Tuesday, January 15, 2013

ဒါဗင်စီရယ်…ကျွန်တော်ရယ်…ဘုရားသခင်ရယ် နောက်ဆုံးညစာကို သုံးဆောင်ကြပြီးနောက်

ဒဏ်ရာဆန်ဆန်လက်ချောင်းတွေကြားက မယုံကြည်နိုင်မှု အထိအတွေ့…
အကုန်အစင်ချပြချင်သော ပထမံတပ်သားတစ်ယောက်ရဲ့ ချောက်ကပ်ကပ်ရယ်သံ
ခပ်ရဲရဲညှိထားတဲ့ဆေးလိပ်မီးပြင်းပြင်းအောက် မိုးထက်မြင့်တဲ့အတွေးတွေ ကြယ်လိုကြွေကျ
ဆောက်တည်ရာမဲ့…ဝေဒနာကို ထမင်းသိုးဟင်းသိုးလို အော်ဂလီဆန်စွာ မြိုမြိုချနေရ
လူတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းဆိုတာ ရှေ့တန်းဆန်ဆန်နေရာတွေရောက်တိုင်း
ပျောက်ပျောက်သွားလေ့ရှိတာပေါ့…မမြင်ကွယ်ရာတွေကြား…တိတ်ဆိတ်သွားခဲ့ပြီးဖြစ်သော
အသက်ရှုသံ…အရာအားလုံးကို နားလည်မှုရှိပေးစေချင်တယ်…သစ္စာကို ငြင်းဆန်တတ်သူဟာ
ဘယ်တော့မှ နောက်ကျောဒဏ်ရာ ပြင်းပြင်းမရဘူး…လိင်စိတ်ထဲက ထွက်ကျလာတဲ့ ရေစီးမှာ
ကျွန်တော်တို့…ခင်ဗျားတို့အားလုံးရဲ့ယုံကြည်ရာတွေ ပက်လက်မျောသွားတယ်…ရှိရှိသမျှ နွမ်းသွားတယ်
ခနခနထုံကျဉ်နေလေ့ရှိတဲ့ မောက်(စ်)တစ်လုံးလည်း ရှိတော့မှာမဟုတ်ဘူး…ဝေးသွားကြပြီ
ပထမခြေလှမ်းတွေ လက်တွဲညီခဲ့ကြသလောက် ညောင်ညိုပင်နားရောက်လေ ဖျော့တော့သွားလေ
သံသရာလမ်းဟာမချောမွေ့တတ်တော့ ရင်ဆိုင်ရန်ခွန်အားဖြည့်မိငယ်ရေ…ကို ဆိုရင်းဆိုရင်း တိတ်ဆိတ်သွား
ကျေးလက်ထဲက လူခြေတိတ်ချိန်အပါအ၀င်…ခြေရာလေးနှင့် ဖိနပ်တစ်ရန်သာ ကျန်ရစ်ခဲ့သော ရေကန်
နေရောင်တွေဖြာကျလာလိုက်…လရောင်တွေလာဆော့ကစားလိုက် ကျွန်တော်တို့ရဲ့ မြစ်မင်းနှင့်တကွ
ခရီးဖော်များ…ဘယ်ခရီးနီးသလဲမေးရင်း ရလာတဲ့အဖြေမှာ ရေပြင်ညီမျဉ်းတွေ အစိတ်စိတ်ကွဲသွားတယ်
ကျွန်တော့်ဆိုလိုမှုဟာ ထမင်းတစ်လုပ်ဖြစ်တယ်…ပျော်ရွှင်မှုတစ်ခုဖြစ်တယ်…တပ်မက်မှုတစ်ခုဖြစ်တယ်
တကယ့်တကယ်မှာ စိတ်လိုလက်ရ အမှားတွေဖြစ်ဖြစ်လာလိုက်ကြတာ…အရမ်းလှပတယ်ဆိုတဲ့
မျက်နှာကလည်း ထမင်းတစ်လုပ်ဖြစ်လာမှာမဟုတ်ဘူး…၀ရုန်းသုန်းကားအသံတွေ ဆူပူလှုပ်ရှား
ထရမ်းပက်ဆန်ဆန်ဂီတသံ…ဒီညစာဟာ ငါတို့တွေရဲ့ နောက်ဆုံးအစားအစာစားခြင်းသောက်ခြင်းပဲ
အကုန်လုံးဆုံးခန်းတိုင်ခဲ့ပြီ…နောက်ဆုံးစာမျက်နှာတွေပေါ်မှာ မှင်တစ်စက်ကအစ သွေးစတစ်မှုန်အဆုံး
တန်ဖိုးရှိတယ်…အစတည်းကပြောဖို့မေ့ခဲ့တာက တန်ဖိုးထားစံပုံစံသတ်မှတ်မှုတွေကို ဖြည်ချခဲ့ဖို့…
အထိအတွေ့…သာယာပျော်ရွှင်မှုကလွဲလို့ ငြင်းဆန်သင့်တာမှန်သမျှ ငြင်းဆန်ပစ်လိုက်တာ ကောင်းတယ်
ခဏလေးပါ…အားလုံးအတွက်…ကြေကွဲစရာတွေနဲ့ တက်လိုက်ကျလိုက် ဒီရေဆန်ဆန် အစိုင်အခဲများထဲ
ဘုရားသခင်ရဲ့ ကျမ်းဂန်လာပုံပြင်တွေ ဟောင်းနွမ်းသွားတယ်…၀င်ရိုးစွန်းတန်းက စွပ်ဖားလှည်းတွေကစလို့
နောက်ဆုံးပေါ်ဆေးထိုးအပ်တွေထိ အရာရာသစ်ဆန်းခဲ့…ပုံပြင်တွေက အတိတ်ခေတ်မှာပဲနေခဲ့တာ ခက်တယ်
နောက်ဆုံးမှာတော့ ဘုရားသခင်က သူကိုယ်တိုင် ပျောက်ကွယ်ရတော့မယ်မှန်း ကျကျနနသိသွားတော့တယ် ဒါပေမယ့်…ဘုရားသခင်ကိုယ်တိုင် နောက်ကျခဲ့တာ မဟုတ်လား…ဒါဗင်စီက ဒါတွေအတွက် ပန်းချီတစ်ချပ်ဆွဲမယ်တဲ့
ကမ္ဘာမြေပြင်ပေါ်မှာ နှစ်ဆယ့်လေးပေါင်ရှိတဲ့ ပစ္စည်းဟာ အာကာသထဲရောက်ရင် လေးပေါင်သာသာပဲ ရှိတော့တာကို
ဘုရားသခင်နားလည်သွားမလားမသိဘူး…ကျွန်တော်ကိုယ်တိုင် ရုပ်ဝထ္ထုတွေထဲ နစ်ဝင်သွားတော့မှာ ဖြစ်တဲ့အတွက်
ကျွန်တော်ကိုယ်တိုင် နားမလည်ခဲ့တာတွေများကြောင်း…ကျွန်တော်နားလည်ခဲ့တာတွေကလည်း အမှန်တရားမဟုတ်ကြောင်း
အမှန်တရားဆိုတာ လူတစ်ယောက်စီတွင် တစ်မျိုးစီရှိကြောင်း…ကမ္ဘာဦးကျမ်းကိုပြန်လည်ပြင်ဆင်သင့်ကြောင်း
ဘုရားသခင်ကိုယ်တိုင် အမှန်တရားမဖြစ်နိုင်တော့ကြောင်း…မပြောနိုင်ခင် ကျွန်တော် ခေါင်းငိုက်ကျသွားတယ်
ဒါဗင်စီကိုယ်တိုင် ဒီပန်းချီကားကို အဆုံးသတ်ခွင့်ရမှာမဟုတ်ဘူး…သူဖန်တီးလိုက်တဲ့ မိုနာလီဇာက သူ့ကိုသတ်သွားတယ်
                                                                                                                      ရွှေ ကြယ် မိုး

Friday, January 11, 2013

Third person ကိုယ်တိုင်တောင် မင်းရဲ့ ရင်သားကို ခိုးခိုးကြည့်နေမိတယ်


ရုပ်ရှင်ကားထဲက ခိုးယူထားတဲ့ လမ်းခွဲ Idea ။
မင်းကို သူက နှုတ်ဆက်ပြီးတာနဲ့ အဝေးပြေးကားဝင်းထဲ အရူးတစ်ယောက်လို မြူးတူး အော်ဟစ်
အမျိုးသမီးတွေရဲ့ ဦးနှောက်တည်ဆောက်ပုံဟာ ပိုရှုပ်ထွေးတယ် ။ ဒါကြောင့် မင်းတွေးနိုင်တယ်။ မင်း မမှားဘူး။
မင်းရဲ့ အဖေဟာ လူမှုရေးဖောက်ပြန်တယ်။ မင်းရဲ့အစ်ကိုဟာ မင်းမျက်စိရှေ့မှာတင် သူ့ဆော်နဲ့လိင်ဆက်ဆံတယ်။
ခြေချောင်းလေးတွေကုပ်ကွေး တံခါးရွက်ကို အဓိပ္ပာယ်မရှိ ဆုပ်ကိုင်ညှစ်ပစ်လိုက်မိတဲ့အခါ။
လက်ကို နောက်ပြန် ကြိုးတုပ်ပြီးမှ အဓိပ္ပာယ်ရှိသွားမဲ့ ကြင်နာမှုမျိုး ။
၂၁ ရာစုမှာ ရန်သူရဲ့ သူလျှိုဟာ မိမိရဲ့ ရိုးသားမှုပဲ။ မင်း လက်သည်းတွေ virus ကိုက်နေတယ်မှတ်လား။
တစ်ယောက်တည်းနေရင် အမဲလိုက်ဗုံသံတွေကြားသလိုလို။ ရုပ်ရှင်ကြည့်မိတော့ Triangle
သူနဲ့ first time တုန်းက မင်းရဲ့ naked ခန္ဓာကိုယ်ကို သူမြင်မှာသေမလောက် ကြောက်ခဲ့ဖူးတဲ့ မင်း။
လူဟာ တိရစ္ဆာန်ပဲ ... *မဲ့ ပြော* ။ လူ့အဖွဲ့အစည်းရဲ့ တံတွေးခွက်လေးထဲမှာ အင်တာနက်က မင်းပုံလေးတွေ မျောလို့ ။
ခပ်ညံ့ညံ့လူတွေရဲ့ လမ်းခွဲခြင်းမှာ  ပြန်ပေးတဲ့လက်ဆောင်တွေ၊ မီးရှို့လိုက်တဲ့ ဓာတ်ပုံတွေနဲ့။
မင်း အတွင်းခံထဲ မြွေပေါက်စကလေး ၀င်နေသလိုပေါ့။
နာမကျန်းချင်ယောင်လည်းမဆောင်တတ်၊ မျက်နှာလည်းမပြောင်တတ်။ ဒါဆို လူတွေနဲ့ မင်းဘယ်လိုမှ ဖြစ်မှာမဟုတ်ဘူး။
ကျွန်မ စဉ်းစားတယ်။ ကျမ သေပစ်လိုက်ရရင်ကောင်းမလား။ ဘယ်သူမှမပိုင်ဆိုင်တဲ့ ကျမရဲ့ကိုယ်ပိုင်သေခြင်းတရား။
လူ ကို လူ လို့ တွေးဖို့ ပြောတဲ့ လူတွေ အများကြီးသေသွားခဲ့ကြပြီ။
I won't give up လို့အော်ပြီး လူတွေအများကြီး တိုက်ပေါ်က ခုန်ချသွားကြတယ်။
ဆီလီကွန်ရင်သားကို ကိုင်မိပြီး ရူးသွားတဲ့ နှုတ်ခမ်းဖျားတွေ။ ဖြစ်ချင်ရင် ဖြစ်ဆိုပြီး
လက်ကောက်ဝတ်ကို ဓါးနဲ့လှီးလိုက်တဲ့ဟာသ။
အဖေကို ဒယ်ဒီလို့ ကျောင်းက အင်္ကျီဖြူဖြူနဲ့ ကောင်လေးခေါ်တာကြားဖူးတယ်
မြင်ကွင်းထဲမှာ လာရပ်တည်နေမှတော့ မင်းမြင်ရတော့မှာပဲ ။
အိုး ... ကျမ ...ကြိုက်တယ်။ ကြိုက်တယ်။ (ဒါဟာ ဒီအချိန်မှာ ပြောရမဲ့စကားမဟုတ်ဘူး)
သူတို့ ပါးစပ်ဖွင့်သွားပုံမှာ မင်းဟာ ကြောက်စရာကောင်းအောင်ဆွံ့အပစ်ခဲ့။
ဓါးနဲ့ ထိုးလည်း သေပါတယ်တဲ့ ။ သူ့ ကို ကင်မရာထဲ ဆွဲမထည့်ခဲ့ဘူး ။ လိင်စိတ်မရှိခဲ့ဖူး အစ်ကို ။
စာရိတ္တ သားရေပြားပေါ်မှာဝံပုလွေတွေနဲ့ဖောက်လွဲဖောက်ပြန်။
ဒီည မိန်းကလေး တစ်ယောက်မဟုတ် တစ်ယောက်နဲ့ လိင်ဆက်ဆံခဲ့ပြီး မင်းဆီမှာပေါ်လာတဲ့ အာရုံခံစားမှု လေချဉ်။
ကျမ မှာ ခု ဂုံးထိ နေပြီ။ ဘယ်သူက ဆီးကြိုပွေ့ဖက်မှာလဲ။
ဘယ်သူ့ကိုမှ မေးခွန်းမထုတ်ရင် ဘယ်သူကမှ လိမ်ညာတဲ့အဖြေမျိုးကို ပေးစွမ်းနိုင်မှာမဟုတ်ဘူး။
သူက ပြောတယ်သိလား။ ကျမ အသုံးချတာခံရအောင်သူက ဇစ်ပါတဲ့ ငှက်ပျောသီးမဟုတ်ဘူးတဲ့။
သူရဲ့ မျက်လုံးတွေကို ထွင်းဖောက်ပြီး ကြည့်တတ်ဖို့ ကျမဦးနှောက်က အချက်မပြခဲ့ဖူး။
သူမရှိဖူးဆိုတဲ့အတွေးက သိပ်အလုပ်လုပ်တယ်။ လူ့ဘ၀ရဲ့အရသာ အစစ်ကဘာလဲ။
မေးခွန်းတွေအများကြီးမေးပြီး ဘာအဖြေမှရမသွားတဲ့ လူရဲ့ အသက်ရှင်မှုကို ဘယ်လောက်နဲ့တန်ဖိုးဖြတ်သင့်လဲ။
ဘ၀လေးတွေကို space လေးခြားကြည့်။
ကျွန်မ အခု global ဖာ ဖြစ်နေရပြီ။ DNA လည်း ကျမ ကိုမကယ်နိုင်တော့ဘူး။
FB ပေါ်တင်ပြီး မျက်ရည်နဲ့ရေးတဲ့ status ကို သူကိုယ်တိုင်တောင် လာ Like လုပ်သွားသေးတယ်။
သူမ မှာဟိုဒင်းလိုပဲ။ လင်လည်းလိုချင်တယ် ... ဟိုဟာ ကိုလည်းကြောက်တယ်နဲ့
မျက်ရည်ထဲက အပြုံးလေးတစ်ပွင့်က လမ်းထောင့်ချိုးမှာ ၀င်တိုက်လိုက်မိတဲ့ ကော်ဖီည။
လူဟာ ဒီလိုပဲ။
Third person ကိုယ်တိုင်တောင် မင်းရဲ့ ရင်သားကို ခိုးခိုးကြည့်နေမိတယ်။

ရင် ခွင် ရှိန်း





ခေတ်ထဲသို့ တင်သွင်းခံရပြီးနောက်


စီးကရက် ပြာမှုန်တွေလိုပဲ စိတ်နှင်ရာ အမြဲဝဲနေခဲ့တယ် ဆိုတာက စတာပဲ
အနေအထိုင် မတတ်မှုတွေနဲ့ တစ်ယောက်ထဲ စိတ်အာသာဖြေနေရ
မြို့ရိုးကိုးပေါက်လျှောက် ဖြုတ်လိုက် တပ်လိုက် အဆက်မပြတ်စီးဆင်း
လေသလပ်ခံ အပေါ်ယံ အသားအစိုင် အခဲများ ရောင်စုံလွင့်ဝဲလက်
လမ်းဘေးဈေးဝယ်များ နုတ်ခမ်းနီနံ့ ထောင်းထောင်းထလက် စုရပ်ကိုယ်စီ
မျက်တောင် တစ်ချက်မခတ်ရ အမြဲတမ်း အသင့်အနေအထားရှိနေပါ
ဘာမဆို ဖြစ်သွားနိုင်တယ်လေ
ဖြစ်ချင်ရာလည်း  ဖြစ်ပစ်လိုက်လို့ရတယ်  ခင်ဗျားမှာ နားလည်မှု ဘယ်လောက်လောက်ပါလဲ
အခြေအနေကို မကြည့်ဘဲ ၀င်မလာနဲ့ လစ်သွားမယ် ဂလစ်ပဲ
ဘာသာစကားဟာ အခုတစ်မျိုး တော်ကြာတစ်မျိုး
သိပ်တော့လည်း မစိုးရိမ်ပါနဲ့ လျှောက်နေရင်းပဲ ခေတ်ထဲကို ရောက်သွားပါလိမ့်မယ်
သွားကြားညှပ်တပ်ချင်ရင်လား အသားစားပေးရုံပေါ့
အမှန်တရားဟာ ဈေးကောင်းမရဘူး လမ်းဘေးမှာတော့ ပေါပေါ လောလော ရတယ်
ဆံပင်ပုံစံ ခပ်ဆန်းဆန်းထားရမယ် ၊ ဂျင်းဘောင်ဘီ ကျပ်ကျပ် ၀တ်တတ်ရမယ်
မျက်လုံးတွေကတော့ သနားစရာကောင်းလောက်အောင် အနားရမှာ မဟုတ်ဘူး
ဇာတ်နာတဲ့ ဇာတ်လမ်းတွေ နားထောင်ဖို့ရော အဆင်သင့်ဖြစ်ပြီလား
စိတ်ခံစားမှုကို နတ်ခမ်းနဲ့ မျက်လုံးမှာပဲထားပါ နှလုံးသားထဲ ရောက်မသွားစေနဲ့
နောက်တော့လည်း စိတ်ယဉ်သွားမှာပေါ့
မကျေနပ်ရင်လည်း ချက်ချင်းဖောက်ခွဲပစ်လိုက် ဒီနေ့မှာ နက်ဖြန် မရှိဘူး
အန္တရာယ်ရှိတယ် ဆင်ခြင်တုံတရား နည်းနည်းမှ ယူမလာနဲ့
အပြင်ကသွားတော့ လမ်းရှင်းတယ် မြန်မြန်ရောက်မယ် မြန်မြန်တော့ မလျှောက်နဲ့
လူ့အဖွဲ့အစည်း အပြင်ဘက်မှာ အဖမ်းအဆီး မတရားများတယ်
အတက်မလိုဘူးလေ ခွပ် တတ်ဖို့ပဲ မြင်လား
ဘာသာတရားတောင် မရမလှ အသတ်ခံနေရတာ ကြည့်ပါလား
အသက်ကြီးကြီး ငယ်ငယ်အားလုံးဟာ လူငယ်ပဲ
ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘူး အမှန်ဖြစ်နေတာ
အမှန်တရားလား ဘောင်းဘီ အိပ်ကပ်ထဲမှာလေ ကျန်းမာရေးပေါ့
အဲဒီ လက်မှတ်တွေကို လူမမြင်ခင် ပြန်သိမ်းထားလိုက် အဆင်မပြေဘူး
အခေါ်အပြောဟာ အတန်းပညာထက် အလုပ်ဖြစ်နေပြီ ဆရာ
အဆင်လေးကတော့ တကယ့်ကို ဆန်းတယ်
အသံမထွက်စေနဲ့ မျက်လုံးနဲ့ပဲပြော အားလုံးဟာ အောက်ရှိပဲ
ကိုယ့်အ၀ိုင်းမှာ ကိုယ်က ဂျော်ကာပဲ ကြိုက်တာနဲ့ ကပ်လိုက် လမ်းဘေးဖုန်း မပြောရ
ဘယ်သူ့မှ ဂရုမစိုက်တဲ့ဟန်ကို ရအောင်သေချာလေ့ကျင့်ထား
နေ့နဲ့ညကြားက ကွာဟမှုမျဉ်းဟာ ရေးရေးပဲ ကျန်တော့တယ်
မျက်လုံးတွေကို နေကာမျက်မှန်တပ်ပြီး ဖွင့်လိုက်
ခေတ်ပေါ် သယံဇာတတွေ အဖွေးသား လမ်းပေါ်ကျလာလိမ့်မယ်
တယ်လီဖုန်း မြည်သံ ၊ ကားဟွန်းသံ ၊ သဘောင်္ဥသြဆွဲသံ
သိမှုနယ်ပယ်ကို လိုအပ်သလို ချုံ့လိုက် ချဲ့လိုက် ကြားရလား
စက်ပစ်ကွင်းထဲမှာ ဆိုပေမဲ့ သူတို့က ကျည်အစစ်တွေနဲ့ ပစ်တော့မှာ
အပေါ်ယံ အရေခွံမာဟာ နူးညံ့တယ် ဒဏ်ခံတယ်
အထင်ပေါ်ဆုံးနေရာက လုံခြုံမှုအရှိဆုံးပဲ ၀ပ်မနေနဲ့ ဈေးမဆစ်နဲ့
ကြောက်ဖို့ကောင်းလာပြီ အဖြစ်အပျက်တွေ မြန်ဆန်လာပြီ ယုတ္တိဗေဒကနေ ကင်းလွတ်သွားပြီ
အမျိုး အမည် ခေါ်မရတဲ့ အနံ့တွေရလာပြီ
သေချာပြီ ဒါဟာပြီးမြောက်သွားတဲ့ ရောက်ရှိခြင်းပဲ
ခေတ်က နွေးထွေးစွာ ကြိုဆိုနေပါလိမ့်မယ် ။     

မောင် မိုးမြင့်
Faces Magazine, Feb 2013

Tuesday, January 8, 2013

Depression တံဆိပ် မျိုးဆက်သစ် စက်ရုပ်များ ကော်ပိုရေးရှင်း နည်းပညာပစ္စည်းသစ် မိတ်ဆက်


လူကြီးမင်းတို့ မြင်ရတဲ့ အတိုင်းပဲ၊ အသက် ၂၀ ၀န်းကျင်၊ မျိုးဆက်သစ် စက်ရုပ်တွေဟာ လူသားနဲ့ ခွဲခြား မရအောင် ချွတ်စွပ် တူပါတယ်၊
အီမိုဖက်ရှင်၊ ပန့်ခ်စတိုင်လ်၊ ကိုရီးယားပုံစံ၊ ကြိုက်နှစ်သက်ရာ ဒီဇိုင်းကို ရွေးချယ်ပါ၊ လူကြီးမင်းတို့ အလိုကျ လှုပ်ရှားပေးပါလိမ့်မယ်၊ အသိဥာဏ်စနစ်မှာ လူလို့ ထင်မှတ်မှားအောင် လုပ်ထားတယ်၊ အမှန်က ကျွန်တော်တို့ ထုတ်လုပ်ထားတဲ့ စက်ရုပ်တွေ၊ မိုဒယ်လ်ဟောင်းတွေထက်IQ  & EQ Level မြင့်၊ မှတ်ဥာဏ်မှာ အချက်အလက်တွေ သိန်းသန်းချီ ထည့်သွင်းထား၊ သာမန် တက္ကသိုလ်ပညာရေး ပြီးဆုံး၊ အင်္ဂလိပ်စကား အနည်းငယ် နားလည်၊ အင်တာနက် သုံးတတ်၊ Google Search Box က တစ်ဆင့် လိုချင်တာ မှန်သမျှ ရှာဖွေ ရယူနိုင်၊ ပိုက်ဆံကိုသာ ယုံကြည်မယ်၊ ချစ်ခြင်းမေတ္တာနဲ့ ဥာဏ်ပညာကို အယုံအကြည်မရှိ၊ Depression တံဆိပ်တပ်ထားပေမယ့် Suicide တော့ မလုပ်ပါ၊ လျှာအရသာခံ ပြောရုံပဲ၊ လုပ်စရာ အလုပ်မရှိရင် ကိုယ်ပိုင် အမှတ်အသား Depression စာသားကို ပွတ်သပ်နေတတ်တယ်၊ ဈေးနှုန်း တန်ဖိုး အမျိုးမျိုး ၊ မိုဒယ်လ်အနိမ့်အမြင့် အလိုက်၊ မြန်မာငွေ ၅၀၀၀၀ိ/ မှ ၃၀၀၀၀၀ိ/ ကြား၊ ဒီငွေကြေးပမာဏနဲ့ စက်ရုပ်တစ်ရုပ် ပိုင်ဆိုင်ခွင့် ရတာ လူကြီးမင်းတို့ အတွက် ရွှေရောင် အခွင့်အလမ်း၊ ရွေးချယ်ပါ ၀ယ်ယူပါ အသုံးချပါ၊ အန္တ၇ာယ် တစ်စုံတစ်ရာ မရှိ၊ တစ်သက်တာ အာမခံ၊ နိုင်ငံရေး စိတ်မ၀င်စား၊ စက်ရုပ်ဆိုတော့ Po-Mechanism ဆိုတာ နားမလည်၊ နည်းပညာ နောက်ဆုံးပေါ်ဖက်ရှင်နဲ့ ပေါ့ပ်ယဉ်ကျေးမှုထဲ အာရုံနစ်နေအောင် အထူးတီထွင် ဖန်တီးထားပါတယ်၊ ၀ယ်ပြီး ပစ္စည်း စိတ်ကြိုက်မဖြစ်ရင် အချိန်မရွေး ပြန်လဲနိုင်၊ ဖရက်ဒရစ်နစ်ရှေးနဲ့ ချေဂွေဗားရား ၊ သမိုင်းဇာတ်လမ်းတွေ မသိတဲ့ စက်ရုပ်တစ်ရုပ်ပါ မေတ္တာလက်ဆောင် ပေးလိုက်ပါဦးမယ်၊ ၂၁ ရာစုအ၀င် နည်းပညာသစ် မိတ်ဆက်ပွဲ၊ 20 % Discount ၊ စက်ရုပ်တွေက စာဖတ်ဝါသနာပါ၊ မှတ်ဥာဏ်ထဲ ၀င်လာတဲ့ ဘာသာစကားမှန်သမျှ အသေမှတ်သား၊ ခေတ်ပေါ် ဗန်းစကားတွေ သိပေမယ့် ရှေးဟောင်းစကားလုံးတွေ မသိ၊ ကြိုးဆွဲရာ ကနေရလို့ လူကြီးမင်းကို မော့ကြည့်ဖို့ စဉ်းစားမိမှာလည်း မဟုတ်ပါ၊ တစ်ခုတော့ သတိထား၊ Philosophy ၊ Ethic ၊ Aesthetic ၊ Morality ၊ Liberal Democracy ၊ တချို့စကားလုံးတွေ ကြားရင် သူတို့ ရှော့ခ် ဖြစ်သွားတတ်တယ်၊ စက်ရုပ်တွေမှာ ပါဝါမျက်မှန် အထူကြီးတွေနဲ့၊ ခေတ်ပြိုင် လူ့အဖွဲ့အစည်းအပေါ် ဘာသာပြန်အမှား ဆော့ဖ်ဝဲနဲ့၊ အမှန်တ၇ားကို နားလည်မှု လွဲမှားစေတဲ့ ပရိုဂရမ်အသစ်နဲ့၊ ရုပ်ရှင်ဆို ဟာသဇာတ်လမ်းပဲ ကြိုက်တယ်၊ စိတ်အပန်းပြေဖို့ အချစ်သီချင်းချိုချိုီလေးတွေ၊ အာရုံဖျော်ဖြေမှုရဖို့ ရောင်စုံရုပ်ပုံလှလှ ပေါ့ပ်  Magazine တွေ၊ ဘော်ဒါတွေ ဆုံရင် လူပြိန်းကြိုက်ဘာသာစကားနဲ့ ဟေးလားဝါးလား ပြောရတာ အရသာတွေ့ပါတယ်၊ ဦးနှောက်ထဲမှာ ရုပ်ဝတ္ထုတွေကို ဘုရားသခင်လို့ အာရုံမှောက်မှားစေတဲ့ အသိစနစ်ထည့်သွင်းထား၊ လူကြီးမင်းတို့ အကျိုးစီးပွားအတွက်ပါပဲလေ၊ ကဗျာဆရာတွေရဲ့ အမြင်လား၊ ကျွန်တော်တို့ နောက်ကွယ်မှာ " အမှောင်ခေတ် ကော်ပိုရေးရှင်း " လို့ နာမည်ဖျက်နေကြတယ်၊ အဆိုးမြင်ဝါဒီတွေရဲ့ အမနာပ စကားတွေ၊ နားမယောင်ပါနဲ့၊ ဟောဒီမှာ အနာဂတ်အတွက် အထူးတီထွင်ဖန်တီးထားတဲ့ Depression တံဆိပ် မျိုးဆက်သစ်လူငယ်များ၊ တန်ဖိုးနိမ့် ၊ အရည်အသွေးမြင့်၊ ခေတ်ပေါ်ဖက်ရှင်ဒီဇိုင်းစုံ၊ ရွေးချယ်ပါ ၀ယ်ယူပါ အသုံးချပါ၊ ပိုက်ဆံသုံးနိုင်ရင် လူကြီးမင်းတို့ ရဲ့ ရင်သွေးပုံစံအတိုင်းအတိအကျ၊ မျိုးရိုးဗီဇကော်ပီကူး၊ မိတ္တူပွား၊ ကျွန်တော်တို့ဆီ အော်ဒါမှာကြားနိုင်ပါတယ်၊ အလိုရှိသလောက် အရေအတွက်။

အောင်ရင်ငြိမ်း
၂၇ ဇန်န၀ါရီ ၂၀၁၁
ရယ်စရာ Magazine ၊ ၂၀၁၁

ကို ယ် ဟာ လူ ေ သ လို ေ န တ ယ်


၂၀၁၂ မှာ ငါ မသိဘူးဆိုတဲ့စကားနောက်မှာ ငါတို့ မသိဘူးဆိုတဲ့ စကားက ကပ်ပါလာတယ်…
ကိုယ်ဟာ လူသေလိုနေတယ်  ဘာဖြစ်လို့ စိတ်ကို လာဆက်ဆံနေလဲ ကိုယ်မသိ ။
မင်းတို့ နောက်ကျောတွေ ခဏခဏ အသားနီလန်တာ ငါတို့ ခဏခဏ မြင်နေရ...
ဆပ်ပြာပူဖေါင်းလိုမျိုး ဟန်ဆောင်ထားသော ငြိမ်းချမ်းရေး အသွင်အပြင်ကို သူတို့ လိုချင်နေကြပုံပဲ ။
ငါ့အမြင်မှာတော့ ငြိမ်းချမ်းရေးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ ။
ဘယ်တော့မှ စိတ်မချ ရုပ်ရှင်ဇာတ်ကားကို ငါရိုက်တယ် ။အဲ့ကားမှာ  လုံခြုံမှု ပလတ်ကျွတ်သွားတယ် ။
ချစ်စရာ ဘာဘီရုပ်လေး ခေါင်းပြုတ်သွားတာမြင်တော့ ကြမ်းပြင်မှာ သွေးစက်တွေရှိမလား လှမ်းကြည့်မိသေးတယ် ။
Google မှာရိုက်ထည့်လိုက်တဲ့ အေးချမ်းဟာ အေးချမ်းသာယာမှုအဖြစ်အပြင်ဘက်ကို ပြန်မထွက်နိုင်ခဲ့ …
ကီးဘုတ်တွေကို ဖြုတ်ထားလိုက်တော့ … မင်းဟာ ဘယ်တော့မှမရှိခဲ့တဲ့ မာသားဘုတ်ပဲ ။
ပြည်သူလူထုက မီဒူဆာမျက်မှာနဲ့  ငါ့ကို ၀ိုင်းကြည့် .. .ငါ ဟာ အေးခဲကျောက်ရုပ်ဖြစ်….
နင် ရှိနေသေးတယ် သီချင်းနဲ့  မူလီတွေကို ပြန်ကြပ် … ။ ကိုယ့်ကိုကိုယ် WarKeys တွေ ပြန်ဆွဲ ။
ပီရူးက လူတယောက်နဲ့ စကားပြောတုန်းက  “ ငါ့ကို ယဉ်ယဉ်ကျေးကျေးသိပ်မပြောပါနဲ့  “လို သူပြောတော့ ပြုံးမိတယ် ။
သူလိုငါလိုပဲ  အီရန် နူလက်နက် ကိစ္စကို တကမ္ဘာလုံးက လူငယ်တွေ ဆန့် ကျင်နေခဲ့တယ် ။
ယဉ်ကျေးမှုကို တကမ္ဘာလုံးကလူငယ်တွေ ဆန့် ကျင်နေခဲ့ကြ ။
အရုပ်လှလှလေးတွေကို အရေပြားပေါ် အရည်ပျော်သွားပြီလား မေးကြည့်ပါ။
ပျော်ကြည့်လို့ လည်း မရတော့ဘူး  …. ရိုက်ခွဲတယ်….
စောက်သုံးမကျတဲ့ facebook ပေါ်က status တွေက ငါ့ကို ရိုက်ခွဲတယ် ။
မရသေးတဲ့ ဘွဲ့ လက်မှတ်က ငါ့ကို ရိုက်ခွဲတယ် ။
စောက်သုံးမကျတဲ့ ကွန်နရှင်က ငါ့ကို ရိုက်ခွဲတယ်
အအေးလျှော့နေတဲ့ အဲကွန်းက ငါ့ကို ရိုက်ခွဲတယ် ။
ကဗျာစာအုပ်တအုပ်မလို့ လိုနေတဲ့ ပိုက်ဆံ လေးငါး သိန်းလောက်က ငါ့ကို ရိုက်ခွဲတယ် ။
တစုံတယောက်ကိုလွဲချချင်တဲ့ ခေါင်းပြတ်အိမ်မက်တွေနဲ့ ပျော်လား သားကြီး ။
ကိုယ့်ကိုကိုယ်သာမြင်သော ၊ လူပုဂ္ဂိုလ် ၊ အဖွဲ့ အစည်း ၊ အုပ်စု ၊ …၊ အဲ့လိုတွေ များနေသ၍
မင်းတို့ အနုပညာဟာ ဘယ်တော့မှ တိုးတက်လာမှာမဟုတ်ဘူး ။
သိမ်းထားတာတွေ ပျောက်ပျောက်သွားတတ်တဲ့ မှတ်ဥာဏ်လေးတွေ နဲ့ .. ။
ဘာဖြစ်လို့ မီးလောင်နေတဲ့ မေတ္တာတွေလိုက်ပေးနေတာလဲ ။
ငါလူသေလို နေတာ ။ ငါ့ကို လာမပတ်သတ်နဲ့ .. သိလား
ငါသေရင် စာသားတွေနဲ့ တယောက်ကို တယောက် Rape လုပ်ကြ…။
ငါသေရင် ငါတို့ ခင်မင်မှုကို တက်ဖိလိုက်တော့ သားကြီး ... ။

အေးချမ်း

ဟာသ တစ်ခုလို့ပဲ ဆိုထား

မှူးသစ်
တိမ်ထူထပ်မယ်၊ ရာသီဥတုဟာ အခြေအနေရ အပြောင်းအလဲဖြစ်နိုင်
ဖြတ်ကြောင်းတွေလို တစ်စတစ်စ ဒီလိုပဲ ရွာသွန်းဖို့က မသေချာ၊
ဒါဟာ ကြိုတင်သတိပြူမိဖို့ ပြောဆိုကြည့်ရုံသက်သက်
လက်ဖ၀ါးရယ် ထီးတစ်လက်ရယ် ဂျင်းဂျာကင်တစ်ထည်ရယ် ဘာတစ်ခုမှ အဆင်သင့်မရှိ၊
ဆုံးဖြတ်ချက်အချို့ဟာ ခက်ခဲဖို့မလိုပဲ ခက်ခက်ခဲခဲပိုင်းဖြတ်
အသက်ရူသံတွေလည်း ကောက်ကြောင်းတစ်ခုပေါ်မှာ
အချိန်အတော်ကြာတဲ့အထိ ဖြတ်လျှောက်မိ
ခဏခဏ မွန်းကြပ်နေရသလိုပဲ မောင်းမဖြုတ်ရသေးတဲ့ အန္တရယ်တွေဟာ
ရင်ဘတ်အတွင်းမှာပဲ ပြန်စုစည်းမိနေပြီ
သွေးဆဲလ်လေးတွေကစပြီး တဇတ်ဇတ်တုံ့ရီနေတဲ့ လက်မောင်းရိုးတွေအထိ
ကိုယ့်ကို ပြန်သစ္စာဖေါက်ခြင်းကို ခံနေရတယ်။
ပြုတ်ထွက်သွားတာ မူလီလေးတစ်ချောင်းဆိုပေမယ့် ကိုယ့်နားထင်တည့်တည့်မှာ
မသက်ဆိုင်မှု၊ဒါမှမဟုတ် သက်ဆိုင်မှု ဘာတစ်ခုမှလည်း အခန်းတွေ ကန့်ထားလို့မရဘူး
*ဒီအစိုးရက ဒီမိုကရေစီမပေးသေးသ၍.လူငယ်လေးတစ်ယောက်ရဲ့ တောက်ခေါက်သံ*
ကိုယ့်ရင်ဘတ်ကို ကိုယ်ပြန်ငုံ့ကြည့်မိတယ်။ အလိုလို ပြုတ်ထွက်ကျလာတဲ့ ၀ါယာရှော့တစ်ခု
“ကိုယ်လည်း သူမထံက တစ်ခုခု မရသေးပါဘူးညီလေးရယ်”
စိတ်မကောင်းစရာကောင်းနေမယ် တွေးခေါ်မှုတွေထိတောင်
ကိုယ်တို့ဟာ တစ်စုံတစ်ခုအောက်မှာ ပိတ်မိနေခဲ့သလား
အများကြီးမမျှော်လင့်နဲ့!!!!!!!!!
၊မျှော်လင့်ချက်ဆိုနေမှ မျှော်လင့်ရုံသက်သက်ထပ် ပိုပြီး ဘာတွေများလိုချင်နေသေးလဲ
*မွေးဖွားလာကြတယ် အသက်ရှင်နေထိုင်ကြတယ် သေဆုံးသွားကြတယ် *
(မမှတ်မိတော့တဲ့ ရှေ့ဟောင်းအဖြစ်အပျက်တစ်ခုထဲက စာသား)
မလိုအပ်တော့ရင် ဒါမှမဟုတ် လိုအပ်ခွင့်မရတော့ရင် မေ့ပစ်ထားလိုက်ခြင်းက ပိုသက်သာစေပါတယ်။
“ချစ်ခြင်းမေတ္တာနဲ့ အနုပညာကို မယုံကြည်တော့ဘူး!!!!” ကိစ္စရပ် တစ်ချို့တစ်ဝက်တွေအထိ…
အသက် နှစ်ဆယ့်ရှစ်နှစ်အရွယ် လူတစ်ယောက်ရဲ့ ဖွင့်ဟ ချက်တွေဟာ
ခင်များတို့အတွက် ဟာသ တစ်ခုဖြစ်ကောင်းဖြစ်နေလိမ့်မယ်။
တကယ်တော့ရိုးရှင်းပါတယ် အရင်းအနှီးသက်သက် ပြီးဆုံးသွားတဲ့အခါ
ချစ်ခြင်းမေတ္တာပဲဖြစ်ဖြစ် အနုပညာပဲဖြစ်ဖြစ် တစ်ခြား “ဘုံ” စကားလုံးတွေပဲဖြစ်ဖြစ်မလိုအပ်တော့ဘူး
မိန်းမတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုကို ပြသထားတဲ့ အလှဓါတ်ပုံတစ်ပုံ
ဘယ်လိုအဓိပ္မယ်ဖွင့်ကြည့်ရင် ကောင်းမလဲ
ကိုယ့်အိတ်ကပ်ထဲက သီချင်းသံလေးထမြည်တာက ပိုတုန်လှုပ်စေမိမှာပဲ
ဒါမှမဟုတ်လဲ ကိုယ့်ကို တုန်လှုပ်စေမယ့် ကဗျာတစ်ပုဒ် ချရေးကြည့်ချင်တယ်။
ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှုနဲ့ အထင်ကြီးမှု လွန်ကဲနေတဲ့ အ၀ါရောင်ရောဂါ တော်တော်များများ
ရွေ့လျားမှုတွေကနေ တောက်ခေါက်ပြီး ပြန်ခဲ့မိ။
ခိုးနားထောင်မိမှ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရယ်သံတွေ ဟားနေ သလိုလို
တစ်စုံတစ်ယောက်လက်ထဲကို ဓါးတစ်လက်ထည့်ပေးမှဖြစ်မယ် ပြီးမှ လက်ဆွဲနှုတ်ဆက်ကြတာပေါ့
ပွင့်လင်းမြင်သာမှုဟာ Sex ပိုင်းဆိုင်ရာကလွဲပြီး တစ်ခြားအသုံးချမှုတွေမှာ ရှာကြည့်ချင်ပါသေးတယ်

“ချစ်ခြင်းမေတ္တာနဲ့ အနုပညာကို မယုံကြည်တော့ဘူး!!!!” ကိစ္စရပ် တစ်ချို့တစ်ဝက်တွေအထိ…
အသက် နှစ်ဆယ့်ရှစ်နှစ်အရွယ် လူတစ်ယောက်ရဲ့ ဖွင့်ဟ ချက်တွေဟာ
ခင်များတို့အတွက် ဟာသ တစ်ခုဖြစ်ကောင်းဖြစ်နေလိမ့်မယ်။

*မွေးဖွားလာကြတယ် အသက်ရှင်နေထိုင်ကြတယ် သေဆုံးသွားကြတယ် *
(မမှတ်မိတော့တဲ့ ရှေ့ဟောင်းအဖြစ်အပျက်တစ်ခုထဲက စာသား)
လောလောဆယ် ဟာသ တစ်ခုလို့ပဲ ဆိုထားပေးပါ။

မှူးသစ်


လူသားဟာ စက်ရုပ်နဲ့  သားစပ်ထားတဲ့ အသားစိုင်ကြီး ဘယ်လို ဘယ်လိုအသားစိုင်ကြီးဟာ စက်ရုပ်နဲ့ သားစပ်ထားတဲ့ လူသား


space ဟာ တဖြည်းဖြည်း  speed မြန်လာ
အသက်ရှင်ရတာ ချိုလား အခွံကြီးသက်သက်ဟာ ခါးသက်သက်ကြီး
ဆိုပါစို့  အနုပညာဟာ ချက်ရောင်းလို့ ကောင်းတဲ့ အရာ ဟုတ်မဟုတ်
ချက်ကျောက်ပြောင်ပြောင်တွေ လူတော တိုးမတိုး
ယောင်ဝါးဝါးကိုပဲ ဝါးနေရုံနဲ့ အရသာ မပြီးပြည့်စုံသေး
လမ်းမွှာတွေကို နှီးဖြာသလို ဖြာကြည့်
ညှော်ဆော်နံအောင်ရေးရင် ညှော်စော်နံမှာပဲ
ညဥ့်သုံးယံစလုံး ခေါင်းမီးတောက်မိတဲ့ အခါ
အရေးအသားတွေ လွတ်ထွက်သွားမယ် ဘာသာစကားတွေ အဖိတ်အစင်များမယ်
ကျောတစ်ခင်းစာက နားနားနေနေကို မသိဘူး
တစ်ဝမ်းတစ်ခါးက စိမ်ပြေနပြေကို နားမလည်ဘူး
ကြော်ငြာကို ကြော်ငြာပေးရတာလောက် စိတ်ပိန်စရာ ရှိဦးမလား
ရှိ ကာလဒေသအလိုက် ကောလာဟလ ဆိုတာ ရှိ
စိတ်ကူးလိုက်ရုံနဲ့  စိတ်ကူးတွေ သမ်းဝေသွား
မေးလိုက် “ငါ့စိတ်ကူးစိတ်သန်းကို စနက်တံ လာတပ်တာ ဘယ်သူလဲ” လို့ 
ဟစ်ဟော့ပ် လိုက်ဆိုရုံနဲ့ ခေတ်မီရောလား
တက်တူးထိုး ဆံပင်အနီ ဆိုးလိုက်ရုံနဲ့ ခေတ်မီရောလား
ပြောလိုက် အားကောင်းမောင်းသံတွေ မိန်းမရည်ခြုံနေပြီ
မျက်စိနောက်စရာကလည်း ဒုနဲ့ ဒေး မျက်နှာပျက်စရာကလည်း ဒလဟော
ရိုးရာအစားအစာတွေ ယင်နားနေတာ တဝီဝီ
အရေးအကြောင်းဆို ဟွန်းနက်ကြီး တတီတီနဲ့  ခွီးမှပဲ
ကိုယ်ချင်းစာတရားကို မူကြိုကျောင်းသားလေးဆီက သွားသင်လိုက်ဦး
သမားရိုးကျတွေကို အရေခွံ ခွာဖို့ သမားတော် လိုမလို
မှိုတက်နေတဲ့ အာရုံခံစားမှုတွေကို မီးရှို့ ပစ်လိုက်
ခေါင်းစဉ်အောက်မှာပဲ မကျွတ်မလွတ်ကူးခတ်နေရတာ လက်ပမ်းမကျသေးဘူးလား မိတ်ဆွေ+အသင်း
ပြိုကျပြန့် ကြဲနေတဲ့ အပိုင်းပိုင်း အပြတ်ပြတ်တွေကို အကိုးအကားမဲ့မဲ့ တွဲစပ်
ကိုယ့်နံနက်ခင်းနဲ့ ကိုယ့်ကော်ဖီခွက်ပဲ
ဒီနှာခေါင်းထဲက ထွက်လာတဲ့လေဟာ ဟိုနှာခေါင်းထဲ ဝင်သွား
သားကောင်ဟာ သားသားနားနား မုဆိုးဟာ စုတ်စုတ်ပြတ်ပြတ်
မူယာမာယာဟာ မူလီစုပ်ထားတဲ့ အတိုင်း အငြိမ်
လုပ်ပြုံးကြီးဟာ လူအုပ်ထဲ အတင်းကာရော မောင်းဝင်လာပြန်
မင်္ဂလာပါ သေခြင်းတရားခင်ဗျား
ကြိုက်နှစ်သက်ရာ အကြောင်းခြင်းရာများကို အချိန်မရွေး စိတ်ကြိုက် ရွေးချယ်စားသုံးနိုင်ပါပြီ
အချစ်သည် တစ္ဆေ သို့ မဟုတ် သူလျှို သို့ မဟုတ် သွေးစုပ်ဖုတ်ကောင် သို့ မဟုတ် တစ်စုံတရာ တစ်ခုခု
တစ်နေ့ ထက်တစ်နေ့  “တစ်နေ့ သ၌” တွေ ရိုးအီလာ
ခေတ်က ဘာသာစကား အသစ်တတ်မှ လူရာဝင်တယ်လား
မင်းပြောတော့ ဂလိုဘယ်လ်လိုက်ဇေးရှင်း အိုင်တီက စကားနည်းနည်းပြောပြီး များများတွေးခေါ်ခြင်းဆို
ခု လူမှုဆက်ဆံရေး live show မှာ မုသားဟာ နားဝင်အချိုဆုံး သီချင်းပဲ
မြို့ကြီးပြကြီးဟာ မေတ္တာတရားကို ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်
ပုထုဇဉ်ဟာ ပုထုဇဉ်ပီပီ ပုထုဇဉ်
ဝဋ်ဒုက္ခကို စမတ်ကျကျ ဝတ်ဆင်လို့  အကုသိုလ်ကို နိုင်ငံကြီးသားပီပီ hello! how are you?ဘာညာ
မိမွေးတိုင်းဖမွေးတိုင်း ပြန်သစ်ချင်တယ်ဆိုတဲ့ ကညော့ချက်မှာ ကွန်မန့် တွေ ဗုံးပေါလအော
လူဖြစ်ရတာတန်သလား ခွေးဖြစ်ရတာရော မတန်ဘူးလား
ကျောသားရင်သားမခွဲခြားတော့ပါဘူး ဆိုတဲ့ ဖွင့်ဆိုချက်ဟာ ပလုတ်ပလောင်းသံကြီး
ဆာလောင်နေတဲ့ ကြောင်ဟာ ဆာလောင်နေတဲ့ အစာအိမ်ထဲ ဘယ်လိုဘယ်လို
ရှင်ဖို့ သက်သက် သေတွင်းကိုနက်နက်တူး
ဖြစ်သလို ဆွဲစိထားတဲ့ သေကောင်ပေါင်းလဲတွေ
ရှင်ဖို့ သက်သက် သေတွင်းကိုနက်နက်တူး
ဆာလောင်နေတဲ့ ကြောင်ဟာ ဆာလောင်နေတဲ့ အစာအိမ်ထဲ ဘယ်လိုဘယ်လို
ကျောသားရင်သားမခွဲခြားတော့ပါဘူး ဆိုတဲ့ ဖွင့်ဆိုချက်ဟာ ပလုတ်ပလောင်းသံကြီး
လူဖြစ်ရတာတန်သလား ခွေးဖြစ်ရတာရော မတန်ဘူးလား
မိမွေးတိုင်းဖမွေးတိုင်း ပြန်သစ်ချင်တယ်ဆိုတဲ့ ကညော့ချက်မှာ ကွန်မန့် တွေ ဗုံးပေါလအော
ဝဋ်ဒုက္ခကို စမတ်ကျကျ ဝတ်ဆင်လို့  အကုသိုလ်ကို နိုင်ငံကြီးသားပီပီ hello! how are you?ဘာညာ
ပုထုဇဉ်ဟာ ပုထုဇဉ်ပီပီ ပုထုဇဉ်
မြို့ကြီးပြကြီးဟာ မေတ္တာတရားကို ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်
ခု လူမှုဆက်ဆံရေး live show မှာ မုသားဟာ နားဝင်အချိုဆုံး သီချင်းပဲ
မင်းပြောတော့ ဂလိုဘယ်လ်လိုက်ဇေးရှင်း အိုင်တီက စကားနည်းနည်းပြောပြီး များများတွေးခေါ်ခြင်းဆို
ခေတ်က ဘာသာစကား အသစ်တတ်မှ လူရာဝင်တယ်လား
တစ်နေ့ ထက်တစ်နေ့  “တစ်နေ့ သ၌” တွေ ရိုးအီလာ
အချစ်သည် တစ္ဆေ သို့ မဟုတ် သူလျှို သို့ မဟုတ် သွေးစုပ်ဖုတ်ကောင် သို့ မဟုတ် တစ်စုံတရာ တစ်ခုခု
ကြိုက်နှစ်သက်ရာ အကြောင်းခြင်းရာများကို အချိန်မရွေး စိတ်ကြိုက် ရွေးချယ်စားသုံးနိုင်ပါပြီ
မင်္ဂလာပါ သေခြင်းတရားခင်ဗျား
လုပ်ပြုံးကြီးဟာ လူအုပ်ထဲ အတင်းကာရော မောင်းဝင်လာပြန်
မူယာမာယာဟာ မူလီစုပ်ထားတဲ့ အတိုင်း အငြိမ်
သားကောင်ဟာ သားသားနားနား မုဆိုးဟာ စုတ်စုတ်ပြတ်ပြတ်
ဒီနှာခေါင်းထဲက ထွက်လာတဲ့လေဟာ ဟိုနှာခေါင်းထဲ ဝင်သွား
ကိုယ့်နံနက်ခင်းနဲ့ ကိုယ့်ကော်ဖီခွက်ပဲ
ပြိုကျပြန့် ကြဲနေတဲ့ အပိုင်းပိုင်း အပြတ်ပြတ်တွေကို အကိုးအကားမဲ့မဲ့ တွဲစပ်
ခေါင်းစဉ်အောက်မှာပဲ မကျွတ်မလွတ်ကူးခတ်နေရတာ လက်ပမ်းမကျသေးဘူးလား မိတ်ဆွေ+အသင်း
မှိုတက်နေတဲ့ အာရုံခံစားမှုတွေကို မီးရှို့ ပစ်လိုက်
သမားရိုးကျတွေကို အရေခွံ ခွာဖို့ သမားတော် လိုမလို
ကိုယ်ချင်းစာတရားကို မူကြိုကျောင်းသားလေးဆီက သွားသင်လိုက်ဦး
အရေးအကြောင်းဆို ဟွန်းနက်ကြီး တတီတီနဲ့  ခွီးမှပဲ
ရိုးရာအစားအစာတွေ ယင်နားနေတာ တဝီဝီ
မျက်စိနောက်စရာကလည်း ဒုနဲ့ ဒေး မျက်နှာပျက်စရာကလည်း ဒလဟော
ပြောလိုက် အားကောင်းမောင်းသံတွေ မိန်းမရည်ခြုံနေပြီ
တက်တူးထိုး ဆံပင်အနီ ဆိုးလိုက်ရုံနဲ့ ခေတ်မီရောလား
ဟစ်ဟော့ပ် လိုက်ဆိုရုံနဲ့ ခေတ်မီရောလား
မေးလိုက် “ငါ့စိတ်ကူးစိတ်သန်းကို စနက်တံ လာတပ်တာ ဘယ်သူလဲ” လို့ 
စိတ်ကူးလိုက်ရုံနဲ့  စိတ်ကူးတွေ သမ်းဝေသွား
ရှိ ကာလဒေသအလိုက် ကောလာဟလ ဆိုတာ ရှိ
ကြော်ငြာကို ကြော်ငြာပေးရတာလောက် စိတ်ပိန်စရာ ရှိဦးမလား
တစ်ဝမ်းတစ်ခါးက စိမ်ပြေနပြေကို နားမလည်ဘူး
ကျောတစ်ခင်းစာက နားနားနေနေကို မသိဘူး
အရေးအသားတွေ လွတ်ထွက်သွားမယ် ဘာသာစကားတွေ အဖိတ်အစင်များမယ်
ညဥ့်သုံးယံစလုံး ခေါင်းမီးတောက်မိတဲ့ အခါ
ညှော်ဆော်နံအောင်ရေးရင် ညှော်စော်နံမှာပဲ
လမ်းမွှာတွေကို နှီးဖြာသလို ဖြာကြည့်
ယောင်ဝါးဝါးကိုပဲ ဝါးနေရုံနဲ့ အရသာ မပြီးပြည့်စုံသေး
ချက်ကျောက်ပြောင်ပြောင်တွေ လူတော တိုးမတိုး
ဆိုပါစို့  အနုပညာဟာ ချက်ရောင်းလို့ ကောင်းတဲ့ အရာ ဟုတ်မဟုတ်
အသက်ရှင်ရတာ ချိုလား အခွံကြီးသက်သက်ဟာ ခါးသက်သက်ကြီး
space ဟာ တဖြည်းဖြည်း  speed မြန်လာ


                         လင်းလက်တာရာ
                            ၁၅၊၁၂၊၂၀၁၂

အနာအဖျားညများထဲ တစ်ကိုယ်ရည် သွေးပျက်

   - ၁ -

                    ရှင်ကွဲဆိုတာ သေကွဲရဲ့အနက်အဓိပ္ပာယ်ကို နားဝင်ချိုအောင် မွမ်းမံထားတဲ့စကားလုံးပဲ။
                    အမှောင်ညတွေနဲ့ကိုယ်ပဲ အခွံသက်သက် ကျန်ရစ်ခဲ့ရတယ်။

                                                                   - ၂ -

မျှော်လင့်ထားတဲ့ကံဆိုးမိုးမှောင်ကျမှုတွေဟာ မျှော်လင့်ထားတာထက်စောပြီး လူတစ်ယောက်ဆီ
ရောက်ရှိလာတဲ့အခါ . . .။သူငယ်ချင်းရေ...နောင်ရဲရေ...ငါ့နည်းငါ့ဟန်နဲ့ငါ ရူးရူးသွပ်သွပ်ယုံကြည်တဲ့
ချစ်ခြင်းသစ္စာနဲ့ ငါ့ကဗျာတွေကြောင့်သာ ငါ ယိုင်လဲမသွားခဲ့တာပေါ့။အချစ်က အသည်းကွဲသီချင်းကို
သီဆိုခိုင်းဖို့ ငါ့ဆီရောက်လာခဲ့။စောင်၊အင်္ကျီအ၀တ်အစားအသစ်တွေနဲ့သွားတိုက်ဆေး၊သွားတိုက်
တံတွေ ကိုယ့်အတွက် မလိုအပ်ပါဘူးကလေး။ကိုယ် အမှန်တကယ်လိုအပ်နေတာက မင်းပဲ။အရိုးထဲထိ
စိုက်ဝင်သွားအောင် အေးစက်တုန်ယင်နေတဲ့ဆောင်းညတွေမှာ စောင်တစ်ထည်ကို အငမ်းမရ တမ်းတ
မိသလိုမျိုး၊လူကြားသူကြား သွားလာတဲ့အခါ သစ်လွင်လတ်ဆတ်တဲ့အ၀တ်အစားတွေ လိုအပ်သလိုမျိုး၊
နောက်ဆုံး...ကိုယ် နေ့စဉ်သုံးနေရတဲ့အသေးအဖွဲပစ္စည်းလေးတွေကို ထိတွေ့ကိုင်တွယ်ဖို့ လိုအပ်သလို
မျိုးပေါ့။မင်းကို ကိုယ် အဲဒီလို လိုအပ်ခဲ့တာပါကလေးရာ။မင်း သိပြီးသားအဲဒီစကားကိုပဲ ထပ်တလဲလဲ
ပြောနေမိတာကိုက ကိုယ့်ရူးသွပ်မှုရဲ့လက္ခဏာတစ်ရပ်ပါပဲ။
                 ကိုယ့်ကို ရုပ်ဝတ္ထု၊ငွေကြေးနဲ့အစားအသောက်တွေ ဘာတစ်ခုမှ မပေးပါနဲ့။ယသော်ဓရာနံ့သင်းတဲ့
မင်းရဲ့ရင်ညွန့်ဖူးဖူးပေါ်မှာ ကိုယ့်ကို ခဏလေးပဲ သိပ်ပါ။မင်းရဲ့စလင်းဘက်(ဂ်)ထဲ ကိုယ့်ကို ခွေခေါက်ထိုးထည့်ပြီး
မင်းသွားလေရာ ခေါ်ဆောင်ပါ။သူငယ်ချင်းမိုဃ်းဇက်သော်ရေ....တစ်ဆိုင်လုံးမှာမှ ငါတို့စားပွဲဝိုင်းတစ်ဝိုင်းတည်းပဲ
နေရိုင်းဟာ အလျှံညီးညီး စွဲလောင်နေတယ်။ငါတို့စားပွဲဝိုင်းမှာမှ ငါတို့နှစ်ယောက်တည်းကိုပဲ နေမိုက်က
ရမ်းရမ်းကားကား တိုက်ခိုက်တယ်။မိုက်ခနဲ မူးဝေ...နားထင်တွေရဲ့အတွင်းဘက်နံရံကနေ အပ်အချောင်းပေါင်းများစွာ
တစွပ်စွပ် ထိုးစိုက်နေတာ ငါ ခံရတယ်။
                  ကိုယ့်ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့။ရှည်လျားထွေပြားလွန်းတဲ့ လောကတောကြီးမျက်မည်းထဲမှာ
မရင့်ကျက်သေးသူကိုယ့်ကို တစ်ယောက်တည်း ခုတ်လှဲမထားခဲ့ပါနဲ့ကလေးရယ်။စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ အမြဲတမ်း
လန့်လန့်ဖျားတတ်တဲ့ကိုယ့်ကို မာသာထရီဆာတံဆိပ်လက်ချောင်းလေးတွေနဲ့ ဆုပ်ကိုင်အားပေးဖို့ မင်း ဘာကြောင့်
နှမြောတွန့်ဆုတ်နေရတာလဲကလေးရဲ့....။
                  နောင်ရဲရေ....သူငယ်ချင်းရေ....ကျေးဇူးပြုပြီး ငါ့ကို ကိုယ်ချင်းမစာပါနဲ့ကွာ။သွေးထွက်လွန်ဆက်ထုံးတွေနဲ့
ငါ့ညတွေ အက်အက်လာ....။

                                                            
                                                                             - ၃ -


                            နားလည်ရခက်တယ်ဆိုတာ ဘ၀တစ်ခုလုံး တစ်စစီပြိုကွဲစေတာပါပဲ။သူငယ်ချင်းနောင်ရဲ ... ဒါဟာ ရန်ကုန်။
ငါတို့ဘ၀အခြေအနေတွေနဲ့ သွေးဝေးလွန်းတဲ့မဟာရန်ကုန်ပေါ့။ချစ်ခြင်းမေတ္တာမှာ ငါတို့ ဘယ်လောက်ပဲ ရိုးသားတမ်းမက်စွာ
နစ်ဝင်တွယ်ကပ်နေပါစေ၊အဲဒီရိုးသားမှုမှာ ငါတို့တွေ အောင်ပွဲခံရဖို့ဆိုတာ မသေချာဘူး။ဘ၀မှာ ကိုယ် လူပီသခဲ့ပါတယ်ကလေး။
ကိုယ့်ကိုယ်ကို အိမ်စောင့်ခွေးတစ်ကောင်လို သဘောထားပြီး လက်ဆောင်ပေးခဲ့တာကိုတောင် ရွံ့ရှာစက်ဆုပ်စွာ အငြင်းပယ်ခံခဲ့
ရတာအတွက်ရော၊နောက်ပြီး ဖရိုဖရဲဆန်လွန်းတဲ့ခြောက်ခြားဖွယ်အတိ ကိုယ့်အထီးကျန်သိမ်ငယ်မှုတွေဆီ မညည်းမညူ မင်း
အရောက်လာခဲ့ပေးတဲ့အတွက်ရော ကိုယ် ဘာကိုမှ ငြင်းပယ်နိုင်စွမ်းမရှိခဲ့ပါဘူး။
                    တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဖျပ်ခနဲ ပွင့်လာလိမ့်နိုးနိုးပေါ့။ဖန်တစ်ရာတေနေတဲ့စကားလုံးနဲ့ ပြောရရင် ရင်ထဲမှာ
တိတ်တိတ်ဆိတ်ဆိတ် ပျိုးခဲ့တဲ့ပန်းကလေးပါပဲ။ရုတ်တရက် ယန္တရားအတောင်ပံတွေ ဖြန့်ကားထွက်လာ။ကျွန်တော့်ရင်နံရံတွေကို
ရိုက်ချိုးထိုးခွဲ။ကျွန်တော့်စိတ်နဲ့တောင် ထိစမ်းလို့မမိနိုင်တဲ့အရပ်ဆီ ပြေးထွက်ပျံသန်းသွားခဲ့တယ်။
                     ရင်ကွဲနာဆိုတာ အဲဒါလား။ကိုယ့်အသက်ကို နှုတ်ယူမယ့်ဓားဦးလှည့်ရာ ရင်ဖွင့်ပြီး အပြေးလာခဲ့တာမျိုးလေ။
အပြောင်အပြက်စကားလေးတစ်ခွန်းမှာတောင် ရင်လုံးကျွတ်အောင် နင့်နင့်နဲနဲ စူးရှခဲ့ရသူပါကလေးရဲ့....။
                     ကိုယ့်ကို ခေါင်းမော့အောင် အသက်သွင်းပြီး လည်မြိုကို တစ်ချက်တည်းပိုင်းချလိုက်ပါတော့ကွာ။ကိုယ့်ကြေကွဲမှုတွေ
အိုင်ထွန်းပြီး ကိုယ့်သွေးအိုင်ထဲကိုယ် ပေါလောမျောပုပ်ပွနေရတော့မယ်။စိမ်းကားပြတ်သားမှုဆိုတာ အဲဒီလောက်တောင် ထက်ရှနေမယ်
ရယ်လို့ ကိုယ် တစ်ခါမှ မတွေးခဲ့ဖူးတာဝန်ခံပါရစေ။

                                                                - ၄ -

                   ကိုယ်တို့ မကာရရာသီဖွားတွေက ဒီအတိုင်းပဲလား။စိတ်ထိခိုက်လွယ်တယ်။အစွဲအလန်းကြီးတယ်။အနုပညာကို အသက်နဲ့ရင်းပြီး
တန်ဖိုးထားမယ်။အကျအရှုံးများမယ်။တစ်ဘ၀လုံးစာ အခိုက်ဓာတ်တွေ အစီးအနင်းခံရမယ်။ကိုယ်ဟာ မင်းမျက်တောင်လေးတွေရဲ့ပရိသတ်တစ်
ယောက်ပါ။မင်းမျက်နှာမှာ ရေးသားထားတဲ့မင်းမျက်ဝန်းဘာသာစကားကို ကိုယ် အမြဲတမ်း ဖွင့်ဖတ်ချင်နေတော့တာပဲ။ကိုယ်ဟာ မင်းပါးပြင်လေး
တွေပေါ်က အနမ်းတစ်ပွင့်ပါ။ကိုယ့်ဘ၀ဟာ မင်းခြေမင်းလက်ပါ။ကိုယ်ကိုယ်တိုင်ကလည်း မင်းစိတ်ရဲ့အစေအပါးပဲ မဟုတ်လားကလေးရဲ့...။

                                                               - ၅ -

      နားထဲမှာ နျူကလိယဓာတ်ပေါင်းဖိုတစ်ထောင် ပေါက်ကွဲသံတွေ ထစ်ချုန်း။မျက်လုံးကို အပူဆုံးသံခဲသံချွန်တွေ အရှိန်ပြင်းပြင်း
ထိုးစိုက်မွှေနှောက်နေတယ်။ကျွန်တော့်ဦးခေါင်းဟာ ကျွန်တော့်ခန္ဓာကိုယ်ပေါ်ကနေ ပြတ်ကျလွင့်စင်လုမတတ်....။အသိဥာဏ်နဲ့ဆင်ခြင်တုံတရား
နှစ်ခုစလုံး ကန်းခဲ့တယ်။


                                                             - ၆ -

                                                      ကလေးရေ . . .
                                                      ကလေးရေ . . .
                                                      ကလေးရေ . . .

                                                           - ၇ -

                               တကယ်တမ်း လက်ညှိုးထိုးကြစတမ်းဆိုရင် အပြစ်ရှိသူက ကိုယ်ရယ်ပါ။မင်းရင်ခွင်ထောင်တံတိုင်းထဲမှာ တစ်သက်တစ်ကျွန်း
ကျခံပစ်လိုက်ချင်တဲ့စိတ်နဲ့ အချစ်မှာ ကိုယ် ကံဇာတာနိမ့်ခဲ့တယ်။ချစ်ခြင်းမှာ ကိုယ်ဟာ ကြယ်တွေကိုမော့ကြည့်ရင်း အမှောင်ကျခဲ့တယ်။
                              တကယ်တော့ ကိုယ်ဟာ မျက်စိသူငယ်နားသူငယ်ကလေးလေးတစ်ယောက်ပါကလေးရယ်။ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာ
နှစ်ယောက်အတူ လမ်းလျှောက်ရင်း၊တွေ့ရာကြုံရာလက်ဘက်ရည်ဆိုင်တွေထဲ အထိအရှတွေကို မေ့လျော့ပြီး တစ်ယောက်မျက်ဝန်းထဲ တစ်ယောက်အား
ငယ်စိတ်တွေ ပုန်းခိုရင်း၊အပြန်ညတွေဆီ ကိုက်ခဲနေတဲ့ရောဂါပိုးမွှားတွေကို နှစ်ဦးသဘောတူ ကုစားရင်း ခွဲခွာသွားမယ်လို့ အကြိမ်ကြိမ်သတိပေးခဲ့တဲ့
မင်းရဲ့စကားတွေကို ကိုယ် စူးစူးဝါးဝါး မေ့ပစ်လိုက်မိတယ်။
                               အခုတော့...ဝေးခဲ့ကြရပေါ့။ဘယ်မလဲ...။သူငယ်ချင်းနောင်ရဲရေ...မိုဃ်းဇက်သော်ရေ....
ငါ့ရင်ကို အကြည့်တွေနဲ့ ဓားပေါက်ကျင့်ခဲ့တဲ့မျက်ဝန်းစူးစူးလေးတွေ ဘယ်မလဲ။သူ စိတ်ပါတိုင်း ငါ့ပုခုံးကို မှေးမှီခဲ့ဖူးတဲ့
မှော်ဆံနွယ်တွေ ဘယ်မလဲ။ငါကိုယ်တိုင် မနာလိုဖြစ်ခဲ့ဖူးတဲ့ ရှည်လျားသေးသွယ်လက်ချောင်းဖြူနုလေးတွေ ဘယ်မလဲ။

                                ကိုယ် သွေးလန့်လိုက်တာ...။ကိုယ် ဆောက်တည်ရာမဲ့လိုက်တာကလေးရယ်။

                               တကယ်တမ်းဆိုရင်တော့ အခုလိုအချိန်မျိုးမှာ ကိုယ် ရောက်ရှိနေသင့်တဲ့နေရာဟာ
အရက်ဆိုင်ပဲ။အကိုကဗျာဆရာတွေနဲ့အတူပေါ့။အရက်တွေ တစ်ခွက်ပြီးတစ်ခွက် သောက်မယ်။
ရီဝေလာမယ်။ယိမ်းထိုးမျောလွင့်လာမယ်။မင်းကို ပြောခွင့်မသာတဲ့စကားတွေအတွက် မင်းကိုရည်ညွှန်းပြီး
အကိုတွေကို စကားတွေပြောရမယ်။
                            ကျွန်တော် ကလေးကို စွန်လွှတ်ရမယ်မှန်းသိရက်နဲ့ ရူးရူးသွပ်သွပ် ချစ်မိသွားတာပါ။
ကျွန်တော့်အသိဥာဏ်က ကျွန်တော့်ကို ချွန်းမအုပ်နိုင်တော့ဘူး။
အခုတော့ ကျွန်တော့်ဘေးမှာ သူမရှိနိုင်တော့ဘူးပေါ့။ကျွန်တော်ကိုယ်တိုင်ကလည်း သူ့ကို ချစ်နေရတဲ့ဒဏ်ကို
မခံနိုင်လို့ သူနဲ့ဝေးရာ ပြေးထွက်နေခဲ့မိတယ်။
                            ကိုယ် အရက်မသောက်ဖြစ်တော့ပါဘူးကလေးရယ်။
ဘာကြောင့်မသောက်တော့တာလဲဆိုတဲ့အကြောင်းပြချက်ကို မင်းသိပြီးသားမို့ ထူးထွေပြီးပြောမပြချင်တော့ဘူး။

                                                          - ၈ -

                            ကိုယ် စကားတွေ အများကြီး မပြောချင်တော့ဘူး။လူတွေက ကြောက်စရာကြီးပါကလေးရာ။
ကိုယ် သိပ်ချစ်တဲ့မင်းကိုတောင် ကိုယ် ကြောက်နေခဲ့ရင်ကိုယ် သိပ်ကြောက်နေတဲ့လူတွေဆိုရင် ကိုယ် ဘယ်လောက်
ကြောက်နေလိမ့်မလဲ။ကိုယ့်ကဗျာစာသားတွေကို မင်းစကားလုပ်ပြီး ကိုယ့်ကို ပြောပါ။အခု မင်းသူငယ်ချင်းတွေ
အပျင်းပြေဖို့ မင်း ပြောပြနေတဲ့ပုံပြင်ဟာ ကိုယ် ဖြစ်ပါရစေ။ဒဏ်ရာတစ်ခုကို ဆွဲနှုတ်ဖို့ နောက်ဒဏ်ရာတစ်ခုနဲ့သပ်လျှိုထားရတယ်။
အဲဒါအမှန်တရားဖြစ်နေရင်လည်း ကိုယ့်အတွက် နာကျင်စရာဆိုရင်တော့ ဘယ်သူမဆို
အသံကုန်အော်ဟစ်ငြင်းဆန်မိမှာပဲ။ကိုယ့်ကဗျာကို မင်း ဖတ်ပါ။တနင့်တပိုး ဖတ်ပါ။သေလုမျောပါး ဖတ်ပါ။
ဘ၀ဆက်တိုင်း ကိုယ်နဲ့ပြန်မဆုံချင်တော့လောက်အောင် စိစိညက်ညက်ကြေအောင် ဖတ်ပါ။
မင်းဟာ လူသားစင်စစ်တစ်ယောက်ဆိုတာ ဘယ်တော့မှ မမေ့လိုက်နဲ့။ဘယ်လောက် ရဲတင်းပွင့်လင်းနေပါစေ...၊
ရှက်စရာရှိရင် ရှက်တတ်တဲ့မိန်းမတစ်ယောက်က မချစ်တတ်ဘူးဆိုတာ ညာတာကွဲ့...။

                                                                - ၉ -

                            ကမ္ဘာ့အညံ့ဆုံးကဗျာဆရာတစ်ယောက်နဲ့ သူကိုယ်တိုင် နတ်ဘုရားမတစ်ပါးအဖြစ် ယုံကြည်သက်ဝင်ခဲ့တဲ့ချစ်သူဟာ
ဘယ်လိုဂါထာမန္တာန်တွေကို ရေရွတ်လို့မှ မဆုံစည်းနိုင်တော့ဘူးလား။တွယ်တာမှုဟာ အသားစိုင်ထဲ တွယ်ချိတ်ထားတဲ့အပ်ချိတ်တစ်ချောင်း။
နာနာကျင်ကျင် ခိုင်မြဲတယ်။

                             အချစ်ဆိုတာ ငရဲပန်းတစ်ပွင့်ပါကလေးရယ်။              ။

                           ဒီညလည်း ကိုယ် အိပ်လို့မရဘူး။နောက်ညတွေလည်း ကိုယ် အိပ်လို့ရတော့မှာမဟုတ်ဘူး။
ရုတ်တရက် ကိုယ် ဖွာရှိုက်နေတဲ့ဆေးလိပ်မီးပွားတွေက ကိုယ့်တစ်ကိုယ်လုံးကို ခုန်အုပ်နေကြတယ်။ချောင်းတွေ
တဟွတ်ဟွတ် ဆိုးတယ်။အဆက်မပြတ်ပဲ။
                         သူငယ်ချင်းနောင်ရဲရေ....ငါ့ခန္ဓာကိုယ်က ပန်းထွက်လာတဲ့သွေးစသွေးနတွေဟာ ညထဲမှာ လျှံကျနေတယ်။
သူကိုယ်တိုင် ဖျားနာနေတဲ့ညဟာ သေလူတစ်ယောက်ကို မငြင်းဆန်သေးတာဟာ ကြံကြံဖန်ဖန် ဖြေသိမ့်စရာတစ်ခုလား။

                      ကိုယ် မပျော်ပါဘူးကလေးရယ် . . .။             ။


                                                           - ၁၀ -

                    မင်းသိပ်ကြိုက်တဲ့သီချင်းတစ်ပုဒ်ကို ဆိုညည်းသလိုမျိုး ကိုယ့်နာမည်ကို တိုးတိုးညင်းညင်းလေး ခေါ်ပါကလေး။
လူကိုယ်တိုင် အရောက်လာခွင့်မရှိတော့တဲ့အခါ မင်းအသံကို ကြားခွင့်ရဖို့ ကိုယ့်နားရွက်တွေကို သင်တုံးဓားနဲ့လှီးဖြတ်ပြီး မင်းဆီ
အရောက်ပို့လိုက်မယ်။
                    အမှောင်ညတွေနဲ့ကိုယ်ပဲ အခွံသက်သက် ကျန်ခဲ့ရတာပါကလေးရယ်။

                                                        - ၁၁ -

                                                 ကလေးရေ . . .
                                                 ကလေးရေ . . .
                                                 ကလေးရေ . . .
                                                 ..................................................
                                                 ..................................................
                                                 ..................................................


                                                                                                                                           ကိုသျှား
                                                                                                                           4th,5th Jan,2013 (A.D)

မြ င် ဘ က် များ


တရေးရေးတငွေ့ငွေ့လေ။သိလား?။ခပ်လှမ်းလှမ်းကကြည့်ရင်ဓားခုတ်ရာလိုလေ။အပျော်သဘောနားပင်းနေတဲ့
အဓိပ္ပာယ်လေ။မြင်လား?။ဖုံးဖိထားတဲ့မရင့်သေးတဲ့ဗိုက်လေ။လူ့အဖွဲ့အစည်းက ချမှတ်ထားတဲ့စည်းလေ။အဲဒီမှာ
ငိုတာလေ။ရုပ်ရှင်ထဲ ခိုင်သင်းကြည်ငိုတာလေ။ရုပ်ရှင်ထဲ နယ်မြို့လေးမှာသွားမွေးတာလေ။ခင်ဗျားတို့ကျွန်တော့်
ကိုဖျက်ချလိုက်တာလေ။ပူခနဲနှလုံးသားကို ထိုးသွင်းလိုက်တာလေ။ဓားနဲ့လေ။အင်း ပျက်အစဉ်ပြင်မရဘူးလေ
စက်ရုပ်လိုပြုံးပြီးကြည့်နေလိုက်တယ်လေ။အေးရောလေ။တစ်ကိုယ်လုံးတဖြည်းဖြည်းအရေခွံဟာမာလာသလိုပဲ။
လူသားဖြစ်မှုအတွက် ခဏခဏ အရေခွံလဲနေမိတဲ့ ကဏန်းလေ။ချစ်တယ် ချစ်တယ် ချစ်တယ် ချစ်တယ် မေမေ
ရယ်။ချစ်တယ်ကို ဘုံထုတ်ပြီး ပြသ နာကို အဓိကထားပါ။*ပျော်လိုက်တာ ဆီမီးခွက်၊မှော်ဆရာလို ဇာတ်သဘင်
၊ချင်းချင်းနီ စပရိန်။ဘာသာစကားဟာ ကစားစရာလေ။အွင် ဟုတ်ဘူး။သူ့မှာပြောစရာအရေးတကြီးရှိမှာပါလေ။
ငိုတာများ အိမ်သာထဲဝင်ငိုစရာလား လူ့အဖွဲ့အစည်းရယ်။ငါတို့ဟာပျော်သလိုလိုနေတဲ့ ပျော့စိစိ ရော်ဘာကောင်
တွေလေ။အမှန်တရားကိုနေ့စားနဲ့ဆေးသုတ်နေတဲ့ အောက်ခြေလူတန်းစားတွေလေ။ဒီထဲမှာလား?။ဒီကဗျာထဲမှာ
လား?။အဖုံးအတွင်းကံစမ်းမဲလေ။၂၀၀၊၅၀၀၊၁၀၀၀၊simcard၊chery wagon၊ခင်ဗျားမှာမရှိတဲ့နည်းနဲ့ကဗျာရေး
တာ၊တစ်ယောက်ကဗျာအပေါ်တစ်ယောက် သံသယရှိတာ၊ပြီးတော့မြင်ဘက်များ၊စကားလုံးဖွဲ့စည်းပုံ၊နထ္ထိလေ၊
နထ္ထိယောင်ဆောင်ထားတာလေ။အလျင်ကိုဖမ်းနေသလား။ငါနဲ့မင်းနဲ့သူနဲ့လေ၊မြင်ဘက်တွေလေ။ခဏ ခဏ
ပြော ပြော နေရင်းမသိတဲ့ကဗျာလေ။စတန့်နဲ့ကဗျာလေ။ငါ့စိတ်ထဲ ငါမသိဘဲဝင်လာတဲ့ အနုပညာသရဲလေ။
နားလည်းအောင်ပြောရင် လူ့ဘ၀ရဲ့လေးကြောင်းမျဉ်းလေ။ exit အယူအဆနဲ့ လမ်းဘေးမှာမူးနေတဲ့ ပေါင်းစပ်
အိုင်ဒီယိုလော်ဂျီလေ။အချဉ်လေ ကတက်လေ။             ။

ဝီရထက်နောင်
* စိတ်ရှိတိုင်းစကားလုံးစပ်ဟပ်မှုများ

သ မား ရိုး ကျ အ မှ န် တ ရား များ စွာ နှ င့် ရု ပ် ရှ င်

အဆုံးသတ်မလှပခဲ့သော အဖြစ်အပျက်တစ်ခု၏နောက်ကွယ်တွင် သူမကို သတိရလွမ်းဆွတ်
ခြင်းများသည် ကျွန်တော့်ရင်ခွင်တစ်ခုလုံးပြည့်နှက်စွာ နေရာယူလျှက်ရှိသည် ။ ထိုအရာသည်သမရိုးကျ
ပင်ဖြစ်ပါသည်။အမှန်တကယ်ပင်သမရိုးကျဖြစ်၏ ။ သူမ ရေရွတ်ပြောဆိုနေကျပုံစံအတိုင်း ကျွန်တော်
လိုက်ပါပြောဆိုလိုက်ချင်သည် ။ သမရိုးကျပါပဲဟု အမှန်တစ်ကယ် ခပ်တိုးတိုး ရွေရွတ်ကြည့်လိုက်ချင်၏ ။
အလွမ်းဇာတ်ကွက်များနှင့် စိတ်ကူးယဉ်အနည်းငယ်ဆန်သောအချစ်အကြောင်းရုပ်ရှင်များ၏အဆုံးသတ်တွင်
( အများအားဖြင့် ) ဇာတ်ကောင်နှစ်ယောက် ဝေးကွာသွားလေ့ရှိကြောင်း အားလုံးသိရှိပြီးဖြစ်ပါလိမ့်မည် ။

           မျှော်လင့်ချက်များပျောက်ဆုံးသွားသော အိပ်မက်ဆန်ဆန်ဇာတ်လမ်းတစ်ပုဒ်၏ ပြကွက်များသည်
မနေ့တစ်နေ့ကအတိုင်းပင် ကျွန်တော်၏စိတ်ထဲတွင် အသံ၏မြန်နှုန်းအတိုင်းစီးမျောအသက်ဝင်လေ့ရှိသည်
မှာသူမကိုသတိရ၍ သူမ အကြောင်းတိုက်ဆိုင်စွာတွေးမိချိန်တိုင်းပင် ဖြစ်ပါသည် ။ အချစ်ဆိုသည်မှာ
ရိုးသားသောမှားယွင်းမှုတစ်ခုဖြစ်ခဲ့လျှင်ထိုမှားယွင်းမှုအား အသက်ဝင်စေခဲ့သည့် တိုက်ဆိုင်မှုတစ်ချို့ကိုသာ
အပြစ်ကြီးစွာ ဒဏ်ခတ်တံဆိပ်ရိုက်နှိပ်လိုပါသည် ။

                                                                                 * * *

ဆိုပါစို့  ( သို့မဟုတ် ) ဆိုကြပါစို့

            သူမသည် ပတ်ဝန်းကျင် အဖြစ်အပျက်တော်တော်များများအပေါ်တွင် သမရိုးကျဟုခေါင်းစဉ်တပ်
အမည်ပေးလေ့ရှိသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ သမရိုးကျအဖြစ်အပျက်များစွာကို သဘောကျ
ယဉ်ပါးနှစ်ခြိုက်လှသော သူမသည်ကျွန်တော်နှင့်စတင်တွေ့ဆုံမှုအားလည်း သမရိုးကျဖြစ်စဉ်ဟု ခေါင်းစဉ်
တပ်ပါလိမ့်မည်။မှန်ပါသည် ။ ထိုအဖြစ်အပျက်၊ ထိုအကြောင်းအရာ၊ ထိုတွေ့ဆုံမှုသည် သမရိုးကျပင်
ဖြစ်ပါလိမ့်မည် ။

            သူမနှင့် ကျွန်တော် စတင်ဆုံဆည်းခဲ့သော အချိန်အခါသည် မန္တလေးမြို့၏နွေဦးပေါက်ရာသီ
ရော်ရွက်တစ်ချို့လွင့်ဝဲကြွေကျနေခဲ့သည့် အနည်းငယ်ပျင်းရိဖွယ်ကောင်းချိန်နေ့လည်ခင်းဖြစ်သည်။
နွေဦးရာသီ၏သဘာဝမြင်ကွင်းများကိုပျင်းရိငြီးငွေ့လေ့ရှိတတ်သောကျွန်တော်က ထိုရာသီရောက်တိုင်း
နေ့လည်ခင်းအချိန်များတွင် တတ်နိုင်သမျှအပြင်ထွက်လေ့မရှိပါ။ သို့သော် အနည်းငယ်ရှားပါသော
တစ်စုံတစ်ရာဟူသည့်ဖြစ်စဉ်တစ်ခုဖြင့် မန္တလေးနွေ၏ပူပြင်းမှုအောက်တွင်အထင်ကရနေရာတစ်ခု၌
သူမနှင့်ကျွန်တော် ရိုးသွားစွာတွေ့ဆုံခဲ့ပါသည်။ ထိုအချိန်အခါသည်လေပြေညှင်းတစ်ချို့လှုပ်ခတ်စွာ
တိုက်ခတ်နေခဲ့ခြင်းမရှိသလို၊ စိတ်ကူးယဉ်ဖွယ်ကောင်းသောကြည်နူးဆွတ်ပျံ့ဖွယ်ရှုခင်းတစ်ချို့နှင့်လည်း
 စိုးစဉ်းမျှပါဝင် ပက်သက်မှုမရှိကြောင်း မှန်ကန်မှုအဖြစ် ကျွန်တော် ထပ်လောင်းပြောကြားလိုပါသည် ။

           ဥပမာတစ်ခုအနေဖြင့် ( ဆိုကြပါစို့ ) ဟူသောစကားလုံးအားအသုံးပြု၍ တိုင်တည်မှုပြုရလျှင်
အဆင်ပြေပြည့်စုံနိုင်မည်လား ရေရာစွာမသိပါ။ သို့သော် ဆိုကြပါစို့ ဟုပင် အမည်တပ်ကာအကြောင်း
အရာတစ်ခုအတွက် ရူးနှမ်းစွာ ကျွန်တော် ဖွင့်ဟလိုပါ၏ ။ မှားယွင်းမှုအဖြစ် သတ်မှတ်လိုလျှင်လည်း
ရကောင်းရနိုင်ပါလိမ့်မည် ။

အခန်း ( I )

            နွေဦးပေါက်ရာသီ၏ ပျင်းရိဖွယ်ကောင်းသော ရော်ရွက်ဝါတစ်ချို့ဖြားယောင်းမှုထဲတွင်သူမ
ဆိုသောသက်ရှိတစ်ယောက်နှင့် ကျွန်တော်  သမရိုးကျအတိုင်းပင် စတင်တွေ့ဆုံခဲ့ ။
            ခံစားချက်အချို့ကိုဦးစားပေးလေ့ရှိသော ကျွန်တော်က သူမ၏ကျွမ်းကျင်စွာပြုလုပ်ထားသော
ဆွဲဆောင်မှု အများအပြားတွင် အရူးအမူးကျဆုံး ။ ရူးနှမ်းစွာ စွဲလမ်း ။ အမှတ်တရများစွာတဖြုတ်ဖြုတ်
ကြွေကျလွင့်စင် ။ ဧဒင်ဥယျာဉ်ထဲရှိလက်ဖြာမှုအပေါင်းပြည့်နှက်နေသော အိပ်မက်တစ်ပုဒ်ထဲတွင်
သူမနှင့်အတူ တမေ့တမော အတိုင်းအဆမရှိ လွင့်မျောကခုန် ။
            ထို့နောက်တွင် --------- ။

            အခန်း ( I ) ဟု ခေါင်းစဉ်တပ်ထားသော အကြောင်းအရာတစ်ခု၏အကျဉ်းချုပ်ရေးဖွဲ့မှုသည်
အခြားလူပုဂ္ဂိုလ်များ အသုံးပြုရေးဖွဲ့လေ့ရှိသည့် အချစ်အကြောင်းစာစုများထဲမှ ပုံမှန်အနေအထားများ
အတိုင်းပင် ဖြစ်ပါသည် ။ ( ပိုက်ဆံဆိုတာအသည်းခွဲတဲ့လူကြမ်းကြီးပါပဲ ) ဟု တံဆိပ်တပ်၍ရိုက်ကူးလေ့
ရှိကြသောဇာတ်နာအချစ်ဇာတ်လမ်းများထဲမှအတိုင်းပင် ကျွန်တော်နှင့်သူမ၏ နိဒါန်းသည်လည်း အစပိုင်း
တွင်ကြည်နူးဖွယ် ကောင်းခဲ့သည်ဖြစ်ကြောင်းကို ၀န်ခံလိုပါသည် ။လွန်စွာထူးဆန်းနေမည်မဟုတ်သည့်
အတွက် အသေးစိတ်ထပ်မံပြောကြားရန် မလိုအပ်ဟု ကျွန်တော် ယူဆမိပါသည် ။ထို့ကြောင့်ကျွန်တော်
ရှည်လျားစွာ အကျယ်တ၀င့်ရှင်းပြခြင်း မပြုဖြစ်တော့ပါ ။ အခန်း ( I ) သည် အဓိပ္ပာယ်များစွာနှင့်
အသက်ဝင်ပြီးမြောက်သွားပါသည် ။ ထိုအခန်းတွင် ကျွန်တော့်ကိုသူမတိုက်ဖူးခဲ့သော ကျုံးဘေးအအေး
ဆိုင်တန်းမှ ထောပတ်သီးဖျော်ရည်စွဲလမ်းခဲ့ဖူးသည်။

                   ကျွန်တော်၏မွေးးနေ့ဖြစ်သော စက်တင်ဘာလ ( ၂၅ ) ရက်နေ့တွင် မွေးနေ့လက်ဆောင်
အဖြစ် အမှတ်တရ၀ယ်ပေးသော Evisu တံဆိပ် စပို့ရှပ်အကျီလေးအား တစ်ကြိမ်တစ်ခါမျှပင် ၀တ်ဆင်ခြင်း
မပြုဖြစ်ဘဲ ဘီရိုထဲတွင် မြတ်နိုးစွာ ခေါက်ရာမပျက် သိမ်းထားခဲ့သော ဖြစ်စဉ်တစ်ခုလည်းပါသည် ။
ကြိုက်နှစ်သက်ခြင်းမရှိဘဲ ရွှေလက်ရာမုန့်ဟင်းခါးဆိုင်တွင် ဒုက္ခခံလိုက်ထိုင်၍ သူမ စိတ်ကောက်ခဲ့ဖူးကြောင်း
လည်း ပါသည်။ ကျွန်တော်၏အချစ်ကဗျာတစ်ပုဒ်စာအုပ်တွင် ပထမဆုံးပုံနှိပ်ဖော်ပြခံရချိန်တွင်ဟန်ဆောင်မှု
ကင်းစွာရယ်မောရင်း ပျော်ရွှင်ပေးခဲ့ဖူးခြင်းပါဝင်သည်။ သူမ စိတ်ညစ်လျှင်တစ်ယောက်မျက်မှာတစ်ယောက်
ကြည့်ရင်း ငြိမ်သက်ငေးမောကာအတူထိုင်ခဲ့ကြဖူးသော တောင်သမန်အင်းစောင်း၏ ဆိတ်ငြိမ်ညနေခင်းများ
အကြောင်းပင် ချွင်းချက်မရှိ ပါဝင်နေပါသေးသည်။

            သမရိုးကျအတိုင်းပင် ကျွန်တော်နှင့်သူမ၏ အရာအားလုံး ပါဝင်နေခဲ့ပါသည် ။ ထိုသို့သောပုံစံ
အတိုင်းနှင့်ကျွန်တော်တို့နှစ်ယောက်၏ ဖြစ်တည်မှုသမိုင်းသည် မည်သူမျှမသိရှိလိုက်ရပါပဲခမ်းနားစွာ
ပွင့်ဝေခဲ့ကြ၏ ။

                                                                                    * * *
အခန်း ( II )

            အခန်းထဲတွင် တစ်ဆောင်တည်းအတူနေသော သူငယ်ချင်းငှားရမ်းထားသည့် အချစ်ဝတ္ထု
တစ်အုပ်အားဘာရယ်မဟုတ် ဖတ်ကြည့်မိသောအခါ သူမကိုအနည်းငယ် သတိရမိသွားကြောင်း
ဝန်ခံလိုပါသည်။ ဇာတ်ကောင်များသည်အကြောင်းပြချက်မလိုဘဲတွေ့ဆုံ၍ စည်းချက်တစ်ခုနှင့်
အချစ်ဆိုသောဇာတ်လမ်းတွင် ပျော်မြူးခဲ့ကြ၏ ။ အိပ်မက်များသည်အိပ်မက်အလျောက်အရေးပါမှုများ
ရှိနိုင်၍ခံစားချက်ဆိုသည်မှာလည်း အထိုက်အလျောက်လှုပ်ခတ်ခွင့်ရှိနိုင်ပါသည် ။ ထိုသို့ဖြင့်ချစ်သူ
ရည်းစားများသည် ဘယ်ဘက်ရင်အုံထဲမှတဒိတ်ဒိတ်အော်မြည်သံများအား အချစ်ဟု လွယ်ကူစွာ
ဖြစ်ပျက်လေ့ရှိကြ၏ ။

          သီချင်းတစ်ပုဒ်၏ သရုပ်ဖော်ရိုက်ကူးမှုတွင် ကိုယ်နေဟန်များစွာနှင့် နာမည်ရမင်းသမီးတစ်လက်မှ
လွမ်းဆွေးဖွယ်ကောင်းစွာပင် ဒိုင်ယာလော့ခ်တစ်ခုအား အောက်ပါအတိုင်း ရေရွတ်မြည်တမ်းပုံအားယခုထိ
ကျွန်တော်၏မြင်ကွင်းနှင့် စိတ်အာရုံထဲတွင် စွဲထင်လျှက်ရှိသည် ။

       “ ကို - ကျွန်မတို့နှစ်ယောက်ဘ၀ ဘယ်လိုမှရှေ့ဆက်လျှောက်ဖို့ မဖြစ်နိုင်တော့ဘူး”
    “  အဲဒီတော့ ချစ် က ဘယ်လိုဖြစ်ချင်တာလဲ” ( မင်းသား ဒိုင်ယာလော့ခ် - လိုအပ်၍ယူငင်သုံးနှုန်း )
                 “  ကျွန်မတို့နှစ်ယောက်လမ်းခွဲကြတာ အကောင်းဆုံးပဲ ကို”

            တိုက်ဆိုင်စွာပင် စာအုပ်ထဲတွင် ဇာတ်ကောင်များသည်လည်း အမျိုးမျိုးသောအခြေအနေဖြင်
့ဝေးကွာခဲ့ကြသည်။ ထို့ထက်ပို၍တိုက်ဆိုင်သည်မှာ သူမသည် ကျွန်တော့်အား အကြောင်းပြချက်တစ်ခုနှင့်
အမှတ်တစ်နေရာတွင် ကျောခိုင်းထွက်ခွာရင်း ချန်ထားရစ်ခဲ့ပါသည် ။ စိတ်ကူးသက်သက်များဖြင့်သာ
ကျွန်တော် ရပ်ကျန်နေရစ်ခဲ့၏ ။

            သီချင်းတစ်ပုဒ်မျှပင်ဖြစ်စေ နားထောင်မည်တွေးလိုက်ပြီး ကျွန်တော်ရွေးချယ်၍ဖွင့်လိုက်တိုင်း ထွက်ကျ
လာတတ်သောသီချင်းမှာ ခင်စုစုနိုင် ဆိုသည့်အဆိုတော်ကောင်မလေး၏ ( မဝေးရဲ ) ဆိုသောသီချင်း
ဖြစ်သည် ။ ( မင်းမရှိတဲ့နေ့ရဲ့အဝေးမှာ အသက်မရှိတော့တဲ့အတိုင်း ) ဟူသော စာသားလေးပါသည့်
ထိုသီချင်းအား သူမအလွန်နှစ်သက်၏ ။ ကျွန်တော့်အခန်းငယ်ထဲတွင် ထိုသီချင်းသံအသားကျပျံ့နှံ့လျှက်ရှိ
သည်မှာကာလအတော်ပင်ကြာမြင့်ခဲ့ပြီ။ ( အမြဲတမ်းသတိရနေနော် အမြဲတမ်းသတိရပေးပါ သိလား ) ဟု
ကျွန်တော်၏ဆံပင်များကို ခပ်ဖွဖွထိတွေ့၍ သူမ မကြာခဏပြောကြားတတ်သော စကားနှစ်ခွန်းအား
ယခုထိတိုင် မမေ့နိုင်သေးပါ ။ မေ့ပစ်မည်ဟုတွေးတော၍ ကြံရွယ်စိတ်ကူးလိုက်သော်လည်း လွမ်းဆွတ်ခြင်း
သည်သာကျွန်တော်၏ ရင်သို့ ကန့်လန့်ဖြတ် လာရောက်ချည်နှောင်လေ့ရှိပါသည် ။

            ကျွန်တော်နေထိုင်သော အခန်း၏ အိပ်ရာ၊ ကုတင်ခေါင်မိုးနှင့် မျက်နှာကြက်တွင် လမ်းခွဲခြင်းဖြစ်စဉ်
တစ်ပုဒ်သည်အခန်းဆက်ရုပ်ရှင်အဖြစ် ညစဉ်ပြသလျှက်ရှိ၏ ။ ဖြစ်ကလက်ဆန်းနေထိုင်မှုပြယုဂ်သည်
ကျွန်တော်ဆိုသောသက်ရှိ၏ သမိုင်းကြောင်းတွင် လပေါင်းများစွာပင် အခိုင်အမာနေရာယူလျှက်ရှိနေဆဲပင် ။
ဝေဒနာဟူသည်လူတစ်ယောက်အတွက်မဖြစ်မနေကြုံတွေ့ရမည်ဖြစ်သော သမရိုးကျဖြစ်စဉ်တစ်ခုဆိုခဲ့လျှင်
ကျွန်တော် သူမကို အမည်တပ်၍မရသည့်ဝေဒနာတစ်ခုနှင့်အတူလွမ်းဆွတ်နေပါသည် ။

             မန္တလေးမြို့တွင် အချိန်အခါမဟုတ်ပါဘဲ တစ်ပြိုက်၊ နှစ်ပြိုက်ဆိုသောအခြေအနေနှင့် မိုးပြေးသည်
ခရီးသွားဟန်လွှဲဆန်ဆန် ခဏတာ ရွာသွန်းလျှက်ရှိသည် ။ ဘာရယ်မဟုတ်ပါဘဲနှင့်ကျွန်တော်တို့အတူသောက်
ဖြစ်နေကျလက်ဖက်ရည်ဆိုင်လေးတွင် သူမအတွက်ရည်ညွှန်း၍ နက်စ်ပလိန်းတစ်ခွက်အား တစ်နေ့နေ့ဆိုသော
မျှော်လင့်ချက်နှင့်ဆတူရောကာကျွန်တော် သောက်ချလိုက်မိ၏။ စိတ်အခြေအနေများမှာ တဖြည်းဖြည်းနှင့်
အပျောက်အရှ များလွန်းလာပါသည် ။ ကျွန်တော်၏အသွေးအသားထဲတွင် စွဲလမ်းမှုတစ်ချို့သည် ဆဲလ်တစ်ခု
ချင်းစီမှအခြားဆဲလ်တစ်ခုချင်းဆီသို့၊ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုမှ အခြားအစိတ်အပိုင်းများစွာသို့
လှုပ်ခတ်ပြေးလွှားလျှက်ရှိ၏ ။ သူမဆိုသောဓားစာခံတစ်ဦးအား ၁၅၀၀ အမှုတွဲတွင်သံယောဇဉ်မျက်ဝန်းတစ်စုံ
အားအကြမ်းဖက်မှုဖြင့် ပုဒ်မတပ်၍ တရားသူကြီးတစ်ဦးတစ်ယောက်ထံတွင် ကျွန်တော် အယူခံဝင်တိုင်ကြား
လိုပါသည် ။

                အချစ်နှင့်ဘ၀သည် အကန့်တစ်ခုစီတွင် အပိုင်းအခြားတစ်ခုစီနှင့်ရှိသည်ဆိုခြင်းအား ကျွန်တော်
၏စိတ်ထဲမှ ကြိုတင်တွက်ဆကာ သိနေခဲ့၏ ။ ထို့အပြင် ကျွန်တော် သိရှိနေသောအရာတစ်ခုရှိနေပြန်သည် ။
သူမနှင့်ကျွန်တော်၏ တစ်ခန်းရပ်ပြဇာတ်သည် မည်သို့သောအချက်ပြမီးမျှမပြဘဲ တစ်ချိန်ချိန်တွင် အမှောင်
အတိကျသွားနိုင်ကြောင်း ကျွန်တော်နားလည်ပါသည် ။ သူမစိတ်ညစ်လျှင်ပြောဆိုတတ်သော စကားတစ်ခွန်းမှာ 
( ဘယ်သူမှမရှိတဲ့ အဝေးဆုံးကနေရာတစ်ခုကိုထွက်သွားချင်တယ် ) ဟူ၍ဖြစ်၏ ။ အမှန်အမှားခွဲခြားရန်မလို
အပ်ဘဲထိုစကားသည် လက်ရှိအချိန်တွင် ကျွန်တော့်အတွက်မှန်ကန်နေပြန်ပါသည် ။ အချို့သောအရာများနှင့်
ရစ်သမ်မှန်မှန်စီးဆင်းပျောက်ရှရင်း သူမနှင့်ကျွန်တော်၏ဝေးကွာခြင်းသည် သူမအသုံးပြုနေကျ သမရိုးးကျ
အဖြစ်အပျက်ဟူသော ခေါင်းစဉ်အောက်တွင် အသားကျပျော်မွေ့နေသည်မှာ အချိန်ကာလဟူသော ယန္တရားပင်
ခုန်ပေါက်ပြေးလွှားလျှက် ရှိနေခဲ့ပြီ ။

                                                                                * * *

ပိတ်ကားမလိုသော သမရိုးကျရုပ်ရှင်၏ ဇာတ်သိမ်း

             လူတစ်ယောက်ကို သတိရစိတ်ပြင်းထန်လာသည်နှင့်အမျှ အလွမ်းဆိုသောအရာသည်လည်း
ကိုယ်ခန္ဓာထက်တွင်ဆဲလ်တစ်ခုချင်းစီမှတစ်ခုချင်းသို့တဖျတ်ဖျတ်လှုပ်ခါပြေးလွှားလျှက်ရှိသည်။ အချစ်နှင့်
သတိရစိတ်သည် မှားယွင်းမှုတစ်ခုဆီသို့ဦးတည်နေသည် ဆိုကြပါစို့ ။

              အဆုံးသတ်မလှပခဲ့သောအဖြစ်အပျက်တစ်ခု၏နောက်ကွယ်တွင် သတိရလွမ်းဆွတ်ခြင်းများနှင့်
ရူးသွပ်မှုများကိုဖက်တွယ်ထားသည့် ကျွန်တော်အမည်ရ သင်းကွဲတစ်ကောင် အသက်ရှင် ရပ်တည်နေပါသည် ။

                                                                                    @ @ @
                                                                             
   ရွှေကိုယ်နတ်(UCSM)
[ 13.09.12 ( 2:36 AM ) ]