Tuesday, August 27, 2013

လူငယ်ကဗျာဆရာ ညီလင်းနိုင်၊ ရဲရင့်လမင်း၊ ဆူးရဲ တို့နဲ့ အွန်လိုင်း လူငယ် ကဗျာ စကားဝိုင်း

၁။ အောင်ချိမ့်အစ မိုဃ်းဇော် အဆုံး ပင်မရေစီး ခေတ်ပေါ်ကဗျာခေတ်တုန်းက အနုပညာသြဇာနဲ့ ၀ါသမ္ဘာ တည်ဆောက်နိုင်ခဲ့ကြတဲ့ ၀ါရင့်ကဗျာဆရာ အများစု အနေနဲ့ ခေတ်နဲ့အညီ ကဗျာရေးဟန်အသစ်တွေဆက် မဖန်တီးနိုင်တော့ဘဲခေတ်ပေါ်ကဗျာအဟောင်းထဲမှာပဲ ရပ်တန့်ကျန်နေခဲ့ကြပြီလို့ ကိုယ် ထင်တယ်။ အာရုံခံစားပုံ လတ်ဆတ်ပြီး လူငယ်ဆန်တဲ့ နေမျိုး၊ ပိုင်၊ မောင်ဆေးရိုး၊ မင်းဆွေနှစ်၊ နိုင်မွန်အောင်သွင်၊ ခရမ်းပြာထက်လူ၊ခိုင်မြဲကျော်စွာ၊ မောင်ဖီလာ၊ ကိုရွေး သူတို့ကတော့ ခြွင်းချက်ပေါ့လေ။ ကဲ ညီလေးတို့ အမြင်ကို ပြောပါဦး။


ညီလင်းနိုင် - လူတွေကြောင့် ခေတ်ဟာရွေ့နေတယ်၊ ရွေ့နေတဲ့ခေတ်နဲ့အညီ ခေတ်အဆက်ဆက်က ကဗျာဆရာတွေရဲ့ ကဗျာတွေဟာလည်း ရွေ့နေတယ်။ အရင်ကလည်းရွေ့ခဲ့တယ်.... အခုလည်းရွေ့နေတယ်... နောက်လည်း ရွေ့ဦးမယ်။ အရွေ့အတိုင်းလိုက်ပါစီးဆင်းလာတဲ့ဆရာတွေရှိနေတော့ လူငယ်တွေအနေနဲ့ ပိုအားရှိတယ်လို့ ကျွန်တော် မြင်မိပါတယ်။

ရဲရင့်လမင်း - ခတ်ပေါ်ကဗျာရေစီးကိုအထိုက်အလျောက်ဖြတ်သန်းခွင့်ရခဲ့လို့ အထက်ပါဆရာသမားတွေအပြင် အခြားသောဆရာသမားတွေရဲ့ ကဗျာတွေကိုလည်း ဖတ်ရှု၊လေ့လာ၊ခံစားခွင့်ရခဲ့ပါတယ်။ကြိုက်နှစ်သက်ခဲ့တဲ့ ကဗျာတွေရှိသလို၊မကြိုက်တာတွေလည်းရှိခဲ့ပါတယ်။ခေတ်ပေါ်ကဗျာရဲ့ အဓိကပြဿနာကတော့ အနက်ဝှက်လွန်းတယ်။နားလည်ဖို့မလွယ်ဘူး။အဲ့ဒီလို အနေအထားတွေနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတာပါ။ဒါပေမယ့်လည်းအခုချိန်မှာတော့ ခေတ်ပေါ်ကဗျာဟာ သူ့ဖြတ်သန်းမှုနဲ့သူ သူ့ဟန်နဲ့သူ အခိုင်အမာရပ်တည်နေခဲ့ပါပြီ။ ကျွန်တော့်အနေနဲ့ကတော့ ကိုယ့်ရှေ့ကဆရာသမားတွေ ဖောက်ခဲ့၊လျှောက်ခဲ့ကြတဲ့လမ်းကို အတိအကျလေးစားပြီးသားပါ။   ကဗျာဆိုတာကလည်း ခေတ်စနစ် လူမှုဝန်းကျင်နဲ့အညီ ရွေ့နေတာဆိုတော့ အခုခေတ်မှာဖြစ်ပေါ်တိုးတက်လာနေတဲ့ ကဗျာပုံစံတွေ၊အယူအဆတွေနဲ့ ခေတ်ပေါ်ကဗျာကိုယှဉ်ကြည့်လို့ကတော့ အရာရာကွာခြားနေမှာပါပဲ။ဒါကိုကဗျာသမားတိုင်းက နားလည်လက်ခံနိုင်မယ်လို့ ယူဆပါတယ်။    ကိုယ့်ရှေ့က ဆရာသမားတွေအနေနဲ့ ရေးဟန်အသစ်တွေ ကဗျာပုံစံ အသစ်တွေကို ဆက်လက် ဖန်တီးသည်ဖြစ်စေ၊မဖန်တီးတော့သည်ဖြစ်စေ လူငယ်ကဗျာသမားတစ်ယောက်အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး။ကိုယ်ယုံကြည်တဲ့လမ်းကို ကိုယ်ဆက်လျှောက်ဖို့ပဲ အလေးထားပါတယ်။

ဆူးရဲ - အဲဒါကတော့ အဲဒီဆရာတွေခေတ်တင်မဟုတ်ပါဘူး။ ကျွန်တော်တို့လက်ရှိဖြတ်သန်းနေတဲ့ခေတ်မှာလည်း ကျွန်တော်တို့နဲ့ခေတ်ပြိုင်လို့ပြောလို့ရမယ် ကဗျာဆရာတွေအများအပြားရှိပါတယ်။ ရေးနေကြတာကတော့ ကဗျာအမျိုးအစားအလိုက်ရော၊ ပုံသဏ္ဍာန်ရော အစုံအလင်ပေါ့။ တချို့လည်း ကိုယ်ယုံကြည်ရာတစ်ခုတည်းကို တရားသေဆုပ်ကိုင်ရေးသားနေသူတွေရှိသလို၊ အသစ်အသစ်ဖြစ်ထွန်းလာနေတဲ့ခေတ်စနစ်နဲ့အပြိုင် ချဲ့ထွင်ရွေ့လျားရေးသားနေသူတွေလည်းရှိပါတယ်။ ဒါကိုတော့ ဘယ်သူကျန်ခဲ့ရကောင်းလား ၊ ဘယ်သူရွေ့ရကောင်းလားဆိုပြီး အပြစ်တစ်ခုရယ်လို့တော့ မမြင်မိပါဘူး။

၂။ ညီလေးတို့က ၂၀၁၀ အလွန်မှာ ထွက်ပေါ်လာတဲ့ နောက်ဆုံး မျိုးဆက်သစ် လူငယ်ကဗျာဆရာတွေပေါ့။ ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာက ညီလေးတို့ ရဲ့ အနုပညာ ဖန်တီးမှုအပေါ်မှာ မူတည်နေပြီ။ ခေတ်ပြိုင်မြန်မာကဗျာယဉ်ကျေးမှု အသစ်ဟာလည်း ညီလေးတို့ လက်ထဲ ရောက်နေပြီလို့ ကိုယ် ယူဆတယ်။ ဒါပေမဲ့ လူငယ်ကဗျာဆရာတွေနဲ့ လူမှုရေးနဲ့ အနုပညာ ထိတွေ့ဆက်ဆံမှု သိပ်မရှိတဲ့ ၀ါရင့်ကဗျာဆရာတွေက နောက်ဆုံး မျိုးဆက်သစ် လူငယ်တွေ ပေါ်ထွက်နေပြီဆိုတာ သတိမထားမိကြသေးဘူး။ တချို့ ကဗျာဆရာတွေအယ်ဒီတာတွေကျတော့လည်း သတိထားမိပေမဲ့ လူငယ်တွေကို အသိအမှတ်ပြု တန်ဖိုးထား နေရာပေးဖို့ ၀န်လေးတွန့်ဆုတ်နေကြသေးတယ်။ သူတို့ကို ဘာပြောချင်လဲ။


ညီလင်းနိုင် - ခေတ်အဆက်ဆက်ကတည်းက ဖြစ်လေ့ဖြစ်ထရှိနေတဲ့ သမားရိုးကျကိစ္စတစ်ခုလို့ပဲ ကျွန်တော် မြင်မိပါတယ် အစ်ကို။ လူကြီးဟာ လူငယ်ဘဝကနေလာတယ်ဆိုတာကို မမေ့တဲ့ဆရာတွေ ရှိနေမှာ သေချာပါတယ်။ ဘာပဲဖြစ်စေ... ရှေ့ကဆရာတွေမရှိခဲ့ရင် ကျွန်တော်လည်း မရှိနိုင်တာ သေချာပါတယ်။ ဆရာတွေ တန်ဖိုးထားနိုင်လောက်တဲ့အထိ  တန်ဖိုးရှိ တန်းဝင်တဲ့ အနုပညာပစ္စည်းတွေ ဖန်တီး ပြနိုင်ဖို့က ကျွန်တော်တို့အပေါ်မှာ မူတည်နေတယ်လို့ပဲ ခံယူထားပါတယ်။

ရဲရင့်လမင်း - ခတ်ကို လူငယ်တွေကပဲဦးဆောင်တယ်ဆိုတာ အခု လူလတ်ပိုင်း လူကြီးပိုင်းရောက်သွားတဲ့ သူတွေကပိုသိမှာပါ။သူတို့တွေကလူငယ်ဘဝကို ကိုယ်တွေထက်အရင်ဖြတ်သန်းခဲ့ကြတာပါ။ကျွန်တော်တို့ဆီကို လက်လွှဲလက်ပြောင်း သဘောမျိုးနဲ့ လွှဲအပ်စရာမလိုဘူးလို့ယူဆပါတယ်။တကယ်ဖြစ်သင့်တာက လူကြီးတွေက လူငယ်တွေကို လက်ဆင့်ကမ်းပြီး ခေတ်ရဲ့လိုအပ်ချက်တွေကိုပါ ဖြည့်ပြီးနားလည်ပေးမယ်ဆိုရင် ဒီကိစ္စတွေက ငြိမ်းသွားမှာပါ။      လူငယ်ကဗျာသမားတွေကိုသတိမထားမိတဲ့သူတွေကတော့ အခုချိန်မှာ ခေတ်ကဗျာတွေနဲ့ အလှမ်းဝေးဝေးမှာနေလို့ပဲဖြစ်မှာပါ။နေရာပေးဖို့တွန့်ဆုတ်နေတဲ့လူတွေ၊နေရာမပေးချင်တဲ့လူတွေကိုတော့ ဘာမှပြောစရာမရှိသလို ကိုယ်တွေကို နားလည်လက်ခံပေးနိုင်တဲ့ သူတွေနဲ့ပဲ အနာဂတ်ကဗျာ ခရီးကိုဆက်ရမှာပါ။


ဆူးရဲ - အစ်ကိုပြောသလို ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာက ကျွန်တော်တို့အနုပညာဖန်တီးမှုပေါ်
မူတည်နေပြီ၊ မြန်မာကဗျာယဉ်ကျေးမှုအသစ်ဟာလည်းကျွန်တော်တို့လက်ထဲရောက်နေပြီဆိုရင်တော့
ကျွန်တော်တို့အတွက် အမှန်တကယ်တာဝန်ကြီးသွားပါပြီ။ ဟုတ်ပါတယ်။ ကိုယ့်ကဗျာကိုယ်ရေးပြီး ဒီအချက်ကိုမေ့နေခဲ့ရင်တောင် ဒါကိုငြင်းဆန်ရှောင်လွှဲသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ လက်မခံချင်ဘူးဆိုရင်တောင် ကျွန်တော်တို့ပုခုံးပေါ်ကျလာမှာပါပဲ။ လူငယ်ကဗျာဆရာတွေနဲ့ လူမှုရေးအနုပညာထိတွေ့ဆက်ဆံမှုသိပ်မရှိတဲ့ ဝါရင့်ကဗျာဆရာတွေက နောက်ဆုံးမျိုးဆက်သစ်လူငယ်တွေ ပေါ်ထွက်နေပြီဆိုတာ သတိမထားမိကြသေးဘူး။ တချို့ကဗျာဆရာတွေကျတော့လည်း သတိထားမိပေမယ့် လူငယ်တွေကိုအသိအမှတ်ပြုတန်ဖိုးထားနေရာပေးဖို့ ဝန်လေးတွန့်ဆုတ်နေကြသေးတယ်ဆိုတာကတော့ လူငယ်ကဗျာဆရာတွေအပေါ် အပြည့်အဝမယုံကြည်ရဲသေးတာ ဖြစ်နိုင်သလို၊ လူငယ်ကဗျာဆရာတွေရဲ့အရေးအသားတွေက သူတို့လက်ခံထားတဲ့အယူအဆတွေနဲ့ သွေဖယ်နေတာ(ဒါမှမဟုတ်) သူတို့အာရုံခံစားမှုနဲ့ နှစ်သက်လက်ခံနိုင်စွမ်းမရှိသေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောကြည့်ချင်တာ တစ်ခုတော့ရှိတယ်။ ကဗျာယဉ်ကျေးမှုအပြောင်းအလဲဟာ နိုင်ငံရေးယဉ်ကျေးမှုနဲ့ ဆက်စပ်သက်ဆိုင်နေလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ လွန်ခဲ့တဲ့ ၂၀ ရာစုမြန်မာကဗျာယဉ်ကျေးမှုရဲ့ အသစ်အသစ်ပြောင်းလဲဖြစ်ထွန်းမှုတွေကိုပြန်ကြည့်ရင် ဝံသာနုကဗျာလှုပ်ရှားမှု (1920) ၊ ခေတ်စမ်းကဗျာလှုပ်ရှားမှု (1930) ၊ စစ်ပြီးခေတ် (1945)အလွန် စာပေသစ်ကဗျာလှုပ်ရှားမှု ၊ မိုးဝေကဗျာလှုပ်ရှားမှု (1970)တဝိုက် ၊ အရေးအခင်းအလွန် (1990)ဝန်းကျင် ခေတ်ပေါ်ကဗျာအချိုးအကွေ့ စတဲ့ကဗျာယဉ်ကျေးမှုပြောင်းလဲပုံအဆင့်ဆင့်ဟာ နိုင်ငံရေးယဉ်ကျေးမှု(Political Culture)အလိုအရ ပြောင်းလဲဖြစ်ထွန်းလာခဲ့တယ်လို့ ယူဆထင်မြင်မိတယ်။ နိုင်ငံရေးယဉ်ကျေးမှုပြောင်းလဲလာတာနဲ့အမျှ လူ့အဖွဲ့အစည်းရဲ့ စိတ်/ရုပ်ပိုင်းဆိုင်ရာ၊ ငွေကြေး ၊ ရုပ်ဝတ္ထု စတဲ့အပြောင်းအလဲပုံရိပ်မှန်သမျှဟာ အဲဒီခေတ်ရဲ့ကဗျာမှာ လာရိုက်ခတ်မှာပါပဲ။ ဒီနေ့ခေတ်မှာလည်း မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ဒီမိုကရေစီအရိပ်အရောင်နဲ့ အထိုက်အလျောက်ပွင့်လင်းမြင်သာလာမှု ၊ လူနေမှုစရိုက်လက္ခဏာ ၊ လက်ကိုင်ဖုန်းတွင်ကျယ်လာမှု၊ Facebook ၊ sexy ၊ စကပ်တို ၊ ကိုရီးယားဆံပင်(ကောင်းတာ၊ ဆိုးတာအသာထား) စတဲ့ဖြစ်ထွန်းနေမှုအရာအားလုံးဟာ ဒီနေ့ခေတ်မြန်မာကဗျာမှာ စကားလုံး/စာသားအစုအဝေးအဖြစ် မလွဲမသွေပါကိုပါလာမှာပါ။ ရုပ်ကြမ်းဆန်ဆန်ပြောရရင် ခေတ်က ကလက်နေတယ်ဆိုရင် အဲဒီခေတ်နဲ့အပြိုင်ဖြစ်ထွန်းနေတဲ့ကဗျာကလည်း အနည်းနဲ့အများဆိုသလို ကလက်နေပါလိမ့်မယ်။ အစွဲအလန်းကြီးတဲ့ဆရာတွေအနေနဲ့လည်း ဒါကိုမျက်စိဆံပင်မွှေးစူးနေမယ့်အစား ခေတ်ကိုဖြန့်ကျက်နားလည်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့လူငယ်ကဗျာဆရာတွေအနေနဲ့လည်း ကဗျာယဉ်ကျေးမှုအသစ်တစ်ခုဆိုတာ လွယ်လွယ်နဲ့တော့ တည်ဆောက်ယူလို့မရဘူးဆိုတာ နားလည်ထားရမှာပါ။

၃။ လက်ရှိ အခြေအနေအရ ၂၀၁၀ အလွန် ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ပင်မရေစီးခေတ်ပေါ်ကဗျာအပြင် အယ်လ်ပီ ၊ နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ စကားပြေကဗျာ၊ ဖလာ့ဖ် စသဖြင့် ကဗျာအမျိုးအစားသစ်တွေ အယူအဆတွေ အမျိုးမျိုး ရှိနေကြတယ်။ အဲဒီ ကဗျာအယူအဆ/ အနုပညာ လက်ရာတွေအပေါ် ညီလေးတို့ရဲ့ အမြင်။

ညီလင်းနိုင် - သူ့အကြိုက် ကိုယ့်အကြိုက် သူသန်ရာ ကိုယ်သန်ရာအတိုင်း ချဲ့ထွင်နေတယ်လို့ပဲ မြင်မိပါတယ်။ ပင်မရေစီးကြောင်း Rock ကနေတစ်ဆင့် Heavy , Metal , Trash , Alternative , Punk , အစရှိတဲ့ ခေတ်ရဲ့ ရင်ဘတ်ကြီးထဲကို တည့်တည့်ထိမှန်နိုင်မယ်လို့ ယူဆပြီး ကိုယ့်သန်ရာသန်ရာအတိုင်း လျှောက်ခဲ့ကြသလိုပေါ့ အစ်ကို။ ကျွန်တော်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အခြားလမ်းကြောင်းတွေလည်း တည်ရှိနေမှာပါပဲ။ အဓိကကတော့ ကိုယ့်လမ်းကိုယ်လျှောက်နေချိန် မြက်ကလေးတစ်ပင် ခလုတ်မတိုက်ခဲ့မိဖို့ပဲ အရေးကြီးပါတယ်။

ရဲရင့်လမင်း - ဟုတ်ပါတယ်။အခုခေတ်ပြိုင်မြန်မာ ကဗျာအခေင်းအကျင်းမှာ ကဗျာအမျိုးအစားအသစ်တွေ အယူအဆအသစ်တွေအမျိုးမျိုးနဲ့ ခေတ်ပြိုင်ကဗျာဟာ သက်ဝင်လှုပ်ရှားနေပါတယ်။ပန်းခြံကြီးတစ်ခုထဲမှာ ဘာပန်းတွေပဲပွင့်ပွင့်ပေါ့ဗျာ ဒီဥယျာဉ်ကြီးလှပဝေဆာဖို့ရည်ရွယ်တာဆိုရင်တော့ ဘာပန်းပဲဖြစ်ဖြစ်ပေါက်ရောက်ရှင်သန်ခွင့်ရှိတယ်လို့မြင်တယ်။  ဒီမေးခွန်းနဲ့ သက်ဆိုင်ပေမယ့်လည်း ပြန်လှန်ဆွေးနွေးချင်တာလေးရှိပါတယ်။ ကျွန်တော့်စိတ်ထဲဖြစ်ချင်နေတာလေးပါ။ ၁၉၉၆ ကျွန်တော်အထက်တန်းကျောင်းသားဘဝတုန်းက မြန်မာစာမှာ သင်ခဲ့ရပါတယ် "စာဗူးတောင်း"လိုကဗျာမျိုးပေါ့။ အဲ့ဒီကနေမှ အပြင်လောကထဲရောက်လာတော့ ဆရာတာရာမင်းဝေ ရဲ့ကဗျာတွေ စာတွေဖတ်လာရပါတယ်။ပြောချင်တာက မြန်မာစာသင်ရိုးညွှန်းတန်းက ကဗျာတွေနဲ့ အပြင်လောကမှာ တကယ်ဖြစ်ပေါ်နေတဲ့ကဗျာတွေက အရမ်းကို ကွာဟနေတာပါ။အယူအဆ၊အတွေးအခေါ်၊ကဗျာပုံစံ အားလုံးကိုကွဲပြားနေတာပါ။အဲ့ဒီတော့ ကျွန်တော်တို့ရဲ့နောက်မျိုးဆက်တွေအနေနဲ့ ကဗျာအနုပညာကို ခေတ်ကာလနဲ့ အညီ ကျောင်းသားဘဝမှာကတည်းက ရင်းနှီးစေချင်တာပါ။မြန်မာစာသင်ရိုးညွှန်းတန်းမှာ ဆရာမောင်ချောနွယ်၊ဆရာအောင်ချိမ့်၊ဆရာဖော်ဝေး၊ဆရာကြည်မောင်သန်း စသဖြင့် ဆရာသမားတွေရဲ့ ကဗျာတွေကိုလည်း ဖေါ်ပြပေးသင့်တယ်လို့ယူဆမိပါတယ်။အဲ့ဒီလို ဖော်ပြပေးနိုင်ဖို့အတွက်လည်း ဘာတွေလိုအပ်တယ်၊ဘာတွေကိုဘယ်လို တောင်းဆိုသင့်တယ်ဆိုတာ ကျွန်တော့်အနေနဲ့ မသိပါဘူး။တကယ်သိနားလည်တဲ့ ဆရာသမားတွေကလမ်းပြပြီး ဦးဆောင်လှုပ်ရှားသင့်တယ်လို့ မြင်ပါတယ်။

ဆူးရဲ - လက်ရှိပင်မရေစီးခေတ်ပေါ်ကဗျာအပြင် အယ်လ်ပီ၊ နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ စကားပြေကဗျာ၊ ဖလာ့ဖ်၊ စတဲ့ကဗျာအမျိုးအစားတွေရဲ့ အယူအဆနဲ့အနုပညာလက်ရာတွေအပေါ်သုံးသပ်ဖို့ဆိုတာ ကျွန်တော့်အနေနဲ့ လောလောဆယ် မလွယ်သေးပါဘူး။ ကဗျာအမျိုးအစားတစ်ခုချင်းစီမှာကိုက တက္ကနစ်တွေက အရမ်းကျယ်ပြန့်လွန်းပါတယ်။ လေ့လာနေရင်းနဲ့ကို လေ့လာလို့မကုန်နိုင်တဲ့အရာတွေပါ။ ဒါပေမယ့် လက်ရှိအချိန်အထိလေ့လာမိသလောက်တော့ အမျိုးအစားတစ်ခုချင်းစီအပေါ်မှာ အပြည့်အဝလက်ခံထားတာမျိုး မရှိသေးပါဘူး။ အမျိုးအစားတစ်ခုချင်းစီမှာ ကျွန်တော်နှစ်သက်လက်ခံထားတဲ့အချက်တွေရှိသလို ၊ လက်မခံနိုင်သေးတဲ့အချက်တွေလည်း ရှိနေပါသေးတယ်။ ကျွန်တော့်အနေနဲ့ လောလောဆယ် ဒီလောက်ပဲပြောပါရစေ။

၎။ အဲဒီ ခေတ်ပြိုင်ကဗျာတွေထဲက ညီလေးတို့ အာရုံတိမ်းညွတ်မှု ရှိတဲ့ ကဗျာအမျိုးအစား။ အဲဒီ ကဗျာဗေဒအပေါ် နားလည်ခံယူထားပုံ အနှစ်ချုပ်။ တကယ်လို့ ညီလေးတို့ လက်ရှိရေးနေတဲ့ ကဗျာအနုပညာလက်ရာ တွေကို ဖန်တီးသူကိုယ်တိုင် အမှတ်တံဆိပ်တစ်ခုခု ခွဲခြားပြောပြပါ။ ကိုယ့် အနုပညာကိုယ် တခြားသူတွေနဲ့ ကွဲပြားခြားနားအောင် ပြောပါလို့ မေးရင် ဘယ်လိုဖြေကြမလဲ။ တချို့ ကဗျာဆရာတွေ/ ကဗျာဖတ်သူတွေကတော့ ကဗျာအနုပညာကို အမည်အမှတ်တံဆိပ်တွေ တပ်တာအပေါ်ယံ ကိစ္စတွေပဲလို့ ယူဆပြီး နှစ်သက်လက်ခံမှု မရှိကြဘူး။ ကိုယ့် အမြင်ပြောရရင် ကဗျာကိုယ်တိုင်ကိုကတခြား အနုပညာ အမျိုးအစားတွေနဲ့ ကွဲပြားခြားနားနေတဲ့ စာပေပုံသဏ္ဍာန်တစ်မျိုးပဲလေ။ အဲဒါကြောင့် မေးတာပါ။


ညီလင်းနိုင် - လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက်သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့တိုင်းတာရမှာပဲ " ဆရာကြီးဗန်းမော်တင်အောင်ရဲ့ အဲဒီနာမည်ကျော် စကားတစ်ခွန်းက ကျွန်တော့်စိတ်ထဲ စိုက်ဝင်နေပါတယ် အစ်ကို။ ခေတ်ကို တိုက်ရိုက်ထင်ဟပ်ပြနိုင်တဲ့ ကဗျာတွေကို ကျွန်တော် ပိုရင်ခုန်ပါတယ်။ ဒါကြောင့် ကျွန်တော့်စိတ်အတွင်းသားထဲ စိုက်ဝင်လာတဲ့အတိုင်း ကျွန်တော် ဖန်တီးဖြစ်တယ်။ ကျွန်တော် ဒီနေ့ဖန်တီးဖြစ်တဲ့ လက်ရာဟာ တစ်သက်စာ မဟုတ်တာမို့၊ ကျွန်တော့်ကိုယ်ကျွန်တော် တံဆိပ်တပ်ထားလည်း နောင်တစ်ချိန် အရွေ့အတိုင်း ပြန်ဖြုတ် ပြန်တပ်နေရဦးမှာ သေချာပါတယ်။ အဲဒီတော့ ကျွန်တော်အမည်မတပ်လည်း ကဗျာဗေဒပညာရှင်တွေကတော့ တပ်နေမှာပါပဲ။ သေချာတာကတော့ ကျွန်တော့်ဖန်တီးမှုတွေဟာ ခေတ်ကို မျက်နှာလွှဲတာမျိုး မဖြစ်စေရပါဘူး။

ရဲရင့်လမင်း - အာရုံတိမ်းညွှတ်မှုရှိတဲ့ ကဗျာအမျိုးအစားဆိုတာထက် ယခုလက်ရှိကဗျာအမျိုးအစားတွေကို လက်လှမ်းမီသလိုလေ့လာနေရပါတယ်။ပြည်ပရောက်နေတဲ့အတွက် ပြည်တွင်းက ထွက်သမျှ ပရင့်စာပေတွေကို ဖတ်ရှု့ခွင့်သိပ်မရပါဘူး။အွန်လိုင်းပေါ်ကနေတဆင့် အချိန်ရသလို လေ့လာနေရတာပါ။အဲ့ဒီအတွက်လည်း အားနည်းချက်တွေက များပါတယ်။အခုကျွန်တော်ရေးနေတဲ့ကဗျာတွေကို ကိုယ်တိုင်က တံဆိပ်မကပ်ချင်ပေမယ့်လည်း ကိုယ်မကပ်ရင် တခြားသူကလာကပ်မှာဆိုတော့ ကိုယ့်ဟာကိုယ်ပဲ ကပ်လိုက်ပါ့မယ်။ရှုပ်ထွေးကျယ်ပြန့်လာတဲ့ခေတ်၊စနစ်၊ယဉ်ကျေးမှု၊ဘာသာတရား၊ဘာသာစကား၊နည်းပညာ၊သိပ္ပံပညာ၊အနာဂတ်လူ့ အခွင့်အရေး စသည်ဖြင့်များမြောင်လှစွာသော လူမှုဘဝတွန်းထိုးရိုက်ပုတ်မှုတွေကြားက ခေတ်ကိုထင်ဟပ်စေနိုင်မယ့် အာရုံခံစားပုံတွေနဲ့ Hybrid ဆန်တဲ့အရေးအသားတွေပါပဲ။ကိုယ့်အနုပညာကို တခြားသူတွေနဲ့ကွဲပြားခြားနားစေချင်တာကတော့ အနုပညာသမားတိုင်းရဲ့ရင်ထဲကဆန္ဒပါပဲ။ကွဲမကွဲကတော့ ခံစားအားပေးသူတွေရဲ့ သတ်မှတ်ချက်က ပိုပြီးအရာရောက်ပါမယ်။

ဆူးရဲ - စောစောက ကျွန်တော်အပေါ်မှာပြောခဲ့သလိုပါပဲ။ ကျွန်တော့်ကဗျာတွေမှာ မတူကွဲပြားတဲ့ကဗျာအမျိုးအစားတွေဆီက နှစ်သက်လက်ခံမိတဲ့အချက်တချို့ကို ယူငင်သုံးစွဲထားတာမျိုးတွေရှိပါတယ်။ ဉပမာ- နီယိုမော်ဒန်ရဲ့ ခေတ်စနစ်နဲ့ ခေတ်ပြိုင်လူမှုဝန်းကျင်အပေါ်အမြင် ၊ အယ်လ်ပီ(မြန်မာ) ရဲ့ ဘာသာစကားအလုပ်လုပ်ပုံတချို့၊ ပင်မရေစီးခေတ်ပေါ်ကဗျာရဲ့ ကဗျာဘာသာစကားသုံးစွဲမှု၊ နောက်ပြီး အရပ်သုံးဘာသာစကားအရောအနှော စတာတွေပေါ့။ လောလောဆယ် ကျွန်တော့်အရေးအသားပုံစံကိုတော့ Hybrid ကဗျာတွေလို့ ယေဘုယျသတ်မှတ်ရင် ပိုအဆင်ပြေနိုင်မယ် ထင်ပါတယ်။ကဗျာအနုပညာကို အမည်အမှတ်တံဆိပ်တွေ တပ်ဖို့၊ မတပ်ဖို့ဆိုတာကတော့ ကျွန်တော်တို့ကဗျာစရေးစဉ်တုန်းက ဒီကဗျာကိုဘယ်လိုတံဆိပ်တပ်ပြီး ရေးလိုက်မယ်၊ ဘယ်တံဆိပ်အောက် ဝင်ရေးလိုက်မယ်ဆိုတာမျိုးတော့ မရှိခဲ့ဘူးပေါ့။ ဒါပေမယ့် ရေးရင်း လေ့လာရင်းနဲ့ပဲ ကိုယ်အာရုံတိမ်းညွှတ်တဲ့ရေးဟန်က ဘယ်လိုအမည်အမှတ်တံဆိပ်တစ်ခုခုနဲ့ (တစ်ခုထက်မကတာမျိုးနဲ့) အကြုံးဝင်သက်ဆိုင်နေတာတွေကို တွေ့လာရတာမျိုးပါ။ ကိုယ့်ကဗျာကို အမည်အမှတ်တံဆိပ်တပ်ဖို့က ကိုယ်တိုင်ရဲ့ ကဗျာဆိုင်ရာအယူအဆ သဘောတရားတွေအပေါ် လေ့လာအားနဲ့လည်း သက်ဆိုင်ပါလိမ့်မယ်။ ကဗျာအနုပညာကိုအမှတ်တံဆိပ် တပ်သင့်၊ မတပ်သင့်ကတော့ အငြင်းပွားဖွယ်ရာကိစ္စတစ်ခုအဖြစ် မြန်မာကဗျာလောကမှာ ဆက်ရှိနေလိမ့်ဦးမယ် ထင်ပါတယ်။

၅။ ညီလေးတို့ အနေနဲ့ ကဗျာအနုပညာ လက်ရာတစ်ခုကို ဘယ်လို အတွေးအခေါ် ဘယ်လို အာရုံခံစားပုံ ဘယ်လို အတတ်ပညာပိုင်း နည်းစနစ်ပိုင်းတွေနဲ့ ရေးသားဖန်တီးနေကြသလဲ။ ကဗျာရေးသားခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လို နောက်ခံ အယူအဆနဲ့ ခံယူ ယုံကြည်ချက်တွေ ရှိနေကြသလဲ။

ညီလင်းနိုင် - ကဗျာတစ်ပုဒ်ကြောင့် ဘယ်သူမှ တစ်မဂ် တစ်ဖိုလ်ရမသွားရင်တောင် ဖြတ်သန်းနေတဲ့ခေတ်ကို ကိုယ်စားပြုနိုင်ဖို့တော့ တာဝန်ယူတတ်ရမယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ် အစ်ကို။ အဲဒီတော့ နေ့စဉ်ထိတွေ့နေရတဲ့ ခေတ်ကပေးလိုက်တဲ့ အရာတွေကို လက်ခံရရှိခဲ့တဲ့အတိုင်းပဲ အနီးစပ်ဆုံး တင်ပြနိုင်ဖို့ ကြိုးစားပါတယ်။ ကျွန်တော့်ကဗျာတွေ ကျွန်တော်ပြောသလို ဖြစ်မနေရင် ကျွန်တော် ညံ့နေသေးလို့ပါပဲ။

ရဲရင့်လမင်း - အတတ်ပညာ နည်းစနစ်ပိုင်းအနေနဲ့တော့ ကျွန်တော်တို့ဆီမှာကဗျာအကယ်ဒမီ သင်တန်းကျောင်းတွေမရှိသေးပါဘူး။ လက်တွေ့ဖွင့်လှစ်နိုင်ခဲ့မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။(အရမ်းကိုခက်ခဲနေသေးတဲ့ကိစ္စပါ။)နည်းစနစ်ပိုင်းရယ်လို့တော့ပြောလို့မရပါဘူး။ ကိုယ်တွေအနေနဲ့ကတော့ ရှေ့ကဆရာတွေရဲ့ရေးဟန်တွေ၊အယူအဆတွေ၊ကဗျာဝေဖန်ရေးဆောင်းပါးတွေ၊ဘာသာပြန်ကဗျာတွေ အားလုံးကို အဆင်ပြေသလိုလေ့လာခဲ့ရပါတယ်။ အခုခေတ်အနေအထားမှာတော့ အွန်လိုင်းကနေတဆင့် ကွန်ဆက်ခြူရယ်၊နီယိုမော်ဒန်၊အယ်လ်ပီစသည်ဖြင့် ကဗျာအမျိုးအစား တော်တော်များများကို လေ့လာခွင့်ရနေတယ်ဆိုတာပါပဲ။ အတွေးအခေါ်နဲ့ အာရုံခံစားမှုအပိုင်းကတော့ခေတ်နဲ့တိုက်ရိုက်ဆက်စပ်နေပါတယ်။ လူငယ်ကဗျာဆရာတွေအနေနဲ့ ခေတ်အပေါ်အမြင်စူးရှဖို့ အထူးလိုအပ်ပါတယ်။ အဲ့လိုမှမဟုတ်ရင်တော့ အာရုံခံစားပုံ အတွေးအခေါ် အားလုံးဟာ up to date မဖြစ်ပဲ ကျန်ခဲ့မှာပါပဲ။အခုလို နည်းပညာပိုင်းဆိုင်ရာ အရမ်းကို မြန်ဆန်သွက်လက်နေတဲ့ခေတ်ကြီးထဲမှာ ကိုယ်ယုံကြည်ရာ ကဗျာအနုပညာနဲ့ လူနဲ့လူ့ပတ်ဝန်းကျင် အကျိုးကို အကျိုးပြုထင်ဟပ်စေချင်တာပါပဲ။

ဆူးရဲ - တခါတလေကျ တခြားအလုပ်တစ်ခုခုကိုလုပ်နေရင်းလည်း ကဗျာအာရုံဝင်စားနေတာမျိုးဖြစ်မိပါတယ်။ ကဗျာဓာတ်က စိတ်ကိုလှုံ့ဆော်နေလျက်နဲ့ လူကမအားလို့ မရေးဖြစ်တာမျိုး။ လူကအားနေလျက်နဲ့ ကဗျာဓာတ်က စိတ်ကိုလာမရိုက်ခတ်တဲ့ အခါမျိုးတွေလည်းရှိပါတယ်။ အဲဒီအကျိုးအကြောင်းနှစ်ခု တိုက်ဆိုင်သွားတဲ့အချိန်က ကဗျာပါပဲ။ ကဗျာရေးဖို့ရယ်လို့ သီးသန့်သတ်မှတ်ထားတဲ့ အချိန်ဇယားမရှိပါဘူး။ အဲဒီလိုသတ်မှတ်ပြီးရေးတယ်ဆိုရင်လည်း လုပ်ကြံမှုတစ်ခုလို့ ကျွန်တော်ယူဆတယ်။ ဘယ်လိုနည်းစနစ်ပိုင်းတွေနဲ့ရေးတယ်ဆိုတာကတော့ မေးခွန်းအချက်(၄)မှာ ကျွန်တော်ပြောခဲ့တဲ့အတိုင်းပါပဲ။

၆။ မြန်မာနိုင်ငံက ကွန်ဆက်ခြူရယ်၊ အယ်လ်ပီ စသဖြင့်နဲ့ ပို့စ်မော်ဒန် ပထမမျိုးဆက် စာပေအယူအဆတွေကို လက်ခံယုံကြည်တဲ့ ကဗျာဆရာတွေမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလအာရုံခံစားမှုကို အဓိကမထားတဲ့၊ ခေတ်စနစ်လူမှုဝန်းကျင်ရဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို မျက်ကွယ်ပြုချင်တဲ့ အယူအဆမျိုးတွေ ရှိနေကြတယ်။ တကယ်တော့ အဲဒီ အယူအဆတွေက ၁၉ ရာစုအလယ်ပိုင်းလောက်က ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ ခေတ်စားခဲ့တဲ့ Aestheticism ရဲ့ စာပေအနုပညာ အယူအဆတွေ။ Oscar Wilde တို့လို ကိုယ်တို့ဆီမှာဆိုရင် ဆရာသစာနီတို့လိုပေါ့ အနုပညာရသအဓိက၀ါဒီတွေက သန့်စင်တဲ့ အနုပညာဟာလူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ကျင့်တရားဆိုင်ရာ ဆုံးမသွန်သင်မှုတွေနဲ့ မရောထွေးသင့်ဘူးလို့ ယူဆခဲ့ကြတယ်။ အနုပညာဟာ အနုပညာအတွက်ဆိုတဲ့ ကြေညာချက်က Aestheticism ရဲ့ အနှစ်ချုပ် အယူအဆပေါ့။ ညီလေးတို့ အမြင်ကရော...ကဗျာအနုပညာမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလ အာရုံခံစားမှုနဲ့ခေတ်စနစ်လူမှုဝန်းကျင်အပေါ် အမြင်တွေ ပါသင့် မပါသင့်။


ညီလင်းနိုင် - ကျွန်တော်ကတော့ မိမိကိုယ်တိုင်ရဲ့ တစ်သီးပုဂ္ဂလ အာရုံခံစားမှုရယ် ခေတ်ကရိုက်ခတ်နေတဲ့ ခံစားမှုတွေရယ်မပါရင်
လှပါတယ်ဆိုရင်တောင် လောကနဲ့ကင်းကွာနေတဲ့ အလှတရားတစ်ခုပဲ ဖြစ်နေလိမ့်မယ်လို့ ယူဆမိပါတယ်။ မျက်မှောက်ကို မျက်ကွယ်ပြုတာမျိုး မဖြစ်စေဖို့ ကျွန်တော့်ကိုယ်ကျွန်တော် ဆုံးမထားပါတယ်။

ရဲရင့်လမင်း - အနုပညာဟာအနုပညာအတွက်၊အနုပညာဟာ ပြည်သူအတွက် စသည်ဖြင့် ဝိဝါဒအမျိုးမျိုး ခံယူချက်အမျိုးမျိုးနဲ့ ကဗျာအနုပညာအပါအဝင် အခြားသော အနုပညာတွေဟာလည်း အခုထိ သက်ဝင်လှုပ်ရှား နေဆဲပါ။အခုခေတ်အနေနဲ့ကြည့်မယ်ဆိုရင် ကဗျာအနုပညာမှာ တစ်သီးပုဂ္ဂလ အာရုံခံစားမှုအပြင် ခေတ်စနစ်လူမှုဝန်းကျင်အပေါ်အမြင်တွေပါကို ပါသင့်တယ်လို့ ခံယူတယ်။အဲ့လိုမှမဟုတ်ရင်တော့ ဆားမပါတဲ့ဟင်းကိုစားရသလိုပေါ့ရွှတ်ရွှတ်ဖြစ်နေပါလိမ့်မယ်။ကဗျာအနုပညာဟာ ခေတ်ကိုထင်ဟပ်စေမယ့် အာရုံခံစားပုံ၊တည်ဆောက်ပုံ၊အကြောင်းချင်းရာ၊အယူအဆ အားလုံးဟာလက်ရှိ ခေတ်ကိုကိုယ်စားပြုနိုင်မှသာ ကဗျာဖတ်သူ ခံစားသူတွေအနေနဲ့လည်း လတ်ဆတ်တဲ့ ရသကို ခံစားခွင့်ရမှာပါ။အခုဆိုရင်သတင်းအချက်အလက်ဆန်တဲ့ ကဗျာအမျိုးအစားတွေပါ ထွက်ပေါ်လာနေတာကို သတိထားမိပါတယ်။ဒါကလည်း ယနေ့အိုင်တီခေတ်ရဲ့ လိုအပ်ချက်တစ်ခုကိုကဗျာရှုထောင့်ကနေဆက်စပ်တင်ပြတာလို့ နားလည်လက်ခံထားပါတယ်။

ဆူးရဲ - ကဗျာအနုပညာကတော့ လောကမှာဖြစ်ပျက်နေတဲ့ ဘယ်အရာနဲ့မှ သီးခြားကင်းကွာနေလို့ ရနိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ ကဗျာဖန်တီးသူ ကဗျာဆရာကိုယ်တိုင်က လောကထဲကလူသားတစ်ယောက်ဖြစ်နေလို့ပါ။ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလအာရုံခံစားမှုနဲ့ ခေတ်စနစ် လူမှုဝန်းကျင်အပေါ်အမြင်တွေပါသင့်ပါတယ်။ ကျွန်တော့် အမြင်ပေါ့။

၇။ ကိုယ့် အမြင်ပြောရရင် မြန်မာစာပေလောကမှာ Realism အယူအဆနဲ့ တန်ဖိုးစံနှုန်းတွေကို စွဲလမ်းဆုပ်ကိုင်ထားတဲ့ အယ်ဒီတာတွေနဲ့ စာရေးဆရာတွေ ရှိနေလို့ မြန်မာဝတ္ထုတို/ အက်ဆေး အရေးအသားတွေဟာ Realism နယ်ပယ်ထဲမှာပဲ ပိတ်မိနေကြပြီး မြန်မာစကားပြေယဉ်ကျေးမှု အသစ်ဖွံဖြိုးတိုးတက်မှု မရှိဘဲ နှစ်ပေါင်းများစွာ ရပ်တန့်နေတာလို့ မြင်မိတယ်။ ၁၉၉၅ ၀န်းကျင်ကနေ ၂၀၀၅ လောက်အထိ ခေတ်စားရှင်သန်ခဲ့တဲ့ မော်ဒန်နဲ့ ပို့စ်မော်ဒန် စကားပြေတွေကတော့ ခြါင်းချက်ပေါ့လေ။ ကဗျာအနုပညာမှာ ဆိုရင်လည်း Modern Conservative ဖြစ်နေတဲ့ ၀ါရင့် ၀ါနုကဗျာဆရာတွေ၊ အယ်ဒီတာတွေ ကဗျာဖတ် ပရိသတ်တွေ ရှိနေကြသေးတယ် ထင်တယ်။ အဲဒီလို Modern Conservative တွေကို မြန်မာကဗျာယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားတဲ့သူတွေ၊ အနှောင့် အယှက် အဟန့်အတား ဖြစ်စေမယ့် သူတွေလို့ဆိုနိုင်မလား။


ညီလင်းနိုင် - ကျွန်တော်မြင်မိတာက တားဆီးသူရှိနေရင်တောင် တကယ်အားကောင်းမောင်းသန်နဲ့ စီးဆင်းလာမယ်ဆိုရင် ဘယ်လိုမှ ပိတ်ထားလို့ မရနိုင်ဘူးလို့ မြင်မိပါတယ်။

ရဲရင့်လမင်း - တစ်ဦးတည်းအမြင်ပြောရမယ်ဆိုရင်တော့ စကားပြေက ကဗျာလောက် အရှိန်အဟုန်မပြင်းဘူးလို့ဆိုရပါမယ်။အခုထက်ထိလည်း ဝေဖန်ရေးပိုင်းမှာရော အရေးအသား အားထုတ်မှုအပိုင်းမှာပါ မော်ဒန်နဲ့ ပိုစ့်မော်ဒန်စကားပြေ ကအားနည်းနေပါတယ်။အခုထက်ထိ စာပေဆုတွေချီးမြှင့်နေတဲ့အထဲမှာ မော်ဒန်အက်ဆေး ဝတ္ထုတိုတွေ နေရာမရသေးတာ သာဓကပါပဲ။ ချန်လှပ်ထားတာလား၊အားထုတ်မှုတွေက မပြည့်ဝသေးတာလားဆိုတာကိုတော့ ဝါရင့်ပညာရှင်တွေအနေနဲ့ ထောက်ပြပြောဆို အကြံပြုဆွေးနွေးဖို့ လိုအပ်ပါလိမ့်မယ်။ တကယ့်တကယ် အရှိန်အဟုန်ကောင်းလာမယ်ဆိုရင်တော့ ဟန့်တား ပိတ်ဆို့မှုတွေကို သူ့အလိုလို ကျော်လွှားနိုင်မှာပါ။

ဆူးရဲ သူတို့ကိုလည်း မြန်မာကဗျာယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားတဲ့သူတွေ အနှောင့်အယှက်အဟန့်အတားဖြစ်စေမယ့် သူတွေလို့ ကျွန်တော်မထင်ပါဘူး။ ကိုယ်ယုံကြည်ရာလမ်းအတိုင်း စီးဆင်းနေတဲ့မြစ်မွှာတွေလို့ပဲ မြင်မိတယ်။ စီးဆင်းအားအရှိန်အဟုန်နဲ့ သမုဒ္ဒရာဆီရောက်ဖို့က ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကြောင်းပေါ်မှာမူတည်ပါလိမ့်မယ်။ ပရိတ်သတ်ဆိုတာကတော့ သူတို့အာရုံခံစားနိုင်မှုအဆင့်အတန်းအလိုက် ထိုက်တန်တဲ့အနုပညာကိုပဲ ကိုယ်စီနှစ်သက်လက်ခံရယူကြလိမ့်မယ်လို့ ထင်ပါတယ်။

၈။ အွန်လိုင်း ကဗျာယဉ်ကျေးမှုဘက် တစ်ချက်လောက် လှည့်ကြည့်လိုက်ရအောင်။ အွန်လိုင်းက ကဗျာဆရာတွေနဲ့ ကဗျာတွေအပေါ် ညီလေးတို့ အမြင်ကို အုပ်စုနဲ့ အမျိုးအစားတွေ ခွဲခြားဝေဖန်ပေးပါ။ အွန်လိုင်းနဲ့ ပရင့်တ်မီဒီယာ ပဋိပက္ခ ကိစ္စ၊ အနုပညာဗီဇနဲ့ ကဗျာဖန်တီးမှု အတွေ့အကြုံ အနုအရင့်ကိစ္စ၊ အယ်ဒီတာ မရှိတဲ့ မီဒီယာဖြစ်တဲ့အတွက် ကိုယ့်ကဗျာကိုယ် လွတ်လွတ်လပ်လပ် ရေးလို့ရနေတဲ့ အခွင့်အလမ်းရဲ့ နောက်ဆက်တွဲ ကောင်းကျိုး ဆိုးကျိုး၊ အနုပညာ အဆင့်အတန်း သိပ်မရှိတဲ့ ကဗျာတွေအောက်က Like & Comment ကိစ္စတွေက အစပေါ့။

ညီလင်းနိုင် - ကျွန်တော့်အနေနဲ့ကတော့ မြန်မာနိုင်ငံဆိုတဲ့ ခေါင်းစဉ်အောက်မှာဆိုရင် မြန်မာနိုင်ငံသားလို့ပဲ မြင်ထားပါတယ်။ ဘာကိုမှ မခွဲချင်ဘူး။ အချိန်တန်ရင် ဘယ်သူပဲဖြစ်စေ တကယ်လုပ်နေသူပဲ ကျန်နေခဲ့မယ်လို့ မြင်မိပါတယ်။ ကျွန်တော် တကယ်မလုပ်နိုင်တဲ့တစ်နေ့ ကျွန်တော် ကျန်နေခဲ့မှာပါ။

ရဲရင့်လမင်း - အခု ၂၀၁၃ အွန်လိုင်းပေါ်မျာ အများဆုံးတွေ့နေရတာကတော့ ခေတ်ပေါ်ကဗျာ၊နီယိုမော်ဒန်၊PEMSKOOL က ကဗျာတွေနဲ့ စမ်းသပ်ကဗျာ အမျိုးအစားတွေပါပဲ။တခြားကဗျာအမျိုးအစားတွေလည်း ရှိနေပါတယ်။ဒါပေမယ့် အရှိန်အဟုန်က သိပ်မပြင်းဘူးလို့ထင်ပါတယ်။အခုလိုကဗျာအမျိုးအစားတွေ စုံလင်များပြားလာတာ ကောင်းပါတယ်။ လူငယ်တွေအနေနဲ့ လေ့လာခွင့်၊ရွေးချယ်ခွင့်ပြီးတော့ စမ်းသပ်ခွင့်တွေပါပိုရလာပါတယ်။ လက်ရှိဖြစ်ပေါ်တိုးတက်လာနေတဲ့ ကဗျာပုံစံ၊အယူအဆ၊အားသာချက်တွေကိုယူပြီး ကိုယ်ပိုင်ဟန်တွေကို တည်ဆောက်လာနိုင်လို့ပါပဲ။ လူငယ်တွေအနေနဲ့အခုလို ရွေးချယ်စမ်းသပ်ခွင့်တွေရလာတာ အားတက်စရာပါပဲ။ တစ်ခုချင်းစီအမျိုးအစားခွဲပြဖို့ကတော့ ခက်ခဲတဲ့ကိစ္စပါ။ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာသင်ယူဆဲမို့ Detail ပြောပြဖို့ခက်ပါတယ်။ အခုဆိုရင်ပရင့်မှာနာမည်ရနေတဲ့ ဆရာ/မတွေလည်း အွန်လိုင်းမှာ စိတ်အားထက်သန်စွာပါဝင်လာကြပါပြီ။ ပရင့်က ကဗျာတွေ/စကားပြေတွေ အနေနဲ့ အွန်လိုင်းပေါ်ကိုရောက်ဖို့ လွယ်ကူနေပေမယ့် အွန်လိုင်းပေါ်ကကဗျာတွေ/စကားပြေတွေကတော့ ပရင့်ပေါ်ကိုရောက်ဖို့ ခက်ခဲနေဆဲပါ။ ဒါပေမယ့် အွန်လိုင်းကိုနားလည်လက်ခံတဲ့ ခေတ်အမြင်ရှိတဲ့ တစ်ချို့သောအယ်ဒီတာဆရာသမားတွေကတော့ အွန်လိုင်းပေါ်က လူငယ်တွေကိုနေရာပေးလာကြတာလည်းတွေ့နေရပါတယ်။ တဖြည်းဖြည်းနဲ့ အဆင်ပြေသွားမယ့် ကိစ္စလို့မြင်ပါတယ်။ ကိုယ်ဖန်တီးနေတဲ့အနုပညာဟာ အဆင့်အတန်းမမီတဲ့အနုပညာအမျိုးအစားဆိုတာ သူတို့ကိုယ်သူတို့မသိတဲ့သူတွေကတော့ Like & Comment တွေအတွက် ခပ်ညံ့ညံ့အရေးအသားတွေကို ဆက်လက်ပုံဖော်နေကြဦးမှာပါ။ တစ်ချို့ကလည်း အွန်လိုင်းကို အပျော်သဘောနဲ့ ဝင်ရောက်လက်တည့်စမ်းလိုသူတွေလည်းပါကောင်းပါနေမှာပါ။ အွန်လိုင်းက Open ချည်းပွင့်နေတာဆိုတော့ ထိန်းချုပ်မှုကင်းလွတ်နေပါတယ်။ ကိုယ်လိုချင်တာကိုသာ အကျိုးရှိရှိအသုံးချတက်ဖို့ပဲလိုတယ်လို့မြင်ပါတယ်။

ဆူးရဲ - အွန်လိုင်းက ကဗျာဆရာတွေနဲ့ ကဗျာတွေအပေါ် အုပ်စုနဲ့အမျိုးအစားတွေခွဲခြားဝေဖန်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စတစ်ခုပါပဲ အစ်ကိုရေ။ အွန်လိုင်းမှာက ကဗျာရေးသူများသလို၊ ကဗျာအမျိုးအစားတွေကလည်း ကျွန်တော်လက်လှမ်းမမှီနိုင်တာတွေအထိ အများအပြားရှိကြတယ်လေ။ အွန်လိုင်းနဲ့ ပရင့်မီဒီယာကိစ္စကတော့ ကျွန်တော်သိပ်မသိလို့ မဖြေပါရစေနဲ့။ အွန်လိုင်းကတော့ အယ်ဒီတာမရှိတဲ့မီဒီယာဖြစ်တဲ့အတွက် တချို့ကဗျာရေးသူတွေက ကဗျာဖတ်သူရှေ့ ကိုယ့်ကဗျာကိုချပြချင်စိတ်စောလွန်းတာလားမသိဘူးပေါ့။ ဆူလွယ်နပ်လွယ်သဘောမျိုးတွေလည်း တွေ့ရပါတယ်။ ဒါပေမယ့် အွန်လိုင်းရယ်၊ ပရင့်ရယ် စိတ်ထဲမှာမထားဘဲ ကိုယ်ကိုယ်တိုင်စိတ်ကြိုက်ဖြစ်မှ ကဗျာဖတ်သူကို စေတနာပါပါချပြကြတဲ့ ကဗျာဆရာတွေလည်း အများအပြားရှိပါတယ်။ အနုပညာအဆင့်အတန်းသိပ်မရှိတဲ့ ကဗျာတွေအောက်က Like & Comment ကိစ္စတွေက အွန်လိုင်းပေါ်မှာရှိတဲ့ကဗျာဆရာတိုင်းလိုလို သိနေကြတဲ့ကိစ္စဆိုတော့ သိပ်အထွေအထူးပြောဖို့မလိုလောက်တော့ဘူးလို့ ထင်ပါတယ်။ တစ်ခါတုန်းက ကျွန်တော်တင်ဖူးတဲ့ status တစ်ခုလိုပါပဲ။" လူကိုဖတ်ကြည့်တော့ လွှတ်ကောင်းတဲ့ကဗျာဆိုလား "

၉။ မြန်မာကဗျာလောကမှာ ကဗျာချဉ်းကပ်ခံစား ဝေဖန်မှု လုပ်ကြတဲ့အခါ တန်ဖိုးထား နားလည်ခံစားမှု( Appreciation ) နဲ့ ကောင်းဆိုး ဝေဖန် ချဉ်းကပ်သုံးသပ်( Criticize ) လုပ်တာ ဆိုပြီး နှစ်မျိုးနှစ်စားလုံး လုပ်ဆောင်ကြတာ တွေ့ရတယ်။ ဆရာမြဇင်၊ ဆရာ မင်းလှညွန့်ကြူး၊ ဆရာမျိုးသန့်၊ ကိုမင်းခက်ရဲ၊ သူရနီတို့ရဲ့ ကဗျာချဉ်းကပ်မှုတွေက Criticize ဘက်ကို အလေးသာပြီး ဆရာမောင်သာချိုနဲ့ ကို အောင်ခင်မြင့်တို့က Appreciation ဘက်ကို အလေးသာတယ်လို့ ကိုယ် မြင်တယ်။ မြန်မာကဗျာဝေဖန်ရေးအပေါ် ညီလေးတို့ရဲ့ အမြင်။ ပြီးတော့ အခု နှစ်ပိုင်း အွန်လိုင်းမှာ သဘောထားအမြင်မျိုးစုံနဲ့ လူပြောသူပြောများနေတဲ့ မောင်ဂျိုကာရဲ့ ကဗျာချဉ်းကပ်မှုတွေနဲ့ လူမှုရေး ဝေဖန်ချက်တွေအပေါ် အမြင်။

ညီလင်းနိုင် - ဝေဖန်ရေးကတော့ ဘယ်နယ်ပယ်မှာမဆို မရှိမဖြစ်လိုအပ်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ အပြုသဘောနဲ့ ဝေဖန်တာဆိုရင် ဘယ်သူမဆို နားလည် လက်ခံပြီး ကျိုးနွံစွာ ခံယူမှာ ဖြစ်ပါတယ်။ ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေတာမျိုးကတော့ လူတိုင်းကိုယ်စီမှာ ဘဝပေးအသိ အနုပညာအသိနဲ့ မြင်တွေ့နေကြမှာ ဖြစ်လို့ အကျိုးသက်ရောက်မှု ဘာမှ ရှိမလာနိုင်တာ သေချာပါတယ်။ ဆရာမောင်ဂျိုကာကိုလည်း စိတ်ရင်းအမှန်အတိုင်းပြောရရင် ကဗျာဗေဒပညာရှင်တစ်ယောက်အဖြစ် လေးစားမိပါတယ်။ မျက်နှာဖုံးချွတ်ပြီး အပြုသဘောနဲ့ ဝေဖန်တာဆိုရင် ကဗျာအသိုင်းအဝိုင်းကြီးတစ်ခုလုံးက ဝမ်းမြောက်ဝမ်းသာ  ကြိုဆိုနေမှာ သေချာပါတယ်။

ရဲရင့်လမင်း - ဝေဖန်ရေးကတော့ ဘယ်နေရာမှာဖြစ်ဖြစ် ရှိနေမှာပါပဲ။အပြုသဘောနဲ့ ဝေဖန်တဲ့ အချက်အလက်ကျကျ ဝေဖန်ရေးတွေကိုကြိုဆိုလက်ခံသလို ဝေဖန်ရေးဗန်းပြပြီး နောက်ကွယ်က လူမှုရေးတိုက်ခိုက်မှုတွေကိုတော့ အပြင်းအထန်ရှုံ့ချပါတယ်။ အဆင့်မရှိတဲ့လုပ်ရပ်လို့မြင်ပါတယ်။အထူးသဖြင့် မျက်နှာဖုံးစွပ်ပြီးမှ တိုက်ခိုက်ရဲတဲ့သူတွေကိုတော့ ဘယ်လောက်ပဲတော်နေ၊တက်နေပါစေ အထင်လည်းမကြီးပါဘူး။ လေးစားမှုလည်းမပေးနိုင်ပါဘူး။ မျက်နှာဖုံးစွပ်ထားတဲ့ မောင်ဂျိုကာ ကိုလည်း ဒီစကားဝိုင်းကနေ ဝင်ရောက်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။

ဆူးရဲ - တတ်သိနားလည်တဲ့ဆရာတွေအနေနဲ့ Appreciation ပဲဖြစ်ဖြစ်၊ Criticize ပဲဖြစ်ဖြစ် များများလုပ်ပေးနိုင်လေ မြန်မာကဗျာလောကအတွက် ပိုအကျိုးရှိလေလို့ပဲ ကျွန်တော်မြင်တယ်။ မျှော်လည်း မျှော်လင့်ပါတယ်။ မောင်ဂျိုကာကိုတော့ ကဗျာဆိုင်ရာ သီးသန့်ဝေဖန်ချဉ်းကပ်မှုတွေဆိုရင်ကဗျာလောကအတွက် တစုံတရာအကျိုးပြုသူတစ်ယောက်အဖြစ် လက်ခံရမှာပါ။ လူမှုရေးတိုက်ခိုက်လိုစိတ်တွေ ရောနှောမနေဘူး ဆိုရင်ပေါ့။

၁၀။ ၂၀၁၀ အလွန် ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ခေတ်ပေါ်ကဗျာ၊ အယ်လ်ပီ၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ ဖလာ့ဖ်၊ စကားပြေကဗျာ စသဖြင့် ကဗျာအယူအဆ/ အမျိုးအစားတွေ ရှိနေကြတယ်။ ခေတ်ပြိုင်ကဗျာ( Contemporary Poetry) ဆိုတဲ့ ဝေါဟာရအပေါ်မှာလည်း အမြင်နဲ့ ၀ိဝါဒ အမျိုးမျိုး ကွဲပြားနေကြတယ်လို့ ထင်တယ်။ ကိုဇော်ဇော်ထွန်းကတော့ ခေတ်ပြိုင်ကဗျာလို့ မြန်မာလို မပြောဘဲ Contemporary Poetry လို့ အင်္ဂလိပ်လို တိုက်ရိုက် သုံးနှုန်းပြောဆိုဖို့ အကြံပေးထားတယ်။ ခေတ်ပြိုင်ကဗျာဆိုတာ တချိုကဗျာဆရာတွေ ယူဆနေသလို ကဗျာအမျိုးအစားသစ် တစ်ခုလား။ ဒါမှမဟုတ် ၂၀၁၀ အလွန် မြန်မာနိုင်ငံမှာ အသစ်ဖြစ်ထွန်းလာတဲ့ ကဗျာအမျိုးအစားသစ်တွေကို ခြုံငုံခေါ်ဝေါ်တဲ့ ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခုလား။ ညီလေးတို့ ဘယ်လို ခွဲခြားနားလည်ထားလဲ။ ညီလေးတို့ အမြင်နဲ့ဆိုရင် ခေတ်ပေါ်ကဗျာကိုရော ၂၀၁၀ အလွန် ခေတ်ပြိုင်ကဗျာစာရင်းထဲ ထည့်မလား။ ချန်ထားခဲ့ချင်လား။ ပြီးတော့ လာမယ့် ဆယ်စုနှစ်တစ်ခု အတွင်း ခေတ်ပြိုင်မြန်မာကဗျာရဲ့ အလားအလာ။ ဘယ်လို ကဗျာအမျိုးအစားတွေ ဆက်လက် ရှင်သန်ရပ်တည် နေနိုင်မယ် ထင်လဲ။ ဘယ်လို ကဗျာ အမျိုးအစားသစ်တွေ အသစ် ပေါ်ပေါက် ထွန်းကားလာမယ်လို့ ခန့်မှန်း ထင်ကြေးပေးမလဲ။


ညီလင်းနိုင် - ကျွန်တော့်အမြင်ကတော့ လက်ရှိ ကဗျာအမျိုးအစားအကုန်လုံးကို ခြုံငုံပြီးခေါ်တာလို့ ယူဆထားပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ခေတ်ပေါ်ကဗျာကြောင့် ကဗျာဓာတ်စီးဝင်လာခဲ့ရတာမို့ ခေတ်ပေါ်ကို မိခင်နေရာမှာ ထားထားပါတယ်။ ကျွန်တော်ချန်ခဲ့သည်ဖြစ်စေ မချန်ခဲ့သည်ဖြစ်စေ အမေဟာ အမေပါပဲ။ အနာဂတ်အတွက်ကတော့ လက်ရှိလူငယ်တွေရဲ့လက်ထဲမှာ မူတည်ပါတယ် အစ်ကို။ ခေတ်ကိုမျက်ကွယ်မပြုတဲ့ အနုပညာမှန်သမျှ ခေတ်နဲ့အတူတူ တစ်သားထဲစီးဆင်းနေမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။


ရဲရင့်လမင်း - ဒီမေးခွန်းရဲ့အဖြေကိုတော့ မြန်မာပြည်က ကဗျာဗေဒပညာရှင်တွေက ဖြေဆိုသတ်မှတ်ပေးမှ သင့်လျော်မှာပါ။လူငယ်တွေကခေတ်ကို လက်တွေ့ကျကျဖြတ်သန်းနေပါတယ်။ကောင်းတာ၊ဆိုးတာ၊ဖြူတာ၊မဲတာတော့ တပိုင်းပေါ့။ပွင့်ပွင့်လင်းလင်းပြောရရင်တော့ လူငယ်တွေဟာ သတ်မှတ်ချက်တွေ ပုံစံခွက်တွေနဲ့မနေချင်တဲ့ လူတန်းစားတစ်ရပ်ပါပဲ။ကဗျာအနုပညာကိုသင်ယူလေ့လာ အားထုတ်ဆဲလူငယ်တစ်ယောက်အနေနဲ့ လွတ်လပ်တဲ့အတွေးအမြင်နဲ့ လတ်ဆတ်တဲ့ ကဗျာတွေကိုပဲ ခေတ်နဲ့အညီ ဆက်လက်ဖန်တီးချင်ပါတယ်။ ဝါရင့် သမ္ဘာရင့်ကဗျာအနုပညာရှင်တွေရဲ့ လက်ထဲမှာတော့ ဒီမေးခွန်းရဲ့အဖြေက အဆင်သင့်ရှိကောင်းရှိနေလိမ့်မယ်လို့ ယုံကြည်ပါကြောင်း။

ဆူးရဲ - ခေတ်ပြိုင်ကဗျာ(Contemporary Poetry) ဆိုတဲ့ဝေါဟာရကို ကျွန်တော့်အနေနဲ့ ကဗျာအမျိုးအစားအသစ်တစ်ခုလို့ လက်ခံမထားသလို ၊ ၂၀၁၀အလွန် မြန်မာနိုင်ငံမှာ အသစ်ဖြစ်ထွန်းလာနေတဲ့ ကဗျာအမျိုးအစားသစ်တွေကို ခြုံငုံခေါ်ဝေါ်တဲ့ ပညာရပ်ဆိုင်ရာဝေါဟာရတစ်ခုလို့ လက်ခံဖို့လည်း ခဲယဉ်းနေပါသေးတယ်။ လက်ရှိဖြတ်သန်းနေတဲ့ ခေတ်စနစ်နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ထွန်းပေါ်ပေါက်နေတဲ့ ခေတ်ပြိုင်အကြောင်းခြင်းရာတွေပါတဲ့ကဗျာမျိုးတွေကိုတော့ ခေတ်ပြိုင်ကဗျာ(Contemporary Poetry) ဆိုတဲ့ဝေါဟာရကိုအသုံးပြုဖို့ သဘောတူချင်ပါတယ်။ ခေတ်ပေါ်ကဗျာလို့ဆိုပေမယ့်လည်း လက်ရှိခေတ်ပြိုင်အကြောင်းခြင်းရာတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ကဗျာဆိုရင် ခေတ်ပြိုင်ကဗျာစာရင်းထဲ ထည့်သွင်းစဉ်းစားသင့်တယ်လို့ ယူဆမိပါတယ်။ လာမယ့်ဆယ်စုနှစ်တစ်ခုအတွင်း ခေတ်ပြိုင်မြန်မာကဗျာရဲ့အလားအလာနဲ့ ဘယ်လိုကဗျာအမျိုးအစားတွေရှင်သန်ရပ်တည်နေနိုင်မလဲဆိုတာက ကဗျာဆရာတွေအားလုံးရဲ့အပေါ်မှာ မူတည်နေတာမို့ ပြောဖို့ခက်ပါတယ်။ ဘယ်လို ကဗျာအမျိုးအစားသစ်တွေ အသစ်ပေါ်ပေါက်ဖြစ်ထွန်းလာမယ်ဆိုတာ လောလောဆယ်မခန့်မှန်းတတ်သေးပါဘူး။ လက်ရှိအခြေအနေအရတော့ ဖတ်နေရတဲ့ ခေတ်ပြိုင်မြန်မာကဗျာအတော်များများကို ကျေနပ်အားရနှစ်သက်မိပါတယ်။

အောင်ရင်ငြိမ်း

No comments:

Post a Comment