၂၀၀၇ မတ် ၂၁ ရက် ကမ္ဘာ့ကဗျာနေ့တုန်းက ကဗျာဆရာ မိုဃ်းဇော်၊ ပိုင်၊
အောင်ရင်ငြိမ်း၊ တိုးနှောင်မိုးနဲ့ ၀ိုင်ချိုတို့ လက်မှတ်ရေးထိုး
ထုတ်ပြန်ခဲ့တဲ့ နီယိုမော်ဒန်ကဗျာကြေညာစာတမ်း ဖြစ်ပါတယ်။ ကြေငြာစာတမ်း
ပထမစာမျက်နှာ စာပုဒ် ၅ မှာ ပါဝင်တဲ့ " လူထုခံစားမှုကို ထင်ဟပ်သော " ဆိုတဲ့
စကားစုဟာ ကဗျာဆရာ မိုဃ်းဇော်ရဲ့ စာသားဖြစ်ပြီး ကျန်စာသားအားလုံး ကျွန်တော့်
အရေးအသားတွေ ဖြစ်ပါတယ်။ ကြေညာစာတမ်းကို မဖတ်ရသေးတဲ့၊ဖတ်ဖူးချင်တယ် ဆိုတဲ့
ကဗျာမိတ်ဆွေတွေအတွက် ဒါ့အပြင် အွန်လိုင်းမှတ်တမ်းအနေနဲ့ ပြန်တင်ပေးတာ
ဖြစ်ပါတယ်။ နီယိုမော်ဒန် ကြေညာစာတမ်းကို ကိုနရီမင်း တာဝန်ခံအယ်ဒီတာအဖြစ်
ဆောင်ရွက်တဲ့ ၂၀၀၇ ခုနှစ် မေလထုတ် ဟန်သစ်မဂဇင်းမှာ
ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ ပုံနှိပ်ဖော်ပြတဲ့ အချိန်မှာ ကဗျာဆရာ မိုဃ်းဇော်က
သူ့ နာမည်ကို ပြန်ဖြုတ်ပေးဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့တဲ့အတွက်
ကိုနရီမင်းဆီ ဖုန်းဆက်သွယ်ပြီး သူ့ နာမည်ကို ပြန်ဖြုတ်ပေးဖို့
အကြောင်းကြားခဲ့ပါတယ်။ အချိန်ကာလ ၆ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့
ကြေညာစာတမ်းပါ ကဗျာအယူအဆတွေနဲ့ လက်ရှိ ကျွန်တော့် ကဗျာအယူအဆတွေကြားမှာ
အပြောင်းအလဲ တစ်စုံတစ်ရာ ရှိကောင်း ရှိနေနိုင်တယ်ဆိုတာကို
ထည့်သွင်းစဉ်းစားပေးစေချင်ပါတယ်။ ပြီးတော့ ကြေညာစာတမ်းမှာ နီယိုမော်ဒန်
အခြေခံ အယူအဆတွေ ပါဝင်ပေမဲ့ သွင်ပြင်လက္ခဏာနဲ့ ကဗျာနည်းစနစ်ပိုင်းတွေကို
နောက်ပိုင်း ဆောင်းပါးတွေ ကျမှသာ ဆက်လက်တည်ဆောက်ဖြစ်ခဲ့တယ်ဆိုတာရယ် အခုလို
လူ့အခွင့်အရေးနဲ့ နိုင်ငံရေးလွတ်လပ်မှု မရှိသေးတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်
မရှိသေးတဲ့ စစ်အစိုးရလက်ထက်မှာ ရေးသားခဲ့တဲ့
ကြေငြာစာတမ်းဖြစ်တယ်ဆိုတာရယ်ကိုလည်း သတိပြုမိစေချင်ပါတယ်။
###
မြန်မာခေတ်ပေါ်ကဗျာသစ် ကြေညာစာတမ်း(၂၀၀၇)
# # #
( စာမျက်နှာ-၁)
၂၀၀၇ ခုနှစ် ခေတ်ပြိုင်မြန်မာကဗျာ ရေစီးကြောင်း
၁၉၇၀ခုနှစ်မိုးဝေကဗျာလှုပ်ရှားမှုနှင့်အတူ မွေးဖွားခဲ့ပြီး၁၉၉၀
ပြည့်နှစ်များမှစရ်ျအရွယ်ရောက်လာခဲ့သော မြန်မာခေတ်ပေါ်ကဗျာသည် ၂၀၀၆
ခုနှစ်အတွင်း ပင်မရေစီးမှတစ်ဆင့်လမ်းကြောင်းမြွှာများ ဖြန့်ကားခွဲထွက်လာသည်ကို ကဗျာဆရာများ အားလုံးအသိ ဖြစ်ပါသည်။
ယနေ့ခေတ်ပြိုင်
မြန်မာကဗျာရေစီးတွင် ခေတ်ပေါ်ကဗျာ၊ ဘာသာစကားကဗျာ၊ ပို့စ်မော်ဒန်ကဗျာ၊
စမ်းသပ်ကဗျာ၊ ပါဖောင်းမန့်စ် ကဗျာ၊ စကားပြေကဗျာ စသည်ဖြင့် ပုံသဏ္ဍာန်နှင့်
အမျိုးအစားမတူသော ရေစီးကြောင်းများ အပြိုင်စီးဆင်းလျက် ရှိပါသည်။
လက်ရှိခေတ်ပြိုင်အခြေအနေတွင် ကဗျာအမျိုးအစားများ စုံလင်သည်နှင့်အမျှ
ကဗျာဗေဒ အယူအဆများ ရှုပ်ထွေးထွေပြားကာ ကဗျာအတုအစစ် ပြသနာများ၊ အနုပညာ
ဖြစ်မဖြစ် ဆွေးနွေး ငြင်းခုံမှုများ၊ လက္ခဏာ ရောထွေးမှုများ စသည့်
သံသယဖြစ်ဖွယ်ရာ ပဋိပက္ခများ ပေါ်ပေါက်နေပါသည်။ ထို အခြေအနေများကြောင့်
ခေတ်ပေါ်ကဗျာအပေါ် အမြင်မရှင်းလင်းခြင်း၊ အယုံအကြည် ကင်းမဲ့ခြင်း စသည့်
ဘေးထွက်ဆိုးကျိုးများ ထွက်ပေါ်နေပါသည်။
မြန်မာခေတ်ပြိုင်ကဗျာလောကတွင်
ကဗျာဆရာတချို့၏ ဘာသာပြန်မိတ်ဆက်မှုကြောင့် အမေရိကန်၊ ဥရောပ အစရှိသည့်
အနောက်နိုင်ငံများမှ ကဗျာဗေဒ အမြင်များ စိမ့်ဝင်ပျံ့နှံ့လျက်ရှိပြီး ထို
အယူအဆများအောက်တွင် သြဇာခံနားဝင်နေသည့် ကဗျာဆရာအချို့က " ကဗျာအသစ် " ဟု
ကြွေးကြော်ခြင်းများ ရှိနေပါသည်။ ကျွန်တော်တို့ အမြင်ကို ပြောရလျှင် ထို
ကဗျာဗေဒ/ ကဗျာအမျိုးအစားများသည် မြန်မာကဗျာစစ်စစ်များ၊ ကိုယ်ပိုင်အယူအဆများ
မဟုတ်ဘဲ အနောက်တိုင်းကဗျာဗေဒများကို မိတ္တူကူးယူ ဆင့်ပွားထားသော အရာများသာ
ဖြစ်ပါသည်။ ဥပမာဆိုရလျှင် အမေရိကန်ပန်းချီဆရာ Jackson Pollock ၏
ပန်းချီနည်းစနစ်များအတိုင်း ခံယူရေးဆွဲထားသော မြန်မာပန်းချီဆရာများ၏
လက်ရာများ၊ အမေရိကန်အဆိုတော် Eiminem ၏ သီချင်းများကို
သံစဉ်ယူ/စာသားသွင်းထားသော မြန်မာအဆိုတော်တစ်ဦး၏
ကော်ပီတေးသွားများကဲ့သို့သာ ဖြစ်ပါသည်။
မြန်မာခေတ်ပေါ်ကဗျာသည်
ဆက်လျှောက်ရမည့် အနာဂတ်လမ်းကြောင်းသစ်ကို သမိုင်းခေတ်နှင့် လျော်ညီစွာ
ပြုပြင်ပြောင်းလဲ ရွေ့လျားရန် အချိန်တန်နေပြီဟု ထင်မြင်မိပါသည်။
ခေတ်ပြိုင်ရေစီးထဲက အခြားကဗျာ အမျိုးအစားများနှင့် သီးခြားကွဲပြားမှု
ရှိစေရန်၊ မြန်မာခေတ်ပေါ်ကဗျာသစ် ( Neo- Modern Poetry ) ဧ။်လက္ခဏာများ၊
ဘာသာဗေဒအမြင်များ၊ အခြေခံအတွေးအခေါ် အဆောက်အအုံများကို တည်ဆောက်သင့်သည်ဟု
ထင်မြင်မိပါသည်။ သို့မှသာ မြန်မာခေတ်ပေါ်ကဗျာသစ်နှင့် အခြားကဗျာများ
ကွဲပြားခြားနားကြောင်း မျိုးဆက်သစ်လူငယ်များ သိမြင်နားလည်ပြီး
အနာဂတ်ကဗျာလမ်းကြောင်းကို မှန်ကန်ဖြောင့်မတ်စွာ
လျှောက်လှမ်းနိုင်ပါလိမ့်မည်။
မြန်မာခေတ်ပေါ်ကဗျာသစ်( Neo-
Modern Poetry ) ဆိုသော ဝေါဟာရသည် ၁၉၉၀ ပြည့်နှစ်တစ်ဝိုက်မှ ယနေ့အထိ
ပင်မရေစီးကြောင်း မြန်မာခေတ်ပေါ်ကဗျာကို အခြေခံရ်ျ အသစ်ဖြစ်အောင်
အထူးပြုဖန်တီးထားသော၊ လူထုခံစားမှုကို ထင်ဟပ်သော ခေတ်ပေါ်ကဗျာများ၊
စကားပြေကဗျာများကို ရည်ညွှန်းဆိုလိုပါသည်။ အဆိုပါဝေါဟာရဧ။် အနက်အဓိပ္ပာယ်တွင်
အခြားခေတ်ပြိုင်ကဗျာအမျိုးအစားများ ဖြစ်သည့် ဘာသာစကားကဗျာ၊ စမ်းသပ်ကဗျာ၊
ပါဖောင်းမန့်စ်ကဗျာများ မပါဝင်ပါ။ မြန်မာခေတ်ပေါ်ကဗျာသစ်နှင့် ထို
အခြားကဗျာများဧ။် ကဗျာဗေဒများသည်လည်း တိုက်ဆိုင်တူညီခြင်း မရှိပါ။ (အီ)
နေရာတွင် အခြားကဗျာများကို အသိအမှတ်မပြု၊ လက်မခံခြင်းမျိုး မဟုတ်ဘဲ
သီးခြားသဘောဆောင်နေခြင်းကို ထင်ရှားစေလိုရ်ျ ဖြစ်ပါသည်။
( စာမျက်နှာ-၂ )
ခေတ်ပေါ်ကဗျာဆရာမှန်သမျှသည်
" ဟောင်းနွမ်းရ်ျ အစွဲအလမ်းကြီးသော မော်ဒန်ကွန်ဆာဗေးတစ်များ " မဟုတ်ပါ။
သမိုင်းခေတ်နှင့်အညီ စစ်မှန်သော မြန်မာကဗျာသစ် ကောင်းကင်ဆီ
ဦးတည်ပျံသန်းလိုသော အနုပညာလင်းယုန်ငှက်များသာ ဖြစ်ပါသည်။
ကျွန်တော်တို့အနေဖြင့် အနာဂတ်တွင် ဆက်လက်လျှောက်လှမ်းသွားမည့်
ခေတ်ပေါ်ကဗျာသစ် အယူအဆများကို ထုတ်ပြန်ကြေညာလိုက်ပါသည်။
(အီ)
မြန်မာခေတ်ပေါ်ကဗျာသစ် ကြေညာစာတမ်း(၂၀၀၇)ပါ အချက်အလက် အယူအဆများသည်
ကဗျာအနုပညာဧ။် လွတ်လပ်မှုကို ထိန်းချုပ်ကန့်သတ်ရန် ကြိုးပမ်းခြင်းမျိုး
မဟုတ်ဘဲ မျက်မှောက်ခေတ် အခြေအနေတွင် ဖရိုဖရဲ ကမောက်ကမ ပြိုကွဲပျက်စီးနေသော
အတွေးအခေါ်များ၊ သဘောထားအမြင်များ၊ အနုပညာတန်ဖိုးစံနှုန်းများကို
ပြန်လည်စုစည်းတည်ဆောက်လိုက်ခြင်းသာ ဖြစ်ပါသည်။ ယခု
မြန်မာခေတ်ပေါ်ကဗျာသစ်ကြေညာစာတမ်းကို အခြေခံရ်ျ မြန်မာခေတ်ပေါ်ကဗျာသစ် ( Neo-
Modern Poetry) ဧ။် တန်ဖိုးအသစ်များကို ဆက်လက်ဆင့်ပွား တည်ဆောက်သွားကြရန်
ဖြစ်ပါသည်။
လေးစားစွာဖြင့်
မိုဃ်းဇော်၊ ပိုင်၊ အောင်ရင်ငြိမ်း၊ တိုးနှောင်မိုး၊ ၀ိုင်ချို
ရက်စွဲ၊ ၂၀၀၇ခုနှစ် မတ်လ (၂၁)ရက်
ကမ္ဘာ့ကဗျာနေ့
နေရာ၊ ရန်ကုန်မြို့
( စာမျက်နှာ-၃)
ခေတ်ပြိုင်ကဗျာ အခင်းအကျင်း
ဒီနေ့ မြန်မာခေတ်ပေါ်နဲ့ နှောင်းခေတ်ပေါ်ကဗျာ အခင်းအကျင်းအပေါ် ဘယ်လို အမြင်ရှိသလဲ။
ဒါဟာ
ကဗျာစိတ်ဝင်စားသူတွေကြားမှာ ရေပန်းစားနေတဲ့ မေးခွန်းတစ်ခုပါ။ မေးခွန်းက
တိုတောင်းကျစ်လျစ်တယ်။ ဒါပေမဲ့ စိတ်ကျေနပ်လောက်ဖွယ်ရာ အဖြေကို ပေးနိုင်ဖို့
အတော် မလွယ်ကူတဲ့ ကိစ္စ ဖြစ်ပါတယ်။ မေးခွန်းဟာ ရှုပ်ထွေးထွေပြားတဲ့
ကဗျာဆယူအဆတွေ၊ ချဉ်းကပ်ဝေဖန်ဖို့ ခက်ခဲတဲ့ ကဗျာအရေးအသားတွေ၊
ခေတ်ပြိုင်လူ့အဖွဲ့အစည်းရဲ့ လူမှုယဉ်ကျေးမှု အရှုပ်အထွေးတွေကြားထဲက
မြစ်ဖျားခံလာပြီး အဖြေကလည်း အဲဒီအရာတွေကြားထဲမှာပဲ
ရောထွေးပုန်းကွယ်နေပါတယ်။
အနုပညာ အစစ်အမှန်တွေနဲ့
အတုအယောင်တွေကလည်း ရောနှောနေကြတာဆိုတော့ အဖြေမှန်ကို လက်ညှိုးထိုးပြဖို့
မဖြစ်နိုင်ဘူး။ လက်ညှိုးထိုးပြနိုင်တယ်ဆိုရင်တောင် သဘောတူလက်ခံသူ ရှိသလို
ဆန့်ကျင်ငြင်းဆန်သူတွေလည်း ရှိနေဦးမှာ မဟုတ်လား။ ဒီနေ့ခေတ်ကာလကြီးထဲမှာ
အမှန်တရားဆိုတာ တစ်ခုတည်း မဟုတ်ဘူး။ ဘယ် အမှန်တရားမှ အကြွင်းမဲ့
ပြီးပြည့်စုံ မှန်ကန်ခိုင်လုံမှု မရှိဘူး။ လူတစ်ယောက်ရဲ့ အမှန်တရားဟာ
အခြားလူတစ်ယောက်အတွက် အမှားအယွင်း ဖြစ်နေနိုင်တယ်။ အမှန်တရားဆိုတာ ကိုယ်
ထင်ရာမြင်ရာ ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ်တစ်ခုပဲ။ ဒီတော့ အဖြေမှန်
ရဖို့ဆိုတာထက် ဒီနေ့ ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းကို
အမြင်ကြည်လင်ပြတ်သားမှုနဲ့ ချဉ်းကပ်ရှုမြင်နိုင်ဖို့ပဲ
ဦးတည်ဆွေးနွေးကြရမှာပါ။
ခေတ်ပေါ်ကဗျာနှင့် ခေတ်ပေါ်အာရုံခံစားမှု
ခေတ်ပေါ်ကဗျာကို
ကိုယ် အာရုံလာတဲ့ အကြောင်းအရာ၊ ပုံသဏ္ဍာန်၊ တင်ပြပုံတွေနဲ့
စိတ်ကြိုက်ရေးဖွဲ့နိုင်ပါတယ်။ ခေတ်ပေါ်ကဗျာမှာ အကြောင်းအရာ၊ ပုံသဏ္ဍာန်
ကန့်သတ်မှု မရှိပါဘူး။ အကြောင်းအရာ အထူအပါး၊ အမှိန်အဖျော့၊ ပုံသဏ္ဍာန်အလှအပ၊
ရွက်ကြမ်းရေကျို၊ ရွဲ့ရွဲ့စောင်းစောင်း စိတ်ကြိုက်ဖန်တီးနိုင်တဲ့
လွတ်လပ်ခွင့် ရှိတယ်။ ခေတ်ပေါ်ကဗျာဖန်တီးသူတစ်ယောက်အနေနဲ့ သတိထားရမှာတစ်ခုက
အဲဒီ လွတ်လပ်ခွင့်ကို အလွဲသုံးစား မလုပ်မိစေဖို့ပါပဲ။
အနုပညာလွတ်လပ်ခွင့်ဆိုရာမှာ အနုပညာရဲ့ ဒီမိုကရေစီသဘောကို
နားလည်တန်ဖိုးထားပြီး အခွင့်အရေးတွေကို အတိုင်းအဆနဲ့ သုံးစွဲဖို့ လိုပါတယ်။
ခေတ်ပေါ်ကဗျာလို့ပြောရင်
ခေတ်ပေါ်အကြောင်းအရာနဲ့ ခေတ်ပေါ်ပုံသဏ္ဍာန် ဖြစ်နေဖို့ လိုမယ်။
ခေတ်ပေါ်အာရုံခံစားမှုကို ခေတ်ပေါ်အာရုံခံစားပုံနဲ့ ချဉ်းကပ်ရေးဖွဲ့ထားတဲ့
ကဗျာဖြစ်ဖို့ လိုမယ်။ ခေတ်ပေါ်အာရုံခံစားမှုဆိုတာ ဒီနေ့ခေတ်ပြိုင်
လူ့အဖွဲ့အစည်းထဲမှာ ကြုံတွေ့ခံစားနေရတဲ့ ခေတ်ပေါ်အာရုံခံစားမှု အစုအဝေးကို
ဆိုလိုပါတယ်။ ဒီနေ့ ခေတ်ပြိုင် လူ့အဖွဲ့အစည်းမှာ ခေတ်ပေါ်အာရုံခံစားမှုနဲ့
နှောင်းခေတ်ပေါ်အာရုံခံစားမှုတွေ ရောထွေး ဖြစ်တည်နေကြတယ်။
ခေတ်ပေါ်အာရုံခံစားမှုရဲ့ လက္ခဏာတချို့ကို တင်ပြခဲ့ဖူးပါတယ်။
(၁) ရုပ်ဝတ္ထုများ/ နည်းပညာများဧ။် ကျေးကျွန်ဖြစ်ခြင်း
(၂) အပေါ်ယံ အရေပြားဆန်ခြင်း
(၃) လူသားဧ။် အဇ္ဈတ္တတန်ဖိုးများ လျော့နည်းပြိုကွဲလာခြင်း
(၄) လူ့တန်ဖိုးများအား ပြက်ရယ်ပြုခြင်း( အမှန်တရား၊ ချစ်ခြင်းမေတ္တာ စသဖြင့်)
(၅) အာမခံချက်များ ပျောက်ဆုံးနေခြင်း
(၆) အနာဂတ် မသေချာမှု
(၇) ပစ္စုပ္ပန် ဖြစ်တည်မှု အခြေအနေမှ လွတ်မြောက်လိုခြင်း
(၈) အမှားအမှန် ရောထွေးနေခြင်း
စာမျက်နှာ(၄)
(၉) အပြောင်းအလဲ၊ စိန်ခေါ်မှုများနှင့် စီးချင်းထိုးနေရခြင်း
(၁၀) ငွေကြေးနောက်သို့ အပြေးအလွှား လိုက်နေရခြင်း
(၁၁) ပေါ့ပ်ယဉ်ကျေးမှုဧ။် သားကောင်ဖြစ်ခြင်း
(၁၂) လူသားဧ။် အမှတ်လက္ခဏာများ ပျောက်ဆုံးသွားခြင်း
(၁၃) စိတ်ပိုင်းဆိုင်ရာ တန်ဖိုးများ နောက်တန်းရောက်သွားခြင်း
(၁၄) အတ္တ ဗဟိုပြုဝါဒ ထွန်းကားလာခြင်း
(၁၅) အတွေးအခေါ် သူရဲကောင်းဝါဒ ကျဆုံးခြင်း
(၁၆) ယုံကြည်မှုများ ပြိုပျက်သွားခြင်း
(၁၇) စံပြုပုဂိုလ် ကွယ်လွန်ခြင်း
ခင်ဗျားဟာ
အကောင်းမြင်ဝါဒီတစ်ဦး ဖြစ်မယ်ဆိုရင်၊ ငွေကြေးပြည့်စုံတဲ့
ဘူဇွာတစ်ယောက်ဖြစ်မယ်ဆိုရင်၊ ပညာရပ်သီဝရီတွေနောက်ကိုပဲ စွတ်လိုက်နေတဲ့
ပညာတတ်တစ်ယောက် ဖြစ်မယ်ဆိုရင်၊ ဒီနေ့ခေတ်ရဲ့ သဘာဝအတိုင်း
ရူးချင်ယောင်ဆောင်နေတတ်တဲ့ လူတစ်ယောက် ဖြစ်မယ်ဆိုရင် ဒီလက္ခဏာတွေကို
သဘောတူချင်မှ တူနိုင်ပါလိမ့်မယ်။ ခေတ်ကို အပေါ်ယံ ရှပ်ကြည့်ပြီး
မျက်နှာလွှဲထားမယ်ဆိုရင် အမှန်တရားရဲ့ အတွင်းသားကို မြင်နိုင်မှာ
မဟုတ်ဘူးလို့ ကျွန်တော်တို့ ပြောချင်ပါတယ်။
ဆိုလိုတာက
ဒါကို သားစိမ်းငါးစိမ်းလို အတုံးလိုက် အတစ်လိုက် ခုတ်ထစ်ပြီး ချပြဖို့
မဟုတ်ပါဘူး။ ခေတ်ပြိုင်လူ့အဖွဲ့အစည်းထဲမှာ ဖြတ်သန်းရင်း
ခေတ်ပေါ်အာရုံခံစားမှုတွေရဲ့ ရိုက်ခတ်မှုကို ခေတ်ပေါ်ကဗျာမှာ အရိပ်အငွေ့
ထင်ဟပ်ဖော်ပြနိုင်ဖို့ ပြောတာပါ။ ခေတ်ကို ခင်ဗျား ဘယ်လို မြင်သလဲ။ ခေတ်ကို
ခင်ဗျား ဘယ်လို တုံ့ပြန်မလဲ။
ဒီနေရာမှာ ခေတ်ပေါ်အာရုံခံစားပုံရဲ့ အခန်းကဏ္ဍ ရောက်လာပါပြီ။
ခေတ်ပေါ်အာရုံခံစားမှု
အပိုင်းအစတွေ အဆက်အစပ်မဲ့တည်ဆောက်ပြတာကို ခေတ်ပေါ်အာရုံခံစားပုံလို့
ယူဆထားရင် ခင်ဗျားဟာ Fragmentation Theory မှာ ရပ်တန့်နေသူပဲ ဖြစ်နေဦးမယ်။
ခင်ဗျားဟာ သီဝရီကြိုးဆွဲရာ ကနေရတဲ့ အနုပညာရုပ်သေးရုပ်တစ်ရုပ်ပဲ
ဖြစ်နေလိမ့်မယ်။
ခေတ်ပေါ်အာရုံခံစားပုံဟာ ကျွန်တော်တို့ရဲ့
သိမြင်မှု ပုံစံတွေ၊ သဘောထားတွေ အချိုးပျက်ယွင်းသွားမှုကို အခြေခံထားတယ်။
ဒီမှာ အလေးအနက် ထပ်ပြောလိုတာက အနုပညာသီဝရီနဲ့ ပုံသဏ္ဍာန်တွေ
အချိုးပျက်ယွင်းမှုကို ဆိုလိုတာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ သဘောထား၊
ယုံကြည်မှု၊ သိမြင်မှု ပုံစံတွေကို သီးသန့်ပြောချင်တာ။
ကျွန်တော်တို့ကို အဆိုးမြင်ဝါဒီတွေလို့ ခင်ဗျား ပြောချင်နေပြီလား။
ပြီးခဲ့တဲ့
အတိတ်ကာလတွေတုန်းက အစဉ်အလာတန်ဖိုးထားခဲ့တဲ့ လူမှုရေးနှုန်းစံ၊
ယဉ်ကျေးမှုတန်ဖိုးတွေဟာ ပြိုပျက်သွားခဲ့ကြပြီ။ အရင်တုန်းက အမှန်တရား၊
သစ္စာတရားဆိုတာကို ကျွန်တော်တို့ ဦးထိပ်ပန်ဆင် ကိုးကွယ်ခဲ့ကြတယ်။ အခု
သစ္စာဆိုတာကို လှောင်ပြောင်ရယ်မောစရာ ပန်းတစ်ပွင့်အဖြစ် မြင်တယ်။
ပန်းပွင့်ကို ပလတ်စတစ်နဲ့ ပြုလုပ်ထားသလို အမှန်တရားကို အနှစ်သာရမရှိတဲ့၊
ကောက်ကျစ်စဉ်းလဲတဲ့ စကားလုံးတွေနဲ့ ပြုလုပ်ထားတယ်။ အရင်တုန်းက
ချစ်ခြင်းမေတ္တာဟာ လူတွေ ယုံကြည်ကိုးကွယ်တဲ့ ဘာသာရေးတစ်မျိုးပဲ။ အခုခေတ်မှာ
ချစ်ခြင်းမေတ္တာဟာ တန်ဖိုးသတ်မှတ်လို့ ရတဲ့ ကုန်ပစ္စည်းတစ်ခု ဖြစ်သွားပြီ။
ခေတ်မီတိုးတက်တဲ့
နည်းပညာလူ့အဖွဲ့အစည်းကြီးထဲမှာ ရုပ်ဝတ္ထုယဉ်ကျေးမှုတွေ မြင့်မားလာတာနဲ့အမျှ
စိတ်ပိုင်းဆိုင်ရာတန်ဖိုးတွေ ပြိုကွဲလျော့နည်းလာနေတယ်။ လူတွေရဲ့ ဘ၀အမြင်၊
လူမှုဝန်းကျင်အပေါ် သဘောထားနဲ့ ပုဂလျက သိမြင်မှုပုံစံတွေဟာ ဖရိုဖရဲ
ပျက်ယွင်းနေကြတယ်။
ဒီနေ့ ခေတ်ပြိုင်လူ့အဖွဲ့အစည်းထဲမှာ ခေးအော့စ်( Chaos)၊ အချိုးဖျက်ခြင်း(Distortion) သီဝရီတွေနဲ့အညီ
( စာမျက်နှာ-၅)
ဖြစ်ပျက်နေတဲ့
အကြောင်းခြင်းရာ/ အာရုံခံစားမှုတွေ အများကြီး ရှိပါတယ်။ ခင်ဗျား
အာရုံခံစားနိုင်စွမ်း ရှိရင် ရှိသလောက် မြင်နိုင်လိမ့်မယ်။ ခေတ်ပေါ်ကဗျာဟာ
ထွေပြားတဲ့ ခေတ်ပေါ်အာရုံခံစားမှုတွေကို ပျက်ယွင်းနေတဲ့
ခေတ်ပေါ်အာရုံခံစားပုံတွေနဲ့ ချဉ်းကပ်တင်ပြဖို့ လိုတယ်လို့ မထင်မိဘူးလား။
ရှုမျှော်ခင်းဖွဲ့တွေ၊ ဘ၀အလွမ်းအမောတွေ ထားခဲ့လိုက်ပါတော့။
အသည်းကွဲဝေဒနာတွေ၊ ဆန့်ကျင်အနုပညာတွေ နားထားလိုက်ပါတော့။
တချို့လူငယ်ကဗျာဆရာတွေကတော့
ခေတ်ပေါ်အာရုံခံစားမှုဆိုတာကို ဖတ်မှတ်လေ့လာထားတဲ့ သီဝရီတွေအရပဲ
နားလည်လက်ခံထားကြတယ်။ ခေတ်ပေါ်၊ နှောင်းခေတ်ပေါ် အနုပညာနည်းစနစ်တွေနဲ့
ညီအောင် လုပ်လိုက်ရင်ပဲ ခေတ်ပေါ်အာရုံခံစားပုံ ဖြစ်ပြီလို့ ယူဆနေကြတယ်။
ခေတ်ပေါ်/နှောင်းခေတ်ပေါ်ကဗျာကို Modern& Postmodern Sensibility
အတွင်းအနှစ်သာရဆီ ရောက်အောင် မချဉ်းကပ်ဘဲ အပေါ်ယံ ဘာသာစကားအသွင်ပြောင်းလဲမှု
လုပ်ဖို့ပဲ ကြိုးစားနေကြတာ တွေ့ရတယ်။ ဘာသာစကားနဲ့ ပတ်သက်ပြီး မော်ဒန်/
ပို့စ်မော်ဒန်ဝါဒီတွေ အယူလွဲမှားနေကြတာတွေလည်း ရှိပါတယ်။
ခေတ်ပေါ်ကဗျာနှင့် ဘာသာစကား
ဘာသာစကားဟာ
အာရုံခံစားမှုတွေ၊ အနက်အဓိပ္ပာယ်တွေကို တည်ဆောက်ပြဖို့ လူတွေ
တီထွင်ဖန်တီးထားတဲ့ မီဒီယမ်တစ်မျိုးပါ။ ဘာသာစကားဟာ သင်္ကေတ အဆောက်အအုံ၊
ပညတ်သဘော၊ တရားဓမ္မကို ပုံဖော်ထားတဲ့ အသွင်သဏ္ဍာန်ဆိုတာ ဘာသာစကားကို
အထူးပြုသုံးစွဲနေကြတဲ့ အနုပညာသမားတိုင်း သိကြပါတယ်။ ဘာသာစကားမှာ ပင်ကို
အနှစ်သာရ တန်ဖိုးမရှိ၊ ယုံကြည်စရာ အကြောင်းသဘာဝ မရှိတာ အမှန်ပါပဲ။ ဒါပေမဲ့
ဘာသာစကားကို လူတွေ၊ အနုပညာသမားတွေ မီဒီယမ်အဖြစ် သုံးစွဲနေကြတာဟာ
အာရုံခံစားမှုတွေ၊ အနက်အဓိပ္ပာယ်တွေကို ရွှေ့ပြောင်းဖျက်ဆီးပစ်ဖို့ မဟုတ်ဘူး။
အနုပညာရှင်တစ်ယောက်ကနေ လူတွေဆီ ဆက်သွယ်ပြောဆိုလိုတဲ့ အာရုံခံစားမှုတွေ၊
အနက်အဓိပ္ပာယ်တွေဟာ ဘယ်လောက်ပဲ အဆက်အစပ်မဲ့၊ ဖရိုဖရဲ၊ ပဋိပက္ခ ဖြစ်နေပါစေ။
အဲဒီ စိတ်အခြေအနေတွေကို ပရိသတ်ဆီ တိုက်ရိုက်/သွယ်ဝိုက် ရောက်ရှိသွားစေဖို့
ဘာသာစကားကို ကြားခံပစ္စည်းအဖြစ် သုံးစွဲနေကြရတာပါ။
အနုပညာရှင်ဟာ ဘာ အာရုံခံစားမှုတွေကို ဘယ်လို အာရုံခံစားနေရတာလဲ။
What & How.
ဒီ
အခြေအနေကို အမှန်နဲ့ အနီးစပ်ဆုံး ဖြစ်အောင် ဘာသာစကား အသုံးပြု
တည်ဆောက်ပြနိုင်ဖို့ လိုပါတယ်။ ဘာသာစကားရဲ့ အခြေခံရင်းမြစ်ဖြစ်တဲ့
အညွှန်းပြုစကားလုံး( Signifier) တွေဟာ မရေရာ မသေချာ/ ထွေပြားမြားမြောင်တဲ့
အညွှန်းခံ အနက်အဓိပ္ပာယ် ( Signified) တွေကို ညွှန်းဆိုနေတယ် ဆိုတဲ့
အတွေးအခေါ်ကို သူ့အတိုင်း ထားလိုက်ပါ။ ရည်ညွှန်းလိုတဲ့ Signified တွေကို
ဖော်ပြနိုင်မယ့် Signifier တွေကို ရှာဖွေ တွဲစပ်တင်ပြရမှာ ကဗျာဆရာ/
စာရေးဆရာရဲ့ အလုပ်ပဲ။
အဲဒီလို စကားလုံး( Signifier)
တွေကို မရှာဖွေဘဲ မျောလွင့်နေတဲ့ အဓိပ္ပာယ်( Signified) တွေရဲ့ နောက်ကို
လိုက်နေမယ်ဆိုရင် ခင်ဗျားဟာ ဘာသာစကား နိုင်နင်းသူ တစ်ယောက် ဖြစ်မလာဘဲ
ဘာသာစကား မကျွမ်းကျင်သူ တစ်ယောက်ပဲ ဖြစ်နေလိမ့်မယ်။ Modern/ Postmodern
ဆိုတဲ့ အနှစ်သာရနဲ့ ကိုယ် တည်ဆောက်ပြနေတဲ့ ဘာသာစကားအဆောက်အအုံရဲ့ အနှစ်သာရ
လွဲချော်နေမယ်ဆိုရင် အစစ်အမှန် ဖြစ်မလာဘဲ အတုအယောင်ပဲ ဖြစ်နေလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ် အမည်တံဆိပ် တပ်ထားတာ လွဲချော်နေရင် ရှက်စရာ ကောင်းပါတယ်။
ခေတ်ပေါ်ကဗျာသစ်ရဲ့ လမ်းကြောင်း
ဒီနေ့ ခေတ်ပေါ်ကဗျာဟာ ရိုးအီငြီးငွေ့စရာ ကောင်းလောက်အောင် ဟောင်းနွမ်းစ ပြုနေပြီဆိုတာ
စာမျက်နှာ(၆)
ဝန်ခံပါတယ်။ ခေတ်ပေါ်ကဗျာ ဆက်လျှောက်ရမယ့် လမ်းကြောင်းကလည်း ရှုပ်ထွေးလွန်းနေတယ်။
နာမည်ကြီး ကဗျာဆရာတွေရဲ့ သြဇာခံပြီး လိုက်လံတုပရေးသားနေကြတဲ့
ဆင်တူယိုးမှား ကဗျာတွေ၊ ခေတ်ပေါ်ကဗျာ ပီပီပြင်ပြင် မဖြစ်တဲ့
ဆီမီမော်ဒန်ကဗျာတွေ၊ ပုံသဏ္ဍာန်အသစ်စွပ်ပြီး အစစ်ဟန်ဆောင်ထားတဲ့ ကဗျာအတုတွေ၊
ခေတ်ကို မျက်နှာလွှဲထားတဲ့ သီဝရီကဗျာတွေကြားမှာ စစ်မှန်အားကောင်းတဲ့
ခေတ်ပေါ်ကဗျာဟာ ရောထွေးေ၀၀ါးနေပါတယ်။
ခေတ်ပေါ်ကဗျာသစ် လမ်းကြောင်းကို ဘယ်လို ဆက်လျှောက်ကြမလဲ။
တချို့က
အမေရိကန်က လာတဲ့ ဘာသာစကားကဗျာ( L.P) ကို ခေတ်ပေါ်ကဗျာ အချိုးအကွေ့၊
နှောင်းခေတ်ပေါ်ကဗျာ လမ်းကြောင်းသစ်လို့ ယူဆပြီး နောက်ကျမကျန်ရအောင်
ခါတော်မီ ပြေးလိုက်နေကြတယ်။ တချို့က ဘာသာစကားကဗျာကို ခေတ်ပေါ်ကဗျာနဲ့
ခေတ်ပြိုင်ဖြစ်တဲ့ လမ်းကြောင်းမြွှာတစ်ခုလို့ပဲ သဘောထားပြီး ကိုယ့်
မူလလမ်းကြောင်းကိုပဲ အသစ်ရွေ့လျားနိုင်အောင် စဉ်းစားနေကြတယ်။
ခေတ်ပေါ်ကဗျာကို ခေတ်ပေါ်ကဗျာသစ် လမ်းကြောင်းဆီ ရွေ့လျားမယ်ဆိုရင် ဘယ်လို
တွန်းကန်အား/ ဦးတည်ချက်နဲ့ မောင်းနှင်ကြမလဲ။
ကျွန်တော်တို့
ခေတ်ပေါ်အာရုံခံစားပုံဆိုတာကို အလေးအနက်ထားပြီး မျက်ခြည်မပြတ်အောင်
ဂရုစိုက်ဖို့ လိုမယ်။ ပို့စ်မော်ဒန် သီဝရီ/ နည်းစနစ်တွေထဲက ကိုယ့်
ခေတ်ပေါ်ကဗျာသစ်နဲ့ အဆင်ပြေမယ့် တက္ကနိက တချို့ကို အသုံးပြုသင့်ရင် ပြုရမယ်။
ခေတ်ပေါ်ကဗျာရဲ့ မျက်မြင်ပုံသဏ္ဍာန်ကို ပြောင်းလဲဖို့ထက် အတွင်းသား အမြင်(
ခေတ်ပေါ်အာရုံခံစားပုံ) ပြောင်းလဲဖို့ လိုမယ်။ ကိုယ် အသုံးပြု တင်ဆက်နေတဲ့
ဘာသာစကား အကွက်အဆင်တွေကို ပြောင်းပြီး ကိုယ်ပိုင်ဟန် အသစ်ဖြစ်အောင်
အားထုတ်ရမယ်။ ဟောင်းနွမ်းနေတဲ့ စကားလုံးတွေကို စွန့်ပစ်ပြီး ဘာသာစကားထဲက
ကိုယ် မသုံးစွဲဖူးသေးတဲ့ စကားလုံး အသစ်တွေကိုလည်း ရှာဖွေရမှာပေါ့။ အဲဒီမှာ
သတိလက်လွတ် မဖြစ်ရမှာက ခေတ်ပေါ် အာရုံခံစားမှု၊ အနုပညာမြောက်မှုနဲ့
ကဗျာဓာတ်ဆိုတဲ့ ရုပ်လွန်ဂုဏ်ရည်တွေပါပဲ။
ခေတ်ပေါ်ကဗျာသစ်ကို
အတုနဲ့ အစစ်၊ ဆင်တူယိုးမှား အရောရော အထွေးထွေး မဖြစ်စေဖို့
ခေတ်ပေါ်ကဗျာကျွမ်းကျင်သူတွေက တန်ဖိုး/စံနှုန်း အသစ်တွေ သတ်မှတ်သင့်ရင်
သတ်မှတ်ပေးရမယ်။ ဒါဟာ ခေတ်ပေါ်အနုပညာကို စံနှုန်း/တန်ဖိုးတွေနဲ့
ကန့်သတ်ချုပ်နှောင်ထားလိုတဲ့ အနုပညာအာဏာရှင်ဆန်တဲ့ ရည်ရွယ်ချက်မျိုးနဲ့
မဖြစ်စေရဘူး။ ခေတ်ပေါ်ကဗျာသစ်ကို ဆင်တူယိုးမှားတွေနဲ့
ခွဲခြားနားလည်နိုင်ဖို့၊ သူ့ရဲ့ တန်ဖိုးအမှန်ကို အကဲဖြတ်ရွေးချယ်/
ခံစားနိုင်ဖို့ပဲ ဖြစ်သင့်တယ်။ ဒီနေ့ မျက်မှောက် ခေတ်ပြိုင်ကာလမှာ စာပေ၊
ယဉ်ကျေးမှု၊သမိုင်းဖြစ်ရပ်၊ လူမှုရေး အလေ့အထ၊ ဘာသာရေး ယုံကြည်မှု၊
အနာဂတ်သဘောထား၊ အတွေးအမြင် စတဲ့ နယ်ပယ်အသီးသီးက တန်ဖိုးစံနှုန်းတွေ ဖရိုဖရဲ၊
အပိုင်းအစ စိတ်မြွှာပြန့်ကျဲနေတာကို ကျွန်တော်တို့ တစ်စစီ ပြန်လည်စုစည်း
တည်ဆောက်သင့်နေပြီ ထင်ပါတယ်။
ဒီနေ့ ပို့စ်မော်ဒန် ခေတ်ကာလ
အပိုင်းအခြားအတွင်းမှာ လူ့အဖွဲ့အစည်းကို ထိန်းကွပ်ထားတဲ့ ယဉ်ကျေးမှု
နှုန်းစံတန်ဖိုးတွေ အားလုံး ဖရိုဖရဲ ရောထွေး/ ပြိုကွဲ/ ဆက်စပ်နေကြပြီလို့
ပညာရှင်တော်တော်များများက အသံကျယ်ကျယ် အော်ဟစ်နေကြတယ်။ ကျွန်တော်တို့ဆီက
စာပေနဲ့ ဒသနပညာရှင် လူကြီးမင်းတွေကတော့ သံယောင်လိုက် အော်ရုံက လွဲပြီး
တခြား ဘာမှ လုပ်တတ်တဲ့ ပုဂိုလ်တွေ မဟုတ်ကြပါဘူး။ ဒီကြားထဲ သူများက
ပို့စ်မော်ဒန်ဆိုရင် ပစ္ဆမော်ဒန်၊ သူများက L.P ဆိုရင် ဘာမှန်း ညာမှန်းမသိ
လိုက် " P " နေကြတဲ့ လူကြီးလူကောင်းတွေလည်း ရှိသေးတယ်။
ခေတ်ပေါ်ကဗျာဗေဒနဲ့
ပတ်သက်ပြီး နှလုံးသွင်းပုံမစင်ကြယ်သေးတဲ့၊ အယူအဆရေးရာ ၀မ်းစာ
မပြည့်ဝသေးတဲ့ တော်ရုံတန်ရုံလူငယ်တွေဟာ အဲဒီ ပုဂိုလ်တွေရဲ့ စကားကို
မျက်လုံးစုံမှိတ်ကိုးကွယ်လိုက်ကြတာ များတယ်။ အဲဒီလူတွေကို ပုဂိုလ်ရေး
ကိုးကွယ်ဆည်းကပ်ပြီး သူတို့ အယူအဆတွေကို ဘာသာရေးလို ကိုးကွယ်တတ်ကြတယ်။
သူတို့ ဘာသာပြန်တင်ပြလာတဲ့ သီဝရီ/ သဘောတရားတွေကို ကိုယ်ပိုင်အတွေးအခေါ်နဲ့
ဆန်းစစ်ဆင်ခြင်မှု ပြုလေ့ မရှိကြဘူး။ အဲဒီထဲမှာ ကဗျာဆရာတွေ ကိုယ်တိုင်
ပါဝင်နေတာ စိတ်မကောင်းစရာပါပဲ။ ဒါဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့
အစဉ်အလာအတိုင်း အင်္ဂလိပ်စာတတ်ပုဂိုလ်တွေကို အထင်ကြီး ကိုးကွယ်တတ်တဲ့
စာမျက်နှာ( ၇)
လူမှုရေးအလေ့အကျင့်ရဲ့
အားနည်းချက်တစ်ခုပေါ့။ အမှန်က ဘယ်လို အတွေးအခေါ်/ အယူဝါဒမျိုးကိုမဆို
မျက်လုံးစုံမှိတ် မယုံကြည်ဘဲ ကိုယ်တိုင် ဆန်းစစ်ဆင်ခြင်မှု လုပ်ပြီးမှ
လက်ခံသင့်တဲ့အရာကို လက်ခံ၊ ငြင်းဆန်သင့်တဲ့ အရာကို ငြင်းဆန်ပြီး ကိုယ်
လျှောက်ရမယ့် လမ်းကို စဉ်းစားရွေးချယ်ရမှာ မဟုတ်လား။
လူ့အဖွဲ့အစည်းရဲ့
တန်ဖိုးနှုန်းစံတွေ ပြိုကွဲနေပြီဆိုရင် အဲဒီလို ပြိုကွဲနေတဲ့အကြောင်းကို
ကဗျာဆရာက မီးမောင်းထိုးပြနိုင်ဖို့ လိုပါတယ်။ ပြိုကွဲနေတဲ့
တန်ဖိုးနှုန်းစံတွေရဲ့ ရိုက်ခတ်မှုကို ကဗျာဆရာက ဘယ်လို ခံစား/
တုံ့ပြန်သလဲဆိုတာ သူ့ကဗျာမှာ အရိပ်အငွေ့ ထင်ဟပ်ဖော်ပြနိုင်ရမယ်။ တခြား
ခေတ်ပြိုင် လူမှုရေးဒသနပညာရှင်၊ ရသဗေဒပညာရှင်တွေနဲ့အတူ (ဖြစ်နိုင်ရင်)
လူ့အဖွဲ့အစည်းအတွက် သင့်လျော်မှန်ကန်တဲ့ တန်ဖိုးနှုန်းစံအသစ်တွေကို
အနုပညာနဲ့ အနုပညာမြောက်အောင် သွယ်ဝိုက် တည်ဆောက်ပြနိုင်ဖို့ လိုပါတယ်။
ကျွန်တော်တို့
ခေတ်ပေါ်ကဗျာ Modern Poetry ကနေ ခေတ်ပေါ်ကဗျာသစ် Neo-Modern Poetry
လမ်းကြောင်းဆီ ဦးတည်ရွေ့လျားဖို့ အချိန်တန်နေပါပြီ။ ဒီ လမ်းကြောင်းသစ်ပေါ်
ရွေ့လျားမယ့် ကဗျာဆရာတွေဟာ ခေတ်ပေါ်ကဗျာသစ်အပေါ် ရိုးသားယုံကြည်မှုနဲ့
အယူအဆရေးရာ အမြင်စင်ကြယ်မှု ရှိဖို့တော့ လိုမယ်။ ကိုယ့် အနုပညာကို
လူပြောသူပြောများရုံ၊ ပေါ်ပြူလာဖြစ်ရုံ၊ ထူးဆန်းထွေလာဖြစ်ရုံ၊ အံ့ဖွယ်သရဲ
ပဉ္စလက်ဆန်ရုံ၊ စကားလုံး အင်စတော်လေးရှင်းပြုလုပ်ရုံ ဖန်တီးရင်တော့ အပေါစား
ပေါ့ပ်ကဗျာဆရာအဖြစ် သတ်မှတ်ခံယူကြရမှာပဲ။ ခေတ်ပေါ်ကဗျာဗေဒကို စိတ်ဝင်စားတဲ့
ကဗျာဆရာ/ ကဗျာဖတ်သူတွေ အနေနဲ့လည်း ဖီလိုဆိုဖီ အမြင်စင်ကြယ်မှု ရှိရေးအတွက်
ခေတ်ပေါ်ကဗျာဆိုင်ရာ ဆွေးနွေးဖလှယ်မှုတွေ ၀ိုင်းဝန်းပြုလုပ်ကြဖို့
ဆန္ဒပြုပါတယ်။
ကျွန်တော်တို့ကတော့ ခေတ်ပေါ်ကဗျာသစ်
သာသနာတော် သန့်ရှင်းစင်ကြယ်ရေးအတွက် အနုပညာအမှိုက်သရိုက်တွေကို
သုတ်သင်ရှင်းလင်းမှု စတင်လိုက်ပါပြီ။ တစ်ခုတော့ ရှိပါရဲ့။ ဒီနေ့
ပို့စ်မော်ဒန်ခေတ်ကာလကြီးထဲမှာ ဟိုအရင် ဆရာမောင်သာနိုး၊ ဆရာအောင်ဝေးတို့
ခေတ်တွေကလို ခေတ်ပေါ်သဘောတရားရေးရာ သူရဲကောင်းဝါဒ ကျဆုံးပြိုကွဲသွားပါပြီ။
ဒီနေ့ခေတ်မှာ အမှန်တရားဆိုတာ တစ်ခုတည်း မဟုတ်ဘူး။ ဘယ် အမှန်တရားမှ
အကြွင်းမဲ့ ပြည့်စုံခိုင်မာမှု မရှိပါဘူး။ လူတစ်ယောက်ရဲ့ အမှန်တရားဟာ
အခြားလူတစ်ယောက်အတွက် အမှားအယွင်း ဖြစ်နေနိုင်ပါတယ်။
ကျွန်တော်တို့ နားလည်လက်ခံထားတာ တစ်ခု ရှိပါတယ်။
အနုပညာဆိုင်ရာ အမှန်တရားဆိုတာ ကိုယ် ထင်ရာ မြင်ရာ ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ် တစ်ခုပါပဲ။
ခေတ်ပေါ်ကဗျာ အမှန်တရားများ အပြိုင်းအရိုင်း ဖူးပွင့်နိုင်ပါစေ။
စာမျက်နှာ(၈)
မြန်မာခေတ်ပေါ်ကဗျာသစ် ကြေညာစာတမ်း(၂၀၀၇)
၁။ ပင်မရေစီး
ခေတ်ပေါ်ကဗျာ၏ ရေးဖွဲ့တင်ပြပုံ၊ ဟန်ပန်၊ လေသံ၊ အာရုံခံစားမှုများကို
ကျော်လွန်ရ်ျ အသစ်ဖြစ်သော ကဗျာဟန်ပန်၊ အမူအရာများဆိ ပြောင်းလဲ
ရွေ့လျားရမည်။
၂။ ခေတ်ပြိုင် လူ့အဖွဲ့အစည်း၏
လူမှုရေး၊ယဉ်ကျေးမှု၊ အတွေးအခေါ် အခြင်းအရာ၊ အဖြစ်အပျက်၊ အခြေအနေများကို
ကိုယ်စားပြုနိုင်သည့် ခေတ်ပေါ်အာရုံခံစားမှု ပေါ်လွင်စေရမည်။
၃။
ခေတ်ပေါ်/ နှောင်းခေတ်ပေါ် အတွေးအခေါ်ကို အခြေခံထားသည့် သီဝရီ၊
နည်းပညာများကို အလျဉ်းသင့်သလို သုံးစွဲခွင့်ရှိသည်။ သို့သော်
ခေတ်ပေါ်အာရုံခံစားပုံ/မှု ၊ နှောင်းခေတ်ပေါ် အာရုံခံစားပုံ/မှု များနှင့်
လွတ်ကင်းခြင်း မဖြစ်သင့်။
၎။ ခေတ်ပေါ်ကဗျာသစ်တွင်
အကြောင်းအရာ၊ ပုံသဏ္ဍာန်၊ နည်းပညာ အကန့်အသတ်မရှိ။ ကဗျာဘာသာစကား၊ အရပ်သုံး
အပြောဘာသာစကား နှစ်မျိုးစလုံးဖြင့် လွတ်လပ်စွာ ရေးဖွဲ့နိုင်သည်။ သို့သော်
ဆိုလိုရင်း၊ အဓိပ္ပာယ်များ ရုပ်ပျက်ဆင်းပျက်ဖြစ်ခြင်း၊ စကားလုံးသုံးစွဲပုံ
လော်မာခြင်း၊ မနိုင်မနင်း ဖြစ်ခြင်းများကို ခေတ်ပေါ်ကဗျာ၏ " ကြီးလေးသော
ဒုစရိုက်မှု" အဖြစ် သတ်မှတ်သည်။
၅။ ခေတ်ပြိုင် အကြောင်းခြင်းရာများကို မျက်နှာလွှဲထားသည့် စာသားများ၊ စကားလုံးဆော့ကစားခြင်းများကို ဆန့်ကျင်သည်။
၆။ အဓိပ္ပာယ် ရှုပ်ထွေးနက်နဲအောင် တမင်ကြံစည်ဖန်တီးထားသော နိမိတ်ပုံ၊ သင်္ကေတများ၊ ဘာသာစကား ဆက်စပ်တည်ဆောက်မှုများကို ငြင်းဆန်သည်။
၇။ ကဗျာဆရာ၏ တစ်သီးပုဂလခံစားမှုနှင့် ဘ၀အမြင်များ ကိန်းအောင်းမနေသော အရေးအသားများကို အပေါစားများအဖြစ် သတ်မှတ်သည်။
၈။
အာရုံခံစားမှု၊ အနက်အဓိပ္ပာယ်ကို တန်ဖိုးမထားဘဲ သီဝရီ၊ အတတ်ပညာသက်သက်ဖြင့်
ဖွဲ့စည်းတည်ဆောက်ထားသည့် စာသားများ၊ စကားလုံးဒီဇိုင်းများ၊ အကွက်အဆင်များ
ခေတ်ပေါ်ကဗျာသစ် စာရင်းထဲ မ၀င်။
၉။ ခေတ်ပေါ်ကဗျာသစ်
ကဗျာဆရာများသည် " ကဗျာ " ဆိုသောအရာကို " စာမျက်နှာပေါ်မှ ရုပ်ဝတ္ထုဆန်သော
သက်မဲ့သင်္ကေတ အစုအဝေး" အဖြစ် အပေါ်ယံ အမြင်သဘောမျိုး မမှတ်ယူ။
ကဗျာတစ်ပုဒ်တွင် ပါဝင်သည့် စာသားများ၊ စကားလုံးများထက် သူတို့၏နောက်ကွယ်မှ
အဓိပ္ပာယ်များ၊ ဆင့်ပွားအနက်များက ပြောပြနေသော အနှစ်သာရကို တန်ဖိုးထား
စိတ်ဝင်စားသည်။
၁၀။ ခေတ်ပေါ်ကဗျာသစ်သည် " အနုပညာမြောက်မှုနှင့် ကဗျာအလှဓာတ်" ကို အလေးအနက်တန်ဖိုးထားသည်။
၁၁။
ခေတ်ပေါ်ကဗျာသစ် ကဗျာဆရာများသည် စမ်းသပ်တီထွင်သော အသစ်ဖန်တီးမှု မှန်သမျှကို
လက်ခံသည်။ သို့သော် " အနုပညာ၏ တန်ဖိုးနျင့် ဂုဏ်ရည်" ကို
ပျက်စီးယိုယွင်းစေမည့် ကြောင်းကျိုးမခိုင်လုံသော အချိုးဖျက်မှုများ၊
အရူးချေးပန်းတည်ဆောက်မှုများကို " အနုပညာသေကြောင်းကြံစည်မှု" အဖြစ်
သတ်မှတ်သည်။
၁၂။ " ကဗျာ အနုပညာ၏ အထက်တန်းကျသော
တန်ဖိုးဂုဏ်ရည်များကို ပြက်ရယ်ပြုလိုသော၊ နိမ့်ကျစေလိုသော သဘောဖြင့်
မြည်သံစွဲများ၊ ရယ်မောသံများ၊ အာမေဍိတ်စကားလုံးများ
ထည့်သွင်းသုံးစွဲခြင်းကို ကန့်ကွက်သည်။
၁၃။
ခေတ်ပေါ်ကဗျာသစ်သည် ဘာသာစကားနှင့် ပတ်သက်ရ်ျ ရုပ်ဝတ္ထုဆန်သော၊ အပေါ်ယံ
အရေပြားဆန်သော အတွေးအခေါ်များကို ဆန့်ကျင်သည်။ အမြင်အာရုံဖြင့်
ထိတွေ့နိုင်သည့် အပေါ်ယံဘာသာစကားအလွှာများကို မယုံကြည်။ ဘာသာစကားက တစ်ဆင့်ခံ
ပြောပြနေသည့် အာရုံခံစားမှုများ၊ အနက်အဓိပ္ပာယ်များ၊ အမှန်တရားများပြိသာ
သက်ဝင်ယုံကြည်သည်။ စူးစမ်းလေ့လာသည်။
စာမျက်နှာ(၉)
၁၄။ အပေါ်ယံ မြင်တွေ့ရသော ဘာသာစကားထက် အာရုံခံစားမှုများ၊ ဆိုလိုရင်းများက အဓိကကျပြီး အနှစ်သာရ ရှိသည်။
၁၅။
စကားလုံး၊ ဝေါဟာရ၊ ဘာသာစကားသည် လူသား၏ စိတ်ခံစားမှုများ၊
ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြသရန်၊ လူသားချင်း ဆက်သွယ်ပြောဆို
နားလည်ရန်၊ အဓိပ္ပာယ် ပြုရန် တီထွင်ဖန်တီးထားသော သင်္ကေတများသာ ဖြစ်သည်။ ထို
သင်္ကေတများကို ကဗျာတွင် မီဒီယမ်အဖြစ် အသုံးပြုရာ( နှိုက်) မှန်ကန်သော
နှလုံးသွင်းမှုနှင့် စေတနာ ရှိသင့်သည်။
၁၆။ ဘာသာစကားသည်
ပညတ်ချက်မျှသာ ဖြစ်သည်။ ဘာသာစကားက ထွေပြားမြားမြောင်သော
အနက်အဓိပ္ပာယ်များကို သယ်ဆောင်လာသည်/ ဖြစ်စေသည်မှာ ပညတ်ချက် သဘော၏
သဘာဝအားနည်ချက်သာ ဖြစ်သည်။ အစစ်အမှန်တရားဆီသို့ ချဉ်းကပ်ရာတွင် ဘာသာစကားကို
မီဒီယမ်အဖြစ် အသုံးပြုရသည်။ ဘာသာစကား၏ သဘာဝ အားနည်းချက်ကြောင့်
အစစ်အမှန်တရား၊ ဒြပ်မဲ့ အနှစ်သာရ၊ အာရုံခံစားမှု အကြောင်းခြင်းရာများကို
မထိခိုက်စေရ။ ကဗျာဆရာ ပြောလိုသည့် " အကြောင်းခြင်းရာများ " ပေါ်လွင်အောင်သာ
ဘာသာစကားများကို မီဒီယမ်အဖြစ် သုံးစွဲရမည်။
၁၇။
နဂိုမူလအရင်းခံက အနှစ်သာရမရှိသည့် ဘာသာစကားကို အဓိပ္ပာယ်များ
ဖရိုဖရဲဖြစ်အောင် အချိုးဖျက်ခြင်းဖြင့် " အစစ်အမှန်တရား " ဆီသို့
မရောက်ရှိနိုင်။
၁၈။ ခေတ်ပေါ်ကဗျာသစ်သည်
ခေတ်ပြိုင်ရေစီးထဲမှ အခြားကဗျာ ပုံသဏ္ဍာန်များကို အသိအမှတ်ပြုသည်။
ခေတ်ပေါ်ကဗျာသစ် ကဗျာဆရာများသည် အမှန်တရားတစ်ခုတည်း အယူအဆကို လက်မခံ။
အမှန်တရား အမြောက်အမြားကို လက်ခံသည့် ဗဟုဝါဒကို ကိုင်စွဲသည်။
၁၉။
(အီ) လောကီကမ္ဘာတွင် မည်သည့် စစ်မှန် ပြည့်စုံ ခိုင်လုံသော အမှန်တရားမျှ
မရှိ။ မပြည့်စုံ၊ မခိုင်လုံသော အမှန်တရားများသာ အမြောက်အမြား ရှိနေကြသည်။
၂၀။
မြန်မာခေတ်ပေါ်ကဗျာသစ်သည် မည်သည့် နိုင်ငံရပ်ခြား ကဗျာသစ်၏
သြဇာလွှမ်းမိုးမှုကိုမျှ လက်မခံ။ နိုင်ငံရပ်ခြား ကဗျာများကို မိတ္တူ
ဆင့်ပွားကူးယူခြင်း မရှိ။
###
ပြန်လည်တင်ပြသူ
အောင်ရင်ငြိမ်း
၁၈ ဇွန် ၂၀၁၃
No comments:
Post a Comment