Tuesday, July 2, 2013

ကဗျာဆရာ ကျော်ညိုသွေး၊ ကဗျာဆရာမ ခင်ဂျူး၊ ကဗျာဆရာ ရွှေကြယ်မိုးတို့နဲ့ အွန်လိုင်း လူငယ်ကဗျာစကားဝိုင်း


လွန်ခဲ့တဲ့၃ နှစ်လောက်က Teen Magazine က အယ်ဒီတာ ဆရာမျိုးမြင့်ညိမ်းက တောင်းဆိုလို့ခေတ်ပြိုင်လူငယ်ကဗျာဆရာများနဲ့ ကဗျာဒိုင်ယာလော့ဂ်ဆိုတဲ့ ခေါင်းစဉ်နဲ့ကဗျာစကားဝိုင်းအစီအစဉ်ကို ကျွန်တော် ပြုလုပ်ခဲ့ဖူးပါတယ်။ ပရင့်တ်မီဒီယာက ကဗျာဆရာစိုးမင်းအောင်၊ မင်းသက်ဇဉ်၊ သူရနီ၊ ဇော်လူစိမ်း၊ လင်းသဏ်ညီ၊ မြတ်ဝေတို့ အုပ်စုနဲ့အွန်လိုင်းက ဥက္ကာကိုကို၊ နေ့သစ်၊ ရုပ်သေး၊ သူရသ၀ါ၊ ယုန်ယုန်တို့ အုပ်စုတွေနဲ့အင်တာဗျူးလုပ်ပြီးမှ ကဗျာစကားဝိုင်းပုံစံ Presentation ပြန်ပြောင်းပြီးပုံနှိပ်မီဒီယာပေါ် တင်ဖြစ်ခဲ့တာပါ။

အဲဒီလိုလူငယ်ကဗျာစကားဝိုင်းတွေ ဆက်လုပ်ပေးဖို့ လူငယ်တချို့က တောင်းဆိုခဲ့ပေမဲ့ ကျွန်တော်ကအလုပ်တွေ များနေတာရယ်၊ စိတ်အာရုံ တိမ်းညွတ်မှု ပြတ်တောက်နေတာရယ်ကြောင့်ဆက်မလုပ်ဖြစ်ဘဲ ရပ်တန့်နေခဲ့ပါတယ်။

အခုတော့အွန်လိုင်းလူငယ်ကဗျာစကားဝိုင်းကို ပြန် အသက်သွင်းဖို့ စဉ်းစားစီစဉ်လိုက်ပါတယ်။
သူတို့ဆီကအမေးအဖြေတွေ စုံလင်တဲ့အချိန်ကျရင် ကဗျာစကားဝိုင်းပုံစံ ပြန်လုပ်ပြီး fb နဲ့ www.neomodernmyanmarpoetry.blogspot.com မှာ Notes တင်ပေးသွားပါ့မယ်။အွန်လိုင်းတင်ပြီးရင်Faces Magazine မှာ 2013 August လက စပြီး လစဉ် အလှည့်ကျ ပုံနှိပ်ဖော်ပြသွားဖို့စီစဉ်ထားပါတယ်။

အွန်လိုင်းက တခြားလူငယ်ကဗျာဆရာတွေ အနေနဲ့လည်း ဒီ လူငယ်ကဗျာစကားဝိုင်း အစီအစဉ်ကိုစိတ်ဝင်စားကြမယ်ဆိုရင်( ဘယ်သူမဆို/ ကျားမ လိင်ခွဲခြားမှု မရှိ) မေးခွန်းတွေကို ဖြေဆိုပြီး ကျွန်တော့်ဆီ Tag ပေးနိုင်ပါတယ်။ အမေးအဖြေတွေအပေါ်မူတည်ပြီး အွန်လိုင်းကဗျာစကားဝိုင်း အစီအစဉ်မှာ ထည့်သွင်းဖော်ပြသွားဖို့၊ပရင့်တ်မီဒီယာမှာ ဆက်လက် ထည့်သွင်းဖော်ပြသွားဖို့ စဉ်းစားထားပါတယ်။

အောင်ရင်ငြိမ်း။           ။ အောင်ချိမ့်အစ မိုဃ်းဇော် အဆုံး ပင်မရေစီး ခေတ်ပေါ်ကဗျာခေတ်တုန်းက အနုပညာသြဇာနဲ့ဝါသမ္ဘာ တည်ဆောက်နိုင်ခဲ့ကြတဲ့ ၀ါရင့်ကဗျာဆရာ အများစု အနေနဲ့ ခေတ်နဲ့အညီကဗျာရေးဟန်အသစ်တွေ
ဆက် မဖန်တီးနိုင်တော့ဘဲ
ခေတ်ပေါ်ကဗျာအဟောင်းထဲမှာပဲ ရပ်တန့်ကျန်နေခဲ့ကြပြီလို့ ကိုယ် ထင်တယ်။ အာရုံခံစားပုံလတ်ဆတ်ပြီး လူငယ်ဆန်တဲ့ နေမျိုး၊ ပိုင်၊ မောင်ဆေးရိုး၊ မင်းဆွေနှစ်၊နိုင်မွန်အောင်သွင်၊ ခရမ်းပြာထက်လူ၊
ခိုင်မြဲကျော်စွာ၊ မောင်ဖီလာ၊ ကိုရွေး သူတို့ကတော့ ခြွင်းချက်ပေါ့လေ။ ကဲ လူငယ်တွေရဲ့ အမြင်ကို ပြောပါဦး။


ကျော်ညိုသွေး။          ။ ဖြတ်သန်းခဲ့တဲ့ ခေတ်အခြေအနေ မှာသူတို့ တွယ်ငြိခဲ့တဲ့ ကဗျာပုံစံတစ်ခုကိုတော့ အနည်းနဲ့အများဖက်တွယ်ထားမိပါလိမ့်မယ်။ သူတို့ခေတ်အခါမှာ ပေါ်ထွန်းခဲတဲ့ အများလက်ခံထားကြတဲ့ကဗျာပုံသဏ္ဍန်တွေကို ဖက်တွယ်ထားကြလိမ့်မယ် ဆိုတာ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့်လည်းကဗျာရေးဟန်ဆိုတဲ့ နေရာမှာတော့ ပြောစရာရှိပါတယ်။ ပင်မရေစီး ခေတ်ပေါ် ကဗျာ ခေတ်တုန်းကအနုပညာသြဇာ နဲ့ ၀ါသမ္ဘာ တည်ဆောက်ခဲ့နိုင်ကြတဲ့ ကဗျာဆရာ တွေလည်း အခုခေတ်အခြေအနေအခုခေတ် အသုံးအဆောင် ၊ အခုခေတ် ယဉ်ကျေးမှု ကို ကျော်ဖြတ်နေကြဆဲပါပဲ။ ဒါ့ကြောင့်ခေတ်တစ်ခေတ်ကို ဖြတ်သန်းနေဆဲ(သက်ရှိထင်ရှား ကဗျာဆရာ) သူများ အနေနဲ့ ဒီဘက်ခေတ်အတွေးအခေါ်တွေ ၊ ဒီဘက်ခေတ် နဲ့ လျော်ညီတဲ့ ပြုမူနေထိုင်မှုမျိုး များသောအားဖြင့်လက်ခံကျင့်သုံးနေရတာကြောင့် ကဗျာပုံသဏ္ဍန် ကို ပုံသေဆုပ်ကိုင် ထားကြပေမယ့်လည်းအယူအဆတွေ ချဉ်းကပ်ပုံတွေ နဲ့ တင်ပြပုံတွေ မှာတော့ ကျန်ခဲ့ပြီလို့ တရားသေ ပြောလို့မရနိုင်ပါဘူး။ ရွေ့နေတဲ့ အရွေ့မှာ သူတို့လည်း လိုက်ရွေ့တာမျိုး ရှိမှာပါ။လူငယ်တွေလောက် တော့ ရွေ့လျား တဲ့ ဟန်တွေ သိပ်မတွေ့ရဘူးပေါ့။

ခင်ဂျူး။          ။ ရပ်တန့်ကျန်နေတယ်လို့တော့ ကျွန်တော်မမြင်မိဘူးဗျ။တစ်ခုကနေတစ်ခုအရွေ့မှာတော့အခက်အခဲလေးတွေ လိုက်မမီတာလေးတွေတော့ရှိမှာပါ။အချိန်နည်းနည်းစောင့်မယ်ဆိုလူငယ်တွေထက်ကောင်းမွန်တဲ့ ကဗျာကောင်းတွေထွက်လာမယ်လို့တောင် ကျွန်တော်ယုံကြည်နေတယ်။

ရွှေကြယ်မိုး။          ။ ဆရာယူဆသလိုပဲဆရာအောင်ချိမ့်တို့ ဆရာမိုဃ်းဇော်တို့တွေဟာ ကဗျာရေးဟန် အသစ်တွေ မဖန်တီးပဲရှိနေတာတာကို တွေ့ရတယ်။ ခေတ်ပေါ်ကဗျာဆရာတွေထဲကနေပဲတိုက်ခိုက် ရုန်းထွက်လာခဲ့တဲ့ ကဗျာရေးဟန်အသစ်တွေနောက်ကို မလိုက်ပဲ အကြောင်းအမျိုးမျိုးကြောင့်မူလ ရေးသားဟန်မှာပဲ ဆက်လက်ရပ်တည်နေတာလည်း ဖြစ်နိုင်တယ်။ ကျွန်တော်ကတော့ အဲ့ဒီ့လိုမြင်မိတယ်။လူငယ်တွေရဲ့ လတ်ဆတ်တဲ့ အတွေးအခေါ် ခံစားမှုတွေက ခေတ်အဆက်ဆက် ဖြစ်ထွန်းပေါ်ပေါက်ခဲ့တာချည်းပဲဖြစ်လို့ကဗျာရေးဟန်အသစ်တွေ၊ အတွေးအခေါ်အသစ်တွေ ဖန်တီးဖို့ဆိုတာ အမှန်တကယ်လိုအပ်တယ်လို့ ယူဆတယ်။

အောင်ရင်ငြိမ်း။          ။  မင်းတို့က ၂၀၁၀ အလွန်မှာ ထွက်ပေါ်လာတဲ့ နောက်ဆုံး မျိုးဆက်သစ်လူငယ်ကဗျာဆရာတွေပေါ့။ ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာက ညီလေးတို့ ရဲ့အနုပညာ ဖန်တီးမှုအပေါ်မှာ မူတည်နေပြီ။ ခေတ်ပြိုင်မြန်မာကဗျာယဉ်ကျေးမှု အသစ်ဟာလည်းညီလေးတို့ လက်ထဲ ရောက်နေပြီလို့ ကိုယ် ယူဆတယ်။ ဒါပေမဲ့ လူငယ်ကဗျာဆရာတွေနဲ့လူမှုရေးနဲ့ အနုပညာ ထိတွေ့ဆက်ဆံမှု သိပ်မရှိတဲ့ ၀ါရင့်ကဗျာဆရာတွေက နောက်ဆုံးမျိုးဆက်သစ် လူငယ်တွေ ပေါ်ထွက်နေပြီဆိုတာ သတိမထားမိကြသေးဘူး။ တချို့ကဗျာဆရာတွေအယ်ဒီတာတွေကျတော့လည်း သတိထားမိပေမဲ့ လူငယ်တွေကို အသိအမှတ်ပြု တန်ဖိုးထားနေရာပေးဖို့ ၀န်လေးတွန့်ဆုတ်နေကြသေးတယ်။ သူတို့ကို ဘာပြောချင်လဲ။

ခင်ဂျူး။           ။   ကျွန်တော်စိတ်အ၀င်စားဆုံးကိစ္စတစ်ခုပဲဗျ။လူကြီးနဲ့လူငယ်ကြားကပြဿနာ။ခေတ်ကာလတွေပြောင်းသွားတာတောင်မရိုးနိုင်တဲ့အထူးဆန်းဆုံး Case ။ သူတို့လည်းလူငယ်ဘ၀ကဖြတ်သန်းလာတာပဲဗျာ။လူငယ်တွေဖြစ်ချင်နေတဲ့စိတ် လုပ်ချင်တာတွေကိုသူတို့အနေနဲ့နားမလည်ပေးနိုင်ကြဘူး။တချို့ကျတော့လည်း ရင့်ကျက်သိတတ်သွားတော့မဖြစ်နိုင်တဲ့သူကိုလက်မခံချင်ကြဘူး။ဒါပေမဲ့တခြား ဖြစ်လာနိုင်တဲ့အလားအလာကောင်းတဲ့သူတွေကိုလည်းလက်ခံမပေးချင်ကြဘူး။လက်ခံပေးလည်းသူတို့ချပေးထားတဲ့ပုံစံခွက်ထဲမှာပဲနေခေတ်ကာလပြောင်းလဲတာတွေကိုမသိဘူး။သူတို့ခေတ်ကသူတို့စံနဲ့ပဲတိုင်းတော့လူငယ်တွေအနေနဲ့ အရှိန်ဟုန်သွားကြတယ်။ကန့်သတ်ချက်တွေနဲ့ဆိုတော့မလွတ်လပ်တာတွေရှိလာတယ်။နေရာကိုလက်ဆင့်ကမ်းမပေးချင်ကြဘူး။(ကျွန်တော်ဆိုလိုချင်တာ မေးခွန်းထဲကလူကြီးတွေကိုပါ)ပြောချင်တာကတော့...ကျွန်တော်တို့အဟောင်းထဲကဖောက်ထွက်ချင်တယ်။အသစ်အဆန်းတွေလုပ်ပြချင်တယ်။ရှေ့ကဖောက်ပြခဲ့တဲ့လမ်းဟောင်းကိုမလျှောက်ပဲလမ်းသစ်ထွင်ချင်ပါတယ်။လိုအပ်တာကို ကူညီပေးပါ။ဘေးက အားပေးပေးပါ။မှားနေတဲ့အရာလေးတွေကိုပြသပေးပါ။အလွန်အကျွံမဖြစ်အောင်ထိန်းပေးပါ။ငါလုပ်သလိုလုပ်ငါရေးသလိုရေးဆိုတာမျိုးတွေတော့အမိန့်တွေလာပေးစည်းကမ်းတွေလာမချပြပါနဲ့။ကိုယ်ချင်းစာပေးပါလို့။

ရွှေကြယ်မိုး။          ။ နောက်ဆုံးမျိုးဆက်သစ်လူငယ်ကဗျာဆရာတွေ ပရင့်မီဒီယာမှာကော၊အွန်လိုင်းမီဒီယာမှာ ပါ အခိုင်အမာရပ်တည်ဖြစ်ပေါ်နေပြီဆိုတာကို ၀ါရင့်ကဗျာဆရာတွေ အနေနဲ့သတိထားဖို့ လိုတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကဗျာယဉ်ကျေးမှုတော်တော်များများ ခါးဆစ်ချိုးခံထားရတယ်။အထူးသဖြင့် နိုင်ငံတော်အုပ်ချုပ်သူလူတန်းစားဟာ အခုထက်ထိ လေးလုံးစပ်ကဗျာတွေကိုပဲ မြန်မာကဗျာအဖြစ်သတ်မှတ်ထားတာတွေ၊ ကျောင်းသုံးဖတ်စာအုပ်တွေမှာ တစ်ဖက်ခေတ်က ကဗျာအို ကဗျာပျက် ကဗျာအစုတ်အပြတ်တွေကိုပဲသင်ကြားပို့ချတာတွေ စာပေဆုတွေပေးတဲ့အခါ ဂန္ဒ၀င်အရေးအသား တွေကိုပဲ ပေးတာတွေ စသဖြင့်ပေါ့။  အဲ့ဒီ့လို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ကာလမှာ အဲ့တာတွေကိုတိုက်ခိုက်ဖျက်ဆီးပစ်ဖို့ တော်လှန်ဖို့ လူငယ်ကဗျာဆရာတွေ လိုအပ်တယ်။ လူငယ်တွေမှာ လတ်ဆတ်တဲ့အတွေးအခေါ်တွေနဲ့ပေါက်ကွဲလွယ်တဲ့ စိတ်အခြေခံစွမ်းအားတွေရှိ တယ်။ ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂါတ်အလားအလာဟာကျွန်တော်တို့ မျိုးဆက်သစ်လူငယ် တွေလက်ထဲကို ရောက်ရှိနေပြီဆိုတာ မငြင်းဆန်နိုင်တဲ့ကိစ္စပါ။ စိတ်မကောင်းစရာက ဆရာအောင် ရင်ငြိမ်းပြောသလို လူငယ်တွေနဲ့ ထိတွေ့ဆက်ဆံမှုအားနည်းတဲ့ဝါရင့်ကဗျာဆရာတွေက မျိုးဆက်သစ်တွေ ဆက်ခံရောက်ရှိနေပြီဆိုတာ မျက်ကွယ်ပြုထားတဲ့ကိစ္စပါ။တချို့အယ်ဒီတာတွေ က လူငယ်တွေအပေါ် နှိပ်ကွပ်တာကို ကျွန်တော့်လို လူငယ်ကဗျာဆရာတိုင်း၊ အထူးသဖြင့်အွန်လိုင်းမီဒီယာကနေ ပရင့်မီဒီယာပေါ်ထိ တက်ရောက်ရေးသားနေတဲ့ လူငယ် ကဗျာဆရာတိုင်း ကြုံတွေ့ဖူးကြမယ်ဆိုတာသေချာပါတယ်။ သူတို့ကို ကဗျာသမိုင်းလမ်းကြောင်း တဆစ်ချိုးအပြောင်းအလဲကြီးဟာ မကြာခင်တဟုန်ထိုးဖြစ်ပွါးလာတော့မှာဖြစ်လို့ သမိုင်းရဲ့ ပြောင်းလဲမှုကို အလွယ်တကူလက်ခံဖို့ ကြိုးစားပေးပါလို့တိုက်တွန်းချင်ပါတယ်။

ကျော်ညိုသွေး။          ။ လူငယ်ကဗျာဆရာတွေ အများအပြား ပေါ်လာပါတယ်။နောက်ဆုံးမျိုးဆက်သစ် ဆိုပါတော့။ ဟုတ်ပါတယ် ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာ က နောက်ဆုံးမျိုးဆက်သစ် ကဗျာဆရာတွေ ရဲ့ အနုပညာဖန်တီးမှုပေါ်မှာ မူတည်ပါတယ်။မူတည်သလိုလည်း အားကောင်းကောင်းနဲ့ ဖန်တီးမှုတွေ ၊ လေ့လာမှုတွေ လည်း ကျွန်တော်တို့အနေနဲ့ အများကြီး လိုနေပါသေးတယ်လို့ ထင်မြင်ယူဆမိပါတယ်။ ခေတ်က သိပ်မြန်တဲ့နေရာမှာတချို့သော ၀ါရင့် ကဗျာဆရာတွေ ဟာ မျိုးဆက်သစ်တွေ ရှိနေတယ် ဆိုတာသတိမထားမိကြဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ဒီလို အခြေအနေတွေဟာနည်းပါးလာတော့မှာပါ။ အခုအချိန်မှာ သိချင်သိမယ်၊ ဒါပေမယ့် မသုံးချင် ဆိုတဲ့အနေအထားနဲ့ ရှေ့ဆက်လို့ မရတော့ပါဘူး။ ဥပမာ အနေနဲ့ Facebook ဆိုတာကို ၀ါရင့်ကဗျာဆရာတော်တော်များများ သုံးနေကြပြီဆိုတာကို သတိပြုမိပါတယ်။ ဒါဟာ ခုနကလိုမျိုးဆက်သစ်တွေ နဲ့ ၀ါရင့် ကဗျာဆရာတွေ ကြား မှာ ထိတွေ့မှု လူမှုရေး ကွာဟမှုတဖြည်းဖြည်း နည်းလာတဲ့ အရာပဲဖြစ်ပါတယ်။တချို့သောအယ်ဒီတာတွေက လူငယ်တွေ ကို အသိအမှတ်ပြုတန်ဖိုးထားနေရာပေးမှု နည်းတယ် ဆိုတဲ့ နေရာမှာ အခု ကဗျာရေးတဲ့ လူငယ်တွေ ဘက်ကိုပြန်ကြည့်ပြီး ပြောချင်ပါတယ်။ ကဗျာရေးခြင်းဟာ DotA ဂိမ်းကစားသလိုကျယ်ပြန့်လာပါတယ်။ အရင်ကထက် ကဗျာရေးတယ်။ ကဗျာဆရာ ဖြစ်ချင်တယ် ဆိုတဲ့ လူငယ်တွေသိပ်ကို များလာပါတယ်။ ကဗျာရေးတာဟာ လူမှု့ဆက်ဆံရေး တစ်ခု လိုလို ဖြစ်လာခဲ့ပါတယ်။ကဗျာရေးဖို့ တာစူနေတဲ့ ကဗျာစရေးတဲ့ လူငယ်တွေကလည်း ပင်မရေးစီး ခေတ်ပေါ်ကဗျာ တွေထက်နောက်ဆုံးပေါ် ကဗျာတွေကို ပိုမို စိတ်အား ထက်သန်ကြတာကို တွေ့ရပါတယ်။ ကျွန်တော့်ကိုယ်ပိုင် အယူအဆ အရ ဆိုရင် ကဗျာမျိုးဆက်သစ်တွေ နဲ့ ကဗျာပုံသဏ္ဍန် ဆန်းသစ်မှုတွေကိုအားပေးပါတယ်။ အခုလည်း ကဗျာရေးသူ တွေ ပေါ်ထွက်လာတာ အများအပြားပါပဲ။ ခေတ်မီဖို့ ၊လူဝင်ဆံ့ဖို့ ကဗျာကို Tool တစ်ခုအနေနဲ့ အသုံးပြုလာခြင်းကတော့ မကောင်းပါဘူး။အခုအခြေအနေဟာ မသဲကွဲသေးတဲ့ အခြေအနေတစ်ခု လို့လည်း ယူဆချင်ပါတယ်။ လက်ရှိ မဂ္ဂဇင်းအယ်ဒီတာ အများစု အနေနဲ့ တစ်ယောက်တည်း က သော်လည်းကောင်း ၊ တစ်စု တစ်ဖွဲ့ကသော်လည်းကောင်း ဒီအခြေအနေကို လက်ခံဖို့ရာ အခက်အခဲ ရှိတယ်လို့ မြင်မိပါတယ်။ ကဗျာဟာအနုပညာ တစ်ရပ်ဖြစ်ပါတယ်။ အနုပညာတစ်ရပ် အဖြစ် လက်ခံလာအောင် ဖန်တီးဖို့လည်းလိုပါတယ်။ ခေတ်တွေ အခြေအနေတွေ ၊ ကဗျာပုံသဏ္ဍန်တွေ ၊ အယူအဆတွေ ပြောင်းလဲစေဦး ကဗျာဟာအနုပညာပဲဖြစ်ပါတယ်။ လူငယ်တွေ အနေနဲ့လည်း ကိုယ့်အနုပညာ ကို လက်ခံနိုင်ဖို့ အတွက်ပြင်ဆင်ရပါလိမ့်မယ်။ လူငယ်ဆိုတာ လတ်ဆတ်ပါတယ်။ အဲဒီ လတ်ဆတ်တာနဲ့ အတူ လိုအပ်ချက်ဆိုတာလည်း ရှိပါသေးတယ်။ ကဗျာဟာ Game တစ်ခု ၊ ဖျော်ဖြေရေးတစ်ခု မဟုတ်ပါဘူး။ အနုပညာဖြစ်ပါတယ်။အနုပညာဆိုတာမှာလည်း ဖျော်ဖြေရေး သက်သက် အနုပညာ နဲ့ စိန်ခေါ်ခြင်း အနုပညာ ဆိုတာခွဲခြားလို့ရနိုင်ပါတယ်။ ကဗျာဆရာ ဆိုတာ အမြဲတမ်း ကိုယ့်ကိုယ်ကို Challengeပြုလုပ်နေရပါမယ်။ ဖျော်ဖြေရေး အနုပညာ သက်သက်ပဲဆိုရင်တော့ မှတ်ကျောက်တင်ခံရဖို့လည်း မလိုပါဘူး။ ကိုယ့်ကိုယ်ကို စိန်ခေါ် ဖို့လည်း မလိုပါဘူး။ အယ်ဒီတာတွေအနေနဲ့(တချို့ကပေါ့လေ) လူငယ်မျိုးဆက်သစ်တွေကို လက်ခံလာအောင် လူငယ်တွေကပဲလုပ်ရမှာပါ။ ဒီလိုမျိုး အဖြစ်တွေကလည်း ခေတ်တိုင်း ၊ အနုပညာရပ်ဝန်းတိုင်းမှာဖြစ်နေတဲ့ ကိစ္စဆိုတော့ ထူးဆန်းတဲ့ကိစ္စလို့တော့ မမြင်ပါဘူး။ တချို့သောအယ်ဒီတာတွေ အနေနဲ့ ၀န်လေးတွန့်ဆုတ်တယ် ဆိုတာ ကတော့ အဲဒီ အချက်တွေ ပေါ်မှာပဲမူတည်ပါလိမ့်မယ်။

အောင်ရင်ငြိမ်း။          ။ လက်ရှိ အခြေအနေအရ ၂၀၁၀ အလွန် ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာပင်မရေစီးခေတ်ပေါ်ကဗျာအပြင် အယ်လ်ပီ ၊ နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊စကားပြေကဗျာ၊ ဖလာ့ဖ် စသဖြင့် ကဗျာအမျိုးအစားသစ်တွေ အယူအဆတွေ အမျိုးမျိုးရှိနေကြတယ်။ အဲဒီ ကဗျာအယူအဆ/ အနုပညာ လက်ရာတွေအပေါ် လူငယ်တွေရဲ့ အမြင်။

ခင်ဂျူး။          ။ ကျွန်တော်ကတော့သဘောကျတယ်။ဘယ်လိုပုံစံနဲ့ရေးရေးလက်ခံနိုင်တယ်။ဥပမာလူတစ်ယောက်က စားစရာတစ်မျိုးတည်းကိုအမြဲတမ်းစားနေရရင်ငြီးငွေ့လာမယ်လေ။ဟိုဟာစားလိုက်ဒီဟာစားလိုက်ဆိုရင်တော့ ခံတွင်းလည်းတွေ့သလိုအာရုံခံစားမှု့လည်းအသစ်အဆန်းဖြစ်တယ်။လျှာဆိုတာအရသာတစ်ခုတည်းကိုခံစားဖို့မှမဟုတ်တာ။ဒီလိုပဲ ကဗျာဆိုတာကိုပုံစံတစ်မျိုးတည်းနဲ့ချပြနေကြရင်ပျင်းဖို့ကောင်းသွားမယ်။စိတ်မ၀င်စားလောက်တော့ဘူး။တစ်ခုနဲ့တစ်ခုဖလှယ်အချင်းချင်းဝတ်မှုန်ကူးကြမယ်ဆိုရင် နောက်ထပ်ခေါင်းစဉ်အသစ်အသစ်တွေထွက်လာဦးမယ်လို့တောင်ကျွန်တော်မြင်မိတယ်။

ရွှေကြယ်မိုး။          ။ အဲ့ဒီ့ကဗျာအယူအဆတွေအပေါ်ထားတဲ့ အမြင်တွေကို ကျွန်တော့်အနေနဲ့ ပြောရင် အတော့်ကိုရှည်ရှည်လျားလျားပြောရမှာပါ။ အဲ့ထဲက တချို့ကဗျာအမျိုးအစားတွေက နိုင်ငံခြားမှာ  အချိန်ယူပြီးဖြစ်တည်ခဲ့တာဖြစ်ပေမယ့်ကျွန်တော်တို့ဆီမှာတော့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရောက်ရှိလာတာတွေ့ရပါတယ်။လေ့လာနေရဆဲ အယူဝါဒတွေရှိသလို ဖွတ်ဖွတ်ကျေနေပြီဖြစ်တဲ့ ၀ါဒတွေလည်းရှိနေပါတယ်။အထူးသဖြင့် အယ်လ်ပီဟာ ဖွတ်ဖွတ်ကြေနေပါပြီ။ အယ်လ်ပီကဗျာဆရာတွေကို ကြိုက်ပါတယ်ဆိုတဲ့ပရိတ်သတ်မရှိသလောက်ထိ ဖြစ်နေတာကို တွေ့ရပါတယ်။ ကဗျာအယူအဆအသစ်တွေပေါ်လာတာကို ကျွန်တော့်အနေနဲ့ကြိုဆိုပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်လိုအယူဝါဒမျိုးကိုမဆို အသစ်ဖန်တီးပြီးသွားနိုင်တာအကောင်းဆုံးပါပဲ။

ကျော်ညိုသွေး။          ။ သေချာတာကတော့ ကဗျာအမျိုးအစားတွေ အများကြီးရှိနေလည်းခေတ်ကိုထင်ဟပ်နေတဲ့ ကဗျာအမျိုးအစား တွေပဲဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ကဗျာအမျိုးအစားတစ်ခုစီတိုင်းမှာ အားနည်းချက် ၊ အားသာချက် တစ်ခုစီလည်းရှိနေမယ်လို့ ယူဆပါတယ်။ခေတ်အခြေအနေ ၊ နိုင်ငံရေး ၊ လူမှုရေး အရောင်မစွန်းတဲ့ ကဗျာ အမျိုးအစား တွေရှိနေမယ်လို့ မထင်ပါဘူး။ အဲဒီတော့ လူငယ်တွေ အနေနဲ့ ကိုယ်နဲ့ သဟဇတ ဖြစ်မယ့်ကဗျာအမျိုးအစား နဲ့ ခေတ်ကို ထင်ဟပ်ပြပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့တော့ကဗျာအမျိုးအစား တစ်ခုစီ စုံလင်အောင် ချဉ်းကပ်မိတာမျိုး မရှိသေးပါဘူး။ အဲဒါကလည်းပဲအပေါ်က မေးခွန်းတစ်ခုမှာ ဖြေခဲ့တဲ့ လူငယ် ဆိုတဲ့အတိုင်းလိုအပ်ချက်ရှိတာမျိုးဖြစ်ပါလိမ့်မယ်။ ကဗျာ ရေးသားခြင်း အနုပညာ မှာမှ မဟုတ်ပါဘူး။ တခြားအနုပညာတွေမှာလည်း အမျိုးအစားကွဲ ၊ အယူအဆကွဲ ဆိုတာ ရှိနေတတ်ပါတယ်။ တစ်ခါတစ်လေမတူတဲ့ သဘောတရားတွေကနေ ပေါင်းစည်း ယှက်နွယ်သွား တတ်တဲ့ သဘောတရားတွေလည်းပဲရှိနေတာမျိုး တွေ့ရတတ်ပါတယ်။ ထင်ထင်ရှားရှား ဖြစ်တဲ့ အယ်လ်ပီ နဲ့ နီယိုမော်ဒန် မှာဆိုရင် အယ်လ်ပီ မှာ ဘာသာစကား တွေ ရဲ့ အသံ ၊ ဘာသာစကားထဲက အသံတွေ ၊အဓိပ္ပါယ်အလုံးတွေရဲ့ ဘေးတိုက် အဓိပ္ပါယ် ရိုက်ခတ်မှု ၊ အသံဘယ်ညာ ရိုက်ခတ်မှု တွေကိုမြင်ရပါတယ်။ သရော်ခြင်း ကိုလည်း တွေ့မြင်ရပါတယ်။ နီယိုမော်ဒန် ရဲ့ မှာခေတ်ကိုထင်ဟပ်မှုတွေ ၊ ခေတ်ရဲ့ လှိုင်းတွေကို စီးမျောပါဝင်ခြင်းတွေ ၊ အဆိုးမြင်အကောင်းမြင် သဘောတရားတွေ ကနေ လွတ်ကင်းတဲ့ ထင်ဟပ်ပြမှုတွေ ကို လည်းတွေ့ရတယ်။ ဒါကိုယ်ပိုင် အမြင်နဲ့ အယူအဆပါ။

အောင်ရင်ငြိမ်း။          ။ အဲဒီ ခေတ်ပြိုင်ကဗျာတွေထဲက ညီလေးတို့ အာရုံတိမ်းညွတ်မှု ရှိတဲ့ ကဗျာအမျိုးအစား။အဲဒီ ကဗျာဗေဒအပေါ် နားလည်ခံယူထားပုံ အနှစ်ချုပ်။ တကယ်လို့ ညီလေး ညီမလေးတို့လက်ရှိရေးနေတဲ့ ကဗျာအနုပညာလက်ရာ တွေကို ဖန်တီးသူကိုယ်တိုင် အမှတ်တံဆိပ်တစ်ခုခုခွဲခြားပြောပြပါ။ ကိုယ့် အနုပညာကိုယ် တခြားသူတွေနဲ့ ကွဲပြားခြားနားအောင် ပြောပါလို့မေးရင် ဘယ်လိုဖြေကြမလဲ။ တချို့ ကဗျာဆရာတွေ/ ကဗျာဖတ်သူတွေကတော့ ကဗျာအနုပညာကိုအမည်အမှတ်တံဆိပ်တွေ တပ်တာ
အပေါ်ယံ ကိစ္စတွေပဲလို့ ယူဆပြီး နှစ်သက်လက်ခံမှု မရှိကြဘူး။ ကိုယ့် အမြင်ပြောရရင်ကဗျာကိုယ်တိုင်ကိုက
တခြား အနုပညာ အမျိုးအစားတွေနဲ့ ကွဲပြားခြားနားနေတဲ့ စာပေပုံသဏ္ဍာန်တစ်မျိုးပဲလေ။အဲဒါကြောင့် မေးတာပါ။


ခင်ဂျူး။          ။ လောလောဆယ်အာရုံစိုက်ပြီးလေ့လာဖြစ်နေတာကတော့ နီယိုနဲ့ LPအဲ့နှစ်ခုကိုစိတ်ဝင်စားနေဖြစ်တယ်။တစ်ခုချင်းစီက ပုံစံတစ်မျိုးစီနဲ့ဆွဲဆောင်မှု့အသီးသီးရှိတယ်လို့ထင်မိတယ်။ရေးနေမိတဲ့ကဗျာတွေကိုတော့ခေါင်းစဉ်တပ်မရသေးဘူးဗျ..။ပုံစံကအမျိုးမျိုးဖြစ်နေခဏအတွင်းစိတ်ကပြောင်းနေတယ်။တစ်ခုတည်းကိုစွဲမြဲပြီးရေးဖြစ်နေတာမဟုတ်သေးတော့နာမည်ခေါ်ရခက်နေတယ်။။Yes!!!!ကဗျာကတခြားအနုပညာနဲ့မတူဘူးဆိုတာကို ထောက်ခံတယ်။အနုပညာဆိုတာကလည်း ရောင်စုံပါပဲ။အများဆိုင်နာမ်အဖွဲ့အစည်းတစ်ခုရဲ့အမည်ခံတံဆိပ်လို့ပြောလို့ရတာပေါ့။

ရွှေကြယ်မိုး။          ။ ကျွန်တော် အာရုံတိမ်းညွတ်နေရတဲ့ ကဗျာအမျိုးအစားကတော့နီယိုမော်ဒန်ဖြစ်ပါတယ်။ လက်ရှိရေးသားနေတဲ့ ကဗျာတွေကတော့ ရှေ့တိုးနောက်ဆုတ်ပါပဲ။ နီယိုမော်ဒန်ဆီကိုရွေ့နေရင်းနဲ့ပဲ နီယိုကဗျာတွေဖန်တီးလိုက် မော်ဒန်ကဗျာတွေဖန်တီးလိုက် ရှေ့တိုးနောက်ဆုတ်သွားနေတယ်။ကဗျာအနုပညာမှာပဲဖြစ်ဖြစ်၊ တခြားအရာဝထ္ထုတွေမှာပဲဖြစ်ဖြစ် အမှတ်တံဆိပ်နဲ့ ကင်းလွတ်တယ်ဆိုတာလုံးဝမရှိပါဘူး။ လက်ရှိဖန်တီးဖြစ်နေတဲ့ အနုပညာအမျိုးအစားလို့မေးရင် နီယိုမော်ဒန်လို့ဖြေပါရစေ။

ကျော်ညိုသွေး။          ။ အာရုံတိမ်းညွှတ်တဲ့ ကဗျာအမျိုးအစားအနေနဲ့ ကတော့ကျွန်တော် တစ်ယောက်တည်း အရ ဆိုရင်တော့ တစ်မျိုးမက ရှိပါတယ်။ တခြား လူငယ်တော်တော်များများလည်း ဒီလို ရှိလိမ့်မယ်လို့ ယူဆမိပါတယ်။ အကြောင်းကတော့ကဗျာရေးဖို့ စတင် ချဉ်းကပ်တဲ့အခါ။ ကိုယ့် တိမ်းညွှတ်မှုဟာ ဘယ်လို ကဗျာအမျိုးအစားတစ်ခုစီ ဦးတည်နေတယ်ဆိုတာမျိုး ဖမ်းဆုပ်ဖို့ ခက်ပါတယ်။ များသောအားဖြင့် ကဗျာရေးသူတော်တော်များများဟာ Automatic Writing ကို အားပြုရေးတာမျိုးရှိတတ်ပါတယ်။ကျွန်တော့် လို ပင်မရေစီး ခေတ်ပေါ် ကဗျာ ကို ပိုမိုအာရုံတိမ်းညွှတ်ခဲ့သူ အနေနဲ့ကတော့များသောအားဖြင့် ပုံသဏ္ဍန် နဲ့ ချဉ်းကပ်ပုံတွေ က အဲဒီအထဲက ထွက်လေ့မရှိပါဘူး။အခုနောက်ပိုင်းမှာ စကားပြေကဗျာ ပုံသဏ္ဍန်ဘက် ကို ပိုပြီး အာရုံဝင်စား တာမျိုးရှိပါတယ်။ ကဗျာတစ်ပုဒ် တပ်ဆင်ခြင်း ၊ ကဗျာတစ်ပုဒ် ဖန်တီးခြင်း ၊ ကဗျာတစ်ပုဒ်သွန်ချခြင်း စသည်ဖြင့် ရှိရာမှာ ကဗျာတစ်ပုဒ် ဖြစ်ပေါ်လာဖို့ ခေတ်ပြိုင်ကဗျာလမ်းကြောင်းမှာ(သို့မဟုတ်) ပင်မရေစီး ခေတ်ပေါ် ကနေ ယနေ့ ခေတ်ပြိုင်အထိ ရှိခဲ့တဲ့ကဗျာအမျိုးအစားတွေရဲ့ အရိပ်အငွေ့တွေကို ဖမ်းဆုပ် ယူငင်သုံးစွဲတာမျိုးလည်းရှိတတ်တဲ့ အခါ ကိုယ့်အနုပညာကို တံဆိပ် ဖမ်းတပ်ဖို့ရာ တစ်ဦးတည်းအနေနဲ့ ခက်ခဲပါတယ်။

ကဗျာအနုပညာ အနေနဲ့ တခြားသော အနုပညာအယူအဆ ပြောင်းလဲပုံတွေ နဲ့ အယူအဆရေးရာအတွေးအခေါ်တွေ မှာ ကူးလူးဆက်နွယ်မှု ရှိနေပါတယ်။ ပန်းချီအနုပညာမှာ Realism သဘောတရားကို အခြေခံပြီး ရောနှောတင်ပြတဲ့ hybrid artwork ဆိုတာမျိုးတွေလည်း တွေ့ရတတ်ပြီး၊အခု ဒစ်ဂျစ်တယ်အနုပညာ ဖြစ်တဲ့ CG တွေမှာလည်း Photo manipulation လို Artမျိုးကိုတွေ့ရပါတယ်။ ဒါ့ကြောင့် ကဗျာအယူအဆတစ်ခု ၊ အမျိုးအစားတစ်ခုတည်းကိုတစ်စိုက်မတ်မတ် သုံးစွဲတဲ့ သူ မဟုတ်ရင်တော့ ကိုယ့်ကဗျာကို တံဆိပ်ကပ်ဖို့ခက်ခဲတာပဲဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ကတော့ ကဗျာ အမျိုးအစား တစ်မျိုးတည်း ဆီ ကိုဦးတည် သွားနေတာမျိုးမဟုတ်ပဲ။


အောင်ရင်ငြိမ်း။          ။ လူငယ်တွေ အနေနဲ့ ကဗျာအနုပညာ လက်ရာတစ်ခုကို ဘယ်လို အတွေးအခေါ် ဘယ်လို အာရုံခံစားပုံဘယ်လို အတတ်ပညာပိုင်း နည်းစနစ်ပိုင်းတွေနဲ့ ရေးသားဖန်တီးနေကြသလဲ။ကဗျာရေးသားခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လို နောက်ခံ အယူအဆနဲ့ ခံယူ ယုံကြည်ချက်တွေရှိနေကြသလဲ။

ခင်ဂျူး။          ။ ကဗျာတစ်ပုဒ်နဲ့တစ်ပုဒ်ကရေးဖြစ်တဲ့အခြေခံမတူဘူးဗျ။တချို့ကခံစားချက်တွေကိုချရေးလိုက်ပြီးမှ ကဗျာပုံစံထဲပြန်ထည့်ထားတာ။တချို့ကတော့ကိုယ်ပြောချင်တဲ့အကြောင်းအရာကို ကဗျာပုံစံအတိုင်းရေးပြီးမှခံစားချက်တွေပေါ်အောင် ဖြည့်စွက်စာထည့်လိုက်တာ။ကဗျာကိုရေးဖြစ်တာကတော့မငြီးငွေ့တော့မဲ့ပျော်ရွှင်ခြင်းတစ်မျိုးလို့ခံယူထားမိလို့ပါ။

ရွှေကြယ်မိုး။          ။ ကျွန်တော့်အနေနဲ့ ကဗျာတစ်ပုဒ်ကိုရေးတဲ့အခါကိုယ်ပိုင်အာရုံခံစားမှုနဲ့ရေးတယ်။ ပြီးတော့ ကျွန်တော့်မှာ ကိုယ်ပိုင်ဟန်ရှိတယ်လို့အခိုင်အမာယုံကြည်တယ်။ အာရုံခံစားပုံကို ဗြဲလရမ်းမထားထားဘူး။ Direction တွေ၊ လမ်းကြောင်းတွေနဲ့ကျွန်တော့်ရဲ့ အာရုံခံစားပုံမှာရည်ရွယ်ချက်တွေ၊ ဦးတည်ရာတွေ တိတိကျကျရှိတယ်။ ကဗျာနဲ့ပတ်သတ်တဲ့အတတ်ပညာပိုင်းမှာတော့ Neo Modern ကိုအသုံးပြုတယ်။ကဗျာရေးတဲ့နောက်ကွယ်မှာ ကျွန်တော်ဟာ ဘာသာရေးကိုးကွယ်မှုမရှိတာကစလို့ သဘောထားကြီးမားပြင်းထန်တဲ့လူငယ် နိုင်ငံရေးသမားတစ်ယောက်ဖြစ်နေတာတွေ၊ ပရဟိတအလုပ်အကိုင်တွေကို တစိုက်မတ်မတ် ၀ါသနာအရအကောင်အထည်ဖော်ဆောင်တာတွေ ဥပမာ- လက်ရှိအသက်(၂၀)အရွယ်မှာတင် သူငယ်တန်းကနေ ဆယ်တန်းထိသင်တဲ့ကိုယ်ပိုင်ပရဟိတစာသင်ကျောင်းတစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့တာတွေ၊ ပါတီနိုင်ငံရေးနဲ့ပတ်သက်ရင် ပါတီပေါ်မှာ Hard Liner တစ်ယောက်ဖြစ်သည်အထိရပ်တည်နေတာတွေအဆုံး ကဗျာတစ်ပုဒ်ရေးသားခြင်းရဲ့ အာရုံခံစားမှုတွေကို နောက်ကွယ်ကနေတစ်မျိုး၊ရှေ့တင်တစ်မျိုး အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ကဗျာနဲ့ပတ်သက်လို့ နောက်ကွယ်ကနေအယူအဆနဲ့ ယုံကြည်ချက်တွေ ပြောပြရရင် ကဗျာရေးဟန်အသစ်တွေကို သေလောက်အောင်ဘယ်လိုပဲရှာဖွေနိုင်နိုင်လက်ရှိ အုပ်ချုပ်သူ လူတန်းစားစွဲမြဲဆုပ်ကိုင်ထားတဲ့ ကဗျာအိုဟောင်းအယူအဆတွေကို မတော်လှန်မဖြိုဖျက်နိုင်ရင်ခရီးမရောက်နိုင်ဘူးလို့ ပြောပါရစေ။

ကျော်ညိုသွေး။          ။
မက်ဆေ့ခ်ျတစ်ခု သို့ အကြောင်းအရာ တစ်ခုပေါ်ကိုမူတည်ပြီးတော့ကဗျာကို ချဉ်းကပ်တဲ့အခါမှာ အကြောင်းအရာ ဗဟိုချက် တစ်ခုတည်းကို ဆွဲဖွလိုက်တဲ့ အခါမျိုးရှိသလို။စိတ်ကို လာရောက်ထိခတ်တဲ့ အသံတွေ ၊ အငွေ့အသက်တွေ တွေကို စုပေါင်းပြုလုပ်တဲ့ အခါ ခေတ်ပြိုင်ကဗျာအယူအဆတွေထဲက ကိုယ်လက်လှမ်းမီ သလောက် သဘောတရားတွေ ထည့်သွင်း ပြုလုပ် တဲ့ ကဗျာလည်းရှိပါတယ်။

အဲဒီမှာ အာရုံခံစားပုံ အကြောင်းပြောချင်ပါတယ်။ ကျွန်တော့် အနေနဲ့တော့ အာရုံ ခံစားမှု- ကဗျာတစ်ပုဒ် ဖြစ်ပေါ်လာဖို့ အာရုံခံစားမှု ဖြစ်လာတာဟာ စိတ်ခံစားမှု အခြေအနေ ၊ ကိုယ်ထံကို ၀င်ရောက်လာတဲ့ အသံတစ်သံ ၊ စီဒီတစ်ချပ် ၊ ကဗျာတစ်ပုဒ် ၊ အက်ဆေး တစ်ပုဒ် စသည်ဖြင့်ဝင်ရောက်လာတဲ့ အခါ အဲဒါကို ဖမ်းဆုပ်ပြီး အချိန်တော်တော်ကြာကြာ(သို့မဟုတ်) အချိန်အတိုင်းအတာတစ်ခုတိုင်အောင်နှပ် ထားရပါတယ်။ အဲဒီလို နှပ်ထားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ကိုလည်း တည်ဆောက်ရပါတယ်။အဲဒီအဆင့်တွေ ပြီးတဲ့ အခါမှ ကဗျာကို စတင်ချဉ်းကပ်ပါတယ်။ အဲဒီလို ချဉ်းကပ်တဲ့ အခါ အပေါ်ကဖြေခဲ့သလို ၊ ကိုယ်ရတဲ့ မက်ဆေ့ခ်ျ့ ဟာ ဘယ်လို ဆင်ယင်မှု မျိုး ၊ ဘယ်လိုယက်လုပ်မှုမျိုးနဲ့သင့်တော်မလဲ ဆိုတာမျိုး ကို စဉ်းစားပြီးမှ Automatic Writing အနေနဲ့ ထွက်ကျလာပါတယ်။အဲဒါကတော့ ပုံမှန် ကဗျာပြုလုပ်ခြင်း ၊ ကဗျာရေးသားခြင်း နဲ့ ကျွန်တော်နဲ့ ပတ်သက်မှု အကြောင်းပဲဖြစ်ပါတယ်။

ကဗျာရေးသားခြင်းရဲ့နောက်ကွယ်မှာ ဘယ်လို နောက်ခံ အယူအဆနဲ့ ခံယူယုံကြည်ချက်တွေ ရှိနေကြသလဲဆိုတဲ့ မေးခွန်းကတော့ ဖြေရတာ တော်တော်ခက်ပါတယ်။ ခက်တာထက် မဖြေတတ်တာပါ။ မေးခွန်းမေးသူကိုကဗျာရေးခြင်း ကနေ ထွက်ပြေးဖို့ ကြိုးစားဖူးသလားလို့ ပြန်မေးချင်ပါတယ်။ အဲဒီအခါ ဖြစ်ပေါ်လာတဲ့အကြောင်းတရားတစ်ခု ရှိနေတာမျိုး၊ ပေါ်လာတာမျိုး ရှိပါလိမ့်မယ်။ အဲဒါ အဖြေပါပဲ။



အောင်ရင်ငြိမ်း။          ။မြန်မာနိုင်ငံက ကွန်ဆက်ခြူရယ်၊ အယ်လ်ပီ စသဖြင့်နဲ့ ပို့စ်မော်ဒန် ပထမမျိုးဆက် စာပေအယူအဆတွေကိုလက်ခံယုံကြည်တဲ့ ကဗျာဆရာတွေမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလအာရုံခံစားမှုကို အဓိကမထားတဲ့၊ခေတ်စနစ်လူမှုဝန်းကျင်ရဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို မျက်ကွယ်ပြုချင်တဲ့ အယူအဆမျိုးတွေရှိနေကြတယ်။ တကယ်တော့ အဲဒီ အယူအဆတွေက ၁၉ ရာစုအလယ်ပိုင်းလောက်က ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံတွေမှာခေတ်စားခဲ့တဲ့ Aestheticism ရဲ့ စာပေအနုပညာ အယူအဆတွေ။ Oscar Wilde တို့လို ကိုယ်တို့ဆီမှာဆိုရင်ဆရာသစာနီတို့လိုပေါ့ အနုပညာရသအဓိက၀ါဒီတွေက သန့်စင်တဲ့ အနုပညာဟာ
လူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ကျင့်တရားဆိုင်ရာ ဆုံးမသွန်သင်မှုတွေနဲ့ မရောထွေးသင့်ဘူးလို့ယူဆခဲ့ကြတယ်။ အနုပညာဟာ အနုပညာအတွက်ဆိုတဲ့ ကြေညာချက်က Aestheticism ရဲ့ အနှစ်ချုပ် အယူအဆပေါ့။ညီလေးတို့ အမြင်ကရော...ကဗျာအနုပညာမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလ အာရုံခံစားမှုနဲ့
ခေတ်စနစ်လူမှုဝန်းကျင်အပေါ် အမြင်တွေ ပါသင့် မပါသင့်။


ခင်ဂျူး။          ။ မပါသင့်ဘူးလို့ဆိုနေတဲ့သူတွေလည်းလူတွေပါပဲ။ခံစားရ နာကျင်ရတာတွေကို သူတို့အနေနဲ့မထည့်ထားပါဘူးလို့ တိတိကျကျ ဖြေရှင်းချက်ထုတ်ရဲလို့လား?။အနုပညာဆိုတာ အပေါ်ယံခံစားချက်တွေလို့ဆိုလိုချင်တာမှမဟုတ်တာ သုတ၊ရသနှစ်ခုလုံးတိတိကျကျပေးနိုင်မှ အနုပညာလို့သတ်မှတ်တာလို့  ကျွန်တော်ခံယူထားတယ်။အကြောင်းအရာတွေကိုပဲ ဦးစားပေးနေမယ်ဆို အနုပညာက ပုံစံတစ်မျိုးတည်းနဲ့ကာလရှည်ကြာအောင် မတည်မြဲနိုင်လောက်တော့ဘူး။သူတို့ခေတ်အခါကသူတို့က ဇာတ်လိုက်ပေါ့။ကျွန်တော်တို့ခေတ်မှာတော့ လက်မခံနိုင်တာတွေရှိလာမှာပါ။အပြန်အလှန်နားလည်ပေးကြေးပေါ့။

ရွှေကြယ်မိုး။          ။ သန့်စင်တဲ့အနုပညာဟာ လူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ကျင့်တရားဆိုင်ရာဆုံးမသွန်သင်မှုတွေနဲ့ မရောထွေးရဘူးဆိုတဲ့ အယူအဆကို လုံးဝငြင်းဆန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်စကားကိုငှားသုံးရရင် ထမင်းစားတာလည်း နိုင်ငံရေး၊ လမ်းလျှောက်တာလည်း နိုင်ငံရေးပဲလေ။ ဒါကြောင့်ကဗျာအနုပညာမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလအာရုံခံစားမှုနဲ့ ခေတ်စနစ်လူမှု ၀န်းကျင်ပေါ် အမြင်တွေပါသင့်တယ်လို့ယူဆတယ်။

ကျော်ညိုသွေး။          ။ အနုပညာမှာ ခေတ်စနစ် လူမှုဝန်းကျင် ရဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို မျက်ကွယ်ပြုလို့ ရတဲ့ အနုပညာ အမျိုးအစားတွေ ရှိနေပါလိမ့်မယ်။ ဒါပေမယ့် ကဗျာအနုပညာမှာတော့ ခေတ်စနစ်ကို မျက်ကွယ် ပြုသည့်တိုင် ခေတ်စနစ်ရဲ့ သားကောင်ဖြစ်တဲ့ ကဗျာဆရာဟာ ခေတ်ကြီးထဲက လူမှုဝန်းကျင် အခြေအနေတွေ ကနေ တနည်းနည်း နဲ့ ပတ်သက်ယှက်နွယ်နေရမှာပါပဲ။ ကဗျာဟာ ခေတ် အဆက်ဆက် ခရီးထွက်ခဲ့တဲ့ နေရာမှာ ဗားရှင်းအမျိုးမျိုး ပြောင်းခဲ့ပါပြီ။ ကဗျာဟာ ခေတ်ကြီးထဲက အကြောင်းတရားတွေ နဲ့ ထိစပ် ပတ်သက်မှု မရှိဘူးဆိုတဲ့ အယူအဆဟာ ပြောတော့သာ လွယ်ပြီး လုပ်ရခက်တဲ့ အရာပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ အခုပြောနေတဲ့ ကဗျာဆိုတာဟာ ဘယ်လို ပုံသဏ္ဍန်နဲ့ပဲ ထုဆစ်သည်ဖြစ်စေ မိတ္တူကူးစက် ရဲ့ Roller ထဲက ထွက်လာတဲ့ စက္ကူချပ်တွေတော့မဟုတ်ပါဘူး။ သန့်စင်တဲ့ အနုပညာ ဟာ နာမ်ပဲ ရှိပြီး ရုပ်မရှိ ဘူးလို့ ယူဆမိပါတယ်။

ဒါပေမယ့် အဲဒီ အယူအဆ တွေ ရှိတယ်လို့ မေးခွန်းမှာ ထည့်မေးခဲ့ပေမယ့် ဆရာ သစ္စာနီကိုယ်တိုင်းလည်း အဲဒီ လို အယူအဆတွေကနေ တဖြည်းဖြည်း ကင်းလွတ်လာနေပြီလို့ ယူဆမိပါတယ်။ အဓိက အကြောင်းတရားကတော့ ဆိုရှယ်နက်ဝဒ် ဖြစ်တဲ့ Facebook မှာ ဆရာသစ္စာနီ ရေးထားတဲ့ ကဗျာ Note တွေဖြစ်တဲ့ “ခေတ်” ကဗျာအတွဲစဉ်တွေ ကြောင့်ပါပဲ။

နောက်တစ်ခု က အနုပညာဟာ ခေတ်နဲ့ အပြိုင် တိုးတက် ပြောင်းလဲနေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ခေတ်ကို ထင်ဟပ်ရမယ်လို့ တရားသေ ပြောလို့ မရသလို ၊ ခေတ်ကြီးကို အနုပညာထဲ အတင်းသွတ်သွင်းခြင်း ဟာလည်း အနုပညာမြောက်တယ်လို့ မထင်ပါဘူး။ ကျွဲကူးရေပါ ဆိုသလို ခေတ်ကြီး ထဲမှာ ဖြစ်ပေါ်လာတဲ့ ခေတ်ပြိုင် ကဗျာဆရာ ရဲ့ ကဗျာတွေ နဲ့ တခြား အနုပညာပစ္စည်းတွေဟာ ခေတ်ရဲ့ အရိပ်အငွေ့တွေ ယှက်သန်းနေမှာပါပဲ။ ဒါပေမယ့် အနုပညာ တစ်ရပ်ရပ် နဲ့ အနုပညာရှင်ဟာ သူ့ရဲ့ အနုပညာသြဇာကျယ်ပြန့်လာဖို့ ၊ သူ့အနုပညာကို လူပြိန်းတွေကပါ လက်ခံလာဖို့ အတွက် နိုင်ငံရေး ၊ ယဉ်ကျေးမှု ၊ လူမှုရေး ကိစ္စရပ်တွေမှာ ခုတုံးလုပ် မှု လွန်ကဲရင်လည်း သန့်စင်တဲ့ အနုပညာ ဖြစ်လာဖို့ လမ်းစ နည်းပါတယ်။ ကျွန်တော် ယုံကြည်တာကတော့ အဲဒီလိုပါပဲ။


အောင်ရင်ငြိမ်း။          ။ကိုယ့် အမြင်ပြောရရင် မြန်မာစာပေလောကမှာ Realism အယူအဆနဲ့ တန်ဖိုးစံနှုန်းတွေကို စွဲလမ်းဆုပ်ကိုင်ထားတဲ့အယ်ဒီတာတွေနဲ့ စာရေးဆရာတွေ ရှိနေလို့ မြန်မာဝတ္ထုတို/ အက်ဆေး အရေးအသားတွေဟာ Realismနယ်ပယ်ထဲမှာပဲ ပိတ်မိနေကြပြီး မြန်မာစကားပြေယဉ်ကျေးမှု အသစ်ဖွံဖြိုးတိုးတက်မှု မရှိဘဲနှစ်ပေါင်းများစွာ ရပ်တန့်နေတာလို့ မြင်မိတယ်။ ၁၉၉၅ ၀န်းကျင်ကနေ ၂၀၀၅ လောက်အထိ ခေတ်စားရှင်သန်ခဲ့တဲ့မော်ဒန်နဲ့ ပို့စ်မော်ဒန် စကားပြေတွေကတော့ ခြွင်းချက်ပေါ့လေ။ ကဗျာအနုပညာမှာ ဆိုရင်လည်းModern Conservative ဖြစ်နေတဲ့ ၀ါရင့် ၀ါနုကဗျာဆရာတွေ၊ အယ်ဒီတာတွေ ကဗျာဖတ် ပရိသတ်တွေရှိနေကြသေးတယ် ထင်တယ်။ အဲဒီလို Modern Conservative တွေကို မြန်မာကဗျာယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကိုမလိုလားတဲ့သူတွေ၊ အနှောင့် အယှက် အဟန့်အတား ဖြစ်စေမယ့် သူတွေလို့ဆိုနိုင်မလား။

ရွှေကြယ်မိုး။          ။ ဆိုနိုင်တာပေါ့။ သိပ်ကိုဆိုနိုင်တာပေါ့။ဒီလူတွေဟာ ကျွန်တော်တို့လူငယ်ကဗျာဆရာတွေက ဖြုတ်-ထုတ်-ရှင်း ဒါမှမဟုတ် ဖြုတ်-ထုတ်-သတ်လုပ်ပစ်ရမယ့်လူတွေပေါ့။ ဒါမှလည်း အုပ်ချုပ်သူလူတန်းစားတစ်ခု လုံးကမျက်ကွယ်ပြုထားတဲ့မြန်မာစာပေတိုးတက်မှုလမ်းကြောင်းကို ကျွန်တော်တို့ လူငယ်တွေဖန်တီးတဲ့ အခါ အေးအေးလူလူနဲ့ဖန်တီးလို့ရမှာလေ။

ခင်ဂျူး။          ။ စကားပြေအရေးအသားကတိုးတက်လာတာတွေရှိပါတယ်။ဆရာကြီး ဆရာမကြီးတွေရဲ့စာပေတချို့ကိုလေ့လာကြည့်ရင် အဆင့်မှီတာ ခေတ်မီနေဆဲဖြစ်တာတွေကိုတွေ့ရပါတယ်။လူငယ်တွေထဲမှာလည်း ရှိပါတယ်။အရေအတွက်တော့နည်းတာပေါ့။ဒါကလည်း ပြုစုပျိုးထောင်ပြီးသင်ပြပေးသူတွေမရှိတော့ လူငယ်တွေအနေနဲ့ စာကြီးပေကြီးတွေကိုစိတ်မ၀င်စား မလေ့လာဖြစ်တော့ ရေးမိသမျှတွေက ကလေးပုံစံ တန်ဖိုးမရှိတဲ့ပုံစံတွေပေါက်သွားကြတာလို့မြင်မိတယ်။ဒါကတော့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပေါ့။ကိုယ်ကြိုက်ရာ ကိုယ်သဘောကျရာကို ပြောပြီးအငြင်းပွားနေကြတာပါပဲ။သူတို့တွေကို အဟန့်အတားဖြစ်မဲ့သူတွေလို့တော့ဆိုလို့မရဘူးဗျ။

ကျော်ညိုသွေး။          ။
“ Realism အယူအဆနဲ့ တန်ဖိုးစံနှုန်းတွေကိုစွဲလမ်းဆုပ်ကိုင်ထားတဲ့ အယ်ဒီတာတွေနဲ့ စာရေးဆရာတွေရှိနေလို့ မြန်မာဝတ္ထုတို/ အက်ဆေးအရေးအသားတွေဟာ Realism နယ်ပယ်ထဲမှာပဲ ပိတ်မိနေကြပြီး မြန်မာစကားပြေယဉ်ကျေးမှုအသစ်ဖွံဖြိုးတိုးတက်မှု မရှိဘဲ နှစ်ပေါင်းများစွာ ရပ်တန့်နေတာလို့မြင်မိတယ်။” ဆိုတဲ့ အယူအဆ ကို လက်ခံမိပါတယ်။ တကယ်တမ်းတော့ စာပေအနုပညာ ရပ်ဝန်းကို ခဏလောက် ထားလိုက်ပါစို့။ ကျွန်တော် တို့ ဖြတ်သန်းခဲ့ရတဲ့ ကျောင်းတက်ချိန်တွေကို ခဏပြန်သွားချင်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ယဉ်ပါးခဲ့ကြရတဲ့ စကားပြေအရေးအသားတွေ ၊ ရေးနေခဲ့ရတဲ့ စာစီစာကုံးတွေ ဟာ Realism ထဲကနေကို တက်မလာပါဘူး။ ဒဲ့ပဲရေး ၊ ဒဲ့ပဲတင်ပြ ၊ လမ်းရိုးကြီးအတိုင်း ခေါက်ရိုးကျိုးခဲ့ပါတယ်။ အတွေးအမြင် ကို အခြေခံတဲ့ ၊ အယူအဆ ပိုင်းကို ရဲရဲဝံ့ဝံ့ မတင်ပြနိုင်တဲ့ ၊ တင်ပြဖို့ အခွင့်အလမ်းမရှိတဲ့ အခြေအနေမျိုးတွေ ကို ဖြတ်ကျော်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ကျွန်တော် ကဗျာ မရေးသေးပါဘူး။ တက္ကသိုလ်ဝင်တန်းဖြေပြီးစ English မဂ္ဂဇင်းတစ်ခုက နိုင်ငံခြား က ကျောင်းသူတစ်ဦးရဲ့ တက္ကသိုလ်ဝင်ခွင့်အတွက် ရေးထားတဲ့ Essay တစ်ပုဒ် ကို ဖတ်ကြည့်တဲ့ အခါ ကျွန်တော် မကြုံဖူးတဲ့ အက်ဆေး အရေးအသားကို တွေ့ရပါတယ်။ ကျွန်တော်တို့ ပုံမှန်မြင်နေကြ သင်ရိုး အက်ဆေးတွေလို မဟုတ်ပဲ အတွေးအခေါ် အယူအဆ ရှိရှိ ရေးသားထားတဲ့ လက်ရာ တစ်ခု ဖြစ်ပါတယ်။ အဲဒီအဖြစ် ၊ အဲဒီအချိန်က ခံစားမှု ကို ကျွန်တော် ဒီတစ်သက် မေ့မှာမဟုတ်ပါဘူး။ အဲဒီ အက်ဆေးဟာ ကျောင်းတက်ချိန်မြင်ကွင်းလေး တစ်ခုလည်း မဟုတ်ပါဘူး။ အဖေ့မေတ္တာ အကြောင်းလည်း မဟုတ်ပါဘူး။ ပွဲတော် တစ်ခု အကြောင်းလည်း မဟုတ်ပါဘူး။ ဒေလီယာ ပန်းလေးတွေ အကြောင်း ၊ ဒေလီယာ ပန်းတွေ အပေါ် စာရေးသူ မိန်းကလေးရဲ့ ငယ်စဉ်တွေးခေါ် ထင်မြင်မှု ၊ လက်ရှိ အသက်အရွယ်မှာ တွေးခေါ် ထင်မြင်မှု ဆိုတာတွေကို ထည့်သွင်းရေးဖွဲ့ထားပါတယ်။

ကျွန်တော်တို့ အနေနဲ့ ခေါက်ရိုးကျိုး ကျောင်းသင်ခန်းစာ တွေကို ကျေညက်ခဲ့ပြီး အခုလို လွတ်လပ်တဲ့ အရွယ်ရောက်တဲ့ အခါ အဲဒီ အရိုးစွဲနေတဲ့ ညဉ်တွေ ဟာ ဟုန်းခနဲ ထတောက်ပါတော့တယ်။ အနုပညာ တစ်ခု ဖန်တီးရာမှာ ရှေးရိုးစွဲ Realism ကို တွင်တွင်ကြီး သုံးစွဲပါတော့တယ်။

Realism ဟာ ခပ်လှောင်လှောင်ပြောရရင် ရင်ဘတ်ကြီး နှင့် ထုဆစ်သည် ပေါ့ မျက်ရည်လည်ရွဲ တွေကို သိပ်အသားပေးပါတယ်။ ဟုတ်ပါတယ်။ ရင်ဘတ်ကြီး နှင့် ထုဆစ်သည် ဆိုတာက တဖြည်းဖြည်း တိမ်ကောလာပြီလို့ ထင်ပါတယ်။ ယနေ့အခါဟာ အီလက်ထရွန်းနစ် ကမ္ဘာကြီး ဖြစ်ပြီးတော့ ၊ ကဗျာတွေကလည်း အီလက်ထရွန်းနစ် ရနံ့တောင် စွဲမြဲစ ပြုနေပါပြီ။ ကဗျာ အပါအ၀င် စာပေ အမျိုးအစားတွေကို ရင်ဘတ်ကြီး နဲ့ ထုဆစ်ချင်လည်း ထုဆစ်ပါ ။ လူသားတွေကိုး။ ဒါပေမယ့် အယူအဆတွေ ၊ တွေးခေါ်မျှော်မြင်မှုတွေ ၊ ထင်ဟပ်မှုတွေ ကိုလည်း ထည့်သွင်း ပြုလုပ်တာမျိုး ရှိလာပါပြီ။ စာပေတင် မက ပါဘူး ။ ရှိရှိသမျှ အနုပညာရပ်တွေမှာလည်း ဒီအတိုင်း တိုးတက် ပြောင်းလဲ လာနေကြပါတယ်။

ကျွန်တော် ကိုယ်တိုင်လည်း Realism တွေ ကို သိပ်ချစ် ၊ သိပ်မြတ်နိုးခဲ့ပါတယ်။ ဒါပေမယ့် ခေတ်ရဲ့ တောင်းဆိုမှု မဟုတ်ရင်တောင် ခေတ်ရဲ့ အရွေ့မှာ ၊ လူနေမှု စနစ်နဲ့ တွေးခေါ်မှု ပြောင်းလဲတဲ့ အတိုင်း အနုပညာဟာလည်း ပြောင်းလဲပြင်ဆင်မှု လုပ်ရပါမယ်။

ခေတ်ကို မျက်ကွယ်မပြုပဲ ကျွန်တော်တို့ ရေစီးကြောင်း အတိုင်း ကဗျာ အနုပညာ ကို ဖန်တီးတဲ့ အခါ Realism တွေ အနေနဲ့ များများထွက်ပါတယ်။ ဟော တစ်ခု ဟောတစ်ခု မြန်မှမြန်ပါပဲ။ Realism ဟာ အယူအဆ အတွေးအခေါ် ပိုင်း ကို သိပ်ပြီးမတွက်ချက်ပဲ။ ခံစားမှု ၈၀ ရာခိုင်နှုန်း ၊ လောက် ကို အခြေခံကြတယ်လို့ ယူဆမိပါတယ်။

Modern Conservative ဖြစ်တဲ့ ကဗျာရေးသူ ၊ အနုပညာရှင်တွေ ရှိသလို ၊ ကဗျာဖတ်သူ တွေ အနုပညာခံစားသူတွေလည်း ရှိနေပါတယ်။ ဒါဟာ အထက်က ကျွန်တော်ပြောခဲ့သလို ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ ကြုံတွေ့ရတဲ့ စနစ်ကြီး ၊ ခေတ်ကြီး နဲ့ အများကြီး သက်ဆိုင်ရုံမက ပညာရေးစနစ် ၊ နိုင်ငံရေး လူမှုရေးတို့နဲ့လည်း အများကြီး ပါဝင်ပတ်သက်နေပါတယ်။ သိပ်ကိုကျယ်ပြန့်ပါတယ်။ “မြန်မာကဗျာယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားတဲ့သူတွေ၊အနှောင့် အယှက် အဟန့်အတား ဖြစ်စေမယ့်သူတွေလို့ဆိုနိုင်မလား” ဆိုတာကတော့ ပုံသေပြောလို့မရပါဘူး။ အနှောက်ယှက် ဖြစ်ကောင်းလည်း ဖြစ်နိုင်သလို ၊ သူတို့ဘာသာ ကွဲထွက်ပြီး သီးသန့်ဖြစ်တည်မှု ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

မေးခွန်းမှာ မေးထားတဲ့ အချက်အလက်တွေဟာ ကျွန်တော်တို့ နိုင်ငံ ရဲ့ လူနေမှု စနစ် တွေကြောင့်လည်း အများကြီး သက်ဆိုင်နေပါတယ်။ နိုင်ငံရေး ၊ လူမှုရေး ၊ ပညာရေးပြေးလမ်း၊ အခြေအနေတွေဟာ အနုပညာတွေ ကို သွယ်ဝိုက်လို့ဖြစ်စေ ၊ တိုက်ရိုက်ပဲ ဖြစ်စေ ထိခတ်မှု ၊ အရိပ်ထင်မှု တော့ ရှိနေပါတယ်။

မြန်မာကဗျာဖွဲ့ဖြိုးမှု နဲ့ မြန်မာ့စာပေအဆင့်အတန်း တိုးတက်ပြောင်းလဲမှု နောက်ကျရခြင်း အကြောင်းအချက်တွေ ထဲမှာ အယ်ဒီတာတွေ ၊ ကဗျာရေးသူတွေ တင်မက တခြားသော အကြောင်းအချက်အလက်တွေ အများကြီး ပါဝင်နေပါသေးတယ်။ ဒါဟာ အသေးစိတ်ဆွေးနွေးလို့ ရတဲ့ ခေါင်းစဉ် တစ်ခုပဲ ဖြစ်ပါတယ်။

အောင်ရင်ငြိမ်း။          ။အွန်လိုင်း ကဗျာယဉ်ကျေးမှုဘက် တစ်ချက်လောက် လှည့်ကြည့်လိုက်ရအောင်။ အွန်လိုင်းက ကဗျာဆရာတွေနဲ့ကဗျာတွေအပေါ် ညီလေးတို့ အမြင်ကို အုပ်စုနဲ့ အမျိုးအစားတွေ ခွဲခြားဝေဖန်ပေးပါ။ အွန်လိုင်းနဲ့ပရင့်တ်မီဒီယာ ပဋိပက္ခ ကိစ္စ၊ အနုပညာဗီဇနဲ့ ကဗျာဖန်တီးမှု အတွေ့အကြုံ အနုအရင့်ကိစ္စ၊ အယ်ဒီတာမရှိတဲ့ မီဒီယာဖြစ်တဲ့အတွက် ကိုယ့်ကဗျာကိုယ် လွတ်လွတ်လပ်လပ် ရေးလို့ရနေတဲ့ အခွင့်အလမ်းရဲ့နောက်ဆက်တွဲ ကောင်းကျိုး ဆိုးကျိုး၊ အနုပညာ အဆင့်အတန်း သိပ်မရှိတဲ့ ကဗျာတွေအောက်ကLike & Comment ကိစ္စတွေက အစပေါ့။

 ရွှေကြယ်မိုး။          ။ အွန်လိုင်းနဲ့ ပရင့် ပဋိပက္ခဟာ အွန်လိုင်းကလူ့ညစ်ထေးတွေကြောင့်စခဲ့တာလို့ ယူဆတယ်။ အနုပညာနဲ့ ကဗျာဖန်တီးမှု အတွေ့အကြုံ အနုအရင့်ကလည်းပရင့်ကဗျာဆရာတွေက သာတယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ဆီကအွန်လိုင်းကဗျာဆရာတော်တော်များများ ဟာ အယူအဆချင်းမယှဉ်နိုင်တဲ့အခါ ပုဂ္ဂိုလ်ရေးဆိုင်ရာတိုက်ခိုက်မှုတွေကို ပြုလုပ်ကြတယ်။ ကလေးဆန်ကြတယ်။ ပရင့်မှာကတော့ အသက်ငယ်ငယ်၊ ကြီးကြီးစည်းလွတ်ဝါးလွတ်မဖြစ်ကြဘူး။ ကဗျာတွေအောက်က like and comment ကတော့ ခင်မင်မှုအရ တစ်ယောက်နဲ့တစ်ယောက်မြှောက်ထိုးပင့်ကော်လုပ်တာကလွဲလို့ ကဗျာလောကအပေါ် ထူးခြားတဲ့သက်ရောက်မှုမျိုး မပေးစွမ်းနိုင်ကြပါဘူး။ကျွန်တော်လည်း ရံဖန်ရံခါ အွန်လိုင်းပေါ်ကဗျာတွေတင်ပါတယ်။ နောက်ခံအကြောင်းရင်းကတော့ ကျွန်တော့်ရဲ့ဘလော့နဲ့ ကျွန်တော့်ရဲ့ ဖေ့ဘွတ်ခ် စာမျက်နှာပေါ်က မိတ်ဆွေတွေ ရဲဘော်ရဲဘက်တွေ ပရိတ်သတ်တွေဖတ်ဖို့ပါ။

ခင်ဂျူး။          ။ မေးခွန်းကခပ်ခက်ခက်ပဲဗျ။နားလည်သလိုဘာသာပြန်ကြည့်မယ်နော်။အွန်လိုင်းမှာရေးတဲ့ကဗျာဆရာတွေအားလုံးကို အရည်အချင်းမရှိဘူးလို့ မစွပ်စွဲရဲကြပါဘူးဗျာ။ရွက်ပုန်းသီးတချို့ လက်စောင်းလက်စွမ်းထက်တဲ့သူတွေအများကြီးရှိပါတယ်။ပရင့်တ်လောကထဲမှာနာမည်မကြားဖူးလို့ အရည်အချင်းမရှိဘုးလို့လွယ်လွယ်ဆုံးဖြတ်ရင် သူ လူပြိန်းဖြစ်သွားမှာပေါ့။နာမည်ကျော်အဆိုတော် Justin Bieber ဗီဒီယိုဖိုင်တစ်ခုနဲ့ အွန်လိုင်းပေါ်ကနေကမ္ဘာကျော်ခဲ့တာပါ။အကောင်းအဆိုးဆိုတာ ဒွန်တွဲနေကြပဲလေ။အွန်လိုင်းပေါ်မှာရေးတဲ့ သူတော်တော်များများက အတွေ့အကြုံမရှိပဲ ခံစားချက်နဲ့နမူနာယူထားတဲ့ကာရန်ကဗျာ၊
ခပ်ရိုးရိုးလေးလုံးစပ်ကဗျာ၊ကလေးကဗျာပုံစံတွေနဲ့စတင်ကြရတာပါ။တန်းဝင်တာရှိသလို မမှီလို့ဘေးဖယ်ခံထားရတဲ့ကဗျာတွေလည်းရှိမှာပါ။အဲ့လိုလွတ်လပ်စွာရေးလာတော့ ဝေဖန်ခံရတာရှိမယ်။အားပေးအားမြှောက်ပြုသူလည်းရှိမယ်။တချို့တွေကျတော့ ဘာမှန်းမသိပဲ ဆရာလိုလို အထာတွေကိုင်ပြတဲ့ကောမက်တွေကျတော့ neglect လုပ်ပစ်သင့်တယ်။မသိနားမလည်တဲ့သူကို ဒီဟာဒီလိုပုံစံနဲ့ ဒီလိုအကြောင်းကိုရေးထားတာပါဆိုပြီးပြောနေရှင်းပြနေလို့ကတော့ ကိုယ်ပဲအရူးဖြစ်မှာပေါ့။ပရင့်တ်လောက က အရည်အချင်းရှိတဲ့သူတွေ၊၀မ်းစာပြည့်တဲ့သူတွေ၊အတွေ့အကြုံရှိတဲ့သူတွေအနေနဲ့ကျတော့ ရယ်စရာဖြစ်နေမှာပေါ့။ဒါပေမဲ့ ပရင့်တ်လောကမှာလည်း အူကြောင်ကြောင်လိုင်းကြောင်နေတဲ့ငပိန်းတွေရှိပါသေးတယ်။အသိုင်းအ၀ိုင်းတိုင်းမှာ ငခုံးမတွေရှိပါတယ်ဗျာ။

ကျော်ညိုသွေး။          ။ ကျွန်တော်လည်းပဲ ပရင့်တ်မှာ ၀င်တိုးလက်စ နဲ့ အွန်လိုင်းမှာ ကဗျာရေးမိသွားပါတယ်။ အွန်လိုင်းကဗျာရေးသူ ဖြစ်သွားတယ်ဆိုပါတော့။ အဲဒီအခါမှာ လွတ်လွတ်လပ်လပ်ရေးလို့ရတဲ့ အတွက် လွတ်လွတ်လပ်လပ်ရေးပါတယ်။ တကယ်ကို စိတ်လွတ်ကိုယ်လွတ် ဖြစ်ချင်သလို ဖြစ်အောင် ကို ရေးမိပါတယ်။ အဲ..ဒါပေမယ့် တဘက်ကလည်း ပရင့်တ် မှာ ရေးဖို့ ကို စိတ်ထဲက အမြဲတမ်းရှိပါတယ်။ အဲဒီတော့ အွန်လိုင်း က အရေးအသားမျိုး ကိုလည်း ပရင်တ်ပေါ် ယူမလာခဲ့ပါဘူး။ ကိုယ့်ဖန်တီးမှု ကို ချပြရမယ့် ပရင့်မီဒီယာ မှာ တလေးတစားနဲ့ ရေးသားတင်ပြခဲ့တာချည်းပါပဲ။ အွန်လိုင်းဟာ ကိုယ်ရေးကိုယ်တာ နဲ့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ရောထွေးနေပါတယ်။ ကျွန်တော်တို့ ရဲ့ နေ့စဉ်ဘ၀ အရှုပ်ထွေးတွေ နဲ့ လုံးထွေးရစ်ပတ်နေပါတယ်။ အဲဒါကို ပရင့်တ် က ကဗျာဆရာတွေ အနေနဲ့ အွန်လိုင်း ပေါ်ကို တက်လာတဲ့ အခါ အမြင်လွဲတာ အထင်လွဲတာတွေ ရှိလာတတ်ပါတယ်။ အဲဒါဟာ သဘောသဘာဝ မတူတာကို နားလည်လက်ခံနိုင်စွမ်းမရှိလို့ပါ။ ကျွန်တော် တစ်ယောက်တည်း အနေနဲ့ ပြောရရင် ပရင့်မီဒီယာ ကို ဖြတ်သန်းတဲ့ Life နဲ့ အွန်လိုင်းမီဒီယာ မှာ ကျွန်တော့် နေထိုင်မှုနဲ့ ခွဲခြားထားပါတယ်။ အွန်လိုင်းက Like , Comment ကိစ္စတွေ ကိုတော့ အရေးမထားပါဘူး။ အွန်လိုင်းဟာ လူမျိုးပေါင်းစုံ ၊ စိတ်အခြေအနေပေါင်းစုံ ရှုပ်ထွေးနေတဲ့ နေရာပါ။ ကိုယ်ကြိုက်တာ ကိုယ်လုပ် ၊ ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ်ပါပဲ။

အပေါ်မှာ ပြောခဲ့ဖူးသလို ပဲ ကိုယ်က ဘာလိုချင်တယ်ဆိုတာတော့ သိရပါမယ်။ ကိုယ်က ဖက်ရှင် အရ ကဗျာရေးတာလား ၊ လူမှုဝင်ဆန့်ဖို့ အတွက် ကဗျာရေးတာလား ၊ ခေတ်မီချင်လို့လား အွန်လိုင်းပေါ်မှာ ကဗျာရေးတာ က ရင်ဘတ်ကြီးနဲ့ ခံစား Feeling 100% နဲ့ ရေးနေကြသူတွေ နဲ့ ခံစားမှု အသားပေး ဖတ်ရှု ကြသူတွေ ဆိုတဲ့ ရပ်ဝန်းတွေ လည်း အများကြီး ရှိနေတာဆိုတော့လည်း ပြောရခက်ပါတယ်။

အခုအချိန်မှာ ခေတ်ပြိုင် အနုပညာ ရပ်တိုင်းဟာ Feeling နဲ့ ပြုလုပ်နေတာမဟုတ်ပါဘူး။ Mood နဲ့ အယူအဆ နဲ့ ပြုလုပ်ဖန်တီးကြတာပါ။ ကိုယ်က ကဗျာသမား အဖြစ် ရပ်တည်ချင်တာလား ၊ ခဏလောက် ၀င်တိုးချင်တာလား ဆိုတာကတော့ ကာယကံရှင်တွေ ရဲ့ စိတ်အခြေအနေပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ သေချာတာကတော့ ကဗျာ ရေးသားခြင်း အနုပညာဟာ ခံစားမှုသက်သက်ပေါ် အခြေခံတာမျိုး က နေ တော်တော် ဝေးဝေးကို ရောက်နေပါပြီ။ အယူအဆတွေ ၊ နည်းစနစ်တွေ ၊ ဆင်ယင်ထုံးဖွဲ့မှုတွေ ပါလာပါပြီ။ ကဗျာအနုပညာ ဟာ တခြားသော လူမှု ဘ၀တွေ ၊ ခေတ်ပြိုင်ကမ္ဘာကြီးမှာ ရှိနေတဲ့ ယဉ်ကျေးမှု အရိပ်အငွေ့တွေ ၊ အသုံးအဆောင် ပစ္စည်းတွေ ၊ သိပ္ပံပညာရပ်ထွန်းကား လာမှုတွေ နဲ့ ရင်ဘောင်တန်း လာခဲ့ပါပြီ။ အရင်တုန်းက လို သီးသန့်ခွဲထွက် အနုပညာခံစားမှု ဆိုတာက ကျန်ခဲ့ပါပြီ။ ကဗျာလည်း ခေတ်ကြီးထဲ တိုးဝင်သလို ၊ ကဗျာဆရာတွေ ကလည်း ကန်လန့်ကာနောက်ကွယ်မှာ ရှိမနေတော့ပါဘူး။

သေချာတာကတော့ အနုပညာ ဆိုတာ လိမ်ညာလို့ မရတဲ့ ကိစ္စ ပဲ ဖြစ်ပါတယ်။ အနုပညာ ချစ်တယ် ၊ ကဗျာ ကို ချစ်တယ် လို့ ပြောရတာလွယ်ပါတယ်။ အချိန်ကာလ တစ်ခုမှာ အားလုံးဟာ အဖြေပေါ်လာပါလိမ့်မယ်။ အွန်လိုင်း ကဗျာရေးရေး ၊ ပရင့်တ် ကဗျာရေးရေး Like , Comment တွေ အပေါ်မှာ သာယာနေမယ်ဆိုရင်တော့ ခံစားမှုကို သိပ်အသားပေးလွန်းရာကျပါတယ်။ အွန်လိုင်း ကို ရောက်ခါ စ က ကဗျာအောက်မှာ ၊ အက်ဆေး အောက်မှာ ၊ ၀ထ္ထု အောက်မှာ သိပ်ကောင်းတာပဲ ၊ ရင်တွင်းခံစားချက်လား ၊ အဆင်ပြေပါစေနော်။ စသည်ဖြင့် အဲဒီလို ကွန်မန့်တွေ ကို မကြားချင်ဆုံးပါပဲ။


အောင်ရင်ငြိမ်း။          ။မြန်မာကဗျာလောကမှာ ကဗျာချဉ်းကပ်ခံစား ဝေဖန်မှု လုပ်ကြတဲ့အခါ တန်ဖိုးထား နားလည်ခံစားမှု(Appreciation ) နဲ့ ကောင်းဆိုး ဝေဖန် ချဉ်းကပ်သုံးသပ်( Criticize ) လုပ်တာ ဆိုပြီးနှစ်မျိုးနှစ်စားလုံး လုပ်ဆောင်ကြတာ တွေ့ရတယ်။ ဆရာမြဇင်၊ ဆရာ မင်းလှညွန့်ကြူး၊ ဆရာမျိုးသန့်၊ကိုမင်းခက်ရဲ၊ သူရနီတို့ရဲ့ ကဗျာချဉ်းကပ်မှုတွေက Criticize ဘက်ကို အလေးသာပြီး ဆရာမောင်သာချိုနဲ့ကို အောင်ခင်မြင့်တို့က Appreciation ဘက်ကို အလေးသာတယ်လို့ ကိုယ် မြင်တယ်။ မြန်မာကဗျာဝေဖန်ရေးအပေါ်ညီလေးတို့ရဲ့ အမြင်။ ပြီးတော့ အခု နှစ်ပိုင်း အွန်လိုင်းမှာ သဘောထားအမြင်မျိုးစုံနဲ့လူပြောသူပြောများနေတဲ့ မောင်ဂျိုကာရဲ့ ကဗျာချဉ်းကပ်မှုတွေနဲ့ လူမှုရေး ဝေဖန်ချက်တွေအပေါ်အမြင်။
      
ရွှေကြယ်မိုး။          ။   မြန်မာစာပေအပေါ်ဝေဖန်ချက်တွေမှာ (Appreciation) ရော (Criticize) ရောလိုအပ်ပါတယ်။ မောင်ဂျိုကာနဲ့ပတ်သက်လို့ပြောရရင် သူဟာ ယူဆချက်၊တွေးဆချက်တွေကောင်းပေမယ့်သူ့ထက် အယူအဆရေးရာသာလွန်တဲ့ပုဂ္ဂိုလ်တွေကို မနာလိုဖြစ်နေတတ်ပြီး ပုဂ္ဂိုလ်ရေးဖော်တိုက်ခိုက်မှုတွေပြုလုပ်တဲ့အတွက် အောက်တန်းကျသူတစ်ယောက်အဖြစ် ရှုမြင်ပါတယ်။

ခင်ဂျူး။          ။
ဝေဖန်တယ်ဆိုတာကောင်းတဲ့အလုပ်တစ်ခုပါ။ပြောသလိုပေါ့။တန်ဖိုးထားဝေဖန်တာတွေရှိသလို ဘယ်လိုဖြစ်နေတယ်ဆိုပြီးကိုယ့်ကဗျာအပေါ်လမ်းညွှန်ပေးတဲ့ဝေဖန်ချက်တွေက အားတစ်ခုဖြစ်သလို ကိုယ့်မျက်ချေးလည်းကိုယ်မြင်ရတာပေါ့။ဘုမသိဘမသိနဲ့ရောက်လာတဲ့ဝေဖန်စာလိုလို သရော်စာလိုလိုတွေကျတော့ အရေးမပါပါဘူး အရာမပေးဘူးပေါ့နော်။မောင်ဂျိုကာပုံစံက ထင်ရသလောက်တော့ ငချွတ်ကလေး ချာတိတ်အဆင့်တော့မဟုတ်ဘူးဗျ။ဘာပဲပြောပြာ အငြင်းအခုံဖြစ်ဖို့ဆိုတာ အတွေ့အကြုံရယ် သမ္ဘာနည်းနည်းရယ်တော့လိုသေးတာပေါ့။စာလည်းသင့်သလောက်ဖတ်ထား လေ့လာထားရမယ်။တစ်ဖက်ကိုင် အစွန်းရောက်ချင်တာတွေလည်းရှိတယ်။ဒီလောက်ပါပဲ ထဲထဲဝင်ဝင်တော့ မမြင်မိသေး မတွေ့သေးဘူးဗျ။

ကျော်ညိုသွေး။          ။ အဲဒီ ဝေဖန်ရေး အမျိုးအစား နှစ်ခုလုံးက တကယ်ကို လိုအပ်ပါတယ်။ တကယ့်တကယ် ကဗျာရေးချင်သူ ၊ လက်ရှိ ကဗျာကိုချဉ်းကပ်နေသူ မျိုးဆက်သစ်တွေ အတွက် ဆို အဲဒီ အမျိုးအစား နှစ်ခု လုံးက ပိုလို့ လိုအပ်ပါတယ်။ ကျွန်တော့် အနေနဲ့ ကတော့ Criticize ဘက်ကိုကို ပိုပြီး နှစ်သက်သလို ရှိပါတယ်။ အခု နှစ်ပိုင်း အွန်လိုင်းမှာ သဘောထားအမြင်မျိုးစုံနဲ့ လူပြောသူပြောများနေတဲ့ မောင်ဂျိုကာရဲ့ကဗျာချဉ်းကပ်မှုတွေနဲ့ လူမှုရေး ဝေဖန်ချက်တွေအပေါ် အမြင်။ ကတော့ မပြောတတ်ပါဘူး။


အောင်ရင်ငြိမ်း။          ။၂၀၁၀ အလွန် ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ခေတ်ပေါ်ကဗျာ၊ အယ်လ်ပီ၊ ကွန်ဆက်ခြူရယ်၊စမ်းသပ်၊ ဖလာ့ဖ်၊ စကားပြေကဗျာ စသဖြင့် ကဗျာအယူအဆ/ အမျိုးအစားတွေ ရှိနေကြတယ်။ ခေတ်ပြိုင်ကဗျာ(Contemporary Poetry) ဆိုတဲ့ ဝေါဟာရအပေါ်မှာလည်း အမြင်နဲ့ ၀ိဝါဒ အမျိုးမျိုး ကွဲပြားနေကြတယ်လို့ထင်တယ်။ ကိုဇော်ဇော်ထွန်းကတော့ ခေတ်ပြိုင်ကဗျာလို့ မြန်မာလို မပြောဘဲ ContemporaryPoetry လို့ အင်္ဂလိပ်လို တိုက်ရိုက် သုံးနှုန်းပြောဆိုဖို့ အကြံပေးထားတယ်။ ခေတ်ပြိုင်ကဗျာဆိုတာတချိုကဗျာဆရာတွေ ယူဆနေသလို ကဗျာအမျိုးအစားသစ် တစ်ခုလား။ ဒါမှမဟုတ် ၂၀၁၀ အလွန် မြန်မာနိုင်ငံမှာအသစ်ဖြစ်ထွန်းလာတဲ့ ကဗျာအမျိုးအစားသစ်တွေကို ခြုံငုံခေါ်ဝေါ်တဲ့ ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခုလား။ညီလေးတို့ ဘယ်လို ခွဲခြားနားလည်ထားလဲ။ ညီလေးတို့ အမြင်နဲ့ဆိုရင် ခေတ်ပေါ်ကဗျာကိုရော၂၀၁၀ အလွန် ခေတ်ပြိုင်ကဗျာစာရင်းထဲ ထည့်မလား။ ချန်ထားခဲ့ချင်လား။ ပြီးတော့ လာမယ့် ဆယ်စုနှစ်တစ်ခုအတွင်း ခေတ်ပြိုင်မြန်မာကဗျာရဲ့ အလားအလာ။ ဘယ်လို ကဗျာအမျိုးအစားတွေ ဆက်လက် ရှင်သန်ရပ်တည်နေနိုင်မယ် ထင်လဲ။ ဘယ်လို ကဗျာ အမျိုးအစားသစ်တွေ အသစ် ပေါ်ပေါက် ထွန်းကားလာမယ်လို့ခန့်မှန်း ထင်ကြေးပေးမလဲ။

ရွှေကြယ်မိုး။          ။  ခေတ်ပြိုင်ကဗျာဆိုတာ ၂၀၁၀ အလွန်မှာပေါ်ပေါက်လာတဲ့ကဗျာအမျိုးအစားသစ်တွေကို ခြုံငုံသုံးထားတဲ့ အသုံးအနှုန်းတစ်ခုလို့ပဲ နားလည်ထားပါတယ်။ခေတ်ပေါ်ကဗျာကို ၂၀၁၀အလွန် ခေတ်ပြိုင်ကဗျာစာရင်းထဲ ထည့်မယ်။ လာမယ့် (၁၀)စုနှစ်အတွင်းမှာလက်ရှိ လူငယ်တွေအားကောင်းမောင်း သန်ဖြစ်နေတဲ့ နီယိုမော်ဒန်ရယ်၊ နောက်ပြီးတော့ ဆော့ဖ်မော်ဒန်တချို့တစ်ဝက်ရယ်၊အခြားအမျိုးအစားတွေ အနည်းအကျဉ်းရယ် ဆက်လက်ရှင်သန်နေမယ်လို့ ထင်တယ်။ ဒီဂျစ်တယ်တွေ အီလက်ထရစ်ကယ်တွေနဲ့ဆက်စပ်တဲ့ကဗျာအမျိုးအစားသစ်တွေ ထွက်ပေါ်လာမယ်လို့ ယူဆတယ်။

ခင်ဂျူး။          ။ခေတ်ပြိုင်ဆိုတာ အခုခေတ်စားနေတဲ့ခေတ်ပေါ်ကဗျာ၊ ခေတ်ပေါ်ကဗျာရဲ့ပင်မရေစီးထဲကနေခွဲထွက်လာသော ခေတ်အပြိုင်ကဗျာအမျိုးအစားတွေကို ဆိုလိုချင်တာလို့မြင်မိပါတယ်.။ရှေးခေတ်က ဒွေးချိုး လေးချိုး လွမ်းချင်းတွေက လက်ရှိအနေအထားမှာလည်းမဟောင်းနွမ်းသေးသလို လတ်တလောပေါ်ပေါက်နေတဲ့ကဗျာအမျိုးအစားတွေကလည်း နောက်မှာဘယ်တော့မှာမကျန်ရစ် မပျက်စီးသွားပါဘူး ။သူတို့ကိုအခြေခံပြီး modify လုပ်ထားတဲ့ ဒြပ်စင် ဒြပ်ပေါင်းအမည်သစ်တွေလည်း ပေါ်ထွက်လာဦးမယ်လို့လည်းထင်ပါတယ်။

ကျော်ညိုသွေး။          ။ ကျွန်တော် ကတော့ ခေတ်ပြိုင် လို့ သုံးတာထက် Cotemporary လို့သုံးတာ ကို ပိုသဘောကျပါတယ်။ ပြီးတော့ ခေတ်ပြိုင်လို့ သုံးနှုန်းတာဟာ ခေတ်အခြေအနေ ၊ အချိန်ကာလ တစ်ခု ကို ဖော်ကျူးတယ်လို့ မြင်ပါတယ်။ ကဗျာအမျိုးအစား တွေ အနေနဲ့ ကတော့ သူ့ တံဆိပ်နဲ့ သူရှိနေမှာပါပဲ။ အဲဒီ စကားလုံး နဲ့ ပတ်သက်လို့ ၀ိဝါဒ အမျိုးမျိုး ကွဲပြားနေတယ်လို့ မေးခွန်းမှာပါပေမယ့် တော်တော်များများကတော့ ခေတ်ပြိုင်ဆိုတာ အချိန်ကာလ ၊ ရောက်ရှိ အချိန်ကို ဖော်ညွှန်းတဲ့ စကားစု လို့ ယူဆ လက်ခံနေကြတာကို တွေ့ရပါတယ်။ ကျွန်တော် ကိုယ်တိုင် အမြင်နဲ့ ဆို ရင်တော့ 2010 အလွန်မှာ ပေါ်ပေါက်လာတဲ့ ကဗျာ အမျိုးအစား အားလုံး ကို ဆိုလိုချင်ပါတယ်။ တကယ်လို့ ခေတ်ပြိုင်ကဗျာ - တနည်းအားဖြင့် Cotemporary Poetry ဟာ ကဗျာအမျိုးအစား တစ်ခုဆိုရင် Cotemporary Poetry ရဲ့ အင်္ဂါရပ်တွေ လက္ခဏာတွေ ဟာ ဘယ်လိုတွေများလဲ ဆိုတာ ကျွန်တော်တို့ လေ့လာကြရပါဦးမယ်။ ကျွန်တော့် အယူအဆ အရဆိုရင် ဒီလို မျိုး အဓိပ္ပါယ် ရှုပ်ထွေးမှု ဖြစ်ပေါ် လာခြင်းဟာ ကဗျာရေးရာ ဘာသာပြန်ချက်တိုင်း ကို ကဗျာဆန်ခြင်း ဘက်ကို အတင်းဆွဲခေါ်ရာကနေ ဒွိ သဘောတွေ ကို ဆောင်လာစေခဲ့တယ်လို့ ထင်မြင်မိပါတယ်။ ခေတ်ပေါ် ကဗျာ အနေနဲ့ ကတော့ သမိုင်းမှာ ချန်ခဲ့လို့ မရပေမယ့် 2010 အလွန် ကဗျာတွေနဲ့တော့ အတူတူမထားချင်ပါဘူး။
            လာမယ့် ဆယ်စုနှစ် တစ်ခုအတွင်းမှာ လူမှုရေး ၊ နိုင်ငံရေး ၊ စိန်ခေါ်မှု အသစ် ၊ နည်းပညာအသစ်တွေ ပေါ်လာသလို ယဉ်ကျေးမှုတွေလည်း တမျိုးတစ်ဖုံ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်လာနိုင်သလို ၊ ဒီလိုပဲ မျောနေမယ်လို့လည်း ယူဆရပါတယ်။ ကဗျာအနေနဲ့ ခေတ်အဆက်ဆက် ပြောင်းလဲ တိုးတက် လာခဲ့ပါတယ်။ အမျိုးအစား အမျိုးမျိုးကို ကဗျာဆရာ ပေါင်းမြောက်များစွာက စမ်းသပ်ထုတ်လုပ် ခဲ့ကြပါတယ်။ အခုအချိန် အထိပေါ့။ အခုအချိန်က စ နောက်ပိုင်း ဆိုတဲ့ အချိန်ကာလ ကို မျှော်ကြည့်ရတာဟာ ခက်ခဲတဲ့ ၊ ခန့်မှန်းရခက်တဲ့ အချိန်တစ်ခု လို့ ဆိုချင်ပါတယ်။ ကျွန်တော် ပြောတာက ကဗျာပုံသဏ္ဍန်တွေ ၊ ကဗျာအယူအဆတွေ ၊ ကဗျာ/စာပေ ရေးရာ ၀ါဒတွေ အတွေးအခေါ်တွေ အားလုံးကို ဆိုလိုတာပါ။ မျှော်ကြည့်ရတာတော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။


စီစဉ်တင်ဆက်သူ

အောင်ရင်ငြိမ်း
၁ ဇူလိုင် ၂၀၁၃
                                               
 

No comments:

Post a Comment