Tuesday, June 18, 2013

ငါတို့ခေတ် လူမှုဆော့ဖ်ဝဲဟာ အဆင့်မြင့် ရှုပ်ထွေး



မျက်နှာဖုံးစွပ်တွေ ၊ လူသားထက်အရောင်တောက်ပတဲ့ အခရိုင်းလစ်ဆေးများ ၊ အသက်ရှင်ရတာ တစ်ခုခု လိုနေသလိုပဲ ၊ စက်တပ်ယာဉ်တွေများပြားလာ ၊ အဆိပ်အတောက်တွေ ဈေးကြီးပေး ၀ယ်ယူစားသုံးလာကြ ၊ လူ့အဖြစ်က လွတ်ထွက်မသွားဖို့ ၊ ရက်လွန်မေတ္တာတရား ၊ စက်ရုံထုတ်လူသားများ ၊ ကျောက်ဖြစ်ရုပ်ကြွင်းဦးနှောက်များ ၊ ငါတို့အားလုံးဟာ ထိန်းချုပ်ခံထားရတဲ့ ပရိုဂရမ်တွေ ၊ Freedom of Expression ဟာ အစစ်အမှန်လား ၊ အသက်ရှင်ရပ်တည်ရေးအတွက် မိုက်ခရိုချစ်ပ်တွေ မရှိမဖြစ်လိုအပ်လာ ၊ အကောင်းစားပစ္စည်းတွေသုံးမယ် ၊ အပေါစား အရေးအသားတွေ ဖတ်မယ် ၊ ယဉ်ကျေးမှုဆိုတာ ရိရွဲနံဟောင်နေသော အစုအဝေး ၊ မစ္ဆရိယစိတ်နဲ့ သ၀န်ကြောင်မှု ၊ ကျွန်မရည်းစားက ရှင့်အကြောင်းကို စုံစမ်းနိုင်ခြေ ရှိနေတယ် ၊ အရိုးသားဆုံးပြောရရင် ရိုးရိုးသားသား သတိရမိတယ် ၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေအလားအလာ ၊ အပျိုစစ် မစစ် ဆိုတာထက် ယောင်္ကျားတစ်ယောက်အတွက် အမြဲ အသစ်အဆန်းပဲ ၊ ပိုက်ဆံမသုံးနိုင်ဘဲ ရည်းစားရသွားသူ မဟာကံထူးရှင် ၊ အချစ်နဲ့ တပ်မက်မှု ရာခိုင်နှုန်း အချိုးညီ မညီ ၊ ဦးနှောက်ထဲ ပုံမှားအရိုက်ခံထားရတဲ့ အစစ်အယောင်တွေနဲ့ ၊ ဆံပင်တိုသွားတယ် စကပ်တိုသွားတယ် ခေတ်ကာလယန္တရားနဲ့ တပြေးညီ ပြောင်းလဲနေတယ် ၊ အတွေးအခေါ် သွေးသစ်လဲမလား ၊ ပင်မရေစီးထဲ ဆက်မျောနေမလား ၊ ဆဲလ်အသေတွေ ဖောက်ထုတ်ပစ် ၊ ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် အသက်ရှူတယ် ၊ မှားယွင်းနေသော အမှန်တရားများ လေထုထဲ ပျံ့နှံ့နေတယ် ၊ ဖန်လုံအိမ်ဓာတ်ငွေ့နဲ့ နိုင်ငံရေးအပြောင်းအလဲများ ၊ ခန္ဓာကိုယ် အသားပေးရိုက်ကူးထားသော ကြော်ငြာပိုစတာများ ၊ လူကိုလူလိုမြင်နိုင်ဖို့ ကိုယ်ချင်းစာတရားဆောင်ထားပါ ၊ ခေတ်ကိုအမှန်မြင်ဖို့ ပါဝါမျက်မှန်တစ်လက် ဆောင်ထားပါ ၊ လှေကားသုံးထစ်ဆင်းရင် ကဗျာဆရာဖြစ်တယ် ဆိုတဲ့ အယူအဆ ၊ အကြံပြုချက်များ အားလုံးနီးပါး လှပသောဆင်ခြေများဖြင့် ငြင်းဆန်ခံရ ၊ ကဲ ခင်ဗျားဆိုရင်ကော ဘာရွေးမလဲ ၊ ငွေကြေးနဲ့ စီးပွားရေး အခွင့်အလမ်းများ ၊ ခင်ဗျားဘ၀ အရသာရှိဖို့ ပျော်ရွှင်မှုလိုသလို ကျွန်တော်လည်း ၊ ဦးနှောက်ထဲ အမျိုးအမည်မသိ ဗိုင်းရပ်စ်ဝင်နေ ၊ ကိုယ့်ကိုယ်ကိုယ် သူစိမ်းဆန်ခြင်းဆီ တရွေ့ရွေ့ ၊ ဆန့်ကျင်ဖက်လိင် လိုနေတယ် ၊ ကမ္ဘာကြီး အလာ့ဂျစ်ဖြစ်နေတယ် ၊ ကမ္ဘာပျက်မယ့် နောက်ဆုံးအချိန်မှာ သီချင်းဆိုဖို့ မမေ့နဲ့ ၊ သတိ ! ၁၈ နှစ်အောက် ကလေးများ ကဗျာမရေးရ ၊ ကျွန်တော်ဟာ ကျွန်တော်မှ ဟုတ်ရဲ့လား ၊ လူ့ကျင့်ဝတ်နဲ့ဆိုင်တဲ့ စကားလုံးအဟောင်းတွေ ၊ ဆိုးဆိုးရွားရွားပဲ ၊ သိပ်ရယ်ရတာပဲ ၊ ဒီကဗျာဖတ်ပြီးရင် ခင်ဗျားကိုယ်ခင်ဗျား Format ရိုက်ပစ်လိုက် ။

ေ အာ င် ရ င် ငြိ မ်း ၊ ဆူး ခ က် မ င်း
3 1 0 3 2 0 1 1 0 7 4 5 P M

စာသားကမ္ဘာထဲသို့ နေ့စဉ် ၄ နာရီ


လက်တွေ့ဘ၀ထဲက ခဏထွက်ပြေးခြင်း လို့ ပြောရမလား၊ ငါ့ကို မေ့ဆေးနဲ့ ပက်ပါ* flurry 15၊
ဗလာပဲဟာ** scarlattohara 87၊ ငါ့မှာ စကားလုံးတွေကို အယုံအကြည် မရှိတော့တဲ့ ရောဂါ ရှိတယ်၊
စက်ရုံထဲမှာ အောက်ဆီဂျင် နည်းနေလား ၀ီရထက်နောင်၊ ချစ်ခြင်းမေတ္တာ မျိုးတုံးပျောက်ကွယ်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ၊
အနက်ရောင် အဓိပ္ပာယ်ထွက်နေတဲ့ အနီရောင်စာသားတွေ၊ ငါ့မှာသာ ပစ္စတို တစ်လက်ရှိခဲ့ရင်***၊ မသိစိတ်ထဲ အရေးပေါ် လူနာတင်ကားတွေ
ဆူညံပြေးလွှားနေကြ၊ လူ့ အဖြစ်ကို ငြီးငွေ့နေသလား တိရစ္ဆာန်ရုံထဲ အပန်းဖြေခရီးသွားကြစို့၊ အားးးးးးးးးးးးးးးးအသက်ရှုကျပ်တယ်****
သူငယ်ချင်းတစ်ယောက်ရဲ့ စူးရှနာကျင် အော်ဟစ်သံ၊ မိုးကုပ်စက်ဝိုင်းမှာ မုန်တိုင်းတစ်ခုရှိတယ်*****၊ အိပ်မက်ဆိုးတွေ၊ မျှော်လင့်ခြင်းဟာ သွေးစက်လက်နဲ့၊
ကိုယ်ဝန်ပျက်ကျသွားပြန်ပြီ၊ There is a sense in which on a deep level " We are two persons."***** *၊ မပျော်ရွှင်ခြင်း အရိုးများ၊
စိတ်ကျရောဂါ အများစုဟာ ကိုယ့်ကိုယ်ကို မုန်းတီးမှုမှာ အခြေခံ၊ အသက်ကို ယုံကြည်ချက်နဲ့ ဆွဲဆန့်ထားရမယ် လင်းငြိမ်၊
ကိုယ်လိုချင်တာ မိန်းမတစ်ယောက်ဆီက စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ၊ What's on your mind?၊ စကြာဝဠာလို အချိန်နဲ့ အမျှ ကျယ်ပြောပြန့်ကားလာနေတဲ့
စိတ်ပိုင်းဆိုင်ရာ ကွက်လပ်တစ်ခု၊ ကျွန်တော်တို့ ဖျားနာကိုက်ခဲနေကြတယ်၊ ၂၀၁၀ နိုင်ငံရေး အခင်းအကျင်းသစ်၊
ဘုရားသခင်နဲ့ တက်ကျမ်းများ၊ အမှောင်ခြမ်းက အကူကြိယာနဲ့ ယုံကြည်၊ ကျွန်တော်သာ သမ္မတတစ်ယောက် ဖြစ်ခဲ့ရင်******* ၊
စက်ရုပ်ဆန်တဲ့ မိန်းကလေးတစ်ယောက်အတွက် စာသားလက်ဆောင်၊ ဘာမှ မသိနားမလည်တဲ့ ကလေးတစ်ယောက်လို နေထိုင်ရတဲ့ အရသာကို ကြိုက်တယ်၊လိင်စိတ်ကြွရုပ်ပုံတွေ၊ ၀င်ငွေခွန် စုံစမ်းမေးမြန်းမှုတွေ၊ အွန်လိုင်းမှာ လူပြိန်းကြိုက်စကားလုံးတွေ အမြောက်အမြား၊
look on the sunny side of everything********၊ နီယိုမော်ဒန်တွေက နိမိတ်ပုံ သင်္ကေတတွေ စွန့်ပစ်လိုက်တာ ကြာပြီ၊
ဘာသာစကားဟာ အမှန်တရားမဟုတ်၊ ကျေးဇူးပြုပြီး ၃ မိနစ်စောင့်၊ ပျောက်ဆုံးနေတဲ့ အမှန်တရားကို ပြန်ရှာဖွေပြီး
ခင်ဗျားတို့ ရှေ့မှောက် ခေါ်ဆောင်လာခဲ့မယ်၊ အခုတော့ လစ်ပြီ စကားလက်အိုဟားရား။


အောင်ရင်ငြိမ်း
၅ စက်တင်ဘာ ၂၀၁၀

ရည်ညွှန်း ။ (*) မှ (****) = အွန်လိုင်းသူငယ်ချင်းများရဲ့ စာသားများ
                        (*****) = စာသားကမ္ဘာမှ မြန်မာကဗျာဆရာ တစ်ယောက်ရဲ့ သတင်းစကား
                      (******) = စိတ်ပညာရှင် C.Edward Barker ရဲ့ စာသား
                    (*******) = မရေးဖြစ်သေးတဲ့ ကဗျာတစ်ပုဒ်ရဲ့ ခေါင်းစဉ်
                  (********) = The Psychologist Magazine မှ အကြံပြုချက်

မာကျူရီမီးလျှံတွေကပြင်းအား နှစ်ဆ ကူးစက်ဗိုင်းရပ်စ်တွေက ဖလန်းဖလန်း မြန်နှုန်းမြင့် ဆိုရှယ်အသစ်ကျပ်ချွတ်ကြီးက ၉ လောက်ရှိတယ်

ဖြစ်နေကျဟာ ပျက်နေကျ တက္ကနစ်ကြီးထဲကနေ မလွတ်မြောက်နိုင်
ဒီနေ့ နားထောင်မိတဲ့ မဟာဆန်သူ က ဦးတိုးကြီးမဟုတ်ဘူး အပူပိုင်းမုန်တိုင်း
ပျက်စီးနိုင်ဖွယ်အလားအလာရှိသော အသက်အိုးအိမ်များ နေ့စဉ်သတင်းခန့်မှန်းချက် စိုးရိမ်ရေအမှတ်များ
လေတိုက်နှုန်း တစ်နာရီ မိုင်(၆၀) Emergency အရေးပေါ် လတ်တလော အနိဌာရုံ တိုက်ရိုက်တင်ဆက်ပြသချက်များ
လူမှုရေးအရှုပ်တော်ပုံကြီးက မီးခဏခဏပျက်နေတယ် ဗျောက်ထနေတဲ့ ချန်နယ်ပေါ်ကနေ ရီမုတ်ဟာ ရွေ့ မရဘူး
မြို့ ပြ သစ်ကိုင်းကြီးပေါ်မှာ တစ်ခုခုကို ထိုးသုတ်ဖို့ အသင့်အနေအထား ကြီးမိုက်တွေ
ငွေနံ့ ဟာ လူကြိုက်များတဲ့ ရေမွှေး ခေတ်ပေါ်ယဉ်ကျေးမှု ဓါးသွားမျိုးစုံ နယ်ခြားစည်းတွေ တရကြမ်းချိုးဖျက်
ခေတ်အမြိုက်ကြီးထဲ အရှိန်ပြင်းပြင်းထိုးဖောက်ဝင်ရောက်လာ
လူကြီး၊လူငယ်၊လူမျိုးဘာသာမရွေး အသင့်စားသုံးနိုင် မဖွယ်မရာ အော်ဂလီဆန်မှုများ အဆင့်မြင့်မျိုးပွားနှုန်းမြင့်တက်
လေကောင်းလေသန့် နဲ့ ခေတ်ကောင်း ခေတ်သန့် ကို ဆာလောင်ငတ်မွတ်ကြသူတွေချည်းပဲ
စိတ်တွင်းနက်ကြီးထဲ အဖိတ်အစင်များများ အညစ်အကြေးများများ
အဆင့်မြင့်အိမ်ယာထဲက လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ  လိုကယ် နဲ့  ဗီအိုင်ပီ နဲ့  ငစိန်နဲ့  ပေါ်ဆန်မွှေးနဲ့ 
အာဏာရှင်စနစ်ရဲ့ ဖွားဖက်တော်ဟာ ဟော့ဒီလျော်မရဖွတ်မရတဲ့ အနီရောင် ကင်းဗက်စ်ကြီးပဲ
လျောကျပွန်းပဲ့ပါးလျလာတဲ့ လူမှု ဆက်ဆံရေးတွေ ရေပေါ်ဆီ အရေးတယူမှုတွေ
သွေးတွေ တစက်စက်ကျလာတဲ့အထိ လက်ဆွဲနှုတ်ဆက်လိုက်ကြ
ပြည်သူတွေရဲ့မျက်ရည်ပူပူနဲ့ ခြောက်ကပ်ကပ်လက်ခုပ်သံတွေ ဖျော်စပ်ထားတဲ့ အကျိုးတူပူးပေါင်းခြင်းကော်ဖီခွက်
အစွန်းရောက်မှုဟာ ကင်ဆာထက် ဆိုးတယ် အေ့စ်ထက် သာတယ် နောက်ဆုံးပေါ် မကောင်းဆိုးဝါး
တစ်ဖက်ပိတ်ဂူကြီးထဲ လူ့ ယဉ်ကျေးမှုတွေ ပိတ်မိနေတယ်
ဆန္ဒပြပွဲ အငှားလိုက်သည် တဲ့ ရယ်ရတယ် ငိုရတယ် စေးကပ်ပျစ်ခဲလာတဲ့ ရုပ်နာမ်အစုအဝေးကြီး
မလူးသာမလွန့်သာ ဆုတ်ကပ် ဆိုက်ကပ်တွေ တစ်ကပ်ပြီးတစ်ကပ် တစ်ကဒ်ပြီးတစ်ကဒ် တဖျတ်ဖျတ်
အာရုံခံစားမှုက ဘိန်းစားတစ်ယောက်သာသာ ခေတ်ကြီးရဲ့သွေးကြောထဲ
မူးယစ်ရီဝေခြင်းတွေ အတောင့်လိုက်ထိုးသွင်းရင်း social တွေ တဖြည်းဖြည်းကျ တ၀ုန်းဝုန်းကျ
ကျသထက်ကျ ကျပ်သထက်ကျပ် လျှပ်ပေါ်လောလီမှုဟာ ဖုံးမရဖိမရတဲ့ အက်ကွဲကြောင်းကြီးဖြစ်လာ
ပညာကို FEC နဲ့ ဝယ်ရ ဦးနှောက်ထဲ စက်ရုပ်အတွေးအခေါ်တွေ အနည်ထိုင် ကျောက်ဖြစ်
ချစ်လှစွာသော မြစ်ကြီးရဲ့ ကျန်းမာရေးကလည်း ချူချာ အလင်းဟာ ပိန်လာတယ် ပိန်းလာတယ် ပိတ်လာတယ်
ရီဆိုင်ကယ် ဟာ မည်းမည်းမြင်ရာ ထည့်ကြိတ်နေတော့တာပဲ ခြေချင်းလိမ်နေတဲ့အရှုပ်ထုပ်များ
ပေါ်ပင်ဆန်ဆန် လူအခွင့်အရေးများ အာဏာ/နာ လျှာနာခွာနာများ ထွေးမရအန်မရ မြိုချမရ freedom ကြီး
'စစ်'တုရင် ပေါ်မှာ နယ်ရုပ်လေးတွေ တစ်ကွက်တက်တာနဲ့ တစ်ခါအစားခံလိုက်ရ တစ်လှမ်းတိုးတာနဲ့ တစ်ခါမျိုးကန်းရ
ဒီအရေးလား ဒို့အရေးလား သူ့အရေးလား ခပ်တည်တည် ရေးလိုက်ကြ demo လိုလို homo လိုလို ဟိုလိုလို ဒီလိုလို
ချည်မျှင် အရှုပ်အထွေးကြီးထဲ ဝမ်းရေးတွေ လိမ်ပတ် ပျော်ရွှင်မှု စစ်စစ်ဟာ စစ်တွေ စနစ်တွေထဲမှာ
သန္ဓေ ခဏခဏ ပျက်ကျတယ် effect တွေထူလပျစ်နဲ့ ကမ္ဘာ ရမ္မက်ခိုးတွေ အရည်ထွက်နေတဲ့ ကမ္ဘာ
ချစ်ခြင်းမေတ္တာဟာ ပိုင်းစစိတ်မြွှာခံနိုင်ဆုံးစာသားပဲ  ဆိုက်ကိုလိုဂျီ အဆောက်အအုံ
အနုပညာစိုက်ခင်း အသစ်နံ့ တွေအူထွက်နေတဲ့ လူငယ် ပွယောင်းယောင်း ဖောင်းကားကား လိင်ယဉ်ကျေးမှု
ထိတ်လန့့်ဖွယ်ရာတွေ ဒလဟောစီးဆင်း မြို့ပြရေတံခွန်အတုကြီး
ဦးနှောက်အတု နှလုံးသားအတု မျက်လုံးအတု နားအတု စိတ်အတု ဆီလီကွန်မြို့ကြီးထဲ
တစ်စစီ တစ်မှုန့် စီ တစ်ခဲစီ တစ်ချပ်စီ တ ဆစ် ဆစ် ကိုက်ခဲနေတဲ့ အနာဟောင်းကြီးလို ညှီစို့ စို့ 
မှုတ်ဝဲစုပ်ဝဲတွေနဲ့ ဖွဲ့ စည်းတည်ဆောက်ထားတဲ့ လူ့ ကွန်ယက်ရေစီးကြောင်းကြီး
နိုင်ငံရေးဆိပ်ကမ်းမှာ ဆိုက်ကပ်မှုစိတ်တွေ ကန်းလို့ မဖြစ်ဘူး စိုက်ထားတဲ့ပန်းတွေ ရင်မြေသားအပြည့် 

 လင်းလက်တာရာ& ရွှေဆက်
 (14.5.2013)

ကျွန်မဒိုင်ယာရီမှာ ကျွန်မနာမည်အစစ်ရှိတယ်

ဒီနေ့ရဲ့ရာသီဥတုက အထာမကျဘူး ကော်ဖီဆိုင်ရဲ့ Air con က သောကတွေ မှုတ်ထုတ်နေတယ်
အသားညှပ်ပေါင်မုန့်ထဲက တန်ဆာပလာတွေလို ကရိကထများလွန်းတယ်
ကျွန်မလို သံချေးတက်ပုံးတစ်ပုံးကို ခေါက်ချလို့ ဘာတွေထွက်ကျလာမလဲ
ကျွန်မနဲ့ညဟာ ကက်ကင်းမဟုတ်ပေမယ့် အပြန်အလှန်မှီတွယ်မှုနဲ့ ရှင်သန်တယ်
သက်တန့်များတွေ့မလားလို့ ခုနှစ်ရောင်ခြယ်ထားတာ
မော်တာမရုန်းနိုင်တဲ့ ကက်ဆက်သံနဲ့ တယောထိုးခံနေရတယ်
ဘဝက တစ်ခါတစ်လေတော့ ပြက်လုံးကောင်းတစ်ခု
ကျွန်မတွေးနေတာက အဆိပ်တက်နေတဲ့ မှောက်မှားမှုတွေကို
အယားပြေသွားအောင် IPhone တစ်လုံးနဲ့လဲလိုက်ရင်ကောင်းမလား
တစ်ခန်းရပ်ဇာတ်မှာမီးမှိတ်လိုက်တော့ အသက်ရှူပြင်းတဲ့ ရယ်သံတွေကိုမြူဆွယ်လိုက်တယ်
ရှင်ကြည့်လိုက်လေ ကျွန်မရဲ့ရမ္မက်ချော့တေးမှာ ဒင်းတို့တွေ နားလံထူနိုင်သေးရဲ့လား
ဒါပဲလေ ကျွန်မနာမည် ဘိုဆန်ဆန်ပေးထားတာ ဆိုဖီယာ
ရှင်တို့တပ်မက်လွန်းတဲ့ အလှတွေနဲ့ခမ်းခမ်းနားနား ဘဝနာထားတဲ့ ဆိုဖီယာပေါ့
နုနုလှလှ စကားလုံးတွေနဲ့ အယုံသွင်း ပစ်ပေါက်ခံရတဲ့ ဆိုဖီယာလို့ပဲ ရှင်မှတ်ထားပေါ့
ရိုးသားမှုကို အလိုရမ္မက်တွေ ကောက်ကျစ်စွာ လုပ်ကြံလိုက်ကြတယ်
ငတ်မွတ်မှုတွေကို တန်ခိုးရှင်က ဖန်ဆင်းထားတဲ့အခါ ကျွန်မကြည်ညိုစရာ ဘယ်သူရှိမလဲ
သူများရဲ့မှောက်ဖဲတစ်ချပ်ကို ကိုယ့်စိတ်ကူးနဲ့ တိတိကျကျ ပုံရှိုးလိုက်ရသလို
ကံတရားအစားထိုး ဥာဏ်များမှ မြေခွေးတွေကြားမှာ လက်မထောင်နိုင်မှာ
မျက်နှာဖုံးစွပ်ထားတဲ့ကပွဲထဲ ရှင်နဲ့ကျွန်မ ဘာရေမွှေးတံဆိပ်ကပ်ပြီး ဒိုးမလဲ
အော် ကျွန်မရဲ့ အဝတ်အစား Brand တွေကို အံ့သြသွားလား
ဟင်းဟင်း..သိပ်အများကြီးမတွေးနဲ့ ရှင်ရူးသွားလိမ့်မယ်
တဖျတ်ဖျတ်လက်နေတဲ့ Flash မီးရောင်အောက်က ကကြိုးတွေကို ရှင်ရင်ခုန်နေလား
Steven Tyler သီချင်းလို ထပ်ကာထပ်ကာ ရွတ်လိုက် Just feel better ပေါ့
ရှင့်မျက်လုံးတွေကိုမှိတ်ထားလိုက်ပါ အက်ကြောင်းထပ်နေတဲ့
ရှင့်တို့ Talky တွေက body lotion လိမ်းထားတဲ့ ကျွန်မအသားအရေလောက် မညက်ဘူး
စိတ်ပျက်သွားလား ရှင်ရယ် ကျွန်မကဒီလိုပဲ Social သိပ်ဆန်တဲ့ မိန်းမလေ
လင်ကောင်းသားကောင်း အဲဒါ နှစ်ဆယ်ရာစုခေတ်ဦးလောက်က ဒိုင်ယာလော့ဂ်တွေ
ဝိုင်းဝိုင်းလေးကွေးပြနိုင်ဖို့ ဆယ်နှစ်ဆယ်မိုး မစောင့်ချင်တော့ဘူး
ရှင့်ရှေ့က သက်ကြားအိုကြီး ရေတော်တော်လျှံပုံပဲ သူ့လက်ထဲက Sponsor ဆိုတဲ့စကားလုံးကို ကြွေကျလာအောင်လုပ်လိုက်ရင်ကောင်းမလား
သူ့ဘီယာနဲ့ ကျွန်မရှန်ပိန် ခွက်ချင်းတိုက်လိုက်ရင် အဖြေက ဘာထွက်လာနိုင်လဲ
ခစ်ခစ် ရှင်တော်တော်တုံးတာပဲ အပေးအယူမျှတနေတဲ့ ဆက်ဆံရေးမှာ
ကျွန်မတို့က စည်းအပြင်မှာရပ်နေတာလေ စွန်းသွားတဲ့လက်သည်းနီအတွက်
လက်သည်းဖျက်ဆေးတွေက တပုံတပင်ပေါနေတဲ့ခေတ်
ပွဲလန့်နေတာလေ နေရာရသလောက်တော့ ယူတာကျွန်မအပြစ်တဲ့လား
ကိုယ်ကျင့်တရားတွေနဲ့ ပတ်ဝန်းကျင်ကို ကျိုးသွားအောင် ခေါက်ထားပြီးသား
မိဘမဲ့တစ်ယောက်အတွက် နိုင်ရာစားနေတဲ့ခေတ်မှာ ကျွန်မအတွက် ထွင်ရခက်တဲ့ ဆူးတွေရှိတယ်
ကျွန်မကို စီးကရက်တစ်လိပ်လောက်ပေး ဘဝလို့သဘောထားပြီး အားလုံးကိုမေ့ပြီးရှိုက်ပစ်လိုက်မယ်
ရှင်နဲ့ကျွန်မ စကားပြောလို့ကောင်းတယ် အော် ရှင့် ကဗျာထဲမှာ ကျွန်မအကြောင်းမရေးနဲ့နော်
ကျွန်မနာမည်လား ခက်ပါလားရှင်ရယ် ကျွန်မနာမည်အရင်းက ကျွန်မဒိုင်ယာရီထဲမှာလေ..။

ကျော်ဦး (လှိုင်)

ဘယ်လိုလုပ်သိလဲတော့မသိဘူး Hard Disc ပေါ်ကတွေ့တာပဲ


ခင်ဗျားမှာ အတွေးအခေါ်မရှိဘူး။ အတွေးအခေါ်လို့ ထင်နေတာဟာ တကယ်တော့ ဘာသာစကားပဲ
စကြဝဠာထဲမှာ မျောနေတဲ့ sign တွေ နောင်ပွင့်လာမယ့် လူသားကပ်ရဲ့ ဘုရားအလောင်းတွေ
သူတို့ကို မြင်လည်းမြင်ရ မမြင်လည်းမမြင်ရ။ ဒါဟာ ဆစ်ဂနယ်ပဲ ။ခင်ဗျားအဲဒါကိုသိလား
ငါသိတာ ငါဘာမှမသိသေးဘူးဆိုတာပါပဲ - ဆိုကရေးတီး ခင်ဗျားအဲဒါကိုသိလား
*ကိုယ်ကတော့ ဘယ်လိုလုပ်သိလဲ မသိဘူး Hard Disc ပေါ်မှာ တွေ့တာပဲ။ ဒီထက်ပိုသိချင်ရင် တော့ F7 ကိုနှိပ်ပါ။*


၁။            ကျောကိုဆတ်ခနဲ ပုတ်ခံရတဲ့အခါ
                (က) လန့်ပြီးအော်မိတယ် (ခ) ဘာမှမဖြစ်ဘူး (ဂ) လန့်သွားပေမဲ့ စိတ်ကချက်ချင်းထိန်းလိုက်နိုင်တယ်

၂။            ကိုယ်ကြိုက်နေတဲ့ ကောင်မလေးကို တခြားယောက်ျားလေးတစ်ယောက်နဲ့တွဲပြီး မြင်တဲ့အခါ
                (က) ဝမ်းနည်းတယ်ဒါပေမဲ့ဘာတတ်နိင်လဲ ကိုယ့်ကံပဲလို့တွေးမိတယ် (ခ) အဲဒီကောင်ကိုမကျေနပ်ဘူးရန်သွားရှာမယ်
                (ဂ)  ကောင်မလေးကိုမချစ်တော့ဘူး

၃။            နောက်တစ်နာရီမှာ မိမိကိုယ်မိမိသေမယ်လို့ ကြိုသိနေပြီဆိုရင်
(က) ဘုရားစာရွတ်နေမယ် (ခ) ငိုမယ်၊သေရမှာကြောက်တယ် (ဂ) အမေစုနဲ့ ဓာတ်ပုံတစ်ပုံအမှတ်တရ တွဲရိုက်ခဲ့ချင်တယ်

(၄)           ကိုယ့်ကဗျာကို လူတွေလက်မခံတဲ့အခါ
(က) ကိုယ့်ဖန်တီးမှုကို သူတို့ဥာဏ်က ဘယ်လိုက်နိုင်မှာလဲလို့တွေးတယ် (ခ) ဘယ်လိုမှမခံစားရဘူး
(ဂ) ဘယ်ကောင့်မှဂရုမစိုက်ဘူး လက်မခံလည်းနေပေါ့

သင့်အဖြေဟာ ၂၀ ထက်ကျော်နေရင် သင့်ဟာ စိတ်ဓာတ်ကြံ့ခိုင်သူ၊ ၁၅ နဲ့ ၁ဝ ကြားဆို သာမန်စိတ်ဓာတ်၊ ၁၀ အောက်ရောက်နေရင်တော့ စိတ်ဓာတ်ပျော့ညံ့သူဖြစ်ပါတယ်။


ဒီလိုရှိပါတယ် ဘောစတွန်မြို့မှာ လူတွေဟာ တစ်ပတ်ကိုရေတစ်ခါထက်ပိုချိုးခွင့်မရှိဘူးလို့ ဥပဒေထုတ်ပြန်ထားပါတယ်။
အာကင်ဆောပြည်နယ်မှာ နေထိုင်စဉ်အချိန်တွင်းမှာ အဲဒီပြည်နယ်ကို နာမည်အသံထွက်မှားခေါ်မိရင်
ဥပေဒနဲ့ငြိစွန်းပါတယ်။ ဒါဟာ ဟုတ်လားမဟုတ်ဘူးလား ဒီနားမှာပဲရပ်မယ်ဆိုရင် သုံးသိန်းအပိုင်ရမယ်။ အဆုံးထိနေမယ်
ဆိုရင်တော့ ခေတ်ကိုပါအပိုင်ရပါမယ်။ ဟိုင်ဆင်ဘတ်ရဲ့ အံစာတုံးကို ပြုတ်မကျအောင်မြဲမြဲကိုင်ထား ဘယ်အရာမှ သေချာ
သွားလို့မဖြစ်ဘူး ပလာတုန်းဖြစ်ဖြစ် ပလေတိုဖြစ်ဖြစ် ပြည်သူတွေအတွက်ဆို ငါးထောင်တန်ဆင်းကဒ်ရဖို့ ဝိုင်းဝန်းကူညီ
ဆောင်ရွက်ကြပါစို့ “ကျွန်တော်ခုလို ငါးထောင်တန်ဖုန်းကမ်ပိန်းလုပ်တာ ဘယ်သူ့စပွန်ဆာနဲ့မှ လုပ်တာမဟုတ်ပါဘူး
ရွှေပြည်တံခွန်ကုမ္ပဏီနဲ့လည်း ဘာမှမဆိုင်ဘူး။ ပြည်သူတွေရသင့်ရထိုက်တဲ့အခွင့်အရေးတစ်ခုဖြစ်လို့ ကိုယ့်ဘာသာကိုယ်
ပြည်သူလူထုတစ်ယောက်အနေနဲ့ လုပ်တာဖြစ်ပါတယ်။” ဟု ယင်းကဆိုသည်။ ဓာတ်ပုံ - မောနွေ


အိပ်၊ စား၊ ကာမ သုံးမျိုးရောသမမွှေ တိရစ္ဆာန်နဲ့ လူရဲ့ကွာခြားချက်က
တိရစ္ဆာန်က စက်နဲ့သက်ရှိကိုမခွဲခြားတတ်ဘူး လူက ခွဲခြားတတ်တယ်
ခင်ဗျားဟာ “မောင်” ဆိုတဲ့ ယန္တရားထဲမှာ (မနက်စောစောထလမ်းလျှောက်၊ အိမ်သာတက်
ငါးပါးသီလစောင့်ထိန်း၊ ခင်ပွန်းကြီးဆယ်ပါးပူဇော်၊) အိုင်ဒီယော်လော်ဂျီ ဘယ်လောက်ပြောင်းပြောင်း
မော်ဒန်လူ့အဖွဲ့အစည်းရဲ့ အညမညEducation နဲ့ အတွေးအခေါ်သင်္ချိုင်းကုန်းမှာ တစ်ယောက်တည်းဖြတ်ပြန်ရဲသလား
နိစ္စဓူဝခေါင်းထဲမှာ အတွေးအခေါ်မရှိတော့ဘူး အတွေးအခေါ်လို့ ထင်နေတဲ့အရာတွေက တကယ်တော့
Text တွေ နားမလည်တဲ့စက်ကိရိယာရဲ့တုံ့ပြန်မှုနဲ့ လူသားမိခင်ရဲ့ သားမြတ်အစစ်တို့ရဲ့ အဓိပါယ်ဆီလီကွန်ချင်း
ခြားနားချက်က သမုဒ္ဒရာနဲ့ အင်တာနက်လို အကျယ်ကြီး။ ကွန်ဆက်ချူရယ်ကဗျာတွေမှာ Form မရှိ။
Form ကိုမျက်လုံးက ပြုလုပ်လိုက်တာ Form လို့မြင်နေရတာကို Hard Disc က လုပ်လိုက်တာ Form အရင်ကတည်းက
မရှိတာ ခုမှကောက်ခနဲမရှိတာမဟုတ် Form ဆိုတာ သေသွားပါပြီ Form ကိုမနက်ဖြန်မွန်းလွဲ ၂ နာရီမှာ
 သဂြိ င်္ုဟ်ပါမယ် နေအိမ်မှကားများ နေ့လယ် ၁၂ နာရီမှာ ထွက်ပါမယ် မသာတစ်ခေါက်ကျောင်းဆယ်ခေါက်
 ဗဟုသုတရအောင်လိုက်ပို့ကြပါ ကဗျာရဲ့နောက်ဆုံးအပိုဒ်တွေဟာ တိုင်ပတ်တတ်တယ်

စို့ပါကြတွေ့ဆုံလည်ပြန်စွာမြေ့ချမ်းရွှင်ပျော်မှာပတ်တစ်နောက်
ဆော်ဒီအာရေဗျက ကဗျာဆရာတွေက ကဗျာကို ညာကနေဘယ်ကိုရေးကြလိမ့်မယ်
မောနွေ
5.5.2012

*-----* - ဆိုဖီရဲ့ကမ္ဘာ စာအုပ်မှ ဒိုင်ယာလော့ခ်တစ်ကြောင်း

မျိုးကွဲစက် ဓာတ်မှန် တံဆိပ်ခေါင်းတိုက်မိခြင်းမှာ အတိတ်မေ့ မှတ်ဥာဏ်ကွယ်ခြင်းအနှံ့


တကျီကျီမြည်တဲ့ အထိ ဒီကျောက် စာသားဗြောက်သောက်နဲ့ တံခါးကို ပစ်တိုက်လိုက်ချင်တာ
အမှန် တားဆီးခံနေရာတစ်ခုရဲ့သွေးမတိတ် ခိုလှုံခွင့်ပေးမှု့ကြီး
ဘယ်သူမှ မရှိတော့တဲ့ကြိမ်ရည် ရည်တွက်ခြင်းမှာ ကိုယ့် အသိစိတ်က တအားငယ်တာ
ဝမ်းမြောက်စရာ အတွေ့အကြုံသစ် တစ်ခုခုနဲ့ ၀င်တိုးမိရင် တစ်ယောက်တည်း နေဖြစ်တော့မှာလေ

အရိပ်မြင်တိုင်း ထိုးလိုက်သွားတက်တဲ့စိတ်မှာ ကိုယ်ဟာ အငိုမက်တဲ့  လူအဖြစ် သွင်းထုပ်ခံထားရတဲ့ နေရာလွတ်ကလေးတစ်ခု
လက်ပေါ်ခဲကျတော့ ငိုရသလို ခဲပေါ်လက်ရောက်တော့ ကိုယ်တို့ တအားပစ်ပေါက်ခဲ့ဘူးတာကိုမေ့သွားပါတယ်

မနက်ပိုင်း အစာအိမ်ထဲဘာမှမရောက် တဲ့အချိန်တွေဆို ကိုယ့်အိပ်ကသိပ်လေးတာ မင်းမသိရဘူး
စိတ်ကို သူများတိုက်တဲ့ အရက်နဲ့ စိမ်ရပါတယ်လို့ ဘယ်ပေးသိချင်မလဲ
မူးမှအခိုးအငွေ့နဲ့ မှတ်ဥာဏ်ကို ရောစူးတဲ့ ကျိန်စာတွေက ကိုယ့်မျက်ရည်တွေ
ကိုယ့်သွားကိုက်ရာတွေက စကားလုံးတွေပါလို့

ကိုယ်ဟာ ခေတ်စားဈေးကြီး ပန်းချီကားထဲ အလိုမတူပဲ စွဲထည့်ခံထားရတဲ့ အပြုံးတစ်ခု
ကိုယ်ဟာ မုတ်သုန် တစ်ကိုယ်လုံးလေးလံစွာ လွင့်မျောတိုက်ခတ်နေရတဲ့ လေ
ခွက်ကို ရိုက်ခွဲထားပြီး သွေးစက်လက် လက်ချောင်းတွေနဲ့ အကြင်နာကို ခပ်ယူရတယ်

ခန်းစီးစတွေ ဖြုတ်ပေးပါကွယ်
အခန်းလွတ်ထဲက အမှိုက်စကို ထုပ်ဖို့ ကြိုးစားမိလို့ တံမြက်စည်းတစ်ချောင်းပါ ထပ်တိုးလာရတဲ့အကြောင်း ကိုယ်ပြောဖူးပါတယ်

မီးစွဲနေတဲ့ ပျံသန်းမှု့မှာ မိုင်တိုင်တခုကနေ နောက်တခု မရောက်ခင်စပ်ကြား အေးမြမှု့ကို ကိုယ်တို့တ၀က်စီခွဲယူကြမယ်
ကိုယ်က ရုပ်သေဒုက္ခသည် ကိုယ့်အတွေးက စိတ်ကိုပြန်သတ်တဲ့ ခေတ်ပေါ်လက်နက်
သေနေတဲ့လက်နှစ်ဖက်ကို ရှေ့မှာ ယှက်ထားပြီး ကောင်းကင်ကို အခါတစ်ရာ Fuck နိုင်တဲ့သူ
လက်မခံတက်သူတွေရဲ့ အမြီးနဲ့ယက်ခပ် စောင်မခြင်းဆိုတာ ပျော်ရွှင်စရာတွေပဲ
အဆုတ်ထဲ ချောင်းမဆိုး ရင်မကြပ်တက်တော့ တဖြည်းဖြည်း ရှိုက်သွင်း မှုတ်ထုပ် တက်လာတယ်

လူအဖြစ် ဖြစ်တည်မှု့မှာ ချက် ခြင်းထပ်ပေးလိုက်တော့မှ စားသောက်လောက်ငခြင်းဆပ်ပြာပူဖောင်းလေးတွေ လွင့်ဝဲ
အနီရောင် အသားစိုင်များ ခန်းခြောက်သွားခြင်း သွေးအဖြစ် ကန်ထဲနှစ်ချခံရ
မင်းအိပ်မက်နေချိန်မှာ ကမ္ဘာဟာပျက်ပါလိမ့်မယ် အရာရာက မင်းအိပ်စက်ခြင်းခနသာမှာ ပြာဖြစ်သွား
နောက်ဆုံးကျန်ခဲ့မှာက ဗာမီတွန်ဆေးပြားလေးတွေ ခြေနဲ့တိုက်တိုက် လက်နဲ့တိုက်တိုက် ကော်ဖီခွက်ကတော့ မှောက်တာပဲ
ခြေတွေ လက်တွေ မရှိရင် ကော်ဖီခွက်ကျကွဲနူန်းမှာ ရာခိုင်နူန်း တော်တော်လျော့ကျသွားနိုင်ပါတယ်
လူသားရဲ့ အသုံးဝင်ခြင်းက ဒီခေတ်မှာ လိင်အရသာ သိမှု့နဲ့ အနုပညာပဲ

အရာရာစက်နဲ့အစားထိုး လူဟာလူအောက် ရောက်သွားပါတယ်

ခွေနေမယ် ချောင်တစ်ချောင်ထဲမှာ သီချင်းက ဖြဲလိုက်ရင် လက်တစ်ထွာနီးပါးကျယ်တဲ့ သောက်ပါးစပ်ကြီးတွေပေါ်မှာ လမ်းပြောင်းပြန် လျှောက်သွား
ကိုယ်အမှောင်မှာ ခဲထားခဲ့တဲ့ ရုပ်ကြွင်းလေးတစ်ခုက ကွန်ပြူတာ ကီးဘုတ်ပေါ်မှာ အတောင်ကျိုးပြီး ပြန်ပြုတ်ကျတယ်

အကိုင်လက်ကြောင့် ဆေးစက်ကျရာ မီးထတောက်ပါတယ် မြင်းခွာတစ်ချက်ပေါက်ရင် ဈေးမထွက်ရဲလို့ အရင်းပျောက်ပါတယ် ဟာသ

ဟင့်အင်းဆိုတဲ့ အငြင်းမှာ ကိုယ့်တပ်မက်မှု့တွေ တစ်ပြိုက်နှစ်ပြိုက်လောက် ဆူလာခဲ့ရင် အကြမ်းထည် Agonize
လက်ချောင်းထဲထိ စိမ့်ဝင်လာတဲ့ အရောင်ပျက်ပြယ်ခြင်း အပြာရောင်ဆဲလ်ကလေးများ

ဖောက်ပြန်မှု့ ဗဟိုပြု့လို့တစ်မိနစ်မှာ ကိုင်ရိုက်နူန်းရှစ်ဆယ်နဲ့ လည်ပတ်
စိတ်ကူးတွေ ရူးသွားတဲ့ သိပ်သည်း သိပ်ကဲထပ်ခိုးလေးပေါ်က Abashment ကိစ္စ
အငွေ့အပေါက်လေးတွေနဲ့ လမ်းဖြောင့်မှာ မျက်လုံးခြင်း ကိုယ်ဝင်ဆောင့်ခဲ့
အိမ်အပြန်ဘက်စ်ပေါ်မှာ မျက်ရည်မပါပဲ တစ်ကိုယ်လုံးရွှဲနည်းနဲ့ ကိုယ်ငိုခဲ့ရတယ်
လူငယ်ဟာ ပျံ့တန့်တန့် အတွေး ဆင်ခြင်ကင်းမဲ့မှု့ကို လက်မခံ ငြင်းဆိုချင်စိတ်လည်းမရှိရင်
bark is worse than their bite
ထို့ကြောင့် လျှာကို မျက်လုံးထဲထည့်ပြီး ငြိမ်ငြိမ်သက်သက် အရက်ငှဲ့တတ်တယ်

ဇက်ကကြိုး

အနုပညာနှင့် facebook ၏ အားသာချက်များကို အသုံးပြု( ရွေ့ ) လူကြီးမင်းသို့ တိုက်ရိုက်စကားပြောခြင်း


လူကြီးမင်းဟာ အရေးအကြီးဆုံး ပြည်သူတစ်ယောက်
လူကြီးမင်း အထက်မှာ တရားဥပဒေကလွဲပြီး ဘယ်သူ တစ်ဦးတစ်ယောက်မှ မရှိသင့်
အထူးသဖြင့် လူကြီးမင်းရဲ့ နောက်ကွယ်မှာ
လူကြီးမင်းဟာ ကွန်ပျူတာ / စက်ယန္တရားတစ်လုံး မဟုတ်လို့
ဘယ်စနစ်နဲ့ လူပုဂ္ဂိုလ်ရဲ့ ထိန်းချုပ်မောင်းနှင်မှုကိုမှ မခံသင့်
လူကြီးမင်းဟာ အထင်ပေါ် အကျော်ကြားဆုံး ပြည်သူတစ်ယောက်
လူကြီးမင်း ကံဇာတာ စန်းလဂ် အပွင့်ဆုံး အခြေအနေ
လူကြီးမင်း ဦးနှောက်ထဲ အသားကျနေတဲ့ အသိအမြင်တွေကို ပြောင်းလဲပစ်နိုင်ရင်
ပြည်သူတွေနဲ့ နိုင်ငံရဲ့ အနာဂတ် ပြောင်းလဲသွားနိုင်တယ်
အခွင့်အလမ်းကို အသုံးချပါ
တော်လှန်ရေးစိတ်ဓာတ်နဲ့ ပြုပြင်ပြောင်းလဲရေးစိတ်ဓာတ် မွေးပါ
လက်တစ်ဆုပ်စာ လူနည်းစုအကျိုးထက် မျိုးဆက်သစ်တွေရဲ့ ရှေ့ရေးကို ကြည့်ပါ
အပြောနဲ့ အလုပ် ညီပါစေ
ရုပ်မြင်သံကြားမှာ လူကြီးမင်းဟာ လူကြီးလူကောင်းစတိုင်လ် အပြည့်နဲ့
လူကြီးမင်း မိန့်ခွန်းနောက်က လိုက်လာမယ့် အပြောင်းအလဲတွေကို လူတွေ စောင့်ကြည့်နေကြတယ်
လူကြီးမင်း လုပ်ရမယ့် အလုပ်တွေကလည်း အများကြီး
လူကြီးမင်းရဲ့ ပါဝါမျက်မှန်က ဒီဂရီ မှန်ပုံ ရပါတယ်
အရေးအကြီးဆုံးက နိုင်ငံရဲ့ အခြေအနေကို အမှန်အတိုင်း ကြည်လင်ပြတ်သား သိမြင်ဖို့
အပေါ်ယံ သစ်လွင်တောက်ပပြီး အတွင်းသား လှိုက်စားနေတဲ့
လူမှုယန္တရားကြီး တစ်ခုလုံးကို အသစ်ပြုပြင် တည်ဆောက်ဖို့
လူ့အဖွဲ့အစည်း သွေးသစ်လဲသင့်နေတာ အနှစ်နှစ်ဆယ်
လူကြီးမင်းဟာ ကျွန်တော်တို့လိုပဲ ပြည်သူတစ်ယောက်
ကျွန်တော်တို့ ပညာ တကယ် တတ်ချင်တယ် နိုင်ငံတကာမှာ မျက်နှာပန်း လှချင်တယ်
အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဘ၀အာမခံချက် ရချင်တယ်
လူကြီးမင်းရဲ့ သားသမီးတွေလိုပဲ အနာဂတ်သေချာချင်တယ်
လူကြီးမင်းဟာ ဥပဒေအသစ်တွေ ပြဋ္ဌာန်းဖို့ လှုံဆော်နိုင်တဲ့ လူတစ်ယောက်
နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံ အခြေခံဥပဒေမှ ပြုပြင်ပြောင်းလဲပစ်ရမယ့် အချက်အလက်များ
ကျွန်တော်တို့ အမြင်က
စစ်တပ်ဟာ အစိုးရအဖွဲ့နဲ့ လွှတ်တော်တွေရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိသင့်တယ်
ဒီလို အမှန်တရားကို ပြောရေးဆိုခွင့်၊ ကျွန်တော်တို့ ပါးစပ်ပေါက်တွေ အမှန်တကယ် လွတ်လပ်ခွင့် ရချင်တယ်
အခု အမှန်တရားအတွက် အသံတိတ် ကြောက်လန့်နေရတဲ့ လူတွေ အမြောက်အမြား
ကျွန်တော်တို့ ကဗျာတွေကို ဆင်ဆာဖြတ်မယ့်အစား
ခရိုနီတွေလက်ထဲက စီးပွားရေး အခွင့်အလမ်းတွေကို ဆင်ဆာဖြတ်သင့်တယ်
ဒီမိုကရက်တစ် တန်ဖိုးတွေကို ထိခိုက်နာကျင်စေမယ့် အာဏာပါဝါတွေကို ဆင်ဆာ ပိုဖြတ်သင့်တယ်
ခေတ်ဟောင်းက အမူအကျင့်ဟောင်းတွေကို သမိုင်းစာမျက်နှာပေါ် ဆက်လက် ပုံနှိပ် မဖော်ပြသင့်
လူကြီးမင်း စိတ်ထဲ အသားတံဆိပ်လို ခတ်နှိပ်ထားရမှာက
နိုင်ငံတကာ အဆင့်မီပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှု အဆင့်မြှင့်တင်ရေး
အလုပ်လက်မဲ့နဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေး ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ နည်းပညာတော်လှန်ရေး
အတိုက်အခံ မှန်သမျှ လွတ်လပ်ခွင့် ပေးလိုက်ပါ
ကျွန်တော်သာ သမ္မတ တစ်ယောက် ဖြစ်ခဲ့ရင်
အစိုးရ ဆန့်ကျင်သူတွေရဲ့ တရားပွဲကို လုံခြုံရေး အပြည့်အ၀ တာဝန်ယူပေးမယ်
ကဗျာဆရာဆိုတာ အမြဲတမ်း အတိုက်အခံပဲ၊ အမှန်တရားကို လိုလားတယ်
လူကြီးမင်းဟာ အဆင့်အမြင့်ဆုံး ပြည်သူတစ်ယောက်
လူကြီးမင်း လက်ထဲမှာ အနာဂတ် / သမိုင်းကို ပုံဖော်မယ့် ရီမု (တ်) ကွန်ထရိုးလ် တစ်ခုနဲ့
ကျွန်တော်တို့ အပန်းဖြေကြည့်ရှုရမယ့် ရှုမျှော်ခင်းတစ်ခု ဖြစ်လာဖို့
အစိုးရတိုင်းမှာ
ကျယ်ပြန့်တဲ့ ဦးနှောက်နဲ့ လှပတဲ့ နှလုံးသား ရှိဖို့ လိုပါတယ် လူကြီးမင်း။

အောင်ရင်ငြိမ်း
၂၆ စက်တင်ဘာ ၂၀၁၁