Monday, March 18, 2013
Google မှာ 2013 ဟာ နာကျင်မှု အမှတ်အသား
မအိပ်ခဲ့သော ညပေါင်းများစွာဖြင့် ရောက်ရှိနေသော မနက်ခင်းပေါင်းများစွာကိုဆိုလိုဟန်ရှိတယ် ။
စိတ်တွေ Reset ချလိုက်ပြီ ။ နောက်ဆုံးအကြွင်းအကျန်ဟာ လိပ်ပြာလေးတွေ ပျံသန်းသွားခြင်းပဲ … ။
လူတွေဟာ အရှက် နဲ့  အကြောက်ကို အကြောင်းပြုပြီး Social – Communication ကြီးကို တည်ဆောက်ကြတယ် …
ပိုက်ဆံအိတ်ထဲက ပိုက်ဆံလက်ကျန်ဟာ ကိုယ့်ကို ခဏခဏ ဖွင့်ကြည့်တယ် ။ ဇစ်ဟာ ခဏခဏ ဆွဲဖြုတ်ခံခဲ့ရ..။
စစ် နဲ့  ငြိမ်းချမ်းရေးဟာ တစ်ယောက်ကို တစ်ယောက်ချစ်သမျှ တစ်ယောက်ကို တစ်ယောက် မုန်းနေကြ.. ။
My generation is zero… အဲဒီစာသားလေး ။
ကိုယ်နေတဲ့ ကမ္ဘာဟာ ဟန်ဆောင်နေခြင်းပဲ ။ ကိုယ်ဟာ ဟန်ဆောင်မှုကိုကြောက်ရွံ့ ရ ။ ကိုယ်ဟာ ဟန်ဆောင်ရ ။
ကလေးတွေလို နေ့ နဲ့ ည မှားအိပ် ၊ ထ ပြုလုပ်တယ် ။ အာရုံနိုးထလာတဲ့အချိန်မှာ စိတ်ပူတယ် ။
ဟုတ်တယ် စိတ်ပူတယ် ။ နေရာတိုင်းမှာ rape လုပ်ခံရတဲ့သတင်းတွေကြားရတယ် ။
သေသလိုလိုရှင်သလိုလို မသိစိတ်ဟာ တစ်ခါတစ်ရံ လက်တွေ့ ဘ၀ထဲဝင်ရောက်ပြီး သူနဲ့ သိတဲ့ လူ ၊ အရာဝတ္ထုအားလုံးကို ရယ်ပြပြုံးပြနှုတ်ဆက် ။ ဘုရားသခင်ရဲ့ အမှုတော်ကို ကိုယ်မထမ်းရွက်ခဲ့ဘူး ။ အမေရိကန်မှာသာမက တစ်ကမ္ဘာလုံးမှာ ကျွန်စနစ်ဆိုတာ အတိအကျရှိသေးတယ် မကြာခဏဖျားတတ်တဲ့ ကိုယ်ခန္ဓာလေးတစ်ခုမှာ ဘယ်ရောဂါပိုးတွေ ပျော်နေပါသလဲ .. ။
ကိုယ့်ရဲ့ နာကျင်မှုကို ကိုယ်မေ့ပစ်မယ် ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို ကိုယ်မေ့ပစ်မယ် ။
ကိုယ်ဟာ ပျောက်ဆုံးသွားနိုင်တယ် ။
ကိုယ့်မှာ အနုပညာမရှိတော့ ... ။
ကိုယ့်မှာ ကိုယ်ပိုင်ခံစားချက်နုနုလေးတွေ မရှိတော့... ။
ကိုယ့်မှာ ... ။
Promotion လုပ်တဲ့ အနေနဲ့  လူတချို့ ကို ဒီကမ္ဘာထဲစေလွတ်ခဲ့တယ် ။ အဲဒီလို လူတွေကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လောက်များရှိနေကြမလဲ ၊၊
နောက်ဆုံးမှာ ပျောက်ကွယ်သွားမယ့် လူသားဆန်ခြင်း ကို ဘာဖြစ်လို့ ဖတ်တွယ်ထားခဲ့မိလဲ ။
အရောင်တွေကြားထဲမှာ ကိုယ်ပိုင်အရောင်လေးတောင် မဖြစ်ခဲ့ရတဲ့ ဇာတ်လမ်းပါ … ။
ပျော်ဖို့ ကောင်းတယ် မဟုတ်လား ။ မြန်မာ Mtv တွေထဲကလို လျှောက်ပြေး …။
သိပ်နေပျော်ဖို့ ကောင်းတဲ့အချိန်တွေမဟုတ်လား ။
နာကျင်မှု ၊ စိတ်ခံစားမှု အဲဒါတွေ ပါနေရင် ကဗျာမဟုတ်တော့ဘူးလား ။ အဲဒါတွေပါနေတာနဲ့ စောက်ပေါစာရွတ်တစ်ရွက်ဖြစ်သွားမှာလား ။ ကိုယ့်ကိုယ်ခန္ဓာပေါ်မှာ ရှိမယ့် နောက်ထပ်ရှိလာဦးမယ့် တက်တူးတိုင်းဟာ
ကိုယ့်ချစ်သူမိန်းမသားနဲ့ ပတ်သက်မှု ရှိမယ် ။ အဲလိုပြောလိုက်ရင် အေးချမ်းဟာ Idealism ဖြစ်သွားမှာလား ။
ခင်ဗျားတို့ သိတာ ဘောင်သွင်းမယ့်အယူအဆနဲ့ ပတ်သက်ခြင်း ၊ လူတစ်ယောက်ဟာ လူသားဆန်ခြင်းကိစ္စဟာ အစွမ်းကုန်ပဲ လား ။ အဲဒီထက် ပိုမလိုအပ်တော့ဘူးလား ။ ကိုယ့်မှာ မေးခွန်းတွေ အများကြီးရှိတယ် ။ အဖြေတွေ အများကြီးရှိတယ် ။
Google ဆိုတာ မရှိခဲ့ရင် အနုပညာမလုပ်နိုင်မယ့်  မဖြစ်နိုင်တော့မယ့် အနုပညာသမားတွေ ပိုများလာတယ် ။
Google ဟာ ၂၀၁၂ မှာ မိန်းမတစ်ယောက်ကို မေ့ပစ်လိုက်တယ် ။
ဘာမှမဆိုင်တဲ့ဆက်နွယ်မှုတွေကို အရေးကြီးသလိုလုပ်နေတဲ့ လူငယ်တွေကို မြင်ရင်းကြည့်ရင်း ခင်ဗျား စိတ်ညစ်နေရမယ်။
ဒါဟာ Social က ပေးတဲ့ အညစ်အကြေးတွေ ။ ကိုယ်ဟာ စိတ်ဓာတ်ရေးရာကျဆင်းနေတဲ့ လူငယ် ။
ကိုယ့်မှာ တရားဓမ္မမရှိဘူး ။ ကိုယ့်မှာ ဆုပ်ကိုင်ထားတဲ့အယူအဆမရှိဘူး ။ ကိုယ့်မှာ အနုပညာတစ်ခုအပေါ်စိမ့်ဝင်နေခြင်းမရှိဘူး ။
ကိုယ့်ရဲ့  အထင်ရှားဆုံး နာကျင်မှုစာသားဟာ ကိုယ့်ရဲ့  ပျော်ရွှင်တဲ့အချိန်တွေကနေ လာခဲ့တာပဲ ။
လူတွေဟာ တစ်ခုခုကို စောင့်နေရတာပဲ ။ တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုပေါ့ ။
အဲဒီလိုစောင့်နေခြင်းကပဲ လူ့ သက်တမ်းကုန်ဆုံးဖို့ ဖြစ်လာခဲ့တယ် ....  ။
အေးချမ်း
ကိုယ်ဟာ လူသေလို နေတယ်
၂၀၁၂ မှာ ငါ မသိဘူးဆိုတဲ့စကားနောက်မှာ ငါတို့ မသိဘူးဆိုတဲ့ စကားက ကပ်ပါလာတယ်…
ကိုယ်ဟာ လူသေလိုနေတယ်  ဘာဖြစ်လို့ စိတ်ကို လာဆက်ဆံနေလဲ ကိုယ်မသိ ။
မင်းတို့ နောက်ကျောတွေ ခဏခဏ အသားနီလန်တာ ငါတို့ ခဏခဏ မြင်နေရ...
ဆပ်ပြာပူဖောင်းလိုမျိုး ဟန်ဆောင်ထားသော ငြိမ်းချမ်းရေး အသွင်အပြင်ကို သူတို့ လိုချင်နေကြပုံပဲ ။
ငါ့အမြင်မှာတော့ ငြိမ်းချမ်းရေးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ ။
ဘယ်တော့မှ စိတ်မချ ရုပ်ရှင်ဇာတ်ကားကို ငါရိုက်တယ် ။အဲဒီကားမှာ  လုံခြုံမှု ပလပ်ကျွတ်သွားတယ် ။
ချစ်စရာ ဘာဘီရုပ်လေး ခေါင်းပြုတ်သွားတာမြင်တော့ ကြမ်းပြင်မှာ သွေးစက်တွေရှိမလား လှမ်းကြည့်မိသေးတယ် ။
Google မှာရိုက်ထည့်လိုက်တဲ့ အေးချမ်းဟာ အေးချမ်းသာယာမှုအဖြစ်အပြင်ဘက်ကို ပြန်မထွက်နိုင်ခဲ့ …
မင်းဟာ ဘယ်တော့မှမရှိခဲ့တဲ့ မာသားဘုတ်ပဲ ။
ပြည်သူလူထုက မီဒူဆာမျက်မှာနဲ့  ငါ့ကို ၀ိုင်းကြည့် .. .ငါ ဟာ အေးခဲကျောက်ရုပ်ဖြစ်….
နင် ရှိနေသေးတယ် သီချင်းနဲ့  မူလီတွေကို ပြန်ကြပ် … ။ ကိုယ့်ကိုယ်ကိုယ် WarKeys တွေ ပြန်ဆွဲ ။
ပီရူးက လူတစ်ယောက်နဲ့ စကားပြောတုန်းက  “ ငါ့ကို ယဉ်ယဉ်ကျေးကျေးသိပ်မပြောပါနဲ့  “လို သူပြောတော့ ပြုံးမိတယ် ။
သူလိုငါလိုပဲ  အီရန် နျူလက်နက် ကိစ္စကို တစ်ကမ္ဘာလုံးက လူငယ်တွေ ဆန့် ကျင်နေခဲ့တယ် ။
ယဉ်ကျေးမှုကို တစ်ကမ္ဘာလုံးကလူငယ်တွေ ဆန့် ကျင်နေခဲ့ကြ ။
အရုပ်လှလှလေးတွေကို အရေပြားပေါ် အရည်ပျော်သွားပြီလား မေးကြည့်ပါ။
ပျော်ကြည့်လို့ လည်း မရတော့ဘူး  …. ရိုက်ခွဲတယ်….
စောက်သုံးမကျတဲ့ facebook ပေါ်က status တွေက ငါ့ကို ရိုက်ခွဲတယ် ။
မရသေးတဲ့ ဘွဲ့ လက်မှတ်က ငါ့ကို ရိုက်ခွဲတယ် ။
စောက်သုံးမကျတဲ့ ကွန်နရှင်က ငါ့ကို ရိုက်ခွဲတယ်
အအေးလျှော့နေတဲ့ အဲကွန်းက ငါ့ကို ရိုက်ခွဲတယ် ။
ကဗျာစာအုပ်တစ်အုပ်ထုတ်မလို့ လိုနေတဲ့ ပိုက်ဆံ လေးငါး သိန်းလောက်က ငါ့ကို ရိုက်ခွဲတယ် ။
တစ်စုံတစ်ယောက်ကိုလွဲချချင်တဲ့ ခေါင်းပြတ်အိပ်မက်တွေနဲ့ ပျော်လား သားကြီး ။
ကိုယ့်ကိုယ်ကိုယ်သာမြင်သော ၊ လူပုဂ္ဂိုလ် ၊ အဖွဲ့ အစည်း ၊ အုပ်စု ၊ …၊ အဲဒီလိုတွေ များနေသ၍
မင်းတို့ အနုပညာဟာ ဘယ်တော့မှ တိုးတက်လာမှာမဟုတ်ဘူး ။
သိမ်းထားတာတွေ ပျောက်ပျောက်သွားတတ်တဲ့ မှတ်ဥာဏ်လေးတွေ နဲ့ .. ။
ဘာဖြစ်လို့ မီးလောင်နေတဲ့ မေတ္တာတွေလိုက်ပေးနေတာလဲ ။
ငါလူသေလို နေတာ ။ ငါ့ကို လာမပတ်သက်နဲ့ .. သိလား
ငါသေရင် စာသားတွေနဲ့ တစ်ယောက်ကို တစ်ယောက် Rape လုပ်ကြ…။
ငါသေရင် ငါတို့ ခင်မင်မှုကို တက်ဖိလိုက်တော့ သားကြီး ... ။
အေးချမ်း
အနေအထိုင်မတတ်တဲ့ ကိုယ့်လက်တွေကပဲ ကိုယ့်စိတ်ကြည်လွှာလေးကို ပြန်ကုတ်ခြစ်မိတာ ဘဝကို နာနေတဲ့ အသားစတွေနဲ့ အစားထိုးရမလား မင်းကိုချစ်ရတာကလည်း ငါစိမ်းသည်ဆီက အတိုးကြီးကြီးကို မျက်နှာငယ်လေးနဲ့ ဆွဲထားရသလိုပဲ
လင်စိတ်သားစိတ်ကုန်နေတဲ့ လမ်းမ သွေးပြောင်းပြန် မောင်းနေတဲ့လူငယ်
သွေးနဲ့ ကိုယ် သားနဲ့ ကိုယ် မီးပြင်းပေးထားတဲ့ အရွယ် သိမှုကို သော့တုနဲ့ မဖွင့်ဘူး
ဘာတက္ကနစ်တွေနဲ့ မှ သုတ်လိမ်းမထားတဲ့ အချစ် ဂေါက်တောက်တောက် ကြောင်တောင်တောင်
နေ့ ခင်းကြောင်တောင်ကြီးတစ်ကောင် သတိရခြင်းက ဘယ်နှလီတာ ဒုက္ခတရားက ဘယ်နှအောင်စ
ထွင်းထုထားတဲ့ အရေးအသားမှာ လူရုပ်မပေါက်တဲ့ လူ့ အခွင့်အရေးတွေ
လာ စိတ်စိတ်ချင်း စီးချင်းထိုးမယ် ရယ်သွမ်းသွေး ချင်းချင်းနီ မိုးရေစို ဓာတ်ကြိုးလို
လျှပ်စီးတွေ ပူးဝင်နေတဲ့ မြို့ကြီး ခေတ်ပေါ်မိန်းမတစ်ယောက်ရဲ့ အလှတရားတွေကို မင်းခွာကြည့်လိုက်စမ်း
ပခုံးပေါ်က အသွားမတော် ဟိုင်းဝေးကြီးခင်ဗျား ဟော့ဒီ မျက်ခုံးမွှေးကော်ရစ်တာပေါ် လျှောက်ပါ
ဟက်ဟက်ပက်ပက်လည်း ငိုရ ချုံးပွဲချလည်း ရယ်ရ ခေါ်သံလေးတစ်ချက်မှာ ဒေါသဟာ လမ်းတစ်ဝက်
ပျက်ကျတော့တာပဲ ပွဲတော်ထဲလည်း ကလေးနဲ့ ဂေးတွေကြီးပဲ အငေးရေ ပြုန်းသွားတဲ့ သစ်တစ်တောဟာ
ကိုယ်ဇိမ်ခံနေတဲ့ ကုလားထိုင်တစ်လုံးလား ရန်သူမျိုး ငါးပါးကိုမှ ပန်ထားတဲ့ အပြုံးလေး
ကျင်းထဲက အကျွတ်တရားတွေဆီ ခုန်ချနေတာ ကျိန်စာကို ခင်ဗျားယုံလား
တစ်ယောက်နာမည်ပေါ် တစ်ယောက်နာမည် မြှုပ်ထားတဲ့ ကျောက်တုံးကြီး စကားမစပ်
ခင်ဗျားက စီစီဖတ်လား အညှီအဟောက်ခန်းတွေ သိပ်များနေပြီ ကိုယ့်ကိုယ်ကိုယ် ငှဲ့သောက်
ကိုယ့်ကိုယ်ကို ဖဲ့မြည်း ခင်ဗျားရင်ဘတ်ကြီးမှာလည်း ဖုန်တွေချည်းပဲ  ချုပ်ရိုးကြောင်းတွေ ထပ်လာ
ပျက်ရွေ့ ကြောတွေ များလာ ငါတို့ ဟာ  ခန္စာအိမ်ထဲ ဆူညံပေါက်ကွဲ အော်ဟစ်ကခုန် မူးဝေအော့အန်
လူဟာ ဆင်းရဲခြင်းနဲ့ ဆက်စီးဆင်းနေတယ် အနာတွေကို စားမြုံ့ပြန်မနေနဲ့  လက်ထဲမှာ အနုတ်နှစ်ခု
ကျန်းမာရေးမကောင်းတဲ့ အဆုတ်ကို တစ်ခုခုနဲ့ အထူးပြုလုပ်ဖို့  လေကောင်းလေသန့်  ဒါမှမဟုတ်
စိတ်ကောင်းစိတ်သန့်  မီးချောင်းထဲက ရေစက်တွေကျလာတယ် မဟုတ်ဘူး မျက်ရည်တွေ
မှန်ထဲမှာ အမှန်တရားများ ရှိနေမလား ခေါက်ကြည့် ခပ်ကြည့် သက္ကရာဇ် အစအနအကွဲအရှရဲရဲတွေ
လမ်းဘေးဆင်းလျှောက်တော့မှ အလွမ်းက တည့်တည့်ဝင်အောင်း ကြိုးတွေကို ကျစ်ရင်း
ကြိုးတွေကပဲ ပြန်ကျစ်သွားတာ လမ်းတွေကိုနင်းရင်း လမ်းတွေကပဲ ပြန်နင်းသွားတာ
ခင်ဗျားမှာထားတဲ့ သစ္စာက ရွှေမန်းသဘင်ကြီး သွေးထဲ ဒီဇယ်သွင်းပြီးမောင်းကွာ
အချိုးမပြေတာ ကိုယ့်အချိုဓါတ်ပဲ  ကိုယ်အလေးချိန် အကုသိုလ် လေးပုံ သုံးပုံလို့ ရေးလိုက်
လူစစ်စစ်လား ဆိုတဲ့ မေးခွန်းမှာ လူဟာ ထစ်/တစ်နေတယ် မြို့ပေါ် စွန်တစ်ကောင်လောက်တောင်
ဝဲ မကြည့်ဖူးဘူး မြို့ထဲမှာပဲ ဝဲတွေနဲ့ တိုးနေလို့ မီးမတွေအကြောင်း မင်းဖယောင်းတိုင် ထွန်းကြည့်
လင်းလား လန်းလား အစိုဓာတ်နည်းနေတဲ့ မိုးဥတုလေးထဲ မေတ္တာတရားဟာ ဘယ်ပြန်ညာပြန်
အရိုက်ခံရတဲ့ ပါး  ပလုတ်ပလောင်းပါးစပ်ကြီးက မိတ္တူစက်လို ချုံ့ လို့ လည်းရ ချဲ့ လို့ လည်းရသတဲ့
“ရသ”တဲ့  ဂေါ်ဂင်ရဲ့ရင်ပြင်မှာ ဘဝသရုပ်တွေ အပီအပြင် ဂိုထောင်မည်းမည်းကြီးထဲ အုပ်လိုက်
မောင်းဝင်လာတဲ့ ရမ္မက်တွေ ကမ္ဘာတစ်ခြမ်းမှာ မိုးကြီးလေကြီး ကမ္ဘာတစ်ခြမ်းမှာ မိုးခေါင်ရေရှား
ဂျုံလား ဆန်လား ပြောင်းလား ပဲလား အစာရေစာပဲလိုတယ် အစာရေစာပဲလိုတယ်
တော်လဲသံတွေက ကလေးကစားကွင်းတော့ မဖြစ်တန်ရာ နှလုံးသားထဲ သပ်တစ်ချောင်းရိုက်ထည့်
ခိုင်မခိုင်နှဲ့ ကြည့် လှုပ်နေသေးရင် သံတစ်ချောင်းထပ်ရိုက် ပြီးရင် လူပြောများများနေတဲ့  အချစ်ကို
နာမည် ဝိုင်းဖျက်ကြပေတော့ လိုင်ဇာက ပီဇာလား မန္တလေးကရော ဟမ်ဘာဂါလား
နေပြည်တော်ကရော စားလို့ ရလား အဲဒါ ဂြိုလ်သားနဲ့ ဖုန်းပြောတုန်းက ရက်ကော့ဒ်လုပ်ထားတာ
လေတယ် မျက်လုံးတွေမှိတ်လိုက် မိုးလင်းသွားတာတောင် အမှိုက်တွေက မထွက်ဘူး
ဆူးရဲ ၊ ရဲရင့်လမင်း ၊ လင်းလက်တာရာ
၁၃၊၃၊၂၀၁၃
Tuesday, March 12, 2013
လူ ငယ် ဆို တာ လီ ဗာ ခပ် ပြင်း ပြင်း တစ် ချက် ပုတ် လိုက် တာ နဲ့ အ ရှိန် နဲ့ ပြေး ထွက် သွား မယ့် ပြိုင် ကား တွေ
ကျွန်တော်တို့ ရှေ့ သမိုင်းခေတ်အဆက်ဆက်က ကဗျာဆရာတွေ ငယ်ငယ်ကလိုပဲ၊ ကျွန်တော်တို့နဲ့ ခေတ်ပြိုင်သူငယ်ချင်း ကဗျာဆရာတွေ ငယ်ငယ်ကလိုပဲ၊ နောက်ဆုံးမျိုးဆက်သစ်လူငယ်ကဗျာဆရာတွေဟာ " ကဗျာ " ဆိုတဲ့အရာကို တန်ဖိုးထား ရူးသွပ်တဲ့စိတ်နဲ့ ဖန်တီးရေးသားနေကြပါတယ်။
               လူ့ စရိုက်သဘာဝ ထုံးစံအတိုင်းပဲ၊
               တချို့က လူ့အဖြစ်မှာ အနုပညာလက်ရာ ဖန်တီးတယ်ဆိုတဲ့ အလုပ်ကို လုပ်ဖို့၊ တချို့က ကဗျာဆရာဘ၀ကို တည်ဆောက်ဖို့၊ တချို့က ကဗျာဆိုတဲ့အရာကို ရိုးရိုးသားသားချစ်လို့၊ တချို့က ပေါ်ပြူလာဖြစ်ချင်လို့၊ တချို့က ခင်ဗျားတို့ ကဗျာရေးသလို ကျုပ်တို့လည်း ကဗျာရေးတယ်ဆိုတဲ့ စိတ်နဲ့ ခြေရာချင်းတိုင်းတာဖို့၊ တချို့က ကိုယ်ခရေဇီဖြစ်တဲ့ ကဗျာဆရာတစ်ယောက်ရဲ့ အနုပညာလောင်းရိပ်မိပြီး အဲဒီလူရဲ့ ကိုယ်ပွားတစ်ယောက်လို ဖြစ်လာစေဖို့၊ တချို့က ကဗျာဆရာဆိုတဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားမက်မောလို့။
                ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။
                ကဗျာ ပြုလုပ်/ဖန်တီး/ ရေးသားတဲ့ ရသအနုပညာနယ်ပယ်ထဲကို လူငယ်တွေ မျိုးဆက်မပြတ် ခြေလှမ်းတိုးဝင်လာနေကြတာ မြန်မာကဗျာယဉ်ကျေးမှု ဘယ်တော့မှ မသေဆုံး၊ အမြဲရှင်သန်သက်ဝင်နေလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်နေပါတယ်။ ခေတ်စမ်းကဗျာ၊ စာပေသစ်၊ မိုးဝေ၊ တော်လှန်ကဗျာ၊ မော်ဒန်၊ ပို့စ်မော်ဒန်၊ အယ်လ်ပီ၊ နီယိုမော်ဒန်။ ကဗျာသမိုင်းခေတ်အဆက်ဆက်မှာ လူငယ်တွေဟာ မြန်မာကဗျာယဉ်ကျေးမှု ရှင်သန်သက်ဝင်အောင် ဘယ်အာဏာရှင်၊ ဘယ်မိဘကမှ အမိန့်အာဏာနဲ့ အတင်းအကျပ်မခိုင်းစေဘဲ သူတို့ကဗျာ သူတို့ ရေးပြီး ကိုယ့် အနုပညာတာဝန် ကိုယ်ကျေပွန်အောင် အလုပ်လုပ်ခဲ့ကြတယ်လို့ ပြောနိုင်ပါတယ်။
               ပင်မရေစီး ခေတ်ပေါ်ကဗျာအလွန်၊ အယ်လ်ပီ-နီယိုမော်ဒန် ပဋိပက္ခအပြီး၊စမ်းသပ်ကဗျာ၊  ကွန်ဆက်ခြူရယ်၊ ဖလာ့ဖ်နဲ့ ဒစ်ဂျစ်တယ်ကဗျာ စသဖြင့် ခေတ်ပြိုင်ကဗျာအမျိုးအစားသစ်တွေ ပေါ်ထွန်းလာတဲ့ ၂၀၁၀ ၀န်းကျင်မှာ ကျွန်တော်တို့ နိုင်ငံရဲ့ နောက်ဆုံးမျိုးဆက်သစ် လူငယ်ကဗျာဆရာတွေ ထွက်ပေါ်လာခဲ့ကြပါတယ်။ ပရင့်တ်မီဒီယာက စာပေနဲ့ ပေါ့ပ်မဂဇင်းတွေမှာ၊ အွန်လိုင်းက ဘလော့ဂ်နဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပေါ်မှာ လူငယ်တွေရဲ့ ကဗျာတွေဟာ နေ့စဉ်နဲ့အမျှ အရှိန်ပြင်းပြင်း ပေါက်ကွဲပွင့်ထွက်လို့။
               အွန်လိုင်း PEM Skool အဖွဲ့က လူငယ်တွေရဲ့ အယ်လ်ပီ၊ ပီအယ်လ်ပီနဲ့ ဖလာ့ဖ်ကဗျာတွေ။ မောနွေ၊ အေးချမ်း၊ နေအေဒီ၊ မောင်မိုးမြင့်၊ ရင်ခွင်ရှိန်း၊ မှူးသစ်၊ ဇက်ကကြိုး၊ ကိုသျှား၊ လင်းလက်တာရာ၊စတဲ့ နီယိုမော်ဒန် ပထမမျိုးဆက် လူငယ်ကဗျာဆရာတွေ၊ မန္တလေးက ရွှေကိုယ်နတ်( UCSM) ၊ မှူးနေ၀န်း၊ ညီမင်းဝေ၊
မိုးခါး၊ကျော်မိုးထွေး၊  သူဝေး ၊ ခွန်သာ စတဲ့ နောက်ဆုံးမျိုးဆက်သစ် ကဗျာဆရာတွေ။ မှူးဒါရီ၊ မယ်ယွေး၊ ချိုပိန်းနောင် စတဲ့ နောက်ဆုံးမျိုးဆက် အမျိုးသမီးကဗျာဆရာမတွေ။
               အနုပညာဝါသမ္ဘာရင့်တဲ့ ကဗျာဆရာတွေ အနေနဲ့ မျိုးဆက်သစ်လူငယ်ကဗျာဆရာတွေ ပေါ်ထွက်လာနေတာကို မီးပွိုင့်မှာ မီးဝါမြင်နေရသလို သတိအနေအထားနဲ့ စောင့်ကြည့် အကဲခတ်လေ့လာသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။ လက်ရှိ  ကြုံတွေ့ဖြတ်သန်းနေရတဲ့ ခေတ်ပြိုင်ကဗျာခေတ်က သူရဲကောင်းဝါဒခေတ် ကုန်ဆုံးသွားပြီ။ မော်ဒန်ကဗျာခေတ်တုန်းကလို " ငါတို့က ၀ါရင့်ကဗျာဆရာကြီးတွေ၊ ငါတို့က ကဗျာဘုရားသခင်နဲ့ နတ်ဘုရားတွေ " ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မာနထောင်လွှား၊ ကဗျာထီးနန်းပလ္လင်ပေါ်မှာ သက်ဦးဆံပိုင် ဧကရာဇ်တစ်ပါးလို အနုပညာ အာဏာယစ်မူးနေလို့ ရနိုင်တဲ့ ခေတ် မဟုတ်တော့ဘူး။
               အခုခေတ်က ဇော်ဝင်းထွဋ်၊ လေးဖြူ၊ မာရဇ္ဇ၊ အငဲ၊ မျိုးကြီးတို့ သက်ရှိထင်ရှား ရှိနေတဲ့ အချိန်မှာပဲ The Ants, Big Bag, Wanted, Reason, Idiots စတဲ့ လူငယ်ဂီတအဖွဲ့တွေ စင်မြင့်ပေါ် ဂစ်တာတွေနဲ့ အပြိုင်တက်လာကြတဲ့ခေတ်။ ရန်ကုန်မြို့ပြလမ်းမတွေပေါ်ပန့်ခ်၊ အီမို၊ ဟစ်ဟော့ပ်၊ ဖရီးစတိုင်လ် ဒီဇိုင်းမျိုးစုံနဲ့ တက်တူးလူငယ်တွေ ဘယ်သူ့ကိုမှ စောက်ဂရုမစိုက်တဲ့ အထာနဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ကိုယ့်လမ်းကိုယ် လျှောက်သွားနေကြတဲ့ခေတ်။
               ခင်ဗျားဟာ အနုပညာ/ ကဗျာကောင်းတွေ ဖန်တီးရေးသားခဲ့ပြီးတဲ့ ၀ါရင့်ကဗျာဆရာတစ်ယောက် ဖြစ်နေမယ် ဆိုရင်တောင် ခင်ဗျားထက် ပို ချွန်မြစူးရှတဲ့ အနုပညာ/ ကဗျာတွေ အချိန်မရွေး ပေါ်ထွက်လာနေနိုင်တဲ့ ခေတ်။
               ခေတ်နဲ့ လူငယ်တွေက အပြောင်းအလဲမြန်တယ်။
               လူငယ်တွေဆိုတာ လီဗာ ခပ်ပြင်းပြင်းတစ်ချက် ပုတ်လိုက်တာနဲ့ ရှေ့ကို အရှိန်နဲ့ ပြေးထွက်သွားမယ့် ပြိုင်ကားတစ်စီးလိုပဲဆိုတာ လူငယ်ဘ၀ကို ဖြတ်သန်းခဲ့ဖူးတဲ့ ခင်ဗျား အသိဆုံးပါ ကိုယ့်လူ။
###
             မိုဃ်းဇက်သော်၊ မိငြိဏ်းခက်၊ ရွှေကြယ်မိုး၊ မြေနံ့၊ တယ်ရီတို့ အဖွဲ့ ကဗျာစာအုပ်ထုတ်မယ်ဆိုတော့ အမှာစာ/ ကဗျာချဉ်းကပ်မှု တစ်ခုခု ရေးပေးဖို့ တောင်းဆိုလာကြပါတယ်။ ကျွန်တော် ရေးနေကျ ကဗျာချဉ်းကပ်ဆောင်းပါးပုံစံရေးမယ်ဆိုရင် ကဗျာအကြောင်းအရာနဲ့ စာသားဖွဲ့စည်းတည်ဆောက်ပုံတွေ၊ သုံးစွဲထားတဲ့ ကဗျာဘာသာစကားနဲ့ အရပ်ပြောဘာသာစကားတွေ၊ သွင်ပြင်လက္ခဏာနဲ့ နောက်ခံအယူအဆတွေအားလုံးကို အသေးစိတ်ဖော်ပြ၊ စနစ်တကျချဉ်းကပ်ပြီး အနုပညာမြောက်ပုံနဲ့ ရသခံစားမှုတွေကို ကောင်းဆိုး ဆုံးဖြတ်ဝေဖန်ပေးရမှာ ဖြစ်ပါတယ်။ သူတို့ ၅ ယောက်စလုံးရဲ့ ကဗျာတွေကို တစ်ပုဒ်ချင်းအသေးစိတ် ချဉ်းကပ်ရင် လက္ခဏာနဲ့ အချက်အလက်တွေ များပြားရှည်လျားသွားမှာ ဖြစ်လို့ ကဗျာချဉ်းကပ်မှုအရေးအသားမျိုး မရေးဘဲ သူတို့ အနုပညာကို အကဲခတ်နိုင်ရုံလောက်ပဲ ခပ်ပါးပါး  ပြောမယ်လို့ စဉ်းစားမိပါတယ်။
မိုဃ်းဇက်သော် ( သို့မဟုတ်) ခေတ်နဲ့ လူမှုဝန်းကျင်ကို လှောင်ပြောင်သရော်ချင်သူ ကဗျာဆရာ
               မိုဃ်းဇက်သော်၊ အသက် ၂၃၊ ရန်ကုန်ရောက် ကလေးမြို့သားကဗျာဆရာ၊ ကိုရီးယားကိုထွက်ဖို့ ဘာသာစကားသင်တန်း တက်နေသူ၊ ချင်းလူမျိုးလိုလို ကချင်လူမျိုးလိုလို မျက်နှာပေါက်နဲ့၊ အပြစ်ကင်းစင်တဲ့ ကလေးငယ်တစ်ယောက်ပုံစံ၊ အရပ်ပုပု အော်လ်တာရှပ်နဲ့ ဂျင်းန်ပင်နဲ့ လျှာထိုးဦးထုပ်နဲ့။ ရိုးသားပွင့်လင်းတဲ့ စိတ်နှလုံး ရှိသူဆိုတာ သူရယ်လိုက်ရင် မျက်နှာပေါ်မှာ အတိုင်းသား မြင်နေရတယ်။
              မိုဃ်းဇက်သော်ရဲ့ ကဗျာတွေထဲမှာ " ဆင်ဆာတော့ ဆင်ဆာပေါ့..... " နဲ့ " ဈေးဦးမပေါက်သေးတဲ့ ချွေးသံသွေးသံတွေ..... " ကဗျာနှစ်ပုဒ်က နီယိုမော်ဒန်တွေ ဖြစ်ပြီး " ကျည်ကာမပါတဲ့ ကဗျာ " စီးရီးစ်အပါအ၀င် တခြားကဗျာတွေက ခေတ်ပေါ်ကဗျာရေးဟန်နဲ့ ရေးထားတဲ့ ကဗျာတွေ ဖြစ်ပါတယ်။ ပင်မရေစီးခေတ်ပေါ်ကဗျာနဲ့ ရင်းနှီးကျွမ်းဝင်သူ၊ ခေတ်ပေါ်ကဗျာလွန် ရေးဟန်တွေကိုလည်း လေ့လာနေသူပီပီ ကဗျာဘာသာစကားနဲ့ အရပ်ပြောဘာသာစကား နှစ်မျိုးလုံး သုံးစွဲပြီး ရေးဟန်နှစ်မျိုးလုံး နိုင်နိုင်နင်းနင်း ရေးဖွဲ့နိုင်တာ သတိပြုမိပါတယ်။
             " ကျည်ကာမပါတဲ့ ကဗျာ " စာသားတွေထဲက " ခေတ်ကြီးတစ်ခုလုံးဟာ ရုပ်ရှင်ရုံနာမည်နဲ့ လူဆီမှာ သေပန်းပွင့်လို့ " ဆိုတဲ့ အဖွဲ့အနွဲ့ဟာ ကဗျာဘာသာစကားကို အသုံးပြုပြီး လူပုဂိုလ်တစ်ဦးတစ်ယောက်ရဲ့ နိုင်ငံရေး အကွက်ရွှေ့ထိန်းချုပ်မှုအောက်မှာ မရှူနိုင် မကယ်နိုင် သေလုမျောပါး မျက်ကလူးဆန်ပြာ ဖြစ်နေရတဲ့ နိုင်ငံရေး အခင်းအကျင်းကို ရဲရဲရင့်ရင့် လက်ညှိုးထိုး ဝေဖန်လိုက်တာပဲ ဖြစ်ပါတယ်။
              " ကျည်ကာမပါတဲ့ ကဗျာ( ၂) " မှာ ခေတ်နဲ့ လူမှုဝန်းကျင်အပေါ် အမြင်တွေ ပိုကျယ်ပြန့်လာတယ်။
              အသက်နဲ့ လူလုပ်ရတဲ့ခေတ်မှာ အရှက်ဟာ ဘီကနီ ၀တ်စုံနဲ့ တဲ့။
              ဒီနေ့ခေတ်မှာ အရှက်နဲ့ အသက်နဲ့ ဆိုင်တဲ့ အစဉ်အလာ အသိအမြင်တွေ ကျိုးပျက်နေပြီဆိုတာ ပြောပြနေသလိုပဲ။
              လူကြီးလူကောင်းတွေ နောက်ဖေးပေါက်က ၀င်လာပြီး အိမ်ဦးခန်းမှာ ခြေတွဲလွဲချ ထိုင်နေတယ်။ ကံတရားဟာ သန်းကြွယ်သူဌေးတစ်ဦး ပိုက်ဆံတစ်ပဲခြောက်ပြားကောက်တွေ့ရသလို ကလိမထိုးဘဲ ရယ်ရတယ် တဲ့။
              အဲဒီ စာသားတွေမှာ လူမှုဝန်းကျင်အပေါ် ဝေဖန်သုံးသပ်ချက်နဲ့ ကံကြမ္မာအပေါ် လှောင်ပြောင်သရော်မှုတွေကို မြင်နိုင်ပါတယ်။
              " ကျည်ကာ မပါတဲ့ ကဗျာ ( ၃) " ကတော့ ခေတ်ပြိုင်ကမ္ဘာကြီးအပေါ် အကျဉ်းချုပ်ကောက်ချက်ချပြီး စစ်ဆန့်ကျင်ရေး အသိအမြင်နဲ့ ရေးဖွဲ့ထားတဲ့ ခေတ်ပေါ်ကဗျာတစ်ပုဒ်။
               ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အမှတ်တရ ရေးဖွဲ့ထားတဲ့ " ကျည်ကာ မပါတဲ့ ကဗျာ ( ၄) " မှာ မိုဃ်းဇက်သော်ဟာ ရန်ကုန်မြို့ပြနဲ့ မြန်မာ လူ့အဖွဲ့အစည်းအတွင်းက လွဲမှားနေတဲ့ လူမှုအမှန်တရားတွေ၊ ခေတ်ပြိုင်လူမှုဆက်ဆံရေး အခင်းအကျင်းတွေကို မမေ့မလျော့ ထည့်သွင်းရေးသားထားတာ တွေ့ရပါလိမ့်မယ်။
               " မှန်ရာကို သစ္စာဆိုပါမည် " ကဗျာမှာတော့ အသစ်စက်စက် Sex Worker မလေးတစ်ယောက်ရဲ့ ဘ၀အတွေ့အကြုံနဲ့ အချိုးပျက်ယွင်းနေတဲ့ လူမှုအသိအမြင်တွေ၊ လူသားဆန်တဲ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာမပါ သွေးသားဆန္ဒနဲ့ ငွေကြေး တိုက်ရိုက်ဖလှယ်တဲ့ အပေးအယူသဘောတွေ ၊ မိခင်ကို မွေးကျေးဇူးဆပ်ဖို့ ကိုယ်ခန္ဓာနဲ့ ဘ၀ကို ထိုးကျွေးလိုက်ရတဲ့ ဆင်းရဲမွဲတေမှု အခြေအနေတွေကို ရေးသားထားပါတယ်။
               အဲဒီကဗျာထဲက " ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနေတဲ့ အနုစားစိတ်ရောဂါရှင်တွေ၊ ကျွန်မက ပျက်စီးနေတဲ့ ဆဲလ် အစုအဝေးပဲ၊ အမေတော့ ၀၀လင်လင် စားရပါတယ် ၊ ကျွန်မဟာ ဆင်ဆာမလွတ်တဲ့ ဗီဒီယိုကား " စတဲ့ ကဗျာဘာသာစကားတွေက ကဗျာဖတ်သူရဲ့ စိတ်ကို တစ်စုံတစ်ရာ ထိခိုက်နာကျင်စေနိုင်လိမ့်မယ် ထင်ပါတယ်။
               မိုဃ်းဇက်သော်ဟာ ၂၀၁၂-၂၀၁၃ အတွင်းမှာ ခေတ်ပေါ်ကဗျာရေးဟန်ကို ကျော်လွန်ပြီး နီယိုမော်ဒန်ကဗျာတွေ စမ်းသပ်ရေးသားလာတဲ့ လူငယ်တစ်ယောက်ပါ။ သူ့ရဲ့ နီယိုမော်ဒန်ကဗျာတွေမှာ ခေတ်ပြိုင်လူမှုဝန်းကျင်အပေါ် လှောင်ပြောင်သရော်ချက်တွေ၊ နိုင်ငံရေး အခင်းအကျင်းနဲ့ နည်းဗျူဟာတွေအပေါ် မျက်စိမှတ်လျှာထုတ်ပြခြင်းတွေ အဓိကအကြောင်းအရာ အဖြစ် ပါဝင်တာ သတိပြုမိပါတယ်။ တခြားလူငယ်ကဗျာဆရာတွေနဲ့ ကွဲပြားခြားနားတာက သူဟာ တစ်သီးပုဂလ အာရုံခံစားမှုနဲ့ အီဂိုနာကျင်မှု ဖော်ပြတာမျိုး သိပ်မလုပ်ဘဲ ခေတ်ပြိုင်လူ့အဖွဲ့အစည်းအပေါ် ဝေဖန်လှောင်ပြောင်မှုကို အဓိက ထားတာပါပဲ။
              မိုဃ်းဇက်သော်ဟာ ခေတ်နဲ့ လူမှုဝန်းကျင်ကို လှောင်ပြောင်သရော်ချင်တဲ့ ကဗျာဆရာတစ်ယောက်လို့ ကိုယ်ပိုင်အမှတ်အသားလက္ခဏာ အမှတ်တံဆိပ်တစ်ခု တပ်ပေးနိုင်မယ် ထင်ပါတယ်။
မိငြိဏ်းခက် ( သို့မဟုတ်) အတွေးရဲ အရေးရဲ Female Expressionist
              ခေတ်ပြိုင်မြန်မာ ကဗျာလောကမှာ ကဗျာဆရာတွေရဲ့ အရေးအသားနဲ့ အယူအဆတွေပဲ လွှမ်းမိုးကြီးစိုးနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေ အသံထွက်လာတဲ့ ၂၀၁၂ အတွင်းမှာပဲ အွန်လိုင်းမှာ မျိုးဆက်သစ် ကဗျာဆရာမတွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာတာ သတိပြုမိပါတယ်။ အိန္ဒြာ ၊ပန်ဒိုရာ၊ ငယ်ငယ်(ကျောက်ဆည်) ၊ ညိုပြာဝိုင် တို့ မျိုးဆက်နောက်က ကပ်လိုက်လာတဲ့ မှူးဒါရီ၊ မယ်ယွေး၊ နေအေဒီ၊ ချိုပိန်းနောင်တို့ မျိုးဆက်တွေ။
              အဲဒီ မျိုးဆက်သစ် ကဗျာဆရာမတွေ အမည်စာရင်းထဲမှာ အခု နောက်ထပ်နာမည်အသစ်တစ်ခု ထပ်တိုးလာပါပြီ။
              သူ့ ကဗျာနာမည်က မိငြိဏ်းခက်တဲ့။
              မိငြိဏ်းခက်ရဲ့ ကဗျာအရေးအသားအများစုက စိတ်အာရုံခံစားမှုနဲ့ အသိအမြင်တွေကို ဖော်ထုတ်ပြတဲ့ Expression ကဗျာမျိုးတွေ ဖြစ်ပြီး စကားပြေဆန်တဲ့ ၀ါကျရှည်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ သူ့ ကဗျာတွေက အကြောင်းအရာတစ်ခုတည်းကို ဦးတည်ရေးဖွဲ့တဲ့ ခေတ်ပေါ်ကဗျာဟန်တွေ ဖြစ်ပေမဲ့ " နာဖျားမှုအကျဉ်းသား " နဲ့ " Monopoly " လို အရေးအသားမျိုးတွေမှာ အကြောင်းအရာတစ်ခုထက်ပိုတဲ့၊ ဒြပ်မဲ့ဆန်တဲ့ အတွေးအမြင်မျိုးတွေ ပါဝင်တာလည်း တွေ့ရပါတယ်။
              " ငါး " ကဗျာမှာ ယောက်ျားသဘာဝကို ဆန့်ကျင်အားပြိုင်နေတဲ့ မိန်းမတစ်ယောက်ရဲ့ ဗီဇသဘာဝကို ငါး/ အမျှားခံရခြင်း/ ပြန်လည်ဆော့ကစားခြင်း သဘောတွေပါအောင် သင်္ကေတပြု ရေးဖွဲ့ထားတာ တွေ့ရပါလိမ့်မယ်။
             "   ကျွန်မက ခလုတ်တစ်ခု၊ ရှင့်ကို လမ်းတစ်ခု ခင်းပေးထားခဲ့တယ်၊ ကျွန်မရဲ့ နာကျင်မှုတွေကို ရှင်တို့ သိပ်လိုချင်နေတယ်ဆိုရင် အခု ကျွန်မ နာကျင်မှုတွေ ထုပ်ပိုးပြီး လက်ဆောင်အဖြစ် ပို့ပေးလိုက်မယ် " ဆိုတဲ့ အရေးအသားတွေက ကဗျာဖတ်သူတွေကို ဆွဲဆောင်ဖြားယောင်းမှုတစ်ခုခု ပြုနေသလိုပါပဲ။
             " နာဖျားမှု အကျဉ်းသားဟာ ခေတ်ပေါ်လူသားမိန်းမတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်နာကျင်မှုကို ကျစ်လျစ်တဲ့ ဒြပ်မဲ့စာသားတွေနဲ့ ရေးဖွဲ့ထားတဲ့ Expression ကဗျာတစ်ပုဒ်ပါ။
              လူသားတွေအတွက် နာကျင်မှုဆိုတာ ဘုရားက ပေးတဲ့ ဆုလာဘ်တစ်ပါးပါပဲ  ဆိုတဲ့ Existentialist ဆန်တဲ့ အတွေးအခေါ်တွေ၊ လူရယ်လို့ ဖြစ်လာကတည်းက ကျွန်တော် သစ္စာတရားကို စူးစူးနစ်နစ် နာကျည်းမိတယ် ဆိုတဲ့ အမှန်တရားအပေါ် အယုံအကြည်ကင်းမဲ့လေ့ ရှိတဲ့ ခေတ်သစ်လူသားတစ်ယောက်ရဲ့ အာရုံခံစားမှု အမြင်တွေကိုလည်း တွေ့ရပါလိမ့်မယ်။
              " ဘာနဲ့ မြှောက်မြှောက် ဘယ်လိုပဲ ခေါက်ချ ခေါက်ချ ကဗျာတစ်ပုဒ်အပြင် ဘာမှ ထွက်ကျမလာဘူး " ကဗျာရှည်ဟာ မိငြိဏ်းခက် လက်ကုန်ဆန့်ထုတ်ရေးဖွဲ့ထားတဲ့ ကဗျာတစ်ပုဒ်လို့ ယူဆနိုင်ပါတယ်။ " ကဗျာ " လို့ Nickname ပေးထားတဲ့ လူငယ်တစ်ယောက်အကြောင်း အက်ဆေးဆန်ဆန် Narrative Style နဲ့ ရေးသားထားပေမဲ့ ကဗျာတစ်ပုဒ်လို အရသာမျိုးလည်း ပေးနိုင်တဲ့ အရေးအသားတွေပါ။ နမူနာစာသားတွေ ထုတ်ပြတာထက်စာရင် သူ့ ကဗျာစာသားတွေထဲ ကဗျာဖတ်သူကိုယ်တိုင် စီးမျောနစ်ဝင်ခံစားကြည့်တာက အရသာ ပိုရှိနိုင်လိမ့်မယ် ထင်ပါတယ်။
              " Monopoly " က စာသားဖွဲ့စည်းပုံ သေသပ်ကျစ်လျစ်တဲ့၊ မိငြိဏ်းခက်ရဲ့ ရေးဟန် စကားပြေဆန်တဲ့ ၀ါကျ/ လိုင်းအရှည်တွေနဲ့ ကွဲပြားခြားနားပြီး စာသားအပိုင်းအစ( Fragments ) တွေနဲ့ စမ်းသပ်ရေးဖွဲ့ထားတဲ့ ကဗျာတစ်ပုဒ်ပါ။ " အတ္တပုံဆောင်ခဲများ " ဟာ ထူးအိမ်သင်ရဲ့ သီချင်းခေါင်းစဉ်ဖြစ်ပြီး Concrete Poetry ရဲ့ အရိပ်အငွေ့နည်းနည်းတွေ့ရ၊ " အဲဒီနေ့ကတည်းက..... " နဲ့ " မိုးချုပ်လို့ မှောင်တာလား..... " ကဗျာနှစ်ပုဒ်မှာ ရေးဟန်နဲ့ တင်ပြပုံ ဆင်တူယိုးမှား။
               မိငြိဏ်းခက်ကို " အတွေးရဲ အရေးရဲ Female Expressionist ကဗျာဆရာမ " လို့ ကိုယ်ပိုင်အမှတ်အသား နာမည်တပ်ပေးနိုင်တဲ့ ကဗျာကတော့ " ရေရွတ်ရင်း..... ရယ်/ မောရင်း စက္ကန့်တံတွေ ပြေးလွှားရင်း " ဆိုတဲ့ အရေးအသားပဲ ဖြစ်ပါတယ်။ မိငြိဏ်းခက်က ကျွန်မ ချစ်ခြင်းမေတ္တာအကြောင်း မပြောတော့ဘူးတဲ့။ ဦးနှောက်ထဲပိုးဝင်နေတဲ့ ရှင့် ချစ်ခြင်းမေတ္တာ အကြောင်းကြီးလည်း မကြားချင်တော့ဘူးတဲ့။
              ရုပ်ဝတ္ထုအသစ်အဆန်းတွေနဲ့ နည်းပညာတွေ ပေါက်ကွဲတိုးတက်နေတဲ့ ခေတ်ကာလကြီးထဲမှာ ချစ်ခြင်းမေတ္တာ၊ ဥာဏ်ပညာနဲ့ အမှန်တရားလို စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေ ပြိုကွဲလျော့နည်းလာနေတယ်၊ အဲဒါတွေအပေါ် လူငယ်တွေရဲ့ သဘောထားအမြင်တွေ ပြောင်းလဲနေတယ် လို့ Noemodernist တွေ ထပ်တလဲလဲ သတိပေး ရေးသားခဲ့ဖူးကြပါတယ်။ အဲဒီလို ခေတ်သစ် လူမှုအမှန်တရားတွေ မိငြိဏ်းခက်ရဲ့ ကဗျာထဲမှာ ပါဝင်နေတာ တွေ့ရပါတယ်။
              " ရှင်သိလား ချစ်ခြင်းကြောင့် ကိုက်တတ်တဲ့ ဗိုင်းရပ်စ်က စိတ်မှာ အလားဂျစ်ဖြစ်ရင်
                အိုင်တီ ကုထုံးသစ်နဲ့ မျိုးဆက်ခြားလို့ ရနိုင်ကောင်းမယ်လို့ရော ရှင်ထင်လား "
              " ရှင့် ချစ်ခြင်းမေတ္တာ မြောင်းပုပ်ကြီးထဲ လိင်စိတ်တွေပဲ စီးဆင်းနေသလားလို့ "
              အဲဒီလို အရေးအသားတွေမှာ ဖိုမလိင်ဆက်ဆံရေးအပေါ် ပုံမှန်မဟုတ်တဲ့ အဆိုးမြင် ထိတ်လန့်မှု၊ လိင်ကိစ္စပါဝင်တဲ့ ချစ်ခြင်းမေတ္တာအပေါ် အယုံအကြည်ကင်းမဲ့မှုတွေကို မိန်းမတစ်ယောက်အနေနဲ့ ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြထားတာ ဖတ်ရပါလိမ့်မယ်။
               အဲဒီလို အရေးအသားတွေကြောင့်လည်း မိငြိဏ်းခက်ကို အတွေးရဲ အရေးရဲ Female Expressionist ကဗျာဆရာမတစ်ယောက်လို့ အမည်တံဆိပ် သတ်မှတ်ပေးနိုင်တာ ဖြစ်ပါတယ်။
ရွှေကြယ်မိုး ( သို့မဟုတ်) သူ့ အသိဥာဏ်သူ Existentialist ကဗျာဆရာတံဆိပ် ကပ်ထားတဲ့ လူငယ်
           ရွှေကြယ်မိုး၊ အသက် ၂၀၊ ဒသနိကဗေဒ အထူးပြု ဒုတိယနှစ် ကျောင်းသား၊ အဖြူရောင် စတစ်ခ်ကော်လာ လက်ရှည်၊ ကချင်ပုဆိုး၊ ပါဝါမပါတဲ့ ကျွဲကော်ကိုင်းမျက်မှန်နဲ့ ဟစ်ဟော့ပ်ဦးထုပ်ကို တွဲဖက်ဝတ်ဆင်တတ်သူ၊ မာတင်ဟိုက်ဒက်ဂါ၊ ယန်းပေါလ်ဆာ့ထ်တို့ရဲ့ Existentialism အတွေးအခေါ်တွေနဲ့ အဲလ်ဘတ်ကမူးရဲ့ ၀တ္ထုအရေးအသားတွေကို နှစ်သက်စွဲလမ်းသူ၊ ဘာသာရေးကိုးကွယ်မှု မရှိ၊ ကျောင်းသားသမဂ သင်္ကေတ ခွပ်ဒေါင်းပုံ ရင်ထိုးတံဆိပ်ကို ဖျင်နီကြမ်း ဘေးလွယ်အိတ်မှာ အမြဲထိုးထားလေ့ ရှိသူ။
            ရွှေကြယ်မိုးရဲ့ " ဂဂါင်္ရဲ့ချစ်သူ.... မိဧရာဝတီ " ကဗျာဟာ ဧရာဝတီမြစ်အကြောင်းကို သမိုင်း၊ နိုင်ငံရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအမြင်တွေရောယှက်ပြီး တာရာမင်းဝေရေးဟန်နဲ့ ရေးသားထားတဲ့ ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။ ရွှေကြယ်မိုးရဲ့ ကဗျာအရေးအသားအများစုက အချစ်ရေးနဲ့ ပတ်သက်တဲ့ ပုဂလိကစိတ်ခံစားမှုနဲ့ အသိအမြင်တွေကို အဓိကအကြောင်းအရာပြု ရေးဖွဲ့ထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို စာသားတွေကြားထဲမှာပဲ နိုင်ငံရေးနဲ့ လူမှုဝန်းကျင်အပေါ် အမြင်၊ Existentialist ဆန်တဲ့ အယူအဆတွေနဲ့ သူ့ကိုယ်ပိုင်အတွေးအခေါ်တွေ ရက်ဖောက်ရေးဖွဲ့ထားတာ တွေ့ရပါတယ်။
             " ကိုယ်တို့ လိုအပ်နေတာ အချစ်မဟုတ်ဘူး " ကဗျာမှာ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးနဲ့ အလှတရားတစ်ခု ဖြစ်တဲ့ ချစ်ခြင်းမေတ္တာကို ဆန့်ကျင်ငြင်းဆန်ထားတဲ့ ရုပ်ဝါဒီဆန်ဆန် အတွေးအမြင်တွေကို သတိထားမိကြပါလိမ့်မယ်။ ရွှေကြယ်မိုးက " အချစ်ပဲ ဖြစ်ဖြစ် မေတ္တာပဲ ဖြစ်ဖြစ် လိင်ဆက်ဆံခြင်း/ စီးကရက်ဖွာခြင်းလောက် အရသာရှိမှာ မဟုတ်ဘူး" တဲ့။ လူငယ်တွေ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ခေတ်စနစ်လူမှုဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ လူမှုအဖြစ်အပျက်တွေက သူတို့ရဲ့ အတွေးအမြင်တွေကို ရိုက်ခတ်ပြောင်းလဲသွားစေတယ်ဆိုတာ လူမှုရေးပညာရှင်တွေ အပါအ၀င် ခင်ဗျားတို့ အားလုံး သတိပြုမိသင့်ကြပါတယ်။
              " တိုင်းပြည်အလင်းမပွင့်သလိုပဲ ဘာဆို ဘာမှ မမြင်ရတဲ့ ဘ၀တွေက အများကြီး။ တစ်ခုခုကို ယုံကြည်ရမယ်ဆိုရင်တော့ ဒဏ်ရာဆိုတာ ရှိလာမှာပဲ။ ကိုယ်လုံးပေါ်မှန်ထက် မျက်စိတွေက ပို အရေးပါတယ်။ စိတ်ကူးတချို့က လူ့အဖွဲ့အစည်းကို ဘောင်ခတ်ပစ်လိုက်ကြတယ် "
              အဲဒီလို အရေးအသားတွေဟာ ရွှေကြယ်မိုးရဲ့ အချစ်ကဗျာတွေထဲက ခင်ဗျားတို့ တူးဖော်ရရှိနိုင်မယ့် ခေတ်စနစ်အပေါ် ဝေဖန်သုံးသပ်မှုနဲ့ ပုဂလိကအတွေးအမြင်တွေပဲ ဖြစ်ပါတယ်။
              " စီးကရက်တွေကိုပဲ အသေခံရွေးလိုက်တယ် " ကဗျာမှာ ရသတဏှာအပေါ် စွဲလမ်းတပ်မက်မှု၊ ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ကူးသာယာမှုနဲ့ Exist အယူအဆတွေ ရောနှောရေးသားထားတယ်။
              ယုံကြည်ချက် တော်တော်များများနဲ့ ဝေးနိုင်ခဲ့တယ်၊ စီးကရက်နဲ့တော့ အဝေးမခံနိုင်။ အနာဂတ်မသိ/ မရှိ ဒဏ်ရာမကင်းတာကိုက လူသားဆန်ခြင်းတစ်မျိုးပဲ။ ပေါင်တံဖြူဖြူလေးတွေကို ကြည့်နေရင်း တစ်ရှိုက်ပြီးတစ်ရှိုက်။ တွန်းတင်လိုက်ရတဲ့ ကျောက်တုံး ပြန် လှိမ့်ချလိုက်ရပြန်၊ ငါလည်း စီစီဖတ်ပဲ။ ဒီမှာ ဘ၀ရဲ့ ဒဏ်ခံစီးကရက်များ လှလို့ ပလို့။
              အဲဒါတွေက ရွှေကြယ်မိုးရဲ့ ကဗျာတွေထဲက ကဗျာဖတ်သူတွေ သတိပြုမိလောက်စရာ အရေးအသားတချို့ပါ။
              ရွှေကြယ်မိုးရဲ့ အရေးအသားအများစုက စကားပြေဆန်ပြီး စာသားနဲ့ အနက်အဓိပ္ပာယ် ဖောင်းပွမှု အနည်းငယ်ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ စာသားတွေ ကြားထဲမှာပဲ နိုင်ငံရေး အခင်းအကျင်းနဲ့ လူ့အဖွဲ့အစည်းအပေါ် အမြင်တွေ၊ ပုဂလိကယုံကြည်ခံယူချက်နဲ့ ဘ၀အမြင်တွေ ရက်ဖောက်ရေးဖွဲ့လေ့ ရှိတယ်လို့ ဆိုနိုင်ပါတယ်။
              ဒီ အချက်ကို " ဂင်္ဂါချစ်သူ " ကဗျာထဲက " နင့် သိက္ခာတွေ နင့်ကိုယ်ကျင့်တရားတွေကို နိုင်ငံကျော်ဈေးကွက်ကြီးထဲ ပို့လိုက်ကြပေါ့ " ဆိုတဲ့ စာသား၊ " အသက်ဆက်ရ်ျရသော/ မရသော... .... " ကဗျာထဲက " နွမ်းဖျော့နေတဲ့ အတွေးတွေကို သွေးသစ်လောင်းဖို့ဆိုတာ ငါတို့ရဲ့ ဘ၀ ရှင်သန်ခြင်းပဲ " ဆိုတဲ့ စာသားနဲ့ " ကံကြမ္မာဆိုတာကို လူညံ့တွေကသာ ယုံကြည်ကြကြောင်း မင်းကို ယုံခဲ့စေချင်တယ် " ဆိုတဲ့ စာသားတွေက ဖော်ပြပေးနေပါတယ်။
မြေနံ့ ( သို့မဟုတ် ) Ms. Sylvia Myay Nant
             မြေနံ့၊ အသက် ၂၁ ၊ ကိုယ်ခန္ဓာ သေးသေးသွယ်သွယ် ခေတ်ပေါ်မိန်းကလေး၊ လျှို့ဝှက်တိတ်ဆိတ်ငြိမ်သက်သူ၊ သူ့ အရေးအသားတွေက Sylvia Plath နဲ့ ခပ်ဆင်ဆင်။ ကဗျာရေးဖော် ဘော်ဒါရင်းတွေက သူ့ကို Sylvia Myay Nant လို့ သူ မသိအောင် Nick ပေးထားတယ်။ Facebook အကောင့်နာမည်က Sofar Awayfrom You.
            Facebook မှာ သာမန်မိန်းကလေးတွေ ရှော့ခ်ဖြစ်သွားတတ်တဲ့ Update Status တွေကို သူက Tomboy လို အထာမျိုးနဲ့ Like လုပ်လေ့ ရှိတယ်။ လျှို့ဝှက်နားလည်ရခက်တဲ့ မျက်နှာသွင်ပြင်ရဲ့နောက်ကွယ်နဲ့ သူ့အရေးအသားတွေမှာ စိတ်ပိုင်းဆိုင်ရာ ကိုက်ခဲအေးစက်မှုနဲ့ ဆန့်ကျင်ဘက် ပဋိပက္ခတွေကို အထင်းသားမြင်နေရပေမဲ့ အဲဒီ အမှန်တရားကို မသိချင်ယောင်ဆောင် ငြင်းဆန်တတ်လေ့ ရှိတယ်။
             " ကျွန်မကို ကော်ဖီဖျော်ခိုင်းပါ " ဆိုတဲ့ ကဗျာမှာ Sylvia Plath ရဲ့ တွေးဟန် ရေးဟန်တွေ အရိပ်သြဇာလွှမ်းမိုးနေတာ သိသိသာသာမြင်ရတယ်။ အသက်ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်လို့ အချစ်ရေးခံစားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်ကိုက်ခံမှုတွေကို Expressive Modern ဆန်ဆန် အရေးအသားတွေနဲ့ ရင်ဖွင့်ထုတ်ဖော်ပြတတ်တဲ့ လူငယ်ကဗျာဆရာမလေး။
             " ရှင်ဟာ ကျွန်မကို နိုးထစေတဲ့ စိတ္တဇ သီချင်းလေး တစ်ပုဒ်လည်း ဖြစ်ရဲ့
               တစ်နှစ်ထက် တစ်နှစ် ရှင်ဟာ ပိုမို နုပျိုလာရင်းနဲ့ ကျွန်မကို အိုမင်းစေတယ် "
             " ရှင့်ရဲ့ အစိမ်းရောင် ဖြစ်မှုတွေနဲ့မှ  အော်ဟစ်ချင်ပေမဲ့
               ကျွန်မ ရှင့်ရဲ့ သေမင်းအဖြစ်ပဲ လိုချင်တယ် "
              အဲဒီလို အရေးအသားတွေမှာ ကျားသဘာဝဆီ တိမ်းညွတ်အလျှော့ပေးနေရတဲ့ မိန်းမသားဘ၀ခံစားမှုနဲ့ ဆန့်ကျင်အန္တရာယ်ပေးလိုတဲ့ မသိစိတ်အခြေအနေတွေ ပဋိက္ခအသွင်ဆောင် ပေါ်လွင်နေပါတယ်။
              " ကိုယ့် လက်မှာ မိုးတွေ ရွာနေတယ် " ကဗျာမှာ အတွင်းစိတ်အခြေအနေကို ကျစ်လျစ်သပ်ရပ်တဲ့ စိတ်ခံစားမှုဖော်ပြစကားလုံးတွေနဲ့ ရေးသားထားတာ တွေ့ရတယ်။ လူတစ်ယောက်နဲ့ပဲ ကိုယ့်ရဲ့ ချစ်ခြင်း ကုန်ခန်းပြီးနောက်၊ မြွေတစ်ကောင် ကိုယ့်ကို စိုက်ကြည့်နေပုံက သွေးနွေးနေလွန်းလို့။ အသက်ကယ်ဆေးပုလင်းတွေတောင်မှ ကိုယ်အဖုံးဖွင့်လိုက်တော့ ဆေးမှုန့်တွေဆီကနေ မီးခိုးတွေပဲ လိမ့်တက်လာတယ်လေ တဲ့။ ချစ်ခြင်းအပေါ် စိတ်အစွဲအလမ်းကြီးမားမှု၊ ဆာရီယယ်ဆန်တဲ့ အတွေးစဉ်တွေနဲ့ အာရုံမှောက်မှားမှု သဘောတွေပါဝင်နေတဲ့ မြေနံ့ရဲ့ အရေးအသားတွေ။
             မြေနံ့ဟာ တိတ်ဆိတ်လျှို့ဝှက်ပြီး သိနားလည်ရခက်ခဲတဲ့ ကဗျာဆရာမတစ်ယောက် ဖြစ်တယ်ဆိုတာကို " ဆိုင်ယာနိုက်လျှာ " နဲ့ " ၁၈ ခါမြောက် " ကဗျာစာသားတွေကို ဖတ်ရှုကြည့်ရင် ခင်ဗျားတို့ ရိပ်မိနားလည်လာနိုင်ပါလိမ့်မယ်။ ဆိုင်ယာနိုက်လျှာ တဲ့။ ဆွဲဆောင်ဖြားယောင်းနိုင်စွမ်းတဲ့ ကဗျာဘာသာစကား သုံးစွဲမှုတစ်ခုပေါ့။ ရှုပ်ထွေးနေတယ်ဆိုတာ ခံစားမှုအစစ်တွေလေ ၊ နင် နားမလည်တာက ငါ့ စဉ်းစားမှုတွေပဲတဲ့။ အဲဒီစာသားတွေဟာ မြေနံ့ရဲ့ အတွင်းစိတ် စရိုက်သဘာဝကို တစ်ပိုင်းတစ်စ ဖွင့်လှစ်ပြနေတဲ့ အရေးအသားတွေ။
             " ၁၈ ခါမြောက် " နဲ့ " အချိန်စေ့သွားပြီ " ကဗျာတွေမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဓာတုပစ္စည်းတွေ သုံးစွဲမှု အတွေ့အကြုံ၊ အာရုံခံစားမှုနဲ့ အတွေးစဉ်တွေ လွင့်မျောနေခြင်း၊ အထီးကျန်ဆန်မှုနဲ့ သေခြင်းတရားအပေါ် စိတ်တိမ်းညွတ်မှု လက္ခဏာတွေ ပါဝင်နေတာ ခင်ဗျားတို့လည်း သတိပြုမိကြလိမ့်မယ် ထင်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ခေတ်ပေါ်မိန်းကလေးတစ်ယောက် သေခြင်းတရားဆီ အာရုံတိမ်းညွတ်မှု ဖြစ်တာဟာ ခေတ်ပေါ်လူငယ်တွေရဲ့ ဒီပရက်ရှင်လက္ခဏာ၊ Sylvia Plath ရဲ့ သြဇာလွှမ်းမိုးမှု၊ မူးယစ်ဆေးဝါးယဉ်ကျေးမှုရဲ့ နောက်ဆက်တွဲ Side Effect ၊ ဒါမှ မဟုတ် ကျွန်တော်တို့ မသိနိုင်တဲ့ တခြားလျှို့ဝှက်သော အကြောင်းအရာ စသဖြင့် ဖြစ်နိုင်ခြေ အမျိုးမျိုး ရှိနေနိုင်ပါတယ်။ ဒီနေရာမှာ အဓိက ပြောချင်တာက လူငယ်တွေရဲ့ အသိအမြင်/ အတွေးအခေါ် ပြောင်းလဲမှုတွေနဲ့ လူငယ်တွေရဲ့ ခေတ်ပေါ်လူမှုဘ၀ဟန်ပန် အပြောင်းအလဲတွေကို ကဗျာစာသားတွေဆီကတစ်ဆင့် ကဗျာဖတ်သူတွေ အာရုံဖမ်းဆုပ် ခံစားမိစေဖို့ပါ။
              ကျွန်တော့် အမြင်ပြောရရင် မြေနံ့ဟာ အတွင်းစိတ်အာရုံခံစားမှုနဲ့ အာရုံမှောက်မှားမှုတွေကို တိကျသပ်ရပ်တဲ့ စကားလုံးရွေးချယ်မှု၊ Expressive Modern ဆန်တဲ့ အရေးအသားဟန်ပန်နဲ့ ကဗျာရေးဖွဲ့လေ့ ရှိတဲ့ ကဗျာဆရာမတစ်ယောက် ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
တယ်ရီ ( သို့မဟုတ် ) တာရာမင်းဝေ လောင်းရိပ်အောက်က ထွက်ပြေးလွတ်မြောက်လာသူ
တယ်ရီဟာ မူဆယ်က လူငယ်၊ အွန်လိုင်းကဗျာဆရာတစ်ယောက်လို့ သိရတယ်။ လူ မမြင်ဖူး၊ အသက်အရွယ် အတိအကျမသိ။ www.poemscorner.com ကဗျာဝက်ဘ်ဆိုက်မှာ ၀ါသနာအရ ကဗျာတွေ ပါဝင်ရေးသားနေသူ။ သူ့ ၀န်ခံပြောဆိုချက်တစ်ခုအရ တာရာမင်းဝေရဲ့ " မီးတောက်ရစ်သမ် " ကဗျာ အနုပညာဝိညာဉ် အပူးကပ်ခံရပြီး ကဗျာကို အရူးအမူးစွဲလမ်းခဲ့တယ်လို့ သိရတယ်။
             သူ့ ဖွင့်ဟ၀န်ခံချက် အတိုင်းပါပဲ။
             " ငါ မပြောဘူးလား မိယမုံ...... " ကဗျာမှာ တာရာမင်းဝေ၊ မင်းခိုက်စိုးစန်တို့ရဲ့ ကဗျာရေးဟန် အရိပ်အငွေ့တွေ သြဇာလွှမ်းမိုးနေတာ တွေ့ရပါတယ်။ ကဗျာဖတ်အတွေ့အကြုံနုနယ်တဲ့ အသက် ၁၆နှစ်နဲ့ ၂၀ ကျော် လူငယ်တွေအပေါ် တာရာမင်းဝေနဲ့ မင်းခိုက်စိုးစန်တို့ရဲ့ စကားလုံး အဖွဲ့အနွဲ့အလှအပနဲ့ သာမန်ထက်ထူးခြားတဲ့ စဉ်းစားတွေးတောပုံတွေ သြဇာလွှမ်းမိုးမှု အတော်ရှိတာ အသိအမှတ်ပြုရပါမယ်။ လူငယ်တွေနဲ့ အမြဲထိတွေ့နေတဲ့ ကျွန်တော့် အတွေ့အကြုံအရ အဲဒီ လူငယ်တွေဟာ အခြားခေတ်ပြိုင်ကဗျာအရေးအသားတွေကို ထိတွေ့လေ့လာမိကြတဲ့အခါမှာ သူတို့ရဲ့ ကဗျာအပေါ် ရှိရင်းစွဲအသိအမြင်တွေ ပြောင်းလဲသွားပြီး ခေတ်ပြိုင်ကဗျာဟာ ကဗျာဘာသာစကားသုံးစွဲမှုနဲ့ ထူးခြားတဲ့စဉ်းစားတွေးတောပုံတွေထက် ပိုမိုကျယ်ပြန့်တဲ့ နယ်ပယ်ကြီးတစ်ခု ဖြစ်တယ်ဆိုတာ သိသွားကြတာ များပါတယ်။
              တယ်ရီဟာလည်း အဲဒီလို ကဗျာအသိအမြင် ပြောင်းလဲကျယ်ပြန့်လာတဲ့ လူငယ်ကဗျာဆရာတစ်ယောက် ဖြစ်ပုံ ရပါတယ်။
              " မိယမုံ" ကဗျာ ( ၂၀၁၁ ) မှာ တာရာမင်းဝေနဲ့ မင်းခိုက်စိုးစန်တို့ရဲ့ ကဗျာရေးဟန်၊ စကားလုံးရွေးချယ်သုံးစွဲပုံနဲ့ လေယူလေသိမ်းတွေကို တွေ့ရပေမဲ့ ၂၀၁၂-၂၀၁၃ အတွင်း အရေးအသားတွေမှာ အဲဒီ အရိပ်သြဇာလွှမ်းမိုးမှုအောက်က လွတ်မြောက်လာတာ သတိပြုမိပါတယ်။
               တယ်ရီရဲ့ " ချုပ်ရိုး ပြုတ်သွားတဲ့ တိမ် " ကဗျာကို ကြည့်ပါ။
               ဒုက္ခကို မမြင်ဖူးသူဟာ ဘုရားသခင်ရဲ့ လျစ်လျူရှုခြင်းကို ခံရသူပဲ၊ ငွေမမြင်ရရင် သေကြောင်းကြံချင်တဲ့ ရောဂါ တကယ်ရှိတယ်၊ အလှအပဟာ သူ့ဘ၀မှာ အရေးအကြီးဆုံးလို့ ပြောပြောနေတဲ့ မိန်းမအတွက် ရေဖြန်းဖွင့်ထားပါ၊ နတ်ပြည်နဲ့ ငရဲဟာ မှန်တစ်ချပ်ပဲ ခြားတယ်။
               အဲဒီလို အရေးအသားနဲ့ လေယူလေသိမ်းတွေမှာ တယ်ရီရဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရေးဟန်တွေ ဖြစ်လာတာ တွေ့ရပါလိမ့်မယ်။
               တာရာမင်းဝေ၊ မင်းခိုက်စိုးစန်တို့ရဲ့ ကဗျာရေးဟန်ကို စကားလုံး အဖွဲ့အနွဲ့ အလှအပ ဦးစားပေးတဲ့ Semi-Modern ကဗျာရေးဟန်လို့ ခေတ်ပြိုင်ကဗျာဆရာ အများစုက သတ်မှတ်လေ့ရှိကြပါတယ်။ အဲဒီလောင်းရိပ်အောက်က လွတ်မြောက်လာတဲ့ တယ်ရီရဲ့ ကဗျာအရေးအသား အများစုက ပင်မရေစီး ခေတ်ပေါ်ကဗျာရေးဟန်တွေပါ။ " ထွက်ပေါက်၊ ၀င်္ကပါ ၊ မှန်ထဲက ခွဲစိတ်ခန်း " ကဗျာမှာတော့ ကဗျာရေးသူရဲ့ အမြင်တွေနဲ့ မိန်းကလေးတစ်ယောက်ရဲ့ အမြင်တွေကို ရောနှောရေးဖွဲ့ပြီး ခေတ်ပေါ်ကဗျာအစဉ်အလာဖြစ်တဲ့ တစ်ယောက်တည်းပြောစကားပုံစံ တင်ဆက်မှုကို ချိုးဖျက်ထားတာ တွေ့ရပါတယ်။
               " စိတ္တဇ၊ ရုပ်" ကဗျာမှာတော့ ကဗျာဘာသာစကား( နိမိတ်ပုံ ) သုံးစွဲမှုနဲ့ ဆာရီယယ်ဆန်တဲ့ အရေးအသားတချို့ သုံးစွဲထားတယ်။ လမ်းမပေါ်က လူစီးကြောင်းထဲမှာ တစ်ယောက်တည်း တိတ်ဆိတ်နေသလို၊ ပန်းချီကားထဲက အရောင်တွေကြားမှာ တစ်ရောင်တည်း တိတ်ဆိတ်နေသလိုတဲ့။ ရုပ်ဝတ္ထု၊ တိုက်တာအဆောက်အအုံ၊ လူဦးရေပေါက်ကွဲမှု၊ မြို့ပြအခြေစိုက်ပြောင်းရွှေ့မှုနဲ့ ထွေပြားမြားမြောင်တဲ့ Social Issue အမျိုးမျိုးအကြား လူအုပ်ကြီးထဲ ရောနှောပျောက်ဆုံးနေတဲ့ တစ်သီးပုဂလလူသားရဲ့ ကိုယ်ပိုင်အမှတ်အသားမှိန်ဖျော့မှုကို ဖော်ပြနိုင်တဲ့ တယ်ရီရဲ့ စာသားတွေ ဖြစ်ပါတယ်။
               " ရေခွက်ထဲ ကူးနေတဲ့ ငါးမန်းတွေကြောင့်
                 သောက်လက်စ လက်တွေ လွတ်ထွက်သွားတာချည်းပဲ "
               " ညတိုင်း တံခါးကြားကနေ တစ်ယောက်တည်း ချောင်းကြည့်တာ ခံနေရတယ် "
                                                                        ( စိတ္တဇ၊ ရုပ် ကဗျာမှ )
               " နည်းပညာအသစ် လူနေမှုအသစ်
                 ကြောက်ရွံ့မှုအသစ် မလုံခြုံမှုအသစ် "
                                                                        ( အိပ်မွေ့မိနေတဲ့ ထောင်ချောက် ကဗျာမှ )
               အဲဒီ စာသားတွေဆီမှာ ဆာရီယယ်ဆန်တဲ့ အာရုံမှောက်မှားမှု၊ ခေတ်သစ်လူသားတစ်ယောက်ရဲ့ လူမှုဝန်းကျင်အပေါ် သံသယနဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုမှုတွေ ပါဝင်နေတာ တွေ့ရပါတယ်။ အဲဒီလို အကြောင်းအရာနဲ့ စာသားရွေးချယ်မှုတွေကြောင့်ပဲ တယ်ရီဟာ တာရာမင်းဝေရဲ့ အနုပညာလောင်းရိပ်အောက်က ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ်ကဗျာဆရာတစ်ယောက် ဖြစ်တယ်လို့ ပြောနိုင်တာ ဖြစ်ပါတယ်။
ခေတ်ပြိုင်ကဗျာများ
               မိုဃ်းဇက်သော်၊ မိငြိဏ်းခက်၊ ရွှေကြယ်မိုး၊ မြေနံ့၊တယ်ရီ တို့ လူငယ် ၅ ယောက် က သူတို့ရဲ့ ကဗျာစာအုပ်ကို ခေတ်ပြိုင်ကဗျာများလို့ ခေါင်းစဉ်တပ်ပေးထားပါတယ်။ ကျွန်တော့်အမြင်ပြောရရင် ခေတ်ပြိုင်ကဗျာဆိုတဲ့ စကားရပ်ဟာ ပင်မရေစီးခေတ်ပေါ်ကဗျာအပါအ၀င် နီယိုမော်ဒန်၊ အယ်လ်ပီ၊ စကားပြေကဗျာ၊ ကွန်ဆက်ခြူရယ်၊ဖလာ့ဖ်၊ စမ်းသပ်ကဗျာစတဲ့ ကဗျာအမျိုးအစားသစ်တွေကို လွှမ်းခြုံခေါ်ဝေါ်တဲ့ ကဗျာပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါတယ်။ ခေတ်ပြိုင်ကဗျာဟာ ကဗျာအမျိုးအစားတစ်ခု မဟုတ်ဘဲ ခေတ်ပေါ်ကဗျာနဲ့ ခေတ်ပေါ်ကဗျာလွန် အမျိုးအစားသစ်တွေကို ယေဘုယျသဘောခေါ်ဝေါ်တဲ့ အသုံးအနှုန်းတစ်ခုသာ ဖြစ်ပါတယ်။ အခု " ဂြိုဟ်ပျက်အမှတ် ၂၀၁၃ ဆီက အရေးပေါ်သတင်းပေးပို့ချက် " ကဗျာစာအုပ်မှာ ခေတ်ပေါ်ကဗျာနဲ့ နီယိုမော်ဒန်ကဗျာတွေ ပါဝင်တဲ့အတွက် " ခေတ်ပြိုင်ကဗျာများ " လို့ ခေါင်းစဉ်တပ်တာ ဘာပြသနာမှ မရှိ၊ အေးဆေးပဲ လို့ ပြောချင်ပါတယ်။
              ချစ်ခြင်းမေတ္တာဖြင့်
ေ အာ င် ရ င် ငြိ မ်း
              ၁ ၀ မ တ် ၂ ၀ ၁ ၃
              ရ န် ကု န် 
ဘာသာစကားသစ်ပင်မှာ လူတို့  အလွယ်တကူ မဆွတ်ခူးနိုင်တဲ့ အသီးအပွင့်တွေ
အရေပြားထဲ အရေးပေါ်ထိုးစိုက် သတင်းမီးကျည်စတွေ တငွေ့ ငွေ့  ဝါစိမ်းနီ live show နဲ့ မြို့ကြီး
လောက်များ ဗိုင်းရပ်စ်များ ပိုးမွှားများ   ကူးစက်အခင်းအကျင်းအသစ်ဟာ    အသင့်အနေအထား
ညထဲ   ခေါက်ထည့်ထားတဲ့ညကို  ညက   အတင်း အဓမ္မ   အတွင်းခံလုပ်   ဝတ်သွား     ပွဲတော်
အသားစိုင်တွေက   အသားဆိုင်ရှိရာ ဘေးကိုဘေးကို    ခေါင်းလောင်းချိုချိုလေးက  ဘယ်ဈေးလဲ
လျော့ရဲပျော့ပြဲကျောက်တုံး  တောင့်တင်းမာခဲရယ်သံ  လရောင်ဟာ  လေဖြတ်   အကြောသေ  ရွဲ့ 
စောင်း ဒရွတ်တိုက် စိတ်အက်ကြောင်းထဲ မြောင်းပုပ်ကြီးစီးဝင် ခန္စာကိုယ်ကြီးသည်အဆီယစ်လျှက်
ရှိရာမှ  အသက်ရှူသံကို  ရုတ်တရက်  ခလုတ်ပိတ်ချလိုက်၏   အေဘီသွေးရှိလား   အေ ဘီ  သွေး
အစွဲအလမ်းဟာ လမ်းပေါ်လိုင်းပြောင်းပြန်  wi-fi အရေးတကြီးလိုအပ်  ပြုပြင်ဆဲယာဉ်များသာ ရပ်
နားရန် ကျွန်တော့်ကို အမြှုပ်ထွက်တဲ့  အထိ  ခလောက်ပါ  ပုံနောက်မှာ  မျဉ်းစောင်းခံ    လက်မှတ်
အလန်းစားနဲ့ လူငယ်  ဒီနံရံကိုဖောက်ပြီးရင်  နောက်နံရံကို ရောက်ပြီဗျ  လူသားဆန်မှုဟာ   ဘယ်
ဂြိုလ်မှာ စစ်သားလေးရဲ့မေမေ သို့ မဟုတ် ဘုရားပန်းအိုးလေးထဲ ဆုတောင်းလေးတစ်ပွင့်ထိုးစိုက်သူ
အာရှတိုက်ကြီးကိုက အကျအပေါက်များနေတာ အသေခံ ဗုံးခွဲသမားရဲ့ နှလုံးသားဟာ လွန်ခဲ့တဲ့ ၃ နှစ်
ကတည်းက   သေဆုံးနေကြောင်း  please try again   နှိပ်လိုက်တိုင်း  ကီးကြောင်နေတဲ့   လက်ဗွေ
သက္ကရာဇ်များ သမိုင်းများ နေ့ ထူးနေ့ မြတ်တွေကို ဆင်ဆာဖြတ်ဦးမှာလား ကမ္ဘာ့သားအိမ်ကြီးထဲသို့ 
သူလျှိုတွေ အလျှိုလျှိုရောက်ရှိ သန္စေခ မစ္စစ္စပီတံတားကြီးကျိုးကျတုန်းက ငါက မှော်ဝန်းချောင်းထဲမှာ
ငါးမျှားနေတာ ကဗျာထဲကို ကလစ်တစ်ချက် ”ငါ့ညနေလေးကို ဝယ်မလား” နံကြား ဒါမှမဟုတ် နောက်
ကျောထဲကို  ကလစ်တစ်ချက်   “ပိုင်ရှင်မဲ့ဦးခေါင်းတွေ့ ရှိ“  ငယ်နာမည်  ချစ်ခြင်းမေတ္တာ  ဖြစ်ကြောင်း
ထောက်ခံစာ ဘေထုပ်လေးမှာလည်း သူ့ ကိုယ်သင်းရနံ့ နဲ့ သူ အနုပညာ ငွေကြေး ဂုဏ်သိက္ခာ ပညာ
အာဏာ ကိလေသာ ပွတ်ကြည့်လိုက်တိုင်း ဒီအပွင့်တွေချည်းပဲ ဂျာအေး  ကျွန်မကို တစ်ညလောက်ပဲ
ဖြစ်ဖြစ် သွေးသားဖြေဖျောက် ပေးသွားစမ်းပါဂျွန် မီးအလင်းအမှောင်က ဒီနေရာမှာ စကားပြောသွားပြီ
အ / ထူး / ပြု / လုပ် / ချက် / ရုပ်သေး/ ရုပ်သေ/ ရုပ်ရှင် မီတာတက္ကစီက ဒီအဝိုင်းကြီးကိုချည်းပတ်နေ
တာ ၃ခေါက် ဟိုးထားဆြာ နိုင်ငံရေးပါတယ် တောကျီးကန်းလေးက တစ်ကောင်တည်း ဆင်ပုပ်ကြီးက
အုပ်လိုက် သမုဒ္ဒရာ  ဖြစ်နိုင်ရင်   မင်း     ကို    ဝမ်း    နဲ့   လွယ်   ထား   ချင်   တယ်   ရန်   ကုန်
လင်းလက်တာရာ
၉၊၃၊၂၀၁၃
အာရုံနောက်လာတဲ့ အစိတ်အပိုင်းများ
တစ်ကစ သုညမှာဆုံးဖို့ ပိုင်ဆိုင်မှုအကုန်လုံးကို လွှတ်ချလိုက် အာရုံကပ်မရတဲ့ ကိုယ့်ဗီဇကို သူများမြစ်ထဲမှာ ပက်လက်မျှောချလိုက်ရမှာ နှမြောစရာ သူ့မျက်နှာသူ အရေပြားပေါ်ပြန်အုပ်လိုက်တဲ့ညက ခံစားမှုအသစ်တွေကို ဆာလောင်အော်ညည်းတယ် ငွေစက္ကူရဲ့တန်ခိုးက အသိဥာဏ်တွေကိုဖုံးလိုက်တာ money made everything ဆိုပဲ လောလောဆယ် အမေ့ဈေးခြင်းတောင်းလေးက ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ မျက်တွင်းဟောက်ပက်ဖြစ်နေတယ် လူသားရဲ့ရှင်သန်မှု သီအိုရီမှာ သဘာဝအတိုင်းနေထိုင်ဖို့ အစစအရာရာဟာ ဈေးနှုမြင့်တက်နေကြောင်း အသားအရေချင်းထိတွေ့ဆက်ဆံမှုများဟာ စတော့ခ်ရှယ်ယာဈေးကွက်မှာ ထိပ်ဆုံးဖြစ်နေကြောင်း ဒဿနိကဗေဒအတိုင်း ကိုယ့်ရဲ့ဖြစ်တည်မှုမှာ ပုံစံမဲ့ဖန်တီးလိုက်တာတွေက အတိုင်းသား ကြွရောက်လာတဲ့ လူကြီးမင်းများခင်ဗျာ ဟန်ဆောင်မှုတွေထိုင်နေတဲ့ကဖီးမှ ကြိုဆိုပါတယ် ချောင်းမြောင်းလုပ်ကြံခံရတဲ့ သစ္စာတရားကတော့ ချောင်တစ်ချောင်မှာ မျက်လုံးလေးကလယ်ကလယ်နဲ့ လူသားဆန်ဆန်နေဖို့ မကောက်ကျစ်ရင်မရတော့ဘူးလား ကိုယ်က အရှိန်ယူပြီးတော့မှ တစ်ကွက်ချင်းနင်းနေရတဲ့ နယ်ရုပ်တစ်ကောင် ကိုယ့်ကိုကြားခံဆက်ဆံရေးအဖြစ် အသုံးပြုပေးပါ ဝယ်မစားနိုင်တဲ့ စားစရာတွေများလာတော့ လူ့အခွင့်အရေးဆိုတာက တစ်ခုခုများမှားနေလား ပျို့တက်လာတဲ့ ရုန့်ရင်းကြမ်းတမ်းမှုတွေကို ထွေးထုတ်မိတော့မယ် အာဏာရှင်တွေကြီးစိုးတဲ့ကာလဆိုတာ တစ်သက်စာစားမကုန်အောင် ဖြစ်ထွန်းလို့ အရေခြုံထားတဲ့ခေတ်က ကိုယ်ကျင့်တရားဟောပြောပွဲကို ဥပဒေအတိုင်းကျင်းပမတဲ့ ကြာလာတဲ့အချိန်နဲ့အမျှ ဆင်ခြင်တုံတရားဟာ သူ့အလိုလိုကြွေကျသွားတယ် အဆိပ်ပင်ရေလောင်းဖို့ ခင်ဗျားလက် ခဏလောက်ငှားပါ အာသာပြေသုံးဆောင်ဖို့ ကျွန်တော့်အတွက် မုသားပါတဲ့လျှာတစ်ခု ပေးပါ အညောင်းမိနေတဲ့ ယဉ်ကျေးမှုမှာ ဆယ်နှစ်တာပျော်ဝင်ကြည့်လိုက်တယ် ပုပ်အဲ့နေတဲ့စိတ်တွေကို အပ်ဖျားတစ်ထောက်လောက်နဲ့ စမ်းသပ်ကြည့်တယ် ခန္ဓာကိုယ်ထဲမှာ ပွိုင်စင်တွေတစ်ပုံတစ်ခေါင်းနဲ့ ခပ်ပါးပါးလေးပဲမှုတ်ထုတ်လိုက် ညှီနံ့တွေလှိုင်နေတဲ့ tobacco free zone ကြီးရှိနေတယ် စစ်ပြီးလို့မြှားကုန်လိုက်တာ အကောင်းမြင်သမားက ဘုကြည့်ကြည့်တယ် အဆိုးမြင်သမားက နှာခေါင်းရှုံ့သွားတယ် ပစ္စုပ္ပန်တည့်တည့်ကြည့်ဖို့ ဘာဝါဒီတွေပြပြီး စည်းရုံးမရမလဲ ကိုယ့်ရဲ့ခံစားချက် အပိုင်းအစတွေကိုပဲ တစ်စစီဆွဲဖြဲလိုက်မှ မျိုးတူဆင့်ပွားပြဿနာတွေသာ ထွက်လာတယ် အခုတလော အာရုံတော်တော်နောက်နေတယ်..။
ကျော်ဦး (လှိုင်)
Feminist တစ်ယောက်နှင့် စကားပြောခြင်း
ခေတ်က  တော်ကီနဲ့ချုပ်လို့ရတော့တာမဟုတ်ဘူးရှင့်  နဖူးပေါ်လက်တင်လိုက်ပါဦး
ရှင့်နည်းတွေသိပ်ရိုးတယ်မထင်ဘူးလား  ရှင့်ကျောထောက်နောက်ခံ
လက်ညှိုးနဲ့လက်မအ၀ိုင်း  ဘယ်လောက်ရှိသလဲ  ပြုံးပြမနေနဲ့  များလေကောင်းလေ
ရှင့်တစ်ယောက်တည်းနဲ့တော့  တင်းတိမ်မနေပါဘူး  အရသာဆိုတာစုံမှ
တို့ပြောပြောနေတာ  ချစ်ခြင်းမေတ္တာ  ဈေးကောင်းပေးဝယ်ရင်   ရောင်းဖို့အသင့်ဖြစ်နေမယ် ကိုယ်ကျင့်တရား သိက္ခာ…
ကိုယ့် Wall ပေါ်က  တို့ Status Update ဓာတ်ပုံလေးကြည့်လိုက်ပါဦး Sexy ဖြစ်ရဲ့မဟုတ်လား
အ၀တ်အစားမပါဘဲ ဒီအတိုင်းဆိုရင် ရွံစရာကြီးဖြစ်နေမှာပေါ့ရှင်ရယ်
ကျွန်မက ဗိုက်ချပ်ဘောင်းဘီဝတ်ထားရလို့ပါ အပုန်းတွေကပေါင်းလို့ကောင်းတယ် ရှင်တို့ယောက်ျားတွေလို အတင်းမပြောဘူး
ဒီမှာ Feminism အကြောင်း ခင်ဗျား သေချာဖတ်ကြည့်လိုက်ပါဦး
ဂျူးစာအုပ်တွေလောက်ဖတ်ပြီး တက်မလာနဲ့  တောက်ထုတ်ချလိုက်မယ်
မသိရင်မှတ်ထား ကျွန်တော့်နာမည် ဆစ်ဂမန်ဖရွိုက် ခင်ဗျားကြိုက်ချင်ကြိုက်/မကြိုက်ချင်လည်းကြိုက်
ခင်ဗျားစိတ်အနက်ရှိုင်းဆုံးထိ ကျွန်တော်ကြိုက်တာလုပ်လို့ရတယ် နားမထောင်ချင်တော့ဘူး
အငြင်းအခုံသိပ်မလုပ်နဲ့  အခြေအနေကြည့်ပြီးစကားပြော တို့လာတာပျော်ဖို့ရွှင်ဖို့
Sexy ကျတာလည်းကောင်းပါတယ် ဘောင်းဘီတိုတိုပေါင်သားဖွေးဖွေး ဘယ်လောက်မိုက်လဲ
Conservative အတွေးအခေါ်တွေခေါက်ထားလိုက် ခေတ်ကိုက နိုင်ငံတကာနဲ့ရင်ပေါင်တန်းနေတာ
လူဆိုတာ ကျား/မ မရွေးဘူး တန်းတူအခွင့်အရေး Article 30 မဖတ်ဖူးဘူးလား
ဘက်လိုက်မှုကင်းစမ်းပါ  လူငယ်ရဲ့အဓိပ္ပာယ်က Brave & Wild  အမြင်ကျယ်ကျယ်ထားဖို့
Cut…ဒီမှာရှင့်အကြောင်းနည်းနည်းပြောပြ  ဟင့်အင်း ကျွန်မမေးတာပဲဖြေ  အပိတ်မေးခွန်း
ဘီယာသောက်နေကျမဟုတ်ဘူးဆို…ချထားလိုက်စမ်းပါ ရှင်ကလည်းဆို သိပ်စကားများတာပဲ
ကောင်မလေးတစ်ယောက်အသည်းကွဲနေတဲ့အကြောင်းသီချင်းကိုကျွန်မကြိုက်တယ် ဖွင့်ပေး
အမေသီချင်းတစ်ပုဒ်ဆိုမယ်  ဖြူဖြူကျော်သိန်းကို ကျွန်မကခရေဇီအဖြစ်ဆုံး
ကျွန်မ Juice တစ်ခုခုသောက်မှဖြစ်မှာ  အစ်ကို  သီချင်းရပ်လိုက်ပါဦး  ဖုန်းလာနေလို့
အဲ…ဂွမ်းတော့မလို့  မကိုင်လိုက်ရင်ပြဿနာကအကြီးကြီး  ငါ အိမ်ပြန်ရောက်နေတယ်လို့ပြောလိုက်တယ်
ခင်ဗျား Secondhand Serenade ရဲ့သီချင်းလေးတွေနားထောင်ပါလား ကျွန်တော်သိပ်ကြိုက်တယ်ဗျ
ရှင့်ကို ကျွန်မ ချစ်တော့ချစ်ချင်ပါတယ် စကားများတာ/ဘ၀င်မြင့်တာက သိပ်ဆိုးတာပဲ
တော်ပြီ…တော်ပြီ  ပျော်စရာကောင်းတဲ့ညပါ ညဥ့်နက်သွားလိမ့်မယ်  နောက်မှတွေ့ကြစို့
အိုခေ…ခင်ဗျားအားတဲ့နေ့ဖုန်းဆက်လိုက်  ကျွန်တော်လာခဲ့မယ်။
အောင်သက်နှင်း
9-3-13---11-3-13(4း05PM)