Tuesday, January 1, 2013

မ ေ သ ာ ၾက ာ သို့ လူ င ယ် ဘ ၀ ရဲ့ ဂျ င်းေ ဘာ င်း ဘီ


                   အဲဒီညက ဂစ်တာတီးချင်တဲ့ စိတ်ပြင်းထန်လွန်းလို့ ကျွန်တော့် လက်ချောင်းတွေ တဆတ်ဆတ်တုန်ယင် နေခဲ့တာပေါ့။ သီချင်းတစ်ပုဒ်လောက် အော်ဟစ်သီဆို ပစ်လိုက်ချင်တဲ့ စိတ်ကလေးဟာ ကျွန်တော့် ကိုယ်ခန္ဓာ ကို စွန့်ခွာပြီး အတိတ်ကာလ ဆယ်ကျော်သက်ညတွေဆီ ထွက်ပြေးသွားခဲ့တယ် မသောကြာ။     

                                                                                    *************

                   အဲဒီတုန်းက ၁၉၉၀ ကျွန်တော့် အသက် ၁၈ နှစ်။ရွှေတောင်မြို့ကလေးရဲ့ ကြာနီ ကန်လမ်းမပေါ်က မနီနီအေး ည တွေ။ မြို့စွန်ပန်းခြံ၊ လမ်းဘေးအုတ်ခုံ၊ ဗျူးပွိုင့်ကဖေး၊ ခင်ဝမ်းသီချင်း၊ ကမ်းနားလမ်းအရက်ဆိုင်၊ ရုံးဖြတ်လမ်းသွယ်လေးနဲ့ အမှောင်ရိပ်အောက်က မူးယစ် ဆေးဝါးညတွေ။ Delco တီရှပ်နဲ့ Domini ရှပ်နဲ့၊ ခါးပတ်မပါတဲ့ Rider ဂျင်းန်ပင်နဲ့၊ ကတ္တီပါဖိနပ်နဲ့၊ ဂျင်းန် ဂျက်ကက်မှာ အနက်ရောင်Scorpionနဲ့၊ လက် မောင်းမှာ ဘလိတ်ဓားခြစ်ရာနဲ့၊ ဘယ်ဘက် ပါးစောင်မှာ “ကင်”နဲ့၊ ညာဘက် လက်ချောင်းကြားမှာ ပစ်တိုင်း ထောင်နဲ့၊ အိတ်ကပ်ထဲမှာ D.Zနဲ့၊ စိတ်တူကိုယ်တူ သူငယ်ချင်းတစ်သိုက်နဲ့၊ စစ်ကိုင်းအိုး ဟော်လိုဂစ်တာ တစ်လက်က အနက်ရောင်။

                     ခေါင်းထဲမှာ မိဘကို တော်လှန် ရေးလုပ်ဖို့ကလွဲပြီး ဘာမှထည့်မထားဘူး။ နှလုံးသားထဲမှာ မနီနီအေးနဲ့ ကဗျာကလွဲလို့ ဘာမှမရှိဘူး။

                    အဲဒီတုန်းက ကျွန်တော် ဟာ ဆယ်တန်းမအောင်သေး။ လူ့ဘ၀ဆိုတာ ကျောင်း ပြေးပြီး ကျူရှင်လစ်တာ။ လူငယ်စိတ်ဆိုတာ အချိုး မပြေတဲ့ ဖေဖေ့ကို စာအုပ်ထဲက စကားလုံး အကြီးကြီး တွေနဲ့ ပစ်ပေါက်တာ။ ယောက်ျားဆိုတာ တစ်ယောက် ချင်း စိန်ခေါ်ပြီး မျက်နှာကို ချိန်းကြိုးနဲ့ ဖြတ်ရိုက် ထည့်လိုက်တာ။ အချစ်ဆိုတာ မမရဲ့အိမ်ရှေ့ ဓာတ် တိုင်အောက်မှာ ပန်းပွင့်လို ကြွေပြနေရတာ။

                    အဲဒီတုန်းက ကျွန်တော်တို့ဟာ ဆိုးသွမ်း လေလွင့်လူငယ်ခေတ်ရဲ့ နောက်ဆုံးမျိုးဆက်တွေပေါ့ မသောကြာ။ ကျွန်တော်တို့ခေတ်က ယောက်ျား လေးတွေဟာ မကျေနပ်တာရှိရင် ပါးစပ်က ထုတ်ပြော၊ တစ်ယောက်နဲ့ တစ်ယောက် အသားတုံး တစ်တုံးလိုသဘောထားပြီး ပေါ်တင်ဖြဲကြ၊ ဖဲ့ကြ တယ်။ ကျွန်တော်တို့ခေတ်က လူငယ်တွေဟာ စောင်းမြောင်းပြောဆိုတာ၊ မမြင်ကွယ်ရာမှာ အ တင်းအဖျင်းပြောတာကို စက်ဆုပ်ရွံရှာလေ့ရှိကြ တယ်။ အခု ရပ်ကွက်ထဲကနေ နိုက်ကလပ်ထဲ အထိ ခေတ်စားနေတဲ့ ကျပ်လုံး ထေ့လုံးတွေကို ကျွန်တော်တို့ထက် ၁၀ နှစ်လောက် လူ့လောကထဲ စောရောက်နေတဲ့ ရှေ့မျိုးဆက်က စတင် တီထွင်ခဲ့ ကြတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ မျိုးဆက်ဟာ အဲဒီ ယဉ်ကျေးမှုကို မိန်းမဆန်တဲ့ ယဉ်ကျေးမှုလို့ ယူဆပြီး ဆန့်ကျင်ငြင်းဆန်ခဲ့ကြတယ်။

                     မြို့ကလေးထဲက လူတွေဟာ ကျွန်တော်တို့ ကို အလေအလွင့်တွေ၊ အရိုင်းအစိုင်းတွေလို့ ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ပေးခဲ့ကြတယ်။ ဆုတံ ဆိပ်အတွက် သူတို့ပေးတဲ့ဆင်ခြေတွေက အများ ကြီးပါပဲ။ ဘီအီးဒီ ပြီးခါစ အသစ်စက်စက် ဘိုင်အို မလေးကို ရည်းစားစကား လိုက်ပြောလို့တဲ့။ သူခိုးကြီးညမှာ သူတို့ခြံတွေထဲက ကျွဲကောသီးနဲ့ သံပရာသီးတွေကို ပင်လုံးကျွတ်အောင် ခူးပစ်ကြလို့တဲ့။ သူတို့သားလိမ္မာလေး တွေကို ဂစ်တာတီးသင်ပေးပြီး ဒဿနိကဗေဒ တတိယနှစ်က အနောက်တိုင်းဖလော်ဆော်ဖီတွေ နဲ့ မိတ်ဆက်ပေးလို့တဲ့။

                    မြို့ထဲကလူတွေဟာ ကျွန် တော်တို့ရဲ့ ဆိုးသွမ်းမိုက်မဲမှုကို သိကြပေမယ့် ကျွန် တော်တို့ရဲ့ လိမ္မာယဉ်ကျေးမှုကိုတော့မသိခဲ့ကြဘူး။သူတို့ရဲ့ စာညံ့တဲ့သားသမီးတွေကို ကျွန် တော်တို့ အတန်းထဲမှာ သင်္ချာပုစ္ဆာတွေ ကူတွက် ပေးတာ၊ အင်္ဂလိပ်သဒ္ဒါနဲ့ အသံထွက်စနစ်တွေ သင်ပေးတာ၊ ရည်းစားစာ ရေးပေးရတာကို မသိခဲ့ ကြဘူး။ မိုးတွေသည်း သည်းထန်ထန် ရွာနေတဲ့ တစ်ညနေ၊ လူတိုင်းက တက်သုတ်ရိုက်ပြေးလွှား နေကြချိန်၊ မိုးရွာထဲ ထီးဗလာနဲ့ လမ်းလျှောက်နေရ ရှာတဲ့ အဘွားအိုတစ်ယောက်ကို ကိုယ်ဆောင်း ထားတဲ့ ထီးကိုပေး၊ စက်ဘီးနဲ့ အိမ်ပြန် လိုက်ပို့ ပေးခဲ့တာ မသိခဲ့ကြဘူး။ ကျောင်းနံရံကပ် စာ စောင်မှာ သူတို့ သားသမီးတွေရဲ့နာမည်နဲ့ ကျွန် တော်တို့က ၀တ္ထုတိုနဲ့ကဗျာတွေ ရှဲဒိုးရေးပေးခဲ့ ရတာ မသိခဲ့ကြဘူး။ အမှတ်တရ ဆုပေးပွဲလုပ်တဲ့ အခါ သူတို့ရဲ့ညံ့ဖျင်းတဲ့ သားသမီးတွေက လူပုံ အလယ်မှာ ဂုဏ်ယူဝံ့ကြားလို့။ ကျွန်တော်တို့ က သူတို့အဖြစ်ကို လက်ဖက်ရည်ဆိုင်မှာ ၀ိုင်းဖွဲ့ ရယ် မောလို့။

                    ဒါတွေက လူသိအောင် လျှောက်ပြောနေရ မယ့် အကြောင်းအရာတွေမှ မဟုတ်တာဘဲလေ။

                    အဲဒီတုန်းက ကျွန်တော်တို့ဟာ မြို့ကလေးရဲ့ ရေပန်းအစားဆုံး Rolling Stone တွေ။အရိုးခေါင်းတီရှပ်နဲ့ ရိုက်ဒါ ဂျင်းန်ပင်ကို စွဲစွဲ မြဲမြဲဝတ်တယ်။ စက်လှေချိန်းကြိုးကို ရယ်ဒီမိတ် သားရေပြားနဲ့ချုပ်၊ ကျားခေါင်းရုပ်တပ်ပြီး ခါးမှာ အလှပတ်တယ်။ မလိုအပ်ရင် ကျားခေါင်းရုပ်ပေါ် လက်မနှစ်ဖက်တင်ပြီး ဟန်နဲ့ ပန်နဲ့ မတ်တတ်ရပ်ဖို့။လိုအပ်ရင် ကျားခေါင်းရုပ်ထိပ်က ကလစ်တစ် ချောင်းကို ဆွဲဖြုတ်ပြီး ခါးပတ်နဲ့ လက်ပြန်လွှဲရိုက် ပစ်လိုက်ဖို့။ ကျွန်တော်တို့ဟာ ဂျင်းန်ပင်ဆိုရင်  အဟောင်းမှဝတ်တယ်။ ဘောင်းဘီဖင်အိတ်ထဲမှာ သံလက်သီးနဲ့၊ လည်ပင်းမှာ စတီးလ်ကြိုးနဲ့။ ဂျင်းန် ပင်အသစ်ဝတ်တဲ့ ကောင်တွေဟာ လူငယ်တွေရဲ့ ဖက်ရှင်ကို နားမလည်တဲ့ ငတုံးတွေ။ ကျွန်တော် တို့ဟာ ဦးထုပ်ကို လျှာချိုးပြီးမှ ဆောင်းတယ်။ ဂစ် တာဆို ရှစ်ကြိုးတပ်မှ တီးတယ်။ ရှေ့လူတွေ သုံး နေကျ ဗန်းစကားတွေကို လိုက်မသုံးဘဲ ကိုယ်ပိုင် ဗန်းစကားအသစ်ထွင်သုံးတယ်။

                     အဲဒီတုန်းက လူငယ်ဘ၀ရဲ့ သတ္တုရောင် တောက်ပတဲ့ နေ့ရက်တွေ။

                     ကျွန်တော်တို့ဟာ သူငယ်ချင်းတွေနဲ့ စာအုပ် တွေဆီကနေ အရာရာကို သင်ယူခဲ့ကြတယ်။ ခပ် ညံ့ညံ့ သာမန်လူပြိန်းတွေရဲ့ အပြောအဆို အပြု အမူမျိုးတွေကို ဆင်ခြင်ရှောင်ကြဉ်ပြီး ကိုယ့်အထာ နဲ့ ကိုယ်နေထိုင် ရှင်သန်ခဲ့ကြတယ်။ မြို့ကလေးရဲ့ အမြင်မှာတော့ ကျွန်တော်တို့ဟာ အုပ်စုဖွဲ့ နေထိုင် တတ်တဲ့ခွေးအတွေ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ၀ံပုလွေလို မကျင့်ကြံခဲ့ကြဘူး။ စစ်တုရင်ကစားပေ မယ့် လူတွေအပေါ် စစ်တုရင်သမားလို အကွက် အဆင်တွေနဲ့ မကစားခဲ့ကြဘူး။ ကျားရဲလို ကျား နာခဲ မခဲခဲ့ကြဘူး။ မြွေလို အဝေးကနေ ညှို့ငင်၊ တစ်ဖက်သား မလှုပ်ရှားနိုင်အောင်လုပ်ပြီးမှ သား ကောင်ကို မျိုမချခဲ့ကြဘူး။ တုံးဆို တိုက်၊ ကျားဆို ကိုက်၊ သတိအန္တရာယ် သေတတ်တယ်။

                      ကျွန်တော်တို့ဟာ မိန်းကလေး သူငယ်ချင်း တွေနဲ့ ဖက်လဲတကင်း နေထိုင်ခဲ့ကြပေမယ့် “သူ ငယ်ချင်း” စည်းကိုမကျော်ခဲ့ကြဘူး။ စည်းကျော် တဲ့ သူငယ်ချင်းဆိုရင် အပေါင်းအသင်းအဖြစ်က နေ တရားဝင်ရပ်စဲပစ်ကြတယ်။ သူငယ်ချင်းတွေ ကြားမှာ အချစ်စိတ်ရှိနေရင် ထူးအိမ်သင်ရဲ့ “မရိုး သားတော့ဘူး” သီချင်းကို တရားဝင်သီဆိုခွင့်က လွဲပြီး ရှေ့ခြေလှမ်း ဆက်တက်လို့ မရဘူး။ အဲဒီ တုန်းက သူငယ်ချင်းဆိုတာ တန်ဖိုးတထား စောင့် ထိန်းလိုက်နာရမယ့် သံမဏိစည်းမျဉ်းဖြစ်ခဲ့တယ်။

                                                                                     *************

                    ချစ်ခြင်းမေတ္တာဆိုတာ ကျွန်တော်တို့ နှလုံး သားမှာ ပန်ဆင်ခဲ့ရတဲ့ သစ္စာပန်းတစ်ပွင့်ပေါ့ မသောကြာ။ ကျွန်တော်တို့ဟာ ချစ်ခြင်း မေတ္တာ ကို ဘုရားသခင်လို ကိုးကွယ်ခဲ့ကြတဲ့ နောက်ဆုံး မျိုးဆက်ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ မိန်းကလေးတစ်ယောက်ကို အရူးအမူး၊ အသည်း အသန် ခွေးတစ်ကောင်လို မေတ္တာနဲ့ ချစ်တတ် ကြတယ်။ ကျွန်တော်တို့ရဲ့ စိတ်နှလုံးဟာ မိန်းက လေးတစ်ယောက်တည်းဆီမှာပဲ တိမ်းညွတ် ပျံဝဲ နေလေ့ရှိတတ်တယ်။

                     အကြောင်းမသင့်လို့ အသည်းကွဲဇာတ်လမ်း ကြုံရပြီဆိုရင် သွေးသံရဲရဲ နှလုံးသားနဲ့ အဆွေး သီချင်းတစ်ပုဒ်ကို ကျိတ်မှိတ်သီဆိုနေတတ် သူဟာ သူရဲကောင်းပဲ။ ကျွန်တော်တို့ဟာ ကိုယ်နာကျင်ရ မှာ စိုးရိမ်ကြောက်လန့်လို့ အသည်းကွဲဝေဒနာကို တရားနဲ့ဖြေဖျောက်ပစ်တတ်ကြသူတွေမဟုတ်ဘူး။ဝမ်းနည်းနာကျင် ရှုံးနိမ့်မှုကို ခံနိုင်ရည်နဲ့ ကျော်ဖြတ် ဖို့ ကြိုးစားခဲ့ကြတယ်။ ၀မ်းနည်းကြေကွဲမှုကို လူမသိ အောင် ဟန်ဆောင်တတ်တာ မိန်းမတွေရဲ့ သဘာ ၀ပဲ။ အသည်းကွဲဝေဒနာကိုအလွယ်တကူ မေ့ ဖျောက်ပြီး အစားထိုးဖြေသိမ့်စရာ ရှာတတ်တာ ဟာ မိန်းမဆန်တဲ့ နှလုံးသားရှိလို့ပဲလို့ ကျွန်တော်တို့ အစွန်းရောက် ယူဆခဲ့ကြတယ်။

                     အခုခေတ်စားနေတဲ့ Womanizer တွေ၊Personal Sponsor ယဉ်ကျေးမှုတွေဟာ ကျွန်တော်တို့ ခေတ်ကတည်းက ရှိနေခဲ့တာပေါ့ မသောကြာ။ ဒါပေမဲ့ တစ်မြို့လုံး လိုက်ရှာကြည့်မှ လက်ငါးချောင်းတောင် မပြည့်ပါဘူး။ အဲဒီ ယဉ် ကျေးမှုဟာ ကျွန်တော်တို့ခေတ်မှာ မျက်နှာသာ မရခဲ့ဘူး။ ကျွန်တော်တို့  ဟာ Womanizerတွေ ကို စက်ဆုပ်ရွံရှာသလိုPersonal Sponsor ရှာတဲ့ ဆံပင်ရှည်တွေကိုလည်း အော်ဂလီဆန်ခဲ့ ကြတယ်။ အဲဒီတုန်းက ကျွန်တော်တို့ဟာ  လူငယ်တွေ ပီပီ ကဲ့ရဲ့ရှုတ်ချရမယ့် ယဉ်ကျေးမှုတွေကို ပေါ် တင်ဆန့်ကျင် ဝေဖန်ရဲတဲ့သတ္တိရှိခဲ့ကြတယ်။

                     အဲဒီတုန်းကHip-Hopယဉ်ကျေးမှု မရှိသေးသလို Chatting ၀င်ပြီး အီစီကလီရိုက်တဲ့  Qတဲ့အလေ့အကျင့်တွေလည်း မရှိသေးဘူး။ လူတွေ ဟာ ငွေကြေးနဲ့ အောင်မြင်ကျော်ကြားမှုနောက် ကို လိုက်ကြပေမယ့် ဣနြေ္ဒရှိကြသေးတယ်။

                    ရော့ခ်အဆိုတော်လောင်း လေးဖြူ၊ အငဲ တို့ဟာ ကျွန်တော်တို့လိုပဲ အဆောင်ရှေ့လမ်းဘေး အုတ်ခုံတွေမှာ သူငယ်ချင်းတွေနဲ့ ဂစ်တာတီးနေဦး မယ်ထင်တယ်။ ကျွန်တော်တို့ဟာ ဇော်ဝင်းထွဋ် ခရေစီတွေ။ လမ်းဘေးတီးဝိုင်းတွေမှာ ကျွန်တော် တို့ရဲ့ အဖွင့်သီချင်းဟာ ဇော်ဝင်းထွဋ် ဖြစ်ခဲ့ပြီး သူ့ နောက်မှာ ဂျေမောင်မောင်၊ ချစ်ကောင်း၊ ခိုင်ထူး၊ ဂျက်မြသောင်း၊ စိုင်းထီးဆိုင်၊ ခင်မောင်တိုး၊ စိုးလွင် လွင်၊ ဖိုးချို၊ ခင်ဝမ်းတို့ ရှိခဲ့ကြတယ်။ ကျွန်တော် တို့ရဲ့ နောက်ဆုံး သီချင်းနှစ်ပုဒ်ကတော့ ကိုခင်ဝမ်း ရဲ့ “ပြည်မှာဆောင်း” နဲ့ “နှုတ်ဆက်ခဲ့ပါတယ်” ပေါ့ မသောကြာ။

                    မြို့စွန် ချည်မျှင်စက်ရုံဝန်ထမ်း တိုက်ပုလေး တွေရှေ့က အုတ်ခုံမှာ ဂစ်တာတီးကြတဲ့ အဖွဲ့တွေ ဟာ စတေ့ခ်ျရှိုးတွေ၊ လမ်းဘေးပလက်ဖောင်းတွေ၊ ဂိုဒေါင်ကပွဲတွေမှာ ထိပ်တိုက်တွေ့နေကျ ပြိုင်ဘက် အဖွဲ့တွေပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့မှာ လူငယ် ချင်း နှုတ်နဲ့ပြောစရာမလိုတဲ့၊ အလိုလို နားလည် ထားကြတဲ့ ယဉ်ကျေးမှုတစ်ခုရှိတယ်။ ကျွန်တော် တို့ ဂစ်တာတီး သီချင်းဆိုနေတဲ့ အလှည့်မှာ သူတို့ ဂစ်တာတွေဟာ ရင်ခွင်ထဲမှာ အသံတိတ် ငြိမ် သက်နေကြပြီး သူတို့အလှည့်မှာလည်း ကျွန် တော်တို့က သူတို့လို နေထိုင်ပေးကြရတာပါပဲ။ပြိုင်ဘက်အဖွဲ့ သီချင်းဆိုနေချိန်မှာ ကိုယ့်ဘက်က ဂစ်တာကြိုးညှိသံလေးတောင် ထွက်မသွားမိစေနဲ့။ကျွန်တော်တို့ဟာ တခြားလူတွေရဲ့ အသံကို နားထောင်ပေးတဲ့ ယဉ်ကျေးမှုကို စာအုပ်စာတမ်း တွေထဲက မဟုတ်ဘဲ လမ်းဘေးဂစ်တာ ၀ိုင်းတွေဆီ ကနေ သင်ယူခဲ့ကြတယ်။

                    အဲဒီတုန်းက မြို့ထဲက လူယဉ်ကျေးတွေရဲ့ အမြင်မှာကျွန်တော်တို့ဟာ ဆိုးသွမ်းလေလွင့် မိုက်မဲသူ အရိုင်းအစိုင်းတွေပါ မသောကြာ။ ဒါ ပေမဲ့ ကျွန်တော်တို့ဟာ ပန်းချီ၊ ဂီတနဲ့ ခေတ်ပေါ် ကဗျာတွေကို ခံစားရကောင်းမှန်းတော့သိခဲ့ တယ်။ယဉ်ကျေးမှု( Culture) ဆိုတာ စာပေအနုပညာ ကို တန်ဖိုးထား နားလည်ခံစားနိုင်တဲ့ စွမ်းရည်ကို ပြောတာမဟုတ်လား။ ပညာတတ်ဆိုတဲ့ အဓိ ပ္ပာယ်က အတွေးအခေါ်တွေကို လိုက်စားရူးသွပ် တာ မဟုတ်လား မသောကြာ။

                      လူယဉ်ကျေးတွေရဲ့ မျိုးဆက်သစ်တွေက ကျောင်းသင်ခန်းစာတွေနောက် ပြေးလွှားလိုက်နေ ကြချိန်မှာ ကျွန်တော်တို့ဟာ ခေတ်ပေါ်သီချင်း တွေကို သီဆိုရေရွတ်နေခဲ့ကြတယ်။ ဘ၀တိုးတက် အောင်မြင်လိုသူ လူငယ်တွေက ဒေးလ်ကာနက်ဂျီ ရဲ့ “မိတ္တဗလဋီကာ” ကို စမ်းဖတ်နေကြချိန်မှာ ကျွန်တော်တို့ဟာ ခေတ်ပေါ် ကဗျာအယူအဆ တွေကို စူးစမ်းလေ့လာနေခဲ့ကြတယ်။ မိဘစကား နားထောင်တဲ့ ခေတ်ပြိုင်သူငယ်ချင်းတွေက အိုင်း စတိုင်း၊ ဂျော့ခ်ျဘုရှ်၊ မက်ဒေါနား၊ မိုက်ကယ်ဂျက် ဆင်တို့ကို စံပြပုဂ္ဂိုလ်ထားနေကြတဲ့ အချိန်မှာ ကျွန်တော်တို့က ဗင်းဆင့်ဗန်ဂိုး၊ ပီကာဆို၊ ပေါ်လ် ဂေါ်ဂင်၊ ချေဂွေဗားရား၊ ငုယင်ဗန်ထရွိုင်း၊ ဗိုလ်ချုပ် အောင်ဆန်း၊ ယက်ဖ်တူရှင်ကိုနဲ့ ဘားတော့ ဘရက်ထ် တို့ကို အိပ်မက်မက်နေခဲ့ကြတယ်။

                      ပိုက်ဆံအကြောင်းပြောရတာ ခါးသီးသ လောက် အနုပညာအကြောင်းပြောရတာ ချိုမြိန် ခဲ့တဲ့ နေ့ရက်တွေပေါ့ မသောကြာ။

                       ကျွန်တော်တို့ဟာ ကိုယ်ဖတ်ရှု လေ့လာခဲ့တဲ့ စာအုပ်တွေအကြောင်း လူအထင်ကြီးအောင် ပြန် ပြောပြဖို့ ၀ါသနာမပါခဲ့ကြဘူး။ ပြောမယ်ဆိုရင် သမိန်ပေါသွပ်နဲ့ ရှင်ဂွမ်းဂွိက အစ၊ အိုင်းစတိုင်းနဲ့ သူ၏ဓမ္မတရား အလယ်၊ နန္ဒာသိန်းဇံရဲ့ ဘ၀ အဓိပ္ပာယ်နှင့် ဘ၀သစ္စာ အဆုံးရှိတာပေါ့ မသော ကြာ။ ထင်းရှူးပင်ရိပ်၊ ခေတ်သစ် ဂျာမန်စာပေ၊ မင်းသားလေး၊ မြသန်းတင့်၊ နတ်နွယ်၊ မောင်ထွန်း သူ၊ တက္ကသိုလ်ဘုန်းနိုင်၊ အဲလ်ဘတ်ကမူး၊ ယန်း ပေါလ်ဆာ့ထ် နဲ့ ဆီမွန်ဒီဗူးဗွား၊ ပဉ္စလက် သရုပ်မှန် နဲ့ ဖြစ်တည်မှု ပဓာန၀ါဒ၊ သစ်ရွက်သေများပေါ် က ရက်စက်သောဂီတ၊ ဂန္ထ၀င်မမတို့ဟာ ကျွန် တော့်တို့ တမင်နှုတ်ပိတ်နေခဲ့ကြတဲ့ နာမည်တွေ။

                                                                          **************

                       ညအဲဒီတုန်းက ကျွန်တော့် နှုတ်ဖျားမှာ ပဲ့တင် ထပ်နေတဲ့နာမည်က မနီနီအေး။

                       ရုပ်ရှင်မင်းသမီး မြတ်ကေသီအောင်နဲ့ ဆင် တဲ့မိန်းမ၊ ဆွေမျိုးအသိုက်အ၀န်းနဲ့ ဂုဏ်သိက္ခာ ကြီးမားတဲ့ ဣနြေ္ဒရှင်၊ ပုသိမ်ဒီဂရီကောလိပ် ဓာတုဗေဒအထူးပြု တတိယနှစ် ကျောင်းသူ၊ ကျွန်တော့်အပေါ် ဥပေက္ခာမိုးတွေ သုံးနှစ်သုံးမိုး ရွာသွန်းခဲ့တဲ့ ရာသီဥတု။ အဲဒီတုန်းက အချစ်စိတ် ဆိုတာ အဝေးကမြင်ရုံနဲ့ ရင်ခုန်တယ်။ မျက်လွှာ တစ်ချက် ပင့်ကြည့်လိုက်တာနဲ့ ကမ္ဘာမြေတစ်ခု လုံး ငလျင်တော်လည်းသံတွေ ဆူညံမြည်ဟည်း သွားတယ်။ မျက်လုံးချင်း ရင်ဆိုင်မိရင် စိတ်ကူး ထားတဲ့ စကားလုံးတွေ ပျောက်ဆုံး။ ငတုံး၊ ငအ၊ လူဆွံ့အလို ဖြစ်သွားတယ်။ သူ့နှုတ်ထွက် စကား ဟာ နာဇီဗိုလ်ချုပ် အဒေါ့ဖ်ဟစ်တလာရဲ့ အမိန့် ထက် အာဏာစက်ပြင်းတယ်။

                       ကျွန်တော်ဟာ ရင်ခုန်ဗုံသံ၊ ရုန်းရင်းဆန်ခတ်၊ အချစ်နတ်ဖမ်း၊ ပန်းလိုလန်းလို့။

                       အချစ်ဆိုတာဘာလဲလို့ အဓိပ္ပာယ် မဖွင့်တတ် ပေမယ့် ကျွန်တော် အချစ်ကို တွေ့ကြုံခံစားခဲ့ဖူး တာ အသေအချာပါပဲ။

                       အဲဒီတုန်းက အချစ်ဆိုတာ ညည သူ့အိမ်ရှေ့ မှာ “ညှို့မျက်ဝန်း” သီချင်းကို ဖိုးချိုအသံနဲ့ ဆင်တူ အောင် တမင်လုပ်ဆိုရတာ။ အချစ်ဆိုတာ မိုးထဲ ရေထဲမှာ ညလုံးပေါက် သီချင်းဆိုနေလို့ အဆုတ် အအေးပတ်ပြီး နောက်တစ်နေ့မှာ ဆေးခန်းက တစ်ဆင့် ဆေးရုံရောက်သွားတာ။ အချစ်ဆိုတာ သူ့ပါးပြင်ပေါ်က ၀က်ခြံဖုလေးကို ညှစ်ပေးချင် တာ။ အချစ်ဆိုတာ သူနဲ့တွေ့မယ့်နေ့မှာ စတစ် ကော်လာအင်္ကျီဖြူနဲ့ ကချင်ပုဆိုးဝတ်ပြီး ကတ္တီပါ ဖိနပ်စီးရတာ။ အချစ်ဆို တာ သူ့အမိန့်မှန်သမျှ လိုက်နာပြီး ကိုယ့်လိုအင် ဆန္ဒမှန်သမျှ မျိုသိပ်ကွယ်ဝှက်ထားရတာ။ အချစ် ဆိုတာ သူငယ်ချင်းတွေရှေ့မှာ သူ့နာမည်ကို ဂါ ထာတစ်ပုဒ်လို ရေရွတ်ရတာ။ အချစ်ဆိုတာ တ ခြားကောင်မလေးတွေရဲ့ အလှအပအပေါ် မျက် လုံး ၀ဲကျမသွားအောင် ထိန်းချုပ်ဆင်ခြင်ရတာ။

                       အချစ်ဆိုတာ ဘာလဲ မသောကြာ။
                       အချစ်ဆိုတာကို စိတ်ပညာရှင်၊ လူမှုသိပ္ပံ ပညာရှင်တွေလို အဓိပ္ပာယ် အတိအကျမဖွင့် တတ်ပေမယ့် ကျွန်တော် အချစ်ကို တွေ့ကြုံခံစား ခဲ့ဖူးတာ သေချာပါတယ်။

                      အဲဒီတုန်းက အချစ်ဆိုတာပြောင်းလဲဖောက် ပြန်တတ်တဲ့ သင်္ခါရတစ်မျိုးလို့ ကျွန်တော် မသိ ခဲ့သေးဘူး။ လူတွေဟာ ကြောက်စရာကောင်းတဲ့ သားရဲသတ္တ၀ါတွေဖြစ်တယ်လို့ မသိခဲ့သေးဘူး။လူ့ဘ၀ဟာ တ၀ီဝီအော်မြည်နေတဲ့ စက်ယန္တရား ကြီးတစ်လုံး၊ လူ့ဘ၀ဟာ ပျင်းရိငြီးငွေ့စရာ ကောင်းတဲ့ သရုပ်မှန် ၀တ္ထုရှည်တစ်ပုဒ်ပဲလို့လည်း ကျွန်တော်မသိခဲ့သေးဘူး။ အဲဒီတုန်းက ကျွန်တော်ဟာ အဆိုးမြင်ဝါဒီတစ်ယောက် မဟုတ် သလို နတ္ထိဝါဒီတစ်ယောက်လည်း မဟုတ်ခဲ့သေး ဘူး မသောကြာ။

                       ကျွန်တော်ဟာ အလင်းနဲ့ အမှောင်ကြားမှာ ရပ်တန့်နေတဲ့ သစ်ပင်တစ်ပင်ပေါ့။

                       ကျွန်တော်ဟာ ညနေစောင်းပြီ ဆိုရင် ဂျင်းန်ပင်နဲ့ တီရှပ်ကို ကပိုကရိုဝတ်ပြီး ဖေဖေ အမြင်ကတ်တဲ့ ဆံပင်ရှည်တွေကို လေလွင့်နေ အောင် တမင်မြောက်ကြလမ်းလျှောက်လို့။ ဂစ် တာကို တင်ပါးပေါ်နောက်ပြန်တင်၊ ဖရဒ်တံနဲ့ ဂစ်တာကိုယ်ထည်ကို လက်ပြန်ပိုက်ပြီး ဖေဖေ မကြိုက်တဲ့ သီချင်းကို လေချွန်လို့။ ဖေဖေ့ကို  ပြန်ဆုံးမတဲ့ အဆိုအမိန့်တစ်ခုကို ဖေဖေ့ ခေါင်းရင်းနံရံမှာ မီးသွေးခဲနဲ့ ကျွန်တော်ရေးခဲ့တာ။

                        အဲဒီတုန်းက ကျွန်တော့် ညာဘက်လက်မောင်း ရင်းမှာ ဆေးမင်ကြောင် မထိုးရသေးဘူး။ ဘယ် ဘက်နားရွက်မှာ နားပေါက်ဖောက်ပြီး နားသန် သီး မတပ်ရသေးဘူး။ ဖေဖေနဲ့ အမေ ရန်ဖြစ် လို့ အမေ၀မ်းပန်းတနည်း ငိုကြေးရပြီဆိုရင် အမေ့မျက်ရည်တွေကို သုတ်ပေးခဲ့တာ ကျွန်တော့် လက်နဲ့ပါ။

                        အဲဒီတုန်းက နူးညံ့သိမ်မွေ့မှုနဲ့ ရက်စက် ကြမ်းကြုတ်မှု ဆန့်ကျင်ဘက် စိတ်သဘာဝ နှစ်ခုဟာ ကျွန်တော့်မသိစိတ်ထဲမှာ ပဋိပက္ခ စဖြစ်နေပြီ။ ချစ်ခြင်းမေတ္တာနဲ့ သွေးအေးရေခဲ ခြင်း၊ ဉာဏ်ပညာနဲ့ မသိမိုက်မဲမှု၊ ခေတ်ပေါ်ကဗျာ နဲ့ မူးယစ်ဆေးဝါး၊ အနုပညာနဲ့ ဆိုးသွမ်းလေလွင့် မှု၊ စာအုပ်စာတမ်းနဲ့ သူငယ်ချင်းတွေ၊ အသည်း ကွဲဝေဒနာနဲ့ မိန်းမတွေအပေါ် အယုံအကြည် ကင်းမဲ့ခြင်း၊ ဆန့်ကျင်ဘက် ပဋိပက္ခတွေဟာ ကျွန်တော့် နှလုံးသားလေးထဲမှာ မုန်တိုင်းထန် နေခဲ့ကြတယ်။

                        ကိုယ်တိုင်စိုက်ပျိုးထားတဲ့ ပန်းပင်လေးကနေ ပန်းပွင့်လေးတစ်ပွင့် ပွင့်လာမယ့်အချိန်ကို အရိပ် တကြည့်ကြည့် စောင့်ကြည့်နေတတ်သူဟာ ကျွန် တော်ဖြစ်ခဲ့သလို အဲဒီ ပန်းပင်လေးကို အမြစ်က ဆွဲနုတ်ပြီး အရွက်တွေ ပြန်ခြွေပစ်ခဲ့တာလည်း  ကျွန်တော်ပါပဲ မသောကြာ။

                         ကျွန်တော် ဘာဖြစ် နေသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သိခဲ့ပေမယ့် အမှန်အတိုင်း ပြောမပြဖြစ်ခဲ့လို့ ဖေဖေနဲ့ အမေ မသိခဲ့ကြဘူး။ ဖေဖေဟာ ကျွန်တော် စိတ်ကျေနပ် မှုရအောင်ဆိုပြီး ပိုက်ဆံတွေ စဉ်ဆက်မပြတ် ထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖေနဲ့ အမေဟာ သူစိမ်းမိန်းမတစ်ယောက်ကို အကြောင်းခံတဲ့ လူမှု ရေးစစ်ပွဲကို နေ့စဉ်ဆင်နွှဲရင်း ကျွန်တော်တို့ မောင် နှမတွေရဲ့ နာကျင်ကိုက်ခဲမှုကို လျစ်လျူရှုလို့။ဖေဖေဟာ ကျွန်တော်ရေးပြတဲ့  အဆိုအမိန့် ကို နှလုံးသွင်းဆင်ခြင်သင့်ပါတယ်။ အမေဟာ ကျွန်တော့်လက်နဲ့ သုတ်ပေးခဲ့တဲ့ မျက်ရည်တွေ ကို သိမ်းဆည်းပြီး သားသမီးတွေအပေါ် အကြင် နာပြသင့်ပါတယ်။

                          ဒါပေမဲ့ မသောကြာရယ်။

                          ငယ်ငယ်တုန်းက “သားကြီးလာရင် ဘာလုပ် မလဲ” လို့ ဖေဖေက မေးရင် “သမ္မတကြီးလုပ်မယ် ဖေဖေ” လို့ ဖြေခဲ့တဲ့ ကလေးတစ်ယောက်ဟာ မိ ဘကို ဆန့်ကျင်တော်လှန်တဲ့ သူပုန် တစ်ယောက် ဖြစ်လာခဲ့တယ်။ “အမေ့ သားကြီးရဲ့ လက်ချောင်း လေးတွေက ရှည်ရှည်သွယ်သွယ်နဲ့ သိပ်လှတာပဲ။အနုပညာဆန်တဲ့ လက်ချောင်း ကလေးတွေ” လို့ အမေပြောရင် ပျော်ရွှင်ကြည်နူးနေတတ်တဲ့ ကလေးတစ်ယောက်ဟာ လူတွေကို လက်ညှိုးထိုး ဝေဖန်တတ်တဲ့ အဆိုးမြင် လူငယ်တစ်ယောက် ဖြစ်လာခဲ့တယ်။

                         ကျွန်တော် ဖေဖေနဲ့ အမေ့ကို အပြစ်တင်နေ တာ မဟုတ်ပါဘူး မသောကြာ။ဖေဖေနဲ့ အမေ့ကို ကျွန်တော် အရမ်းချစ် ပါတယ်။ ဒါပေမဲ့ အခုဝါကျကို ရေးချနေတဲ့အချိန် မှာတောင် ကျွန်တော့်စိတ်ဟာ တဆတ်ဆတ် နာ ကျင်နေတုန်းပဲ မသောကြာရယ်။ ငယ်ငယ် တုန်းက အိမ်သာထဲဝင်ပြီး တစ်ယောက်တည်း ငိုကြေးခဲ့ရသလို ကျွန်တော် ရေချိုးခန်းထဲဝင်ပြီး ကလေးတစ်ယောက်လို ငိုကြေးခဲ့တယ်။ အခု ကျွန်တော့်အသက် ၃၆ နှစ်ရှိပါပြီ။ မိဘတွေက အမှတ်မထင်ပေးခဲ့တဲ့ ဒဏ်ရာဒဏ်ချက်ဟာ က လေးတစ်ယောက်ကို ဆယ်စုနှစ် နှစ်စုနီးပါး ကြာ မြင့်တဲ့အထိ သတိရတိုင်း ငိုကြေးစေတယ်။ အဲဒီ ကလေးဟာ လူ့လောကကို တည်ဆောက်သူ မဟုတ်ဘဲ ဖျက်ဆီးသူ ဖြစ်လာနိုင်တယ်။ အဲဒီ တုန်းကတော့ ကျွန်တော်ဒါတွေကို မသိခဲ့သေး ပါဘူး။ ဒါပေမဲ့ အဲဒီတုန်းက ဖေဖေသာသိခဲ့ရင် ဘယ်လောက်ကောင်းလိမ့်မလဲလို့ တစ်ခါတ လေမှာ တွေးမိပါတယ်။

                    အခုတော့ ဖေဖေကွယ်လွန်သွားခဲ့တာ ၃ နှစ်ပြည့်ခဲ့ပါပြီ မသောကြာ။
                     အဲဒီတုန်းက ကျွန်တော်ဟာ စာရွက်ပေါ် ချရေးဖြစ်တဲ့ ၀ါကျတိုင်းကို ယုံကြည်တယ်။ ဘုရားသခင်ကို ခရစ်ယာန်တစ်ယောက် ယုံကြည် သလို ချစ်ခြင်းမေတ္တာကို ယုံကြည်တယ်။ သစ္စာ တရားကို ယုံကြည်သလို ကိုယ်ဖန်တီးလိုက်တဲ့ အ နုပညာလက်ရာတိုင်းကို ယုံကြည်တယ်။ အဲဒီ တုန်းက ကျွန်တော့်ဘ၀ ရည်မှန်းချက်ဟာ ကဗျာ ဆရာ။ ကျွန်တော့်အိပ်မက်က ယဉ်ကျေးမှု တော်လှန်ရေးလုပ်ဖို့။ ကျွန်တော့်ဗီဇက ဖေဖေ့ကို ဆန့်ကျင်သလို တစ်လောကလုံးကို ဆန့်ကျင်ဖို့။ကျွန်တော် လူဖြစ်လာတာ တခြားသူတွေရဲ့ စကားမှာ လမ်းဆုံးပြီး ခေါင်းညိတ်နာခံဖို့ မဟုတ် ဘူး မသောကြာ။

                                                                           **************

                    အခုတော့ ကျွန်တော် အသက် ၃၆ နှစ် ပြည့်သွားခဲ့ပါပြီ။

                    တစ်သက်တာလုံး ဘယ်သူ့ စကားကိုမှ နား မထောင်ခဲ့ပေမယ့် သမီးလေး နေရဉ္စရာရဲ့ စကား ကိုတော့ နားထောင်နာခံနေတတ်ပါပြီ။သမီးလေး က ““ဖေဖေ ချီ”” ဆိုရင် ချီ၊ ““ဖေဖေ ထ”” ဆိုရင် ထ၊ ““ဖေဖေ ပန်းခြံလိုက်ပို့”” ဆိုရင် လိုက်ပို့။ မေတ္တာ တရားဆိုတာ ဘာပဲလို့ ကျွန်တော်မပြောချင်ပေ မယ့် မေတ္တာတရားကို ကျွန်တော် နားလည်ခံစား တတ်ပါတယ်။ ဒါပေမဲ့ ငယ်ငယ်က ဗီဇစိတ် ကြောင့်လား မသိဘူး။ ကျွန်တော့် နှလုံးသားထဲက မေတ္တာတရားကို သမီးလေးကလွဲပြီး ဘယ်သူမှ အလွယ်တကူ တူးဖော်လို့မရနိုင်ဘူး မသောကြာ။

                     မေတ္တာတရားဆိုတာ လူတစ်ယောက် နား လည်အောင် ဘာသာစကားနဲ့ ရှင်းပြရမယ့် အရာ မျိုး မဟုတ်ဘူး။ မေတ္တာတရားဆိုတာ ကိုယ်တိုင် ပြုမူကျင့်ကြံရမယ့် အရာ။အခုတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဆုံး မသွန်သင်တတ်နေပါပြီ။ ဘယ်သူ့ဆုံးမသြ၀ါဒကိုမှ မနာခံချင်သူဟာ ကိုယ့်ကိုယ်ကိုယ် ဆုံးမသွန်သင် နိုင်ရမယ်လေ။

                    အခုတော့ ကျွန်တော့် အဆိုးမြင် မျက်မှန်ကို ချွတ်ထားလို့ရနေပါပြီ။ ကျွန်တော့်ကို အပေါ်ယံဟန်ဆောင် ဆက်ဆံတဲ့သူတွေကို သူတို့ ဘက်က နားလည်ပေးနိုင်သလို၊ ကျွန်တော့်ကို မလိုလားတဲ့သူတွေကို ဥပေက္ခာစိတ်နဲ့ ဆက်ဆံနိုင် ပါပြီ။ ကျွန်တော့်ကို ချစ်ခင်တဲ့သူတွေကို တန်ဖိုး ထားသလို ကျွန်တော်တန်ဖိုးထားတဲ့ သူတွေကို လည်း ချစ်ခင်တတ်ပါပြီ။ “လူ့ဘ၀မှာ ကိုယ့်မှာ မိတ်ဆွေကောင်း ဘယ်နှယောက်ရှိသလဲဆို တာ ထက် ကိုယ်က လူဘယ်နှယောက်အတွက် မိတ် ဆွေကောင်း ဖြစ်ခဲ့ပြီလဲဆိုတာကို ပိုအလေးထား ကျင့်ကြံသင့်တယ်” ဆိုတဲ့ အယူအဆကိုလည်း လက်တွေ့နှလုံးသွင်းနိုင်ပါပြီ။

                    ဒါပေမဲ့ ကျွန်တော်ဟာ လူယဉ်ကျေး၊ လူကြီး လူကောင်းတစ်ယောက်တော့ မဟုတ်ပါဘူး မသောကြာ။ ကျွန်တော်ဟာ အရိုင်းဆန်တဲ့ စိတ် ကို အသက်အရွယ်၊ အတွေ့အကြုံနဲ့ လက်သည်း ၀ှက်သလို ၀ှက်ထားတဲ့ ကြောင်တစ်ကောင်ပါ။

                                                                              ************

                     အဲဒီညက ဂစ်တာတီးချင်တဲ့ စိတ်က ပြင်း ထန်လွန်းလို့ ကျွန်တော့်လက်ချောင်းတွေ တဆတ် ဆတ်တုန်ယင်နေခဲ့တာပေါ့။ သီချင်းတစ်ပုဒ် လောက် အော်ဟစ်သီဆိုပစ်လိုက်ချင်တဲ့ စိတ်က လေးဟာ ကျွန်တော့်ခန္ဓာကိုယ်ကို စွန့်ခွာပြီး အတိတ်ကာလ ဆယ်ကျော်သက်ညတွေဆီ ထွက် ပြေးသွားခဲ့တယ်။

                      ဂစ်တာတစ်လက်သာ အဆင် သင့်ရှိနေရင် ဇော်ဝင်းထွဋ်ရဲ့ “ဂျစ်ပစီမိုးတိမ်” ဆို မယ်။ လေးဖြူရဲ့ “တစ်ကိုယ်ရည်လွမ်းဆွတ်မှု” ဆို မယ်။ ခင်ဝမ်းရဲ့ “ပြည်မှာဆောင်း” ဆိုမယ်။ ဆောင်းဦးလှိုင်ရဲ့ “အရိပ်စစ်” ဆိုမယ်။ မနီနီအေး အတွက် ၁၉၉၀ အိပ်ဖန်စောင့်ညတွေကို လွမ်း ဆွတ်လို့ ဖိုးချိုရဲ့ “ညှို့ မျက်ဝန်း” ကိုလည်း အလွမ်း ပြေဆို လိုက်ဦးမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ပေါ့။

                      စိတ်ကူးတွေဟာ လက်ခတ်ချက် ပြင်းပြင်းနဲ့ အတီးခတ်ခံရတဲ့ ဂစ်တာကြိုးတွေလို တုန်ခါလို့။

                     ဒါပေမဲ့ ကျွန်တော့်ဆီမှာ ကိုယ်ပိုင်ဂစ်တာ တစ်လက် ရှိမနေခဲ့ဘူး မသောကြာ။
                     ကိုယ်ပိုင် ဂစ်တာရှိတဲ့ ချာတိတ်တစ်ယောက်ဆီမှာ ဂစ်တာ သွားငှားပြီး ကျွန်တော် အိမ်ပြန်လာခဲ့တယ်။ ၀ရန် တာက မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်မှာ ကြည်လင်ပြီး တိမ်မျှင်ဖြူလွလွလေး တွေကြားထဲ ကြယ်စင်တွေလင်းချင်းတောက်ပလို့။ ဟော်လို ဂစ်တာလေးကို မိန်းမတစ်ယောက်လို ပွေ့ဖက်ပြီး ကျွန်တော် စတင်တီးခတ်လိုက်တယ်။

                      ““ငယ်ငယ်က ချာတိတ်အရွယ် ကျောင်းနေ တုန်း xx လူတကာလို မဟုတ်ဘူး အရမ်းကိုဆိုး xx လူလိမ္မာတော့မဖြစ်ချင်ခဲ့ xx အခုတော့ ဘယ့် နှယ်လဲ xx စာသင်ဖို့ဆိုတာ စိတ်တွေပျက် xx ဘီတဲလ်စ် သီချင်းကျက်နေခဲ့ xx ကမ္ဘာကျော် ကဗျာတွေဖတ်ပြီး xx အချစ်ကိုတွေ့ xx အသည်း ကွဲတတ်ပြီလေ xx ပီကာဆိုဘ၀ ငါလေ ရခဲ့ချင်ရဲ့ xx ၀ါရင့် ဘီတီလိုလည်း ဖြစ်ချင်တယ် xx ဘီလျံ ဒေါ်လာတွေထက် အဖိုးတန်တဲ့ စိတ်ကူးများ ရှိ နေတယ်xxx””

                        နွေဦးည တစ်ညရဲ့ ၀ရန်တာမှာ တေးရေး ၀င်းမင်းထွေး။
                        ကျွန်တော်ဟာ ခေါင်းမော့ မျက်လုံးမှိတ်ပြီး ဂီတတေးသွားနဲ့ စာသားတွေထဲမှာ ဈာန်ဝင် နစ် မျောလို့။

                       ဆယ်ကျော်သက် လူငယ်ဘ၀ရဲ့ သွေး သားတွေဟာ ကိုယ်ခန္ဓာထဲ စီးဝင်ပူနွေးလာတယ်။
                       ကျွန်တော့် စိတ်ဝိညာဉ်ဟာ ရွှေတောင်မြို့ ရန်ကုန် -ပြည်လမ်းမကြီးပေါ်က လမ်းဘေးအုတ်ခုံတွေ၊ ဓာတ်မီးတိုင်တွေဆီ လေလွင့်ပြေးလွှားပျံဝဲ။

                        သီချင်း မဆိုဖြစ်တာကြာတော့ စာသားတွေ အမေ့မေ့ အ လျော့လျော့။
                        ဒီတစ်ခါ Verse အပိုဒ်တွေ ပြန်ကျော့ပြီးရင် Chorus အပိုဒ်ကို အသံမျှင်း မျှင်းလေးနဲ့ ဆွဲငင်မယ်။
                       အဲဒီအချိန်၊ ကိုယ်လုံးကို ရှေ့နောက် ယိမ်း ထိုးလို့ Chorus အပိုဒ်ဆိုဖို့ ခေါင်းမော့လိုက် ချိန်မှာပဲ နောက်ကျောဘက်ဆီက သမီးလေးရဲ့ အသံပေါ်လာတယ်။

                        ““ဖေဖေ ဂစ်တာတီးနဲ့လေ။ ဒါ ဂစ်တာ တီးချိန် ဟုတ်ဘူး။ အိပ်တော့””

                         သမီးလေးက အသက်နှစ်နှစ်ခွဲလောက်ပဲ ရှိ ပါသေးတယ်။

                        ဒါပေမဲ့ ကျွန်တော့်ကို ခါးထောက် ရပ်ကြည့် နေတဲ့ပုံစံက လွန်ခဲ့တဲ့အနှစ် နှစ်ဆယ် က ဖေဖေ့အတိုင်း။ သူ့အမေက အိပ်ရာထဲကနေ သင်ပေးလိုက်တဲ့ စကားလား၊ သူ့ဘာသာသူ ပြော တာလားတော့ မသိဘူး။ သူ့စကားကြောင့် ကျွန် တော့်ဂစ်တာသံရပ်ပြီး သီချင်းတစ်ဝက်တစ်ပျက် မှာ တန့်သွားတာ အမှန်ပဲ။

                       ““ဘာဖြစ်လို့လဲ သမီးရဲ့။ မေမေနဲ့ သမီးနဲ့ အိပ်နှင့်လေ။ ဖေဖေ ဂစ်တာ ခဏတီးချင်လို့နော်”

                        “ဟင့်အင်း..ဟင့်အင်း ဖေဖေပါ တူတူ လာအိပ်။ အဲဒီဂစ်တာကြီး ဖယ်ထားလိုက်””

                         ကျွန်တော့်လက်ထဲက ဂစ်တာကို မနိုင်မနင်း ဆွဲယူနေတာနဲ့ ကျွန်တော် အိပ်ခန်းထဲ ပြန်လိုက် ၀င်ခဲ့ရတယ်။

                        အချိန်က ည ၁၁ နာရီ လောက်ရှိ နေပါပြီ။

                        ဂစ်တာကို နံရံမှာ ပြန်ချိတ်ရင်း ကျွန် တော့်ဖေဖေကို သတိရသွားမိတယ်။ အခု ကျွန် တော် ကိုင်ထားတာ ဖေဖေ မကြိုက်တဲ့ဂစ်တာ လေ။

                         “ဖေဖေ အဲဒီဂစ်တာကြီး ဖယ် ထားလိုက်ပါ ဆို။ တီးနဲ့တော့နော်။ သမီး ကြိုက်ဘူး””

                          အိပ်ရာထဲဝင်သွားတဲ့ သမီးရဲ့အသံ ပြန်ပေါ် လာတယ်။

                    သမီးက အိပ်ရာထဲကနေ ကျွန်တော့် အရိပ်အခြည်ကို စောင့်ကြည့်နေတဲ့ပုံပေါ် ပါတယ်။ အဲဒါနဲ့ကျွန်တော် စိတ်လျှော့ပြီး အိပ်ရာ ထဲ ၀င်လိုက်ရတယ်။ မိန်းမက အိပ်မောကျလို့။

                    သမီးက ကျွန်တော့်ခေါင်းအုံးကို သူ့လက်ဝါးလေး နဲ့ ပုတ်ပြပြီး ““အိပ် .. ဖေဖေ..ဒီမှာအိပ်”” လို့ ဆီးပြောတယ်။

                     သမီးလေးရဲ့ မျက်လုံးတွေက ကျွန်တော် အိပ်ရာကခိုးထပြီး ဂစ်တာပြန်တီးမှာကို စိုးရိမ်နေ တဲ့ပုံနဲ့။
                    ကျွန်တော် သူ့နဖူးပြင်လေးကို တစ်ချက် နမ်းမွှေးပြီး သူ့ကိုယ်လုံးသေးသေးလေးကို ရင်ခွင် ထဲ ဆွဲသွင်းထားလိုက်မိတယ်။ ခဏကြာတော့ သမီးလေးဆီက အသက်ရှူသံ စည်းချက်မှန်မှန်နဲ့ ထွက်လာတယ်။

                      အဲဒီညကပေါ့ မသောကြာ။
                     ကျွန်တော့် စိတ်ဝိညာဉ်ဟာ ဆယ်ကျော် သက် လူငယ်ဘ၀ရဲ့ ဂျင်းန်ဘောင်းဘီကို ၀တ် ဆင်လို့။
                     ဂစ်တာတီးချင်တဲ့စိတ်က ပြင်းထန် လွန်း လို့ သမီးလေးကို ပွေ့ဖက်ထားတဲ့ ကျွန်တော့် လက်ချောင်းလေးတွေဟာ တဆတ်ဆတ်တုန် ယင်နေခဲ့တယ်။

                                                                                **********

                                                                                အောင်ရင်ငြိမ်း
                                                                  Yati Magazine , December 2010

No comments:

Post a Comment