Monday, April 29, 2013

ရောက်တတ်ရာရာ လတ်တလော ရှုမျှော်ခင်းများအကြောင်း [ Re-NEW ]


မျက်စိရှေ့မှောက် မော်နီတာ စခရင်မ်ထက် ပမာဏ 7 MB ရှိ ဖိုင်တစ်ခု Attach တွဲသွားတဲ့အကြောင်း
ရုံးအောက်ထပ် 38 လမ်းဝန်းကျင် ယာဉ်များစွာ အသံမျိုးစုံကြားနေရတဲ့အကြောင်း
သက်ရှိများစွာ အဆက်မပြတ် ဥဒဟို မောင်းနှင်လှုပ်ရှားနေတဲ့အကြောင်း
လူငယ်ကြိုက်မော်တော်ဆိုင်ကယ်တစ်စီးအသံ အပေါ်ထပ်လေးလွှာအထိ ဗြီးခနဲ ပျံ့လွှင့်လာတဲ့အကြောင်း
တစ်လက်စတည်း ၊ တစ်ချိန်တည်း ၊ ထို့နောက် အချိန်ကိုက်လို့ဆိုပါ
ပြောသူမရှိ ဖွင့်ထား ဂျီတော့ခ်အကောင့်မှ လူတစ်ယောက်(သို့) သက်ရှိတစ်ကောင်
တစ်စုံတစ်ခု အမှန်တစ်ကယ် တစ်စုံတစ်ခု လှမ်းပြောလိုက်တဲ့အကြောင်း
ဘယ်လိုလဲ လို့မေးလိုက်၊ အခြေနေ လို့ အချိန်မဆိုင်း၊ ခပ်မြန်မြန် စကားသုံးနှုန်းပုံခပ်ပြတ်ပြတ်
ဒရောသောပါးစတိုင်လ်သူငယ်ချင်းတစ်ဦး အွန်လိုင်းတွင် အတန်ကြာပျောက်ရှနေကြောင်း
အော်ရောင်းလက်ပွေ့သမားထံမှ ၊ လမ်းဘေးတန်းချိတ် အရောင်းဆိုင်တစ်ခုအတွင်းမှ
ဟိုဟိုဒီဒီရှိုးရင်း တစ်စောင်လေးရာ ဟင့်အင်းဗျ မဟုတ်ဘူး တစ်စောင်ငါးရာ
ဘာဖြစ်ဖြစ် ၀ယ်ဖတ်ရန်မလို ခရီးသွားဟန်လွှဲ ဖတ်ရှုနိုင် HOT သတင်းတစ်ပုဒ်အကြောင်း
ဟိုဟာ ၊ ဒီဟာ ၊ ဘာညာဆိုဒ်တစ်ခုပိုင်ရှင် နာမည်အလန်းဖလန်းကိုကိုတစ်ယောက်
အဆိုတော်မင်းသမီးလေးတစ်ဦး ၀င်ရောက်ကပြ လိင်အသားပေး အခန်းဆက်ဇာတ်လမ်းတိုများ
အင်တာနက်ယဉ်ကျေးမှုအသုံးချ အားပါးတရ ကွန့်မန့်များစွာပေး မြိန်ရေယှက်ရေ မျှဝေနေကြောင်း
ဟိုင်း :D - :HI [ ဟိုင်း-HI ပါ ]
Hello :P - ဟယ်လို :D [ Hello - ဟယ်လို ပါ ]
မင်္ဂလာပါ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ -
Nice To Meet U ပေါ့ - ဟိုင်းလား အိုကေပါ ဒါဆို HELLO !
Oh ! ဘယ်နှယ့်ရှိစ ခင်ဗျားတို့၊ကျုပ်တို့၊သူတို့ရဲ့ Chat Room များအကြောင်း
တစ်နေ့တစ်ကြိမ်မသုံးရမနေနိုင် Mark Zuckerberg ရဲ့ ဆိုရှယ်နက်ဝါ့ခ် ဖေ့ဘုတ်ခ်အကြောင်း
အပြန်ပြန်အလှန်လှန်ဖတ်ရှုနေရ ကဗျာဆရာများစွာလက်တို့ ကဗျာNote ပေါင်းစုံ မှတ်ချက်များအကြောင်း
အပျောက်အရှများလွန်းလာ ကသောကမျောစီးဆင်းမှု အလေအလွင့်အတွေးတစ်ချို့အကြောင်း
လက်ရှိအချိန်ရေးဖွဲ့ ကဗျာ ( မိမိဘာသာအမည်ပေးထားခြင်း ) အမည်ခံ စာစုတစ်ခု၊
အိပ်မက်တစ်ပုဒ် ၊ စာသားအဆောက်အအုံ၊ ဇာတ်လမ်းဇာတ်ကွက်တစ်ခုအကြောင်း
White Board တွင်ရေးသားထားရှင်းရန်ရှိဆော့ဝဲလ် Error များ၊ စာရင်းရိုက်သိမ်းဆည်းထားအချိန်ပိုနာရီစုပေါင်းများ
လကုန်ရက်ထုတ်ယူနိုင် အလုပ်နှစ်ခု လစာငွေအရေအတွက် အသပြာများ ခန့်မှန်းခြေအကြောင်း
နေ့စဉ်ရက်ဆက်ကြိမ်ဖန်များစွာ နားထောင်နေရ ထက်နေကြည် ရဲ့ ( မသိချင်ဘူး ) သီချင်းတစ်ပုဒ်အကြောင်း
စိတ်ကူးဆန်း ကဗျာဆရာတစ်ယောက်မှ Mandalay ICON Eden ကိုရွှေကိုယ် ကဗျာတစ်ပုဒ်တွေ့မိကြောင်း
မလန်းကြောင်း၊ မဂွမ်းကြောင်း ၊ အသင့်အတင့်သာရှိကြောင်း၊ ဆက်လက်ရေးသားစေလိုကြောင်း
Please – Please ! တစ်ဆိတ်လောက်ကျေးဇူးပြု ဤနေ့၊ နောက် ယခင်နေ့ ၊ နောက် ဟိုတစ်နေ့
မနက်ခင်းခြောက်နာရီနှိုးစက်မြည်ချိန် အိပ်ရေးမ၀သလို ထင်လိုက်မိကြောင်း
အိုမင်းမှုနှေးကွေးစေအကျိုးအတည်သက်ရောက်ကြောင်း သေချာစိတ်ချလျှင်
မဆီမဆိုင်လှစ်ဟမော်ဒယ်လ်များကြေငြာ ရုပ်မြင်သံကြားပါ အားဆေးအကုန်ဝယ်သောက်လိုကြောင်း
ဆွေး အမည်ရ ကဗျာတစ်ပုဒ် ဖန်တီးရှင် ကဗျာဆရာငယ်လေးတစ်ဦး သံယောဇဉ်ကြိုးများအကြောင်း
ရေရာစွာမသိရှိသေး သူငယ်ချင်းတစ်ဦး၊ နှစ်သိန်းတန်ဖုန်းတစ်လုံး မရှိမဖြစ် အရေးပါပုံအကြောင်း
ဟိုအကြောင်း၊ ဒီအကြောင်း၊ ခင်ဗျားအကြောင်း ၊ ကျွန်တော့်အကြောင်း၊
စက်ရုပ်တစ်ရုပ် ၊ နတ်ဘုရားတစ်ပါး ၊ တန်ခိုးရှင်တစ်ဦး ဖြစ်ချင်ဖူးခဲ့ ငယ်ဘ၀အိပ်မက်များအကြောင်း
ရှည်လျားထွေပြား မနေမနား တစ်သွားတည်းသွားကြ ဒီမိုကရေစီနိုင်ငံတွင်း တရားမျိုးစုံအကြောင်း
ခင်ဗျားက သိပ်လျှို့ဝှက်တာပဲ  တံဆိပ်ကပ်အမည်တပ်ခံရ ကျွန်တော့်တည်ဆောက်ပုံအကြောင်း
ငြိမ် ငြိမ် သက် သက် လေး တွေ ဝေ နေ ရင်း စဉ်း စား မရ ဖြစ် နေ မိ ကျွန်တော့်နာမည်အကြောင်း
What is My Name ? Ans : My Name is CRYPTO Person !
  
 ရွှေကိုယ်နတ်(UCSM)

[11.01.2013 – 1:41 PM ]

  

Monday, April 8, 2013

ကိုယ့်အရေပြားမှာခြစ်ရာရှရာများတယ် ကမ္ဘာကြီးမှာသွေးထွက်သံယိုများတယ်


ကိုယ့်ဘဝထဲနေ့တွေညတွေဒလဟောစီးဝင်လာပုံက ကြောက်စရာ..
ဘာကိုမှမလိုချင်တောတဲ့အခါ ကမ္ဘာကြီးရဲ့ဘယ်တံခါးပေါက်ကိုအရင်ထပိတ်လိုက်ရမလဲ??
စိတ်အလျင်တွေက အရာအားလုံးနောက်ပြေးလိုက်နေချိန် ခန္ဓာကိုယ်တစ်ခုလုံးက အိပ်ရာလေးထဲအလဲလဲအပြိုပြို ထပ်ခါထပ်ခါအကြောင်းပြချက်တွေဆိုရင် အကြောင်းပြချက်မရှိ တူးတူးခါးခါးမုန်းတယ်။
ကိုယ့်ဘဝလေးမှာ စိတ်ဒဏ်ရာတွေနဲ့ ကိုယ့်ကမ္ဘာကြီးမှာ စစ်ဒဏ်ရာတွေနဲ့ ဘယ်သူမှ ဘယ်သူ့ကိုမကယ်နိုင်
တိတ်တိတ်ဆိတ်ဆိတ် ကျဆုံးပစ်လိုက်ရမလား ??? သူရဲကောင်းတံဆိပ်ကပ်ပြီး ကြိုးစင်ပေါ် တစ်လှမ်းချင်း တက်သွားရမလား ?
ပြာ... ကိုယ့်မျက်လုံးတွေပြာ..ကိုယ့်အသံတွေပြာ...  ကိုယ့်အတွေးတွေပြာ... ကိုယ့်ကမ္ဘာကြီးဟာအပြာ ငြိမ်းချမ်းရေးတွေက အပြာ.. စိတ်ဒဏ်ရာတွေအနာတရမဖြစ်ဖို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပေးပါ.. အပြာရောင်နေ့တွေ သွေးထွက်သံယိုမဖြစ်ဖို့ကမ္ဘာကြီးကို ဂရုစိုက်ပေးပါ ကိုယ့်အသွေးအသားတွေနာကျင်ကိုက်ခဲလာတဲ့အခါ မျက်လုံးတွေအသာအယာမှိတ်ပြီး ဆေးအပြာတောင့်လေးကိုမော့သောက်တယ်။ ကမ္ဘာကြီးမှာ အနာတရတွေများလာတဲ့အခါ …...............................???
ကိုယ့်မျက်လုံးတွေကို နာနာကျင်ကျင်မှိတ်ပစ်လိုက်ရမလား?? ကြုံရာတစ်ခုခုကိုမော့သောက်လိုက်ရမလား ??
ဘဝကို စိတ်ထဲထိုးကျွေးပြန်ရင်လည်း ကိုယ်ပဲအလဲလဲအပြိုပြို ကမ္ဘာကြီးကို စစ်ထဲထိုးကျွေးပြန်ရင်လည်း ဘဝတွေကအလဲလဲအပြိုပြို လက်တစ်ကမ်းက မငြိမ်းချမ်းခြင်းတွေက ကိုယ့်အရေပြားထဲတစိမ့်စိမ့်ထိုးဖောက်ဝင်ရောက်လာတဲ့အခါ ကိုယ့်ကမ္ဘာကြီးတစ်ခုလုံးက အနီရောင်တွေ တစက်စက်ကျနေတဲ့ စစ်မြေပြင်တစ်ခု !
အကျအရှုံးများခဲ့မယ်ဆိုလည်း ငြိမ်းချမ်းစွာ အဆုံးသတ်ခွင့်ကိုပဲ အလိုရှိတယ်။
အကျအရှုံးများခဲ့မယ်ဆိုလည်း ငြိမ်းချမ်းစွာ အသက်ရှင်နေနိုင်ခွင့်ကိုပဲ အလိုရှိတယ်။
ဖျားနေတဲ့ကမ္ဘာကြီးနဲ့ မကျန်းမာတဲ့လူတွေကြား 'စစ်' ဆိုတဲ့ စကားလုံးကို မင်နီတားတယ်
မှားယွင်းပစ်ခတ်မှုတွေထဲ သေဆုံးပေးရမည့် ကလေးငယ်များ မရှိစေရ ။
နယ်ခြားကျူးကျော်သူများ၏ အကျယ်အကျယ်မငြိမ်းဖွယ်များ မရှိစေရ။
အရွယ်မရောက်သေးသော လက်နက်ကိုင်ကလေးသူငယ်စစ်သားများမရှိစေရ။
အာဏာရစစ်သားများမှ အပြစ်မဲ့အရပ်သားများအား လက်နက်ဖြင့်ပစ်ခတ်ဖမ်းဆီးခြင်းမရှိစေရ။
အရေပြားသို့ ထိုးဖောက်လောင်ကျွမ်းစေတတ်သော မျက်ရည်ယိုဗုံးများ မရှိစေရ ။
မရှိစေရ မရှိစေရလို့ နေ့စဉ်ရေရွတ်နေရ။ မိဘပြည်သူတွေက ရဟန်းသံဃာတွေကို ဝါဆိုသင်္ကန်းအစား ကျည်ကာသင်္ဃန်းပြောင်းလဲလှူဒါန်းလိုက်ချိန် ကမ္ဘာကြီးကတော့ " စစ်" ဆိုတဲ့ဘောလုံးကိုကစားရင်း ကိုယ့်ဂိုးကိုယ်အကြိမ်ကြိမ်ပြန်သွင်းရင်း  သွေးထွက်သံယိုများနေတုန်းပဲ။

ရွှေဆက်

Sunday, April 7, 2013

အဲဒီမီးရောင်တွေကြားက Club ထဲရောက်နေတဲ့ ညဟာမရောင်းရသေးတဲ့အသစ်စက်စက်လို့ ခင်ဗျားမှတ်ပါ


ညကအသစ်လား ဒါဆိုဟောင်းနေတဲ့ခန္ဒာကိုယ်ကို ထိုးကျွေးလိုက်တော့မယ်
တဖျတ်ဖျတ်ဖျတ်လက်နေတဲ့ ရောင်စုံဆလိုက်တွေကြား ညက ခုမှဈေးကွက်ထဲဝင်လာတဲ့အသစ်စက်စက်လေးလား ဖြေပါ..
ဘီယာကိုစိမ်ပြေနပြေ အမောတကော အေးအေးဆေးဆေး တစ်ငုံချင်း တစ်ရှိုက်ချင်း မက်မက်စက်စက်
ဦးနဲ့သမီးနဲ့ ကိုကိုနဲ့ညလေးနဲ့ မမနဲ့မောင်လေးနဲ့ ရပါတယ် အေးဆေးပဲမဟုတ်လား
မေးခွန်းတွေဆုံးတော့ ခိုးခိုးခစ်ခစ်တွေထွက်ကျလာတယ်
အဲဒီညက နီယွန်တွေ တော်တော်လှလို့ဆိုရမယ်
တစ်ကိုယ်လုံးမိတ်ကပ်တွေလိမ်းခြယ်ထားတဲ့ညက eye lyner တွေခပ်ထူထူဆွဲထားတဲ့ ကောင်မလေးက
one quarter ၀တ်မပေါင်တံသွယ်သွယ်၁၆နှစ်မလေးက ဟန်းဖုန်းခါးချိတ်ထားတဲ့ဘိုးတော်ကြီးက punk ကေအမိုက်စား
bling bling တွေနဲ့ချာတိတ်လေးက မာယာအလန်းစားနဲ့ 9th Floor ပေါ်လမ်းသလားနေတယ်
*မင်္ဂလာပါခင်ဗျာ (ဒုန်း ဒုန်း ဒုန်း) ကျွန်တော်တို့ Entertainmet မှ (ဒုန်း ဒုန်း ဒုန်း) ည ၁၁ နာရီထိ ၀င်ကြေးအခမဲ့ပရိုမိုးရှင်း
များပြုလုပ်ပေးသွားပါမယ်(ဒုန်း ဒုန်း ဒုန်း)* အပြင်းစားရိုက်ချက်တွေကြား DJ အသံက တစ်ချက်တစ်ချက်ဆောင့်ထွက်လို့
ဒရောသောပါး ဘုရားစူး dancing floor ထဲမှာ ကျားသစ်ကွက်မလေးဘေးမှာ ကျားသစ်ကြီး/လေးတွေဝိုင်းကြီးပတ်ပတ်လည်လို့
ငါမပြုစားတတ်ပါ ဆိုတဲ့ flow တစ်ချက်အကြွမှာ ဆံပင်တွေလွင့်ခနဲ..
အိုး.အိုး..အိုး.အိုး မြေနီလမ်းက beat တစ်ချက်အဆုံးမှာ မျက်ဝန်းတွေစူးခနဲ..
Dance the night away, Grab somebody drink a litte more အဆွဲအငင်မှာ
J-Lo ထက်သာတဲ့ကောင်မလေးရဲ့ ၅လက်မ pencil heel လေးကြမ်းပြင်ပေါ်ခပ်ဆောင့်ဆောင့်ဖြတ်ပြေးသွားတယ်
sexy dance ဆိုတာမျက်လုံးတွေထဲ အရှင်လတ်လတ်ဆွဲဖြတ်ထားတဲ့ နွံ့
စီးကရက်လက်ကြားညှပ်ထားတဲ့ကောင်မလေးရဲ့ ညှို့အပြုံးမှာ ညတစ်ခုလုံးရဲ့လတ်ဆတ်မှုတွေဆွဲယူချိတ်ငင်လို့
ဂုဏ်သရေရှိလူကြီးမင်းရဲ့ ၀ိုင်ခွက်ထဲမှာ ကာမတွေနည်းနည်းများသွားတယ် cheersssss !
သံစဉ်အပြင်းစားတွေက ညထဲအလိုမတူပဲထိုးခွဲဝင်ရောက်လို့
အလိုတူဖို့စကားပြောတဲ့အခါတော့ သတိထား ဒါမျိုးကလွယ်တယ်ဆိုပေမယ့် ခင်ဗျားဂါသွားမယ်ဘိုးတော်တဲ့
အသံတွေက တိုးလိုက် ကျယ်လိုက် မီးရောင်တွေက လင်းလိုက် မှိန်လိုက် ရင်ခုန်နှုန်းတွေက နိမ့်လိုက် မြင့်လိုက်
သူမပခုံးပေါ်က တစ်ချောင်းတည်းသော ငွေမှင်ရောင်ကြိုးလေးဟာ လျောကျလိုက် နိမ့်ဆင်းလိုက်
ဒီလိုနဲ့ပဲ အသစ်စက်စက်ညဟာ အနက်ရောင်ညထဲ တဖြည်းဖြည်းချင်းပြုတ်ကျလာ
လူတွေရှဲသွားတယ် အရောင်တွေကျဲသွားတယ်
ညဟာ တစ်စုံတစ်ယောက်ကို မျှော်လင့်တကြီး စောင့်မျှော်နေသလို အချိုးပြောင်းသွားတယ်
ညဟာ ဆွဲဆွဲငင်ငင် အူလိုက်ညည်းလိုက် သံရှည်ဆွဲတော့မလို
ညဟာ ၀တ်ရုံတွေကို အသာအယာပြေလျော့ချလိုက်တော့မလို
ညဟာ နာကျင်နေသူတစ်ယောက်ရဲ့ အသံမျိုး စူးစူးဝါးဝါးညည်းညူမိတော့မလို
ညဟာ ဆေးစက်တွေပက်ခံလိုက်ရတဲ့ ကင်းဗတ်စ်စလေးဖြစ်ကျန်တော့မလို
ဒီလိုနဲ့ပဲ..
အခန်းတံခါးမှာ Don't Distrub ဆိုတဲ့ကပ်ပြားလေးချိတ်လိုက်ပြီဆိုပါတော့
သူမရဲ့ ပန်းဆီရောင် lip gloss လေးအရောင်တွေလွင့်သွားပြီဆိုပါတော့
သူမရဲ့ ရွှေအိုရောင်ဆံနွယ်အခွေတွေပြေကျသွားပြီဆိုပါတော့
သူမရဲ့ ညှို့မျက်ဝန်းတွေ မှေးစင်းသွားပြီဆိုပါတော့
အဖြူရောင်အိပ်ရာခင်းစတွေ ကြွေမွသွားပြီဆိုပါတော့
ဒီလိုနဲ့ပဲ...
ဒီလိုနဲ့ပဲ.. ဆိုပါတော့..
ညဟာ ၀တ်လစ်စလစ် မဖြစ်ခင်အချိန်ထိတော့ ရောင်းတန်းဝင် အသစ်စက်စက်ဖြစ်နေရှာဦးမယ်။

ရွှေဆက်

ဆင်ဆာတော့ ဆင်ဆာပေါ့ ဒါပေမဲ့ ကျွတ်ကျဲတယ် ဆင်ဆာ

နိုင်ငံခြားဘာသာစကားလေး နည်းနည်းရောပြီး ကျွန်တော့်ကို  သမအောင်မွှေ ကျိုသောက်ပါ။
ဒါမှ အသက်ရှူနည်းနည်းချောင်မှာမို့ပါ။ လူဖြစ်လာသမျှ ကော်ဖီမစ်တစ်ထုပ်စာလောက်ပဲ ခါးခဲ့တဲ့ကောင်ပါ။
မေမေရေ သားကို လွန်ခဲ့တဲ့ ၂၂နှစ်ကလို ချော့သိပ်ပါ။ ရွှေတိဂုံဘုရားပေါ်တောင် လဒတွေနားခဲ့ပြီပဲ။ ဘာတွေကို ခင်တွယ်နေဦးမှာလဲ။ ဗိုလ်ချုပ်လည်း သေပြီ။ ဗိုလ်ချုပ်မှူးကြီးတော့ သေသလားရှင်သလား။ ဘ၀သံသရာ...စိန်ကုလား နံပြားးးးး။ မိုက်ကယ်ဂျက်ဆင်လည်း သေပြီ။ လမ်းထိပ်က ဆိုက်ကားဆရာလည်း သေပြီ။        
သူတောင်းစားတွေတော့ ဆက်လက်ရှင်သန်နေပါကြောင်း။ ဖြူဖြူ ပြာပြာ နီနီ ၀ါဝါ။
ဟူးဟူး ဟဲဟဲ  လေတွေတိုက်လာတယ် လေတွေတိုက်လာတယ် ဘယ်နတ်ဘုရားကို ကိုးကွယ်ရမှာလဲ။   
မျက်မှန်မပါဘဲ ကြည့်တော့လည်း ဒီမိုကရေစီက ၀ါးးးးးးးးးးတယ်။
ခေါင်းပေါင်းတွေနဲ့ သိပ်အိုက်နေမှာပဲ (တိုင်းရင်းသားတွေပြောပါတယ်) သ နား စ ရာ။
ယပ် ခတ် ယပ် ခတ် ယပ် ခတ်။ အဆင်းမှာ ဘီးတပ်ထားတော့ မြန်မြန်သေတာပေါ့။ ပြည်သူတွေဘက်က ကိုကျော်သူရှိနေတယ်။
အိုဗာဂါးဏန်း စတိုင်လ်။ ကျွန်မမှာချစ်သူရှိတယ် မိုဃ်းဇက်သော်)))))))))))))))
ရှင်ဖုန်းမချမချင်း ကျွန်မက ကိုင်နေရမှာလား (ဖုန်းကိုပြောပါတယ်)။ အ ကု သို လ်။ ငရဲတစ်ပိဿာပျော့ပျော့။
ရှင် တစ်ယောက်ယောက်တင်ပြီး မောင်းပြေးတော့လေ။ ဒီဘက်ကို ယောင်လို့တောင် ကွေ့ဝင်မလာနဲ့။ အဖမ်းအဆီးရှိတယ်။ ပြည်သူလူထုရဲ့ ထမင်းလုံးတွေနဲ့ဖော်စပ် ဒီကျည်ဆန်တွေကို ထုတ်ခဲ့တာ။ ဒီလေယာဉ်တွေဟာ ဒို့အစ်ကို ဒို့ဘိုးဘွားတွေရဲ့ နံရိုးတွေကိုချိုးပြီး တောင်ပံလုပ်ခဲ့တာ။ ထိပ်ပုတ်ခေါင်းပုတ် ပြန်ချစ်ကြရင် ဘယ်လောက်ကောင်းမလဲ။
ခက်ချေပြီ ဒီဘူတာပဲ ပြန်ပြန်ဆိုက်တယ်။ သံခင်းတမံခင်း။
မြတ် စွာ ဘု ရားးးးးးးးးးး ! ရှင်နဲ့ကျွန်မ တွီသလား တွမ်သလား....ထွီးးးးနောက်ဆယ်ဘ၀အတွက်ပါ
တံတွေးနဲ့  ထွေး ထုတ် လိုက်တယ်။ နူရာဝဲစွဲ။ ပြည်တွင်းစစ်။ အနုပညာမှာ ဘုရားမပွင့်သေး။ တကယ်လုပ်ခဲ့သူတွေတော့ မျက်ရည်ကျမိပါတယ်။ အတုအယောင်တွေရေ ဒီကဗျာလည်း ထောင်ထဲမှာရေးခဲ့တာ (ခြင်ထောင်ထဲမှာပြောပါတယ်)
ကျောက်စာကို ခဲဖျက်နဲ့ဖျက်၍မရ။  ခါးပိုက်နှိုက်။ ကံ့ကော်အရိုးပြာ။ အဓိပတိလမ်းက ခြေရာများ။  မသိန်းရှင်ဆီပို့ပေးပါ။ နွေတစ်ည။ တစ်ရံရောအခါဆီက။ ခွေးလောက်မှ မဟောင်တတ်တဲ့ ကဗျာဆရာတစ်ယောက်အကြောင်း။ Living Together။ အင်းယားကန်ဘောင်မြက်ခင်းက နှုတ်ခမ်းချင်း စစ်ဖြစ်နေတဲ့ စုံတွဲ။ ဗိုလ်အောင်ဒင် ရယ်သံလေးကိုပဲ ဖုန်းရိန်းတုန်း ထည့်ထားလိုက်တယ်။ ဗိုင်းရပ်စ်တွေ မွှန်နေတဲ့ ကဗျာထဲမှာ ငါ့လက်မောင်းသွေးဘယ်လောက်???? သူများမျက်ချေးတွေဘယ်လောက်???? မှန်ရာကို သစ္စာဆိုပါမည်။ ရင်ဖုံးနဲ့လိုက်တာ ဒီဂျော်တကီး ဒီဘဲကြီးတော့ မဖြစ်နိုင်ဘူး။ မေမေပဲဖြစ်မယ်။ ဘွားဘွားပဲ ဖြစ်မယ်။
ဦးနှောက်အခင်းပေါ်က စပါးခင်းပြောင်တလင်း ခါနေပြီ ဖြစ်ပါ၍ ပုဆိုးနဲ့တိုက်ပုံ တကယ်မ၀တ်ရင် အဖေအမေက မကြိုက်တော့ ကန်တော့ဆွမ်းကွယ် (စတူရီယို ခေတ်ဦး မဂျွိုက်(စ်)(ခ) နွဲ့ယဉ်ဝင်းသီချင်း) ချောင်းဆိုးတယ်... ဖွင့် လွန်း တာ ပဲ။ လက်ဖက်ရည်နဲ့ ဆေးလိပ်တော့လာမချဘူး။ စားပွဲထိုးလေးကလည်း အူလိုက်တာ စာမတတ်ဘူးလား။ ဘယ်မှာနေတာလဲ။
နည်းနည်း ။ မဆိုစလောက်။ ပြက်သိကာ။ မုန်းလာတာ သေချာ။

မိုဃ်းဇက်သော်
၉.၂.၂၀၁၃

ဈေးဦးမပေါက်သေးတဲ့ ချွေးသံသွေးသံတွေ ရောင်းရန်ရှိသည်


ငိုချင်ရက်နဲ့ ပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြ။ မျက်နှာဖုံးကိုယ်စီနဲ့ ဆိုတော့ အားလုံးအသေ။
ရန်ကုန်ကို ဟပ်လိုက်တဲ့ ငါးတွေ ပုစွန်တွေ။ ဒဏ်ငွေဆောင်ရတယ်။ ခုနကတည်းက စထားသလိုလိုနဲ့ ဒီကဗျာ ခုမှ စမှာပါ...အီပါလိမ့်မယ်။ မိုးတအုံ့အုံ့။ အချဉ်နဲ့ တို့ပြီးစားပါ။ စိတ်ချလက်ချ မြည်းပါ။ သေနတ်မပါဘူး။ စစ်ပွဲမပါဘူး။ ဒီတော့ ဒီကဗျာမပေါက်နိုင်ဘူး။ ပေါက်ချင်ရင် ပဲလှော်စားပါ။ ဟာသ။ ပေါက်ကွဲစေနိုင်သည့် အရာတွေကို ခပ်ထုတ်ထားပြီးသား၊ ဘောလုံးပွဲလို ဇာတ်ရံတွေကင်းချပြီး ကစားလိုက်ကြရုံ...ဆင်ဆာမငြိဘဲ ခေတ်ကြီးက ဘတ်လတ်ဘတ်လတ်မြည်လို့။
အသက်ရှူသံများ။ ဆဲသံများ။ လီဗာဗြင်းသံများ။ ကားတွေ တအားကျပ်တာပဲ ရှိစုမဲ့စုတွေ ကဗျာဆရာက ကားခမကျန်အောင် အရက်ထဲ ရေရောတယ်။ နယ်က တက်လာခဲ့တာပါ...စိတ်ကူးတွေ သဲတရှပ်ရှပ်...ပယ်ပယ်နယ်နယ် မခံရခင် ရန်ကုန်ကတောပိုနက်တယ်။ လမ်းပြတွေ ဘယ်မှာလဲ။ ခရာမှုတ်သံတွေ ကြားရတယ်။ လူနံ့တွေ သောင်းပြောင်းထွေလာ ချွေးတဒီးဒီးကျ connection တွေလည်း ၀ါးလုံးခေါင်းထဲ ဆင်ဝင်ရသလို မဆံ့မပြဲ ကျပ်တယ်။ သူများထက် နှာတစ်ဖျားသာချင်လို့ Maldini စီးထားတယ်။ အရိပ်က ပုနေတုန်းပဲ။
မျက်နှာပူလို့ ဦးထုပ်ဆောင်းထားတယ်။ အထာတွေ အညှာတွေ စကပ်တိုတိုတွေ လက်ဝါးဖြန့်ရင် လျက်ဆားရမှာလား...ခမောက်နှင့် သန္ဓေတားဆေး လက်ဝယ်တွေ့ရှိပါက ရောင်းကုန်ဟု သတ်မှတ်မည်။ ကမ္ဘာဦးကနေ ၂၁ရာစုအထိ လိင်ကိစ္စ မျိုးမတုန်းသေး။ ဘ၀မှာ အနာနဲ့ဆေး မတည့်တာလောက် ရယ်စရာကောင်းတာမရှိဘူး။ အနုပညာ အနုပညာနဲ့ ကျယ်ကျယ်အော်တဲ့သူတွေ
အသံအရင် ၀င်မှာပဲ။ မိုးပေါ်မော့နေတဲ့သူတွေ ခလုတ်အရင်တိုက်မှာပဲ။
စလေဦးပုညတို့ ဆရာဇော်ဂျီတို့ အဖြူအမည်း ပိတ်ကားထဲ ပြီးပါပြီလို့ စာတန်းထိုးလို့ ရပြီလား? မရယ်နဲ့ ရိုစီ ငါ ချောင်းဆိုးနေတယ်။ ငါ့လိပ်ပြာကိုလူရွှင်တော်လေသံနဲ့ မှီမှီမှီ လို့ အော်ပြီးပြန် ခေါ်နေရတယ်။ ငါ့ကိုခင်ရင် ဒါတွေမမေးပါနဲ့လား...ရိုစီ။ လွတ်လွတ်လပ်လပ် ငါ လေချွန်နေပါရစေ။
ဆေးသောက်ပြီး အိပ်လိုက်တော့လေ။ မပြောမပြီး မတီးမမြည်ဆိုတာ
ကြားဖူးကြမှာပဲလေ။ ပြီးပြီး မပြီးပြီးဗျာ ဒီကဗျာကို ကျုပ်ဘရိတ်အုပ်လိုက်ပြီ။ မျဉ်းပိတ်လိုက်ပြီ။ ကျေနပ်လား ။ မကျေနပ်ဘူးလား။ စိတ်ထဲမှာတော့ မြန်မာနိုင်ငံထုတ် အကြီးဆုံး တစ်သောင်းတန်တစ်ရွက်လောက်တော့ နည်းနည်းနွမ်းသွားမှာပေါ့။
အိုခေ။
                              မိုဃ်းဇက်သော်
 Faces မဂ္ဂဇင်း၊ မတ်၊ ၂၀၁၃