆီက တစ်ဆင့် ရရှိတဲ့ ကဗျာဆရာရဲ့ အာရုံခံစားပုံနဲ့ အတွေးအခေါ်တွေကို ဖမ်းဆုပ်သိမြင်နိုင်အောင် ကြိုးစားပြီး တန်ဖိုးထားသင့်တယ်လို့ မြင်ပါတယ်။ အဲဒီလို မဟုတ်ဘဲ အပေါ်ယံ စကားလုံး အလှအပတွေကိုသာ တန်ဖိုးထား စွဲလမ်း ဆုပ်ကိုင်နေဦးမယ်ဆိုရင် ခင်ဗျားဟာ ကဗျာဖတ်ရှုခံစားတဲ့ အတွေ့အကြုံ နုနယ်တဲ့ ၀ါသနာရှင် အဆင့်ကနေ ရှေ့ခြေတစ်လှမ်း တက်လာနိုင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။
                       ဒီနေ့ မျက်မှောက်ခေတ်ထဲမှာ ကဗျာဆရာတွေနဲ့ ကဗျာဖတ်သူတွေအကြား သရော်ထေ့ငေါ့ချင်စရာ ကောင်းလောက်အောင် လှလှပပ လွဲချော်နေတဲ့ ချွတ်ချော်မှု တစ်ခုလည်း ရှိပါတယ်။
                       အဲဒါကတော့ ပင်မရေစီး ခေတ်ပေါ်ကဗျာအလွန် ခေတ်ပြိုင်ကဗျာဆရာ အများစုက ကဗျာဘာသာစကားရဲ့ အခန်းကဏ္ဍကို လျှော့ချပြီး ဆန့်ကျင်စွန့်ပစ်ဖို့ ကြိုးစားလာကြတဲ့ အခြေအနေမှာ ကဗျာအတွေ့အကြုံ နုနယ်တဲ့ ကဗျာဖတ်သူတချို့ ကဗျာဘာသာစကားတွေကို ကဗျာရဲ့ အနှစ်သာရလို့ ထင်မြင်ယူဆပြီး တန်ဖိုးထား စွဲလမ်း ဆုပ်ကိုင်ထားရုံမက သူတို့ကိုယ်တိုင် အဲဒီ ကဗျာဘာသာစကားတွေကို သာမန်နေ့စဉ်သုံး ဘာသာစကား သုံးစွဲနေသလို ပြောဆိုသုံးစွဲဖို့ စိတ်အားထက်သန်နေကြတာပါပဲ။ အဲဒီထက် ပိုဆိုးတာက လူအထင်ကြီးလောက်မယ့် ကဗျာဆန်ဆန် စကားလုံးတွေ သုံးပြီး စကားပြောဆိုနိုင်ရင် ကိုယ့်ကိုယ်ကိုယ် စကားလုံးနိုင်နင်းတယ်လို့ ထင်မှတ်ပြီး ကဗျာဆရာဖြစ်ပြီလို့ ထင်မြင်ယူဆနေကြတာပါ။
                      အဲဒီလိုသာမန်စကားပြောရင် ကဗျာဆန်ဆန် စကားလုံးတွေ သုံးစွဲပြောဆိုတဲ့ လူမှုအလေ့အကျင့်ဟာ မောင်ချောနွယ်တို့ခေတ်က အလေ့အထ ဖြစ်ပြီး ဒီနေ့ခေတ်မှာ ခေတ် မရှိတော့သလို ဘယ် ခေတ်ပြိုင်ကဗျာဆရာကမှလည်း အဲဒီလို တကူးတကန့် ပြောမနေကြတော့ပါဘူး။  သာမန် အရပ်သုံးဘာသာစကားပြောရာမှာ ကဗျာဘာသာစကား သုံးစွဲပြီး ပြောဆိုတာမျိုးကို ကဗျာအတွေ့အကြုံ နုနယ်သူတွေက သဘောကျကောင်း ကျနိုင်ပေမဲ့ ကဗျာဆရာတွေကတော့ အထင်ကြီးမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေတ်ပြိုင်ကဗျာဆရာတွေအနေနဲ့ ကဗျာအနုပညာကိစ္စမှာ ကဗျာဘာသာစကားထက် အရေးကြီးတဲ့ တခြား အကြောင်းခြင်းရာ အသစ်တွေကို အာရုံစူးစိုက် အဓိက ထားနေရလို့ ဖြစ်ပါတယ်။
                      အထက်မှာ ကျွန်တော် ပြောခဲ့တဲ့ အဆိုပြုချက် မှန်မမှန်  Facebook Update Status နေရာမှာ ကဗျာ ၀ါသနာရှင်တချို့ ရေးသားနေကြတဲ့ ကဗျာဆန်ဆန် စာသားတွေကို လေ့လာကြည့်ရင် သက်သေ အထောက်အထားအဖြစ် တွေ့မြင်နိုင်ပါလိမ့်မယ်။
                     အဲဒီလို ကဗျာ ဘာသာစကား တန်ဖိုးထားသူတွေ ခေတ်နဲ့အညီ လိုက်မလာနိုင်တဲ့၊ သတိမမူမိတဲ့ အချက်တစ်ချက်က ဒီနေ့ ခေတ်ပြိုင်ကဗျာဆရာ အများစုဟာ နေ့စဉ် အရပ်သုံးဘာသာစကား၊ သီးခြား ပညာရပ်ဆိုင်ရာ ဘာသာစကား၊ ကဗျာမဆန်ခြင်း၊ တီထွင် ဖန်တီးမထားသော အရေးအသား ( Uncreative Writing )၊ ကောက်ရဘာသာစကား ( Found Text & Language ) စတဲ့ အရာတွေကို ခေတ်ပြိုင်ကဗျာသစ်တွေရဲ့ အဓိက သွင်ပြင် လက္ခဏာတွေ အဖြစ် အစားထိုး စမ်းသပ် အသုံးပြုနေကြတယ် ဆိုတာပါပဲ။
# က ဗျာ ဖြ စ် ခြ င်း - မဖြ စ် ခြ င်း ကိ စ္စ
                     အခု  ကဗျာ အယူအဆ ရေးရာနဲ့ ပတ်သက်ပြီး အင်မတန် အန္တရာယ်ကြီး /အဆိပ် ရှိ / ပြသနာဖြစ်နိုင်တဲ့ အကြောင်းအရာကို ဆွေးနွေးရမှာ ဖြစ်ပါတယ်။
                     " ကဗျာဆိုတာ ဘာလဲ " ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်တဲ့ အယူအဆတွေကို " ကဗျာအနုပညာ မရှိတဲ့ ဂြိုဟ်က ဂြိုဟ်သားတစ်ယောက်ရဲ့ ကဗျာဆိုင်ရာ အသိအမြင် " ဆောင်းပါးမှာ အသေးစိတ် ဆွေးနွေးခဲ့ပါတယ်။ ကဗျာရဲ့ သရုပ်မှန် သဘောသဘာဝဆိုတာ သုည၊ ဘာမှ မရှိခြင်း။ ကဗျာဆိုတဲ့ ဝေါဟာရနဲ့ ကဗျာလက်ရာတွေ၊ ကဗျာဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေနဲ့ ထင်မြင်ယူဆချက်တွေသာ ရှိပြီး တကယ့် ကဗျာဆိုတဲ့သဘော မရှိဘူးလို့ ကျွန်တော် ပြောဆိုခဲ့ဖူးပါတယ်။ အခု " ကဗျာဖြစ်ခြင်း- မဖြစ်ခြင်း " ကိစ္စကို " ကဗျာဆိုတာ ဘာလဲ " အယူအဆနဲ့ အတတ်နိုင်ဆုံးချိတ်ဆက်ပြီး ဆွေးနွေးသွားပါမယ်။
                      ကဗျာ ဖြစ်တယ် ၊မဖြစ်ဘူး ဆိုတာ ဘာကို ပြောတာလဲ။
                      ကဗျာဖြစ်ခြင်း/ မဖြစ်ခြင်းကို ဘယ်လို တန်ဖိုးစံနှုန်း/ လက္ခဏာတွေနဲ့ ချိန်ထိုး ဆုံးဖြတ်ရမှာလဲ။
                      ဒီမေးခွန်းတွေကို မေးရင် ကဗျာဆရာတွေ အပါအ၀င် ကဗျာဖတ်သူတွေ အတော်များများ တိကျရေရာ သေချာတဲ့ အဖြေကို မဖြေနိုင်ဘဲ သိမှု ဇဝေဇ၀ါဖြစ်ပြီး အာရုံရှုပ်ထွေး နောက်ကျိသွားတတ်ကြတာ များပါတယ်။ ( ကျွန်တော် ကိုယ်တိုင်လည်း အဲဒီလိုပါပဲ ။ ) ဘာကြောင့် အဲဒီလို ဖြစ်ရတာလဲ ဆိုတော့ ကဗျာဖြစ်ခြင်း- မဖြစ်ခြင်းနဲပ ပတ်သက်ပြီး လူအများ အသိအမှတ်ပြု လက်ခံထားတဲ့ အခြေခံ ရသအယူအဆနဲ့ တန်ဖိုးစံနှုန်းတွေ ရှိမနေလို့ပါပဲ။ ကဗျာဖြစ်ခြင်း- မဖြစ်ခြင်း တခြားနည်းနဲ့ ပြောရရင် အနုပညာ မြောက် မမြောက် ဆိုတာနဲပ ပတ်သက်ပြီး အဲဒီလို အခြေခံ တန်ဖိုး စံနှုန်းတွေကို သတ်မှတ်ဖို့ ဆိုတာလည်း ဖြစ်လာနိုင်ခြေ သိပ်မရှိတဲ့ အခြေအနေတစ်ရပ်သာ ဖြစ်ပါတယ်။
                      ဒါဆိုရင် ကဗျာ ဖြစ်တယ် မဖြစ်ဘူး၊ကဗျာဖြစ်ခြင်း မဖြစ်ခြင်းကို ကျွန်တော်တို့ ဘာကြောင့် ဘယ်လို စဉ်းစားဆုံးဖြတ် ပြောဆိုနေကြမှာလဲ။
                      ကျွန်တော့် အမြင် ပြောရရင် ကဗျာဖြစ်ခြင်း မဖြစ်ခြင်းနဲ့ ဆိုင်တဲ့ အခြေခံ တန်ဖိုးစံနှုန်းတွေ မရှိပေမဲ့ ကဗျာဆရာနဲ့ ကဗျာဖတ်သူ တစ်ဦးချင်းစီမှာ အဲဒါနဲ့ ဆိုင်တဲ့ ကိုယ်ပိုင် ထင်မြင်ယူဆချက်တွေ ရှိနေတတ်ကြပါတယ်။ ကိုယ်ပိုင် ပုဂလိက ထင်မြင်ယူဆချက်တွေဟာ အမှန်တရားမဟုတ်ဘူးဆိုတာကိုတော့ အားလုံး နားလည် လက်ခံထားကြပြီး ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
# က ဗျာ ဆ ရာ ရဲ့ အ ခ န်းက ဏ္ဍ
                       ကဗျာဆရာတစ်ယောက်က ဘာသာစကား မီဒီယမ် အသုံးပြုပြီး သူဖန်တီးရေးသားလိုက်တဲ့ စာသား အဆောက်အအုံတစ်ခုကို " ဒါ ကဗျာပါ " လို့ သတ်မှတ်ပြောဆိုလိုက်တယ်။ ကဗျာဆရာ အနေနဲ့ နဂိုမူလက သူလေ့လာ သိမြင် တွေးဆထားတဲ့ ကဗျာအမြင် အယူအဆတွေအပေါ် အခြေခံပြီး သူ့ လက်ရာတွေကို " ကဗျာ "လို့ အသေအချာ ယုံကြည် သတ်မှတ် ပြောဆိုတာမျိုး ရှိသလို သူ့ နဂိုမူလ ကဗျာအသိအမြင်ကို ကျော်လွန်နေတဲ့ စမ်းသပ်အရေးအသားတချို့ ဆိုရင်တော့ ကာယကံရှင် ကဗျာဆရာ ကိုယ်တိုင်က " ဒါ ကဗျာပါ " လို့ အသေအချာ ပြောဆိုတာမျိုးမဟုတ်ဘဲ ကလောင်နာမည်သာ ရေးထိုး လိုက်တာမျိုးလည်း ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ လက်ရာ စာသားအဆောက်အအုံ တစ်ခုကို " ဒါ ကဗျာပါ " လို့ သတ်မှတ် ပြောဆိုခွင့်ဟာ ကဗျာဆရာရဲ့ တစ်သီးပုဂလ ကိုယ်ပိုင် အခွင့်အရေးပဲ ဖြစ်ပါတယ်။ အဲဒီလို သတ်မှတ်ခြင်းဟာ ကဗျာဆိုတာ ဘာပဲ ဘယ်လိုပဲ ဆိုတဲ့ သူ့ အမြင်နဲ့၊ တခြားသူတွေနဲ့ ကွဲပြားခြားနားနေတဲ့ / တခြားသူတွေ လက်ခံနိုင် မခံနိုင် မသေချာတဲ့ ပုဂလိက ထင်မြင်ယူဆချက်အပေါ် အခြေခံထားတယ်ဆိုတာကိုတော့ ကျွန်တော်တို့ သတိပြုမိဖို့ လိုပါလိမ့်မယ်။
                        အဲဒီလို ကဗျာဆရာက သူ့လက်ရာကို ကဗျာပါလို့ သတ်မှတ် ပြောဆိုခြင်းဟာ သူ့ရဲ့ ပုဂလိက ထင်မြင်ယူဆချက်သာ ဖြစ်ပြီး ကဗျာဆိုင်ရာ အမှန်တရားမဟုတ်ပါဘူး။
                        ဆိုလိုတာက လွန်ခဲ့တဲ့ ရာစုနှစ် တစ်ခုကျော် မာဆယ်ဒူးရွှမ့် ( Marcel Duchamp ) တို့ ခေတ်က ပြောခဲ့ကြတဲ့ " အနုပညာရှင်က ဒါ အနုပညာပဲလို့ ပြောရင် အဲဒါ အနုပညာပဲ " ဆိုတဲ့ အယူအဆ အဟောင်းကြီးကို ကျွန်တော် ဆန့်ကျင် ငြင်းဆန်ပါတယ်။ ကဗျာဆရာ/ အနုပညာရှင်က အဲဒီလို အထက်စီးက တရားသေ သတ်မှတ်ပြောဆိုတာကို ပရိသတ်က ခြွင်းချက်မရှိ လက်ခံရမယ်ဆိုရင် အဲဒါဟာ " အနုပညာ အာဏာရှင် ဆန်ခြင်းတစ်မျိုး" ပဲလို့ ယူဆပါတယ်။ ကဗျာဆရာ/ အနုပညာရှင်က သူ ဖန်တီးထုတ်လုပ်လိုက်တဲ့ လက်ရာတစ်ခုကို " ဒါ ကဗျာ ဒါအနုပညာ" လို့ ပုဂလိက ထင်မြင်ယူဆချက်၊ပုဂလိက ကိုယ်ပိုင်အခွင့်အရေးနဲ့ သတ်မှတ်ပြောဆိုတာဟာ အဲဒီလို ပြောဆိုယူဆလိုက်တဲ့ အချိန်မှာပဲ ပြီးဆုံးသွားပါပြီ။ ( Poet is Dead, Artist is Dead. ) အဲဒါကြောင့် ကဗျာဖတ်သူ/ အနုပညာခံစားသူ အနေနဲ့ အနုပညာရှင်ရဲ့ အမိန့်အာဏာကို ထည့်သွင်းစဉ်းစားစရာ မလို / လက်ခံလိုက်နာစရာ မလိုဘူးလို့ ထင်မြင်မိပါတယ်။
# က ဗျာ ဖ တ် သူ / အ နု ပ ညာ ခံ စား သူ ရဲ့  အ ခ န်း က ဏ္ဍ
                        အခု ကဗျာစာသား အဆောက်အအုံ/ အနုပညာ လက်ရာတစ်ခုဟာ ဖတ်ရှုခံစားသူ ပရိသတ်ရဲ့ လက်ထဲကို ရောက်လာပါပြီ။
                        ကဗျာဖတ်သူ/ အနုပညာခံစားသူ တစ်ယောက်က သူ့ ရှေ့မှောက်ကို ရောက်လာတဲ့ ကဗျာ/ အနုပညာ လက်ရာ တစ်ခုကို ဘယ်လို တန်ဖိုးစံနှုန်းတွေနဲ့ ကဗျာဖြစ်တယ် မဖြစ်ဘူး၊ အနုပညာ မြောက်တယ် မမြောက်ဘူး လို့ ချိန်ထိုးစဉ်းစား ဆုံးဖြတ်ပါသလဲ။ ကဗျာဆရာ/ အနုပညာ ဖန်တီးသူရဲ့ အခန်းကဏ္ဍမှာ ဆွေးနွေးခဲ့သလိုပါပဲ။ ကဗျာဖတ်သူ/ အနုပညာ ခံစားသူဟာ နဂိုမူလက သူ လေ့လာသိမြင်တွေးဆထားတဲ့ ကဗျာ/အနုပညာ အသိအမြင်တွေအပေါ် အခြေခံပြီး ချိန်ထိုး ဆုံးဖြတ်မှာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ကဗျာ/ အနုပညာဆိုင်ရာ အသိအမြင်ဟာ အနုပညာရှင် ဒါမှမဟုတ် တခြား ကဗျာဖတ်သူ/ အနုပညာ ခံစားသူရဲ့ အသိအမြင်နဲ့ ကွဲပြားခြားနားမှု ရှိနေနိုင်ပါတယ်။ အဲဒါဟာလည်း တခြားသူတွေ လက်ခံနိုင် မနိုင် မသေချာတဲ့ သူ့ ကိုယ်ပိုင် ထင်မြင် ယူဆချက်သာ ဖြစ်ပြီး ကဗျာ/ အနုပညာဆိုင်ရာ အမှန်တရား မဟုတ်ဘူး ဆိုတာကို ကျွန်တော်တို့ အပြန်အလှန် သိမြင်နားလည်ပေးဖို့ ထပ်မံ လိုအပ်လာပြန်ပါတယ်။
                        ကဗျာ/ အနုပညာ လက်ရာတစ်ခုအပေါ် ကဗျာဖြစ်ခြင်း မဖြစ်ခြင်း၊ အနုပညာ မြောက်မမြောက် သတ်မှတ်ပြောဆိုခြင်းဟာ အပြောလွယ်သလောက် အင်မတန် နူးညံ့သိမ်မွေ့ ရှုပ်ထွေးတဲ့ ရသပညာဆိုင်ရာ အကြောင်းအရာ တစ်ခုဖြစ်ပါတယ်။ ကဗျာဆရာပဲ ဖြစ်ဖြစ်၊ကဗျာဖတ်သူပဲ ဖြစ်ဖြစ် ကိုယ် တသီးပုဂလ သိမြင်ယူဆထားတဲ့ ထင်မြင်ယူဆချက်ကို တရားသေ ဆုပ်ကိုင်ပြီး ဆုံးဖြတ် ပြောဆိုမယ် ဆိုရင် သိမှုဆိုင်ရာ အန္တရာယ် အလွန်ကြီးမားပြီး အစွန်းရောက် မှားယွင်းသွားနိုင်တယ် ဆိုတဲ့ ဆင်ခြင်မှုကို ကျွန်တော်တို့ လက်ကိုင်ထားသင့်ကြပါတယ်။
                       ကျွန်တော် ဆိုလိုတာက ကဗျာ/ အနုပညာ လက်ရာ တစ်ခုကို " ဒါ ကဗျာ ဖြစ်တယ်၊အနုပညာ ဖြစ်တယ်" လို့ တရားသေ သတ်မှတ် ပြောဆိုလို့ မရသလို "ဒါ ကဗျာ မဟုတ်ဘူး ၊အနုပညာ မမြောက်ဘူး " လို့ တရားသေ သတ်မှတ် ပြောဆိုလို့ မရနိုင်ဘူး ၊ အဲဒီလို တရားသေ ပြောဆိုခြင်းဟာ အစွန်းရောက်ပြီး အန္တရာယ်နဲ့ အဆိပ် ရှိတဲ့ အသိအမြင်မျိုး ဖြစ်တယ် ဆိုတာပါပဲ။
                      ဒါပေမဲ့ ကဗျာ/ အနုပညာ ဖန်တီးသူဟာ ကမ္ဘာမြေရဲ့ အခြားတစ်နေရာရာမှာ သီးခြားတည်ရှိနေပြီး ကဗျာ/ အနုပညာ လက်ရာက ကဗျာဖတ်သူ/ အနုပညာ ခံစားသူရဲ့ ရှေ့မှောက်မှာ ရောက်ရှိနေပါတယ်။ အခု ကဗျာဖတ်သူ/ အနုပညာခံစားသူရဲ့ အခန်းကဏ္ဍကို ဆက်လက်ဆွေးနွေးဖို့ လိုအပ်လာပါတယ်။ ကဗျာဖတ်သူက သူ့ နဂိုမူလ ကဗျာအသိအမြင်နဲ့ ထင်မြင်ယူဆချက်အပေါ် အခြေခံပြီး ကဗျာဖြစ်ခြင်း မဖြစ်ခြင်းကို ဆုံးဖြတ် သတ်မှတ်ရာမှာ အနုပညာ လက်ရာဆီက သူ ကူးစက်ခံစား/ ဖမ်းဆုပ် ရရှိတဲ့ ရသခံစားမှု ( Aesthetic Feelings ) ဟာလည်း အရေးပါ အရာရောက်တဲ့ အချက်အလက်တစ်ခုပဲ ဖြစ်ပါတယ်။
 #  ရ သ ခံ စား မှု ဆို တာ
                      Richard R.Dixon နဲ့  Murad Saifulin တို့ တည်းဖြတ်တဲ့  A Dictionary of Philosophy မှာ ရသခံစားမှု ( Aesthetic Feelings ) ဆိုတဲ့ စကားအသုံးအနှုန်းကို ဒီလို အဓိပ္ပာယ် ဖွင့်ဆိုပေးထားပါတယ်။
                      Aesthetic Feelings = emotional condition arising in the process of aesthetic perception of the phenomena of reality or works of art. Since man's artistic attitude is ideologically emotional, it is neither exhausted by the A.F nor can it exist without them.
                      ရသခံစားမှုဆိုတာ အရှိတရား ဒါမှမဟုတ် အနုပညာလက်ရာတွေရဲ့ သဘာဝ၊ ဖြစ်ရပ်တွေနဲ့ ဆိုင်တဲ့ ရသသိမြင်မှု ဖြစ်စဉ်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှု အခြေအနေ။ လူသားရဲ့ အနုပညာဆိုင်ရာ သဘောထား အမြင်ဟာ သဘောတရားရေးရာအရ စိတ်ခံစားမှုနဲ့ သက်ဆိုင်။ လူသားရဲ့ အနုပညာ အမြင်ဟာ  ရသခံစားမှုတွေအားဖြင့် မပြီးပြည့်စုံစေနိုင်သလို ရသခံစားမှုတွေ မပါဘဲနဲ့လည်း အနုပညာအမြင်ဆိုတာ မဖြစ်တည်နိုင်။
                     ဆရာဇော်ဂျီတို့လို ရှေးအစဉ်အလာ ရသပညာရှင်တွေကတော့ ရသ ဆိုတာကို " နှစ်သက်ကြည်နူးမှု " လို့ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြပါတယ်။ ကဗျာဖတ်သူ/အနုပညာ ခံစားသူတစ်ယောက်ဟာ ကဗျာစာသား/ အနုပညာ လက်ရာကတစ်ဆင့် နှစ်သက်ကြည်နူးမှုကို ခံစားရမှ အဲဒီ အရာဟာ ကဗျာဖြစ်တယ်/ အနုပညာ မြောက်တယ်လို့ သတ်မှတ်ယူဆကြတာ ဖြစ်ပါတယ်။ အဲဒီ " နှစ်သက်ကြည်နူးမှု " ဟာလည်း ကဗျာ/ အနုပညာလက်ရာနဲ့ သူ့ ဘ၀အတွေ့အကြုံ၊ အာရုံခံစားမှု၊ ကဗျာအနုပညာဆိုင်ရာအသိအမြင်၊ ကဗျာအနုပညာခံစားလေ့လာတဲ့ အလေ့အကျင့်၊ အကြိုက် စတာတွေ တိုက်ဆိုင်ထိတွေ့မိရာကတစ်ဆင့် ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ရပ်သာ ဖြစ်ပါတယ်။ ကဗျာ/ အနုပညာ ခံစားသူဟာ ကဗျာအနုပညာဆီက " ရသ နှစ်သက်ကြည်နူးမှု တစ်စုံတစ်ရာ " ကို ခံစား ရရှိရင် အဲဒီ လက်ရာကို အနုပညာ မြောက်တယ်/ ကြိုက်တယ် လို့ ဆုံးဖြတ် သတ်မှတ်ပြီး အဲဒီလို မခံစားရရင် ကဗျာ အနုပညာ မဟုတ်ဘူး/ မကြိုက်ဘူး လို့ ဆုံးဖြတ်ပြောဆိုလေ့ ရှိပါတယ်။
                      အဲဒါဟာ အမှန်တရားမဟုတ်ဘူးဆိုတာကို မမေ့ဖို့ ထပ်မံ သတိပေးလိုပါတယ်။
                      ကဗျာ/အနုပညာ လက်ရာ တစ်ခုဟာ ကဗျာဆရာ/ အနုပညာ ဖန်တီးသူရဲ့ အာဏာရှင်ဆန်တဲ့ အမိန့်အာဏာအောက်က လွတ်မြောက်ပြီး ကဗျာဖတ်သူ/ အနုပညာ ခံစားသူ ရဲ့ ရှေ့မှောက်ကို ရောက်နေတာ၊ လတ်တလော အခြေအနေမှာ အနုပညာရှင်ရဲ့ ထင်မြင်ယူဆချက်ထက် ကဗျာဖတ်သူ/ အနုပညာခံစားသူရဲ့ ခံစား ဆုံးဖြတ်ချက်က ပို အဓိက ကျနေတာ မှန်ပါတယ်။ဒါပေမဲ့ ကဗျာဖတ်သူ/အနုပညာ ခံစားသူရဲ့ " ရသအသိအမြင် " က ဘယ်လောက် ကျယ်ပြန့် နက်ရှိုင်းမှု ရှိသလဲ ၊သူ့ရဲ့ " ရသခံစားနိုင်မှု စွမ်းရည်က ဘယ်လောက် မြင့်မားသလဲ " ဆိုတဲ့ ခြွင်းချက်တွေက ရှိနေပါသေးတယ်။ ကိုယ့်ရဲ့ ရသအသိအမြင်က ကျဉ်းမြောင်း၊ ရသခံစားနိုင်မှုစွမ်းရည်က နိမ့်ကျနေပြီး ကဗျာ/ အနုပညာလက်ရာမှာ ပျော်ဝင်နေတဲ့ ရသအလှအပက နက်ရှိုင်းကျယ်ပြန့်နေတာမျိုးရော မဖြစ်နိုင်ဘူးလား။
                       အဲဒီလို ကဗျာ/ အနုပညာ လက်ရာနဲ့ ကိုယ့်ရဲ့ ရသ အသိအမြင်ကြားမှာ ရသဆိုင်ရာ အကွာအဝေး/ကွက်လပ်တစ်ခု ဖြစ်နေမယ်ဆိုရင် ကဗျာဖတ်သူ/ အနုပညာ ခံစားသူရဲ့ ဆုံးဖြတ်သတ်မှတ်ချက်ဟာ မှားယွင်းလွဲချော် သွားနိုင်ဖို့ ရာခိုင်နှုန်း များနေလိမ့်မယ်လို့ ထင်မြင်မိပါတယ်။
                       ဒီ အဆိုပြုချက်ကို သက်သေပြဖို့အတွက် နမူနာကဗျာ (၃ ) ပုဒ် ကို ဖော်ပြပေးချင်ပါတယ်။
ဒီနေရာဟာ ယုံကြည်ခြင်းမဲ့ ကလေးတွေရဲ့စွန့်ပစ်ခံအိမ်ရာ
ငွေကြေးမဖြစ်တဲ့ အနုပညာဆာငတ်မှုတွေ ။
ဟိုဟာမကလည်း ကျမရဲ့ ၀တ္ထုထဲမှာတောင် ရှင်ဟာ လူယုတ်မာနေရာတည့်တည့်မှာရပ်လို့တဲ့
ကမ္ဘာရဲ့ပထမဦးဆုံး မုဒိမ်းမှု ကို အမျိုးသမီးတွေက စတင်ပြုကျင့်ခဲ့။ Anti-Feminist ၀န်ခံခြင်း။
ရှေ့ဖြစ်ဒုက္ခရဲ့အစာအိမ်ထဲ နာနိုစက်ရုပ်ငယ်လေးတွေနဲ့
ရတောင့်ရခဲ ရုန်းကန်မှုတွေကို ဆေးထိုးပြီးကြီးလာတဲ့ ...ဟိုဘာလဲ ကိုယ်မေ့သွားလို့ ... ကိုမာ။
ဒါမျိုး လူလည်ကျလို့ရမလား ပြောပြော...ဘာလဲပြော ဆိုတဲ့ နှုတ်ခမ်းနီလေးထဲ ပျော်ဝင်လို့ ...
သူတို့ ဆီက BLOW JOB ကို ဒီမှာ အောင်မြင်စွာ သုံးစွဲနေကြ။
သူတစ်ခါပဲလူသတ်တယ်။ ဒါပေမယ့် တစ်သက်လုံးလူသတ်သမားဖြစ်ရော
ပျော်စရာရွှင်စရာ လူ့ကမ္ဘာ
ဆိုတဲ့ ...
မွန်မြတ်လှပါတဲ့ hymn တွေ
ism တစ်ခုခုမှမဟုတ်ရင် စောက်သုံးစားလို့မရတော့ဘူးထင်တဲ့ ideology တွေ
သေသွားတဲ့သူတွေကို ကိုးကွယ်ပြီး ရှင်နေတဲ့ သူတွေကိုသတ်ရမလား
အို !!!
ဘာသာရေး crisis တွေ။
သွေးကြောထဲမှာ ၀င်ရောက်ခွေဝင်ပြီး  ပေါက်ပြဲသွားတဲ့ ၀ါယာကြိုးလေးတွေကနေ
အသားချင်းမထိလိုက်ရပဲ ရသွားတဲ့သန္ဓေသားအထိ ဘုရားနဲ့ မဆိုင်လိုက်ရလို့  anti-science ကော်မာ
God is everything လေးတွေ ။
သမိုင်းဟာ ကျင်ငယ်ရေပဲ။ ကိုယ် အဲ့ဒီလိုသဘောထားတယ်။ လူငယ်တွေသေပြီး လူကြီးတွေပြောစရာများချန်ခဲ့ခြင်း။
ဟက်ဟက်ဟက်ဟက်ဟက် ........
နာတာရှည်ကြောက်စိတ်တွေ။
Evolution ပါလို့ ပြောပြီး တစ်ချိန်လုံး ကိုယ့်စိတ်ကို Revolt ပြန်ပြန်လုပ်ကြည့်နေတဲ့ အသွေး အသား
အမှန်တရားအကြောင်းပြောတဲ့သူတွေကို ကိုယ် စောက်ရမ်းကြည့်မရဘူး
ခွေးရူးကောင်းစား တစ်မွန်းတည့်ပါဆိုတဲ့ လိင်နံ့ ထွက်နေတဲ့ ပါးစပ်တွေ
လူတွေကြားထဲမှာနေတဲ့ ဗီဇကွဲတွေကို ဘုရားစင်ပေါ် ကိုယ်တင်ထားလိုက်တယ်
အိပ်ဆေးတွေဟာ လူငယ်တွေရဲ့ မျက်ကြည်လွှာထဲက လွတ်မြောက်မှုတစ်ခု
သူမ  စစ်တွင်းမှာ မုဒိမ်းအကျင့်ခံရတုန်းက နောက်ဆုံးမျှော်လင့်ခဲ့တာက ကွန်ဒုံးတွေဖြစ်မှာပဲ။
ကျေးဇူးတင်
ချီးမွမ်း
ဝါယာရှော့ရိုက်ပြီး မောင်းရမဲ့ ဦးနှောက်
လျှပ်စစ်တွေစီးဝင်မှ မျောပါလာမဲ့အသံ ၊ နာကျင်မှုတိုင်းထွာရေးစက်
အင်တာနက်က အောပုံတွေကို လူကြီးတွေက ခိုးကြည့်တယ်။ ပြီးတော့ တရား ရကြတယ်။
Better life ဟာ Capitalist တွေရဲ့ အိုက်ဒီယာတွေနဲ့  ပေါင်အထိလှန်ပေးထားတဲ့ ပိုစတာကိုကြည့်ခြင်း
လူတစ်ယောက်ပေါ်ပြုံကျလာတဲ့ အမြင်ဟာ ဖက်ရှင်။
မင်း ထားသွားမှ နေ ဆိုတာ မီးလောင်နေတဲ့ဂြိုလ်မှန်း ကိုယ်သိတယ်။ အဲ့ဒါဆို မှောက်လိုက်လေ ...။
ငြိမ်းချမ်းရေးအတွက် လက်ဝှေ့ပွဲ
အာဖဂန်လက်ဝှေ့သမား ဟမ်မစ်ရာဟီမီနဲ့ တန်ဇန်နီးယားလက်ဝှေ့သမား ဆာအစ်အမ်ဘယ်ဝါ ။
ဦးသိန်းစိန်၊ဒေါ်အောင်ဆန်းစုကြည်တို့ထက် ပိုစိတ်ဝင်စားစရာကောင်း၊ အရေးကြီးတဲ့ ကိုယ့် ညနေစာ။
လူရိုင်းတွေမှာလည်း သူတို့ ရဲ့ စံနှုန်းနဲ့ သူတို့ ယဉ်ကျေးမှုရှိတယ်။
ဘ၀ဆိုတာ ကြီးကျယ်တဲ့ ရှုမျှော်ခင်း။ လူက လျှောက်လှမ်းသွားရတယ်။
ရင်ခွင်ရှိန်း
ကိုယ်ကြာပွတ်မကြိုက်ဘူး ကြင်နာမှုကြိုက်တယ် သိရဲ့လား
အရှိန်နဲ့ အပျော်ပေါင်းပြီး ပြေးထွက် လွတ်မြောက်လာတဲ့ မြစ်ပေါ် ရေကာတာပြုတ်ကျခံလိုက်ရသလို အသိစိတ် Brake ပေါက်သွားတဲ့ အထိတ်တလန့် Pro Slam ဘယ်ကောင် Play ဝင်နှိပ်လို့ပေါ်လာပြန်လဲ မသမာမှုလူသားရဲ့ခြေဖမိုးက ဆန်တက်လာတဲ့ အတွေးသစ်က အရှက်ပြေ Status Update အဖြစ် ဖြစ်လာသလို
အာရုံစိုက်ဝင်တိုင်းမှာ Observe ရယ်ဖြစ်ကြတယ်။ကိုယ့်မှတ်ဥာဏ်က ရေတွေခဲတယ် ကျောက်တွေကွဲတယ်
ယူတို့အိုင်တို့က ပစ်ပေါက်စိုက်ပျိုးနည်းနဲ့ ထုံကူးခံရခြင်း အိပ်ရာအဝင်မှာ  နစ်ဝင်သွားတဲ့ နူတ်ခမ်းတွေအောက်က Closed with a slam
ဆီးကိုင်းမှာ ကျားလျှာတပ်ပြီး သွေးအေး Definition ကိုဆောင်းထားတဲ့ မင်းတို့လူမှု့ရေးအနှစ်ချုပ်က  Collaboration မရှိ ငါကျိုးကျနေချိန်တွေမှာ စာမလာ အကြောင်းမကြား ငါလက်ခံဖို့ ငြင်းပယ်နေရင်းက ရင်းထလာတဲ့ နာကျင်မှု့ Part I ရွံရှာခြင်း Part II နောက် ကျောမလုံတဲ့ Part III  အကောင်းမြင်စိတ်လက်ကျန်ကို နားထဲထည့်ကလော် အစပြန်ဖော်လိုက်မှ  မှတ်မိလာတဲ့ ဒိုင်မေးရှင်းသုံးခုနဲ့ ကျယ်ပြန့်မှု့ကို အဓ္ဓမတိုးချဲ့ထားသလို အယောင်ဆောင် ပိုင်နိုင်မှု့ကအစ တစ်ကိုယ်ရေ ပျက်စီးလိုမှု့အထိ ခွာလိပ်မယ့် မြင်းပေါ်မှာ ရှိသမျှ ခံနိုင်ရည် လောင်းကြေးအဖြစ် ပါသွားပြီ။အားကုန်တွန်းပြီးမှ မသိစိတ်ပေါ် ဖုတ်ဖက်ခါ အမောပြန်ဖြေမိ ပဲ့ကျလာတဲ့ အသားစတွေ လူမြင်ကောင်းရုံ ပြန်ဖာနေ
လက်ကမ်းရင် လက်လှမ်းရမယ်ဆိုတဲ့ Auto Response ဒီဘက်ခေတ်ရဲ့ အလွမ်းက
တစ်ယောက်ရင်ထဲ တစ်ယောက်တိုးဝင်လိုက်မှရေစီးသံ သာသလိုလိုနဲ့ တစ်ယောက်အကွယ်မှာ တစ်ယောက်သွေးကြောထဲ တစ်ယောက်ဖောင်ဖျက်ကြ ငယ်ဘဝနဲ့ကွာတာက ဘောင်းဘီနောက်တစ်ထပ် ပိုချွတ်ရတာပဲလို့ ငါဆိုရင် လတ်တလော Development သတင်းမှာ ညနေစာပါသွားပြီ။
သရုပ်မှန်ခြင်းမှာ ငြိကျန်ခံရသလို အလန့်တကြား Slam တွေမှာ ဝိညာဉ်ကို ပြန်ဖမ်းဖို့မလွယ်ဘူး အသံထွက်ကောင်းမွန်တဲ့ ငရဲအော်သံအလန်းစား application။
Puppet အနုပညာနဲ့ ပွန်းကားတွေ ဖန်တီးချင်စိတ်မဝင်ကြဘူးလား။
Message တွေ Miss Call တွေက Black List ထဲကနေ ကုန်းရုန်းထ မျက်ကြည်လွှာ တွေကိုဖြတ်နင်းပြီး Eardrumကို ပြန်လည်ခုန်ဟပ်နေတာတွေ
အိုင်ကျသွားတဲ့ မြေပေါ်မြေအောက်နဲ့ ယူထွက်သွားတဲ့ ကမ္ဘာတစ်ခြမ်းအထိ ပျော်ရွှင်မှုဝါဒီဟာ လူရာမဝင်သေးဘူးလုံခြုံမှု့အစစ်နဲ့ ဝေးနေသမျှကာလပတ်လုံး ကလုန်းတွေနဲ့ပဲ ကိုယ်က စု တု ပြု့တယ်။
နာကျင်မှု့ဆိုလည်းအတု ပျော်ရွှင်မှု့ကလည်း အတု အယောင်ဆောင်Milky Way တစ်ခုလုံးကို အပြီးသတ်စားသုံးခံလိုက်တော့မယ့်သေချာပုံမျိုးနဲ့စိတ်ရှည်လက်ရှည် ရှိနေချိန်တွေမှာ ဘာတွေကို ထိုးကြွေးမလဲ။စက္ကူယဉ်ကျေးမှုနဲ့ ရေစက်လက်ဘဝတွေဟာ မထိစပ်ခင်မှာကို  ကီးချော် မနားတမ်းပြောရရင် ဝေးကွာခြင်းအလွန်မှာလည်း ပိုပြီးဝေးကွာခြင်းပဲရှိတယ်။
ဇက်ကကြိုး
**ကဗျာခေါင်းစဉ်..ကိုစိုးမင်းအောင်ကဗျာစာသား**  
ရန်သူ၊ ပြီးတော့ စုန်းမ ၊ နောက်ထပ်လာမယ့်ခေါင်းစဉ်အောက်မှာ ရှင်နဲ့ ကျွန်မဆိုတာ ကမ္ဘာ့ရန်
ဆိုပါစို့
အထက်ပါခေါင်းစဉ်၊ မကြာမီလာမည့် အောက်ပါအရေးအသား
ထိုအရာများနှင့် အတူတကွ ဦးတည်ဆွေးနွေးလိုသော သက်ရှိ
အမည် = အင်္ဂလိပ်အက္ခရာအစုအဝေးတွင် နောက်ဆုံးစာလုံးမှစတင်ရေတွက်လျှင် ဒုတိယမြောက်
ထို့ကြောင့် နာမည် Name [ equal ] “ Y ’’
အချိန်၊စာမျက်နှာနေရာ ၊ ပရိသတ်များစွာ သို့မဟုတ် အနည်းအကျဉ်းနှင့် သင် ၊                      
ထို့နောက် လူကြီးမင်း၊ ထို့နောက် ကျွန်မ နှင့် ရှင်  ၊ ထို့နောက် - - - - - - ထို့နောက်တွင် ၊
အိုကေ - Ready ပဲလား ဆိုတော့ ကျေးဇူးပြု၍နားဆင်ပါရှင် အသံမလွှင့် - စာတန်းမထိုး
ခပ်တိုးတိုးပဲ Flow တစ်ချို့ဆိုတာ ရှောခနဲ ထိုးလွှင့်သွားပါတယ်
ဘုရားသခင် - အဲဒီမှာ စတွေ့တော့တာပဲ ။`
[ က ] အကြောင်းအရာ = အရေးအသား = ကျွန်မပြောကြားလိုသော နိဒါန်း
 ကျွန်မရဲ့ဆိုလိုရင်းက နောက်ကျောကို ဓားနဲ့ထိုးခြင်း လို့ ဦးတည်ထားတယ်
သူ့အဆင်လေးကြည့်လိုက်တော့ ဟိုရက်ပ်သီချင်းထဲကလို လက်လက်ကိုထနေတာပဲ
ဟိုဟာပဲဆိုတော့ ဟင့်အင်း မဟုတ်ဘူးရှင် ဒီလိုပဲ မလန်းလန်းအောင် ဖလန်းထားတယ်
ကျွမ်းဆင်ပဲ - ဟိုဟာဒီဟာ ဘာညာအထာဆိုတဲ့ ခေတ်အဆင်တွေအကုန် ကျွတ်ဆင်ပဲ
နေ့မြင်ညပျောက် ဟောတစ်ယောက်ဟောတစ်ယောက် မော်ဒယ်လ်ဂဲလ်နာမည်တွေလို
ခပ်ရှေးရှေးပဲ - အဲမှားလို့ရှင့် ခပ်ရှည်ရှည်ပဲ ( ပဉ္စကလျာနီနွဲ့ပါးလျဒေ၀ီ ) ပေါ့ သူ့နာမည်
ကျွန်မက ရှင်လို စေတစ်လုံးပိုင်ရှင် သူဌေးသမီး အလန်းဖလန်း တစ်ယောက်မဟုတ်ဘူး
ကျွန်မက ရှင်လို ပြိုင်ကားတစ်စီးနဲ့ နုထွတ်၊ အု၊ အက်နေတဲ့ နေမထိ ပန်းတစ်ပွင့်မဟုတ်ဘူး
ကျွန်မက ရှင်လို ပဲဆီ၊ နှမ်းဆီ၊ Sexy ဒီဇိုင်းနဲ့ အီမို၊ Gothic ၊ Danger ဟန်ပန် ခေတ်ပေါ်
အသစ်ထွက်သမျှ ဂေါ်နေနိုင်တဲ့ ၂၁ ရာစုခေတ် Celebrity တုပ ကလုန်း တစ်ကောင်မဟုတ်ပြန်ဘူး
အဲဒါကြောင့် ကျွန်မဆိုတာ ကျွန်မပဲ - ရှင်ဆိုတာတော့ ရှင်ပေါ့ - သူဆိုတာလည်း သူပဲ[ သူ = ကျွန်မရဲ့ J ]
သူဆိုတာ ကျွန်မရဲ့မင်းသားလေး  နိုး - မဟုတ်ဘူး  ကျွန်မတို့ရဲ့လို့ နာမ်စားသုံးလို့မရဘူး
ရင်သပ်ရှုမောဒီဇိုင်းကောင်လေးဟာ ကျွန်မတရားဝင် Boy Friend ၊ လက်ရှိကာလတွင် သိပ်မသေချာ
သောအခါ - မိတ်ဆက်ပေးလိုက်သောအခါ - ကျွန်မရဲ့J နှင့် ရှင် သူငယ်ချင်းတွေဖြစ်ခဲ့ကြသောအခါ
ရှင် ပြောတယ် B>F>F - ကျွန်မနဲ့ရှင် တစ်ကယ် B>F>F - စည်းအထပ်ထပ်တော့စောင့်သင့်
အင် မ် - အခုတော့ အရပ်ရပ်နေပြည်တော် ကြားလို့မှ မသင့်တော် - အော - အော်
 Bell လုဖက်တဲ့  ရှင်နဲ့ကျွန်မဆိုတာ လုဖော်လုဖက်ပေါ့ - တက်ပြီ SHOCK ပဲ -
Snare နေ၀င်းရေးတဲ့ တက်ပြီ ရှော့ခ်ပဲ - စန္ဒီမြင့်လွင် ဆိုတဲ့ တက်ပြီ SHOCK ပဲ
အူနုကျွဲခတ်သွားတယ် - J ဆိုတဲ့ ဆန့်ကျင်ဘက်လိင်အတွက် ရှင်နဲ့ကျွန်မ ကျွဲခတ်ကြတယ်
ပြိုင်ကားလှလှလေးနဲ့မချုပ်နိုင်တော့လည်း ကျွန်မက ဆွေ့ဆွေ့ခုန်ပဲ - ဟောဒီလို စွေ့ခနဲ ခု န်
လူမသိသူမသိ ရှင့်တစ်ယောက်တည်းကျိတ်လို့ ပန်းစည်းလက်ဆောင် ခိုး စည်းတယ် ( J အတွက် )
ပါဆယ်ဝန်ဆောင်မှုကတစ်ဆင့် ပစ္စည်းပစ္စယ အလုံးစုံပို့တယ် ( သို့ - J ) နှင့် ခေတ်နောက်ပြန်ဆွဲလို့
ကျွန်မရဲ့ မင်းသားလေး J ၏ ကိုယ်ရေးကိုယ်တာ အချက်အလက် အသေးစိတ် လျှို့ဝှက်သိမ်းဆည်းလို့
E.g - များမှာ အောက်ပါအတိုင်း
            J ၀တ်ဆင်သော ဂျင်းဘောင်းဘီ၏ ဆိုဒ်အသီးသီး ( Alter – Style Pan – Skinny – Short Pan ….etc )
            J သုံးသော Cosmetic ပစ္စည်းများ၏ တံဆိပ်မျိုးစုံ
            J စီးနင်းသော ဖိနပ်မျိုးစုံ ဆိုဒ် ၊ တွင် မြန်မာဖိနပ်မှစ ရှုးအမျိုးမျိုးနှင့် ဂွင်းထိုး၊ အသေးစိတ်ပါမကျန်
            J ကြိုက်နှစ်သက်သော အစားအစာ၊ ဇာတ်လမ်းအမျိုးအစား ၊ သီချင်း ပုံစံ၊ ဇာတ်ကောင်
            J ----------- သော ၊ အို အမျိုးစုံ အမျိုးစုံ ပြောရင်းနဲ့သာ အချိန်ကုန်သွားမှာ တစ်ကယ့်အများကြီး
ဟားတိုက်ပြီးသာရယ်လိုက်ချင် - ဟင်း ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်ခြောက်ဆိုသလို
နောက်မှ ပေါက်တဲ့ရွှေကြာပင်က - အိုး  ပြောမပြောချင်ဘူးဆိုပြီး ပြောပြောနေရတာပဲ လိုက်လိုက်နေရတာပဲ
အင်တာနက်ယဉ်ကျေးမှုမှာ - အတင်းလိုက်ဆက်သွယ်နေတော့တာပဲ တန်ဖိုးနည်းခေါ်ဆိုခြင်းဖုန်းလိုင်းအတွင်းမှာ
ရှုပ်ယှက်ခတ်နေတော့တာပဲ - တစ်မျိုးပြီးတစ်မျိုး မရိုးနိုင် လုပ်ဇာတ်ရုပ်ရှင်ရိုက်ကူးနေခြင်းမှာ
အတင်းကာရောလိုက်ချုပ်နေတော့တာပဲ - J ဆိုတဲ့မင်းသားလေးရဲ့ အက်တင်အပြည့်ဆွဲဆောင်မှုမှာ
ရှင်က ကျွန်မရဲ့ J = ကိုဆိုတဲ့ ကောင်လေးကို အရမ်း အရမ်းဖြစ်လို့ - ( ကျွန်မ အတ္တကြီးခြင်း )
ကျွန်မကတော့ J နဲ့ တတ်နိုင်သမျှ အစေးကပ်အောင် ရှိစုမဲ့စု ချစ်ခြင်းတရားနဲ့ အသက်ဆက်တွယ်ကပ်လို့
အဲဒီလိုနဲ့ ကျွန်မနဲ့ရှင် ရှင်နဲ့ကျွန်မ ရှေ့ဆက်နေလိုက်ကြတာ အဖြစ်အပျက်ဆိုတာ ကမ္ဘာကြီးရဲ့ နှစ်ဆယ့်သုံး
နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ တိမ်းစောင်းလည်ပတ်မှုမှာ နေသားတကျကိုဖြစ်လို့ ။
 [ ခ ] အကြောင်းအရာ = အရေးအသား = ကျွန်မပြောကြားလိုသော စာကိုယ်
 ကျွန်မရဲ့ဆိုလိုရင်းက Modern ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ခေတ်ပေါ်ကောင်မလေးနှစ်ယောက် 
အချစ်အတွက်အားပြိုင်လေ့ရှိကြတဲ့အပြိုင်အဆိုင်ဇာတ်ဝင်ခန်းတစ်ချို့ကိုဒီနေရာရဲ့ ဒိုင်ယာလော့ခ်များ
နှင့်အတူထည့်သွင်းလိုခြင်း ဖြစ်ပါတယ် ။
ကျွန်မ    = (                    )
သူ         = [                    ]
(           ) = ကျွန်မ
[           ] = သူ
[ ဂ ] အကြောင်းအရာ = အရေးအသား = ကျွန်မပြောကြားလိုသော နိဂုံး
  ဆိုပါစို့
အထက်ပါခေါင်းစဉ်၊ မကြာမီလာမည့် အောက်ပါ နိဂုံးချုပ်အရေးအသား
ထိုအရာများနှင့် အတူတကွ ဦးတည်ဆွေးနွေးလိုသော သက်ရှိ
အချိန်၊စာမျက်နှာ(နေရာ) ၊ ပရိသတ်များစွာ သို့မဟုတ် အနည်းအကျဉ်းနှင့် သင် ၊
ထို့နောက် လူကြီးမင်း၊ ထို့နောက် ကျွန်မ နှင့် ရှင်  ၊ ထို့နောက် - - - - - - ထို့နောက်တွင်။        ။
B>F>F = Best Friend  Forever
ရန်သူ = တေးရေး ရွှေဂျော်ဂျော် + တေးဆို နီနီခင်ဇော်
စုန်းမ  = တေးရေး မင်းချစ်သူ + တေးဆို တင်ဇာမော်
ရွှေကိုယ်နတ်(UCSM)
[ 15.11.12 – 11:25 Am ]
                       ဒီ နမူနာ ကဗျာ/ စာသားအဆောက်အအုံတွေကို ဖတ်ပြီးတဲ့အခါ ကဗျာဖြစ်ခြင်း မဖြစ်ခြင်း၊အနုပညာ မြောက်ခြင်း မမြောက်ခြင်းနဲ့ ပတ်သက်ပြီး ဆုံးဖြတ်သတ်မှတ်ရာမှာ ကွဲပြားခြားနားတဲ့ အမြင်တွေ ထွက်ပေါ်လာကြမှာ သေချာပါတယ်။ အဲဒီလို ကွဲပြားခြားနားတဲ့ အမြင်တွေကနေ ယေဘုယျ လက္ခဏာတချို့ ကောက်နုတ်ထုတ်ယူနိုင်ပါတယ်။ ကဗျာ/ အနုပညာ လက်ရာတစ်ခု ကဗျာ ဖြစ်ခြင်း မဖြစ်ခြင်း ကိစ္စ ဆုံးဖြတ်သတ်မှတ်ရာမှာ-
                      ( ၁ ) မူလ အနုပညာလက်ရာ ဖန်တီးသူ ကဗျာဆရာ/ အနုပညာ ရှင်ရဲ့ ပုဂလိက ထင်မြင်ယူဆချက်ဟာ ဘာမှ အရေးမကြီး။
                      ( ၂ ) ကဗျာဖတ်သူ/ အနုပညာ ခံစားသူရဲ့ ကိုယ်ပိုင် ဘ၀အတွေ့အကြုံ၊ အာရုံခံစားမှု၊ ကဗျာ အနုပညာ ဆိုင်ရာ အသိအမြင်၊ ကဗျာ အနုပညာ လေ့လာခံစားတဲ့ လူမှု အလေ့အကျင့်တွေအပေါ် မူတည်။
                      ( ၃ ) ကဗျှာဖတ်သူ/ အနုပညာ ခံစားသူရဲ့ ကိုယ်ပိုင်ရသ အသိအမြင်၊ ရသခံစားမှုနဲ့ ရသခံစားနိုင်မှု စွမ်းရည်တွေအပေါ် မူတည်။
                      ( ၄ ) အလှအပဟာ ကြည့်ရှုသူရဲ့ အမြင်ထဲမှာပဲ ရှိတယ် ဆိုတဲ့ သဘောကို အခြေခံ။
                      ( ၅ ) ကဗျာ/ စာသား အဆောက်အအုံတစ်ခုဟာ ကြည့်ရှုသူရဲ့ အမြင်အပေါ် မူတည်ပြီး " ကဗျာ " ဖြစ်နိုင်ခြေ ရှိသလို " စာသားအဆောက်အအုံသက်သက် " ဖြစ်နေနိုင်ခြေရှိတယ် လို့လည်း ယူဆနိုင်။
                      ( ၆ ) ကဗျာဖြစ်ခြင်း မဖြစ်ခြင်း ကိစ္စတွင် လူအများ တညီတညွတ်တည်း လက်ခံနိုင်သော အခြေခံတန်ဖိုးစံနှုန်း မရှိ။
                      ( ၇ ) အနုပညာ မြောက် မမြောက် ဆုံးဖြတ်ချက် ချခြင်းကိစ္စနှင့် ပတ်သက်ရ်ျ အကြွင်းမဲ့ ပြီးပြည့်စုံသော အမှန်တရား မရှိ။
# နိ ဂုံး
                    ဗုဒ္ဓနဲ့ ခေတ်သစ်စိတ်ပညာရှင်တွေရဲ့ အယူအဆအရ ငါ၊အတ္တ၊ အီဂို စတဲ့ အရာတွေဟာ ပကတိ တည်ရှိနေတဲ့ အရှိတရား အစစ်အမှန်တွေ မဟုတ်ဘဲ လူသားတွေရဲ့ အာရု့ထင်မြင်မှောက်မှားမှုအပေါ် အခြေခံပြီး ကိုယ်ပိုင်ထပ်တူအမှတ်အသားပြုထားတဲ့ အရာတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
                    အဲဒီလိုပါပဲ။
                    ကဗျာ/ အနုပညာ၊ ကဗျာဖြစ်ခြင်း မဖြစ်ခြင်းနဲ့ အနုပညာ မြောက်ခြင်း မမြောက်ခြင်းတွေဟာ အမှန်တကယ် တည်ရှိနေတဲ့ အစစ်အမှန်တရားတွေမဟုတ်ဘဲ လူတစ်ဦးချင်းစီရဲ့ အာရုံထင်မြင်ယူဆချက်တွေအပေါ် အခြေခံထားတဲ့ အကြောင်းအရာ/ သညာအမှတ်အသားတွေသာ ဖြစ်ပါတယ်။
                    " ကဗျာ အနုပညာ မရှိတဲ့ ဂြိုဟ်က ဂြိုဟ်သားတစ်ယောက်ရဲ့ ကဗျာဆိုင်ရာ အသိအမြင် " အက်ဆေးမှာ ကဗျာအနုပညာရဲ့ သရုပ်မှန် သဘောသဘာဝဆိုတာ သုည၊ ဘာမှမရှိခြင်း လို့ ကျွန်တော် ပြောဆို ဆွေးနွေးခဲ့ဖူးပါတယ်။ အဲဒီအယူအဆတွေအပေါ်အခြေခံပြီး ကဗျာဆိုတဲ့ စကားလုံးအစား စာသား ( သို့မဟုတ်) စာသားအဆောက်အအုံ ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းလဲသုံးစွဲသင့်တယ်လို့ ကျွန်တော် ယူဆခဲ့တာ ဖြစ်ပါတယ်။
                     အနုပညာမှာ အမှန်တရားကို ရှာဖွေသူဟာ အနုပညာကို အထင်ကြီးလွန်းသူ ဖြစ်ပြီး အနုပညာနဲ့ အမှန်တရားကို ရှာဖွေသူဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသူ ဖြစ်တယ်လို့ ဆရာ သစ္စာနီက ပြောခဲ့ဖူးပါတယ်။ ကျွန်တော့် အမြင်ကတော့ ကဗျာ/ အနုပညာ မရှိဆိုတဲ့ အယူအဆဟာ အနုပညာ အမှန်တရားဆီ အနုပညာဆိုင်ရာ အတွေးအခေါ်နဲ့ ရောက်ရှိအောင် သွားခြင်း ဖြစ်ပြီး ကဗျာအနုပညာ အစွဲအလမ်းတွေကို ပယ်သတ်ဖျောက်ဖျက်ပစ်နိုင်စေတယ် လို့ ယူဆပါတယ်။
                    ကျွန်တော် အတွေးအခေါ် ရှေ့နောက် မညီပုံက လူတစ်ယောက်ရဲ့ ထင်မြင်ယူဆချက်တွေဟာ ထင်မြင်ယူဆချက်တွေသာ ဖြစ်ပြီး အမှန်တရား မဟုတ်ဘူးလို့လည်း တွေးခေါ်ထားပါသေးတယ်။ တကယ်တော့ အမှန်တရားနဲ့ ထင်မြင်ယူဆချက်တွေဟာ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ အသိဥာဏ်ကို လူ့သမိုင်းတစ်လျှောက်လုံး ဒုက္ခပေးခဲ့တဲ့ ဘာသာစကားသင်္ကေတတွေပဲ ဖြစ်ပါတယ်။
                   ဒါပေမဲ့ ကျွန်တော်တို့ဟာ ပုထုဇဉ်လူသားတွေပီပီ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေကို တန်ဖိုးထားဆုပ်ကိုင်ပြီး အမှန်တရားလို့ ထင်မြင်ယူဆရတဲ့ အရာကို ဆက်လက်ရှာဖွေရင်းနဲ့ ကဗျာ အနုပညာတွေ ဆက်လက်ဖန်တီးနေကြဦးမှာ သေချာပါတယ်။
#ေ အာ င် ရ င် ငြိ မ်း
၁ ဇန်န၀ါရီ ၂၀၁၃