Tuesday, February 26, 2013
ရီ ယ ယ် လ စ် ဇ င် အ က်ေ ဆး နှ င့် နီ ယိုေ မာ် ဒန် အ က်ေ ဆး ( အ ပို င်း - ၁ )
( နိဒါန်း )
ခေတ်ပြိုင် မြန်မာစာပေလောကမှာ တည်ရှိနေတဲ့ Essay ( စာတမ်းငယ် ) စာပေအရေးအသားတွေကို အကြမ်းဖျဉ်း အုပ်စုခွဲမယ်ဆိုရင် သရုပ်မှန်စာတမ်းငယ်( Realism Essay ) နဲ့ မော်ဒန်- နီယိုမော်ဒန် အက်ဆေး ( Modern & Neomodern Essay ) ဆိုပြီး အုပ်စုနှစ်စု ခွဲခြားနိုင်ပါတယ်။
ရီယယ်လစ်ဇင်အက်ဆေး ( သရုပ်မှန်စာတမ်းငယ်) တွေဟာ ၁၅၈၀ ပြည့်နှစ်မှာ ပြင်သစ်စာရေးဆရာ မွန်တိန်း ( Michael de Montaigne ) ပုံနှိပ်ထုတ်ဝေခဲ့တဲ့ Essais စာအုပ်ပါ အရေးအသား/ အယူအဆတွေနဲ့ အင်္ဂလိပ်ဒသနိကနဲ့ သိပ္ပံပညာရှင် စာရေးဆရာ ဖရန့်စစ်ဘေကွန်( Francis Bacon ) ရဲ့ ၁၅၉၇ ခုနှစ်ထုတ် Essays- Counsel Civil and Moral အရေးအသား အယူအဆတွေအပေါ် အခြေခံရေးသားထားတဲ့ စာပေပုံသဏ္ဍာန်တစ်မျိုး ဖြစ်ပါတယ်။
လက်ရှိ အခြေအနေမှာ စာရေးဆရာ ကြည်နိုင်၊ ကိုတာ၊ မောင်ရင့်မာ( ကျောင်းကုန်း )၊ မြေလတ်မောင်မြင့်သူ၊ မင်းချမ်းမွန်တို့ ရေးသားနေကြတဲ့ ရီယယ်လစ်ဇင်အက်ဆေးလက်ရာတွေဟာ ပြင်သစ်နဲ့ အင်္ဂလန်က ၁၆ရာစု သရုပ်မှန်စာတမ်းငယ် စာပေအယူအဆတွေကို အမွေဆက်ခံထားတဲ့ အရေးအသားပုံစံမျိုးတွေ ဖြစ်ပါတယ်။
နီယိုမော်ဒန် အက်ဆေးဆိုတာကတော့ မြန်မာ မော်ဒန် စာပေပညာရှင်တွေရဲ့ မိတ်ဆက်ပေးမှုကြောင့် ၁၉၉၅ နောက်ပိုင်း မြန်မာနိုင်ငံကို ရောက်လာတဲ့ နိုင်ငံတကာ မော်ဒန်နဲ့ ပို့စ်မော်ဒန် ပထမမျိုးဆက် စာပေအယူအဆတွေ အပေါ် အခြေခံပြီး လူငယ်ကဗျာဆရာနဲ့ စာရေးဆရာတချို့ ရေးသားလာကြတဲ့ အရေးအသားမျိုးတွေ ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ နီယိုမော်ဒန် အက်ဆေး အရေးအသားတွေကို လူငယ်ကဗျာဆရာတချို့ အဓိကရေးသားနေကြပါတယ်။ ဒီနေရာမှာ ခြွင်းချက်တစ်ခု ရှိတာက ဆရာ ဇော်ဇော်အောင်၊ သစ္စာနီ၊ မြတ်သစ်၊ ကိုဆွေ၊ ပိုင်စိုးဝေ၊ မောင်ကိုကို( အမရပူရ)၊ နေမျိုး၊ ချမ်းမင်းအိမ်၊ ပေါ်ဦးသစ်၊ ဇော်မိုးလွင်၊ တာရာမင်းဝေ၊ မင်းခိုက်စိုးစံတို့ရဲ့ ( ၁၉၉၀- ၂၀၀၀)  ခေတ်တွေတုန်းက သူတို့ရဲ့ အရေးအသားတွေကို မော်ဒန်ဝတ္ထုတို၊ မော်ဒန်စကားပြေလို့ အမျိုးအစား သတ်မှတ်ခေါ်ဝေါ်ခဲ့ကြပြီး ( ၂၀၀၀- ၂၀၁၀ ) လူငယ်ကဗျာဆရာတွေက သူတို့ရဲ့ အရေးအသားတွေကို မော်ဒန် / နီယိုမော်ဒန် အက်ဆေး ဆိုပြီး အမျိုးအစား ခွဲခြားပြောဆိုကြတယ် ဆိုတဲ့ အချက်ပါ။ ( စာပေပညာရပ်ဆိုင်ရာ စကားလုံး ဝေါဟာရတွေ၊ သဘောထားအမြင်တွေဟာ နှစ်ကာလ ပြောင်းလဲ ရွေ့လျားမှုနဲ့ ပြောဆိုသူရဲ့ အမြင်အပေါ်မူတည်ပြီး ပြောင်းလဲသွားတတ်လေ့ ရှိပါတယ်။ )
မြန်မာစာပေလောကမှာ ရီယယ်လစ်ဇင် အက်ဆေး အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ အယူအဆတွေ သီးခြား ရှိနေပေမဲ့ မော်ဒန် / နီယိုမော်ဒန် အက်ဆေး အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ အယူအဆတွေ သီးခြား ရှိမနေသေးတဲ့ အတွက် ဒီစာတမ်းမှာ မော်ဒန် / နီယိုမော်ဒန်နှစ်မျိုးလုံးအတွက် နီယိုမော်ဒန် အက်ဆေးဆိုတဲ့ ဝေါဟာရကိုပဲ ခြုံငုံသုံးစွဲသွားမှာ ဖြစ်ပါတယ်။
ခေတ်ပြိုင်စာပေအနုပညာ ပုံသဏ္ဍာန်တွေဟာ နယ်ပယ်ချင်း ဆက်စပ်ရောထွေးနေပြီ၊ ကဗျာနဲ့ စကားပြေ၊ ၀တ္ထုတိုနဲ့ အက်ဆေး အရေးအသားတွေကြားက နယ်နိမိတ်တွေ ပြိုကျရောနှောပြီး သွင်ပြင်လက္ခဏာတွေ ၊ တန်ဖိုးစံနှုန်းတွေ ရှုပ်ထွေးေ၀၀ါးသွားကြပြီ ဆိုတဲ့ အယူအဆတွေဟာ ဆရာ ဇော်ဇော်အောင်၊ သစ္စာနီ တို့ ခေတ်မှာ ရေပန်းစားခဲ့တဲ့ သဘောထား အမြင်တွေ ဖြစ်ပါတယ်။ အဲဒီလို စာပေ အနုပညာ ပုံသဏ္ဍာန်ချင်း ဆက်စပ်ရောထွေးမှုဟာ နိုင်ငံတကာ စာပေအသိအမြင်ကျဉ်းမြောင်းပြီး အနုပညာအမျိုးအစား ခွဲခြားသတ်မှတ်နိုင်စွမ်း နိမ့်ကျတဲ့ အယ်ဒီတာ တချို့နဲ့ လူငယ်စာပေသမား တချို့ အတွက် စာပေလက်ရာတွေကို အမျိုးအစား မှန်မှန်ကန်ကန် မခွဲခြားနိုင်လောက်တဲ့ အထိ အာရုံနဲ့ အသိအမြင်ထွေပြားမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ရီယယ်လစ်ဇင် အက်ဆေး အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ သွင်ပြင်လက္ခဏာများ
အခု ဆရာ မောင်ခင်မင် ( ဓနုဖြူ) နဲ့ ဆရာ မြဇင် တို့ နှစ်ယောက် ပူးတွဲပြုစုတဲ့ စာတမ်းငယ်စာပေ စာတမ်းများ( ပထမတွဲ)၊ဆရာမောင်ခင်မင် ( ဓနုဖြူ) ရဲ့ စာတမ်းငယ်ဟူသည် စာတမ်းထဲက Realism Essay ( သရုပ်မှန် စာတမ်းငယ်) ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တချို့ကို ကောက်နုတ်ဖော်ပြပေးချင်ပါတယ်။
# စာပေပုံသဏ္ဍာန်တစ်ခုအနေနှင့်ဆိုလျှင် စာတမ်းငယ်ဟူသည် အကြောင်းအရာတစ်ရပ်ကို လွယ်ကူပေါ့ပါးစွာ စကားပြေဖြင့် မတိုမရှည် ဖွဲလေ့ ရှိသော အဖွဲ့မျိုး ဖြစ်သည်။ ထို အကြောင်းအရာနှင့် ပတ်သက်ရ်ျ စာရေးသူ၏စိတ်တွင် ထိတွေ့ခံစားရသည့်အတိုင်းသာ ရေးဖွဲ့သည်။
[ Encyclopaedia Britannica ]
# မည်သည့် အကြောင်းအရာတစ်ရပ်ကိုမဆို ခပ်တိုတိုရေးဖွဲ့သောစာကို စာတမ်းငယ်ဟုခေါ်သည်။ စာရေးသူသည် စာတမ်းငယ်ရေးရာတွင် သူ့ ကိုယ်တိုင်ခံစားမှုများ၊အတွေးများကို ဖော်ပြပြီး လောကကို သူကိုယ်တိုင် ရှုမြင်ရသည့်အတိုင်း သရုပ်ဖော်သည်။ စစ်စစ်အားဖြင့် စာတမ်းငယ်တစ်ပုဒ်တွင် စာရေးသူသည် သူမည်သို့ တွေးခေါ်သည်၊ သူသည် မည်သို့သော လူစားမျိုး ဖြစ်သည် ဆိုသည်ကို ပြနိုင်လေလေ ကောင်းလေဖြစ်သည်။
[ Children's Britannica ]
# စာတမ်းငယ်ဟူသည် အကြောင်းအရာတစ်ခုကို လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး ရေးဖွဲ့သော၊စာရေးသူ၏ ပုဂလိကအတွေ့အကြုံ၊ အတွေးအမြင်တို့ကို ဖော်ပြလေ့ ရှိသော မတိုမရှည် စာပေအဖွဲ့ဖြစ်သည်။
# မာရီယော့တ် ( J.W Marriot ) ဆိုသော ပညာရှင်ကလည်း " အက်ဆေးအစစ်အမှန် ( စာတမ်းငယ် ) ဟူသည် ပေါ့ပေါ့ပါးပါး၊ ကိုယ်ရေးကိုယ်တာဆန်ဆန် ရေးဖွဲ့သော စာပေအဖွဲ့မျိုး ဖြစ်သည်။စာရေးသူ၏စိတ်တွင် ထိတွေ့ခံစားရသည့်အတိုင်း အကြောင်းအရာတစ်ရပ်ကို ပေါ့ပေါ့ကလေး ရေးဖွဲ့သည် " ဟူရ်ျ ဖွင့်ဆိုပါသည်။
[ The New Encyclopaedia Britannica ]
# ဟယ်ရီရှော ( Harry Shaw ) ၏ စာပေဝေါဟာရ အဘိဓာန် ( A  Dictionary of Literary Terms ) တွင်မူ -
အာဘော်တစ်ခုခု၊အကြောင်းအရာတစ်ရပ်ရပ်ကို ယေဘုယျအားဖြင့် အတွေးအခေါ်ပါပါ၊ အဓိပ္ပာယ်ပါပါ စကားပြေဖြင့် ရေးဖွဲ့လေ့ ရှိသော ခပ်တိုတို စာပေအဖွဲ့ ဟူရ်ျ ဖွင့်ဆိုထားပါသည်။
# ကားလ်ဘက်ခ်ဆင် ( Karl Beckson ) နှင့် အာသာရ် ဂန်းဇ် ( Arther Gunz ) တို့ ပြုစုသော စာပေဝေါဟာရ အဘိဓာန် ( A  Dictionary of Literary Terms ) တွင်-
" အကြောင်းအရာတစ်ခုကို ဖြစ်စေ၊ အများကို ဖြစ်စေ ပုံစံသေထားရ်ျသော်လည်းကောင်း၊ပုံစံအသေမထားဘဲသော်လည်းကောင်း စကားပြေဖြင့် ဖွဲ့လေ့ရှိသော ခပ်တိုတို အဖွဲ့ "  ဟူရ်ျ ဖွင့်ဆိုထားပါသည်။
စာတမ်းငယ်စာပေ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ဆက်စပ်ဆင်ခြင်ကြည့်သောအခါ စာရေးသူ၏စိတ်ကူးဥာဏ်ပါဝင်မှု၊ ရသပါဝင်မှု၊ စာပေအင်္ဂါမြောက်မှု၊ စာဖတ်သူ စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးဖွဲ့မှု စသော အချက်များကို အခြေပြုရ်ျ ဖွင့်ဆိုကြောင်း တွေ့ရပါသည်။ .........................................................................................................................
...........စာတမ်းငယ်နှင့် အခြားအရေးအဖွဲ့များခြားနားပုံကို ခြုံရ်ျဆိုရလျှင် အခြားအရေးအဖွဲ့များတွင် ရေးဖွဲ့သည့် အကြောင်းအရာကို အားပြုလေ့ ရှိပြီး စာတမ်းငယ်တွင်မူ ရေးဖွဲ့သည့် အကြောင်းအရာထက် ထို အကြောင်းအရာကို ပြောပြနေသည့် စာရေးသူနှင့် စာဖတ်သူတို့၏ စိတ်ချင်း တိုက်ရိုက်ထိတွေ့ဆက်သွယ်မှုကို အားပြုသည်ဟု ဆိုနိုင်ကောင်းပါသည်။
( မောင်ခင်မင် - ဓနုဖြူ၊စာတမ်းငယ်ဟူသည်၊၁၉၈၇ )
ဆရာမောင်ခင်မင်၏ စာတမ်းငယ်ဟူသည် စာတမ်းမှာ စာတမ်းငယ်ရဲ့ သွင်ပြင် လက္ခဏာ (၅) ရပ်ကို ဖော်ပြထားတာ တွေ့ရပါတယ်။
စာတမ်းငယ်ရဲ့ သွင်ပြင်လက္ခဏာတွေကို ဖော်ပြရာမှာ
စာရေးသူ- စာဖတ်သူ ဆက်သွယ်မှုကို အခြေပြုပြီး
၁။ စာရေးသူ၏ ကိုယ်ရည်ကိုယ်သွေးပေါ်လွင်နေခြင်း
၂။ အကြောင်းအရာထက် အတွေးအမြင်ခံစားမှုတို့ကို အားပြုခြင်း
ဆိုတဲ့ စာရေးသူဆိုင်ရာ သွင်ပြင်လက္ခဏာ၊
၃။ စာဖတ်သူကို ဆွဲဆောင်နိုင်သော စကားပြေအရေးအဖွဲ့မျိုး ဖြစ်ခြင်း
၎။ တိုတိုကျဉ်းကျဉ်း ရေးဖွဲ့ထားသော အရေးအဖွဲ့မျိုး ဖြစ်ခြင်း
ဆိုတဲ့ စာ ဆိုင်ရာ သွင်ပြင်လက္ခဏာတွေနဲ့
၅။ စာဖတ်သူကို နှစ်သက်မှု ရသပေးခြင်း ဆိုတဲ့ စာဖတ်သူဆိုင်ရာ သွင်ပြင်လက္ခဏာ ဆိုပြီး လက္ခဏာ (၅ ) ရပ် ဖော်ပြထားပါတယ်။
ခေတ်ပြိုင် မြန်မာစာပေလောကမှာ လက်ရှိရေးသားနေကြတဲ့ ရီယယ်လစ်ဇင်အက်ဆေး အရေးအသားအားလုံးဟာ အထက်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ အမျိုးအစား / သွင်ပြင်လက္ခဏာတွေအပေါ် အခြေခံထားတဲ့ စာပေပုံသဏ္ဍာန်တွေပဲ ဖြစ်ပါတယ်။ တခြားနည်းနဲ့ ပြောရရင် မြန်မာ သရုပ်မှန်စာတမ်းငယ် အရေးအသားတွေဟာ ၁၆ ရာစု အနောက်ဥရောပ အက်ဆေးစာပေရဲ့ အရိပ်သြဇာလွှမ်းမိုးမှုအောက်မှာပဲ ရှိနေပြီး ရေးဟန်ပညာနဲ့ အနုပညာပုံသဏ္ဍာန်၊ အာရုံခံစားပုံတွေအရ ဆန့်ကျင်ဖောက်ထွက်တော်လှန်မှု မရှိနိုင်ခဲ့ကြဘူးလို့ ပြောနိုင်ပါတယ်။
နီယိုမော်ဒန် အက်ဆေး  အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ သွင်ပြင်လက္ခဏာများ
မြန်မာစာပေလောကမှာ သရုပ်မှန်စာတမ်းငယ်စာပေရဲ့ အရှိန်သြဇာက ကြီးမားလွန်းတဲ့အတွက် ဆန့်ကျင်ဖောက်ထွက်ဖို့ မကြိုးစားနိုင်ကြတဲ့ အပြင် နောက်မျိုးဆက် လူငယ်ကဗျာဆရာတွေ ဖန်တီးရေးသားလာကြတဲ့ နီယိုမော်ဒန်အက်ဆေး အရေးအသားတွေကို အက်ဆေးရယ်လို့ အသိအမှတ်မပြု၊ ဆန့်ကျင်ငြင်းဆန်ကြတဲ့ အပြောအဆို၊ အပြုအမူမျိုးတွေတောင် ရှိခဲ့ကြပါတယ်။ ၂၀၀၅ အလွန်ကာလတွေမှာကတည်းက လူငယ်ကဗျာဆရာတွေရဲ့ နီယိုမော်ဒန် အက်ဆေးအရေးအသားတွေ ပေါ်ထွက်လာခဲ့ပေမဲ့ နီယိုမော်ဒန် အက်ဆေးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ သွင်ပြင်လက္ခဏာတွေကို ပညာရပ်ဆိုင်ရာ အဆောက်အအုံထဲက ဘယ် စာပေပညာရှင်ကမှ ဖွင့်ဆိုရေးသားတာမျိုး မလုပ်ဘဲ ရေငုံနှုတ်ပိတ် လက်ရှောင် နေခဲ့ကြပါတယ်။
ခေတ်စမ်းခေတ် မြန်မာစာပေနဲ့ရသပညာရှင် ဆရာဇော်ဂျီက  ၁၉၂၀ မှ ၁၉၇၀ အတွင်း ပေါ်ထွက်လာတဲ့ မြန်မာစကားပြေတွေကို လေ့လာသုံးသပ်တဲ့ စာတမ်းတစ်စောင်မှာ ရီရယ်လစ်ဇင်အက်ဆေးနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ပေးခဲ့ဖူးပါတယ်။
ကိုယ့် ပတ်ဝန်းကျင်မှာ နေ့စဉ်နေ့တိုင်း လှုပ်ရှားသွားလာရင်း မြင်မိ ကြားမိ သတိရမိ တွေးမိသမျှတို့ကို ပရိသတ်စိတ်မှာ မြင်ယောင်ယောင် ကြားယောင်ယောင် ဖြစ်လာအောင်၊ ခံစားရမှုတစ်ခုခု ပေါ်လာအောင် ခံစားမှုအသိဖြင့် လည်းကောင်း၊ စိတ်ကူးဥာဏ်စွက်ရ်ျလည်းကောင်း ရေးသော ရသစာပေဟန် စာတမ်းမျိုးသည် က်ျ နှစ်ငါးဆယ် အတွင်းမှာမှ ရသစာပေအဖွဲ့တစ်ခု အဖြစ်နှင့် အခိုင်အမာ ရပ်တည်လာသည်ကို တွေ့ရသည်။
အစဉ်အဆက် ရေးသားဖွင့်ဆိုခဲ့ကြတဲ့ ရီယယ်လစ်ဇင် အက်ဆေး အဓိပ္ပာယ်နဲ့ အရေးအသားတွေမှာ အကြောင်းအရာတစ်ခုတည်းကို ဦးတည်ဖွင့်ဆို ရေးသားကြတာ များပါတယ်။ စာရေးသူရဲ့ ပုဂလိက အတွေ့အကြုံ၊ အတွေးအမြင်တစ်ခုခုကို အဓိပ္ပာယ် ရှင်းလင်းပြေပြစ်တဲ့ စကားပြေ၊ လေးနက်စူးရှတဲ့ အဆုံးသတ် တွေးခေါ် နှလုံးသွင်းပုံ၊ နူးညံ့သိမ်မွေ့တဲ့ အပြောအဆိုတွေနဲ့ စာဖတ်သူ နားဝင်လက်ခံချင်လာအောင်၊ ရသခံစားမှု တစ်ခုခု ရလာအောင် ဖန်တီးရေးသားကြပါတယ်။ အက်ဆေး အကြောင်းအရာ၊ အရေးအသား တစ်ခုလုံးကို ဖတ်ရှုပြီးတဲ့အခါ စာဖတ်သူအနေနဲ့ အတွေးအမြင်နဲ့ ရသခံစားမှုတစ်စုံတစ်ရာဆီ ဆိုက်ရောက် / ရရှိသွားစေခြင်းဟာ ရီယယ်လစ်ဇင်အက်ဆေးရဲ့ အဓိက ရည်မှန်းချက်နဲ့ ရသအကျိုးသက်ရောက်မှု ပဲ ဖြစ်ပါတယ်။
ရီယယ်လစ်ဇင်အက်ဆေးနဲ့ နီယိုမော်ဒန် အက်ဆေးမှာ " အက်ဆေးရဲ့ အနှစ်သာရနဲ့ ရသအလှအပ " ချင်း အခြေခံ တူညီမှု ရှိနေပေမဲ့ သွင်ပြင်လက္ခဏာနဲ့ ရေးနည်းရေးဟန် ( Characteristics & Style of Writing ) မှာ သိသာထင်ရှားတဲ့ ကွဲပြားခြားနားမှုတွေ ရှိနေပါတယ်။
ကျွန်တော့်အမြင်ကို ပြောရရင်-
"  နီယိုမော်ဒန်အက်ဆေးဆိုတာ အနုပညာရှင်ရဲ့ ပုဂလိက အာရုံခံစားမှုနဲ့ အတွေးအခေါ်တွေ ခေတ်ပြိုင်လူမှုဝန်းကျင်အပေါ် သဘောထားအမြင်တွေကို သိစိတ်အလျဉ် ( Stream of Consciousness ) ရေးနည်းနဲ့ အဓိက အားပြုရေးဖွဲ့ပြီး ကဗျာဘာသာစကားတွေ၊ မော်ဒန်စကားပြေ အတတ်ပညာတွေ၊ စိတ်ကူးလင်းပွင့်မှုတွေ ရောနှောရေးသားထားတဲ့ ခေတ်ပြိုင်စကားပြေအနုပညာ ပုံစံသစ်တစ်မျိုး"  ဖြစ်ပါတယ်။
အခု နီယိုမော်ဒန် အက်ဆေးရဲ့ သွင်ပြင်လက္ခဏာတချို့ကို ဆက်လက်တင်ပြလိုပါတယ်။
(၁)  အကြောင်းအရာမျိုးစုံ ရောထွေးတင်ပြခြင်း
အကြောင်းအရာမျိုးစုံ ရောထွေးတင်ပြခြင်းဟာ နီယိုမော်ဒန်ကဗျာရဲ့ အခြေခံလက္ခဏာတစ်ခု ဖြစ်ပြီး နီယိုမော်ဒန်အက်ဆေးတွေမှာလည်း ဒီ သွင်ပြင်လက္ခဏာ ပါဝင်နေတာ တွေ့ရပါတယ်။
ရုပ်ဝတ္ထု၊နည်းပညာ၊ ဖက်ရှင်ပစ္စည်း၊ ဆက်သွယ်ရေးမီဒီယာနဲ့ လူမှုဆက်ဆံရေး ကိစ္စတွေ တိုးတက်ပေါက်ကွဲ/ ရှုပ်ထွေးကျယ်ပြန့်မှု မရှိသေးတဲ့ ကာလတွေတုန်းက စာရေးသူ ပြောပြချင်တဲ့ အကြောင်းအရာတစ်ခုတည်းကို ဦးတည်ချဲ့ထွင်ရေးသားရုံနဲ့ လုံလောက်မှု ရှိခဲ့ပါတယ်။
ခေတ်ပြိုင်လူ့အဖွဲ့အစည်းထဲမှာတော့ အဲဒီလို အကြောင်းအရာ/ ကိစ္စရပ်တွေ ထွေပြားမြားမြောင်လာတာနဲ့အမျှ ပုဂလိကလူသားတစ်ဦးချင်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြောင်းအရာတွေ များပြားလာသလို ပြောပြစရာ အကြောင်းအရာ/ အချက်အလက်တွေလည်း စုံလင်ထွေပြားလာပါတယ်။ စာပေအနုပညာရှင် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခေတ်စနစ်နဲ့ လူမှုအတွေ့အကြုံတွေ ထွေပြားရှုပ်ထွေးမှုဟာ သူဖန်တီးရေးသားလိုက်တဲ့ စာပေအနုပညာလက်ရာမှာ ထင်ဟပ်ပေါ်လွင်လာပါတယ်။ ဒီ အကြောင်းကြောင့် ရီယယ်လစ်ဇင်အက်ဆေးတွေမှာလို အကြောင်းအရာတစ်ခုတည်း ဦးတည်ရေးဖွဲ့ခြင်းကို ကျော်လွန်ပြီး အကြောင်းအရာမျိုးစုံ ကိုင်တွယ်ရေးဖွဲ့လာတဲ့ သဘောကို နီယိုမော်ဒန်အက်ဆေးတွေမှာ တွေ့မြင်ရပါတယ်။
နီယိုမော်ဒန်အက်ဆေးတစ်ပုဒ်မှာ နိဒါန်းအစပျိုးထားတဲ့ အကြောင်းအရာတစ်ခုဟာ စာရေးသူရဲ့ စိတ်ကူး/ အာရုံခံစားမှု အပြောင်းအလဲအပေါ် မူတည်ပြီး အချိန်မရွေး လမ်းကြောင်းပြောင်းလဲ ရွေ့လျားသွားနိုင်ပါတယ်။ ပေါ့ပ်ယဉ်ကျေးမှုအကြောင်းပြောနေရာကနေ လူမှုအမှန်တရားများ ပျောက်ဆုံးမှု၊မြို့ပြနေ့စဉ်လူမှုဘ၀ အကြောင်းကနေ စိတ်ပိုင်းဆိုင်ရာ နာကျင်ကိုက်ခဲမှု၊  ရှော့ပင်းမောလ်တစ်ခုအကြောင်းကနေ လတ်တလောနိုင်ငံရေး အဖြစ်အပျက်တစ်ခု အထိ စာရေးသူရဲ့ စိတ်ကူး အပြောင်းအလဲဟာ အကန့်အသတ် အချုပ်အနှောင် မရှိ ဘာမဆို ဖြစ်သွားနိုင်ခြေ ရှိပါတယ်။
၂။ အဓိက အကြောင်းအရာ ( ဗဟိုချက် ) ကင်းမဲ့ခြင်း
ကဗျာ/ စကားပြေ စာပေအနုပညာ လက်ရာတစ်ခုမှာ ဗဟိုချက် ရှိတယ်ဆိုတာ ပင်မအကြောင်းအရာ တစ်ခုတည်းကို အခြေပြု ရေးဖွဲ့ထားခြင်းကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အကြောင်းအရာမျိုးစုံ ပြောင်းလဲ/ ရောထွေး ရေးသားလာတာနဲ့အမျှ စာပေအနုပညာလက်ရာရဲ့ ဗဟိုချက်ဟာလည်း အလိုလို ပြိုကွဲကင်းမဲ့သွားပါတယ်။
ရီယယ်လစ်ဇင်အက်ဆေးတွေမှာ ဥပမာ- ခေတ်ပေါ်မိန်းကလေးတွေရဲ့ ဖက်ရှင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ / အတွေးအမြင်ဟာ အဓိက ဗဟိုချက် ဖြစ်နေနိုင်ပေမဲ့ နီယိုမော်ဒန်အက်ဆေး တစ်ပုဒ်မှာတော့ အဲဒီလို ဗဟိုချက်မျိုးကို မျှော်လင့်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ အနုပညာရှင်ရဲ့ စိတ်ကူးအာရုံခံစားမှုနဲ့ အတွေးအခေါ်အပေါ်မူတည်ပြီး အကြောင်းအရာတစ်ခုက တခြားအကြောင်းအရာတစ်ခုအပေါ် လွှမ်းမိုး၊ အကြောင်းအရာတစ်ခုနဲ့ တစ်ခု ဆက်စပ်ရောနှော၊ အကြောင်းအရာတစ်ခုနဲ့ တစ်ခု အဆက်အစပ် ပြတ်တောက်၊ အကြောင်းအရာတစ်ခုနဲ့ တစ်ခု အားပြိုင်၊ အကြောင်းအရာတစ်ခုနဲ့ တစ်ခု ရှေ့နောက် မညီမညွတ်ဖြစ် စတဲ့ ဖြစ်နိုင်ခြေ အမျိုးမျိုးကို အနုပညာလက်ရာရဲ့ အဓိက ဗဟိုချက်ကို ပျောက်ဆုံး/ ကင်းမဲ့သွားအောင် ဖန်တီးပေးနေတဲ့ ရင်းမြစ်အခြေအနေတွေ အဖြစ် မှတ်ယူနိုင်ပါတယ်။
နီယိုမော်ဒန်အက်ဆေးတစ်ပုဒ် ဖန်တီးရေးသားတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ဖတ်ရှုခံစား/လေ့လာချဉ်းကပ်တဲ့ အခါမှာပဲ ဖြစ်ဖြစ် အကြောင်းအရာမျိုးစုံ ရောနှောရေးဖွဲ့ခြင်းကြောင့် ဖြစ်လာတဲ့ ဗဟိုချက်ကင်းမဲ့ခြင်း သဘောကို နားလည်လက်ခံနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီလို နားလည်လက်ခံနိုင်မှု မရှိဘဲ ရီယယ်လစ်ဇင် အက်ဆေး အရေးအသား/ အယူအဆ / တန်ဖိုးစံနှုန်းတွေကို စွဲလမ်းဆုပ်ကိုင်ထားမယ် ဆိုရင်တော့ နီယိုမော်ဒန်အက်ဆေးရဲ့ သဘောသဘာဝနဲ့ အနှစ်သာရတွေကို မမြင်နိုင်ဘဲ အာရုံဖမ်းဆုပ်/ ရသခံစားနိုင်မယ့် အခွင့်အလမ်းကို ဆုံးရှုံးသွားရမှာ ဖြစ်ပါတယ်။
ဒီလို Conservative အမြင်ရှိသူတွေအနေနဲ့ ခေတ်သစ်လူငယ်တွေရဲ့ အမြင်ပြောင်းလဲမှုတွေနဲ့ အနုပညာလက်ရာသစ်တွေကို အသိအမှတ်ပြု နားလည် လက်ခံမပေးနိုင်တဲ့ ရသဆိုင်ရာ တရားသေ၀ါဒ ( Aesthetic Dogma ) ထောင်ချောက်ထဲ ကိုယ့် အသိအမြင်ကိုယ် မောင်းနှင် ပိတ်ဆို့မိသလိုလည်း ဖြစ်သွားနိုင်ပါတယ်။
၃။ ကဗျာဘာသာစကား ( Poetic Language ) အသုံးပြုခြင်း
 Image, Symbol,Metaphor, Simile, Personification, Pathetic Fallacy, Hyperbole,Oxymoron စတဲ့ ကဗျာဘာသာစကားတွေကို ပင်မရေစီးခေတ်ပေါ်ကဗျာဆရာတွေ အလွန်အကျွံသုံးစွဲနေကြရာကနေ နီယိုမော်ဒန်၊အယ်လ်ပီ၊ ကွန်ဆက်ခြူရယ်၊စမ်းသပ်ကဗျာ၊ဖလာ့ဖ် စတဲ့ ခေတ်ပြိုင်ကဗျာဆရာ/ အမျိုးအစားတွေက ပြန်လည်လျှော့ချဖို့ ဟန်ပြင်ကြိုးစားလာကြတဲ့ အချိန်မှာ နီယိုမော်ဒန်အက်ဆေးတွေမှာ ကဗျာဘာသာစကားကို အဓိကလက္ခဏာအဖြစ် သုံးစွဲလာကြတာတွေ့ရပါတယ်။
တကယ်တော့ မြန်မာနိုင်ငံရဲ့ အစောဆုံး ပို့စ်မော်ဒန်စကားပြေလို့ ဆိုနိုင်တဲ့ ပန်းချီးခင်မောင်ရင် ၁၉၇၃ ခုနှစ်မှာ အင်္ဂလိပ်ဘာသာစကားနဲ့ ရေးခဲ့တဲ့ Koob One နဲ့ Another Koob အရေးအသားတွေမှာ ကတည်းက ကဗျာဘာသာစကား သုံးစွဲမှုကို ခေတ်သစ်စကားပြေရဲ့ လက္ခဏာတစ်ရပ်အဖြစ် တွေ့မြင်နေရပြီဖြစ်ပါတယ်။ ဒီလက္ခဏာဟာ ဆရာ အထောက်တော် လှအောင် ဘာသာပြန်ဆိုခဲ့တဲ့ "ခေတ်သစ်ဂျာမန်စာပေ " စာအုပ်ထဲက မော်ဒန်ဂျာမန်စကားပြေတွေရဲ့ အရိပ်သြဇာလွှမ်းမိုးမှုလို့ ယူဆနိုင်ပါတယ်။( ကျွန်တော် အမှတ်မှား လွဲချော်ကောင်း လွဲချော်နိုင်ပါတယ်။ မှားယွင်းလွဲချော်မှု ဖြစ်ခဲ့ရင် နားလည်ခွင့်လွှတ် အမှန် ထောက်ပြစေချင်ပါတယ်။)
ပန်းချီခင်မောင်ရင်က အစပြုလို့ ဇော်ဇော်အောင်၊ သစ္စာနီ၊မြတ်သစ်၊ ကိုဆွေ၊ ပိုင်စိုးဝေ၊ မောင်ကိုကို ( အမရပူရ )၊ ချမ်းမင်းအိမ်၊ပေါ်ဦးသစ်၊ ဇော်မိုးလွင်၊ တာရာမင်းဝေ၊မင်းခိုက်စိုးစံတို့ကနေ ကျွန်တော် အပါအ၀င် ကြည်ဇော်အေး၊ တိုးနှောင်မိုး၊ ၀ိုင်ချို၊အောင်နှင်းသစ်၊ အောင်ခိုင်မြတ်၊ ဘုန်းနေသွန်း၊လူနှင်းချို ( မတ္တရာ)  စိုးမိုးယံ၊ စိုင်းလူ၊ မင်းနဒီခ၊ စိုင်းလူ၊ မိုဃ်းဇက်သော်၊ ကိုသျှားစတဲ့ နောက်ဆုံးမျိုးဆက် ကဗျာဆရာတွေ အထိ ကဗျာဘာသာစကားကို စကားပြေမှာ အစားထိုးသုံးစွဲတဲ့ လက္ခဏာဟာ ထင်ရှားပေါ်လွင်ခဲ့ပါတယ်။
နီယိုမော်ဒန်အက်ဆေးတွေဟာလည်း ကဗျာဘာသာစကားအလွန်အကျွံသုံးစွဲတဲ့ တင်စားဖွဲ့နွဲ့မှုကို အဓိကလက္ခဏာအဖြစ် ရယူဆက်ခံခဲ့ကြပါတယ်။
ခေတ်ပြိုင်ကဗျာဆရာတွေက ကဗျာဘာသာစကားကို သုံးစွဲဖို့ ရိုးအီငြီးငွေ့ဆန့်ကျင်လာကြတဲ့ အခြေအနေမှာ ကဗျာဘာသာစကားဟာ နီယိုမော်ဒန်အက်ဆေးတွေဆီ ရွေ့လျားဝင်ရောက် အစားထိုးသွားတာလို့ ယူဆနိုင်ပါတယ်။ ခေတ်ပြိုင်ကဗျာကနေ နီယိုမော်ဒန် အက်ဆေးဆီ ကဗျာဘာသာစကား အပြောင်းအရွှေ့ကာလမှာ ခေတ်ပြိုင်ကဗျာ ရွေ့လျား ပြောင်းလဲမှု သမိုင်းအဆက်အစပ်ကို နားမလည်နိုင်တဲ့ နောက်ဆုံးမျိုးဆက် သစ် ကဗျာဆရာတွေ ရေးဟန်နားလည်မှု လွဲမှားပြီး နီယိုမော်ဒန်အက်ဆေး ရေးဟန်ကို ခေတ်ပြိုင်ကဗျာရေးဟန်လို့ ယူဆမိကြတဲ့ အသိအမြင်လွဲချော်မှုမျိုးတွေ ဖြစ်လာတတ်ကြပါတယ်။
ကျွန်တော့် အမြင် ပြောရရင် လက်ရှိခေတ်ပြိုင် အခြေအနေမှာ ကဗျာဘာသာစကား အလွန်အကျွံသုံးစွဲခြင်းဟာ ခေတ်ပြိုင်ကဗျာရဲ့ ရေးဟန်ဆိုင်ရာ သွင်ပြင်လက္ခဏာ မဟုတ်ဘဲ နီယိုမော်ဒန်အက်ဆေးရဲ့ သိသာထင်ရှားတဲ့ လက္ခဏာတစ်ရပ်သာ ဖြစ်ပါတယ်။
ကဗျာဘာသာစကား ( Poetic Language ) အလွန်အကျွံ သုံးစွဲထားတဲ့ နီယိုမော်ဒန်အက်ဆေးရဲ့ သွင်ပြင်လက္ခဏာကို လူငယ်စကားပြေဆရာ နေဘုဏ်းဝေရဲ့ " ကျမ်းစာထဲက နက္ခတ် " ( Faces Magazine,2012 ) အရေးအသားမှာ လေ့လာတွေ့ရှိနိုင်ပါတယ်။
မောတယ် အမေ၊ ဘ၀ကို အစုန်အဆန် ကူးခတ်နေရပေမဲ့ ရေတွင်းထဲမှာ ရေငတ်နေတဲ့ ကောင်ပါ။ ဘယ် စစ်ပွဲမှ ဘ၀ဆိုတဲ့ စစ်ပွဲလောက် ရေကုန်ရေခန်း တိုက် မယူရဘူး။ လောကဓံနဲ့ တွေ့တဲ့ စစ်ပွဲမှာ ကျွန်တော် ၀တ်ဆင်ခဲ့တဲ့ အင်္ကျိက ကျည်ကာအင်္ကျိ မဟုတ်ခဲ့တာတော့ သေချာတယ်။ အဲဒီတော့ ကျွန်တော် ဒဏ်ရာ ရတယ်။
တစ်ခါတစ်ရံမှာ ခံစားမှုက မီးဖွားနေတဲ့ သားသည်မိခင်လား။ လက်သီးဆုပ် အံကြိတ်နေရုံကလွဲပြီး ခံပြင်းမိတဲ့ စိတ်တစ်ခင်းလုံးက အ၀ါ။ မ၀ရေစာ စီမံကိန်းတွေ ဖြူသလား မည်းသလား မသေချာတဲ့ ခရီးမှာ သေချာတဲ့ အရာတွေက ဗလာတွေပါပဲ။ တူးဖော်ကြည့်တော့ မွဲပြာပြာ သံစဉ် ခုနစ်ပါးနဲ့ လမ်းစဉ်။ လူဆိုတဲ့ သတ္တ၀ါက အကောက်ကျစ်ဆုံးပါပဲ အမေ။
နေဘုဏ်းဝေဟာ နီယိုမော်ဒန်အက်ဆေးမှာ ကဗျာဘာသာစကား အသုံးပြုတဲ့ လက္ခဏာကို ကျွမ်းကျင်နိုင်နင်းတဲ့ လူငယ် စာရေးဆရာတစ်ယောက် ဖြစ်ပါတယ်။ သူရဲ့ " ပြင်မရ ဖျက်မရ ဖတ်စာ " ( ပိတောက်ပွင့်သစ် မဂဇင်း၊ ကဗျာဆရာ တင်မိုး အမှတ်တရ၊ ၂၀၁၃ ) အက်ဆေးမှာလည်း ကဗျာဘာသာစကားကို အဓိကလက္ခဏာ အဖြစ် သုံးစွဲထားပါတယ်။
ကျွန်တော်တို့ဟာ နှစ်ငါးဆယ် နေ့ရက်များစွာ ကျီးလန့်စာ စားနေရတဲ့ဘ၀။ အာဏာရှင်တွေရဲ့ လက်အောက်မှာ နိုင်ငံရေး ခ၀ါချမှုတွေနဲ့ ထောင် ဆိုတဲ့ အဓိပ္ပာယ်။ ဘယ်အရာကို ရွေးမလဲလို့ မေးတဲ့အခါ အမှန်တရားအတွက် အသက်ကို စတေး၊ အရိုးဆွေးတဲ့ အထိ တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေဟာ ဒီမိုကရေစီရဲ့ သယံဇာတ ပစ္စည်းတွေလား။
လူငယ်ကဗျာဆရာတွေ အနေနဲ့ ခေတ်ပြိုင်ကဗျာကနေ နီယိုမော်ဒန် အက်ဆေးဆီ ကဗျာဘာသာစကား အပြောင်းအရွှေ့ကို မျက်ခြည်မပြတ်မိစေဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ ဒီ အပြောင်းအလဲကို မျက်ခြည်ပြတ်သွားရင် နီယိုမော်ဒန် အက်ဆေး အရေးအသားတွေကို ခေတ်ပြိုင်ကဗျာရေးဟန်လို့ အထင်အမြင် လွဲမှားသွားစေနိုင်တဲ့ အသိအမြင် အန္တရာယ် ဖြစ်လာနိုင်ပါတယ်။
၎။ ရီယယ်လစ်ဇင် အက်ဆေးရေးဟန်များနှင့် ကွဲပြားခြားနားနေခြင်း
ရီယယ်လစ်ဇင်အက်ဆေး( သရုပ်မှန်စာတမ်းငယ်) ရဲ့ သွင်ပြင်လက္ခဏာတွေ ( Characteristics ) တွေဟာ အက်ဆေးစာပေပုံသဏ္ဍာန်ရဲ့ အခြေခံအနှစ်သာရတွေ ဖြစ်တဲ့အတွက် နီယိုမော်ဒန်အက်ဆေးရဲ့ အနှစ်သာရအဖြစ် လက်ခံယူဆပါတယ်။ ဒီနေရာမှာ သွင်ပြင်လက္ခဏာ ( Characteristics ) နဲ့ ရေးဟန် ( Style of Writing ) အကြား စကားလုံးဝေါဟာရအားဖြင့်ရော အနက်အဓိပ္ပာယ် အရပါ ကွဲပြားခြားနားမှု ရှိနေတယ် ဆိုတာ သတိပြုကြစေလိုပါတယ်။
ရီယယ်လစ်ဇင်အက်ဆေးတွေမှာ အများအားဖြင့် ရိုးရှင်းပြေပြစ်တဲ့ သရုပ်မှန် အရေးအသား၊ အဖြောင့်သဘော စီစဉ်တင်ပြပုံ၊ စာရေးသူ ပြောလိုတဲ့ ရည်ရွယ်ချက်ကို ပန်းတိုင်ထား ရေးသားခြင်း စတဲ့ ရေးနည်းရေးဟန်တွေကို အဓိကအားပြုလေ့ ရှိပါတယ်။ နီယိုမော်ဒန်အက်ဆေးတွေမှာတော့ ကဗျာဆန်တဲ့ ဘာသာစကား၊ အကွက်သဘော စီစဉ်တင်ပြပုံ၊ ရည်ရွယ်ချက် ပန်းတိုင်တစ်ခုတည်း မဟုတ်ဘဲ ရောက်တတ်ရာရာ အကြောင်းအရာတွေ အလျဉ်းသင့်သလို ပြောဆိုရေးသားခြင်း စတဲ့ ရေးနည်းရေးဟန်တွေနဲ့ အဓိက အားပြုတည်ဆောက်ကြတာ များပါတယ်။
နီယိုမော်ဒန်အက်ဆေးတွေရဲ့ ထူးခြားထင်ရှားတဲ့ ရေးဟန်တစ်ခုကတော့ ကဗျာဘာသာစကား အသုံးပြုပြီး စကားပြေပုံစံဝါကျတွေ စဉ်ဆက်မပြတ်ရေးသားနေရာကနေ ကြောင်းကျိုးဆက်စပ်မှု မရှိတဲ့ ဒိုင်ယာလော့ဂ်( အပြန်အလှန် ပြောစကား ) တွေ အမှတ်မထင် ဖြတ်ဖောက်ဝင်လာခြင်းပဲ ဖြစ်ပါတယ်။ ဒီရေးဟန်ဟာ မော်ဒန်နဲ့ ပို့စ်မော်ဒန် ၀တ္ထုတို အရေးအသားတွေဆီကနေ ယူငင်သုံးစွဲထားတဲ့ ရေးဟန်တစ်မျိုး ဖြစ်ပါတယ်။ စကားပြေပုံစံ ၀ါကျတွေကြား ဒိုင်ယာလော့ဂ်တွေ ဖောက်ဝင်လာတဲ့ ရေးဟန်ကို နမူနာ ဖော်ပြပေးချင်ပါတယ်။
              ကိုယ်က ဘုရားသခင်ကိုတောင် ဂရုစိုက်တာ မဟုတ်ဘူး စေတန်။
              လူ့အဖြစ်မှာ ထိခိုက်ရှနာတွေ များလွန်းလို့ သွေးမထွက်တော့တဲ့ ဒဏ်ရာဟာ ကိုယ်ပေါ့။
              ကိုယ့်မှာ မိန်းမမာယာ မြင်ရင် သွေးလန့်တတ်တဲ့ ရောဂါ ရှိတယ်။
              "  ရှင့် အတွေးအခေါ်တွေက ပြင်းထန်ပြီး အစွန်းရောက်လွန်းတယ် "
              "  ကိုယ့် အနမ်းတွေကရော "
              "  ရှင့် အနမ်းတွေကလည်း ရှင့် အတွေးအခေါ်နဲ့ တစ်ထေရာတည်းပဲလေ "
              အသက်ရှင်ခြင်းဟာ သေခြင်းထက် ပိုကောင်းတယ်လို့ အသက်သေလုနီးပါး ဝေဒနာ ခံစားရတဲ့ အခိုက်အတန့်မှာ ကိုယ် သိခဲ့တယ်။ အနုပညာမှာ စိတ်ကျရောဂါလက္ခဏာပြနေတဲ့ စကားလုံးတွေ ထပ်တလဲလဲ မသုံးစွဲမိဖို့ သတိထားနေရတယ်။ ပန့်ခ် ဖက်ရှင်နဲ့ ဆံပင်ကို ဂျယ်လ်နဲ့ထောင်၊ စိတ်ထဲမှာ ဗိုင်းရပ်စ်ကိုက်နေတာ မှားယွင်းလွဲချော်မှု တစ်မျိုးပဲ။
              ကိုယ်သာ တရားသူကြီးတစ်ယောက် ဖြစ်မယ်ဆိုရင် အတွေးအခေါ်သေကြောင်းကြံစည်မှုကို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုထက် ကြီးလေးတဲ့ အပြစ်ဒဏ်ပေးမယ်။ သူတစ်ပါး နောက်ကျောကို ကုတ်ခြစ်ဖို့ ဟန်ပြင်နေတဲ့ လက်သည်းဝှက်တွေကို ပြန်ရုပ်သိမ်းလိုက်။ ကမ္ဘာပေါ်မှာ ရှက်စရာ အကောင်းဆုံး ပြစ်မှုဟာ လူမှုရေးလုပ်ကြံသတ်ဖြတ်မှု ဖြစ်တယ်။
              " ဒါနဲ့ ခင်ဗျား လုပ်ရမှာ အပျင်းဆုံးအလုပ်က ဘာလဲ "
              " အသိဥာဏ် မရှိတဲ့ လူတွေနဲ့ အငြင်းအခုံ လုပ်ရတာ "
              " စိတ် အပျက်ဆုံး အလုပ်ကရော "
              " ကိုယ့်ကိုယ်ကိုယ် ဥာဏ်ပညာ ရှိတယ်လို့ ထင်နေတဲ့ လူတွေနဲ့ စကားပြောရတာ "
              " အကြိုက်ဆုံး အလုပ်ကရော "
              " ကိုယ်ကလည်း ချစ်ခြင်းမေတ္တာ ရှိပြီး ကိုယ့်အပေါ်လည်း ချစ်ခြင်းမေတ္တာရှိတဲ့ မိန်းမတစ်ယောက်နဲ့ လိင်ဆက်ဆံရတာ "
 ( ကလေးတစ်ယောက်လို မျက်လုံးများ ရှိသူရဲ့ မသိနားမလည်ခြင်းများ ၊ အောင်ရင်ငြိမ်း )
တချို့ ရီယယ်လစ်ဇင်အက်ဆေး အရေးအသားတွေထဲမှာလည်း ဇာတ်ကောင် နှစ်ကောင် အပြန်အလှန် ပြောစကားတွေ ပါဝင်လာတတ်လေ့ ရှိပါတယ်။ ကွဲပြားခြားနားနေတာက ရီယယ်လစ်ဇင်အက်ဆေးထဲက ဒိုင်ယာလော့ဂ်တွေဟာ စာရေးသူ ဇာတ်ကြောင်းပြောပုံစံ ရေးသားလာတဲ့ ဇာတ်လမ်း/ အကြောင်းအရာနဲ့ လိုက်လျောညီထွေဖြစ်ပြီး တကယ့်ဇာတ်ကောင်တွေရဲ့ အပြန်အလှန်ပြောစကားတွေ ဖြစ်ပါတယ်။
နီယိုမော်ဒန်အက်ဆေးမှာတော့ ဇာတ်ကြောင်းပြောပုံစံနဲ့ သွေဖည်နေတဲ့၊ ဘယ်က ဘယ်လို ရောက်လာမှန်း မသိရတဲ့ ဇာတ်ကောင်တွေရဲ့ ဒိုင်ယာလော့ဂ်တွေ အမှတ်မထင် ဖောက်ဝင်လာတာမျိုး ဖြစ်ပါတယ်။ ဒိုင်ယာလော့ဂ် ပြောနေတဲ့ ဇာတ်ကောင်တွေဟာ ဇာတ်ကောင် စရိုက်သဘာဝနဲ့ ကိုယ်ရည်ကိုယ်သွေး ပေါ်လွင်ထင်ရှားမှု မရှိ၊ တကယ့် ဇာတ်ကောင် အစစ်အမှန်တွေလည်း မဟုတ်၊ သူတို့ရဲ့ ပြောစကား အစစ်အမှန်တွေလည်း မဟုတ်ဘဲ စာရေးသူ အထူးပြုလိုတဲ့ ၀ါကျတွေကို ဒိုင်ယာလော့ဂ် အဖြစ် Person & Identity ဖျောက်ပြီး အသွင်ပြောင်းလဲ တင်ပြလိုက်ခြင်းမျိုးသာ ဖြစ်ပါတယ်။
၅။ သိစိတ်အလျဉ် ရေးနည်းအတိုင်း စီးမျောရေးသားခြင်း/ အာရုံခံစားမှု အစဉ်များကို ဖြတ်တောက် ရေးသားခြင်း
အ ပို င်း ( ၂ ) တွ င် ဆ က် လ က် ဖ တ် ရှု ပါ ရ န် .......................
ရီ ယ ယ် လ စ် ဇ င် အ က်ေ ဆး နဲ့ နီ ယိုေ မာ် ဒ န် အ က်ေ ဆး ( အ ပို င်း - ၂ )
၅။ သိစိတ်အလျဉ် ရေးနည်းအတိုင်း စီးမျောရေးသားခြင်း/ အာရုံခံစားမှု အစဉ်များကို ဖြတ်တောက် ရေးသားခြင်း
၁၈၉၀ ခုနှစ်မှာ ၀ီလျံဂျိမ်းရဲ့ စိတ်ပညာ အခြေခံကျမ်း( Principle of Psychology ) ပုံနှိပ်ထုတ်ဝေပြီး အရှိတရား ( Reality ) ဆိုတာ ဓမ္မဓိဌာန်ကျကျ တည်ရှိနေခြင်း မဟုတ်၊ သိစိတ်ကတစ်ဆင့် ပုဂလိကအမြင်အရ တွေးတောကြံစည်ထားတဲ့ အရာသာ ဖြစ်တယ်လို့ ဖော်ထုတ်ပြခဲ့ပါတယ်။ လူ့စိတ် ( Mind ) ကိုလည်း သိစိတ်အလျဉ်( Stream of Consciousness ) လို့ သတ်မှတ်ခဲ့ပါတယ်။
၁၉ရာစု နှောင်းပိုင်း ခေတ်သစ်စိတ်ပညာရှင်တွေ ဖြစ်ကြတဲ့ ၀ီလျံဂျိမ်းနဲ့ စိတ်ခွဲပညာရှင် ဆစ်ဂမန်ဖရွိုဒ်ရဲ့ ( A General Introduction to Psychoanalysis ) စိတ်ပညာ အယူအဆတွေဟာ အနောက်တိုင်း မော်ဒန် စာပေအနုပညာလက်ရာတွေဆီ စိမ့်ဝင်ပျံ့နှံ့ပြီး သိစိတ်အလျဉ်( သို့မဟုတ်) တစ်ကိုယ်တော် အဇ္ဈတ္တ စကားပြောခန်း ( Interior Monologue ) တွေကို မော်ဒန်စာပေလက်ရာတွေရဲ့ အရေးကြီးလက္ခဏာတစ်ရပ်အဖြစ် သုံးစွဲခဲ့ကြပါတယ်။ ဂျိမ်းမ်စ်ဂျွိုက်စ်( James Joice ) ဖရန့်ဇ်ကာဖကာ ( Franz Kafka ) မာဆယ်ပရောက်စ် ( Marcel Proust ) ဗာဂျီးနီးယားဝုလ်ဖ် ( Virginia Woolf ) တို့လို စာပေပညာရှင်တွေက သိစိတ်အလျဉ်သာမက သိစိတ်အောက်ခြေကနေ မသိစိတ်အလွှာဆီ ကူးပြောင်းရောက်ရှိသွားတဲ့ ရေးဟန်မျိုးတွေအထိ နက်နက်ရှိုင်းရှိုင်း  ရေးသားခဲ့ကြပါတယ်။
သိစိတ်အလျဉ်ရေးနည်းကို မြန်မာ ၀တ္ထုတို/ ရှည် စာရေးဆရာတွေ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြု ရေးဖွဲ့လေ့ ရှိကြသလို နီယိုမော်ဒန်အက်ဆေးတွေမှာလည်း အဲဒီ ရေးနည်းရေးဟန်ကို အဓိက အားပြု ရေးဖွဲ့ကြပါတယ်။
သိစိတ်အလျဉ်( Stream of Consciousness ) ရေးနည်းဆိုတာ စာရေးသူရဲ့ အတွေးအာရုံထဲကို စဉ်ဆက်မပြတ်စီးဝင်လာတဲ့ အတွေးစဉ်တွေအတိုင်း အာရုံစူးစိုက်မှုနဲ့ လိုက်ပါစီးမျောရေးသားတဲ့ ရေးနည်းတစ်မျိုး ဖြစ်ပြီး ခေတ်ပြိုင် မြန်မာစာရေးဆရာ အတော်များများ လက်ခံနှစ်သက်ကြတဲ့ စာရေးနည်းဟန်ပန် ( A Style of Writing ) တစ်မျိုး ဖြစ်ပါတယ်။
ဒါပေမဲ့ ဗုဒ္ဓ၊ ခေတ်သစ်စိတ်ပညာရှင်တွေနဲ့ လူအများ သိနားလည်ထားကြတဲ့ အတိုင်း သိစိတ်အလျဉ် ( S.O.C ) ဆိုတာ အာရုံပြုစရာ တွေးတောစရာ အကြောင်းအရာတစ်ခုတည်းအပေါ်မှာ စဉ်ဆက်မပြတ် အာရုံငြိတွယ်နေတာမျိုး မဟုတ်ဘဲ အကြောင်းအရာ ခုန်ကျော်ပြောင်းလဲသွားတာမျိုး၊ အတွေးစိတ်အလျဉ် ပြတ်တောက် ရွှေ့ဆိုင်းသွားတာမျိုး လက်ရှိ အတွေးစဉ်နဲ့ သွေဖည်အံချော်တဲ့ အကြောင်းအရာတွေ ဖြတ်ဝင်လာတာမျိုးတွေလည်း ရှီတတ်ပါတယ်။
အဲဒီလို သိစိတ်အလျဉ် ခုန်ကျော်ပြောင်းလဲ/ ပြတ်တောက်ရွှေ့ဆိုင်း/ သွေဖည်အံချော်သွားတဲ့ သဘောကို သိစိတ်နဲ့ စက္ကန့်မလပ် ထက်ကြပ်မကွာ အမိအရ ဖမ်းဆုပ်သလို ရေးသားတဲ့ နည်းကို နီယိုမော်ဒန်အက်ဆေးတွေမှာ တွေ့ရလေ့ ရှိပါတယ်။ အဲဒီလို ရေးနည်းကို " အာရုံခံစားမှု အစဉ်များကို ဖြတ်တောက် ရေးသားခြင်း " လို့  ရေးနည်းရေးဟန် သတ်မှတ်ခေါ်ဆိုနိုင်ပါတယ်။
စကြာဝဠာတစ်ခုလိုပဲ။
တစ်နေ့တခြား ကျယ်ပြောပြန့်ကားလာနေတဲ့ စိတ်ပိုင်းဆိုင်ရာ ကွက်လပ်တစ်ခု။
အားးးးးးးးးးးးသွေးပျက်ထိတ်လန့်စရာ။
ခေတ်ပျက်ကြီးထဲ ကိုယ်တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်နေခဲ့သလို အထီးကျန်ခံစားမှု။
တကယ်တော့ ကိုယ်ဟာ မင်း၊ရဲ့ အက်ဆေးထဲက ကြောင်လေးတစ်ကောင်ပါပဲကွာ။
ချစ်ခြင်းမေတ္တာကို ဆာလောင်မွတ်သိပ်နေတဲ့ ကြောင်ပိန်ပိန်လေး တစ်ကောင်။
ဒါပေမဲ့ ကိုယ်သေရင်တော့ အဲဒီကြောင်လေးလို ပါးစပ်က အမြှုပ်တွေ ထွက်နေမှာ မဟုတ်ပါဘူး။
ကိုယ့် တစ်သက်လုံး အဆိပ်ရှိတဲ့ အစာကို မစားခဲ့ဘူးလေ။
အခုတလော စိတ်ထဲမှာ အပျောက်အရှ အရမ်းများတာပဲ။
ကားမီးရောင်တွေ နှလုံးသွေးကြောထဲ ပြေးဝင်လာ။
စိတ်ထဲက ပန်းပွင့်လေးပေါ် နားနေတဲ့ လိပ်ပြာကလေး လန့်ပျံသွား။
ကျည် အပြည့် ဖြည့်ထားတဲ့ သေနတ်တစ်လက်၊ Vincent Van Gogh ၊  Kurt Cobain ၊ အဆိပ်ရှစ်အောင်စ။
ကိုယ်နှလုံးသားမှာ ကျည်ဆံရာတွေ များနေပြီ။ ကိုယ် တိုက်ပွဲကျတော့မယ် ၀ီရ။
ကိုယ်ဟာ တစ်နေ့တခြား ပိုပိုပြီး အသံတိတ်ဆိတ်လာ။
တစ်ယောက်တည်း လမ်းလျှောက်ရင်း စိတ်ထဲက စကားတွေ တတွတ်တွတ်ပြော။
သွေးပျက်ထိတ်လန့်စရာ အာရုံရုပ်ပုံတွေ။
( အလင်းဆိုင်ထဲ တစ်ညလုံး စိတ်က ကြယ်ပြာလေးတွေဆီ၊ အောင်ရင်ငြိမ်း )
၆။ ပုဂလိကအာရုံခံစားမှုနှင့် လူမှုဝန်းကျင်အပေါ် အမြင်များ ရောနှောရေးသားခြင်း
ပုဂလိကအာရုံခံစားမှုနှင့် လူမှုဝန်းကျင်အပေါ် အမြင်များ ရောနှောရေးသားခြင်းဟာ နီယိုမော်ဒန်ကဗျာရဲ့ ထင်ရှားတဲ့ နောက်ခံအယူအဆနဲ့ သွင်ပြင်လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။
ပင်မရေစီး ခေတ်ပေါ်ကဗျာခေတ်နှောင်း ( ၂၀၀၀-၂၀၀၅ ) ပိုင်းမှာတုန်းက ကဗျာဆရာအများစုဟာ မိမိအတ္တကို ဗဟိုပြုထားတဲ့ ပုဂလိကအာရုံခံစားမှုဥခွံအတွင်းမှာပဲ နေထိုင်ပြီး ခေတ်ပေါ်ကဗျာတွေကို ရေးဖွဲ့ခဲ့ကြတယ်လို့ ဝေဖန်ရေးဆရာတချို့က ပြင်းပြင်းထန်ထန် ပြောဆိုဝေဖန်ခဲ့ကြဖူးပါတယ်။
ကဗျာဆရာတွေဘက်က ကြည့်ရင်လည်း သူတို့မှာ ခိုင်လုံတဲ့ အတွေးအခေါ်နဲ့ လှပတဲ့ ဆင်ခြေတွေ အဆင်သင့် ရှိနေခဲ့ကြပါတယ်။
လူသားတစ်ယောက်အနေနဲ့ တစ်သီးပုဂလအာရုံခံစားမှုတွေ၊ အတွေးအမြင်တွေ၊ ထင်မြင်ယူဆချက်တွေဟာ သူ လက်ငင်းရင်ဆိုင်ကြုံတွေ့နေရတဲ့ အာရုံအတွေ့အကြုံ အမှန်တရားတွေပဲ ဖြစ်ပါတယ်။ ပုဂလိကအာရုံခံစားမှု ပြင်းထန်တဲ့ တချို့ကဗျာဆရာတွေဆိုရင် တခြား သမိုင်း၊ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာ အမှန်တရားတွေကို လက်ခံယုံကြည်လေ့ မရှိဘဲ သူတို့ကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ခံစားရတဲ့ အာရုံအတွေ့အကြုံ အမှန်တရားတွေကိုသာ တန်ဖိုးထားစွဲလမ်း ဆုပ်ကိုင်ထားကြလေ့ ရှိပါတယ်။
အယ်လ်ပီနဲ့ နီယိုမော်ဒန် ကဗျာလှုပ်ရှားမှု( ၂၀၀၇ ) ပေါ်ပေါက်လာပြီးတဲ့ နောက်မှာ ကဗျာဆရာတချို့ရဲ့ အတွေးအခေါ်တွေ ပြောင်းလဲလာပြီး ပုဂလိကအာရုံခံစားမှုတွေနဲ့ လူမှုဝန်းကျင်အပေါ် အမြင်တွေ ရောနှောရေးသားကြဖို့ စဉ်းစားမိလာကြပါတယ်။ ကဗျာဆရာဟာ သီးခြားဖြစ်တည်နေတဲ့ ပုဂလိက လူသားတစ်ဦး ဖြစ်ပေမဲ့ သူ အသက်ရှင်ကျင်လည်နေရတဲ့ လူမှုဝန်းကျင်နဲ့ ပြတ်တောက်ကင်းကွာနေလို့ မရ၊ လူမှုဝန်းကျင်က သူ့အပေါ် ရိုက်ခတ်လာတဲ့ လူမှုရေးအကျိုးသက်ရောက်မှုတွေကို မျက်နှာရှောင်လွှဲထားလို့ မရဘူး ဆိုတဲ့ အယူအဆတွေအပေါ် အခြေခံပြီး လူမှုဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို တုံ့ပြန်တဲ့ အမြင်တွေ ရောနှောရေးသားဖို့ စဉ်းစားလာကြတာ ဖြစ်ပါတယ်။
နီယိုမော်ဒန်ကဗျာရဲ့ ဒီ သွင်ပြင်လက္ခဏာဟာ နီယိုမော်ဒန် အက်ဆေး အရေးအသားတွေဆီ သြဇာလွှမ်းမိုးသက်ရောက်မှု ရှိပြီး နီယိုမော်ဒန်အက်ဆေးရဲ့ သွင်ပြင်လက္ခဏာတစ်ရပ် ဖြစ်လာတာ လေ့လာ တွေ့မြင်နိုင်ပါတယ်။
ဒီ သွင်ပြင်လက္ခဏာကို လူငယ်ကဗျာဆရာ ၀ီရထက်နောင်ရဲ့ သစ်စိမ်းရွက် အက်ဆေးမှာ လေ့လာ တွေ့မြင်နိုင်ပါတယ်။
" အမှောင်ကမ္ဘာမှာဘာတွေရှိသလဲ။အမှောင်ကမ္ဘာမှာ သူလိုငါလိုပဲ တိုက်တာအဆောက်အအုံ၊ လမ်းတံတားနဲ့ကျယ်ပြောတဲ့
လူမှုစီးပွားပညာရပ်နယ်ပယ်တွေရှိတာပါပဲ။သို့ပေမဲ့ စောစောကပြောတဲ့ အမှန်တရားဆိုတာတို့၊လွတ်လပ်ခြင်းတို့ဆိုတဲ့ ပုဂိုလ်တွေရဲ့
ကျောပြင်ကို ပျပျလေးမြင်လိုက်ရလို့ အပြေးအမီလိုက်နှုတ်ဆက်မယ်ကြံတိုင်း လူငယ်စီးနင်းလာတဲ့ ရထားဟာ သံလမ်းချော်တိမ်းမှောက်
ခဲ့ရတာချည်းသာ။သူ့သမိုင်းဟာ အေးစက်အထီးကျန်လွန်းခဲ့ပါတယ်လေ။ သွေးထဲမှာနှစ်ပရိစ္ဆေဒများစွာ အဆိပ်ဟာပျော်ဝင်နေရဲ့။ လူငယ်ဟာ မနက်လင်းတိုင်း ရင်မှာမီးလိုပူတယ်။
"ရေပေးပါ"
"ရေပေးပါ"
"နိုးးးးး"
"ရေခန်းနေတယ်။အမှောင်ကမ္ဘာမှာအငွေ့သက်သက်ပဲရှိတယ်။ငြိမ်းချမ်းအေးမြခြင်းရဲ့သရုပ်ဟာ တကယ်မရှိဘူး။မူရင်းဘာသာစကားကို
updateပြန်လုပ်ထားတဲ့versionအသစ်နဲ့နှလုံးသားမလို ဘာသာစကားတစ်မျိုးပဲရှိတယ်
စကားပြောလိုက်တိုင်း တစ်ကိုယ်လုံး စက်ရုပ်ဆန်သွားတဲ့ ဘာသာစကားကိုလူငယ်မုန်းတယ်။အမှောင်ကမ္ဘာမှာ လူတွေဟာရိုးရိုးသားသား မရယ်မောတတ်ကြတော့ဘူး။ရိုးရိုးသားသားလည်းမငိုကြွေးတတ်ကြတော့ဘူး။လူငယ်တွေးတယ်။လူ့အဖွဲ့အစည်းတစ်ခုလုံးစာ တွေးခေါ်
မြဲတွေးခေါ်မိနေပြန်တယ်။ အဲဒီရယ်သံတွေ ငိုသံတွေကိုက အဲဒီအေးစက်မှောင်မိုက်မှု အားအင်ထုတစ်ခုရဲ့အောက်မှာ ကြောက်လန့်တ
ကြားဖြစ်တည်နေရတဲ့အသံတွေပဲလို့ နေတွေးခေါ်ခံစားမိပြန်တယ်။အဲဒီအတွေးရဲ့ နောက်ဆက်တွဲအနေနဲ့ကတော့ လူငယ်ဟာ တစ်ကိုယ်
တည်းနာကျင်ဝမ်းနည်း နေရပြန်တာပါပဲ။
(၂)
"မေတ္တာတရား"
"သစ္စာတရား"
အော်ခေါ်လိုက်တဲ့အခါတိုင်း လည်ချောင်းအသံအိုးထဲ တစ်ခုခုတစ်ဆို့နေသလိုမျိုး၊အဲဒီအသံဟာကြောက်မက်ဖွယ် vampire တစ်ကောင်ရဲ့အသံနဲ့သာပိုတူတယ်။လူငယ်ဟာ ခေတ်ထဲနေထိုင်နေရင်း ကိုယ့်အသံကိုယ်ပြန်ကြောက်လန့်တကြားဖြစ်ရ၊အံသြရတယ်။
"အမှန်တရား"
"အမှန်တရား"
"အမှန်တရား"
အဲဒီလိုသံပြိုင်ရွတ်ဆိုပြီးတော့ ကြောက်မက်ဖွယ် နိုင်ငံရေးစစ်ပွဲတွေထဲ  သစ်ရွက်တွေ ဘယ်လို တဝေါဝေါကြွေခဲ့ကြသလဲ။ အို...သစ်ရွက်တို့ရေ။
အမှောင်မှာ ဘာသာစကားနဲ့အဲဒီဘာသာစကားရဲ့အဓိပ္ပာယ်တွေဟာ သိသိသာသာ မှားယွင်းပြတ်ရွေ့နေခဲ့ပါပြီ။နူးညံ့ခြင်းဟာပျော့ညံ့ခြင်း၊
ကိုယ်ကျိုးစွန့်ရဲရင့်ခြင်းဟာ မိုက်ရူးရဲဆန်ခြင်းတဲ့။ဖောသွပ်နေတဲ့ ရေပေါ်ဆီဆန်ဆန် အဆိပ်အပင်းသီချင်းသံတွေ၊အပေါစား ကြော်ငြာ
ဆိုင်းဘုတ်တွေ၊သူရဲဘောကြောင်တဲ့ ရေလိုက်သင့်ငါးလိုက်သင့် လူမှုဆက်ဆံရေးတွေ၊ကိုယ့်မထိခိုက်ရင်ပြီးတာပဲဆိုတဲ့ စိတ်အရည်အ
သွေးမျိုးတွေ၊အမျိုးသားရေးနဲ့သမိုင်းစိတ်မရှိတဲ့ အနုပညာလက်ရာ အမျိုးအစားနဲ့၊အဟောင်းအမြင်း အစုတ်အပြတ်တွေ၊ဒါတွေဟာ တား
ဆီးချိန်မရပါဘဲ လူငယ်ရဲ့ဒွါရပေါက်တွေအားလုံးထဲ စိမ့်ဝင်ပြီး အသက်ရှူလမ်းကြောင်းဟာ တဖြည်းဖြည်း ရပ်တန့်သွားတော့မတတ် ကျပ် ကျပ်လာတယ်။
၇။ အချိန်နှင့် နေရာ ( Time & Space ) ချိုးဖျက်ခြင်း၊ လူပုဂိုလ်နှင့် ကိုယ်ပိုင်အမှတ်အသား ( Person & Identity ) အပိုင်းအစများ ရောနှောနေခြင်း
ရီယယ်လစ်ဇင်အက်ဆေးတွေမှာ အချိန်နဲ့နေရာ ( Time & Space ) သဘောဟာ စဉ်ဆက်မပြတ် ဖြစ်ပျက်နေတဲ့ အသွင်မျိုး ရှိပြီး တကယ်လို့ အချိန်နဲ့နေရာ ကူးပြောင်းမှု ရှိရင်လည်း သိသိသာသာ ခုန်ကျော်ပြောင်းလဲသွားတာမျိုး မဟုတ်ဘဲ မသိမသာ ကူးပြောင်းသွားတာမျိုး ဖြစ်ပါတယ်။ နီယိုမော်ဒန်အက်ဆေးတွေမှာတော့ အချိန်နဲ့နေရာဟာ ထင်ရှားမြင်သာမှု မရှိ၊ အပြောင်းအလဲ ဖြစ်ရင်လည်း စာဖတ်သူ အာရုံစီးမျောမှု ပြတ်တောက်သွားလောက်အောင် အိပ်မက်ဆန်ဆန် ပြောင်းလဲသွားတတ်လေ့ ရှိပါတယ်။
ဒါဟာ သိစိတ်အလျဉ်( S.O. C ) ရေးနည်းကို အဓိကအားပြု ရေးဖွဲခြင်း၊ အာရုံခံစားမှု အစဉ်များကို ဖြတ်တောက်ရေးသားခြင်း စတဲ့ ရေးဟန်တွေကြောင့် ဆင့်ကဲဖြစ်ပေါ်လာတဲ့ သွင်ပြင်လက္ခဏာ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။
နေ့စဉ် လူမှုဘ၀၊ အလုပ်တာဝန်၊ ငွေရေးကြေးရေးကိစ္စ၊ လူ့အဖြစ်နဲ့ ဆိုင်တဲ့ အတွေးအခေါ်၊ ဆန့်ကျင်ဘက်လိင်နဲ့ သာယာမှု၊ ရသစာပေအနုပညာ အဲဒီလို အာရုံတစ်ခုခုကို စူးစိုက်မထားဘဲ အာရုံတွေ အလိုက်သင့် ဖြန့်ကျက်စီးမျောထားမယ်ဆိုရင် ကျွန်တော်တို့ လူမှုဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ အာရုံမြင်ကွင်းတွေဟာ ရုပ်ရှင်ကားတစ်ကားရဲ့ ဇာတ်ဝင်ခန်းတွေကို ကြည့်နေရသလို၊ အိပ်မက်ကမ္ဘာထဲ ရောက်ရှိနေသလို ထူးဆန်းတဲ့ အာရုံခံစားမှုမျိုးတွေကို ဖြစ်ပေါ်စေပါတယ်။
အဲဒီ အာရုံတွေ့ကြုံခံစားမှုကို အခြေခံပြီး နီယိုမော်ဒန်အက်ဆေးတွေမှာ မြင်ရတဲ့ အာရုံမြင်ကွင်းတွေ၊ အဖြစ်အပျက်တွေဟာ အိပ်မက်ဆန်တဲ့ အသွင်အပြင်မျိုးတွေ ဖြစ်နေတတ်ပါတယ်။ အခု " မြူတွေ "လို့ အမည်ရတဲ့ လူငယ်ကဗျာဆရာ ဘုန်းနေသွန်းရဲ့ အက်ဆေးအရေးအသားတချို့ကို နမူနာ ဖော်ပြပေးချင်ပါတယ်။
" မြူတွေကြားမှာ ဟိုးအဝေးဆီကို ထွက်ခွာသွားတဲ့ အဝေးပြေးလမ်းမကြီးရဲ့ ရင်အုံသားတွေကို သူငေးမောနေခဲ့မိပြန်တယ်။ မျက်စိတဆုံးမှာ မြူတွေက အ၀ိဇ္ဇာလို ရစ်သိုင်းလို့။ အိနြေ္ဒကြီးမားတဲ့ မိန်းမသားတစ်ယောက်လို အရာရာ ဘာကိုမှ မမြင်နိုင်အောင် သိမ်းဆည်းသိုသိပ်လို့။ မြူတွေကြောင့် သူလှမ်းမြင်နေရတဲ့ တောင်ပြာပြာတွေလည်း ပိုမိုအေးစက်၊ နီယွန်မီးရောင်တွေလည်း ပိုပြီးမှိန်ပြလို့။ မြူတွေ…. မြူတွေ…မြူတွေ….။ သူ့စိတ်မှာ သံလိုစွဲဝင်နေတဲ့ စိတ္တဇဟာ တဆတ်ဆတ်တုန်ယင်နေတယ်။ မြူတွေရဲ့ နောက်ကွယ်က ၀ိုးတ၀ါးအရိပ်တွေမှာ ဘ၀ရဲ့ မှားယွင်းမှုတွေ၊ မလုံခြုံမှုတွေကို သူလှမ်းမြင်နေရတယ်။ ဟုတ်တယ်။ သူရူးနေတာပဲ ဖြစ်မှာ။ အဝေးဆုံးကို အော်ဟစ်ပြေးထွက်သွားချင်တဲ့ စိတ်ပေါ့သွမ်းရူးနှမ်းသူတစ်ဦးရဲ့ hallucination ပဲဖြစ်မှာ။ အရာရာကို တစ်က ပြန်စလို့ရမယ်ဆိုရင်တောင် သူဟာ သူ့ဘ၀ကို ဘယ်နားက ပြန်စရမယ်မှန်း မသိတော့ဘူး။ မြူတွေ…မြူတွေ…သွေးအေးရက်စက်တဲ့ လူသတ်သမားတစ်ဦးကို သူတို့မြင်ကွင်းက ဖုံးကွယ်ပေးထားတဲ့ မြူတွေ။ ကျောက်ဖြစ်ရုပ်ကြွင်းတွေလည်း ဘယ်လိုသဲလွန်စမှ မကျန်အောင် ဖျောက်ဖျက်ခံလိုက်ရပြန်ပေါ့ "
ရီယယ်လစ်ဇင်အက်ဆေး လက္ခဏာတွေထဲမှာ စာရေးသူ၏ ကိုယ်ရည်ကိုယ်သွေး ပေါ်နေခြင်းဆိုတဲ့  စာရေးသူ-စာဖတ်သူဆိုင်ရာ သွင်ပြင်လက္ခဏာတစ်ရပ် ပါဝင်ပါတယ်။ ဆရာ မောင်ခင်မင်( ဓနုဖြူ) က-
" စာတမ်းငယ်တွင် မွန်တိန်းက စခဲ့သည့် အစဉ်အလာနှင့်အညီ စာရေးသူ၏ ကိုယ်ရည်ကိုယ်သွေး ဟု ဆိုရမည့် သဘောစရိုက် သွင်ပြင်လက္ခဏာများ ပေါ်နေမြဲ ဖြစ်သည်။ စာရေးသူသည် ပတ်ဝန်းကျင်မှ ရိုက်ခတ်ထိတွေ့လာသော အာရုံများကို အကြောင်းပြုရ်ျ သည်အရာကား ချစ်စရာ၊ သည်အရာကား သနားစရာ၊ သည်အရာကား ကဲ့ရဲ့စရာ စသည်ဖြင့် မိမိ စေတနာအလျောက် ခံစားသိရှိလာသော ' ခံစားမှု အသိ ' ဖြင့် မိမိ ပြောလိုသည်ကို ပြောပြသည် " လို့ ဆိုခဲ့ဖူးပါတယ်။
ဒါ့အပြင် " အကြောင်းအရာထက် အတွေးအမြင် ခံစားမှုတို့ကို အားပြုခြင်း " သွင်ပြင်လက္ခဏာအောက်မှာ-
" စာတမ်းငယ်တွင် အသေးအဖွဲမှ အကြီးအကျယ်အထိ ရေးလိုရာရာ အကြောင်းအရာ အမျိုးမျိုးကို ရေးဖွဲ့လေ့ ရှိပါသည်။ သို့သော် အကြောင်းအရာက ပဓာန မဟုတ်ပါ။ ထို အကြောင်းအရာကို ရေးပြနေသော စာရေးသူ၏ အတွေ့အမြင်၊ ခံစားမှုတို့က ပို အရေးပါပါသည်။ စာရေးသူနှင့် စာဖတ်သူတို့ စိတ်ချင်းတိုက်ရိုက်ဆက်သွယ်သည့် စာတမ်းငယ်၏ သဘောသဘာဝအရ စာရေးသူသည် သူ ဆိုလိုသော အာဘော်သို့ ဆိုက်အောင် အတွေးမျှင်တန်းပြတတ်သည့် သဘောရှိပါသည်။ သူ့ စာတမ်းငယ်ကို ထို အတွေးပေါ်တွင် ဖွဲ့စည်းတည်ဆောက်ပြသည့် သဘော ရှိပါသည်" လို့လည်း ပြောခဲ့ဖူးပါတယ်။
နီယိုမော်ဒန်အက်ဆေးတွေမှာတော့ လူပုဂိုလ်နဲ့ ကိုယ်ပိုင်အမှတ်အသား ( Person & Identity ) တွေ ထင်ရှားပေါ်လွင်မှု မရှိ၊ ဖရိုဖရဲ ပြိုကွဲနေတဲ့ ကိုယ်ရည်ကိုယ်သွေးတွေသာ အပိုင်းအစတွေအဖြစ် ပြန့်ကျဲနေလေ့ ရှိပါတယ်။ ဒါဟာ ရုပ်ဝတ္ထု၊ သတင်းအချက်အလက်နဲ့ နည်းပညာပစ္စည်း အသစ်အဆန်းတွေ နေ့စဉ်နဲ့အမျှ တိုးတက်ပေါက်ကွဲနေတဲ့ ခေတ်ကြီးထဲမှာ လူသားရဲ့ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေ လျော့ကျပြိုကွဲနေတယ်ဆိုတဲ့ နီယိုမော်ဒန် မြန်မာ အတွေးအခေါ်ဆီက အခြေခံထွက်ပေါ်လာတဲ့ သွင်ပြင်လက္ခဏာတစ်ရပ်လို့ ဆိုနိုင်ပါတယ်။
ခေတ်ပြိုင်လူသားတွေဟာ လူသားအချင်းချင်း လူသားတွေလို့ အမှန်မမြင်ဘဲ လူတစ်ပိုင်း စက်ရုပ်တစ်ပိုင်း ( Romanbot ) သက်ရှိသတ္တ၀ါတွေလို့ ရှုမြင်နေကြတယ်၊ လူသားတစ်ယောက်ကို လူသားတစ်ယောက်လို့ အမှန်မြင်ဖို့ထက် ဖက်ရှင်ပစ္စည်းတွေ ၀တ်ဆင်ထားတဲ့ သက်ရှိအရုပ်( Humannequin ) တွေလို့ မြင်နေကြတယ်ဆိုတဲ့ နီယိုမော်ဒန် မြန်မာ အတွေးအခေါ်တစ်ခုလည်း ရှိပါတယ်။ ဒီလို အယူအဆမျိုးကို ပင်မရေစီး ခေတ်ပေါ်ကဗျာဆရာ မောင်ချောနွယ်ရဲ့ ကဗျာတစ်ပုဒ်ထဲက " ငွေဟာ သက်ရှိဖြစ်ပြီး လူဟာ သက်မဲ့ဖြစ်တယ် " ဆိုတဲ့ အရေးအသားတစ်ခုမှာလည်း တွေ့မြင်နိုင်ပါတယ်။
ဒီလို နီယိုမော်ဒန် အာရုံခံစားပုံ/ အတွေးအမြင်တွေကို အခြေခံပြီး နီယိုမော်ဒန်အက်ဆေးတွေမှာ လူပုဂိုလ်နဲ့ ကိုယ်ပိုင်အမှတ်အသား( Person & Identity ) ပြိုကွဲနေတဲ့၊ အပိုင်းအစတွေ ရောထွေးနေတဲ့ သဘောလက္ခဏာတွေ ပါဝင်အောင် ရေးသားလာကြတာ တွေ့ရပါတယ်။ ဒီ သွင်ပြင်လက္ခဏာဟာ ရီယယ်လစ်ဇင်အက်ဆေးတွေဆီက စာဖတ်သူ ကိုယ်ရည်ကိုယ်သွေး ပေါ်လွင်နေခြင်း လက္ခဏာနဲ့ ဆင်တူယိုးမှား ဖြစ်တယ်လို့ ထင်မှတ်မှားနိုင်ပါတယ်။ ဒါပေမဲ့ အလေးအနက် ဆင်ခြင်ကြည့်ရင် အာရုံခံစားပုံ ( Sensibility ) မှာ ဆန့်ကျင်ဘက်အသွင် ဆောင်နေတယ်လို့တောင် ပြောနိုင်ပါတယ်။ ရီယယ်လစ်ဇင်အက်ဆေးမှာ စာရေးသူဆိုလိုတဲ့ အာဘော်ကို ဆိုက်ရောက်အောင် အတွေးမျှင်တန်းပြတတ်တဲ့ သဘောရှိပေမဲ့ နီယိုမော်ဒန်အက်ဆေးမှာတော့ အာရုံခံစားပုံအရ တစ်စစီ ပြိုကွဲနေတဲ့ အာရုံခံစားမှု အတွေးမျှင်တွေကို ဖြတ်တောက်ရေးဖွဲပြီး စာရေးသူ ( သို့မဟုတ်) ဇာတ်ကောင်ရဲ့ ( Person & Identity ) ပြိုကွဲသွားအောင် ရေးသားကြတာ တွေ့ရပါတယ်။
လူငယ်ကဗျာဆရာ ဘုန်းနေသွန်းရဲ " ပျော်ရွှင်ခြင်းနှင့် မပျော်ရွှင်ခြင်း အစွန်းတစ်ဖက် " အက်ဆေးအရေးအသားတစ်ခုမှာ-
" ရုတ်တရက် သူ့အတွေးကို မီးပွိုင့်ရဲ့ နီရင့်ရင့်အရောင်က ဆတ်ခနဲ ဖြတ်တောက်ပစ်လိုက်တယ်။ စက်ရပ်ထားတုန်း သူ့လိုပဲ စိတ်ကူးစိတ်သန်းတွေ ခဏရပ်တန့်နေတဲ့ မျက်ဝန်းလေးတစ်စုံကို ဖျတ်ခနဲ မြင်ဖြစ်အောင် မြင်လိုက်မိသေးတယ်။ သူ အကြည့်ကို ပြန်လွှဲလိုက်တယ်။ မစဉ်းစားချင်ပါဘူး။ ခဏကြာရင် အချိုးအကွေ့တစ်ခုမှာ လွယ်လင့်တကူ ဖြတ်သန်းပျောက်ကွယ်သွားမှာပဲလေ။ လူ့လောက လူ့ဘ၀ရဲ့ အလှည့်အပြောင်းတွေ၊ အချိုးအကွေ့တွေ။ လူသားမပီသစွာနဲ့ပဲ သူဟာ ဘာကိုမှ မမျှော်လင့်တတ်ခဲ့တာလည်း ကြာလှပေါ့။
မနေ့က လူနာတစ်ယောက် သေဆုံးသွားခဲ့တယ်။ ဆေးကုဖို့ရာ ပိုက်ဆံမတတ်နိုင်လို့။ မြန်မာငွေ ထောင်ဂဏန်းလောက်ဟာ လူတစ်ယောက်၊ မိသားစုတစ်ခုအတွက် ဘာဖြစ်လို့များ ဒီလောက်တောင်  ရှားပါးနေခဲ့ရတာပါလိမ့်။ မျက်လုံးတွေကို မှိတ်ထားပေမယ့် သူ့နှလုံးသားက မြင်နေရတုန်း၊ လူနာရှင်ရဲ့ ရှိုက်သံသဲ့သဲ့ကို ကြားနေရတုန်း။ `ကင်ဆာဆဲလ်တွေက ကျွန်တော်အနာဂတ်အထိ ပျံ့နှံ့နေပြီဆရာ´၊ `သုံးရက်ဆက်တိုက် သွေးတွေ တအားသွန်နေလို့ ကျွန်မဗိုက်ထဲက ကလေးလေး…´၊ `သမီးမျက်လုံးတွေ ပြာနေပြီ၊ ဘာကို မမြင်ရတော့ဘူးဆရာ´။ စိတ်အေးအေးထားပါ။ သက်သာသွားမှာပါ။ နေဦး။ အဲဒီစကားတွေက သူ့ရဲ့ လူနာတွေကို ပြောနေတာလား၊ ဒါမှမဟုတ် သူ့ကိုယ်သူ ပြန်နှစ်သိမ့်နေတာလား။
တချို့ညတွေမှာ သူဟာ အိပ်မပျော်ဘူး။ ကိုယ်ခန္ဓာက အရမ်းပင်ပန်းနွမ်းနယ်နေပေမဲ့ တွေးလက်စ ဘယ်တော့မှ ဆုံးမှာမဟုတ်တဲ့ အတွေးတွေက သူ့အိပ်ချိန်ကို နှောင့်ယှက်၊ အတားအဆီးဖြစ်နေစေတတ်တယ်။ မပြီးဆုံးသေးတဲ့ တာဝန်ဝတ္တရားတွေ၊ မပြီးဆုံးသေးတဲ့ ကဗျာတွေ၊ မပြီးဆုံးသေးတဲ့ လူမှုဆက်ဆံရေးတွေနဲ့။ မပျော်ရွှင်တဲ့လူဟာ နတ်ပြည်မှာ သွားထားရင်တောင် ပျော်ရွှင်မှာမဟုတ်ဘူး။ တကယ်တမ်း သူဟာ သူ့ကိုယ်သူ အသိခေါက်ခက် အ၀င်နက်နေခဲ့တာ။ သူဟာ ဘုန်းကြီးတစ္ဆေ။
သေသွားရင်လည်း ပြီးတာပဲ။ တစ်ခါတစ်ခါတော့လည်း သူ့ကိုယ်သူ အဲဒီလို စိတ်အချဉ်ပေါက် ရွဲ့စောင်းမိပြန်တယ်။ နိစ္စဓူဝဆိုတဲ့ စကားလုံးဟာ ဒီလောက် ပျင်းရိငြီးငွေ့ဖွယ်ရာကောင်းမယ်လို့ သူအရင်က မထင်ခဲ့ဘူး။ အရင်က သူဟာ မြို့ပြရဲ့ပလက်ဖောင်းတွေပေါ်မှာ ခပ်သွက်သွက်လျှောက်လို့။ ရှုပ်ထွေးတဲ့လမ်းမတွေကို ခပ်သွက်သွက်ဖြတ်ကူးလို့။ အချစ်သီချင်းတစ်ပုဒ်ကို တိုးတိုးလေချွန်လို့။ တစ်ချိန်ချိန်မှာ မြို့ကြီးပြကြီးဆန်ဆန် တောကြီးမျက်မည်းတစ်ခုထဲမှာ ပျောက်ချင်းမလှ ပျောက်ဆုံးသွားရလိမ့်မယ်လို့ သူ့ကိုယ်သူ ဘယ်ထင်ပါ့မလဲ။  သူ့ဘ၀သူ ခဏခဏ restart ချနေရလိမ့်မယ်လို့လည်း ဘယ်တွေးမိပါ့မလဲ။ ဒါပေမဲ့ ခင်ဗျားတို့နည်းတူပါပဲ။ ဒါပေမဲ့ ဒါဟာ တကယ့်ဘ၀ပါပဲ။ အဆင်ပြေပါတယ်။ သူပျော်ရွှင်နေပါတယ်။ သူ့ပျော်ရွှင်နေပါတယ်လို့ သူ့ကိုယ်သူ ခဏခဏ ပြန်ပြောနေပါတယ် "
 ဆိုပြီး အာရုံခံစားပုံအရ တစ်စစီ ပြိုကွဲနေတဲ့ အာရုံခံစားမှု အတွေးမျှင်တွေကို ဖြတ်တောက်ရေးဖွဲပြီး စာရေးသူ ( သို့မဟုတ်) ဇာတ်ကောင်ရဲ့ ( Person & Identity ) ပြိုကွဲနေပုံကို သိစိတ်အလျဉ်ရေးနည်းနဲ့ ရေးဖွဲ့ထားတာ မြင်တွေ့နိုင်ပါတယ်။
 # နိ ဂုံး
မြန်မာစာရေးဆရာ အများစုဟာ သရုပ်မှန်စာပေအရေးအသားကို တန်ဖိုးထား နှစ်သက်လေ့ ရှိကြတဲ့အတွက် အက်ဆေးစာပေအနုပညာမှာလည်း ရီယယ်လစ်ဇင်အက်ဆေးတွေ အရေးများကြပါတယ်။ ၀တ္ထုတို၊ ၀တ္တုရှည်၊ အက်ဆေးအရေးအသားတွေမှာ ရီယယ်လစ်ဇင်ရေးဟန်ကို တန်ဖိုးထားနှစ်သက်တာ ဘာမှ ဝေဖန်ကန့်ကွက်စရာ မရှိပေမဲ့ ဝေဖန်ရေး စာပေပညာရှင်တချို့က မော်ဒန်နဲ့ နီယိုမော်ဒန်အက်ဆေး အရေးအသားတွေကို " အက်ဆေး " လို့ အသိအမှတ်မပြု၊ လက်ခံမပေးနိုင်တာကတော့ သရုပ်မှန် အစဉ်အလာ အစွဲအလမ်းတစ်မျိုးလို့ ဆိုနိုင်ပါတယ်။ 
ကျွန်တော့်အမြင် ပြောရရင် ရီယယ်လစ်ဇင်အက်ဆေး အရေးအသားဟာ စကားပြေအနုပညာမှာ နူးညံ့သိမ်မွေ့တဲ့ စာပေပုံသဏ္ဍာန်တစ်မျိုး ဖြစ်ပြီး မော်ဒန်/ နီယိုမော်ဒန်အက်ဆေးတွေက လွတ်လပ်ပွင့်လင်းတဲ့ စာပေပုံသဏ္ဍာန်တစ်မျိုး ဖြစ်ပါတယ်။ ရီယယ်လစ်ဇင်အက်ဆေးမှာ စာရေးသူရဲ့ ပုဂလိကအတွေ့အကြုံ၊ အတွေးအမြင်တစ်ခုခုကို သရုပ်ဖော်ထားတဲ့ အဓိပ္ပာယ် ရှင်းလင်းပြေပြစ်တဲ့ စကားပြေ၊ လေးနက်စူးရှတဲ့ တွေးခေါ်နှလုံးသွင်းပုံ၊ နူးညံ့သိမ်မွေ့တဲ့ အပြောအဆိုစတဲ့ အသိဥာဏ်နဲ့ ရသဆိုင်ရာ အလှအပတွေ ပါဝင်နေသလို မော်ဒန်/နီယိုမော်ဒန်အက်ဆေးတွေမှာလည်း ခေတ်ပြိုင်လူမှုဝန်းကျင်အပေါ် အမြင်၊ ကဗျာဘာသာစကား၊ မော်ဒန်နဲ့ နီယိုမော်ဒန် အာရုံခံစားပုံ ( မှု ) ၊ ခေတ်နဲပအညီ ထွေပြားခြားနားတဲ့ လူမှုအကြောင်းခြင်းရာ အတွေးအမြင်များ စတဲံ အသိဥာဏ်နဲ့ ရေးဟန်ဆိုင်ရာ နည်းလမ်းအသစ်တွေ ပါဝင်နေပါတယ်။
ရီယယ်လစ်ဇင်အက်ဆေးက စာရေးသူရဲ့ ပုဂလိကအတွေ့အကြုံ၊ အတွေးအမြင်တစ်ခုခုကို အကြောင်းအရာတစ်ခုတည်း ဦးတည်ရေးဖွဲ့တဲ့အတွက် စာဖတ်သူရဲ့ အသိဥာဏ်မှာ တစ်မျိုးတည်းသော ရသခံစားမှုဆိုင်ရာ အသိအမြင်ကို ဖြစ်ပေါ်စေပါတယ်။ နီယိုမော်ဒန်အက်ဆေးတွေမှာတော့ အကြောင်းအရာ အစုံအလင်၊ ကွဲပြားခြားနားတဲ့ ရေးဟန်တွေ ပါဝင်တဲ့ အတွက် စာဖတ်သူ အနေနဲ့ ဗဟုရသ( Multi- Aesthetic) ကို ရရှိခံစားစေနိုင်တယ်လို့ မြင်မိပါတယ်။
နိမိတ်ပုံ ခိုင်းနှိုင်းဖော်ပြရရင် ရီယယ်လင်ဇင်အက်ဆေးဟာ အနောက်ဥရောပက  ဒီဇိုင်းရေးဆွဲပေးထားတဲ့  မြန်မာ့ရိုးရာဝတ်စုံကို သပ်ရပ်လှပစွာ ၀တ်ဆင်ထားတဲ့ မြန်မာမိန်းကလေးတစ်ယောက်နဲ့ တူပြီး နီယိုမော်ဒန်အက်ဆေးက နောက်ဆုံးပေါ်ဖက်ရှင်ဒီဇိုင်း၊ ဖန်စီပစ္စည်းမျိုးစုံနဲ့ လွတ်လပ်ပေါ့ပါးတဲ့ Free Style ၀တ်ဆင်ထားတဲ့ ခေတ်ပေါ်ကောင်မလေး တစ်ယောက်နဲ့ တူတယ်လို့ ဆိုချင်ပါတယ်။
ရန်ကုန်မြို့ပြလမ်းမတွေပေါ် လျှောက်သွားနေတဲ့ ခေတ်ပေါ်ကောင်မလေး တစ်ယောက်လိုပါပဲ။
နီယိုမော်ဒန်အက်ဆေးက လွတ်လပ်ပေါ့ပါးတယ်။ ကဗျာဘာသာစကား အသုံးပြုတယ်။ သိစိတ်အလျဉ်ရေးနည်းနဲ့ တွေးချင်ရာတွေးပြီး ပြောချင်ရာ ပြောတယ်။ အစဉ်အလာတန်ဖိုး စံနှုန်းအဟောင်းတွေကို ထိန်းသိမ်းထားဖို့ထက် ခေတ်နဲ့ဆီလျော်တဲ့ တန်ဖိုးစံနှုန်းအသစ်တွေ တည်ဆောက်နိုင်ဖို့ အာရုံစူးစိုက်ထားတယ်။ ဆင်ခြင်ဥာဏ်ထက် အာရုံခံစားမှုကို ဦးစားပေးတယ်။
နီယိုမော်ဒန်အက်ဆေးဟာ တကယ်လို့ လိုအပ်လာရင် အတွေးအခေါ်အဟောင်းတွေ စွဲလမ်းဆုပ်ကိုင်ထားတဲ့ ဘယ်သူ့ကိုမဆို " ဘာတွေ လာပြောနေတာလဲ။ ဓာတ်ပြားဟောင်းကြီးတွေ နားမထောင်ချင်ဘူး။ ကျွန်မတို့က ခေတ်ပေါ်လူငယ်တွေ။ ကျွန်မတို့ နားထောင်ချင်တာ Idiot နဲ့ Reason ရဲ့ ရော့ခ်သီချင်းအသစ်တွေ " လို့ ပက်ခနဲ ပြန်ပြောဖို့ အဆင်သင့် ရှိနေတတ်တဲ့ ခေတ်ပေါ်မိန်းကလေးမျိုး ဖြစ်ပါတယ်။
ေ အာ င် ရ င် ငြိ မ်း
၃ ေ ဖ ေ ဖာ် ၀ါ ရီ ၂ ၀ ၁ ၃
ကိုးကား။     ( ၁ ) မောင်ခင်မင်( ဓနုဖြူ )၊ စာတမ်းငယ်ဟူသည်၊
                        စာတမ်းငယ် စာပေ စာတမ်းများ (ပထမတွဲ ) ၊ စာပေဗိမာန်၊ ၁၉၈၇။
                 ( ၂ ) တင်ဦးခက်၊ မော်ဒန်- ၁၀ ၊ လောကအမွန်စာပေ၊ ဇန်န၀ါရီ၊ ၂၀၀၇။
                 ( ၃ ) အောင်ရင်ငြိမ်း၊ ကလေးတစ်ယောက်လို မျက်လုံးများ ရှိသူရဲ့ မသိနားမလည်ခြင်းများ
                        ပေဖူးလွှာ၊ ၂၀၁၂
                        အလင်းဆိုင်ထဲ တစ်ညလုံး၊ စိတ်က ကြယ်ပြာလေးတွေဆီ၊ ပေဖူးလွှာ၊ ၂၀၁၂
                 ( ၄ ) နေဘုဏ်းဝေ၊ ကျမ်းစာထဲက နက္ခတ်၊ ( Faces Magazine. 2012)
                         ပြင်မရ ဖျက်မရ ဖတ်စာ၊ ( ပိတောက်ပွင့်သစ် စာပေမဂဇင်း၊ ၂၀၁၃ )
                 ( ၅ ) ၀ီရထက်နောင်၊ သစ်စိမ်းရွက်၊ ၂၀၁၂
                 ( ၆ ) ဘုန်းနေသွန်း၊ မြူတွေ ( ၂၀၁၂ ) ၊ ပျော်ရွှင်ခြင်းနှင့် မပျော်ရွှင်ခြင်း အစွန်းတစ်ဖက် ( ၂၀၁၂ )
Monday, February 18, 2013
လိပ်ပြာလေးတွေပျံဝဲနေတဲ့ ဥယျာဉ်ထဲ ကျွန်တော် တစ်ယောက်တည်း ပိုက်ကွန်ကိုင်ထားခဲ့မိတယ်တဲ့
ဆေးလိပ်ငွေ့တွေရှုရှိုက်မိပြီး အမြင်အာရုံလွဲမှားသွားတယ်လို့ မင်းလိမ်နိုင်ပါတယ်
အင်္ကျီပေါ်မှာထင်ကျန်နေတဲ့နှုတ်ခမ်းနီရာတို့ သေသွားပြီ
မင်းရယ် ... ငါရယ် လက်ကျန်အသက်ရယ်
အားလုံး သေသွားခဲ့ကြပြီ
မင်းမငိုခင် ငါက သေသွားရမှာ
ကမ္ဘာ့စွမ်းအင်သုံးစွဲမှုပြဿနာ၊ နျူးကလီးယား သတင်း ၊ ခေါင်းကိုက်ပျောက်ဆေး
ဒါတွေကို စီးကရက်ဖင်စီခံတွေလို ငါတောက်ချထားခဲ့လိုက်ပြီ
လေးနှစ်လောက်ဂါနေတဲ့ ယောက်ျားတစ်ယောက်ရဲ့တပ်မက်မှုတွေက
ပွန်း ဆိုက်တွေဝင်ပြီး ကိုရီးယား နဲ့ထိုင်းမလေးတွေပုံရဲ့ Like ခလုတ်အပေါ်မှာကလဲ့စားချေပစ်တယ်
မင်း ရင်သားကြားထဲ ထိုးထည့်သွားတဲ့စောက်ရေးမပါတဲ့ ငွေကြေးနဲ့ ကိုကင်းတွေကိုထားပြီး ပြန်လာခဲ့လိုက်တော့
အသိဥာဏ်ကို ညာညာပြီး ကစားကြည့်မိတယ်
သက်တူရွယ်တူတွေနဲ့ ငါ့ကိုနှိုင်းယှဉ်ပြီး ငါ့ကို ပစ်ချမထားခဲ့ကြပါနဲ့
နေ့စဉ်ကြုံတွေ့နေရတဲ့ လူတွေရဲ့ မျက်လုံးစိမ်း တွေကို ငါ ခါးတယ် ငါ့ကို သနားပါ
နာကျင်တဲ့စိတ်ဟာ အစောဆုံး ပန်းဝင်လာတယ်
အနုပညာလည်း မလိုအပ်ဖူး။ လူတွေလည်း မလိုအပ်ဘူး ဆိုက်ကို ထိနေတဲ့ အခေါ်အပြောတွေကိုလည်း မလိုအပ်ဘူး
Ring Tone မြည်သံကို ဗုံးတစ်လုံး ပေါက်ကွဲခါနီးအချိန်လို အရသာခံကြည့်မိတဲ့စိတ္တဇ
လူတွေဟာဖောက်ပြန်နေကြတယ် နည်းပညာတွေ သုံးတော့ ဖောက်ပြန်မှုတွေဟာ ပိုချိုမြိန်လှပလာကြတယ်
တဆစ်ဆစ်ကိုက်ခဲနေတဲ့ အပေါ်ယံလူမှုရေးအပြုံးတွေ
လူတွေကို ဒုက္ခအများကြီးပေးပြီးမှ သေသွားတဲ့လူတစ်ယောက်ဖြစ်ချင်တဲ့ အစွန်းရောက်စိတ်
ခု ဆို တာလီဘန်တွေကို မမုန်းတော့ဘူး အသေခံဗုံးတွေ ပိုက်လွယ်ပြီး လူအုပ်ထဲပြေးဝင်ခဲ့ရတဲ့ လူတွေကို မမုန်းတော့ဘူး
အပြစ်မဲ့သူတွေ ဆိုတဲ့ စကားလုံးကို သံသယ စိတ်နဲ့ဖတ်မိတတ်လာ
ငါ့ကို နှိမ်ဆဲကြတော့မှာ  အခွင့်အရေးကို ချောင်းမြောင်းနေတဲ့ ကျည်ဆံတွေနဲ့ တရစပ် ပစ်ခတ်ကြတော့မှာ
ရေများရာ မိုးရွာ IDEOLOGY  နဲ့ ခင်ဗျားတို့ Society ဟာ မသမာကောင် မုဒိမ်းကောင်
ကျော့ကွင်းထဲ ချပေးထားတဲ့ မေတ္တာတရားနဲ့ ခင်ဗျားတို့ဟာ လူအုပ်နဲ့လုပ်ကြံသူတွေ
ငါ့ ကိုယ် ငါ ကြောက်ရွံ့လာတယ် ငါဟာ အသေလေး အဖြစ် မွေးခဲ့ရင် သိပ်ကောင်းမှာ
ငါ့တစ်ယောက်တည်းနေထိုင်မှုကို ဘယ်သူက မီးခိုးဗုံးပစ်ထည့်ပြီး အတင်းဝင် ထိုးစစ်ဆင်သလဲ
လူတွေရဲ့ စိတ်ဝင်စားမှုကို မျှားယူတဲ့ ဇာတ်လမ်းတွဲတွေကို မုန်းတယ်
အသက်ရှင်ဖို့သက်သက် စားသုံးနေရတဲ့ အစားအစာတွေဟာ ငါ့ လျှာကို rape လုပ်
အမြင်သက်သက်နဲ့ မမှီမကမ်းလှမ်းဆွဲလိုက်မိတဲ့ အချစ်ဆိုတာလည်း
ဓါးတစ်ချောင်း အဖြစ် ငါ့လက်ချောင်းတွေကို ထိုးစိုက်ချပစ်လိုက်တော့တာပဲ
ဒါကို ခင်ဗျားတို့က အသဲကွဲပြီး ရမ်းကားနေတဲ့ လူငယ်လို့နာမည်ပေးလိုက်ကြတယ်
ကျေးဇူးတင်တယ်။
ရင်ခွင်ရှိန်း
Friday, February 15, 2013
သေချာတယ်…ကိုယ်တို့ လိုအပ်နေတာ အချစ်မဟုတ်ဘူး
တစ်ဥတုပြီးတစ်ဥတုရှည်လျားလွန်းလှတဲ့ ကာလကြီးထဲ
ရာသီတွေမှားခဲ့ကြတယ်ဆိုရုံနဲ့ စိတ်တွေကို လွှတ်ကျောင်းလိုက်လို့
ဘယ်ဖြစ်ပါ့မလဲ…ဒဏ်ရာမဆန်တဲ့ ယုံကြည်ချက်ဆိုတာ မရှိဘူး
ကျောက်သားကျောက်စိုင်လိုမျိုး မာကြောချင်လှတဲ့ လက်တွေကို
ဖြေထုတ်ထားလိုက်ပါလား…ညည့်သန်းခေါင်ယံ…မတိတ်ချင်လဲ တိတ်ရမယ့်အခါ
မြေစမ်းခရမ်းပျိုးထားတဲ့ ငါတို့ရဲ့ သိက္ခာတွေကို သွေးတွေလို ဖောက်ချပစ်လိုက်လို့
ရနေတာပဲဥစ္စာ…ဘာကမှ ဘာမှမဟုတ်ဘူး…မြင်မြင်ရာအားလုံးရဲ့ တရားခံဟာ မျက်လုံးပဲ
စိတ်ကူးယဉ်ပြီး ယင်းသွားတဲ့ အနာမျိုးကို အဆုံးစီရင်ပစ်ခြင်းနဲ့ ကုပစ်မှရတယ်
သိမ်မွေ့ဖို့ပဲဖြစ်ဖြစ် …သူလိုကိုယ်လိုမှားနေကြတာပဲဖြစ်ဖြစ် …သိပ်မထူးဘူးမဟုတ်လား
အနှစ်သာရဆိုတာ အမြဲတမ်းအသစ်ကိုတောင့်တတယ်…ဘယ်လိုပုံစံတွေမှာပဲဖြစ်ဖြစ်
ပျော့ပျော့ပြောင်းပြောင်း ရှင်သန်ချင်ကြမှာပဲ…သေချာတယ်…ကိုယ့်ရဲ့ အဓိပ္ပါယ်ဖွင့်ချက်အရ
အချစ်ပဲဖြစ်ဖြစ် မေတ္တာပဲဖြစ်ဖြစ် လိင်ဆက်ဆံခြင်း\စီးကရက်ဖွါခြင်းလောက် အရသာရှိမှာမဟုတ်ဘူး
ခံစားမှုတွေကို ကွေ့ဝိုက်နေတာကလွဲရင် မင်းကို တခြားအရာတွေထက်စာရင် ပိုတောင့်တတာပေါ့…ဒါပေမယ့်
တစ်နေ့ပြီးတစ်နေ့ သံချေးလိုစွန်းထင်းနစ်ဝင်နေမှုတွေထဲ မင်းကငါ့ကိုချစ်လှပါချည်ရဲ့ ဆိုတော့ရော ဒီအချစ်ကို
ငါက ဘာလုပ်ရမှာလဲ…ဒီအချစ်ကို ဘယ်နေရာမှာ ထားရမှာလဲ…ငါ့ကိုယ်ငါ အတ္တကြီးလွန်းသွားတာပဲဖြစ်ဖြစ်
သေချာတာက တိုင်းပြည်အလင်းမပွင့်သလိုပဲ ဘာဆိုဘာမှ မမြင်ရတဲ့ ဘ၀တွေက အများကြီးပဲ…တကယ်တမ်း
တစ်ယောက်နဲ့တစ်ယောက် ကျောချင်းမှီထားမိကျမှ ကြောက်စရာကောင်းတာတွေကို ပိုမြင်မိကြမှာ…အဲ့ဒီ့မှာ
ပြောပြောနေတဲ့ အချစ်ကို ဘယ်မှာသွားရှာမလဲ…ထပ်ပြီးသေချာတယ်…ကိုယ်တို့လိုအပ်နေတာ အချစ်မဟုတ်ဘူး
ငါတို့တွေရဲ့ တည်ရှိဖြစ်တည်နေခြင်းတွေဟာ အချစ်ဆိုတဲ့အရာထက် ကျော်လွန်ခမ်းနားတာ သေချာတယ်
မီးစဆန်တဲ့ အနမ်းကိုက မယုံကြည်ရင်မဖြစ်တဲ့သာယာမှုပဲ…လူ့အဖွဲ့အစည်းတစ်ခုလုံးကို ငြင်းဆန်ပစ်လိုက်လို့ရတယ်
လူသားဆန်ဝါဒကိုတော့ ဘယ်သူ့မှ ငြင်းဆန်လို့ရမှာမဟုတ်ဘူး…အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ငါတို့ဟာ လူဆန်တယ်
သူ၏ ငါ၏ ဆိုတာတွေထဲက သွားတိုက်ခြင်း…ခေါင်းဖီးခြင်း…လိင်ဆက်ဆံခြင်း …တွေဟာ ပြီးပြည့်စုံတဲ့ အမှန်တရားတစ်ခုပဲ
“ကိုယ်ဒဏ်ရာတွေကို မလိုချင်ဘူး…ဒါပေမယ့် မဖြစ်မနေ တစ်ခုခုကို ယုံကြည်ရမယ်ဆိုရင်တော့ ဒဏ်ရာဆိုတာ ရှိလာမှာပဲ
အများကြီးမပြောဖြစ်ကြရင်တောင် မုသားမဟုတ်တာ ပိုကောင်းတာပေါ့…ကိုယ်လုံးပေါ်မှန်ထက် မျက်စီတွေက ပိုအရေးပါတယ် ရယ်ချင်စရာဆိုလို့ ယဉ်ကျေးမှုအမွေအနှစ်ဆက်လက်ထိန်းသိမ်းရေးဆိုတဲ့စကားလုံးကလွဲလို့ ကိုယ်တို့ကြားမှာ ဘာကျန်ဦးမလဲ
စိတ်ကူးတချို့က လူ့အဖွဲ့အစည်းကို ဘောင်ခတ်ပစ်လိုက်ကြတယ်…ဘာပဲဖြစ်ဖြစ် ရင်ဖုံးအိင်္ကျီနဲ့ မင်းက ကြည့်လို့ကောင်းတယ်
ဒါပေမယ့် အခန်းတစ်ခုခုထဲ ရောက်နေကြရင်တော့ မင်းရဲ့ ရင်ဖုံးအိင်္ကျီဟာ မင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်ရမှာ မလွဲပဲ”
သေချာတယ်…ကိုယ်တို့လိုအပ်နေတာ အချစ်မဟုတ်ဘူး
                                                          ရွှေ ကြယ် မိုး
Tuesday, February 5, 2013
မတော်တဆ သံလမ်းချော်ထားတာတွေ ငါ့တစ်ကိုယ်လုံး
ဖြစ်စဉ်မှာ
င့ါကိုယ်ထဲ တစ်ရံမလပ် ပျံသန်းနေတဲ့ ပိုလိုမွှားလိုတွေ၊
ငါမသက်သာဘူး။တိရစ္ဆာန်ဆေးကု ဆရာဝန်နဲ့ပြောင်းပြမှရမယ်။
လူတောထဲနေလို့မရတဲ့ ရောဂါ၊
အရှက်တရားကင်းမဲ့လွန်းတဲ့ မိန်းမပျက်ဟာ သူ့ရင်လျားအ၀တ်အစားကို လက်လွတ်စပယ်ဖြည်ချထားသလိုမျိုး
င့ါဖြစ်တည်လာမှုမှန်သမျှဟာ သိပ်ရွံစရာကောင်းတယ် ဘုရားသခင်။
ငါမပိုင်တဲ့ငါ့သွေးကြောတွေမှာ ရှို့မီးလောင်စီးဆင်းရင်းကဗျာရေးနေပါတယ်။
စုန်းစုန်းနစ်မြုပ်နေတဲ့ နှစ်ကာလအဆွေးတွေဟာ ဆတ်ခနဲလှုပ်လိုက်ရုံ
ဝုန်းခနဲပြိုနေတယ်လို့
ငါက သွားထင်တဲ့မှန်တွေရော ငါ့ကို လာထင်တဲ့မှန်တွေရော
ငါ့အပူချိန်လွန်ကဲမှုကြောင့် ကွဲရှကြေမွကုန်၊
ငါ့ချစ်တဲ့ လူ့ဘ၀ရဲ့ သစ်ရွက်ကလေးတွေကြွေကုန်၊
ဒီလိုရှိတယ် ဟစ်တလာ ခင်ဗျားဟာအတော် သူရဲဘောကြောင်တယ်။
သူတစ်ပါးအပေါ် မုန်းတီးရေး စိတ်ရောဂါကို ဂျူးလူမျိုးသန်းပေါင်းများစွာအပေါ်
ပုံချခဲ့မယ့်အစား ကိုယ့်ကိုယ်ကိုယ်သတ္တိရှိရှိသတ်သေလိုက်ပါတော့လား။
suicide ကြိုးဟာ သစ်ကိုင်းပေါ်ကနေ
လိင်မှုအမှောင်ထက် (၁၂)ဆ ပိုမိုဆွဲဆောင်စွာ
လှုပ်ယိမ်းနေတဲ့ ငယ်သွေးကြွ ပျိုစင်ကညာ။
ဒါကဗျာမဟုတ်ဘူး။
ဒါကဗျာမဟုတ်ဘူး။
ဇီဝပိုးမွှားတစ်မျိုးထိုးသွင်းခံလိုက်ရလို့ ဗီဇပြောင်းလဲပြီး ကမောက်ကမဖြစ်သွားတဲ့
အမင်္ဂလာအစိုင်အခဲ။
ခင်ဗျားတို့ အမှန်တကယ်သိမြင်နားလည်နိုင်ခြင်းကို
အကာအကွယ်နဲ့ဆက်ဆံထားတဲ့ ရော်ဘာ။
ပြီးတော့
ငါမှန်းသိလျက်ကယ်နဲ့ ငါတစ်စုက ငါ့ကို လုပ်ကြံချောင်းမြောင်းဖို့ ကြံစည်နေတာ။                        ။
ဝီရထက်နောင်
May 15, 2012 at 5:40pm ·
မင်းမရှိလည်း ဖြစ်တယ် ငါမရှိလည်း ဖြစ်တယ် ဘယ်သူမှ မရှိလို့တော့ မဖြစ်ဘူး တော်လှန်ရေး
စိတ်ပေါ်မှာ equipment တွေ အပြည့်အစုံ တပ်ဆင်ပြီးပြီလား
မြင်ကွင်းတွေကို ထောင့်ဒီဂရီ အကျယ်ဆုံးအထိ ချဲ့ ထားပေး
“ လွတ်လပ်ရေးဆိုတာ တိုက်ယူမှရမယ် ” အဆင်ပြေသလိုပေါ့
ကာလာမ သုတ်ကို အဆက်မပြတ် နှလုံးသွင်း ဆင်ခြင်နေရမယ်
သံတူကြောင်းကွဲတွေ ကြားမှာ အစစ အရာရာ သတိရှိနေမှ
သက်ဝင်ယုံကြည်မှု ၊ စိမ့်ဝင်စီးဆင်းမှု  ၊ ဖြစ်တန်စွမ်း ၊ ဥာဏ်ပညာ
တစ်ခုခုကို မေ့လျှော့နေခြင်းဟာ မင်းကို သတ်ကွင်းထဲ ပို့ပစ်လိမ့်မယ်
ချီတက်နေချိန်မှာ ခြေလှမ်းတွေ မှန်နေပါစေ ရပ်မပစ်နဲ့
ခေတ်ပေါ်တော်လှန်ရေးသမားတစ်ယောက်မှာ ကြယ်ဖြူနဲ့ အနီရောင်လက်ပတ်
တခြား အမှတ်အသား တံဆိပ်တွေလည်း ဘာမှမလိုတော့ဘူး မပါလည်းရတယ်
မျက်ကန်းမျိုးချစ်စိတ်တော့ ပါလာလို့ မရဘူး
တော်လှန်ရေးဆိုတိုင်း အပစ် အခတ်နဲ့ အတိုက်အခိုက်တွေ လုပ်မလို့လား
ကိုယ်သိသလောက်ဟာ အမှန်တရား မဟုတ်ဘူး ဖြစ်မလာနိုင်ဘူး
နည်းဗျူဟာ ၊ မဟာဗျူဟာ တွေက အချိန်နဲ့ အမျှ ရှုပ်ထွေးပြောင်းလဲနေတယ်
တစ်ခါတလေ ခက်ထန်မယ် တစ်ခါတလေ ထင်မထားလောက်အောင် သိမ်မွေ့နူးညံ့မယ်
ရေမြေ အနေအထား အခြေအနေနဲ့ အချိန်အခါကို နားလည်ထားပါ
မြေပေါ် မြေအောက် ဖြစ်ချင်ရာဖြစ်မယ်
အဆင်ပြေသလို အခြေအနေပေးတာနဲ့ စပြီးတော်လှန်ပါ
ထင်ယောင်ထင်မှား ဖြစ်မှုတွေက မင်းကို မကြာခဏ စတင်တိုက်ခိုက်လာလိမ့်မယ်
“ နွားကွဲရင် ကျားဆွဲမယ် ” ဆိုတဲ့ စကားပုံကို မေ့ပစ်လိုက်
တော်လှန်ရေးသမားဟာ နွားမဟုတ်သလို နေရာတိုင်မှာလည်း ကျားမရှိတော့ဘူး
တစ်ယောက်ည်း ကျန်ခဲ့ရင်တောင် တစ်ယောက်တည်း ဆက်တော်လှန်ပါ
သိပ်မကြာခင် လမ်းတစ်လျှောက် ပျဉ်းမပန်းတွေ ဝေလာပါလိမ့်မယ်
မမြင်ရတဲ့ တချို့ကိစ္စတွေကိုလည်း ယုံပေးပါ
ပွင့်ပွင့် လင်းလင်း တိုးကပ်လာခဲ့ပါ
အသံတိုင်းဟာ အဝေးကနေ မကြားနိုင်ပါဘူး ပုံမှန် မက်ဂါဟက်ဇ် အနေအထား
ဘယ်သူ့အတွက်လဲ မေးခွန်းတိုင်းကို ဖြေဆိုရန်မလိုပါ
လိင်ကိစ္စကတော့ ယဉ်ကျေးသူတိုင်းစိတ်ဝင်စားတဲ့ ယဉ်ကျေးမှုပဲ
ဘာသာတရားနဲ့ မိမိကိုယ် မိမိ တစ်လှည့်စီ လျစ်လျူရှုပါ
အမြင်တွေ ပိုမို ပီပြင် ပြတ်သား လာပါလိမ့်မယ်
တော်လှန်ရေးမှာ မိဘ၊ ဆွေမျိုး ၊ သူငယ်ချင်း ဘာမှ မရှိဘူး
အသုံးမကျတဲ့ အယူအဆတွေကို အပြီးသတ်ခြေမှုန်း ပစ်ရမယ်
ယုံကြည်မှုနဲ့  ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှုကို အာရုံမမှောက်စေနဲ့
ခြေမ မကောင်း ခြေမ ၊ လက်မ မကောင်း လက်မပဲ
လူ့အဖွဲ့ အစည်းတစ်ခုလုံးဟာ နီးစပ်ရာ ယုံကြည်မှု့အမှန် ၀ါဒ
အကြောက်တရားအောက်မှာ စနစ်တကျ နေသားကျနေခဲ့ပြီ
ခေတ်မမှီတော့တဲ့ အယူအဆတွေနဲ့ ထွန်းညှိရင်
အလင်းရောင် အစား မီးခိုးတွေနဲ့ ဦးနှောက်ပဲ ကြပ်ခိုးစွဲခံရမယ်
Keep  yourself  to  yourself
ပုံမပျက် ဆက်ဆံရေးနဲ့ တော်လှန်ရေးကို သွေးမြေမကျစေနဲ့
ဆင်ခြင်တုံတရား  ၊ ဥာဏ်ပညာ ၊ လက်ဖျံရိုးတွေကို ပူးကပ်ချည်နှောင်ထား
အဆင်သင့်သုံးလို့ရအောင် မြနေအောင်လည်း သွေးထား
အလိုက်သင့် စီးဆင်းရအောင် ငါတို့ဟာ အပျော်စီးလှေတွေ မဟုတ်ဘူး
ဆန်သင့်ရင် ဆန်တက်ရမယ် မြဲမြဲ ကိုင်ထား ။         ။
ခေါင်းစဉ် = ကို အနတ္တအနော်မာ၏ ကဗျာ စာသား
Equipment  = လိုအပ်သဖြင့် အပိုယူဆောင်ရသော  တန်ဆာပလာများ
Keep yourself to yourself = လူတွေကို လူမှုရေးအရ တွေ့ဆုံခြင်းမပြုပါနှင့်
မောင်မိုးမြင့်  
၁ ၂ ၁ ၂ ၀ ၁ ၃
၂၀၀၆ ခုနှစ် သြဂုတ်လထုတ် FACES Magazine အမှတ် ( ၆၁) Dialogue ကဏ္ဍမှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ ကျွန်တော့် ကဗျာအင်တာဗျူးတစ်ခု ဖြစ်ပါတယ်။ နီယိုမော်ဒန် ကြေညာစာတမ်း( ၂၀၀၇ ) မထွက်ခင်၊ အယ်လ်ပီနဲ့နီယိုမော်ဒန်ပဋိပက္ခတွေတရားဝင်မဖြစ်ပွားသေးခင်ကာလတွေတုန်းက ခေတ်ပြိုင်ကဗျာလောကအပေါ် ကျွန်တော့် အမြင်တွေ ဖြစ်ပါတယ်။ မူရင်း အရေးအသားအတိုင်း ပြန်လည် ဖော်ပြလိုက်ပါတယ်။
ကဗျာဆရာရဲ့ စိတ်ခံစားမှုတွေကို ဥပေက္ခာပြုပြီး ကဗျာအယူအဆ၊ နည်းပညာ၊ သီဝရီ အားကိုးနဲ့ ရေးတဲ့ ကဗျာတွေအပေါ် ဘယ်လိုမြင်လဲလို့ မေးမြန်းလာတဲ့ ကဗျာညီငယ်တစ်ယောက် ဖတ်ဖို့နဲ့ ကျွန်တော့် အထာကို သိပ်မသိသေးတဲ့ သူတွေ ဖတ်ဖို့ ရည်ရွယ်ပါတယ်။
###
သညတ်တစ်လတော့ လူငယ်ကဗျာဆရာ အောင်ရင်ငြိမ်းနဲ့ စကားပြောဖြစ်တာကို ဖော်ပြပေးလိုက်ပါတယ်။
ရဲကျော်မြင့်=     ကဗျာကို ဘယ်အရွယ်က စတင် ချစ်တတ်လာတာလဲ။
ခုနစ်တန်းကျောင်းသားဘ၀လောက်က ဖြစ်မယ် ထင်တယ်။ ကျွန်တော်တို့ မြန်မာကဗျာမှာ " နေ၀င်စ ချိုးမရယ် ကူ " ဆိုတဲ့ ကဗျာလေး သင်ခဲ့ရတယ်လေ။ အမည်မသိ ရှေးစာဆိုတစ်ယောက်ရဲ့ ရုပ်သေးသီချင်းတစ်ပုဒ်ပေါ့။ အစာသွားရှာတဲ့ ချိုးဖို ပြန်မလာလို့ အထီးကျန် ဖျြစ်နေရှာတဲ့ ချိုးငှက်မလေးတစ်ကောင် အကြောင်း ရေးထားတဲ့ စာပုဒ်လေးတွေ။ အဖော်ငတ်လို့ ငိုနေတာလား၊ အစာငတ်လို့ ငိုနေတာလားဆိုတဲ့ အဓိပ္ပာယ်တွေနဲ့။ အဲဒီ ကဗျာထဲက ရှားမီးခဲရဲရဲ ရင်ခွဲမီးကင်ခံနေရမယ့် ချိုးဖို၊ လွမ်းဆွေးနာကျင်မှုနဲ့ ယောက်ယက်ခတ်နေရတဲ့ ချိုးမလေးရဲ့ အော်မြည်သံ၊ အဲဒီ နိမိတ်ပုံတွေဆီက ဘာမှန်းမသိတဲ့ ခံစားမှုကို စာသင်နေရင်း ကျွန်တော် ရခဲ့တယ်။ ချာတိတ်တစ်ယောက်ရဲ့ အမြင်မှာ တခြားစကားပြေတွေဆီက ရတဲ့ အသိအလိမ္မာ၊ ခံစားမှုနဲ့ မတူဘဲ ထူးဆန်းလှပနေတဲ့ ရသခံစားမှု။ အဲဒီ ခံစားမှုကို ကျွန်တော် အရမ်း စွဲလမ်းနှစ်သက်သွားခဲ့တယ်။ အဲဒါ " ကဗျာ " လို့ ခေါ်တယ်တဲ့။
ရဲကျော်မြင့်=     ကဗျာဆရာဖြစ်ဖို့ ဘယ်လို အရာတွေက လှုံ့ဆော်ပေးလိုက်တာလဲ။
ငယ်ငယ်တုန်းကတော့ ကဗျာကို နှစ်သက်ခံစားရုံ၊ သူ့အလှကို တန်ဖိုးထား စွဲလမ်းရုံ၊ သူ့ မာယာပရိယာယ်မှာ တိမ်းမူးပျော်ဝင်ရုံပေါ့ဗျာ။ နောက်တော့ မြန်မာကဗျာဖွဲ့နည်း စာအုပ် အကူအညီနဲ့ လေးလုံးစပ် ကဗျာလေးတွေ စမ်းရေးကြည့်ရင်း၊ စာသင်ခန်း အပြင်က မဂ္ဂဇင်းကဗျာတွေ ရှာဖတ်ရင်း တဖြည်းဖြည်းနဲ့ ရူးသွပ်မှု ဒီဂရီ မြင့်လာတယ်။ ၁၉၉၀ မှာ မောင်ချောနွယ်၊ အောင်ချိမ့် စတဲ့ ကဗျာဆရာတွေရဲ့ ခေတ်ပေါ်ကဗျာတွေနဲ့ ရင်ချင်း ပက်ပင်းတိုးခဲ့တယ်။ ခေတ်ပေါ်ကဗျာ ဆောင်းပါးတွေ ဖတ်ရင်း ကဗျာဗေဒကို ပို စိတ်ဝင်စားလာတယ်။ အထူးသဖြင့် သာမန်လူတွေနဲ့ ကွဲပြားခြားနားနေတဲ့ ကဗျာဆရာ၊ ပန်းချီဆရာ၊ သီချင်းရေးဆရာ၊ အနုပညာသမားတွေရဲ့ ဘ၀အမြင်၊ လူမှုတန်ဖိုးနဲ့ ဘ၀နေထိုင်မှု ပုံစံတွေ။ အဲဒါတွေက ကျွန်တော့်ကို အရမ်း ဆွဲဆောင် ဖြားယောင်းနေတယ်။ ကျွန်တော့် စိတ်က အဲဒီ စက်ကွင်းထဲကိုပဲ တိမ်းညွတ်နေတယ်။ မသိစိတ်ထဲမှာ ကဗျာဆရာဘ၀ဆိုတာကို စိတ်ကူးယဉ် မျှော်လင့်ခဲ့တယ်။ ကိုယ်တိုင် ကဗျာဆရာဘ၀ကို ခံယူပြီး အနုပညာလက်ရာတွေ ဖန်တီးချင်လာတယ်။ အဲဒီလို ကိုယ့်ရဲ့ Ego အလွှာဆီက ထွက်လာတဲ့ ပြင်းပြတဲ့ ဆန္ဒက အဓိကပေါ့။
ကျွန်တော့်ကို ကဗျာဆရာ ဖြစ်လာစေဖို့ လှုံ့ဆော်ပေးခဲ့တဲ့ အကြောင်းအရာတွေထဲမှာ ငယ်စဉ်ဘ၀က ကြုံတွေ့ခံစားခဲ့ရတဲ့ ပုဂ္ဂလိက ဝေဒနာတွေကို ချန်လှပ်ထားခဲ့လို့ ရမယ် မထင်ဘူး။ မိဘတွေရဲ့ အိမ်ထောင်ရေး အရှုပ်အထွေး၊ မိသားစုထဲမှာ သီးခြားလို ဖြစ်နေတဲ့ အထီးကျန်မှု၊ ဆွေမျိုးသားချင်းတွေရဲ့ သာမန်လူသားလို ဘ၀ဟန်ပန်ကို မနှစ်မြို့မှု၊ အရွယ်နဲ့ မမျှအောင် ခံစားရတဲ့ လောကဓံ အနိမ့်အမြင့်၊ မအောင်မြင်တဲ့ ကိုယ်ပိုင် မိသားစုဘ၀။ အဲဒီလို စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေက ကျွန်တော့်ကို ကဗျာဆရာဘ၀ဆီ ဦးတည်စေခဲ့တာပါ။
ကဗျာဆရာ အဖြစ်ဟာ ကျွန်တော့်ကို ကျွန်တော် ရှာဖွေတွေ့ရှိတဲ့ ဘစဟန်ပန်တစ်မျိုးပါ။ တကယ်တော့ အနုပညာ ဖန်တီးတယ်ဆိုတဲ့ အပြူအမူဟာ ကျွန်တော့်ရဲ့ တစ်စစီ ပြိုကွဲနေတဲ့ အတ္တစိတ်ကို ပြန်လည်စုစည်း တည်ဆောက်ခြင်းပါပဲ။
ကဗျာဟာ ကျွန်တော့် မသိစိတ်ရဲ့ ဆာလောင်မွတ်သိပ်မှုပါပဲ။
ရဲကျော်မြင့်=     ခေတ်ပေါ်ကဗျာနဲ့ ပတ်သက်လို့ ကိုယ်ကလည်း လူငယ်တစ်ယောက်အနေနဲ့ ဘယ်လို မြင်လဲပေါ့။
သုတေသီတွေက ခေတ်ပေါ်ကဗျာရဲ့ လက္ခဏာတွေကို ရှာဖွေဖော်ထုတ် တင်ပြလိုက်၊ ခေတ်ပေါ်ကဗျာရဲ့ အတွင်းသား ပြောင်းလဲမှုက နေရာရွေ့လျားသွားလိုက်နဲ့ ခေတ်ပေါ်ကဗျာအကြောင်း ပြောရတာ ဖမ်းဆုပ်မရနိုင်အောင် ကျယ်ပြန့်ပါတယ်။ သူနဲ့ ပတ်သက်တဲ့ အယူအဆတွေကလည်း တစ်ယောက်တစ်မျိုး ၀ိဝါဒ ကွဲပြားနေကြတာ။ ခေတ်ပေါ်အာရုံခံစားပုံ၊ ချဉ်းကပ်တင်ပြပုံတွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးလေ။ အဲဒီလို အခြေအနေမှာ ကဗျာဆရာ အတုတွေကလည်း ခေတ်ရဲ့ အမှိုက်၊ ခေတ်ပေါ်ကဗျာရဲ့ အမှိုက်တွေဗျ။
လောလောဆယ် ကျွန်တော့် အမြင်က ခေတ်ပေါ်ကဗျာကို အကြောင်းအရာ အသွယ်သွယ်၊ ပုံသဏ္ဍာန် အပြားပြားနဲ့ ရေးဖွဲ့နေကြတယ်။ ခေတ်ပေါ်ကဗျာ မြောက်တာရော၊ မမြောက်တာရော၊ အတုတွေရော အစစ်တွေရော၊ ခေတ်ပေါ်အာရုံခံစားမှု ပါတာရော မပါတာရော၊ ခေတ်ရဲ့ အရိပ်အရောင် ထင်ဟပ်တာရော မထင်ဟပ်တာရော၊ အနုပညာတန်ဖိုး နိမ့်တာရော မြင့်တာရော၊ ခေတ်ပေါ်ကဗျာဟာ မြန်မာလူ့အဖွဲ့အစည်းရဲ့ ရှုပ်ထွေးပွေလီတဲ့ ဘာသာစကား၊ ယဉ်ကျေးမှု အမှိုက်ပုံ၊ သောင်းပြောင်းထွေလာ ရယ်စရာ၊ ပြီးတော့ စစ်မှန်တဲ့ အနုပညာသမား နည်းနည်းနဲ့ ထင်ပေါ်ကျော်ကြားလိုသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ ကွင်းပြင်။
ရဲကျော်မြင့်=     ကိုယ်ရေးတဲ့ ကဗျာတွေက ဘယ်လိုပုံစံတွေကို အခြေခံရေးဖွဲ့သလဲ။ တချို့ဆို ကဗျာအကြောင်းအရာထက် ပုံသဏ္ဍာန်ကို အဓိကထားပြီး ရေးနေကြတာတွေ တွေ့ရတယ်။ အဲဒါကရော.......။
ကျွန်တော်ကတော့ ပုဂ္ဂလိကဝေဒနာ၊ လောကအမြင်၊ ခေတ်ပြိုင်လူ့အဖွဲ့အစည်းအပေါ် ရှုမြင်တုံ့ပြန်ချက်၊ ဘ၀ဖြတ်သန်းမှုကို ဆန်းစစ်ဆင်ခြင်ခြင်း အဲဒီလို အရာတွေကို ပစ်မှတ်ထား ရေးဖွဲ့လေ့ ရှိပါတယ်။ ကျွန်တော်က ပုဂ္ဂလိကအမြင်နဲ့ အာရုံခံစားမှုတွေက လွဲပြီး တခြား ဘာကိုမှ ယုံကြည်မှု မရှိဘူး။ အဲဒီ ပုဂ္ဂလိကသဘောတွေကသာ အမှန်တရားဆီ တိုက်ရိုက်ချဉ်းကပ်နိုင်တယ်လို့ ခံယူထားတယ်။
ကျွန်တော်က ကဗျာမှာ အကြောင်းအရာကိုတော့ အလေးထားလေ့ ရှိတယ်။ ကျွန်တော့် အာရုံခံစားမှုကို ပြင်းပြင်းထန်ထန် လာထိခတ်နိုင်တဲ့ အကြောင်းအရာ၊ အထူအပါး အလေးအပေါ့တော့ ရှိမယ်။ သူနဲ့ လိုက်ဖက်ညီမယ့် ပုံသဏ္ဍာန်၊ ဟန်ပန်ကို မသိစိတ်နဲ့ အလိုအလျောက် ဖန်တီးတယ်။ ဒီနေရာမှာ အသက်မရှိတဲ့ ပုံသဏ္ဍာန် အသေမျိုး မဟုတ်ဘဲ အမြဲ ရှင်သန်လှုပ်ရှားနေတဲ့ ပုံသဏ္ဍာန်မျိုးပေါ့။ စကားလုံး၊ နိမိတ်ပုံ သင်္ကေတ အပြောင်းအလဲ၊ ချဉ်းကပ်တင်ပြပုံ နောက်တစ်နည်း အာရုံခံစားပုံ အသစ်ဖြစ်ဖို့ ကြိုးစားပါတယ်။ ပြောတဲ့အတိုင်း မဖြစ်ရင်တော့ ကျွန်တော် ညံ့ဖျင်းတာပဲလို့ မှတ်ယူနိုင်ပါတယ်။
တချို့ ကဗျာဆရာတွေ ပုံသဏ္ဍာန် အဓိကထားပြီး ရေးဖွဲ့နေကြတယ်ဆိုတာလည်း သူတို့ရဲ့ လွတ်လပ်ခွင့်ပါပဲ။ ဒါပေမဲ့ Form နဲ့ Design မတူဘူးဆိုတာတော့ နားလည်ထားကြဖို့ လိုပါလိမ့်မယ်။ Design က အပေါ်ယံ အမ်ြအာရုံသက်သက်ပဲ။ အမှန်က စစ်မှန်လေးနက်တဲ့ ပုံသဏ္ဍာန်ဟာ အကြောင်းအရာထက်တောင် လေးနက်မှု ရှိပါတယ်။ အကြောင်းအရာက ပြောပြစရာ တစ်မျိုးတည်း။ ပုံသဏ္ဍာန်ထဲမှာက ဟန်ပန်၊ ဖွဲ့စည်းတင်ပြပုံ၊ နိမိတ်ပုံ သင်္ကေတ၊ ရစ်သမ် စသဖြင့် အပိုင်းအစတွေ အများကြီးပဲ။ ကျွန်တော် စစ်မှန်ပီပြင်ပြီး အနုပညာမြောက်တဲ့ ခေတ်ပေါ်ကဗျာ ပုံသဏ္ဍာန်တွေကို အလေးထားပါတယ်။ Visual/ Design အဆင့်မှာပဲ ရပ်နေတဲ့ ကဗျာတွေကိုတော့ တစ်ခါသုံး ကွန်ဒုံးတစ်ခုလို့ပဲ မြင်တယ်။
ရဲကျော်မြင့်=     ဒီနေ့ခေတ် လူငယ်ကဗျာဆရာ တော်တော်များများက ပုံစံတူကဗျာတွေချည်း ဖြစ်နေတာကရော ဘာကြောင့်လဲ။
အစ်ကိုပြောတာ နာမည်ကြီး ကဗျာဆရာတွေရဲ့ နို့သက်ခံစို့ သြဇာခံပြီး သူတို့ရေးတဲ့အတိုင်း ဆင်တူယိုးမှား လိုက်ရေးနေကြတဲ့ ကဗျာတွေကို ဆိုလိုတာ ဖြစ်မယ် ထင်တယ်။ အနုပညာဆိုတာကို စက်ရုံထုတ်ကုန်ပစ္စည်းတစ်မျိုးလို့ နားလည်လက်ခံထားကြတဲ့ အမည်ခံကဗျာဆရာတွေရဲ့ လက်ရာတွေလေ။ တော်တော်နဲ့ ဆွေးမြည့်သွားမှာ မဟုတ်တဲ့ ပလတ်စတစ် အမှိုက်တွေပေါ့ဗျာ။ အဲဒီ ငနဲ့တွေမှာ အနုပညာဆိုတာ မရှိဘူး။ ကိုယ်ပိုင်ဟန် မရှိဘူး။ ကဗျာဆရာလို့ အခေါ်ခံချင်ပြီး စကားလုံး အတွဲအစပ်နဲ့ Language Pattren တွေကို ကိုယ်ပိုင် ဆန်းသစ်တီထွင်နိုင်မှု မရှိဘူး။ အဲဒီတော့ တခြားသူ လေသံကို အမိအရလိုက်ဖမ်း၊ တခြားသူ ဟန်ပန်ကို အတုခိုး။ အဲဒါမှ သူတို့က ခေတ်ထဲမှာ အုတ်ရောရော ကျောက်ရောရော ရှင်သန်နိုင်မှာကိုး။ စိတ်ပျက်စရာ အမြင်ကတ်စရာ ကောင်းသလို သနားစရာလည်း ကောင်းပါတယ်ဗျာ။
စစ်မှန်တဲ့ Artist ဆိုတာ ဘယ်သူနဲ့မှ မတူတဲ့ အရာကို ( ဆင်တူယိုးမှား အတုအပ မဟုတ်၊ အစစ်အမှန်ဖြစ်အောင် ) ဖန်တီးရတာ။ ကဗျာဆရာတွေထဲမှာ ကျွန်တော်တို့ ယုံကြည်လေးစားလောက်တဲ့ အစစ်အမှန်တွေ ရှိပါတယ်။ အရေအတွက်ကတော့ လက်ချိုးရေလို့ ရရုံပေါ့ဗျာ။
ရဲကျော်မြင့်=     အခု ဒီက မဂဇင်းတချို့ မှာ Language Poetry တချို့ တွေ့ရတယ်။ အဲဒါ ကိုယ်ကလည်း ကဗျာဆရာဖြစ်တော့ ဘယ်လို သုံးသပ်မိလဲ။
Language Poetry ဆိုတာ ကိုဇေယျာလင်း အမေရိကန်က တင်သွင်းလာတဲ့ သွင်းကုန်ကဗျာ အမျိုးအစားကို ပြောတာလား။ သူ့ ဘာသာပြန်ဆောင်းပါးတွေ ဖတ်ပြီး လေသံဖမ်းတရားနာ လိုက်ရေးနေကြတဲ့ မြန်မာကဗျာဆရာတွေရဲ့ ပြည်တွင်းဖြစ် စာသားအစုအဝေးတွေကို ပြောတာလား။ ကျွန်တော့် အမြင်မှာ အဲဒီနျစ်ခုက အနှစ်သာရချင်း မတူဘူးဗျ။ ဟိုက Language Poetics က လေးနက်ကျယ်ပြန့်ခိုင်လုံမှု ရှိပါတယ်။ တချို့အယူအဆတွေဆို ကျွန်တော်တို့ရဲ့ တန်ဖိုး၊ စံနှုန်း၊ အစွဲအလမ်းတွေကို ယိုင်နဲ့ပြိုလဲသွားစေတဲ့အထိ အားကောင်းတယ်။ L.P မှာ သဘောတူလက်ခံစရာ လက္ခဏာတွေ ရှိသလို ဆန့်ကျင်ငြင်းဆန်စရာတွေလည်း ရှိတာပေါ့။
ယေဘုယျ ပြောရရင် ဘာသာစကား စကားလုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကဗျာမှန်သမျှ L.P စာရင်းထဲ ထည့်လို့ ရနိုင်တာပါပဲ။ ဒါပေမဲ့ L.P နဲ့ M.P က သီအိုရီ၊ အတွေးအခေါ်၊ နောက်ခံအယူအဆ အခင်းအကျင်းချင်း ကွာတယ်။ ဘာသာစကားအပေါ် ရှုမြင်မှတ်ယူပုံမှာ L.P က ရုပ်ကြမ်း ဆန်တယ်။ Modern Poetry က နာမ်ဝါဒဆန်တယ်။ L.P က ဘာသာစကား တွဲစပ်ဆော့ကစားပုံကို အလေးပေးပြီး အဓိပ္ပာယ် ဆက်စပ်မှုတွေကို ဥပေက္ခာပြုလိုက်တယ်။ L.P နဲ့ M.P ရဲ့ အဓိကခြားနားချက်က အနက်ဖွင့်ဆိုမှု ၊ ကောက်ယူမှုတွေမှာ ဥပေက္ခာပြုတာနဲ့ တန်ဖိုးထားတာပါ။ L.P ရဲ့ အားနည်းချက်ကတော့ သီဝရီနဲ့ အတတ်ပညာ အလေးကဲပြီး ခေတ်ပြိုင်လူမှု အခြင်းအရာ၊ ဝေဒနာတွေကို မျက်နှာလွှဲထားတာပါပဲ။
ကျွန်တော်တို့ဆီက L.P အများစုကတော့ မိန်းမလျာတွေကို ကြည့်ရသလို ရယ်စရာ အတော်ကောင်းတယ်ဗျ။
ကျွန်တော့် သူငယ်ချင်း တိုးနှောင်မိုး၊ ၀ိုင်ချိုတို့ မူးလာပြီဆိုရင်  ထထ ရွတ်တတ်တဲ့ လက်တန်းကဗျာလေး တစ်ပုဒ် ရှိတယ်။
" တမာစိန်ပန်း၊ ရောယှက်သန်းရ်ျ၊ စိန်ပန်းတမာ ၊ ယှက်ရောဖြာသည်၊ သြော်... တမာစိန်ပန်းပါတကား " တဲ့။
ကဗျာနာမည်က တမာနဲ့ စိန်ပန်းတဲ့။ ကလောင်နာမည်က မောင်စိန်ပန်း( တမာမြေ) တဲ့။
အဲဒီလို စကားလုံး ဂိမ်းဆော့တဲ့ အရေးအသားမျိုးကို L.P လို့ အထင်မှားနေကြတာကတော့ ရယ်စရာ မဟုတ်ပေဘူးလားဗျာ။
ရဲကျော်မြင့်=     ကဗျာဆိုတာ ခံစားချက် မပါဘဲ ဘာသာစကားကို ဆက်စပ်တည်ဆောက်တဲ့ နည်းနဲ့ ဖန်တီးယူလို့ ရတယ်လို့ တချို့က ပြောကြတယ်။ ညီလေးရဲ့ သဘောထားကရော...။
Structuralist တွေရဲ့ အဲဒီ အမြင်က ရုပ်ကြမ်းဆန်လွန်းအား ကြီးပါတယ်။
ကဗျာ၊ အနုပညာရဲ့ အတွင်းသား၊ အနှစ်သာရ၊ ပရမတ္ထ အလှသဘောကို ဆန့်ကျင်ဖီဆန်ရာကျတယ်လို့ မြင်ပါတယ်။ အာရုံခံစားမှု၊ လောကအမြင် ဒါမှမဟုတ် ထူးခြားတဲ့ Idea & Concept တစ်ခုခု မပါဘဲ ဘာသာစကားမီဒီယမ်သက်သက် တည်ဆောက်ပြမယ်ဆိုရင် စာသား အစုအဝေးကြီးပဲ ဖြစ်နေလိမ့်မယ်။
အရိုးပြိုင်းပြိုင်း အဆောက်အအုံ၊ လူမနေတဲ့ အိပ်ခန်း၊ ပျက်နေတဲ့ တီဗီတစ်လုံးလိုပေါ့။
အဲဒီလို ကဗျာမျိုးတွေဟာ သမိုင်းခေတ်နဲ့ ခေတ်ပြိုင် လူ့ အဖွဲ့အစည်းရဲ့ ဝေဒနာတွေကို မျက်နှာလွှဲထားကြတာ များတယ်။
သူတို့က မျက်နှာလွှဲသလို ခေတ်ထဲမှာ ရှင်သန်နေတဲ့ ပရိသတ်ကလည်း သူတို့ကို မျက်နှာလွှဲထားကြတယ်ဆိုတာ သိစေချင်ပါတယ်။
အာရုံခံစားမှု၊ ဘ၀အမြင် အဲဒါတွေက ကဗျာတစ်ပုဒ်ကို အသက်ဝင်အောင် လှုပ်ရှားရုန်းကြွစေတဲ့ ရုပ်လွန်သဘောတွေပါ။ အဲဒါတွေ မပါဘဲ သီဝရီ နည်းပညာသက်သက် တည်ဆောက်ထားတဲ့ ကဗျာတွေ ဆိုရင် ကျွန်တော် အပေါ်ယံကြည့်ပြီး လှန်ပစ်လိုက်တယ်။ စိတ်ခံစားမှု ကြွပ်ဆတ်ပြီး စိတ်ရူးပေါက်နေတဲ့ အချိန်တွေဆို ဆွဲဖြဲပစ်လိုက်တယ်။
Sons of Bitch !
အဲဒီလို ကဗျာတွေ ဖတ်မယ့် ရေးမယ့်အစား မိန်းမတစ်ယောက်နဲ့ နှစ်ပါးသွားနေရတာ၊ Masturbate လုပ်နေရတာက ပိုမိုက်မယ်။ ပို အရသာ ရှိမယ်။
ရဲကျော်မြင့်=     အခု မြန်မာကဗျာ နယ်ပယ်မှာ Post Modern ကဗျာတွေရော တွေ့ရပြီလား။  နည်းနည်း ရှင်းပြပါဦး။
မြန်မာကဗျာလောကမှာ P.M ကဗျာတွေ ရှိနေပါပြီ။ ဒါပေမဲ့ Pomo ရဲ့ လောကအမြင်နဲ့ Postmodern Sensibility တွေကို အစစ်အမှန် မဖော်ပြနိုင်သေးဘဲ သီဝရီဖရိန်ထဲ အတင်းရိုက်သွင်းထားတဲ့ အဆင့်မှာပဲ ရှိနေသေးတယ်။ စကားလုံးတွေ၊ ပါဒတွေ၊ ၀ါကျတွေကို ပိုင်းစစိတ်မြွှာပစ်လိုက်ရုံ၊ အဓိပ္ပာယ် အဆက်အစပ်တွေ ဖြတ်တောက်ထားလိုက်ရုံ၊ အပေါ်ယံ မြင်ရတဲ့ ဒီဇိုင်းတွေကို အချိုးဖျက်ပစ်လိုက်ရုံဆိုရင်တော့ P.M အယောင်ဆောင် ကဗျာတွေပဲ ဖြစ်နေဦးမှာပဲ။
P.M ဆိုတာ ဒီနေ့ခေတ်ကာလကြီးရဲ့ အင်မတန် ရှုပ်ထွေး နက်နဲ ကျယ်ပြန့်ထွေပြားတဲ့ လူမှုရေး၊ ယဉ်ကျေးမှု ၊ အတွေးအခေါ်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ အကြောင်းခြင်းရာ ၀င်္ကပါကြီးတစ်ခုပါ။ P.M ကာလကြီးထဲမှာ Postmodern Sensibility ကို ဖော်ကျူးပြနိုင်မှ P.M ကဗျာအစစ် ဖြစ်မယ်။ ဒီနေရာမှာ Sensibility ဆိုရာမှာ အာရုံခံစားမှုနဲ့ အာရုံခံစားပုံဆိုပြီး အဓိပ္ပာယ် နှစ်မျိုး ရည်ညွှန်းသက်ရောက်နေပါတယ်။ Postmodernity ဖြစ်တဲ့ ဘာ အာရုံခံစားမှု ( Whats/ Facts) တွေကို ဘယ်လို အာရုံခံစားပုံ ( How/ Way of Perception ) တွေနဲ့ ရေးဖွဲ့ဖန်တီးမှာလဲ။ ဒီ လက္ခဏာနှစ်မျိုးလုံး သက်ဝင်နေမှ P.M ကဗျာအစစ် ဖြစ်လာမယ်။ တစ်ခုခု ချွတ်ယွင်းနေရင်တော့ ဆင်တူယိုးမှား အတုတွေပဲ ဖြစ်နေလိမ့်မယ်။
အဲ.... ဟိုလူတွေ ပြောပြောနေတဲ့ ဒီနေ့ ပို့စ်မော်ဒန်ကာလတရားကြီးထဲမှာ ခက်နေတာက အဲဒါပဲဗျ။ အစစ်နဲ့အတုက ခွဲခြားဖို့မလွယ်အောင် ရောထွေးနေတယ်။ လူတွေက အစစ်ကို သံသယရှိပြီး အတုကို အစစ်လို့ ထင်နေကြတယ်။ သမိုင်းအဆက်ဆက် ရှိခဲ့ဖူးတဲ့ နှုန်းစံ၊ တန်ဖိုး ၊ ပေတံတွေကလည်း ကျိုးပဲ့ကုန်ပြီဆိုတော့ ပိုဆိုးတာပေါ့ဗျာ။ အနုပညာဆိုတဲ့ ငနဲကလည်း သူ့ကို အဲဒါတွေနဲ့ ချဉ်းကပ်တိုင်းထွာရင် သိပ်မကြိုက်ချင်ဘူးဗျ။ Postmodernist လို့ သူတို့ကိုယ် သူတို့ ထင်နေကြတဲ့ သူတွေဆီမှာ သူတို့ကို ငြင်းဆန်သူတွေကို တံဆိပ်ကပ်ဖို့ Conservative ဆိုတဲ့ စကားလုံးကလည်း အဆင်သင့် ရှိနေတယ်။ အဲဒီအတွက် သူတို့ကို ဝေဖန်တိုက်ခိုက်ဖို့ ကိုယ့်ဆီမှာ Anti-Posrmodern နဲ့ Pseudo- Artist ဆိုတဲ့ စကားလုံးတွေ ကိုင်ထားမှ ဖြစ်မယ်။
ရဲကျော်မြင့်=     လူငယ်ကဗျာဆရာတွေရဲ့ ကဗျာတွေဟာ ကဗျာတစ်ပုဒ်ဆို တစ်ပုဒ် ဆိုသလောက် ဖြစ်လာတာ နည်းနေတာ တွေ့ရတယ်။ အဲဒါကရော....။
အဲဒါကတော့ အမှန်အတိုင်း ၀န်ခံရရင် လူငယ်တွေ အနုပညာ ကိုယ်ခံအား ကျဆင်းရောဂါ ဖြစ်နေကြလို့ပေါ့ အစ်ကိုရာ။ လူငယ် ကဗျာဆရာမှ မဟုတ်ဘူး။ အဲဒီ အနုပညာ HIV က ကျွန်တော်တို့ မျိုးဆက်တစ်ခုလုံးကို ကူးစက်နေပြီဗျ။ ဟိုလူ့ ကြည့်လိုက်ရင် ပိန်လှီ မွဲခြောက်လို့၊ ဒီလူ့ ကြည့်လိုက်ရင် အရိုးပေါ် အရေတင်လို့။ ဒါ ဒီနေ့ ခေတ်ပေါ်ကဗျာကို အဆိုးမြင်မျက်မှန် တပ်ကြည့်လိုက်တာပါ။
တခြားဘက်က လှည့်တွေးရင်တော့ ခေတ်ပေါ်ကဗျာရဲ့ သက်တမ်း ရှည်ကြာပြီး ယဉ်ကျေးမှု လေဖြတ်နေတဲ့ လက္ခဏာပေါ့။ ၁၉၇၀ မောင်လေးအောင်၊ ဖော်ဝေးကနေ ဒီနေ့ နေမျိုး၊ မိုဃ်းဇော်အထိ ခေတ်ပေါ်ကဗျာကို လတ်ဆတ်တဲ့ သွေးသားနဲ့ ရေးနိုင်တယ်။ ခေတ်အဆက်ဆက် ကဗျာကောင်းတွေကို ဖတ်ရှုခံစားခဲ့ရတဲ့ ပရိသတ်ရဲ့ ရင်ထဲကို တော်ရုံတန်ရုံ ခေတ်ပေါ်ကဗျာက ၀င်မတိုးနိုင်တော့ဘူး။
နောက်တစ်ချက်က လူငယ်တွေရဲ့ ကဗျာတွေမှာ အာရုံခံစားပုံနဲ့ ခေတ်အပေါ် Perception တွေ ပြောင်းလဲနေတယ်ဆိုတာကို စဉ်းစားကြည့်ပေးဖို့ပါ။ လူငယ်တွေ အနေနဲ့လည်း ခေတ်ပေါ်ကဗျာမှာတင် ရပ်တန့်မနေဘဲ ခေတ်ပေါ်ကဗျာသစ်ဆီ ရွေ့လျားဖို့ အချိန်တန်နေပြီ ထင်တယ်။
ကျွန်တော် ဆိုလိုတာ Postmodern မဟုတ်ဘူးနော်။ Neomodern ကို ပြောချင်တာ။
P.M အတွေးအခေါ်၊ နည်းပညာ၊ လက္ခဏာတွေကို အလျဉ်းသင့်သလို ယူငင်သုံးစွဲမယ်။ အဲဒါနဲ့ အပြိုင် ခေတ်ပြိုင်အကြောင်းအရာ၊ ခံစားမှု၊ အရိပ်အရောင်တွေကို ထင်ဟပ်ဖို့ အားထုတ်ရမယ်။ အာရုံခံစားမှုရော အတတ်ပညာပါ ပြိုင်တူအားထုတ်ရင် လူငယ်တွေ ဒီနေ့ အနုပညာ အမှောင်ခေတ်ထဲကနေ ပြန်ထွက်လာနိုင်မယ် ထင်ပါတယ်။
ရဲကျော်မြင့်=     တချို့ဆို ကဗျာဖန်တီးမှုက အရမ်းကောင်းတယ်။ ဒါပေမဲ့ ကိုယ့်ကဗျာ ပါရေးအတွက် အယ်ဒီတာအကြိုက်မျိုး လိုက်ရေးတဲ့အခါ အဲဒီ ကဗျာဆရာရဲ့ ဖန်တီးမှုအား လျော့သွားတာ တွေ့ရတယ်။ ကဗျာဆရာတစ်ဦးအတွက် သူ့ရဲ့ အနာဂတ်က ဘယ်လို ရှိမလဲ။
အယ်ဒီတာအကြိုက်ကို သုတေသနပြုပြီး မဂဇင်းမှာ ပါဖို့ ရည်ရွယ်ချက်နဲ့ ကဗျာကို ထုတ်ကုန်ပစ္စည်းဆန်ဆန် ရေးတာမျိုးဆိုရင် မကောင်းပါဘူးဗျာ။ အဲဒီလို ကဗျာဆရာမျိုးတွေအတွက်တော့ သမိုင်းရဲ့ အဆုံးအဖြတ်ကို ခံယူရမယ့် အနာဂတ်အထိတောင် တွေးကြည့်နေစရာ မလိုပါဘူး။ လောလောဆယ် အခြေအနေကိုပဲ ကြည့်။ အဲဒီကဗျာမျိုးတွေ မဂဇင်းမှာ ပါတယ်ဆိုရုံ ပါကာမတ္တပဲ ရှိတယ်။ ကဗျာဖတ်သူတွေက အလေးအနက် မထားကြဘူး။ ဖတ်ပြီးတာနဲ့ နှာခေါင်းရှုံ့ကြတယ်။ ကဗျာဆရာတွေဆိုရင် အဲဒီ ကဗျာတွေအကြောင်း ရယ်ရွှန်းပတ်ရွှန်း ပြောပြီး ဟာသလုပ်ပစ်လိုက်ကြတယ်။
ရဲကျော်မြင့်=     ကဗျာစာအုပ် ဘယ်နှအုပ်လောက် ထွက်ပြီးပြီလဲ။ နောက်ထပ် ဘာတွေ ထွက်ဦးမလဲ။
၂၀၀၃ တုန်းက တိုးနှောင်မိုး၊ လူဇော်သစ်၊ တီကျူးတို့နဲ့ ၄ ယောက်တွဲတစ်အုပ် ထွက်ခဲ့တယ်။ ပြီးတော့ ၂၀၀၄ မှာ ဖေဖော်ဝါရီ တိမ်မျှင်များ၊ တခြားသူတွေ စီစဉ်တဲ့ စာအုပ်မှာ ၀င်ရေးပေးတာပါ။ ၂၀၀၄ မှာပဲ လှိုင်ဘွား၊ ဥတ္တရာအောင်တို့နဲ့ တွဲပြီး စိတ်ကစားခြင်း ဆိုတဲ့ အချစ်ကဗျာ စာအုပ်တစ်အုပ်။ ၂၀၀၆ အတွက်တော့ မဂဇင်းစာမျက်နှာပေါ် တက်မလာသေးတဲ့ လူငယ်တစ်စု( ရိန်မျိုးယံဝိုင်၊ အဇ္ဈတ္တ၊ သူ့လူ) ရဲ့ စာအုပ်မှာ ၀င်ရေးပေးထားတာ နှစ်ကုန်လောက် ထွက်မယ် ထင်တယ်။ တစ်ကိုယ်တော် စာအုပ်အတွက်က အဆင်သင့် ရှိပေမဲ့ အစီအစဉ် မသေချာသေးဘူး။ ကျွန်တော့် ကဗျာတွေက လူကြိုက်နည်းတဲ့ ကဗျာတွေဗျ။ ကျွန်တော် မသေခင်တော့ တစ်ချိန်ချိန် ထွက်ဖြစ်လိမ့်မယ် ထင်ပါတယ်။
ေ အာ င် ရ င် ငြိ မ်း