Friday, December 28, 2012
ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ဖြစ်တည်မှုပဓာန၀ါဒ (Early Buddhism and Sartre’s Existentialism) ကို လေ့လာရန် ချဉ်းကပ်ခြင်း
ကာလသမနိရှည်ကြာခဲ့ပြီး လာလှည့်၊ ကျင့်သုံးလျည့်ဟု စိန်ခေါ် အစမ်းသပ်ခံနိုင်သော ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ယနေ့ခေတ် စာပေသဘောတရား၊ လူ့ဘ၀၊ ဒဿနလောကတို့ကိုပါ ကိုင်လှုပ်ထားသော ဖြစ်တည်မှုပဓာန၀ါဒ (Existentialism) တို့ကို နှိုင်းယှဉ်လေ့လာ တရားကိုယ်ရှာရန်မှာ များစွာလက်တွန့်ဖွယ်ရာဖြစ်ပါသည်။ အနောက်တိုင်းတက္ကသိုလ်များတွင် စတင်လေ့လာသုံးသပ်ကာ ကျမ်းကြီးကျမ်းခိုင်များပင် ပေါ်ထွက်လာသည်ကို တွေ့နေရပါသည်။ ယခုဆောင်းပါး (ပို့စ်) မှာ ယင်းဝါဒကြီးနှစ်ရပ် နှိုင်းယှဉ် လေ့လာရေးကို ချဉ်းကပ်နည်းအား မိတ်ဆက်ပေးရန်ဖြစ်ပါသည်။
ဖြစ်တည်မှုပဓာန၀ါဒနှင့် ဗုဒ္ဓ၀ါဒတို့ကို နှိုင်းယှဉ်လေ့လာပါက ချဉ်းကပ်လေ့လာနည်း အနည်းဆုံးသုံးခုရှိသည်။
(၁) ဗုဒ္ဓ၀ါဒနှင့်ဖြစ်တည်မှုဝါဒတို့၏ အခြေခံသဘောအယူ (Basic Concept) များကို နှိုင်းယှဉ်လေ့လာခြင်း။
(၂) ဖြစ်တည်မှုဝါဒီ တွေးခေါ်ပညာရှင်တစ်ဦးဦး၏ အခြေခံသဘောအယူနှင့် ဗုဒ္ဓ၀ါဒ၏ အခြေခံသဘောအယူတို့ကို နှိုင်းယှဉ်လေ့လာခြင်း။
(၃) ဖြစ်တည်မှုပဓာနရှုထောင့်မှ ဗုဒ္ဓ၀ါဒကို တင်ပြခြင်း တို့ ဖြစ်သည်။
ဒုတိယချဉ်းကပ်နည်းဖြင့် လေ့လာမည်ဆိုလျှင် ပြင်သစ် ဖြစ်တည်မှုပဓာန၀ါဒီ ယန်းပေါဆာ့တ် (Jean-Paul Sartre) ၏ အတ္တမဲ့ (Non-Egology) အယူအဆနှင့် ဗုဒ္ဓ၀ါဒ၏ အနတ္တ (Selflessness) အယူအဆတို့ကို နှိုင်းယှဉ်လေ့လာနိုင်သည်။ (ဆာ့တ်၏ Non-Egology ကို `အနတ္တ´ဟု မြန်မာဆရာအချို့က အနက်ပေးသည်။ ဗုဒ္ဓ၀ါဒ၏ အနတ္တ၀ါဒနှင့် ရောထွေးမည်စိုး၍ ကျွန်ုပ်က `အတ္တမဲ့´ဟု အနက်ပေးထားပါသည်။) ‘အရှိတရားနှင့် မရှိတရား´ (Being and Nothingness) တွင် ဆာ့တ်က ဖြစ်တည်မှု ပဓာန၀ါဒကို ဒဿနတစ်ရပ်အဖြစ်တင်ပြထားသည်။ Critique of Dialectical Reason ကျမ်းတွင်မူ ဖြစ်တည်မှုပဓာန၀ါဒကို `အဖြည့်အိုင်ဒီယိုလိုဂျီ´ (A Subordinate Ideology) တစ်ရပ်အဖြစ်သာ ဖော်ပြခဲ့သည်။ ယင်းစာအုပ်ထွက်ပြီးနောက်ပိုင်းတွင် ယန်းပေါလ်ဆာ့တ်က သူ့ကိုယ်သူ မာ့က်စ်ဝါဒီဆိုသည်ထက် ဖြစ်တည်မှုပဓာန၀ါဒီတစ်ဦးအဖြစ် ဖော်ပြသည်ကို ပိုနှစ်သက်ကြောင်းပြောဖူးသည်။ ဗုဒ္ဓ၀ါဒဂိုဏ်းကွဲများအနက် ဗုဒ္ဓ၏ဒေသနာအာဘော်နှင့် အနီးစပ်ဆုံးမှာ ထေရ၀ါးဂိုဏ်း၏ အယူဖြစ်သည်။
နှိုင်းယှဉ်လေ့လာမှုတွင် အခြေခံအကျဆုံး အဖြေနှစ်ရပ်ကို ရှာရပါမည်။
(၁) ဆာ့တ်နှင့် ဗုဒ္ဓ၀ါဒီတို့ပယ်သော အတ္တ္တဆိုင်ရာအယူအဆများနှင့်
(၂) ဆာ့တ်နှင့် ဗုဒ္ဓ၀ါဒီတို့လက်ခံထားသော အတ္တမဲ့ခြင်းနှင့် အနတ္တ၀ါဒတို့ဖြစ်သည်။ `နှိုင်းယှဉ်လေ့လာမှုမပြုမီ ကိုယ်ဘာကို နှိုင်းယှဉ်လေ့လာမည်ကို အနုစိတ်သိရမည်´ဟု သိပ္ပံပညာရှင် မက်စ်မူလာက ပြောဖူးသည်။
နှိုင်းယှဉ်လေ့လာမူဒဿန (Comparative) ဆိုသည်မှာ မတူခြားနားသော ယဉ်ကျေးမှု ဓလေ့နှစ်ခု၏ ဒဿနအကောက်အယူများကို ယှဉ်ထိုးသုံးသပ်ခြင်းဟု အဓိပ္ပာယ်ဖွင့်နိုင်သည်။ နှစ်ဆယ်ရာစုတွင်ခေတ်စားလာသော နှိုင်းယှဉ်လေ့လာမှုဒဿန၏ သက်တမ်းမှာ နုနယ်ပါသေးသည်။ ၁၉၂၃ တွင် ပီမက်ဆန် ကွာဆယ် (P. Masson Qursel) ၏ ပြင်သစ်ဘာသာဖြင့်ရေးသော La Philosophie Comparée စာအုပ်ထွက်ပေါ်လာမှ အနောက်တိုင်းတွင် `နှိုင်းယှဉ်လေ့လာမှု ဒဿန´ဟူသော စကားလုံးစတင်လာခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာပြန်သည် ၁၉၆၂ တွင် `နှိုင်းယှဉ်လေ့လာမှု ဒဿနဆိုသည်မှာ´(Comparative Philosophy?) ဟူသော အမည်ဖြင့် ထွက်လာသည်။
နှိုင်းယှဉ်လေ့လာမှုဒဿနသည် ဘာသာရပ်အသစ်သဖွယ်ဖြစ်သည်နှင့်အညီ ရည်ရွယ်ချက်နှင့် နည်းလမ်းကိုလည်း တညီတညွတ်တည်း ချမှတ်နိုင်ခြင်း မရှိသေးပေ။ နှိုင်းယှဉ်လေ့လာမှုဒဿနကို မူရင်းဒဿနဆိုင်ရာ (Primarily Philosophical) နှင့် ဒုတိယအဆင့် သမိုင်းဆိုင်ရာ (Secondarily Historical) ဟူ၍လည်း ချဉ်းကပ်နိုင်သည်။ ခြားနားသောယဉ်ကျေးမှုနှစ်ခုမှ ဒဿနအယူနှစ်ခုကို သမိုင်းရှုထောင့်မှ ဆန်းစစ်ခြင်းဖြင့် သမိုင်းဆိုင်ရာ ဒဿနအတွက် တူညီသောယဉ်ကျေးမှု အခြေခံအချက်များကို ရှာဖွေနိုင်မည်ဖြစ်သည်။ နှိုင်းယှဉ်လေ့လာမှုဒဿနသည် သမိုင်းဆိုင်ရာစူးစမ်းမှုကို ကန့်သတ်ထားမည် မဟုတ်ပေ။ ဂျပန်ဗုဒ္ဓစာပေပညာရှင် ဒီတီ စူဇူကီးက ဒဿနများကို နှိုင်းယှဉ်လေ့လာမှုသည် အတွေးအခေါ်ကို ပိုမိုကျယ်ပြန့်စေရန်နှင့် အမှန်တရားအတွက် အတွင်းကျကျ ပိုမို ထိုးထွင်းနိုင်ရန် ဆောင်ကြဉ်းသင့်သည်ဟု ဆိုခဲ့သည်။
နှိုင်းယှဉ်လေ့လာမှုဒဿနသည် အယူအဆများ၏ တူညီချက်များပေါ်၌သာမက ကွဲပြားချက်များအပေါ်၌ပါ အာရုံထားရမည်ဖြစ်သည်။ နှိုင်းယှဉ်လေ့လာမှုအရ ဒဿနကွဲပြားချက်သည် တူညီချက်များနည်းတူ စိတ်ဝင်စားဖွယ်ကောင်းသည်။ ယင်းအချက်များက ကိုအရင်းတည်ထားသော ဒဿနအယူကို ပြန်လည်အကဲဖြတ်ရာ၊ ဝေဖန်ရာတွင် အသုံးဝင်လှသည်။ နှိုင်းယှဉ်လေ့လာမှုဒဿနပညာရှင်သည် ကွဲပြားသော ယဉ်ကျေးမှုများတွင် အမြစ်တည်သည့် ဒဿနများ၊ ကွဲပြားသောဘာသာစကားများနှင့် စခန်းသွားရပေမည်။ အချက်နှစ်ချက်ဖြစ်သော ယဉ်ကျေးမှုဓလေ့များ (Culture) နှင့် ဘာသာစကားများ (Languages) တို့သည် နှိုင်းယှဉ်လေ့လာမှု ဒဿနပညာရှင်အတွက် အခက်အခဲရှိစေနိုင်သည်။
ဒဿနသည် သူ့ဖာသာသူ သီးခြားတည်ရှိနေသည်မဟုတ်။ ယဉ်ကျေးမှုဓလေ့နောက်ခံရှိသည်။ ဒဿနသည် လူ့ယဉ်ကျေးမှုရှိ အကြောင်းချင်းရာတို့နှင့် ကင်းလွတ်၍ သီးခြားမဖွံ့ဖြိုးနိုင်။ အမှန်စင်စစ်တွင် ဒဿနသည် ဒဿနဆိုင်ရာပြင်ပအကြောင်းတရားများဖြစ်သော စီးပွားရေးနိုင်ငံရေး၊ လူမှုရေး၊ နိုင်ငံရေး အခြေအနေ၊ ဘာသာရေး၊ သိပ္ပံပညာတို့၏ အကျိုးသက်ရောက်ရာမှ ဖြစ်ထွန်းလာသော ဘာသာရပ်ဖြစ်သည်။ အိန္ဒိယမှဒဿနများသည် အိန္ဒိယဘာသာရေးများနှင့် အရင်းကျကျဆက်စပ်နေသည်။ ဥာဏ်သစ်လောင်းခေတ် (Renaissance) နောက်ပိုင်း အနောက်တိုင်းဒဿနသည် သိပ္ပံပညာ၏ သြဇာလွှမ်းမိုးမှုခံရသည်။
မတူသော ယဉ်ကျေးမှုနောက်ခံကို မလေ့လာဘဲ အခြားယဉ်ကျေးမှုတစ်ခု၏ ဒဿနအယူကို နားလည်သည်ဟုဆိုရာတွင်လည်း များစွာသံသယဖြစ်ဖွယ်ရှိသည်။ ထို့ကြောင့် နှိုင်းယှဉ်လေ့လာမှုပြုမည့် ဒဿနပညာရှင်သည် ယဉ်ကျေးမှုနှစ်ရပ်စလုံးကို ကျေညက်ဖို့လိုလေသည်။
mm thinker
ပျော်ရွှင်ခြင်းနှင့် မပျော်ရွှင်ခြင်း အစွန်းတစ်ဖက်
                ညနေခင်းရဲ့ အညိုရောင်လေပြည်တွေကို မျက်နှာချင်းဆိုင် ပြေးလွှားနေတဲ့ ဆိုင်ကယ်တစ်စင်းပေါ်မှာ သူဟာ ရောက်ရှိနေခဲ့တယ်။ လေပြည်တချို့က သွေးဆာနေတဲ့ သားရဲတစ်ကောင်လို သူ့ကိုယ်ခန္ဓာကို အတင်းခုန်အုပ်လို့။ သူ့နောက်မှာ ရိပ်ကနဲ ရိပ်ကနဲ ကျန်ရစ်ခဲ့တဲ့ မိုင်တိုင်တွေ၊ ဓာတ်တိုင်တွေ။ သူ့ရှေ့က ဖြူးဖြောင့်နေတဲ့ ကွန်ကရိလမ်းမကြီးသာ ဘ၀လို့ဆိုရင် ဘယ်လောက်များပျော်စရာကောင်းလိုက်မလဲ။ ဒါပေမယ့် လက်တွေ့ဘ၀ကို သူဟာ တတ်နိုင်သလောက် အဆင်ပြေအောင် ဖြတ်သန်းနေခဲ့ပါတယ်။ လူတိုင်းလူတိုင်းလည်း ဒီလိုဘ၀အဖြတ်အသန်းမျိုးနဲ့ပဲ တစ်နေ့ပြီးတစ်နေ့ ကုန်လွန်၊ ကုန်လွယ် နေခဲ့တာ မဟုတ်လား။
                 အဝေးဆီမှာ မိန်းမသားတစ်ယောက်ရဲ့ မရွံ့မရဲမှုမျိုးနဲ့ တောင်တန်းပြာပြာတွေကို လှမ်းမြင်နေရတယ်။ လမ်းဘေးတစ်ဖက်တစ်ချက်က ကွင်းပြင်ကို ဖြတ်သန်းလာတဲ့ လေဟာ လတ်ဆတ်လို့။ အရှိန်ပြင်းပြင်း မောင်းနှင်နေတဲ့ ဆိုင်ကယ်တစ်စင်းရဲ့နောက်မှာ ဘယ်လိုအရာမျိုး အရိပ်မိုး တည်ရှိနေနိုင်သလဲ။ သူတို့တွေ အမြဲခပ်ရွံ့ရွံ့ဖြစ်ရလေ့ရှိတဲ့ သေခြင်းတရားလား။ ဘ၀ရဲ့နောက်ကွယ်က အဆုံးအစမရှိ မရေရာမှုမျိုးလား။ ဘာမဆိုဖြစ်နိုင်တာပဲလေ။
                 သူ့ဆီမှာ စကားလုံးတွေ သေဆုံးနေတာကြာခဲ့ပြီ။ ကဗျာဆီကိုလည်း သူဟာ သိပ်မရောက်ဖြစ်တော့။ ဒီလိုနဲ့ပဲ သူဟာ စာမျက်နှာတွေဆီ၊ တစ်ကိုယ်တော်လွတ်မြောက်မှုဆီကနေ တိတ်တဆိတ် ပျောက်ကွယ်သွားရတော့မှာလား။ သူ့သူငယ်ချင်းကာတွန်းဆရာကတော့ ဘ၀တူချင်းဆိုတော့ သူ့အပေါ် နားလည်တယ်။ မင်းဟာ ကဗျာဆရာတစ်ယောက်ပေမယ့် မင်းကျင်လည်ရာ လူမှုအသိုင်းအ၀ိုင်းမှာ အနုပညာဆိုလို့ ဘာတစ်ခုမှ မရှိဘူးလေတဲ့။ သူငယ်ချင်းရဲ့မှတ်ချက်စကားကိုဖတ်ရတော့ သူတစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် ၀မ်းနည်းခဲ့ရတယ်။ တစ်သီးပုဂ္ဂလ နာကျင်ခံစားမှုတိုင်းတော့ ဘယ်လိုလုပ် ကဗျာဖြစ်နိုင်ပါ့မလဲ။
                 တကယ်ဆို လူတိုင်းဟာ ဘ၀မှာ ရွေးချယ်ခွင့် အရမ်းနည်းပါးလေ့ရှိကြပါတယ်။ ဘ၀ကပဲ သူ၊ သူတို့ကို ရွေးချယ်သွားခဲ့တာမဟုတ်လား။ သူဆိုရင် သူ့ဘ၀ရဲ့ စီးကြောင်းတစ်လျှောက် ဒီလိုပဲ မလူးသာမလွန့်သာ စီးမျောခဲ့ရတာပဲ။ သူ့ဘ၀မှာ သူစိတ်ကြိုက်ရွေးခွင့်ရှိခဲ့တာဆိုလို့ သူ့လက်ထဲက လွတ်ကျလုဆဲဆဲ ကဗျာဆရာဘ၀တစ်ခုပဲ ရှိတယ်။ ကျန်တာဘာရှိလို့လည်း။ လူ့အသက်နဲ့ ပတ်သတ်တဲ့ သူ့အသက်မွေးဝမ်းကြောင်းကိုတောင် သူဟာ တစ်ခါတစ်လေ စိတ်ပျက်၊ စိတ်မျက်မိသလားပဲ။
                 သူ့နားထဲမှာ ရထားဥသြသံကျယ်ကျယ်လွင့်လွင့်ကို ကြားရတယ်။ ငယ်ရွယ်စဉ်ဘ၀မြို့လေးထဲကို ရထားဟာ ဥသြသံရှည်ရှည်နဲ့ ခမ်းနားစွာ ၀င်ရောက်လို့လာချေပေါ့။ အညာဒေသရဲ့ ရှုခင်းမြင်ကွင်းဟာ အနည်းငယ်ခြောက်သွေ့သွေ့နိုင်ပေမယ့် အပြစ်ကင်းစင်နေတယ်။ အသေအချာကြည့်ရင် ရထားဥသြသံမှာ သူ့ရဲ့ လွမ်းဆွတ်မှုတို့ကို မြင်ကောင်းမြင်နိုင်မှာပါ။ ဟိုးအဝေး..…တစ်စုံတစ်ရာဆီ အဓိပ္ပါယ်မဲ့ တိုးဝင်သွားခဲ့တဲ့ ရထားသံလမ်းတွေပေါ်မှာ သူဟာ တစ်ခုခုကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေမိပြန်ပေါ့။
                ဒီလိုနဲ့ပဲ သူဟာ သူ့ရဲ့ ပုဂ္ဂလိကအလုပ်ကို ရောက်သွားရဦးမှာပဲ။ နာကျင်နေတဲ့ မျက်လုံးတွေ၊ ဆာလောင်မွတ်သိပ်နေတဲ့ အကြည့်တွေကို သူဟာ မရင်ဆိုင်ချင်လည်း ရင်ဆိုင်ရဦးမှာပဲ။ အဓိပ္ပါယ်ရှိတဲ့ အလုပ်ဆိုတာလည်း တစ်ခါတစ်လေ အဓိပ္ပါယ်မရှိတဲ့ အလုပ်တစ်ခု ဖြစ်မသွားဘူးလို့ ဘယ်သူများ အာမခံနိုင်လို့လည်း။ ဟိုတစ်လောက သူ့ဆီ မိန်းမငယ်တစ်ဦးရောက်လာတယ်။ အရွယ်ရဲ့ နုသစ်ပျိုမြစ်မှုတွေ၊ အရှက်အကြောက်တရားတွေအားလုံးကို ငွေကြေးတစ်ခုတည်းနဲ့ လဲလှယ်ထားရတဲ့ သနားစဖွယ် မိန်းမငယ်လေး တစ်ဦးပါပဲ။ သူမမျက်လုံးတွေထဲက သောကဟာ သူ့ဆီထိ လာပြီးအပူဟပ်တယ်။ စိုးရိမ်လို့၊ ကြောင့်ကြလို့။ မီးတောက်မီးလျှံတစ်ခုလိုမျိုး သူမဟာ လူနာခုတင်ပေါ်လဲလှောင်းနေခဲ့တယ်။ သူမ၀မ်းထဲမှာ ရှိတာက သူမ မလိုချင်၊ လုံးဝမျှော်လင့်မထားခဲ့တဲ့ သန္ဓေသားနုနု။ အဲဒီတုန်းက သန္ဓေသားငယ်ရဲ့ တဆတ်ဆတ်ခုန်နေတဲ့ နှလုံးသားကိုကြည့်ရင်း သူ့မျက်လုံးတွေ ပြာဝေလာခဲ့တယ်။ ကလေးရေ…. မင်းဟာ လူ့လောကထဲကိုကော ၀င်ခွင့်ရပါ့မလား။ ကံ ကံ၏အကျိုးဆိုတာကို သူဟာ အရွယ်ရလာတာနဲ့အမျှ ပိုပိုပြီး နားလည်လာတယ်။  တပြိုင်နက်တည်းမှာပဲ သူ့ဟာ အမေ့ကို အရမ်း သတိရမိတယ်။
                   ရုတ်တရက် သူ့အတွေးကို မီးပွိုင့်ရဲ့ နီရင့်ရင့်အရောင်က ဆတ်ကနဲ ဖြတ်တောက်ပစ်လိုက်တယ်။ စက်ရပ်ထားတုန်း သူ့လိုပဲ စိတ်ကူးစိတ်သန်းတွေ ခဏရပ်တန့်နေတဲ့ မျက်ဝန်းလေးတစ်စုံကို ဖျတ်ကနဲ မြင်ဖြစ်အောင် မြင်လိုက်မိသေးတယ်။ သူ အကြည့်ကို ပြန်လွှဲလိုက်တယ်။ မစဉ်းစားချင်ပါဘူး။ ခဏကြာရင် အချိုးအကွေ့တစ်ခုမှာ လွယ်လင့်တကူ ဖြတ်သန်းပျောက်ကွယ်သွားမှာပဲလေ။ လူ့လောက လူ့ဘ၀ရဲ့ အလှည့်အပြောင်းတွေ၊ အချိုးအကွေ့တွေ။ လူသားမပီသစွာနဲ့ပဲ သူဟာ ဘာကိုမှ မမျှော်လင့်တတ်ခဲ့တာလည်း ကြာလှပေါ့။
                   မနေ့က လူနာတစ်ယောက် သေဆုံးသွားခဲ့တယ်။ ဆေးကုဖို့ရာ ပိုက်ဆံမတတ်နိုင်လို့။ မြန်မာငွေ ထောင်ဂဏန်းလောက်ဟာ လူတစ်ယောက်၊ မိသားစုတစ်ခုအတွက် ဘာဖြစ်လို့များ ဒီလောက်တောင်  ရှားပါးနေခဲ့ရတာပါလိမ့်။ မျက်လုံးတွေကို မှိတ်ထားပေမယ့် သူ့နှလုံးသားက မြင်နေရတုန်း၊ လူနာရှင်ရဲ့ ရှိုက်သံသဲ့သဲ့ကို ကြားနေရတုန်း။ `ကင်ဆာဆဲလ်တွေက ကျွန်တော်အနာဂတ်အထိ ပျံ့နှံ့နေပြီဆရာ´၊ `သုံးရက်ဆက်တိုက် သွေးတွေ တအားသွန်နေလို့ ကျွန်မဗိုက်ထဲက ကလေးလေး…´၊ `သမီးမျက်လုံးတွေ ပြာနေပြီ၊ ဘာကို မမြင်ရတော့ဘူးဆရာ´။ စိတ်အေးအေးထားပါ။ သက်သာသွားမှာပါ။ နေဦး။ အဲဒီစကားတွေက သူ့ရဲ့ လူနာတွေကို ပြောနေတာလား၊ ဒါမှမဟုတ် သူ့ကိုယ်သူ ပြန်နှစ်သိမ့်နေတာလား။
                  တချို့ညတွေမှာ သူဟာ အိပ်မပျော်ဘူး။ ကိုယ်ခန္ဓာက အရမ်းပင်ပန်းနွမ်းနယ်နေပေမယ့် တွေးလက်စ ဘယ်တော့မှ ဆုံးမှာမဟုတ်တဲ့ အတွေးတွေက သူ့အိပ်ချိန်ကို နှောင့်ယှက်၊ အတားအဆီးဖြစ်နေစေတတ်တယ်။ မပြီးဆုံးသေးတဲ့ တာဝန်ဝတ္တရားတွေ၊ မပြီးဆုံးသေးတဲ့ ကဗျာတွေ၊ မပြီးဆုံးသေးတဲ့ လူမှုဆက်ဆံရေးတွေနဲ့။ မပျော်ရွှင်တဲ့လူဟာ နတ်ပြည်မှာ သွားထားရင်တောင် ပျော်ရွှင်မှာမဟုတ်ဘူး။ တကယ်တမ်း သူဟာ သူ့ကိုယ်သူ အသိခေါက်ခက် အ၀င်နက်နေခဲ့တာ။ သူဟာ ဘုန်းကြီးတစ္ဆေ။
                    သေသွားရင်လည်း ပြီးတာပဲ။ တစ်ခါတစ်ခါတော့လည်း သူ့ကိုယ်သူ အဲဒီလို စိတ်အချဉ်ပေါက် ရွဲ့စောင်းမိပြန်တယ်။ နိစ္စဓူဝဆိုတဲ့ စကားလုံးဟာ ဒီလောက် ပျင်းရိငြီးငွေ့ဖွယ်ရာကောင်းမယ်လို့ သူအရင်က မထင်ခဲ့ဘူး။ အရင်က သူဟာ မြို့ပြရဲ့ပလက်ဖောင်းတွေပေါ်မှာ ခပ်သွက်သွက်လျှောက်လို့။ ရှုပ်ထွေးတဲ့လမ်းမတွေကို ခပ်သွက်သွက်ဖြတ်ကူးလို့။ အချစ်သီချင်းတစ်ပုဒ်ကို တိုးတိုးလေချွန်လို့။ တစ်ချိန်ချိန်မှာ မြို့ကြီးပြကြီးဆန်ဆန် တောကြီးမျက်မည်းတစ်ခုထဲမှာ ပျောက်ချင်းမလှ ပျောက်ဆုံးသွားရလိမ့်မယ်လို့ သူ့ကိုယ်သူ ဘယ်ထင်ပါ့မလည်း။ သူ့ဘ၀သူ ခဏခဏ restart ချနေရလိမ့်မယ်လို့လည်း ဘယ်တွေးမိပါ့မလည်း။ ဒါပေမယ့် ခင်ဗျားတို့နည်းတူပါပဲ။ ဒါပေမယ့် ဒါဟာ တကယ့်ဘ၀ပါပဲ။ အဆင်ပြေပါတယ်။ သူပျော်ရွှင်နေပါတယ်။ သူ့ပျော်ရွှင်နေပါတယ်လို့ သူ့ကိုယ်သူ ခဏခဏ ပြန်ပြောနေပါတယ်။
ဘုန်းနေသွန်း
၂၅-၁၀-၂၀၁၂
Thursday, December 27, 2012
Illusory self ရဲ့ ထုံကျဉ်နေတဲ့အသိတရားတွေကို အချစ်လို့ ခေါင်းစဉ်တပ်ခဲ့ကြတာ
ရောင်စုံဆန်ဆန် အသိတရားတစ်ခုတည်းမှာ ကျကျကွဲလေ့ရှိတာက ငါတို့
တစ်လောကလုံး …တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်ခေါ်ဝေါ်သံတွေ
မွန်းကြပ်ဖိစီးနေတဲ့ စိတ်တွေထဲ အစားပြန်မရခြင်းများ…ငါမှ ငါများစွာသို့တိုင်
ထာဝရမရှိတော့တာလား…ဘီးလှိမ့်ဝင်လာတဲ့ရထားက အရိပ်ဟာ သေရာပါ
အာရုံမှားမှုအပေါ် အခြေခံထားတဲ့ အတ္တတွေကို လေ့လာရကောင်းမှန်းသိခဲ့
တစ်ဖက်စီဝေးသထက် ဝေးဝေးလာ…အကောင်းဆုံးဖြစ်အောင် သိမှုတွေကပဲ
ဒီအချိန်မှာ ငါတို့ကို နစ်မွန်းသွားစေခဲ့…အပ်ကလေးတစ်ချောင်းက စလို့
ဟိုး…မြူစိုင်မြူခဲတွေထိ ငါတို့ ချန်လှပ်ထားခဲ့နိုင်ရင်ကောင်းမှာ…
ရက်စက်လွန်းတဲ့ လူ့အဖွဲ့အစည်းမှာ…ခေါင်းရော ပန်းရောဟာ သေဒဏ်ပဲ
စက်ရုပ်တွေကို နေရာပေးလိုက်ကြရတယ်…သီချင်းတွေက အသက်မ၀င်တော့ဘူး
ကိန်းဂဏန်းတစ်ခုအရ သူရဲကောင်းဖြစ်သူဟာ ကျန်ကိန်းဂဏန်းတွေရဲ့ ရန်သူပဲ
မရမှန်းသိနေခဲ့တဲ့ ငါတို့ရဲ့လက်ဖြန့်ခြင်းတွေ…တစ်နေ၀င် တစ်နေထွက်…မောပန်းလို့
မုတ်သုန်လေဟာ ဆက်လက်၍ အားကောင်းနေပြီး ငါတို့ဟာ လေနှင်ရာ ရွေ့လျားမျောပါ
မဟုတ်ဘူးလို့ မငြင်းဆန်နိုင်တာက တစ်ကြောင်း…ဒါကိုဘယ်လို အဓိပ္ပါယ်သတ်မှတ်ရပါ့
နေ့ရော ညပါ တောင့်ခံထားခဲ့တဲ့ သစ္စာဆိုတာ မဖြစ်နိုင်တော့တဲ့ ၀န်ထုပ်ဝန်ပိုးမှန်းနားလည်မိ
စည်းဝိုင်းအပြင်ဘက်ကို ယုံကြည်ခြင်း\မယုံကြည်ခြင်း…ဘယ်အရာကိုမှ တိတိပပ မပြောနိုင်
အသေချာဆုံးလို့ထင်ရတဲ့ ကိုယ့်ကိုယ်ကို ပြန်ပြန်ရှုနေတဲ့ အသက်တွေတောင် တငွေ့ငွေနဲ့
မေ့မေ့လျော့လျော့ဖြစ်သွားကြတာ…မျက်စိရှေ့မှာတင် မှတ်မှတ်ရရကို ပျောက်ကွယ်သွားတာ…
ချောင်းဆိုးသံများ…နှလုံးသားကို မပြုမပြင်ပဲ အသစ်မလုပ်နိုင်တော့…သွေးပါချင်လာတဲ့ သလိပ်ဖတ်
စီးကရက်အခိုးအငွေ့တွေ …လာရတာလွယ်သလောက် အပြန်မျက်နှာပန်းမလှကြ…ငါတို့
တစ်ခါတစ်ခါမှာ လူသေတစ်ယောက် ဒါမှမဟုတ် သေလူတစ်ယောက်လို ခံစားနေရ
စိတ်တွေနွမ်းနယ် …အဲ့ဒီ့အချိန်ရောက်လာရင် ငါ့ဆံပင်တွေက သိပ်ကိုရှည်လျားနေတော့မှာ
ဦးနှောက်ရဲ့ central canal တစ်လျှောက် အကြေကြေ အမွမွ …မီးလိုအရိပ်များ ခယ
ဒါတွေဟာ ခပ်မှုန်မှုန်လေးနဲ့ အထင်ရှားဆုံးဖြစ်နေတဲ့ ပန်းချီကားတွေ…မငြင်းနဲ့
တစ်ခါတစ်ခါမှာ ခပ်ဟဟရယ်လိုက်ခြင်းတွေက ဒဏ်ရာကို ပိုမိုနာကျည်းလာစေပြီး
နင်ကိုယ်တိုင်က ငါ့ရဲ့ အဲ့ဒီ့လိုရယ်မောခြင်းတွေကို နာနာကျင်ကျင်သွေးပျက်နေတော့တာ
Pons တစ်ခုလုံး ဘာကိုမှ သယ်ယူနိုင်ခြင်း မရှိတော့…ပိတ်ဆို့မှောင်မိုက်…bye bye
စိတ်ကူးထဲမှာ ဓါတ်ပုံတွေ ရှိတယ်…ရိုက်ထုတ်နိုင်မယ့် စက်တစ်လုံးပေါ်လာတဲ့အခါကျမှ
အခုလိုေ၀၀ါးခြင်းတွေ သဲကွဲသွားမယ်…အခြေအနေအကြောင်းကြောင်းကြောင့်အရ
လက်ရှိတလျှောက်လုံး…ငါတို့ ကိုးကွယ်လာကြတဲ့ တလျှောက်လုံး ၀ိုးတိုးဝါးတားဖြစ်
မသိစိတ်နဲ့ သိစိတ်တွေ မသိမသာ စပ်ယှက်…အားလုံးလိုလို မှားယွင်းခဲ့ကြမိတာ…။              ။
                                                                             ရွှေ ကြယ် မိုး
Illusory self = အာရုံမှားမှုအပေါ် အခြေခံထားတဲ့ အတ္တ
Central canal = ဦးနှောက်ဗဟိုပြွန်လမ်းကြောင်း
Pons = ဦးနှောက်ဆုံ
ေ မ ာ ေ နွ ( သို့ မ ဟု တ် ) Conceptual Neomodern က ဗျာ အ မှ တ် တံ ဆိ ပ် သ စ် စ မ်း သ ပ် ဖ န် တီး သူ
# နိဒါန်း
                   ၂၀၀၇မှာ ခေတ်ပေါ်ကဗျာကို ကျော်လွန်တဲ့ နီယိုမော်ဒန် လမ်းကြောင်းကို ဆက်လျှောက်ကြမယ်လို့ ကျွန်တော်တို့ စဉ်းစားမိကြတော့ စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့ နီယိုမော်ဒန်ကဗျာက တစ်မျိုးတစ်စားတည်း ဖြစ်ပါတယ်။
                    နီယိုမော်ဒန်ဟာ ခေတ်ပေါ်ကဗျာ သွင်ပြင်လက္ခဏာတွေထဲက အတွင်းစိတ်ခံစားမှုကို လွတ်လပ်စွာ ထုတ်ဖော်ခြင်း ( Freedom of Expression ) နဲ့ အရပ်သုံးအပြောဘာသာစကား ( Spoken Language ) ကို ဆက်လက်ဆွဲကိုင်ထားပြီး သွယ်ဝိုက်ဖွဲ့ဆိုခြင်း ၀င်္က၀ုတ္တိသဘော၊ စကားပြောရစ်သမ် ( Spoken Rhythm )၊ မှန်ကူကွက်ပုံစံ စီစဉ်တင်ဆက်မှုနဲ့ နိမိတ်ပုံ သင်္ကေတတွေကို အလွန်အကျွံ သုံးစွဲတဲ့ ကဗျာဘာသာစကားတွေကို သိသိသာသာ စွန့်ပစ်လိုက်ပါတယ်။
                    ( နီယိုမော်ဒန် နောက်ခံ အယူအဆ၊ သွင်ပြင်လက္ခဏာတွေနဲ့ ဘာသာစကားအယူအဆတွေကို တခြားနီယိုမော်ဒန်အယူအဆ ဆောင်းပါးတွေမှာ သီးခြားဖော်ပြပြီး ဖြစ်တဲ့အတွက် ပြန်လည် ဖော်ပြခြင်း မပြုတော့ပါ။ )
                           ၂၀၀၈-၂၀၀၉အတွင်းမှာနီယိုမော်ဒန်အယူအဆရေးရာတွေတည်ဆောက်ရင်းနီယိုမော်ဒန်ကဗျာတွေကိုကျွန်တော်စမ်းသပ်ရေးသားနေခဲ့ပါတယ်။ကျွန်တော်နဲ့လူမှုရေးနီးစပ်တဲ့ လူငယ်ကဗျာဆရာတချို့ကလည်း သူတို့ စမ်းသပ်ရေးသားထားတဲ့ နီယိုမော်ဒန်ကဗျာတွေကို ကျွန်တော့်ကို ပေးဖတ်ပြီး အလွတ်သဘော ဆွေးနွေးဝေဖန်တာမျိုး လုပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီမှာ စိတ်ပိုင်းဆိုင်ရာနဲ့ သိမှုဆိုင်ရာ အကျပ်ရိုက်မှုတစ်ခု ဖြစ်တာက ကျွန်တော် စိတ်ကူးပုံဖော်ထားတဲ့ နီယိုမော်ဒန်ကဗျာနဲ့ သူတို့ရေးသားထားတဲ့ နီယိုမော်ဒန်ကဗျာရဲ့ သွင်ပြင်လက္ခဏာတွေ အထိုက်အလျောက် ကွဲပြားခြားနားမှု ရှိနေတာပါပဲ။ အဲဒီလို အခြေအနေမှာ သူငယ်ချင်း ကဗျာဆရာ တိုးနှောင်မိုးက ကျွန်တော့် စိတ်ကူးပုံဖော်မှုနဲ့ ကွဲပြားခြားနားနေတဲ့ ကဗျာတွေကို နီယိုမော်ဒန် မျိုးကွဲတွေအဖြစ် လက်ခံပေးဖို့ အကြံပြု ပြောဆိုခဲ့ပါတယ်။ တိုးနှောင်မိုးရဲ့ အကြံပြုချက်ဟာ နီယိုမော်ဒန် ကဗျာလမ်းကြောင်း ပိုမိုကျယ်ပြန့်လာဖို့အတွက် အရေးပါထိရောက်တဲ့ အကြံပြုချက်ပဲ ဖြစ်ပါတယ်။
                    သူ့ အကြံပြုချက်ကို လက်ခံပြီး ကျွန်တော့် စိတ်ကူးပုံဖော်မှုနဲ့ ကွဲပြားခြားနားနေတဲ့ နီယိုမော်ဒန် ကဗျာတွေကို Alternative Neomodern လို့ အမည်တံဆိပ်သတ်မှတ်ပေးဖို့ စဉ်းစားမိသွားပါတယ်။ အဲဒီ စဉ်းစားမှုကို ချဲ့ထွင်ဆန့်ထုတ်လိုက်တဲ့ အခါမှာတော့ နီယိုမော်ဒန် လမ်းကြောင်းမြွှာများလို့ ပြောလို့ ရနိုင်တဲ့ နီယိုမော်ဒန် ကဗျာမျိုးကွဲ ( ၇) မျိုး ထွက်ပေါ်လာပါတော့တယ်။ နီယိုမော်ဒန် ဖြစ်နိုင်ခြေ အလားအလာ ရှိတဲ့ နီယိုမော်ဒန် မျိုးကွဲ ( ၇) မျိုးကတော့-
                   ( ၁ )  Semi- Neomodern ( Semineo )
                   ( ၂ )  Neomodern           ( Neo )
                   ( ၃ )  Alternative Neomodern ( Alterneo )
                   ( ၄ )  Prose Neomodern ( Prosneo)
                   ( ၅ )  Collage Neomodern ( Collaneo )
                   ( ၆ )  Experimental Neomodern ( Experneo )
                   ( ၇ )  Post+ Neomodern ( Poneo )
                            တို့ပဲ ဖြစ်ကြပါတယ်။
                   ( နီယိုမော်ဒန် လမ်းကြောင်းမြွှာများ ဆောင်းပါးမှာ နီယိုမော်ဒန် မူကွဲတွေရဲ့ လက္ခဏာတွေကို ဖတ်ရှုနိုင်ပါတယ်။ )
# အနုပညာ အာဏာရှင် ဆန်ခြင်းကို ရှောင်ရှားစေနိုင်ဖို့ နည်းလမ်း
                    ၂၀၀၈- ၂၀၀၉ ကာလဟာ  နီယိုမော်ဒန် နောက်ခံ အယူအဆ၊ သွင်ပြင်လက္ခဏာတွေနဲ့ ဘာသာစကားအယူအဆတွေကို တည်ဆောက်ဆဲကာလ၊ နီယိုမော်ဒန်ဘက်ကို တိမ်းညွတ်မှု ရှိတဲ့ ကဗျာဆရာတွေကလည်း နီယိုမော်ဒန် ကဗျာတွေကို စမ်းသပ်ရေးဖွဲ့နေကြတဲ့ ကာလတွေ ဖြစ်ပါတယ်။ ၂၀၁၀ နှစ်ဆန်းမှာ မဂဇင်း အယ်ဒီတာ၊ စာအုပ်ထုတ်ဝေသူ၊ ကဗျာဆရာတစ်ယောက်က ၂၀၀၈-၂၀၀၉ နီယိုမော်ဒန် ကဗျာတွေကို Anthology  စာအုပ်တစ်အုပ် တာဝန်ယူစီစဉ်ပေးဖို့ ကျွန်တော့်ကို ကမ်းလှမ်းခဲ့ပါတယ်။ ခေတ်ပေါ်ကဗျာရေးဟန်ကို ကျော်လွန်စပြုလာပြီး နီယိုမော်ဒန်ဘက် ရွေ့လာတဲ့ ကဗျာတွေကို အမျိုးသားစာကြည့်တိုက်နဲ့ လက်လှမ်းမီရာ မဂဇင်းတွေထဲက ရှာဖွေ ရွေးချယ်စုစည်းပြီး Neomodern Myanmar Poetry Vol-1 အမည်နဲပ စာအုပ်လုပ်ဖို့ စီစဉ်နေတုန်းမှာ ကျွန်တော့်ဘက်က အားနည်းပျက်ကွက်မှု ( အိမ်ထောင်ပြိုကွဲမှု ဖြစ်ပြီး အရေးကြီး စာအုပ်စာတမ်းတွေ နေပြည်တော်မှာ ကျန်ခဲ့တာ) ကြောင့် တစ်ပိုင်းတစ်စနဲ့ ရပ်တန့်သွားခဲ့ရပါတယ်။
                    ၂၀၁၀ အလွန်မှာတော့ ကျွန်တော်တို့ နောက်မျိုးဆက် ကဗျာဆရာတချို့ဟာ နီယိုမော်ဒန် မူကွဲ ( ၇) မျိုး အပြင် နောက်ထက် နီယိုမော်ဒန် မျိုးကွဲသစ် ( ၂ ) မျိုးကိုပါ စမ်သပ် ရေးဖွဲ့လာနိုင်တာ တွေ့ရပါတယ်။ ကဗျာဆရာ စိုးမင်းအောင်၊ ဘုန်းနေသွန်း၊ ဆူးရင့်၊ မင်းစိုးရာ၊ အောင်ပိုင်စိုး၊ ၀ီရထက်နောင်၊ သက်ငြိမ်သစ်၊နေ့သစ်၊  မောနွေ၊ အေးချမ်း၊ နေအေဒီ တို့ဟာ Expressive Neomodern နဲ့ Hybrid  Neomodern လို့ အမည်တံဆိပ်သစ် သတ်မှတ်ပေးနိုင်တဲ့ နီယိုမော်ဒန် ကဗျာမျိုးကွဲသစ်တွေကို ရေးဖွဲ့လာကြပါတယ်။ အွန်လိုင်းက သုဏော်စိုင်း၊ ရင်ခွင်ရှိန်း၊ လင်းလက်တာရာ၊ ကိုသျှား၊ မှူးသစ်၊ ဇက်ကကြိုး၊ ရွှေကိုယ်နတ်( UCSM ) ရွှေကြယ်မိုး စတဲ့ လူငယ်ကဗျာဆရာတွေဟာလည်း နီယိုမော်ဒန် ကဗျာတွေ ရေးဖွဲ့လာတာ တွေ့ရပါတယ်။
                   ပင်မရေစီးခေတ်ပေါ်ကဗျာအလွန် ခေတ်ပြိုင်ကဗျာယဉ်ကျေးမှု အခင်းအကျင်းမှာ စမ်းသပ်ရေးဖွဲကြတဲ့ ကဗျာသစ် အများစုဟာ အယ်လ်ပီ၊ ကွန်ဆက်ခြူရယ်နဲ့ ပို့စ်မော်ဒန် နယ်ပယ်ထဲကို ၀င်ရင်ဝင်၊ အဲဒီလိုမှ မဟုတ်ရင် နီယိုမော်ဒန် နယ်ပယ်ထဲ ၀င်ရောက်လာကြတာ များတယ်လို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ဒီနေရာမှာ နီယိုမော်ဒန်နဲ့ ပို့စ်မော်ဒန်စာရင်းဝင် အခြားကဗျာတွေကို ဘယ်လို နယ်ပယ်/ အမျိုးအစား ခွဲခြားသလဲလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
                    အကျဉ်းချုပ် လိုရင်း ပြောရရင် ကဗျာစာသား အဆောက်အအုံထဲမှာ  ခေတ်ပေါ်ကဗျာလွန် လက္ခဏာတွေ တွေ့ရ / မတွေ့ရ ၊ ဘာသာစကားကို သုံးစွဲပုံ နည်းလမ်း၊ ဘာသာစကားနဲ့ အနက်အဓိပ္ပာယ် စနစ်တွေ အလုပ်လုပ်ပုံ၊ နီယိုမော်ဒန် နောက်ခံ အယူအဆနဲ့ သွင်ပြင်လက္ခဏာတွေ ပါဝင်မှု ရှိ မရှိ၊ ကဗျာစာသားတွေဆီက ရရှိတဲ့ အကြောင်းအရာနဲ့ အာရုံခံစားမှု၊ ကဗျာဆရာရဲ့ တစ်သီး ပုဂလအာရုံခံစားပုံ၊ ကဗျာစာသားတွေ ဆက်စပ် ဖွဲ့စည်းတည်ဆောက်ထားပုံ၊ ခေတ်ပြိုင် လူမှု အကြောင်းခြင်းရာတွေနဲ့ ချိတ်ဆက်ထားခြင်း ရှိ မရှိ၊ နောက်ဆုံး ကျွန်တော့် ကဗျာဖတ်မှတ်လေ့လာမှု အတွေ့အကြုံ၊ အဲဒီလို အချက်အလက်မျိုးစုံနဲ့ ချိန်ထိုးတိုင်းတာပြီး နီယိုမော်ဒန် မျိုးကွဲ ( ၉) မျိုးထဲမှာ ထည့်သွင်းသတ်မှတ်လို့ ရ မရ ချင့်ချိန်စဉ်းစားပါတယ်။
                   အဲဒီလို လုပ်တဲ့ အခါမှာ ကျွန်တော် တစ်ဦးတည်းရဲ့ စဉ်းစားဆုံးဖြတ်ချက်ဟာ အနုပညာ အာဏာရှင် ဆန်ကောင်း ဆန်နေလိမ့်မယ်လို့ တစ်ခါတလေ တွေးမိပါတယ်။ အဲဒီတော့ နီယိုမော်ဒန် ကဗျာ အမျိုးအစား ခွဲခြားသတ်မှတ်ရတဲ့ အလုပ်ကို လုပ်ဖို့ ကျွန်တော် ၀န်လေးတွန့်ဆုတ်မိတာ အမှန်ပါ။ ဒါပေမဲ့ တချို့ လူငယ်ကဗျာဆရာတွေက အဲဒီ အလုပ်ကို ဆက်လုပ်ဖို့၊ နီယိုမော်ဒန် ကဗျာအညွှန်း/ ချဉ်းကပ်မှုတွေ ဆက်လုပ်ဖို့ တိုက်တွန်းနှိုးဆော်ကြတဲ့ အတွက် မဖြစ်မနေ ဆက်လုပ်ရပါတယ်။ တခြား ကဗျာအယူအဆ ကျွမ်းကျင်သူတွေ၊ ကဗျာချဉ်းကပ်တဲ့ အလေ့အကျင့် ရှိသူတွေ၊ မြန်မာကဗျာ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန် စေတနာ ထားသူတွေသာ ကိုယ် တတ်စွမ်းနိုင်သလောက် ၀ိုင်းဝန်းလုပ်ဆောင် ကြမယ် ဆိုရင်  တစ်ဦးတစ်ယောက်တည်းရဲ့ ပြောရေးဆိုခွင့် ဘောင်ကို ကျော်လွန်ပြီး အနုပညာ အာဏာရှင်ဆန်တဲ့ အခြေအနေကို ရှောင်ရှားလာနိုင်ကြလိမ့်မယ်လို့ တွေးမိပါတယ်။
# မောနွေ ( သို့ မဟုတ် ) Conceptual Neomodern အရေးအသားများ ပေါင်းစပ် ဖန်တီးသူ
                    အခု မောနွေ ဆိုတဲ့ နောက်ဆုံး မျိုးဆက်သစ် လူငယ် ကဗျာဆရာတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
                    မောနွေဆိုတာ ရန်ကုန် ကဗျာရွတ်ပွဲတွေမှာ " အလားအလာ အရှိဆုံး လူငယ်ကဗျာဆရာ " လို့ ကျွန်တော် ရည်ညွှန်း မိတ်ဆက် ပြောဆိုလေ့ ရှိတဲ့ ပထမဆုံး လူငယ်တစ်ယောက်ပါ။ ၂၀၁၀- ၂၀၁၁ ရန်ကုန်မြို့ပြရဲ့ အနုပညာနဲ့ လူမှုရေး စစ်မြေပြင်မှာ ကျွန်တော်၊ ၀ီရထက်နောင် တို့နဲ့အတူ ( ငပေ၊ ငတေ၊ ငလေ ) ဆိုတဲ့ ဘွဲ့တံဆိပ်တွေနဲ့ သွေးသောက်ကွန်မန်ဒိုတစ်ယောက်လို ရင်ဆိုင် ဖြတ်သန်းခဲ့ဖူးတဲ့ လူငယ်ကဗျာဆရာတစ်ယောက် ဖြစ်ပါတယ်။
                 သူ့ပုံစံက အသက် ၂၂ နှစ် အရွယ်၊ အသားဖြူဖြူ၊ အရပ်မနိမ့်မမြင့်၊ လူစိမ်းတွေနဲ့ဆုံရင် ကဗျာအကြောင်း သိပ်မပြောဘဲ Mr.Bean လို မျက်နှာပေးမျိုးနဲ့ အင်တာနက်ဟာသပုံပြင်တွေ၊ အရွှတ်အနောက် စကားတွေသာ အဆက်မပြတ် ပြောလေ့ ရှိသူ။ ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကား ခရေဇီ။ မိသားစု အခြေအနေကြောင့် အင်္ဂလိပ်စာမေဂျာ ဒုတိယနှစ်မှာ ကျောင်းထွက်ထားရပေမဲ့ အင်္ဂလိပ်စာနဲ့ အဆက်မပြတ်ဘဲ လက်ရှိနိုင်ငံရေး သတင်းဂျာနယ်တစ်စောင်မှာ ဘာသာပြန် အယ်ဒီတာ အလုပ်လုပ်နေသူ။ အပြောအဆို ယဉ်ကျေးရည်မွန်ပြီး လူမှုဆက်ဆံရေး ပါးနပ်လိမ်မာလွန်းအားကြီးလို့ ၀ီရထက်နောင်က သူ့ကို " လူလည် " လို့ Nick ပေးထားခြင်း ခံရသူ။
                 မောနွေဟာ သူ့ရဲ့ ပုဂလိက စိတ်ပိုင်းဆိုင်ရာ နာကျင်မှုနဲ့ လူမှုပြသနာတွေကို တခြားသူတွေ မရိပ်မိအောင် လျှို့ဝှက်နေထိုင်တတ်သူ ဖြစ်ပြီး လောကဓံတရားကို မချိပြုံးလေးနဲ့ တုံ့ပြန် ရင်ဆိုင်တတ်သူ ဖြစ်ပါတယ်။ လက်ထဲမှာ ငွေကြေး အပိုအလျှံရှိလာတဲ့အခါ တခြားလူငယ်တွေလို အပေါ်ယံဖက်ရှင်ပစ္စည်းတွေ ၀ယ်ယူဖို့ထက် ဖဆပလခေတ် ၀န်ကြီးချုပ် ဦးနု၊ ပန်းချီ ပိုပို၊ စာရေးဆရာ မင်းခက်ရဲ တို့လို သူ လိုချင်နေတဲ့ စာရေးဆရာတွေရဲ့ စာအုပ်စာတမ်းတွေကို ပြေးဝယ်ဖို့ စဉ်းစားတတ်သူ။ အယ်လ်ပီနဲ့ ဖလာ့ဖ်ကဗျာတွေကို သိပ် စိတ်ဝင်စားပုံ မပြဘဲ နီယိုမော်ဒန်နဲ့ ကွန်ဆက်ခြူရယ် ကဗျာဗေဒတွေကို စိတ်ဝင်တစား စူးစမ်းလေ့လာနေသူ လူငယ်တစ်ယောက်လည်း ဖြစ်ပါတယ်။
                 " ကျွန်တော် အသက် ၂၇ နှစ်လောက် ရောက်ရင် မြန်မာကဗျာနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့် ရှိသူတစ်ယောက် ဖြစ်လာဖို့ ရည်မှန်းထားတယ်။ အဲဒီ အချိန်ကျရင် နောက်ထပ် နီယိုမော်ဒန် ကြေညာစာတမ်း အသစ်တစ်စောင် ထပ်ထုတ်မယ်ဗျာ။ နီယိုမော်ဒန်အတွက် အစ်ကို ဘာမှ မပူနဲ့။ အစ်ကို သေသွားရင် ကျွန်တော် အဲဒါကို ဆက်လုပ်မယ် "
                 မောနွေက အဲဒီလို ရည်မှန်းချက် မြင့်မားပြီး ကျွန်တော့်ကိုလည်း သေတွင်းထဲ စိတ်ကူးနဲ့ မကြာခဏ ပို့တတ်တဲ့ ကဗျာညီငယ်တစ်ယောက်ပါ။ ၀ီရထက်နောင်၊ မောနွေ၊ နေအေဒီနဲ့ ကျွန်တော်တို့ကြားက လူမှုဆက်ဆံရေးက ချစ်ခြင်းမေတ္တာအပေါ်မှာ အခြေခံထားပြီး တကယ့် သွေးသားရင်းချာတွေလို စိတ်ထားကြတဲ့ သူတွေ။ မောနွေကို အပေါ်ယံ အကဲခတ်မယ်ဆိုရင် ဖက်ရှင်ဒီဇိုင်း ပုံမကျ ပန်းမကျနဲ့ ပေါ့ပျက်ပျက်စကားတွေကိုပဲ ပြောလေ့ရှိတဲ့ ချာတိတ်တစ်ယောက်အဖြစ်ပဲ မြင်ရပါလိမ့်မယ်။ သူ့ရဲ့ အနုပညာ အမြင် ကျယ်ပြန့်မှု၊ စာပေဗဟုသုတ ကြွယ်ဝမှု၊ အာဝဇ္ဇန်း ရွှင်လန်းမှု၊ တီထွင်ဆန်းသစ် ဖန်တီးနိုင်မှုနဲ့ ကဗျာအနုပညာအပေါ် ရူးသွပ် တပ်မက်ယုံကြည်မှုတွေက လူတွေ အလွယ်တကူ မမြင်နိုင်တဲ့ သူ့ အဇ္ဈတ္တနဲ့ အတွေးအခေါ်တွေ ထဲမှာ ပုန်းလျှိုးနေလေ့ ရှိပါတယ်။
                  မောနွေဟာ Internet User တစ်ယောက်ဖြစ်တဲ့အပြင်  စူးစမ်းလေ့လာလိုစိတ်လည်း ရှိတဲ့ လူငယ်ဖြစ်လို့ အနောက်ဥရောပမှာ နီယိုမော်ဒန် ပန်းချီနဲ့ ဗိသုကာတွေ ရှိတဲ့အကြောင်း ကျွန်တော့်ကို အစောဆုံး အသိပေးခဲ့သူလည်း ဖြစ်ပါတယ်။
                  သူနဲ့ ကျွန်တော် ပုဂိုလ်ရေး စတင်ထိတွေ့မိခါစ ၂၀၁၀ နှစ်လယ်ပိုင်းလောက်တုန်းကဆိုရင် ကဗျာမှာ သင်္ကေတတွေ အလွန်အကျွံသုံးစွဲတာနဲ့ ဆာရီရယ်ဆန်တဲ့ အရေးအသားတွေကို နှစ်သက်စွဲလမ်းတတ်သူ တစ်ယောက်ပါ။ နောက်ပိုင်းမှာ သူ့အရေးအသားတွေဟာ နီယိုမော်ဒန်ဘက်ကို သိသိသာသာ ရွေ့လျားလာတာ သတိပြုမိပါတယ်။
                  " အယ်လ်ပီနဲ့ နီယိုမော်ဒန် ပဋိပက္ခက အစ်ကိုတို့ ပရင့်တ်မီဒီယာမှာပဲ ဖြစ်ပြီး ပြီးဆုံးသွားတာမျိုး မဟုတ်ဘူး။ ကျွန်တော်တို့ မျိုးဆက်မှာလည်း အွန်လိုင်းပေါ်က လူငယ်တွေ ပဋိပက္ခတွေ ဆက်ဖြစ်ကြတယ်။ အယ်လ်ပီနဲ့ နီယိုမော်ဒန်က အယူအဆရေးရာမှာတော့ တကယ့်ကို ဆန့်ကျင်ဘက်တွေပဲ "
                   ကဗျာယဉ်ကျေးမှု အသစ်ကို တပ်မက်လိုလားတဲ့ မောနွေဟာ သူ အရင်က နှစ်သက်စွဲလမ်းခဲ့တဲ့ ဆာရီရယ် အရေးအသားတွေနဲ့ နီယိုမော်ဒန် အရေးအသားတွေကို ပေါင်းစပ်ပြီး စမ်းသပ်ရေးသားဖို့ စိတ်ကူးကြံစည်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပေါင်းစပ်ဖို့ မဖြစ်နိုင်တဲ့ ကဗျာအယူအဆတွေ ဖြစ်နေတာကြောင့် သူ စိတ်ကူးပုံဖော်ထားတဲ့ Surreal Neomodern ကဗျာအမျိုးအစားကို ဆက်လက် စမ်းသပ်ရေးဖွဲ့ခြင်းမပြုဘဲ နောက်ပြန်ဆုတ်ခဲ့ပါတယ်။
                   ဒါပေမဲ့ မောနွေဆိုတာ ကဗျာအရေးအသား အသစ်တွေ စမ်းသပ်ဖန်တီးဖို့ စိတ်အားထက်သန်တဲ့ လူငယ်တစ်ယောက်ပါ။
                   " Surneo စမ်းကြည့်ုလို့ အဆင်မပြေရင် Conceptual နဲ့ Neomodern ကို Remix လုပ်မယ်ဗျာ။ Conceptual Neomodern ပေါ့ "
                    နောက်ပိုင်းမှာ မောနွေဟာ Conceptual ဆန်တဲ့ အသိအမြင်နဲ့ စာသားတွေ၊ နီယိုမော်ဒန် အာရုံခံစားပုံနဲ့ တက္ကနစ်တွေပါဝင်တဲ့ စာသားတွေကို ရောနှောပေါင်းစပ်ပြီး ကဗျာတွေ ရေးသားလာပါတယ်။ သူ့ရဲ့ " အချစ် " ဆိုတဲ့ ကဗျာဟာ Conceptual Poetry ဘက်ကို တိမ်းညွတ်မှု ပိုများပြီး " သရဲတစ်ကောင်သာ နားမထောင်ခဲ့ဘူးဆိုရင်...... " ကဗျာက Conceptual Neomodern  ( Concepneo ) ကဗျာလို့ အမည်တံဆိပ်သစ်တပ်ပေးနိုင်တဲ့ နီယိုမော်ဒန် ကဗျာအမျိုးအစားသစ် ဖြစ်ပါတယ်။
                   အခု မောနွေရဲ့ Conceptual Neomodern ကဗျာအကြောင်း မဆွေးနွေးခင် " စက်ရုပ်လက်ရေး " ဆိုတဲ့ ကဗျာကို အရင် ဖတ်ရှုလေ့လာကြည့်စေချင်ပါတယ်။
စက်ရုပ်လက်ရေး  
by Maw Nwai on Thursday, December 8, 2011 at 4:41am ·
ဒီနေ့မှာ နေရောင်ခြည်ဆိုက်ရောက်မှုအားကောင်း
တစ်နာရီကို မိုင် ၃၀ မှ မိုင် ၄၀ အထိ စိတ္တဇ ပျံ့နှံ့တိုက်ခတ်နေ
ကမ္ဘာကြီး ၂၄ ဒီဂရီ ပြောင်းလဲတိမ်းစောင်း.....
အဲဒီစာကို ဘယ်သူပို့လိုက်သလဲ
ကျွန်တော် လူအဖြစ်ကွေးကောက်နေတုန်း ဘယ်သူ Click နှိပ်လိုက်သလဲ။
မြို့ထဲသွားတယ်
အောင်မြင်မှုက Bill Board နဲ့ LED မီးလုံးတွေနဲ့
အော်သံတွေ၊ ဟောင်းလောင်းပေါက်တွေ၊ ယောင်ကိုင်းနေတဲ့ မြေဆီလွှာတွေ
ခြောက်ခြားဖွယ် Classical တီးလုံးသံ၊
မျက်နှာဖုံးစွပ်ပြီး နမ်းကြတဲ့အခါ အမှန်တကယ်မထိတွေ့နိုင်တဲ့
နှုတ်ခမ်းနှစ်ခုရဲ့ ကွာဟခြင်းအတုအယောင်မှာ လူတွေဟာ အရသာရှိစွာ၊
လူငယ်တစ်ယောက်ဟာ မြင်ရတဲ့တစ်နေရာမှာ ဘာကိုစောင့်မျှော်နေပါသလဲ တဲ့
ပုခုံးကိုပုတ်ပြီးမေးလာရင် " ချစ်ခြင်းမေတ္တာ "
အလွတ်ကျက်ထားမလား မင်းနာမည် X
လူငယ်တစ်ယောက်ဟာ ကျွန်တော်
ကျွန်တော်ဟာ မသိကိန်းတစ်ခု၊ ဥပမာ - X ပေါ့ ။
လူအဖြစ်ဟာ အထီးကျန်ခြင်း/ကိုယ်တိုင်ပျောက်
ဆုံးနေခြင်း/နေ့ရက်များစွာ
တွေဝေခြင်းမြူခိုးများအကြားရော
က်ရှိနေရခြင်း
အဲဒီလို X အနေနဲ့တွေ့ရှိရတယ်
The Mist ဆိုတဲ့ ရုပ်ရှင်ကားကြည့်တုန်းက
ခရိုမိုဇုန်းထဲအထိ ဖြတ်ပြေးသွားတဲ့ ကြောက်ခြင်းတရားရဲ့ အသံ !
အသံ !
တချို့စကားလုံးတွေမှာ ကိုယ့်ကိုယ်ကိုယ် အသံဖြစ်စေနိုင်တဲ့ အစွမ်းရှိတယ်
မမ ရေ !!!
( ဘာမှမကြားရပါ )
မမနဲ့ ဝေးကွာခြင်းအပိုင်းအစများ၊ အက်တမ်များ၊ နယူးကလိယက်စ်များ
မမများ၊ လိင်စိတ်ကင်းမဲ့ခြင်းများ၊ စိတ်ကူးယဉ်များ၊
နောက်ဆုံးတော့ အားလုံးဟာ Being And Nothingness ။
ချစ်ခြင်းမေတ္တာဟာ Gaseous အဆင့်ကို ရွေ့လျားလာနေပါပြီ၊ သူ့အမည်ဟာ
Ph 7၊ O 2 ၊ H 2 O ... ဒါမှမဟုတ် ကျွန်တော့်လိုပဲ မသိကိန်းတစ်ခု - X
X ကြောင့် ကျွန်တော်ဟာ လူကုန်ကူးတာမကြိုက်ဘူး
ကျပ်မပြည့်တဲ့ ရူးကြောင်ကြောင်ညီမလေးကို လက်ဆွဲပြီး
သူရဲကောင်း X ဟာ အမှောင်လူသားတွေရှေ့မှာ ခုနှစ်စင်ကြယ်လို လင်းလက်လို့
X ဟာ ချစ်ခြင်းမေတ္တာ(သို့မဟုတ်) မသိကိန်းတစ်ခု
X ဟာ မြင်ရနိုင်တဲ့ကြယ် / မမြင်ရနိုင်တဲ့ အခိုးအငွေ့
အသက်ဓာတ်မရှိတဲ့ ဓာတ်ပုံတစ်ပုံထဲက မိန်းမတစ်ယောက်ရဲ့ ပါးပြင်နေရာကို
အသက်ရှိတဲ့ လူတစ်ယောက်က နမ်းရှိုက်လိုက်ခြင်းကို ကမ္ဘာကြီးက
အချစ်လို့ သတ်မှတ်ပေးပါ့မလား
အချစ်ဆိုတာ ဘာလဲ
ခင်ဗျားချစ်သူရဲ့ လက်သန်းလေးတစ်ချောင်းပြတ်သွား
ရင်
ခင်ဗျား လက်သန်းလိုက်ဖြတ်မလား၊
X ဟာ ခုတော့ ရိုဘော့ လုံးလုံး ဖြစ်ရပြီပေါ့
ရိုဘော့ တစ်ကောင်/တစ်ယောက်/တစ်ခု ရဲ့
တုံ့ပြန်မှု စနစ် လို " ထမင်းစားပြီးပြီလား " မေးခွန်းနံပါတ် - ၉၁၇၂
ညာဘက်ခြေထောက်ကို .... Newton အားနဲ့  ဘယ်ဘက်ခြေထောက်ကို  ..... Newton အားနဲ့
လမ်းလျှောက်မှု လေ့ကျင့်ခန်း၊
မိန်းမတစ်ယောက်ဆီက အချစ်ကိုမရရင် ဘာယူမလဲ
SEX လား   Fornucation Under Control of the King ကိုယူမလား
အားလုံးဟာ Program ခန်းမတစ်ခုထဲက
လူလွန်မသားတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေကြရတာ သေချာတယ်၊
ရိုဘော့ X ဟာ နေ့မနား၊ ညမနား ကိုယ့်ဖြစ်တည်မှုကိုယ် ပြန်စဉ်းစားတယ်
မြို့ပြထဲမှာ ကဗျာရေးတယ်၊ Email တည်ဆောက်ထားတယ်
Face book မှာ လှုပ်ရှားမှုတွေ လုပ်တယ်၊ ကဗျာတွေ ရေးတယ်
ရိုဘော့ X ခွမ်းခနဲအသဲကွဲတယ်
နောက်တော့ ရိုဘော့ X အားလုံးကိုအယုံအကြည်မရှိတော့ဘူး
Nihilist တစ်ယောက်ဖြစ်လာတယ်/ ဖြစ်ချင်လာတယ်
" မြို့ဟာ ချော်ရည်ပူတွေနဲ့ အက်ကွဲကြောင်းတွေနဲ့....." စတဲ့
ကဗျာတွေရေးပြီး ထွက်ပြေးတော့တယ်၊
ရိုဘော့ X မြို့ထဲမှာပျောက်ဆုံးနေတယ်
သူတည်ရှိနေရာနေရာကို GPS System နဲ့လည်း ရှာလို့မရပါဘူး
သူ့ဆီကို Message ပို့ပေးပါ၊ အာဟာရမျှဝေစားသုံးပါ၊ ချစ်ခင်ပေးပါ
ရိုဘော့ X ရဲ့ Expire Date က 6.6.2011
This is not Training .
ဒါအစမ်းလေ့ကျင့်နေတာ မဟုတ်ပါဘူး ။
ဒီနေ့မှာ နေရောင်ခြည်ဆိုက်ရောက်မှုအားကောင်းပါတယ် ( Robot - X ) ။
မောနွေ
New Style Magazine , 2011 December
                     စက်ရုပ်လက်ရေးကဗျာကို အပေါ်ယံဖတ်ရင် ခေတ်ပေါ်ကဗျာ အရိပ်အငွေ့မကင်းတဲ့၊ အကြောင်းအရာတစ်ခုတည်းကို ဦးတည်ရေးဖွဲ့ထားတဲ့ Semi- Neomodern ကဗျာလို့ ထင်မှတ်မှားနိုင်ပါတယ်။ တကယ်တော့ ဒီကဗျာဟာ ကဗျာဆရာရဲ့ အာရုံတွေ့ကြုံခံစားမှု၊ ကိုယ်ပိုင် အသိအမြင်၊ ပုဂလိက လူသားဖြစ်တည်မှု အာရုံမှောက်မှားထွေပြားနေပုံနဲ့ ကိုယ်ပိုင်အမှတ်အသားပျောက်ဆုံးမှုတွေကို ဖော်ထုတ်တင်ပြထားတဲ့ Expressive Neomodren ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။ စက်ရုပ်လက်ရေး ကဗျာစာသားတွေထဲမှာ အသည်းကွဲဝေဒနာ၊ ချစ်ခြင်းမေတ္တာအပေါ် အမြင်သစ်၊ လူမှုဝန်းကျင်အပေါ် အမြင်၊ ပုဂလိက ဖြစ်တည်မှု အနှစ်သာရ ပျောက်ဆုံးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အာရုံမှောက်မှား ပြိုကွဲနေခြင်း စတဲ့ အကြောင်းအရာတွေနဲ့ အာရုံခံစားမှုတွေ ရောနှော ပါဝင်နေပါတယ်။
                     စက်ရုပ်လက်ရေးကဗျာကို နီယိုမော်ဒန်ကဗျာတွေမှာ တွေ့ရလေ့ ရှိတဲ့ Fragments ( ပိုင်းစစိတ်မြွှာနေသော စာသားများ ) နဲ့ Fibrous Lines ( ချည်မျှင်ဆန်သော လိုင်းများ ) အပြင် ပင်မရေစီးခေတ်ပေါ်ကဗျာရေးဟန် တချို့လည်း ပေါင်းစပ်ရေးဖွဲ့ထားပါတယ်။ ခေတ်ပေါ်ကဗျာတုန်းကလို ၀င်္က၀ုတ္တိ သွယ်ဝိုက်ဖွဲ့ဆိုတဲ့ သဘော၊ အကွက်သဘောနဲ့ နိမိတ်ပုံ သင်္ကေတ အလွန်အကျွံ သုံးစွဲခြင်းတွေ အရိပ်အယောင် မမြင်ရတော့ပေမဲ့ တင်စားဖွဲ့နွဲ့တဲ့ ကဗျာဘာသာစကား သုံးစွဲမှု အနည်းငယ် ပါဝင်နေတာတော့ တွေ့ရပါတယ်။ ဥပမာ- စိတ္တဇ ပျံ့နှံ့ တိုက်ခတ်၊ တွေဝေခြင်း မြူခိုး၊ ယောင်ကိုင်းနေတဲ့ မြေဆီလွှာတွေ၊ အမှောင်လူသားတွေ ရှေ့မှာ ခုနစ်စဉ် ကြယ်စင်လို လင်းလက်လို့၊ အောင်မြင်မှုက Billboard နဲ့ LED မီးလုံးတွေနဲ့ စတဲ့ အသုံးအနှုန်းတွေဟာ ကဗျာဘာသာစကား အဖွဲ့အနွဲ့တွေပဲ ဖြစ်ပါတယ်။
                     Fragments သုံးစွဲမှု အနေနဲ့ " အော်သံတွေ၊ ဟောင်းလောင်းပေါက်တွေ၊ အက်တမ်များ၊ ဝေးကွာခြင်း အပိုင်းအစများ၊ နယူးကလီးယာ့စ်များ၊ မမများ၊ လိင်စိတ် ကင်းမဲ့ခြင်းများ၊ စိတ်ကူးယဉ်များ " စတဲ့ စာသား အပိုင်းအစတွေကို တွေ့ရပါတယ်။ Fibrous Lines တွေ အနေနဲ့ကတော့ အဓိပ္ပာယ် တစ်ဝက်တစ်ပျက်မှာ ရပ်တန့်ထားတဲ့ " အောင်မြင်မှုက Billboard နဲ့ LED မီးလုံးတွေနဲ့" လို စာသားမျိုးက အစ၊ အနက်အဓိပ္ပာယ် ပြီးပြည့်စုံတဲ့ အသွင်ဆောင်တဲ့ " ရိုဘော့တ် X ခွမ်းခနဲ အသည်းကွဲတယ်၊ ရိုဘော့တ် X ဟာ နေ့မနား ညမနား ကိုယ့် ဖြစ်တည်မှု ကိုယ် ပြန်စဉ်းစားတယ် " စတဲ့ ၀ါကျတွေမှာ တွေ့ရပါတယ်။
                     စက်ရုပ်လက်ရေး ကဗျာထဲက လူငယ် ( သို့မဟုတ်) ကဗျာဆရာဟာ အသည်းကွဲနေတယ်။ ချစ်ခြင်းမေတ္တာနဲ့ ဆိုင်တဲ့  စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေ အသွင်ပြောင်း/ ပြိုကွဲပုံပျက်နေတဲ့ အခြေအနေကို မျက်မှောက်ပြု ကြုံတွေ့နေရတယ်။ အဲဒီ အာရုံတွေ့ကြုံခံစားမှုတွေကို သူ ဘယ်လိုစာသားတွေနဲ့ ပုံဖော်ပြထားသလဲ။
                     " ချစ်ခြင်းမေတ္တာဟာ Gaseous အဆင့်ကို ရွေ့လျား လာနေပါပြီ
                    သူ့နာမည်ဟာ PH7, O2m H2O ဒါမှ မဟုတ် ကျွန်တော့်လိုပဲ မသိကိန်းတစ်ခု X "
                    လူသားသမိုင်း အစဉ်အဆက် တန်ဖိုးထား ကိုးကွယ်ယုံကြည်ခဲ့ကြတဲ့ ချစ်ခြင်းမေတ္တာ ဆိုတဲ့ အရာဟာ ရုပ်ဝတ္ထုပစ္စည်းအသစ်အဆန်းတွေနဲ့ နည်းပညာ တိုးတက်ပေါက်ကွဲမှုကြောင့် လူသားတွေရဲ့ သဘောထားအသိအမြင်တွေ ပြောင်းလဲလာတာနဲ့ အမျှ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးအဖြစ်ကနေ ရုပ်ဒြပ်ပစ္စည်းအဆင့်/ ဓာတ်ငွေ့အခြေအနေ ဒါမှမဟုတ် ဘာမှန်း သေချာရေရာ မသိရတဲ့ အခြေအနေဆီ လျှောကျ အသွင်ပြောင်းလဲနေပြီလို့ ကဗျာဆရာက ပြောနေပါတယ်။ ကျွန်တော်တို့ အသက်ရှင် ဖြတ်သန်းနေရတဲ့ ခေတ်ပြိုင် လူမှု အဖွဲ့အစည်းထဲမှာ ချစ်ခြင်းမေတ္တာဟာ အမှိုက်၊ ချစ်ခြင်းမေတ္တာဟာ လိင်လိုအင်ဆန္ဒရဲ့ ချစ်စနိုး နာမည်ပြောင်လို့  တချို့လူငယ်တွေ ( အမှန်က ကျွန်တော် ကိုယ်တိုင် ) က ပြောင်းလဲယူဆလာကြပြီး တချို့ကလည်း အချစ်ဆိုတာ စိတ်ရောဂါတစ်မျိုးပဲ လို့ အမြင်ပြောင်းလဲ ယူဆလာကြပါတယ်။
                   အဲဒီလို ခေတ်ကြီးထဲမှာ ကဗျာဆရာ မောနွေက " မိန်းမတစ်ယောက်ဆီက အချစ်ကို မရရင် ဘာယူမလဲ Sex လား " လို့ မေးခွန်းထုတ်ထားပါတယ်။
                   ချစ်ခြင်းမေတ္တာအပေါ် စိတ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုတွေ ပုံပျက်ပြိုကွဲနေတဲ့ ခေတ်အခြေအနေထဲမှာ ကဗျာဆရာက " သူ့ဆီကို Message ပို့ပေးပါ၊ အာဟာရ မျှဝေ စားသုံးပါ၊ ချစ်ခင်ပေးပါ၊ ရိုဘော့တ် X ရဲ့ Expire Date က 6.6.2011 " လို့ ချစ်ခြင်းမေတ္တာကို အော်ဟစ်တောင်းဆိုနေပါတယ်။ ခရိုမိုဇုန်းတွေထဲအထိ ဖြတ်ပြေးသွားတဲ့ အက်ဒွပ် မန့်ခ်ျရဲ့ အော်သံလို အဲဒီ အသံဟာ ခင်ဗျားတို့ရဲ့ စိတ်နှလုံးသားနဲ့ အသိအမြင်ထဲကို  နည်းနည်းလေးမှ အဖျားခတ် ၀င်ရောက်မလာဘူးလား။ ဒါဆိုရင်တော့ ခင်ဗျားရဲ့ စိတ်နှလုံးသားဟာ ဘယ်လို ကိုယ်ချင်းစာတရားမျိုးနဲ့ လူသားချင်းစာနာထောက်ထားမှုကိုမှ မသိမမြင်နိုင်တဲ့ မှောင်မိုက်နေတဲ့ နှလုံးသားပဲ ဖြစ်လိမ့်မယ်။
                  ကဗျာဆရာကတော့ တကယ်လို့ ချစ်ခြင်းမေတ္တာကိုသာ သတ်မှတ်ထားတဲ့ နေ့ရက် အချိန်မီ မရခဲ့ဘူးဆိုရင် ကဗျာဆရာ ( ဒါမှမဟုတ် ) ရိုဘော့တ် X ဟာ သေဆုံးကွယ်လွန်သွားရတော့မယ်လို့ သူ့စိတ်ထဲမှာ ထင်ယောင်ထင်မှား ဖြစ်လာနေပါတယ်။
                  စက်ရုပ်လက်ရေး ကဗျာထဲမှာ လူ့ အဖွဲ့အစည်း / လူ့လောကနဲ့ ဆိုင်တဲ့ အမြင်ကို ၀ါကျရှည်တစ်ကြောင်းတည်းနဲ့ နာနာကြည်းကြည်း ၊ ပက်ပက်စက်စက် ဝေဖန်သုံးသပ်ထားတာကိုလည်း တွေ့ရပါတယ်။
                  "  အားလုံးဟာ Program ခန်းမ တစ်ခုထဲက
                       လူလွန်မသားတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေကြရတာ သေချာတယ် "
                   ကဗျာစာသားထဲက လူလွန်မသား ဆိုတာ ကမ္ဘာလောကို ဖန်တီးသူ တန်ခိုးရှင်၊ စူပါမန်း၊ အာဏာရှင် တစ်ဦးဦး/ အစိုးရ အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက် စ သဖြင့် ကဗျာဖတ်သူစိတ်ထဲ ဘာမဆို ဖြစ်နေနိုင်ခြေ ရှိအောင် အနက်ထွေပြားေ၀၀ါးတဲ့ သဘော ( Ambiguity ) ဆောင်နေတာ တွေ့ရပါတယ်။ ကဗျာဖတ်သူအနေနဲ့ လူလွန်မသား စကားလုံးရဲ့ အနက်ကို ဘယ်လိုပဲ ပုံဖော်ကောက်ယူသည် ဖြစ်စေ၊ ကမ္ဘာလောက/ လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ  တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ရာရဲ့ ထိန်းချုပ်မှုကို ခံနေရတယ် ဆိုတဲ့ အမြင်ကို သတိပြုမိကြဖို့ပဲ အရေးကြီးပါတယ်။
                    စက်ရုပ်လက်ရေးကဗျာမှာ ချစ်ခြင်းမေတ္တာနဲ့ ကဗျာဇာတ်ကောင် ကျွန်တော်ကို မသိကိန်း X နဲ့ ထပ်တူ ကိုယ်စားပြု ဖော်ပြထားသလို လု့အဖြစ်ကိုလည်း မသိကိန်း X နဲ့ပဲ ထပ်တူပြု အဓိပ္ပာယ် ဖွင့်ဆိုထားတာ တွေ့ရပါတယ်။
                   " လူ့အဖြစ်ဟာ အထီးကျန်ခြင်း/ ကိုယ်တိုင်ပျောက်ဆုံးနေခြင်း /
                     နေ့ရက်များစွာ တွေဝေခြင်း မြူခိုးများ အကြား ရောက်ရှိနေရခြင်း
                     အဲဒီလို  X အနေနဲ့ တွေ့ရှိရတယ် "
                     ၀ိုးးးးးးးးးးးးးးးး ဒါဆိုရင် ခင်ဗျားတို့ တန်ဖိုးထား စွဲလမ်း ဆုပ်ကိုင်ထားတဲ့ ချစ်ခြင်းမေတ္တာ၊ အာရုံမှားမှုအပေါ် အခြေခံထားတဲ့  အီဂို အတ္တ၊ အသိဥာဏ် မြင့်မား လှပါတယ် ဆိုတဲ့ လူသားဘ၀ဖြစ်တည်မှု အရာအားလုံးဟာ ဘာမှ မသေချာ မရေရာတဲ့ သဘော ( Uncertainty ) နဲ့ အဓိပ္ပာယ် အနှစ်သာရ မရှိတဲ့  ( Meaningless ) သဘောတွေပဲလို့ ကဗျာစာသားတွေက ပြောနေတာပေါ့။
                     ကဗျာဆရာက ပြောနေတယ်။
                     " နောက်ဆုံးတော့ အားလုံးဟာ Being and Nothingness "  တဲ့။
                      စက်ရုပ်လက်ရေးကဗျာမှာ   အထင်ရှား အမြင်သာဆုံး အကြောင်းအရာက " ပုဂလိက လူသားဘ၀ ဖြစ်တည်မှု အစစ်အမှန်နဲ့ ကိုယ်ပိုင်အမှတ်အသားပျောက်ဆုံးနေမှုကို Robot- X အသွင်နဲ့ ရောထွေးဖော်ထုတ် တင်ပြနေခြင်းပဲ ဖြစ်ပါတယ်။ ကဗျာထဲက ဇာတ်ကောင် Robot-X ဟာ ကဗျာဆရာ အစစ် ကိုယ်တိုင်လား၊ ဒါမှ မဟုတ် အာရုံထင်ယောင်ထင်မှား ဖြစ်နေတဲ့ ၊ စိတ်ကူးအိပ်မက်ဆန်တဲ့ ဖြစ်တည်မှု အတုအယောင်လား။ Robot- X ဟာ နေ့မနား ညမနား သူ့ ဖြစ်တည်မှု သူ ပြန်စဉ်းစားနေတယ်။ Robot- X ဟာ မြို့ပြထဲမှာ ကဗျာရေးတယ်။ Email တည်ဆောက်ထားတယ်။ Robot- X ဟာ အဲဒီလို ကဗျာတွေ ရေးပြီး လူမှုဝန်းကျင်နဲ့ လူ့ အဖွဲ့အစည်းရဲ့ ဝေးရာကို ထွက်ပြေးနေတော့တယ်။
                      " ရိုဘော့တ် X မြို့ထဲမှာ ပျောက်ဆုံးနေတယ်
                        သူ တည်ရှိရာ နေရာကို GPS System နဲYလည်း ရှာလို့ မရပါဘူး "
                        စက်ရုပ်လက်ရေးကဗျာထဲမှာ Robot- X ဟာ သူ့ကိုယ်သူလည်း ပျောက်ဆုံး၊ တခြားလူတွေကလည်း သူ ပုဂလိက ဖြစ်တည်ရှိနေတဲ့ နေရာအတအကျကို ကို နောက်ဆုံးပေါ် နည်းပညာ GPS System နဲပလည်း ခြေရာခံ စုံစမ်း ရှာဖွေလို့ မရ။ အဲဒီလို ပုဂလိက ဖြစ်တည်မှု ပျောက်ဆုံးနေသလို ခံစားနေရတဲ့ လူသားတစ်ယောက်ရဲ့ အတွင်းစိတ်ခံစားမှုတွေကို စက်ရုပ်လက်ရေးကဗျာထဲမှာ တွေ့ရပါတယ်။ ဒါ့အပြင် Robot- X ကို ကဗျာဇာတ်ကောင်အဖြစ် ဖော်ထုတ်တင်ပြထားခြင်းဟာ ဒီနေ့ ခေတ်ပြိုင် လူ့အဖွဲ့အစည်းထဲက လူသားဆန်မှုနဲ့  စက်ရုပ်ဆန်မှု ရောထွေးနေတဲ့ ခေတ်သစ်လူသားတွေရဲ့ စရိုက်သဘာဝနဲ့ သွင်ပြင်လက္ခဏာတွေကို ရည်ညွှန်းသလို ဖြစ်နေတယ်လို့ မြင်မိပါတယ်။
# မောနွေရဲ့ Conceptual Neomodern ကဗျာတစ်ပုဒ်
                     အခု ကွန်ဆက်ခြူရယ် ဆန်တဲ့ အရေးအသားတွေနဲ့ နီယိုမော်ဒန်ဆန်တဲ့ အရေးအသားတွေ ကို ပေါင်းစပ်ရောနှောရေးသားထားတဲ့ မောနွေရဲ့ Conceptual Neomodern  ကဗျာတစ်ပုဒ်ကို ဖတ်ရှုလေ့လာ ကြည့်စေချင်ပါတယ်။
သရဲတစ်ကောင်သာ ခိုးနားမထောင်ခဲ့ဘူးဆိုရင်။ မနေ့ညနေက ငါပြောခဲ့တာတွေ မင်းမှတ်မိမှာမဟုတ်ဘူး၊ အန်းဂရီးဘဒ်လေးတစ်ကောင်ဖမ်းမိတယ်
အာတိတ်သမုဒ္ဒရာရဲ့ အေးစက်မှုနဲ့ ပူနွေးတဲ့လူသားဖြစ်မှုမှာ ဝေါဒစ်စနေးအိပ်မက်တွေကို 
လှေကားထစ်စိုက်ပျိုးနည်းစနစ်နဲ့ ပုံရိပ်ဒေါကျူမင်ထရီတို့ ဝတ်မှုန်ကူးကြ သစ္စာဟာ Pop-Art အသွင်
ဖြစ်တည်မှုနဲ့ အနည်ထိုင် အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်းများတဲ့ အဖျော်ယမကာလောကညနေမှာ 
မနေ့ကငါပြောခဲ့တာတွေ မှတ်မိသေးလား ငါဘာတွေပြောခဲ့လဲ မင်းမမှတ်မိတော့တာ ကောင်းတယ် 
နားစည်ရဲ့ အဓိပါယ်ဟာ အာဘွားတဲ့ ဘယ်သူမှမသိဘူးဆိုတဲ့အရာ နိုင်ငံတော်ဘတ်ဂျက်ကိုတောင် 
အတိအလင်း ဖွင့်ဟကြေညာနေပြီ ပညာရေးနဲ့ကျန်းမာရေးကဏ္ဍမှာ ဘယ်နိုင်ငံကမှ ဘတ်ဂျက်ထဲက 
၃၀ ရာခိုင်နှုန်းမသုံးဘူး မနေ့ညနေကအကုန်လုံးသုံးပစ်လိုက်တဲ့ ပိုက်ဆံတွေ မင်းမမှတ်မိတော့ဘူး 
၂၀၂၀ ရောက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ရေအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းဟာ ပျောက်ကွယ်သွားတော့မယ် 
မနေ့ကညနေက ငါပြောခဲ့တာတွေ မှတ်ဥာဏ်ထဲကွယ်ပျောက်သွားတာ အမြှုပ်တစီစီ မဟုတ်လား 
ဘဝမျှော်လင့်ချက်ကိုအတိတ်မေ့သွားတဲ့အမေက ညတွေညတွေမှာ အိပ်ပျော်အောင်အိပ်စေချင် မျှော်လင့်ချက်နဲ့ 
ဘဝဟာ တစ်ဦးနဲ့တစ်ဦး မမေ့နိုင်ရာသက်ပန် ဖြစ်စေချင်လို့ မနက်မှာ နှိုးဖြစ်အောင်နှိုးပေးဖို့ အမေ့ကို 
အလုပ်မှာ ၁၅ မိနစ်နောက်ကျရင် ၁၀၀၀ ဖြတ်ခံရတယ် မင်းပိုက်ဆံအိတ်ထဲက ဓာတ်ပုံဆိုက်ဇ်ကို 
ငါကြီးကြီးလုပ်ပေးခဲ့သင့်တယ် ငါတွေးတာမင်းမှတ်မိမှာမဟုတ်လောက်ဘူး ပိုက်ဆံအိတ်အတွင်းအိတ်အပေါ်ဆုံးက 
ပိုက်ဆံရဲ့ထိပ်ဆုံးက ဂဏန်းကိုငါအလွတ်ကျက်ကျက်ထားတတ်တယ် မင်းမှတ်မိလား 
အဓိကက မင်းဘာမှ မနေ့ညနေက ပြန်မမှတ်မိဖို့ပဲ ငါ့မျှော်လင့်ချက်က ခုတလော 
ဖတ်ဖြစ်လိုက်တဲ့ Rachel Zolf ရဲ့ ကဗျာတစ်ပုဒ်အဖွင့်ပိုဒ်မှာ ဥပုသ်နဲ့ဂျီဟဒ်အကြောင်းပါတယ်
အဲဒါကို ညနေက ငါပြောပြခဲ့တာကို မင်းမမှတ်မိဖို့ပဲ ဘတ်နာ့ဒက်မေယာတောင် အသက်ကြီးလာတော့မေ့သေးတာပဲ 
၂၀၁၁ စက်တင်ဘာက ကဗျာဆရာငြိဏ်းဝေရဲ့ ထုတ်ဝေမှု ခေတ်ပြိုင်အနုပညာဟာ ပြိုင်ဖို့မဟုတ် 
ပြိုင်တာဟာ I ကိုတည်ဆောက်တာ မော်ဒန်တွေရဲ့ လုပ်ရိုးလုပ်စဉ် ခေတ်ပြိုင်က I ကို ဒီကွန်စထရပ်
လုပ်တာ ဒီကွန်စထရပ်ဆိုကတည်းက အစကတည်းကမလုပ်ခဲ့ရင်အကောင်းသားလို့  အတွေးအခေါ်မှာ
Suggestion မပေးလိုက်နဲ့ ငါငါငါဒီကွန်စထရပ်လုပ်ခဲ့တာတွေ မင်းမမှတ်မိတာကောင်းမယ်
မှတ်မိသလောက် ဒီဘက်ခေတ်မှာ မြန်မာခေတ်ပြိုင်ကဗျာဆရာမ ရှားပါးလာမှုအပေါ် ဘယ်လိုသဘောရလဲ 
ကိုရီးယားလူမျိုး အမဲရစ်ကန်ကဗျာဆရာမ မြောင်မီကင်ရဲ့ Under Flag ကဗျာ
ကျွန်ုပ်တို့ဟာ ကိုယ်တိုင်မသိ၊ မမြင်ရတဲ့ တည်ဆောက်ခံတံတားတွေပေါ် ဖြတ်သန်းနေကြရတုန်း 
ငါတို့ကို ဘူတာကြီးကုန်းကျော်တံတားပေါ်မှာ ကောင်လေးတစ်ယောက် သင်္ဃန်းကျွန်းပြန်ဖို့ 
လမ်းစရိတ်မရှိတော့လို့ ပိုက်ဆံတောင်းမလိုလုပ်တာ လွှတ်တော်မှာ ပြည်သူတွေဝင်ငွေတိုးလာဖို့အတွက် 
လွှတ်တော်ကိုယ်စားလှယ်တွေကို ဘယ်လိုမေးခွန်းတွေ မေးစေချင်လဲ ငါဘာမေးရင်ကောင်းမလဲ 
မင်းကိုမနေ့ကပြောတဲ့အထဲမှာ မင်းမမှတ်မိတော့တာလား ဘာလား တစ်ခါတလေမှာ ဘယ်သူမှမသိတဲ့ 
စိတ်ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အပ်ကြောင်းထပ်နေတဲ့ မေးခွန်းနဲ့ တစ်ယောက်တည်း ထရော်မာကမ္မဌာန်း
အရသာခံရတာကို ငါကြိုက်တယ် မကြိုက်ဘူးဆိုတာ ကွန်ဆက်မဲ့ဇုန်ထဲရောက်ရောက်သွားလို့ စကြဝဠာရဲ့ password လည်းငါဖွင့်မကြည့်ရဲဘူး ငါ့ကိုမမေးနဲ့ ကဗျာစာအုပ်နဲ့ Tripod ကဗျာအမှာစကား မကြားချင်မှ မပြောချင် ငါပြောချင်မှ ပြောခဲ့တာတွေ မှတ်မှတ်မထားနဲ့ ဆာရီယာယ်သစ်သီးစားပြီး အဆင်ပြေသလိုဆက်ဆံကြပလေ့စေ မင်းမှတ်ထားတတ်တဲ့အကျင့်မရှိဘူး ဥာဏ်ကိုပေးမတွေ့နဲ့လူအများနဲ့ဆက်ဆံရတာ ခက်ခဲတယ် ဒီလိုပဲ လမ်းစံပယ်နန်းလယ်ပန်းအလယ် မပေါ်ခိုက်ဟာမို့ ငါပေးတဲ့လက်ဆောင်မှာ ဗဟုမျက်နှာအပြားတွေနဲ့ စက်မှုသစ်သီးထဲမှာ ထက်ခြမ်းခွဲလိုက်ရင် အိုင်းစတိုင်းရဲ့သီအိုရီလည်း ဘဝဆိုတာ မရှိ/မသိ
မောနွေ
23.2.2012-24.2.2012
                      ဒီကဗျာထဲက " ငါ " ဟာ ကဗျာဆရာကိုယ်တိုင် ဒါါမှ မဟုတ် ကဗျာဆရာရဲ့ အဇ္ဈတ္တ ဖြစ်တည်မှု အီဂိုကို ကိုယ်စားပြုထားတဲ့ " နာမ်စား " တစ်ခုသာ ဖြစ်ပြီး " မင်း" ဆိုတဲ့ နာမ်စားကတော့ Angry Bird လို့ Nick ပေးထားတဲ့ ကဗျာဆရာရဲ့ ချစ်သူ ကောင်မလေး ဖြစ်ပါတယ်။ ( အဲဒီ ကောင်မလေးရဲ့ ပါးနှစ်ဖက်ကို မျက်နှာရှေ့တည့်တည့်ကနေ လက်နဲ့ဖျစ်ညှစ်လိုက်ရင် Angry Bird ငှက်ရုပ်လေးနဲ့ ချွတ်စွပ် တူပါတယ်။မယုံ မရှိပါနဲ့။ :P )
                      ဒီဆောင်းပါးမှာ Angry Bird ကဗျာကို Criticize နဲ့ Appreciate သီးခြား မလုပ်တော့ဘဲ ကဗျာဖတ်သူတွေ ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာ လေ့လာခံစားလို့ ရနိုင်အောင် သဲလွန်စတွေပဲချန်ထားပေးခဲ့ချင်ပါတယ်။ဒီကဗျာစာသားတွေနဲပ ပတ်သက်ပြီး ခင်ဗျားတို့ကို ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ အလုပ်ပေးချင်တာကတော့-
                     ( ၁ ) ကွန်ဆက်ခြူရယ် ဆန်တဲ့ အရေးအသားတွေနဲ့ နီယိုမော်ဒန် ဆန်တဲ့ အရေးအသားတွေကို သီးခြားဆီ ခွဲထုတ်ပြီး ကဗျာစာသားတွေ ဖွဲ့စည်းတည်ဆောက်ထားပုံကို အသေးစိတ် ကြည့်ရှုပါ။
                      ( ၂ ) ကွန်ဆက်ခြူရယ် ဆန်တဲ့ အရေးအသားတွေထဲမှာ နိမိတ်ပုံ သင်္ကေတ  အလွန်အကျွံ သုံးစွဲထားတဲ့ ကဗျာဘာသာစကားတွေ အသုံးပြုထားတာကို သတိပြုပါ။
                      ( ၃ ) နီယိုမော်ဒန်ဆန်တဲ့ အရေးအသားတွေထဲမှာ ရိုးရှင်းလွယ်ကူတဲ့ အရပ်ပြောဘာသာစကား ( Unequivocal Spoken Language ) တွေ သုံးစွဲထားတာကို သတိပြုပါ။
                       ( ၄ ) နီယိုမော်ဒန် နောက်ခံ အယူအဆတစ်ခု ဖြစ်တဲ့ ပုဂလိက အာရုံခံစားမှုနဲ့ ခေတ်ပြိုင် လူမှု အကြောင်းခြင်းရာတွေ ချိတ်ဆက်ဖော်ပြထားတာကို မြင်အောင်ကြည့်ပါ။
                       ( ၅ ) တွေးခေါ်ဆင်ခြင် သိမှုကို အခြေခံထားတဲ့ ကဗျာဆရာရဲ့ အသိအမြင်တွေ ပါဝင်နေတာကိုလည်း သတိပြုပါ။
                       ( ၆ ) တခြား ပင်မရေစီးခေတ်ပေါ်ကဗျာ၊အယ်လ်ပီ၊ နီယိုမော်ဒန်၊ဖလာ့ဖ်၊ စမ်းသပ်ကဗျာတွေ မှာ သိမြင်ခံစားဖူးတဲ့ ရသအလှနဲ့ ဒီ ကဗျာစာသားတွေဆီက ရရှိတဲ့ ရသအလှ ဘယ်လို ဘယ်ပုံ ကွဲပြားခြားနားမှု ရှိနေသလဲ၊ Aesthetic- Shift ( ရသအပြောင်းအလဲ ) ဘယ်လို လုပ်ထားသလဲ ချိန်ထိုးဆုံးဖြတ်ပါ။
                       ( ၇ ) တကယ်လို့ ဒီ ကဗျာစာသားတွေကို Conceptual Neomodern လို့ အမည်တံဆိပ် မကပ်သင့်ဘူးလို့ ထင်မြင်ယူဆမိရင် တခြားသင့်တော်မယ်လို့ ထင်ရတဲ့ ကဗျာ အမည်တံဆိပ်သစ် တစ်ခုခုကို ကဗျာဖတ်သူ ကိုယ်တိုင် သတ်မှတ်ပေးပါ။
                       လို့ အကြံပေးချင်ပါတယ်။
# နိဂုံး
                     ကဗျာ အနုပညာ လက်ရာတွေအပေါ် အမည်တံဆပ်တွေ သတ်မှတ်ခေါ်ဝေါ်တာ မကြိုက်တဲ့ တချို့ ကဗျာဆရာတွေရဲ့ စိတ်နေစိတ်ထားကို ကျွန်တော် ကိုယ်ချင်းစာ နားလည်ပေးနိုင်ပါတယ်။ ကဗျာတစ်ပုဒ် ဖန်တီးရေးသားနေတဲ့ အချိန်မှာ အဲဒီလို အမှတ်တံဆိပ်တွေ မလိုအပ်ဘူးဆိုတာလည်း အမှန်ပါပဲ။ ဒါပေမဲ့ ကဗျာ အနုပညာ လက်ရာတစ်ခုကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ ချဉ်းကပ် လေ့လာတဲ့ နေရာမှာတော့ အမှတ်တံဆိပ်နဲ့ ကဗျာအမျိုးအစားတွေ ခွဲခြားလေ့လာတာက ပိုမို ထိရောက်လွယ်ကူစေတယ်လို့ ကျွန်တော့် အတွေ့အကြုံအရ မြင်မိပါတယ်။
                    ပြီးတော့ " ကဗျာ " ကိုယ်တိုင်ဟာလည်း အနုပညာ အမျိုးအစား အမှတ်တံဆိပ် တစ်ခုပဲ ဖြစ်ပါတယ်။
                    တကယ်တော့ ကျွန်တော်တို့ အသက်ရှင်သန်နေထိုင်နေရတဲ့ ကမ္ဘာလောက လူမှုဝန်းကျင်မှာ အမည်တံဆိပ်/ အမှတ် သင်္ကေတ တွေဟာ ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်အောင် လွှမ်းမိုးခြယ်လှယ်နေကြပါတယ်။ လူတွေ ၀တ်ဆင်သုံးစွဲနေကြတဲ့ ဖက်ရှင်ပစ္စည်း၊ကော့စ်မက်တစ်ခ် ပစ္စည်းတွေ၊ အကျီင်္၊ဂျင်းန် ဘောင်းဘီ၊နာရီ၊ ဟန်းဖုန်း၊ မော်တော်ကား အရာ အားလုံးမှာ ကိုယ်ပိုင် အမှတ်တံဆိပ်တစ်ခုစီ ရှိနေကြပါတယ်။ အဲဒီလို ရုပ်ဝတ္ထု ပစ္စည်းတွေမှာသာမက ကျွန်တော်တို့ရဲ့ အတွေးအခေါ်၊အာရုံသိမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ယဉ်ကျေးမှု စတဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာလည်း အမှတ်တံဆိပ်/ သင်္ကေတတွေ လွှမ်းမိုးပါဝင်နေတာဟာ အမှန်တကယ် ရင်ဆိုင် ကြုံတွေ့နေရတဲ့ လူမှု အမှန်တရား တစ်မျိုးပဲ ဖြစ်ပါတယ်။
                     ဒါနဲ့ စကားမစပ်။
                     ခင်ဗျားအသိဥာဏ်ရဲ့ အမှတ်တံဆိပ် အမျိုးအစားက ဘာလဲ။
                     စာအုပ်စာပေတွေ ဖတ်မှတ် လေ့လာရာက ရရှိလာတဲ့ အသိဥာဏ်မျိုးလား။
                     ကိုယ်တိုင် တွေးခေါ်ဆင်ခြင်မှုကနေ ရရှိလာတဲ့ အသိဥာဏ်မျိုးလား။
                     ဒါမှမဟုတ် ဘာသာစကားလွန်၊ ဆင်ခြင်မှုလွန် အာရုံထိုးထွင်း သိမြင်မှုကနေ တစ်ဆင့် ရရှိလာတဲ့ အသိဥာဏ် အမျိုးအစားလား။
#  အော င် ရ င် ငြိ မ်း
27th December,2012
Tuesday, December 25, 2012
ကိုယ်ကြာပွတ်မကြိုက်ဘူး ကြင်နာမှု့ကြိုက်တယ် သိရဲ့လား
အရှိန်နဲ့ အပျော်ပေါင်းပြီး ပြေးထွက် လွတ်မြောက်လာတဲ့ မြစ်ပေါ် ရေကာတာပြုတ်ကျခံလိုက်ရသလို အသိစိတ် Brake ပေါက်သွားတဲ့ အထိပ်တလန့် Pro Slam ဘယ်ကောင် Play ဝင်နှိပ်လို့ပေါ်လာပြန်လဲ မသမာမှု့ လူသားရဲ့ခြေခမိုးက ဆန်တက်လာတဲ့ အတွေးသစ်က အရှက်ပြေ Status Update အဖြစ် ဖြစ်လာသလို
အာရုံစိုက်ဝင်တိုင်းမှာ Observe ရယ်ဖြစ်ကြတယ်။ကိုယ့်မှတ်ဥာဏ်က ရေတွေခဲတယ် ကျောက်တွေကွဲတယ်
ယူတို့အိုင်တို့က ပစ်ပေါက်စိုက်ပျိုးနည်းနဲ့ ထုံကူးခံရခြင်း အိပ်ရာအဝင်မှာ  နစ်ဝင်သွားတဲ့ နူတ်ခမ်းတွေအောက်က Closed with a slam
ဇီးကိုင်းမှာ ကျားလျှာတပ်ပြီး သွေးအေး Definition ကိုဆောင်းထားတဲ့ မင်းတို့လူမှု့ရေးအနှစ်ချုပ်က  Collaboration မရှိ ငါကျိုးကျနေချိန်တွေမှာ စာမလာ အကြောင်းမကြား ငါလက်ခံဖို့ ငြင်းပယ်နေရင်းက ရင်းထလာတဲ့ နာကျင်မှု့ Part I ရွံရှာခြင်း Part II နောက် ကျောမလုံတဲ့ Part III  အကောင်းမြင်စိတ်လက်ကျန်ကို နားထဲထည့်ကလော် အစပြန်ဖော်လိုက်မှ  မှတ်မိလာတဲ့ ဒိုင်မေးရှင်းသုံးခုနဲ့ ကျယ်ပြန့်မှု့ကို အဓ္ဓမတိုးချဲ့ထားသလို အယောင်ဆောင် ပိုင်နိုင်မှု့ကအစ တစ်ကိုယ်ရေ ပျက်စီးလိုမှု့အထိ ခွာလိပ်မယ့် မြင်းပေါ်မှာ ရှိသမျှ ခံနိုင်ရည် လောင်းကြေးအဖြစ် ပါသွားပြီ။အားကုန်တွန်းပြီးမှ မသိစိတ်ပေါ် ဖုတ်ဖက်ခါ အမောပြန်ဖြေမိ ပဲ့ကျလာတဲ့ အသားစတွေ လူမြင်ကောင်းရုံ ပြန်ဖာနေ
လက်ကမ်းရင် လက်လှမ်းရမယ်ဆိုတဲ့ Auto Response ဒီဘက်ခေတ်ရဲ့ အလွမ်းက
တစ်ယောက်ရင်ထဲ တစ်ယောက်တိုးဝင်လိုက်မှရေစီးသံ သာသလိုလိုနဲ့ တစ်ယောက်အကွယ်မှာ တစ်ယောက်သွေးကြောထဲ တစ်ယောက်ဖောင်ဖျက်ကြ ငယ်ဘဝနဲ့ကွာတာက ဘောင်းဘီနောက်တစ်ထပ် ပိုချွတ်ရတာပဲလို့ ငါဆိုရင် လတ်တလော Development သတင်းမှာ ညနေစာပါသွားပြီ။
သရုပ်မှန်ခြင်းမှာ ငြိကျန်ခံရသလို အလန့်တကြား Slam တွေမှာ ဝိညာဉ်ကို ပြန်ဖမ်းဖို့မလွယ်ဘူး အသံထွက်ကောင်းမွန်တဲ့ ငရဲအော်သံအလန်းစား application။
Puppet အနုပညာနဲ့ ပွန်းကားတွေ ဖန်တီးချင်စိတ်မဝင်ကြဘူးလား။
Message တွေ Miss Call တွေက Black List ထဲကနေ ကုန်းရုန်းထ မျက်ကြည်လွှာ တွေကိုဖြတ်နင်းပြီး Eardrumကို ပြန်လည်ခုန်ဟပ်နေတာတွေ
အိုင်ကျသွားတဲ့ မြေပေါ်မြေအောက်နဲ့ ယူထွက်သွားတဲ့ ကမ္ဘာတစ်ခြမ်းအထိ ပျော်ရွှင်မှု့ဝါဒီဟာ လူရာမဝင်သေးဘူးလုံခြုံမှု့အစစ်နဲ့ ဝေးနေသမျှကာလပတ်လုံး ကလုန်းတွေနဲ့ပဲ ကိုယ်က စု တု ပြု့တယ်။
နာကျင်မှု့ဆိုလည်းအတု ပျော်ရွှင်မှု့ကလည်း အတု အယောင်ဆောင်Milky Way တစ်ခုလုံးကို အပြီးသတ်စားသုံးခံလိုက်တော့မယ့်သေချာပုံမျိုးနဲ့စိတ်ရှည်လက်ရှည် ရှိနေချိန်တွေမှာ ဘာတွေကို ထိုးကြွေးမလဲ။စက္ကူယဉ်ကျေးမှု့နဲ့ ရေစက်လက်ဘဝတွေဟာ မထိစပ်ခင်မှာကို  ကီးချော် မနားတမ်းပြောရရင် ဝေးကွာခြင်းအလွန်မှာလည်း ပိုပြီးဝေးကွာခြင်းပဲရှိတယ်။
**ကဗျာခေါင်းစဉ်..ကိုစိုးမင်းအောင်ကဗျာစာသား**                                                                                                                                ဇက်ကကြိုး
ရန်သူ၊ ပြီးတော့ စုန်းမ ၊ နောက်ထပ်လာမယ့်ခေါင်းစဉ်အောက်မှာ ရှင်နဲ့ ကျွန်မဆိုတာ ကမ္ဘာ့ရန်
ဆိုပါစို့
အထက်ပါခေါင်းစဉ်၊ မကြာမီလာမည့် အောက်ပါအရေးအသား
ထိုအရာများနှင့် အတူတကွ ဦးတည်ဆွေးနွေးလိုသော သက်ရှိ
အမည် = အင်္ဂလိပ်အက္ခရာအစုအဝေးတွင် နောက်ဆုံးစာလုံးမှစတင်ရေတွက်လျှင် ဒုတိယမြောက်
ထို့ကြောင့် နာမည် Name [ equal ] “ Y ’’
အချိန်၊စာမျက်နှာနေရာ ၊ ပရိသတ်များစွာ သို့မဟုတ် အနည်းအကျဉ်းနှင့် သင် ၊                        
ထို့နောက် လူကြီးမင်း၊ ထို့နောက် ကျွန်မ နှင့် ရှင်  ၊ ထို့နောက် - - - - - - ထို့နောက်တွင် ၊
အိုကေ - Ready ပဲလား ဆိုတော့ ကျေးဇူးပြု၍နားဆင်ပါရှင် အသံမလွှင့် - စာတန်းမထိုး
ခပ်တိုးတိုးပဲ Flow တစ်ချို့ဆိုတာ ရှောခနဲ ထိုးလွှင့်သွားပါတယ်
ဘုရားသခင် - အဲဒီမှာ စတွေ့တော့တာပဲ ။`
[ က ] အကြောင်းအရာ = အရေးအသား = ကျွန်မပြောကြားလိုသော နိဒါန်း
 ကျွန်မရဲ့ဆိုလိုရင်းက နောက်ကျောကို ဓားနဲ့ထိုးခြင်း လို့ ဦးတည်ထားတယ်
သူ့အဆင်လေးကြည့်လိုက်တော့ ဟိုရက်ပ်သီချင်းထဲကလို လက်လက်ကိုထနေတာပဲ
ဟိုဟာပဲဆိုတော့ ဟင့်အင်း မဟုတ်ဘူးရှင် ဒီလိုပဲ မလန်းလန်းအောင် ဖလန်းထားတယ်
ကျွမ်းဆင်ပဲ - ဟိုဟာဒီဟာ ဘာညာအထာဆိုတဲ့ ခေတ်အဆင်တွေအကုန် ကျွတ်ဆင်ပဲ
နေ့မြင်ညပျောက် ဟောတစ်ယောက်ဟောတစ်ယောက် မော်ဒယ်လ်ဂဲလ်နာမည်တွေလို
ခပ်ရှေးရှေးပဲ - အဲမှားလို့ရှင့် ခပ်ရှည်ရှည်ပဲ ( ပဉ္စကလျာနီနွဲ့ပါးလျဒေ၀ီ ) ပေါ့ သူ့နာမည်
ကျွန်မက ရှင်လို စေတစ်လုံးပိုင်ရှင် သူဌေးသမီး အလန်းဖလန်း တစ်ယောက်မဟုတ်ဘူး
ကျွန်မက ရှင်လို ပြိုင်ကားတစ်စီးနဲ့ နုထွတ်၊ အု၊ အက်နေတဲ့ နေမထိ ပန်းတစ်ပွင့်မဟုတ်ဘူး
ကျွန်မက ရှင်လို ပဲဆီ၊ နှမ်းဆီ၊ Sexy ဒီဇိုင်းနဲ့ အီမို၊ Gothic ၊ Danger ဟန်ပန် ခေတ်ပေါ်
အသစ်ထွက်သမျှ ဂေါ်နေနိုင်တဲ့ ၂၁ ရာစုခေတ် Celebrity တုပ ကလုန်း တစ်ကောင်မဟုတ်ပြန်ဘူး
အဲဒါကြောင့် ကျွန်မဆိုတာ ကျွန်မပဲ - ရှင်ဆိုတာတော့ ရှင်ပေါ့ - သူဆိုတာလည်း သူပဲ[ သူ = ကျွန်မရဲ့ J ]
သူဆိုတာ ကျွန်မရဲ့မင်းသားလေး  နိုး - မဟုတ်ဘူး  ကျွန်မတို့ရဲ့လို့ နာမ်စားသုံးလို့မရဘူး
ရင်သပ်ရှုမောဒီဇိုင်းကောင်လေးဟာ ကျွန်မတရားဝင် Boy Friend ၊ လက်ရှိကာလတွင် သိပ်မသေချာ
သောအခါ - မိတ်ဆက်ပေးလိုက်သောအခါ - ကျွန်မရဲ့J နှင့် ရှင် သူငယ်ချင်းတွေဖြစ်ခဲ့ကြသောအခါ
ရှင် ပြောတယ် B>F>F - ကျွန်မနဲ့ရှင် တစ်ကယ် B>F>F - စည်းအထပ်ထပ်တော့စောင့်သင့်
အင် မ် - အခုတော့ အရပ်ရပ်နေပြည်တော် ကြားလို့မှ မသင့်တော် - အော - အော်
 Bell လုဖက်တဲ့  ရှင်နဲ့ကျွန်မဆိုတာ လုဖော်လုဖက်ပေါ့ - တက်ပြီ SHOCK ပဲ -
Snare နေ၀င်းရေးတဲ့ တက်ပြီ ရှော့ခ်ပဲ - စန္ဒီမြင့်လွင် ဆိုတဲ့ တက်ပြီ SHOCK ပဲ
အူနုကျွဲခတ်သွားတယ် - J ဆိုတဲ့ ဆန့်ကျင်ဘက်လိင်အတွက် ရှင်နဲ့ကျွန်မ ကျွဲခတ်ကြတယ်
ပြိုင်ကားလှလှလေးနဲ့မချုပ်နိုင်တော့လည်း ကျွန်မက ဆွေ့ဆွေ့ခုန်ပဲ - ဟောဒီလို စွေ့ခနဲ ခု န်
လူမသိသူမသိ ရှင့်တစ်ယောက်တည်းကျိတ်လို့ ပန်းစည်းလက်ဆောင် ခိုး စည်းတယ် ( J အတွက် )
ပါဆယ်ဝန်ဆောင်မှုကတစ်ဆင့် ပစ္စည်းပစ္စယ အလုံးစုံပို့တယ် ( သို့ - J ) နှင့် ခေတ်နောက်ပြန်ဆွဲလို့
ကျွန်မရဲ့ မင်းသားလေး J ၏ ကိုယ်ရေးကိုယ်တာ အချက်အလက် အသေးစိတ် လျှို့ဝှက်သိမ်းဆည်းလို့
E.g - များမှာ အောက်ပါအတိုင်း
            J ၀တ်ဆင်သော ဂျင်းဘောင်းဘီ၏ ဆိုဒ်အသီးသီး ( Alter – Style Pan – Skinny – Short Pan ….etc )
            J သုံးသော Cosmetic ပစ္စည်းများ၏ တံဆိပ်မျိုးစုံ
            J စီးနင်းသော ဖိနပ်မျိုးစုံ ဆိုဒ် ၊ တွင် မြန်မာဖိနပ်မှစ ရှုးအမျိုးမျိုးနှင့် ဂွင်းထိုး၊ အသေးစိတ်ပါမကျန်
            J ကြိုက်နှစ်သက်သော အစားအစာ၊ ဇာတ်လမ်းအမျိုးအစား ၊ သီချင်း ပုံစံ၊ ဇာတ်ကောင်
            J ----------- သော ၊ အို အမျိုးစုံ အမျိုးစုံ ပြောရင်းနဲ့သာ အချိန်ကုန်သွားမှာ တစ်ကယ့်အများကြီး
ဟားတိုက်ပြီးသာရယ်လိုက်ချင် - ဟင်း ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်ခြောက်ဆိုသလို
နောက်မှ ပေါက်တဲ့ရွှေကြာပင်က - အိုး  ပြောမပြောချင်ဘူးဆိုပြီး ပြောပြောနေရတာပဲ လိုက်လိုက်နေရတာပဲ
အင်တာနက်ယဉ်ကျေးမှုမှာ - အတင်းလိုက်ဆက်သွယ်နေတော့တာပဲ တန်ဖိုးနည်းခေါ်ဆိုခြင်းဖုန်းလိုင်းအတွင်းမှာ
ရှုပ်ယှက်ခတ်နေတော့တာပဲ - တစ်မျိုးပြီးတစ်မျိုး မရိုးနိုင် လုပ်ဇာတ်ရုပ်ရှင်ရိုက်ကူးနေခြင်းမှာ
အတင်းကာရောလိုက်ချုပ်နေတော့တာပဲ - J ဆိုတဲ့မင်းသားလေးရဲ့ အက်တင်အပြည့်ဆွဲဆောင်မှုမှာ
ရှင်က ကျွန်မရဲ့ J = ကိုဆိုတဲ့ ကောင်လေးကို အရမ်း အရမ်းဖြစ်လို့ - ( ကျွန်မ အတ္တကြီးခြင်း )
ကျွန်မကတော့ J နဲ့ တတ်နိုင်သမျှ အစေးကပ်အောင် ရှိစုမဲ့စု ချစ်ခြင်းတရားနဲ့ အသက်ဆက်တွယ်ကပ်လို့
အဲဒီလိုနဲ့ ကျွန်မနဲ့ရှင် ရှင်နဲ့ကျွန်မ ရှေ့ဆက်နေလိုက်ကြတာ အဖြစ်အပျက်ဆိုတာ ကမ္ဘာကြီးရဲ့ နှစ်ဆယ့်သုံး
နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ တိမ်းစောင်းလည်ပတ်မှုမှာ နေသားတကျကိုဖြစ်လို့ ။
 [ ခ ] အကြောင်းအရာ = အရေးအသား = ကျွန်မပြောကြားလိုသော စာကိုယ်
 ကျွန်မရဲ့ဆိုလိုရင်းက Modern ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ခေတ်ပေါ်ကောင်မလေးနှစ်ယောက် 
အချစ်အတွက်အားပြိုင်လေ့ရှိကြတဲ့အပြိုင်အဆိုင်ဇာတ်ဝင်ခန်းတစ်ချို့ကိုဒီနေရာရဲ့ ဒိုင်ယာလော့ခ်များ
နှင့်အတူထည့်သွင်းလိုခြင်း ဖြစ်ပါတယ် ။
ကျွန်မ    = (                    )
သူ         = [                    ]
(           ) = ကျွန်မ
[           ] = သူ
[ ဂ ] အကြောင်းအရာ = အရေးအသား = ကျွန်မပြောကြားလိုသော နိဂုံး
  ဆိုပါစို့
အထက်ပါခေါင်းစဉ်၊ မကြာမီလာမည့် အောက်ပါ နိဂုံးချုပ်အရေးအသား
ထိုအရာများနှင့် အတူတကွ ဦးတည်ဆွေးနွေးလိုသော သက်ရှိ
အချိန်၊စာမျက်နှာ(နေရာ) ၊ ပရိသတ်များစွာ သို့မဟုတ် အနည်းအကျဉ်းနှင့် သင် ၊
ထို့နောက် လူကြီးမင်း၊ ထို့နောက် ကျွန်မ နှင့် ရှင်  ၊ ထို့နောက် - - - - - - ထို့နောက်တွင်။        ။
B>F>F = Best Friend  Forever
ရန်သူ = တေးရေး ရွှေဂျော်ဂျော် + တေးဆို နီနီခင်ဇော်
စုန်းမ  = တေးရေး မင်းချစ်သူ + တေးဆို တင်ဇာမော်
ရွှေကိုယ်နတ်(UCSM)
[ 15.11.12 – 11:25 Am ]
ခေတ်ပေါ်အချစ်အကြောင်း အဓိပ္ပာယ်ဖွင့်ဆိုချက်အသစ်
အချစ်ဆိုတာ ပိုက်ဆံ၊ အချစ်ဆိုတာ မြေအိုးမြီးရှည်၊ အွန်လိုင်းစာမျက်နှာပေါ် အမြန်ရိုက်ထည့်လိုက်တဲ့ စာသား၊ ဟန်းဖုန်း ကိုင်ချင်တဲ့ ရောဂါ၊ သွယ်ဝိုက်ဖော်ပြသော ပူဆာမှု၊ တစ်နေ့ ဖာလူဒါတစ်ခွက် သောက်ချင်တဲ့ အာသီသ၊ အတွေးအခေါ်ထဲမှာ အမှိုက် မြူမှုန် တစ်စမကျန်၊ ဆေးကြောသန့်စင်ခံ ဦးနှောက်၊ အချစ်ဆိုတာ လိမ်လည်လှည့်ဖြားမှု၊ အချစ်ဆိုတာ လိပ်စာကတ်ပြားနောက်ကျောက အမည်မသိဖုန်းနံပါတ်တွေ၊ ရုပ်ဝတ္ထုနဲ့ အခွင့်အလမ်းနောက် ပြေးလွှားလိုက်ရင်း လမ်းမှာ ပြုတ်ကျကျန်ခဲ့တဲ့ ကိုယ်ကျင့်သီလ၊ ကျွန်တော် ကိုယ်တိုင်ရိုက်ပေးထားတဲ့ ဓာတ်ပုံလှလှလေးအောက်မှာ သူစိမ်းတစ်ယောက်နဲ့။
အချစ်ဆိုတာ စာသားချင်း အပြန်အလှန်မြှူဆွယ်သာယာတဲ့ လူမှုအလေ့အကျင့်၊ အချစ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ထားတဲ့ ယန္တရား၊ အချစ်ဆိုတာ အခြားတစ်ယောက်ရဲ့ ပိုက်ဆံအိတ်ထဲ တစ်စွန်းတစ်စ လှမ်းမြင်နေရတဲ့ ဘ၀အာမခံ၊ ဆေးဆိုင်မှာ အလွယ်တကူ ၀ယ်ရနိုင်တဲ့ ပဋိသန္ဓေ တားဆေး၊ facebook profile မှာ အိမ်ထောင်ရေးအခြေအနေမှန်ကို တမင်လျှို့ဝှက်ဖုံးကွယ်ထားခြင်း၊ ကြောင်းကျိုးမခိုင်လုံသော ဆင်ခြေများ၊ အများ မိုးခါးရေသောက်လို့မှ လိုက်မသောက်ရင် အရူးပဲ ဆိုတဲ့ ယဉ်ကျေးမှု။
ခေတ်ပေါ်စကားလုံးတွေ အဓိပ္ပာယ် ထွေပြား ပြောင်းလဲနေသလိုအချစ်ဟာလည်း အဓိပ္ပာယ်အသစ်တွေ ပြောင်းလဲနေပြီ သိရဲ့လား။
အချစ်ဆိုတာ အတိတ်မေ့ရောဂါ၊ အချစ်ဆိုတာ ဘာသာစကားကို အလှပဆုံး ဆော့ကစားခြင်း၊ အချစ်ဆိုတာ တစ်နေ့ သုံးကြိမ် စိတ်အပြောင်းအလဲ ဖြစ်မှု၊ အိပ်ရာပေါ် ဥပေက္ခာစိတ်နဲ့ ကျောခိုင်းအိပ်စက်ခြင်း၊ အတွင်းခံဘောင်းဘီလှလှ၊ ရင်သားအရွယ်အစားကို အမြင်အာရုံမှောက်မှားမှုဖြစ်စေတဲ့ ဘရာစီယာ၊ လျှို့ဝှက်ထားတဲ့ လူမှုရေးကွန်ယက်များ။
အချစ်ဆိုတာ သွေးသားပြောင်းလဲမှု၊ အချစ်ဆိုတာ နည်းမျိုးစုံနဲ့ ပြသနာလုပ်ခြင်း၊ ကျွန်မ အယူအဆကတော့ တစ်ညတာနဲ့ တစ်လစာ လဲသင့်ရင် လဲရမှာပဲ၊ ဘယ်လိုပဲ ခွဲခြမ်းစိတ်ဖြာကြည့်ကြည့် နောက်ဆုံးထွက်လာတဲ့အဖြေ ပိုက်ဆံ၊ အချစ်ဆိုတာ အသားစိုင်များအပေါ် မိမိကိုယ်ကိုယ် ယုံကြည်ချက်လွန်ကဲမှု၊ မူလလက်ဟောင်းထက် အမျိုးအစားပိုကောင်းတဲ့ ပစ္စည်းအသစ်တွေ ဈေးကွက်မှာ အဆင်သင့်၊ အသိုက်ပျက်တယ်ဆိုတာ ဒီခေတ်ထဲမှာ ဘာမှ မထူးဆန်း။
အချစ်ဆိုတာပိုက်ဆံသာရှိရင် ဆယ်ကျော်သက် အပျိုစင်လိုဖြစ်အောင် အချိန်မရွေး Virginity Repair  ပြန်လုပ်ပစ်လို့ ရတယ် ဆိုတဲ့အယူအဆ။
အောင်ရင်ငြိမ်း
၁၀ မေ ၂၀၁၀
Faces Magazine, 2010
အေဗရာဟမ် အောင်ရင်ငြိမ်း ( ရေးသူ= သူရနီ )
ကဗျာဆရာ သူရနီက ကျွန်တော့်ရဲ့ ဘ၀ဖြတ်သန်းမှု၊ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေနဲ့ ကဗျာတွေအပေါ် ချဉ်းကပ်ရေးသားထားတဲ့ ရသဆောင်းပါးတစ်ပုဒ်ပါ။ သူ ရေးပြီးထားတာ တစ်နှစ်နီးပါးလောက် ကြာပြီး ကျွန်တော့်လက်ထဲ ရောက်နေတာလည်း ကြာပါပြီ။ မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြီးမှ အွန်လိုင်းတင်ဖို့ စဉ်းစားထားပေမယ့် အချိန်ကြန့်ကြာနေတာကြောင့် အခု မူရင်းအရေးအသားအတိုင်း တင်ပေးလိုက်ပါတယ်။ ဒီ ဆောင်းပါးကို နွယ်နီ မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြဖို့ စီစဉ်ထားပါတယ်။ ဆောင်းပါးပါ ကျွန်တော့်လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ အပေါ် သူရနီရဲ့ အမြင်ဟာ ကျွန်တော် အိမ်ထောင်ပြိုကွဲစ အချိန်ကာလက အဖြစ်အပျက်တွေအပေါ် အခြေခံထားတာ ဖြစ်မယ်လို့ ယူဆရပါတယ်။
###
အေဗရာဟမ် အောင်ရင်ငြိမ်း ( သူရနီ )
ပင်လယ် ရေမျက်နှာပြင်ထက်မှာ ထိုးထွက်နေတဲ့ ကျောက်စွန်း၊ ကျောက်စွယ်များက သူ့ရဲ့ ကဗျာများ ဖြစ်လျှင် ကျွန်တ်ာတို့ မမြင်မတွေ့နိုင်တဲ့ ပင်လယ်ရေမျက်နှာပြင် အောက်ပိုင်းမှ ကျောက်တောင် ကျောက်စိုင်ကြီးကတော့ သူ့ရဲ့ ဘ၀ (Life) သာလျှင် ဖြစ်ပေတယ်။
အောင်ရင်ငြိမ်းရဲ့ ကဗျာစာသားများဟာ ဆင်ခြင်မှု၊ အသိ၊ လူသားကျင့်ဝတ် စည်းကမ်းကလနားများကို မီးကုန်ယမ်းကုန် ချိုးဖောက်ချဲ့ထွင်ခြင်းအမှုကို ပြုချင်လာတယ်။ ကြမ်းတမ်းပြီး စူးရဲလာတဲ့ အလျောက် သူ့ဘ၀အတွက် လိုအပ်ချက်များအပြင် မလိုအပ်သည်များကိုပါ ဖယ်ထုတ်ဖို့အရေး အလျဉ်း မ ကြိုးစားတော့ပေ။
ခံစားမှုနဲ့ ထပ်တူ နာကျင်မှု ဝေဒနာများလည်းပဲ အထင်းသားပေါ်လွင်လာခဲ့ပေတယ်။
သူ့ရဲ့ စိတ္တဇမှာ စွဲလောင်နေတဲ့ မီးက ဝေဒနာ၊ ကြေကွဲမှု၊ငွေကြး၊ သံသယစိတ်တွေအထိ ကူးစက်လောင်ကျွမ်းသွားလေတော့တယ်။
လူ့ကျင်ဝတ်၊ ကဗျာနဲ့ ပတ်သက်တဲ့ ဥပဒေသဆိုင်ရာများ၊ အလိုမပြည့်မှုများကလည်းပဲ သူ့အား နှိပ်စက်ကလူ ပြုသလို ဖြစ်လာပေတယ်။
ဒါပေမဲ့ သူ့အား တကယ်တမ်း နှိပ်စက်ခြင်းအမှုကို ပြုတဲ့ အရာများမှာ အခြားမဟုတ် သူ့ရဲ့ သံသယစိတ်များသာ ဖြစ်ပေလိမ့်မယ်။
( လုံးလုံးလျားလျား ) ထူးခြားတာက သူရေးတဲ့ ကဗျာတွေမှာ လိင်ကိစ္စအား ပြောင်ပြောင်တင်းတင်း အရွဲ့တိုက် ဖော်ပြလာခြင်းပင် ဖြစ်ပေတယ်။
သူရေးတဲ့ ကဗျာစာသားတွေထဲမှာတော့ မိုက်မဲစွာ ရရှိလိုက်တဲ့ လူ့ဘ၀ အစိတ်အပိုင်းအချို့ကို မြင်တွေ့နိုင်ပြီး သူ ရရှိလိုက်တဲ့ အတွေ့အကြုံများကလည်း သူ့ဘ၀ကို အပြင်းအထန် နာကျင်စေခဲ့ပြီ မဟုတ်ပါလား။
ဘ၀ဆိုတာ
ပျင်းရိ ငြီးငွေ့ဖွယ်ရာ သရုပ်မှန် ၀တ္ထုရှည် တစ်ပုဒ်ပဲ
ဝါကျတစ်ကြောင်း ပြီးဆုံးအောင်
အဓိပ္ပာယ်လှလှ မတည်ဆောက်နိုင်ခဲ့သူ လူတစ်ယောက်
သူ့ဘ၀ လှပအောင် ဘယ်လို အဓိပ္ပာယ်နဲ့ တည်ဆောက်နိုင်ပါ့မလဲ။
၎င်းတို့မှာ သူ့ရဲ့ စိတ်ကျရောဂါ ကဗျာထဲမှ စာသားများသာလျှင် ဖြစ်ပေတယ်။
ဘာမှ မရှိခြင်းကသာလျှင် ကောင့်းပြီး တစ်ခုခု ရှိနေခြင်းကိုပဲ မကောင်းတော့သလို သူ့ရဲ့ အနက်ရောင် ကံကြမ္မာကိုပဲ အပြစ်တင် ဆဲရေး အပြစ်ဖို့လိုက်ပြန်တယ်။
သူ့ရဲ့ ကဗျာများထဲမှာ တစ်ခါတစ်ခါ ကြောက်မက်ဖွယ်ရာ အထီးကျန်မှုများ၊ သူ့နံဘေးနား သူငယ်ချင်းများနဲ့အတူ စူးစူးရှရှ နာနာကျင်ကျင် အော်သံများက အိပ်မပျော်ဘဲ မက်နေတဲ့ သူ့ဘ၀ရဲ့ ခြောက်အိပ်မက်များပင် မဟုတ်ပါလား။
တစ်ဆက်တည်း ပြောရရင် လက်ရှိဘ၀ထဲကလည်း ခဏခဏ ထွက်ပြေးကြည့်မိတတ်ပေတယ်။
အဲဒီအခါမှတော့ ဘားဆိုင်တစ်ခုခု ( သို့မဟုတ်) Cyber Space ထဲသို့ ရောက်ရှိသွားတတ်တယ်။
သူ ရေးတဲ့ ကဗျာစာသားတွေထဲမှာတော့ လူနာတင်ကား၊ နောက်ဆက်တွဲ ဆိုးကျိုး၊ သွေးဆုံးနေတဲ့ မိန်းမများ၊ အောက်ဆီဂျင် မလုံလောက်မှု၊ အနက်ရောင်၊ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမှု၊ အသက်ရှင်ခြင်းကို ရွံရှာ စက်ဆုပ်မှုများ၊ လိင်စိတ်ကြွပုံရိပ်များ၊ အဖော်ကြဉ်ခွာမှု၊ စိတ်ပိုင်းဆိုင်ရာ အချက်အလက်များဟာ သူ့ဘ၀ရဲ့ နာကျင်ဖွယ်ရာ ဝေဒနာ ပြဇာတ်များမှာ အသုံးပြုလေ့ရှိတဲ့ ဆလိုက်မီးရောင်စုံတွေပဲ မဟုတ်ပါလား။
အဲဒါအပြင် မသိနိုင် မမြင်နိုင်တဲ့ အရပ်ဆီကို တွေဝေငေးမောရင်း သူ့ရဲ့ ခြောက်ကပ်ကပ် ချောင်းဟွတ်သံ အချို့ကလည်း အေးစက်အထီးကျန် လူအိုကြိးနံဘေးမှာ အမြဲတစေ ကပ်လိုက်နေတဲ့ ခွေးပိန်တစ်ကောင်နဲ့ပင် တူပါသေးရဲ့။
သူ့ရဲ့ အဇ္ဈတ္တကို သူကိုယ်တိုင် ထိတ်လန့်နေပြီး သူ့ စိတ္တဇမှာကား ဘယ်သို့မျှပင် ဖျောင်းဖျမရနိုင်အောင်လည်း ရှိတတ်ပေတယ်။
ပျော်ရွှင်မှု အချို့ ရလာခဲ့ရင်လည်း ကြာကြာမခံ။
သူ့ရဲ့ အပူခိုးရောင် အခိုးအငွေ့များကြားမှာ နာကျင်မှုဝေဒနာ အသိများရဲ့ တစ်စစီဖျက်ဆီးမှုကို ခံရပေတော့တယ်။
အဲဒီအခါ ဆင်ခြင်မှု အသိတရားများနဲ့ သူ့ကိုယ်သူ ကုသတတ်လေ့ ရှိတယ်။
ဒါပေမဲ့ မလုံလောက်ခဲ့ပါ။
သူ့ထံမှာ စီးပိုးနေတဲ့ နောက်ထပ်တစ်ချက်က ဆန့်ကျင်ဘက်လိင်များနဲ့ ပတ်သက်ပြီး ဒီကူးနင်းရဲ့ မိန်းမ စီးရီး( Woman Series ) ထဲကလို
ချစ်ခင်တပ်မက်စိတ်နဲ့အတူ ကြောက်ရွံ့နာကျင် အော်ဂလီဆန်မှုစိတ်များလည်း တစ်ပြိုင်နက်တည်း သူ့စိတ်မှာ ယှဉ်တွဲနေလေ့ ရှိတယ်။
မသိစိတ်ကလည်း သူ့ကိုယ်သူ သေနှင့်ပြီးသား လူတစ်ယောက်လို အမှောင်တစ်ဖက်ခြမ်းဆီကနေ သမုတ်ခဲ့ပြန်သေးတယ်။
သူ့ရဲ့ စိတ်ကစဥ့်ကလျား ဖြစ်မှုတွေထဲမှာ ငွေကြေးပြသနာ၊ အိမ်ထောင်ရေးရာ ကတုတ်ကျင်း၊ အန္တရာယ်နံ့ရနေတဲ့မျက်လုံးနီနီများ၊ စိုးရိမ်ထိတ်လန့်နေပြီး မလုံမခြုံသော စိတ်အခြေအနေရပ်များလည်း ပါကောင်းပါပေလိမ့်မယ်။
" နိုင်ငံတစ်နိုင်ငံရဲ့ ခေတ်ပြိုင်သမိုင်းနောက်ခံချင်းမတူရင် အနုပညာလက်ရာတွေရဲ့ ရုပ်ရည်သွင်ပြင်ကလည်း တူနိုင်စရာ အကြောင်း မရှိဘူး "
စတဲ့ စကားများကို ကြွေးကြော်သလိုပြုပြီး နီယိုမော်ဒန်ကဗျာဗေဒများကို တင်ပြလာခဲ့သူ တစ်ယောက်လည်း ဖြစ်ပေတယ်။
အောင်ရင်ငြိမ်းရဲ့ ကဗျာစာသားတွေထဲမှာ email address တွေ၊ အွန်လိုင်းပေါ်က သူငယ်ချင်းများရဲ့ စာသားတွေ၊ အပေးအယူအဆီအငေါ်မတည့်မှုတွေ၊ တိပ်နဲ့ ကပ်ထားတဲ့ ပါးစပ်ပေါက်တွေ၊ လျှို့ဝှက်သတင်းပေါက်ကြားမှုတွေ၊ ပဋိသန္ဓေ တားဆေးတွေ၊ ကိုယ်ဝန်ခဏခဏ ပျက်ကျမှုတွေ၊ ၀ါကျအပိုင်းအစ fragment များနဲ့ collage ဆန်ဆန် ရေးသားမှုတွေကိုလည်း တွေ့လာရတယ်။ မှန်ထဲမှာ ပေါ်နေတဲ့ လူမျက်နှာတွေမှာလည်း အချိုးပျက်ပြီး ရွဲ့စောင်းရှည်လျားကာ
ကြည့်ရှုသူကို တုန်လှုပ်ချောက်ချားစေခဲ့တယ်။ သူ့ရဲ့ ကဗျာများမှာ အနိဌာရုံ၊ မနှစ်မြို့ဖွယ်ရာ များနဲ့သာ ဖြန့်ကျက်အုပ်မိုးထားပြီး သူ့ရဲ့ အထီးကျန်စိတ္တဇ နာကျင်မှုအား သရုပ်ပိုမိုပေါ်လွင်စေခဲ့ပေတယ်။
မှန်ထဲ လူ့မျက်နှာ ရွဲ့စောင်းတွန့်လိမ်
ပလက်ဖောင်းပေါ် အရိပ် အချိုးပျက် ရှည်မျော
အဆိုးမြင်မျက်လုံးတွေ စွေစောင်းနေမလား
ဟိုမှာ မြို့ပြအမှိုက်တွေ ဖရိုဖရဲ
ခေတ်ပေါ်ပန်းပုရုပ်တွေ ဆွေးမြည့်အတွေးအခေါ်တွေ
ပုံပျက်ပန်းပျက်
အဆီတွေ များလွန်းလို့ မိန်းမကြီးတစ်ယောက်ရဲ့ ကိုယ်ခန္ဓာ
.................................
.................................
ငွေကြေးအဆင်ပြေမှုဆီ သွားတဲ့ ဖြတ်လမ်း သီဝရီ
ဆယ်ကျော်သက်မလေးရဲ့ အသားစိုင်တွေက ပျော့တွဲရွဲ့စောင်းနေတာပဲ
သံသယ ဖြစ်ဖွယ်ရာ လူမှုဘ၀ဟန်ပန်
..................................
..................................
စက်ရုပ်လို ပြေးလွှားနေတာ လူလား တိရစ္ဆာန်လား မသေချာ
.................................
အမှန်က အမှားကို သွေးကြောထဲ စနစ်တကျ ထိုးသွင်းခဲ့တာပဲ
.................................
.................................
ကမ္ဘာ ပြားပြီ
ကြီးကျယ်ခမ်းနားသော အရေးအသားများ ပြိုကျသွားပြီ
ခေတ်ပြိုင်လမ်းမြွှာများ တစ်လျှောက်
အမှန်ဟာ ငါတို့ဆီ ဘယ်တော့မှ ပြန်မလာတော့။
( အရွဲ့အစောင်းများနဲ့ ကမ္ဘာ၊ ၂၀၀၄ ၊ အောင်ရင်ငြိမ်း )
သူ့ကဗျာတွေမှာ နာကျင်မှုနဲ့အတူ လိင်သာယာမှုပါ ဆက်နွှယ်နေတဲ့ Masochist တစ်ယောက်အသွင် အချို့သောနာကျင်မှုများက လိင်စိတ်နိုးကြွမှုများအဖြစ် သာယာမှုကိုပါ တစ်ပါတည်း ဖြစ်ပေါ်လာစေခဲ့ပေတယ်။ သူ့စိတ်က တမ်းတခြင်း၊ ကြောက်ရွံ့ခြင်း၊ နာကျင်မှု၊ သံသယ၊ မျက်ရည်၊ ပျော်ရွှင်မှု၊ ရူးသွပ်ခြင်းနဲ့အတူ သတ်သေခြင်း အဆုံးအထိ စတဲ့ စိတ္တဇတွေကို Digest ပြုလုပ်ပြီး ကဗျာများအဖြစ် ပြန်လည် စွန့်ထုတ်တတ်ပေတယ်။
ပြောရရင်တော့ စိတ္တဇကို မညှာမတာရေးဖွဲ့လေတဲ့ အတော်ဆုံးကဗျာဆရာများထဲမှာ သူလည်းတစ်ယောက် ပါဝင်ပေလိမ့်မယ်။
သူဟာ ဘ၀ရဲ့ နာကျင်ဖွယ်ရာ စိတ်ခံစားမှုများကို ဘာသာစကားနဲ့ အပြည့်အသိပ်တည်ဆောက် အဓိပ္ပာယ်ပြုရန် ကြိုးစားခဲ့ပေတယ်။
ဒါပေမဲ့လည်း ဘာသာစကားများက သူ့ရဲ့နာကျင်ခံစားမှု အလုံးစုံကို စေ့စေ့ငုငုဖော်ပြနိုင်ခြင်း မရှိလို့ ဘာသာစကားများကိုလည်း အပြစ်တင်ဝေဖန်ထိုးနှက် တိုက်ခိုက်လေ့ ရှိပြန်တယ်။
တစ်ခါတစ်ခါမှာ သူ့ရဲ့ နာကျင်မှု ဒီဂရီဟာ အမြင့်ဆုံးသို့ ထိုးတက်သွားပြီးခါမှ လမ်းကြောင်း ပြောင်းပြီးလည်း သူ့ကိုယ်သူ ဖြေသိမ့်တတ်ပြန်တယ်။
မက္ကဆီကန် အမျိုးသမီး ပန်းချီဆရာမ ဖရီဒါခါလို ( Frida Kahlo )ဟာ သူမဘ၀တစ်လျှောက်လုံး ပြင်းထန်သော ခန္ဓာကိုယ်နာကျင်မှုရဲ့
နှိပ်စက်ကလူပြုခြင်းကို ခံခဲ့ရတယ်။ အသက် ၁၈နှစ် အရွယ်ခန့်မှာ မတော်တဆ ကားတိုက်ခံရမှုကြောင့် ကျောရိုးနဲ့ တင်ပါးဆုံရိုးများ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့လေတယ်။ ၄င်းဒဏ်ကြောင့် နောက်ပိုင်းမှာ ဖရီဒါဟာ ကိုယ်ဝန်ခဏခဏ ပျက်ကျခဲ့လေတယ်။ ဖရီဒါမှာ ပြင်းထန်တဲ့ နာကျင်မှုများနဲ့ ဆေးရုံမှာ လဲလျောင်းနေစဉ် ကာလပတ်လုံး ပန်းချီကားများကို အစဉ်တစိုက်ရေးဆွဲခဲ့ပေတယ်။
နာကျင်မှု၊ ဆန္ဒ၊ သေခြင်းတရားများဟာ သူမ ပန်းချီကားတွေထဲမှာ အမြဲလိုလို စီးပိုးပါဝင်နေပေတော့တယ်။
ဒီလိုပဲ အောင်ရင်ငြိမ်းရဲ့ ကဗျာများဟာလည်း ထိုနည်းလည်းကောင်းပါပဲ။
" ကမ္ဘာလောကရဲ့ အေးစက်မှောင်မိုက်ခြင်းနဲ့ ပုဂ္ဂလိကဝေဒနာတွေ၊အသက်ရှင်ခြင်းရဲ့ နာကျင်မှုနဲ့ လူ့အဖြစ်ရဲ့ အဓိပ္ပာယ်ကင်းမဲ့မှု စတာတွေဟာ အနုပညာရှင်ရဲ့ နာကျင်မှုကို မွေးဖွားပေးခဲ့တယ်။ ဒါပေမဲ့ နာကျင်မှုရဲ့ အတိမ်အနက်နဲ့ သဘောသဘာဝတွေဟာ ကွာခြားသလို အနုပညာရှင်တွေရဲ့ ခံနိုင်ရည်ကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြပေဘူး။ နာကျင်မှုဟာ တချို့အနုပညာရှင်တွေအတွက် အန္တရာယ်မရှိပေမယ့် တချို့အတွက်တော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားစေနိုင်တဲ့ အထိ ဆိုးရွားပြင်းထန်လှတယ်။ နာကျင်မှုဟာ အနုပညာဖန်တီးမှုအတွက် တွန်းအားဖြစ်သလို တစ်ခါတစ်ရံ အနုပညာရှင်ကို ခံနိုင်ရည်ရဲ့ အဆုံးစွန်ဆီ တွန်းပို့တတ်ပြန်တယ်။ နာကျင်မှုဟာ တစ်ခါတစ်ရံ အနုပညာရဲ့ ကိုယ်ပေါ်က လှပတဲ့ ထိုးကွင်းမင်ကြောင် ဖြစ်သလို
တစ်ခါတစ်ရံလည်း အနုပညာရှင်ရဲ့ နားထင်ကို တေ့ထားတဲ့ သေနတ်တစ်လက် ဖြစ်ခဲ့ပြန်တယ် "
အောက်မှာ ဖော်ပြလိုက်တာကတော့ ကဗျာဆရာ အောင်ရင်ငြိမ်းရဲ့ ကဗျာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
MS.FEC 50 PREPAID CARD
ကျွန်မနာမည် Ms. FEC 50 Prepaid Card
မိန်းမချင်း နောက်ကျောကို လက်သည်းဝှက်နဲ့ ကုတ်ခြစ်ဖို့
ဟိုဘက်ခန်းက Ms.Samsung ပေးထားတဲ့ နာမည်ဝှက်
ဒီသတင်း Ms.DVD ဆီက ပြန်ကြားရတော့ နားထဲမှာ စပ်ဖျဉ်းဖျဉ်း၊ ဒါပေမဲ့ ကျွန်မနဲ့ လိုက်ဖက်ပါတယ်
Face book ဖွင့်လိုက်ရင် ကျွန်မ Profile ကို တွေ့လိမ့်မယ်
Y-Generation, 2000 B.Sc,နေ့စဉ် အွန်လိုင်းပေါ်မှာရှိ၊ တရားဝင်လစာ(၆)ပုလင်း တစ်လကုန်ကျစရိတ် အနည်းဆုံး(၁)ပုံးခွဲ၊
အခု ကျွန်မ သုံးနေတဲ့ ရေမွှေးပုလင်းရဲ့ တန်ဖိုးကိုသိမှ ဆက်သွယ်ပါ
ကိုရီးယား မင်းသမီးစတိုင်လ်Ms.LG ကတော့
မော်ဒယ်ဂဲလ် တစ်ယောက်လို ဓာတ်ပုံအရိုက်ခံရတာ ၀ါသနာပါသတဲ့
ကျွန်မက Photoshop ကျွမ်းကျင်၊ နာမည်ဝှက်တွေ အများကြီးရှိ၊ လူမှုဆက်သွယ်ရေးကွန်ရက်တွေ စိတ်ဝင်စား
ဒေတာတွေ လိုက်ရှာရတာ ၀ါသနာပါ
ဒီနှစ်ထဲမှာ အကြိုက်ဆုံး ဟောလိဝုဒ်ရုပ်ရှင် Educated Sex worker
အင်တာနက်မှာ ဘ၀ကိုပြောင်းလဲသွားစေမယ့် အခွင့်အလမ်းတွေ ရာထောင်ချီ
ဒါတွေမှ မသိရင်ကျွန်မအခန်းထဲက ရေခဲသေတ္တာ ဘယ်သူဒီဇိုင်းအသစ် လာလဲပေးမလဲ
အင်တာနက်နဲ့ ခေတ်သစ်လူမှုကျင့်ဝတ် ကိစ္စတွေ နားစမ်းပါ
ကျွန်မ သူငယ်ချင်း Ms.Gucci တောင် သူ့ အမျိုးသားကိုကျော်ပြီး အဝေးကွင်း သွားကန်ခဲ့သေးတာ
ရာထူးတိုးမြှင့်ရေးစာမေးပွဲအောင်ဖို့၊ ရင်သွေးလေးရဲ့ အနာဂတ်လှပသာယာဖို့၊
ကျွန်မတို့မျိုးဆက်ကရည်မှန်းချက်သိပ်မြင့်တယ်
Ms.Virgin တောင် ဘ၀အာမခံချက်ရဖို့ မနေ့ကပဲ သားကောင် အဖြစ်ခံလိုက်တဲ့သတင်း မကြားဘူးလား
ကိုယ်ကျင့်သီလဆိုတာ အွန်လိုင်းပေါ်က စာသားတွေပါ၊
လူသိမခံချင်တဲ့ အကြောင်းအရာတွေCtrl+A \ Del
ဘာမှ မစိုးရိမ်ပါနဲ့၊ ဘာမှ ရင်လေးမနေပါနဲ
့Pill 72 Tablets ကို လမ်းဘေးဆေးဆိုင်တိုင်းမှာ အလွယ်တကူ ၀ယ်လို့ရနိုင်တယ်
PH-Care သုံးရင် ကိုယ့်စိတ်ကိုယ် လုံခြုံမှုရှိတယ်
ရာသီမမှန်ရင် ကိုယ်ပိုင်ဆေးခန်းကို တက္ကစီငှားပြီး ပြေးသွားလိုက်ရုံပဲလိုအပ်တာ မန်းနီး
ကျေးဇူးပြူပြီး ရှင့်ပါးစပ်ကို ပိတ်ထားလိုက်စမ်းပါ၊
ရှင်နဲ့ ကျွန်မ အယူအဆမတူ၊ ကျွန်မတို့ကြားမှာ မျိုးဆက်ကွာခြားမှုရှိနေပြီ
ကဗျာဆရာဆိုပြီး ကျွန်မ လျှို့ဝှက်ချက်ကို ထုတ်ပြဖို့တော့ မစဉ်းစားနဲ့
့ခေတ်အပြောင်းအလဲကို အမီလိုက်ရင်လိုက်
ဒါမှမဟုတ် မော်ဒန်ခေတ်အတွေးအခေါ်တွေထဲမှာ အမှောင်ကျနေခဲ့ပေတော့
ကျွန်မ အမြင်တွေ ပြောင်းလဲစေချင်ရင် လွယ်ပါတယ်
မိသားစု လုံခြုံမှုရှိနိုင်မယ့် တိုက်ခန်းတစ်ခန်း၊ ရင်သွေးလေးတွေ ဆော့ကစားဖို့ ကစားကွင်းတစ်ခု
ကျွန်မ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မယ့် ချက်လက်မှတ်တစ်စောင်
ကျွန်မဆီမှာ ရှင်လိုချင်တဲ့ မေတ္တာနဲ့ ကိုယ်ခန္ဓာ အချိုးအစား အဆင်သင့်၊ အဆီမတက်အောင် ထိန်းထားတယ်
ရှင့်ဘက်က အဆင်ပြေတဲ့အချိန် ဆက်သွယ်လိုက်လေ၊ ကျွန်မ Email Address ရှင့်ဆီမှာ ရှိတာပဲ။
 Pill 72 Tablets= အရေးပေါ် ပဋိသန္ဓေကာကွယ်ဆေးတစ်မျိုး၏ အမည်
အောင်ရင်ငြိမ်း
၁၁ မေ ၂၀၁၀
အာဏာရှင် ဘရုတပ်စ်က သားကို သတ်တဲ့ အဖြစ်ကို နားလည်နိုင်သေးတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူ့သားဟာ ဥပဒေကို ချိုးဖောက်တဲ့အတွက် သူဟာ နိုင်ငံတော်နဲ့ မိသားစုကြားမှာ ရွေးချယ်ခဲ့ရလို့ ဆိုတယ်။
သူ့သား အိုင်းဆက်ကို သတ်ဖို့ သူ့ကို ဘု၇ားသခင်က အမိန့်ပေးတယ် ဆိုတဲ့ အေဗရာဟမ်ရဲ့ အဖြစ်ကတော့ ဘယ်လိုမှ နားလည်လို့ မရဘူး။
ဘုရားသခင်ပြောတဲ့ အဲဒီအသံကို သူတစ်ယောက်တည်းပဲ ကြားရပါသတဲ့လေ။
တစ်ခါတစ်ခါ အောင်ရင်ငြိမ်းလည်းပဲ ဘာထူးသလဲ။
သူတစ်ယောက်တည်းသာ မြင်ရပြီး သူ့နံဘေးက အခြားသူများအနေနဲ့ လုံးလုံး မမြင်မတွေ့ရတဲ့ သူ့ဘ၀ရဲ့ နာကျင်ဖွယ်ရာ ဝေဒနာ အကြောင်းရပ်များကို လက်ညှိုးတထိုးထိုး ( သို့မဟုတ် ) ရင်ဘတ် ပုတ်ပုတ်ပြလေ့ ရှိတယ်။
တစ်ဆိုင်တည်း တစ်နေရာတည်းမှာ အတူတူ ထိုင်နေရင်းလည်း ကောက်ကာငင်ကာ ထထွက်သွားတာတို့၊ မျက်ရည်တွေ အလိုလို စီးကျလာတာတို့၊ အရှိတရားနဲ့ ကင်းလွတ်နေတဲ့ အဝေးတစ်နေရာရာကို ငေးရီနေခြင်းများကို ဆိုလိုတာပါ။
မယုံမရှိနဲ့ ကိုယ့်လူ။
တစ်ခါတစ်ခါ ဘုရားသခင်ပြောတဲ့ စကားသံတွေကို သူတစ်ယောက်တည်းသာ  ကြားရတဲ့ အေဗရာဟမ်ရဲ့ အကြောင်းရပ်ကလည်း
အောင်ရင်ငြိမ်းနဲ့ ဘာများ ထူးလို့လဲ။
အညွှန်း။        မော်ဒန်အမေရိကန်ပန်းချီ၊ အောင်ခင်မြင့်
သူရနီ
၂၃ ဇန်န၀ါရီ ၂၀၁၁
ဟာသ တစ်ခုလို့ပဲ ဆိုထား
တိမ်ထူထပ်မယ်၊ ရာသီဥတုဟာ အခြေအနေရ အပြောင်းအလဲဖြစ်နိုင်
ဖြတ်ကြောင်းတွေလို တစ်စတစ်စ ဒီလိုပဲ ရွာသွန်းဖို့က မသေချာ၊
ဒါဟာ ကြိုတင်သတိပြူမိဖို့ ပြောဆိုကြည့်ရုံသက်သက်
လက်ဖ၀ါးရယ် ထီးတစ်လက်ရယ် ဂျင်းဂျာကင်တစ်ထည်ရယ် ဘာတစ်ခုမှ အဆင်သင့်မရှိ၊
ဆုံးဖြတ်ချက်အချို့ဟာ ခက်ခဲဖို့မလိုပဲ ခက်ခက်ခဲခဲပိုင်းဖြတ်
အသက်ရူသံတွေလည်း ကောက်ကြောင်းတစ်ခုပေါ်မှာ
အချိန်အတော်ကြာတဲ့အထိ ဖြတ်လျှောက်မိ
ခဏခဏ မွန်းကြပ်နေရသလိုပဲ မောင်းမဖြုတ်ရသေးတဲ့ အန္တရယ်တွေဟာ
ရင်ဘတ်အတွင်းမှာပဲ ပြန်စုစည်းမိနေပြီ
သွေးဆဲလ်လေးတွေကစပြီး တဇတ်ဇတ်တုံ့ရီနေတဲ့ လက်မောင်းရိုးတွေအထိ
ကိုယ့်ကို ပြန်သစ္စာဖေါက်ခြင်းကို ခံနေရတယ်။
ပြုတ်ထွက်သွားတာ မူလီလေးတစ်ချောင်းဆိုပေမယ့် ကိုယ့်နားထင်တည့်တည့်မှာ
မသက်ဆိုင်မှု၊ဒါမှမဟုတ် သက်ဆိုင်မှု ဘာတစ်ခုမှလည်း အခန်းတွေ ကန့်ထားလို့မရဘူး
*ဒီအစိုးရက ဒီမိုကရေစီမပေးသေးသ၍.လူငယ်လေးတစ်ယောက်ရဲ့ တောက်ခေါက်သံ*
ကိုယ့်ရင်ဘတ်ကို ကိုယ်ပြန်ငုံ့ကြည့်မိတယ်။ အလိုလို ပြုတ်ထွက်ကျလာတဲ့ ၀ါယာရှော့တစ်ခု
“ကိုယ်လည်း သူမထံက တစ်ခုခု မရသေးပါဘူးညီလေးရယ်”
စိတ်မကောင်းစရာကောင်းနေမယ် တွေးခေါ်မှုတွေထိတောင်
ကိုယ်တို့ဟာ တစ်စုံတစ်ခုအောက်မှာ ပိတ်မိနေခဲ့သလား
အများကြီးမမျှော်လင့်နဲ့!!!!!!!!!
၊မျှော်လင့်ချက်ဆိုနေမှ မျှော်လင့်ရုံသက်သက်ထပ် ပိုပြီး ဘာတွေများလိုချင်နေသေးလဲ
*မွေးဖွားလာကြတယ် အသက်ရှင်နေထိုင်ကြတယ် သေဆုံးသွားကြတယ် *
(မမှတ်မိတော့တဲ့ ရှေ့ဟောင်းအဖြစ်အပျက်တစ်ခုထဲက စာသား)
မလိုအပ်တော့ရင် ဒါမှမဟုတ် လိုအပ်ခွင့်မရတော့ရင် မေ့ပစ်ထားလိုက်ခြင်းက ပိုသက်သာစေပါတယ်။
“ချစ်ခြင်းမေတ္တာနဲ့ အနုပညာကို မယုံကြည်တော့ဘူး!!!!” ကိစ္စရပ် တစ်ချို့တစ်ဝက်တွေအထိ…
အသက် နှစ်ဆယ့်ရှစ်နှစ်အရွယ် လူတစ်ယောက်ရဲ့ ဖွင့်ဟ ချက်တွေဟာ
ခင်များတို့အတွက် ဟာသ တစ်ခုဖြစ်ကောင်းဖြစ်နေလိမ့်မယ်။
တကယ်တော့ရိုးရှင်းပါတယ် အရင်းအနှီးသက်သက် ပြီးဆုံးသွားတဲ့အခါ
ချစ်ခြင်းမေတ္တာပဲဖြစ်ဖြစ် အနုပညာပဲဖြစ်ဖြစ် တစ်ခြား “ဘုံ” စကားလုံးတွေပဲဖြစ်ဖြစ်မလိုအပ်တော့ဘူး
မိန်းမတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုကို ပြသထားတဲ့ အလှဓါတ်ပုံတစ်ပုံ
ဘယ်လိုအဓိပ္မယ်ဖွင့်ကြည့်ရင် ကောင်းမလဲ
ကိုယ့်အိတ်ကပ်ထဲက သီချင်းသံလေးထမြည်တာက ပိုတုန်လှုပ်စေမိမှာပဲ
ဒါမှမဟုတ်လဲ ကိုယ့်ကို တုန်လှုပ်စေမယ့် ကဗျာတစ်ပုဒ် ချရေးကြည့်ချင်တယ်။
ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှုနဲ့ အထင်ကြီးမှု လွန်ကဲနေတဲ့ အ၀ါရောင်ရောဂါ တော်တော်များများ
ရွေ့လျားမှုတွေကနေ တောက်ခေါက်ပြီး ပြန်ခဲ့မိ။
ခိုးနားထောင်မိမှ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရယ်သံတွေ ဟားနေ သလိုလို
တစ်စုံတစ်ယောက်လက်ထဲကို ဓါးတစ်လက်ထည့်ပေးမှဖြစ်မယ် ပြီးမှ လက်ဆွဲနှုတ်ဆက်ကြတာပေါ့
ပွင့်လင်းမြင်သာမှုဟာ Sex ပိုင်းဆိုင်ရာကလွဲပြီး တစ်ခြားအသုံးချမှုတွေမှာ ရှာကြည့်ချင်ပါသေးတယ်
“ချစ်ခြင်းမေတ္တာနဲ့ အနုပညာကို မယုံကြည်တော့ဘူး!!!!” ကိစ္စရပ် တစ်ချို့တစ်ဝက်တွေအထိ…
အသက် နှစ်ဆယ့်ရှစ်နှစ်အရွယ် လူတစ်ယောက်ရဲ့ ဖွင့်ဟ ချက်တွေဟာ
ခင်များတို့အတွက် ဟာသ တစ်ခုဖြစ်ကောင်းဖြစ်နေလိမ့်မယ်။
*မွေးဖွားလာကြတယ် အသက်ရှင်နေထိုင်ကြတယ် သေဆုံးသွားကြတယ် *
(မမှတ်မိတော့တဲ့ ရှေ့ဟောင်းအဖြစ်အပျက်တစ်ခုထဲက စာသား)
လောလောဆယ် ဟာသ တစ်ခုလို့ပဲ ဆိုထားပေးပါ။
မှူးသစ်
ဆိုလိုတာက လိုဂို တွေ ခြေချင်းလိမ်နေတဲ့ ဂလိုဘယ်လ်
ဖွင့်ချလိုက်တာလား သို့ မဟုတ် ဖဲ့ထုတ်လိုက်တာလား အရွေ့ ဟာ ပစောက်ကွေ့ မှာ ဘွားခနဲ
ဒီသစ်ရိုင်းသားကနေ ဒီအနုပညာကို ဒီအတိုင်းကြီး ထွက်ကျလာတာတော့ မဟုတ်ဘူး မဟုတ်ဘူး
ဟုတ်တယ် loading ဟာ ဒီလိုင်းမှာ လာစိုက်နေတာ တန်းလန်းကြီး  ဟဲလိုဟဲလိုဟဲလိုဟဲလိုဟဲလို
ဟဲလိုဟဲလိုဟဲလိုဟဲလိုဟဲလိုဟဲလိုဟဲလို နံနက်ခင်းအသစ်လေးကို အော်ခေါ်နေတာ လျှာတိုနေပြီ
စိတ်ကြီးဝင်မှုကို ဧည့်ခန်းထဲကနေ နောက်ဖေးပေါက်ထဲ ကန်ထည့်ပစ်လိုက်တယ်
ကီးဘုတ်ကနေ ရိုက်ချလိုက်သမျှ စခရင်ပေါ် ပျော်ပျော်ကြီး ပေါ်မလာနိုင်သေးတဲ့ နေ့ စွဲတွေ
လိင်စိတ်ဟာ ဟိုလူ့ ကိုလိမ် ဒီလူ့ ကို ခေါက် ပြီးတော့ ဂိုးပေါက်ထဲ ဒိုင်းခနဲ ဖြစ်တည်မှုဟာ
ကြေး/ ဂျီးအထပ်ထပ် ပျို့ အန်ချင်စရာ အငွေ့ အသက်တွေနဲ့  အသက်ရှူသံကို အသစ်လဲလှယ်
တပ်ဆင်ကြည့်ရင် ဘယ်လိုနေမလဲ ကွန်ပျူတာကို ဖွင့်လိုက် ဝင်းဒိုးဟာ ဝမ်းအူသံကြီးနဲ့ တက်လာ
ထမင်းတစ်နပ် မေ့ထားတဲ့ ရန်ကုန်ကြီးကို လေးစားပါတယ် ကျကွဲလုလု သတိလေးကို မနည်းကြီး
ပြန်ဆွဲထားလိုက်ရ ငါ့နှလုံးသားကို လာလှုပ်ခတ်နေတဲ့ ငလျင်မလေးရေ အစစအရာရာအဆင်ပြေရဲ့လား
ကျောပိုးအိတ်ကို ပိတ်လိုက်တော့ မိသားစု ဓါတ်ပုံလေး ဇစ်ညပ်သွားတယ် ၂၁ရာစု အဟောင်းတန်းမှာ
လူစည်ကားနေတုန်းပဲ တံဆိပ်အတုတွေကို အထင်တကြီး ဆက်ဆံနေရတာ ညံ့တာပဲ  ညှော်တယ်
ငါတို့ ရှူရှိုက်နေရတဲ့ ဆော့ဝဲလ်ကြီးက တော့်တော့်ကို ညှော်တာပဲ ဖုန်းနံပါတ်လေးတစ်လုံးရတာနဲ့ 
ကြောင်မယ်ဆိုတဲ့ ကြောင်တွေက တညှောင်ညှောင် သိန်း၅၀တန်ဆိုလို့  ကလစ်နှိပ်ကြည့်လိုက်တာ
ဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ် မဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ် ပန်းဆိုးတန်းက ငါ့ကို မျက်စပစ်ပြဖူးတာ
မမေ့ဘူး  မြွေတစ်ကောင်လိုခဲထားတဲ့ ငွေ စက္ကူတွေ ငိုနေတာကလည်း ရယ်စရာ ရယ်နေတာကလည်း
ငိုစရာ  မြို့ကြီးကိုက အတောင်းအရမ်း ထူထပ်လွန်းပါတယ် နည်းပညာဟာ ငါတို့ ကို ဝါးမြို ငါတို့ ကို
ထွေးထုတ် တရှုံ့ ရှုံ့ ငိုနေတဲ့ လေပြည်လေးကို ဘယ်လိုချော့ရမလဲ  ပါဝါထူလာတဲ့ လောကကြီးကပဲ
ဝါးတားတား လုပ်နေတာလား အိုင်တီစိုက်ခင်းမှာ စက်ရုပ်တွေ ဖွေးဖွေးလှုပ်ပွင့်လို့ ကိုယ့်ချွေးကိုယ် စစ်မစစ်
ပြန်မြည်းကြည့်ရတဲ့ အထိ စိတ်လုံခြုံမှုဟာ စောင်ခေါင်းမြီးခြုံလိုက်ရုံနဲ့ ရောက်မလာဘူး ငွေသံကြေးသံများ
တချွင်ချွင် ခုတ်/ဖြတ်/တိုး/တိုက် ပွဲကမပြီးသေးဘူး မီးက ခဏခဏသေတယ် တအိအိပြိုဆင်းလာတဲ့
လိုချင်တပ်မက်မှုတွေ တံတားဟာကျိုးကျသွားခဲ့ရပြီ် မနက်ခင်းဟာ  အိပ်မက်တွေကို သတ်ပစ်ဖို့ 
စောင့်စားနေတယ် ကျောပိုးအိတ်အဟောင်းလေးကို လွှတ်ချလိုက်ဖို့ မဖြစ်ဘူး ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
အက္ခရာတွေကိုဘယ်ကစားကွက်နဲ့ချခင်းရမလဲ လိုင်းတွေတဝီဝီပျံသန်းလာပြီ  နားခိုရာကို သိမှုဗေဒတွေ
ဝါးမြိုပစ်လိုက်ကြတယ် ကိုယ်တို့ ဟာ ခြံနဲ့ ဝန်းနဲ့ အိမ်နဲ့ ယာနဲ့ ချည်တိုင်နဲ့ လှောင်ချိုင့်နဲ့ဖြောင့်ဖြူးခြင်းဟာ
လမ်းတွေရဲ့အပြစ် အနာ အဆာပဲ ကျွန်တော့်ကို ဈေးကောင်းပေးပါ  ကောင်လေးဟာရေသန့်ဘူးကို
အခွံပဲလိုချင်တယ်ဆိုတာဟုတ်ပါ့မလား ရောက်မလာမယ့်ရထားကို စောင့်နေရတာကိုပဲ သစ္စာတရားလို့ 
ချရေးပေးလိုက်ရမလိုလို  မသေချာတာတွေအားလုံးပေါင်းစုလိုက် သေချာခြင်းတစ်ခုကစောင့်ကြိုနေတယ်
ပန်းတိုင်ကတော့ စပ်ကူးမက်ကူး ပန်းဖူးလေးဟာပွင့်ဖို့ ခေါင်းစဉ်ကြီးကြီးရှာနေတယ် အရက်ဟာ
ပုလင်းထဲမှာနေနေသေးသမျှ အရက်မမည်ဘူး ကျွန်တော့်ကိုမော့သောက်လိုက်ပါ  ကျွန်တော့်ကို
ဈေးကောင်းပေးပါ  ပို့ လွှတ်လိုက်တဲ့အီးမေးထဲမှာ အမှန်တရားဟာ စာလုံးပေါင်းအမှားကြီး ဘောင်ထဲမှာ
ပန်းချီကားဟာ သေနေပြီ ဘာကိုမှမမြင်ချင်တော့တဲ့အခါ မျက်မှန်ကိုချွတ်ထားလိုက်တယ်။
                               လင်းလက်တာရာ ၊ လင်းဝေအိမ်
၂၃၊၁၂၊၂၀၁၂
သောကြာနဲ့ ကြသာပတေးပူးနေတော့ သောကြာကလည်း ပူ၊ ကြာသာပတေးကလည်း ပူ
အိပ်မက်ထဲထိကိုက်တယ်၊ ကိုယ်ရိုးရိုးသားသားမရှိတဲ့အခါ သူရော ကိုယ်လည်းဘာမှမသိခင်
ပြင်ဆင်ထားတဲ့ ညနေခင်းကြီးထဲဝင်ထိုင်မိတယ်၊ အားလုံးကျန်းမာပါစေ၊ စတဲ့ကြောက်ရွံစိတ်ကိုပွတ်သပ်ထားတော့ပြောင်လက်နေကြောင်း အကြောင်းကြားစာ၊ အဲဒါအာရုံပဲ သွေးထွက်တော့မယ်
နားထင်မှာ အပေါက်တွေနဲ့ သက်ငြိမ်ပန်းပုရုပ်လေး ကမ္ဘာရဲ့ထောင့်မှာ အမှောင်ကျသွားရခြင်းနဲ့
သီချင်းတစ်ပုဒ်ကို ပူပူလောင်လောင်တိုးတိုးလေး ညည်းနေရတယ်၊ ကြာတော့ကြာပြီ နှစ်လဆိုလုံလောက်ပြီ
အိပ်မက်ကို ခဏရပ်ထားလို့ရမလား၊ ချောင်းဆိုးရင် ဘာတွေပါလာသေးလဲ၊ အိပ်မှုန်စုန်မွှားနဲ့ ၀င်တိုက်မိတဲ့ ဓါတ်ပုံလေးကြောင့် ဒုက္ခ၊ သူနာသွားသေးလား၊ အကြောင်သားကြီးနဲ့ ကြည့်နေ၊ ကြည့်စား၊ ကြည့်သွား
ကိုယ်ခံအားများနေတယ်၊ လျှော့ထား၊ ပိုသောက်ပြီး အဲ့ ဆေးလုံးတွေ ခြေပစ်လိုက်ရင် ပျောက်သွားတာလား
မျက်ကွင်းကြီးညိုနေတာလည်းပါတယ်၊ ခေတ္တစောင့်ဆိုင်း သည်းခံပေးဖို့ မေတ္တာရပ်ခံ၊ အံဝှက်ထဲမှာ အာရုံနောက်နေတယ်၊ မပြီးသေးသောပန်းချီကား ခပ်ဝါးဝါးပဲ ကြည့်နေ နောက်နေ့ နေထွက်ရင် အကွက်တွေထနေတဲ့ ကြမ်းပြင်ကြီးကို မြင်ရပါမယ်၊ ဒါနောက်တစ်မျိုးပဲ ခေတ်ကို လက်ညှိုးထိုး တခစ်ခစ်ရယ်ကြည့်လိုက်တော့ ဥပဒေတစ်မျိုး အပြစ်တစ်မျိုးနဲ့ အမှောင်ခန်းထဲမှာ နှစ်နှစ်ဆယ်ကျော်သူပျော်ပါတယ်၊ ပြီးတော့အငွေ့ပျံသွားတဲ့ အရှိုးရာ အရေးပေါ်အံ့သြမှုပေါက်ပြဲထွက်သွားလို့ ယဉ်ကျေးမှုတစ်ရပ်အဖြစ် သမိုင်းဝင်သွားတော့မယ်ခုတစ်လော လွင့်လွင့်နေတယ် သေရေးရှင်ရေး သွေးသားအောင်မြင်ရေး ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင်၊ ငါးအရိုးနင်နေတဲ့ စက်တင်ဘာကိုရောက်တော့ ငရဲကျမယ့်လူတွေကို သတိရ၊ ခုဘယ်တွင်းမှာ အောင်းနေတဲ့ဖားပြုတ်လဲ
အမှိုက်တွေလည်းပါ၊ ဒိုက်တွေလည်းပါ၊ ကိုယ့်မလဲဒုက္ခနဲ့ ဒီဇိုင်းနဲ့ ၊ မိသားစုကလပ်မှာ သူစိမ်းတစ်ယောက်လို
တဖြည်းဖြည်း သေးသေးလေးပါပဲ တစ်နေ့တန် ၁၀၀ ပိကျနေတော့ ပြီးရင်ပြီးပြီ ခက်တယ်….ခက်တယ်၊ လျှာပေါ် တစ်ခုခုတင်လိုက် ခက်တယ်ခက်တယ်၊ ခုချက်ချင်းတင်လိုက် မြို့ကြီးတစ်မြို့လုံး အတုံးအရုန်းပါပဲတဲ့
မသိခြင်းပန်ကာ ချာချာလည်လို့ ချစ်စရာလေး၊ တောင်ကုတ်မြောက်ကုတ်နဲ့ ပျင်းရင်လာခဲ့ အရည်ပျော်နေတဲ့ တောင်တန်းတွေဆီ အလည်ထွက်ပြီး၊ မကြာခင်မိုးလင်းချင်ပြီ၊ အဓိပ္ပာယ်
ဘယ်သူဆွဲဖွင့်လဲသော့တစ်ချောင်း၊ ပလာယာ နဲ့ မုတ်ဆိတ်ရိတ်ဓားတွေ တုံးသွားရင်
ဘယ်လိုလုပ်မလဲ တစ်တောလုံးကြွေ၊ ဆောင်းရာသီအသေလေးမွေးတော့၊ ဆံပင်တွေမထင်ရှားတော့ဘူး ၊ ဘယ်အပိုင်းပြန်ဆက်ရင် အိုကေမလဲ ရပြီ ရပြီ ပြောရဆိုရခက်တဲ့နံရံ ရပြီ၊ ကိုယ့်ကိုဖွင့်ပေးဖို့ နံရံကလက်သီးကိုပြေးထိုးသွား၊ စိတ်ဝင်စားစရာ မရှိတော့ဘူးလား၊သေတ္တာငယ်လေးတွေတန်းစီကာ မျက်လှည့် ခေတ်ကုန်သွားပါပြီ ဆရာ၊ စုန်းကဝေ၊ ကိုယ်သွားတော့မယ်၊ ခေါင်းခေါက်ပြီး သိပ်ရှုပ်တာပဲ၊ ဒေါက် ဒေါက် ဒေါက်……… ဒါပြီးရင်ကဗျာ ဆက်ဆက်လာခဲ့မယ်လို့ လွယ်အိတ်ကိုမှောက်ချ၊ စာလုံးရေတစ်ထောင်ကျော်နဲ့ ကျန်းမာရေး ဂရုစိုက်ပါ၊ လူယဉ်ကျေးတို့ ကမ္ဘာ၊ ဆက်ထွက်သွားတာ ဘယ့်နှယ့်လဲ၊ ဒီမှာကျကျန်ခဲ့တယ်၊ တစ်နေ့နေ့ ပြန်လာမှာ မဟုတ်လား၊ ဘယ်ကိုလဲ ၊ ဒါပြီးရင် ကဗျာဆက်ဆက်လာမယ်ဆို၊ ခု ..ရေထဲက ရလာတာကိုပြပါ၊
ဒါ ကြာသာပတေးပူပူတစ်ခွက် …သည်းခံပါခင်ဗျာ။
သက်ငြိမ်သစ်
နောက်ဆုံး အိမ်မက်က မနေ့ တနေ့ ကလိုပဲ ဖြစ်ပျက်
စက်တင်ဘာလမှာ ၂၃ နှစ်ပြည့်သွားတဲ့ စိတ္တဇကဗျာဆရာတယောက်ဟာ သူရဲ့  ရူးသွပ်နေတဲ့ နေ့စဉ်ဘ၀မှတ်တမ်းတွေကို ချပြဖို့  မဖြစ်နိုင်တော့ဘူးလို့ ကျနော့်ကို ပြောခဲ့တယ် ။ သူနဲ့ နောက်ဆုံးတွေ့ တဲ့နေ့ ကပြောသွားတယ် ထင်တာပါပဲ ။ သေချာမမှတ်မိဘူး ။ ကဗျာဆရာတယောက်မှာ ရွေးချယ်ပိုင်ခွင့်မရှိ ၊ နောက်ဆုံး လိင်ဆက်ဆံခွင့်တောင် မရှိဘူး လို့ သူပြောသွားတယ် ။ ခင်ဗျားတို့ ကြားရရင် ရယ်မိမှာပဲ ။ သူ့ ကို ခွေးရူးတွေ ၀ိုင်းကိုက်တယ် ။ သူက ပြန်ကိုက်တယ် ။
သူလည်း ရယ်မိမှာပဲ ။ “ လူသေတွေရဲ့ အရေပြားဟာ အတူတူပဲ ” အဲ့စာအုပ်ဖတ်ပြီး သူငိုင်သွားတယ် ။
အဲ့လိုပဲ ပြင်းထန်တဲ့အနုပညာရိုက်ခတ်မှုရရင် သူငြိမ်သွားတယ် ။ သတိထားမိတာက သူရဲ့ သတိဟာ ရတချက် ၊ မရတချက် ပဲ ။ အဲ့အခြေအနေကို သုံးသပ်ကြည့်တယ် ။ အဲ့နေ့ က သူ ဂျွန် ဆိုတဲ့နာမည်ပါတဲ့ ကဗျာတပုဒ် ၊ ဒါမှမဟုတ် အတ်ဆေးတပုဒ်ရေးချင်ကြောင်းပြောသွားတယ် ။ ဒါမဲ့ သူရေးဖြစ်မှာမဟုတ်ဘူးလို့ လည်း ပြောသွားတယ် ။
ရှော့ ရ အောင် ရိုက်တတ်ရတယ် လို့ ပြောသွားတယ် ။ သူအရက်ပြတ်သွားပြီလို့လည်း ပြောသွားတယ် ။ မိန်းမတယောက်ရဲ့ ဆာလောင်မှုထဲသူဝင်ထိုင်ပြီး အငွေ့ သက်သက်သူပြန်ထွက်လာတယ် ။ ချစ်ခြင်းမေတ္တာရဲ့ ပူလောင်မှုကို သူရွံရှာတယ် ။ သူလိုအပ်တယ် ။ သူလိုအပ်တိုင်း သူလိုအပ်တိုင်းမှာ ချစ်ခြင်းမေတ္တာရဲ့ ဂူဝ ကို သွားရပ်တယ် ။
လူမှုဆက်ဆံရေးအကြောင်း သူပြောတယ် ။ ကမ္ဘာ့စီးပွားရေး အကြောင်းသူပြောတယ် ။ စင်္ကြာဝဠာကနေ ကြွက်အကြောင်းအထိ သူပြောတယ် ။ သူဟာ လူသေလိုနေတယ် ။ သူရဲ့  ခံစားမှုရသက အသေ ။ လူငယ်တယောက်ဖြစ်တာမို့  IT ခေတ် နည်းပညာ ထဲ သူစိမ့်ဝင်တယ် ။ IT နည်းပညာကို သူဆန့် ကျင်တယ် ။ သူ ရယ် သူ့  အရေပြားတွေရယ် ဆန့် ကျင်ကြတယ် ။ လူမှုအသိုင်းအ၀ိုင်း ၊ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု ၊ သူဆန့် ကျင်တယ် ။ တခုခု ပြောရင် လူသားသဘ၀ဖြစ်တည်မှုနဲ့ ပြောတယ် ။ သူနဲ့ နောက်ဆုံးတွေ့ တုန်းက ခရမ်းရောင်အကျီင်္ဝတ်ထားတယ် ။ သူ့ မျက်လုံးတွေဟာ ဂဏာမငြိမ်ဘူး ။ သူပြောတယ် ။ အသက် ၂၃ နှစ်ဆိုတာ ပတ်ဝန်းကျင် ၊ ကဗျာပတ်ဝန်းကျင် ၊ စီးပွားရေးပတ်ဝန်းကျင် ၊ ငယ်သေးတဲ့အရွယ်ပဲလို့ သူပြောတယ် ။ သူဟာ Nihilist မဟုတ်ဘူးလို့ သူပြောတယ် ။ သူဟာ Outsider တယောက်ဖြစ်ချင်ဖြစ်လိမ့်မယ် လို့ လည်း သူပြောတယ် ။ ဘာသာရေးကိုအယုံအကြည်မရှိကြောင်းကို သူပြောတယ် ။ ဘာသာရေးဆန့် ကျင်တဲ့ Status တွေမြင်တိုင်း ရယ်မိ ၊ ရယ်ချင် ဖြစ်တယ် ဆိုတဲ့အကြောင်းကို သူပြောတယ် ။ သူက Insect တွေကို ရွံတယ် ကြောက်တယ် ၊ မိန်းမတွေရဲ့ မျက်ရည်တွေကို ရွံတယ် ၊ ကြောက်တယ် ၊ ပေါ့ယဉ်ကျေးမှုတွေကို ရွံတယ် ကြောက်တယ် အဲ့လို ပြောခဲ့တယ် ။ သူ ပြောသွားတယ် ။ စက်တင်ဘာလတွေအကြောင်းပြောသွားတယ် ။ နောက်ဆုံး ဘုရားသခင်နဲ့ တန်းတူပဲဆိုတဲ့ သဘောမျိုးလည်း ပြောသွားတယ် ။ ကွန်မြူနစ် စနစ်ကို မကြိုက်သလို ဒီမိုကရေစီဆိုတာကိုလည်း အယုံအကြည်မရှိဘူးလို့ ပြောသွားတယ် ။
သူ စစ်သားမဖြစ်ချင်တဲ့အကြောင်းပြောသွားတယ် ။ Lady gaga ကို သူဘယ်လောက် ချစ်ကြောင်းပြောသွားတယ် ။
ဒီဇင်ဘာလမှာ တက်တူးထိုးမဲ့အကြောင်းပြောသွားတယ် ။ K Pop ကို သူခံစားလို့ မရကြောင်းပြောသွားတယ် ။
သူပြောတာတွေက သူ့ အတွက်လုံလောက်တယ်လို့ ပြောသွားတယ် ။ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက ရောက်ဖူးတဲ့ ခရစ်ယာန်ဘုရားကျောင်းလေးကို လွမ်းဆွတ်ကြောင်းသူပြောသွားတယ် ။ လုံလောက်တယ် ။ ကျနော့်အတွက်လုံလောက်တယ် ။ Mobile Art တွေဟာ တခုခုအတွက်လုံလောက်တယ် ။ နောက်ဆုံးမက်ခဲ့တဲ့အိမ်မက်ထဲမှာ ပိုပြီး လုံလောက်တယ် ။
အေးချမ်း
ဒီနေရာဟာ ယုံကြည်ခြင်းမဲ့ ကလေးတွေရဲ့စွန့်ပစ်ခံအိမ်ရာ
ငွေကြေးမဖြစ်တဲ့ အနုပညာဆာငတ်မှုတွေ ။
ဟိုဟာမကလည်း ကျမရဲ့ ၀တ္ထုထဲမှာတောင် ရှင်ဟာ လူယုတ်မာနေရာတည့်တည့်မှာရပ်လို့တဲ့
ကမ္ဘာရဲ့ပထမဦးဆုံး မုဒိန်းမှု ကို အမျိုးသမီးတွေက စတင်ပြုကျင့်ခဲ့။ Anti-Feminist ၀န်ခံခြင်း။
ရှေ့ဖြစ်ဒုက္ခရဲ့အစာအိမ်ထဲ နာနိုစက်ရုပ်ငယ်လေးတွေနဲ့
ရတောင့်ရခဲ ရုန်းကန်မှုတွေကို ဆေးထိုးပြီးကြီးလာတဲ့ ...ဟိုဘာလဲ ကိုယ်မေ့သွားလို့ ... ကိုမာ။
ဒါမျိုး လူလည်ကျလို့ရမလား ပြောပြော...ဘာလဲပြော ဆိုတဲ့ နှုတ်ခမ်းနီလေးထဲ ပျော်ဝင်လို့ ...
သူတို့ ဆီက BLOW JOB ကို ဒီမှာ အောင်မြင်စွာ သုံးစွဲနေကြ။
သူတစ်ခါပဲလူသတ်တယ်။ ဒါပေမယ့် တစ်သက်လုံးလူသတ်သမားဖြစ်ရော
ပျော်စရာရွှင်စရာ လူ့ကမ္ဘာ
ဆိုတဲ့ ...
မွန်မြတ်လှပါတဲ့ hymn တွေ
ism တစ်ခုခုမှမဟုတ်ရင် စောက်သုံးစားလို့မရတော့ဘူးထင်တဲ့ ideology တွေ
သေသွားတဲ့သူတွေကို ကိုးကွယ်ပြီး ရှင်နေတဲ့ သူတွေကိုသတ်ရမလား
အို !!!
ဘာသာရေး crisis တွေ။
သွေးကြောထဲမှာ ၀င်ရောက်ခွေဝင်ပြီး  ပေါက်ပြဲသွားတဲ့ ၀ါယာကြိုးလေးတွေကနေ
အသားချင်းမထိလိုက်ရပဲ ရသွားတဲ့သန္ဓေသားအထိ ဘုရားနဲ့ မဆိုင်လိုက်ရလို့  anti-science ကော်မာ
God is everything လေးတွေ ။
သမိုင်းဟာ ကျင်ငယ်ရေပဲ။ ကိုယ် အဲ့ဒီလိုသဘောထားတယ်။ လူငယ်တွေသေပြီး လူကြီးတွေပြောစရာများချန်ခဲ့ခြင်း။
ဟက်ဟက်ဟက်ဟက်ဟက် ........
နာတာရှည်ကြောက်စိတ်တွေ။
Evolution ပါလို့ ပြောပြီး တစ်ချိန်လုံး ကိုယ့်စိတ်ကို Revolt ပြန်ပြန်လုပ်ကြည့်နေတဲ့ အသွေး အသား
အမှန်တရားအကြောင်းပြောတဲ့သူတွေကို ကိုယ် စောက်ရမ်းကြည့်မရဘူး
ခွေးရူးကောင်းစား တစ်မွန်းတည့်ပါဆိုတဲ့ လိင်နံ့ ထွက်နေတဲ့ ပါးစပ်တွေ
လူတွေကြားထဲမှာနေတဲ့ ဗီဇကွဲတွေကို ဘုရားစင်ပေါ် ကိုယ်တင်ထားလိုက်တယ်
အိပ်ဆေးတွေဟာ လူငယ်တွေရဲ့ မျက်ကြည်လွှာထဲက လွတ်မြောက်မှုတစ်ခု
သူမ  စစ်တွင်းမှာ မုဒိမ်းအကျင့်ခံရတုန်းက နောက်ဆုံးမျှော်လင့်ခဲ့တာက ကွန်ဒုံးတွေဖြစ်မှာပဲ။
ကျေးဇူးတင်
ချီးမွမ်း
ဝါယာရှော့ရိုက်ပြီး မောင်းရမဲ့ ဦးနှောက်
လျှပ်စစ်တွေစီးဝင်မှ မျောပါလာမဲ့အသံ ၊ နာကျင်မှုတိုင်းထွာရေးစက်
အင်တာနက်က အောပုံတွေကို လူကြီးတွေက ခိုးကြည့်တယ်။ ပြီးတော့ တရား ရကြတယ်။
Better life ဟာ Capitalist တွေရဲ့ အိုက်ဒီယာတွေနဲ့  ပေါင်အထိလှန်ပေးထားတဲ့ ပိုစတာကိုကြည့်ခြင်း
လူတစ်ယောက်ပေါ်ပြုံကျလာတဲ့ အမြင်ဟာ ဖက်ရှင်။
မင်း ထားသွားမှ နေ ဆိုတာ မီးလောင်နေတဲ့ဂြိုလ်မှန်း ကိုယ်သိတယ်။ အဲ့ဒါဆို မှောက်လိုက်လေ ...။
ငြိမ်းချမ်းရေးအတွက် လက်ဝှေ့ပွဲ
အာဖဂန်လက်ဝှေ့သမား ဟမ်မစ်ရာဟီမီနဲ့ တန်ဇန်နီးယားလက်ဝှေ့သမား ဆာအစ်အမ်ဘယ်ဝါ ။
ဦးသိန်းစိန်၊ဒေါ်အောင်ဆန်းစုကြည်တို့ထက် ပိုစိတ်ဝင်စားစရာကောင်း၊ အရေးကြီးတဲ့ ကိုယ့် ညနေစာ။
လူရိုင်းတွေမှာလည်း သူတို့ ရဲ့ စံနှုန်းနဲ့ သူတို့ ယဉ်ကျေးမှုရှိတယ်။
ဘ၀ဆိုတာ ကြီးကျယ်တဲ့ ရှုမျှော်ခင်း။ လူက လျှောက်လှမ်းသွားရတယ်။
ရင်ခွင်ရှိန်း
သရဲတစ်ကောင်သာ ခိုးနားမထောင်ခဲ့ဘူးဆိုရင်။ မနေ့ညနေက ငါပြောခဲ့တာတွေ မင်းမှတ်မိမှာမဟုတ်ဘူး။ အန်းဂရီးဘဒ်လေးတစ်ကောင်ဖမ်းမိတယ်။~~~
အာတိတ်သမုဒ္ဒရာရဲ့ အေးစက်မှုနဲ့ ပူနွေးတဲ့လူသားဖြစ်မှုမှာ ဝေါဒစ်စနေးအိပ်မက်တွေကို
လှေကားထစ်စိုက်ပျိုးနည်းစနစ်နဲ့ ပုံရိပ်ဒေါကျူမင်ထရီတို့ ဝတ်မှုန်ကူးကြ သစ္စာဟာ Pop-Art အသွင်
ဖြစ်တည်မှုနဲ့ အနည်ထိုင် အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်းများတဲ့ အဖျော်ယမကာလောကညနေမှာ
မနေ့ကငါပြောခဲ့တာတွေ မှတ်မိသေးလား ငါဘာတွေပြောခဲ့လဲ မင်းမမှတ်မိတော့တာ ကောင်းတယ်
နားစည်ရဲ့ အဓိပါယ်ဟာ အာဘွားတဲ့ ဘယ်သူမှမသိဘူးဆိုတဲ့အရာ နိုင်ငံတော်ဘတ်ဂျက်ကိုတောင်
အတိအလင်း ဖွင့်ဟကြေညာနေပြီ ပညာရေးနဲ့ကျန်းမာရေးကဏ္ဍမှာ ဘယ်နိုင်ငံကမှ ဘတ်ဂျက်ထဲက
၃၀ ရာခိုင်နှုန်းမသုံးဘူး မနေ့ညနေကအကုန်လုံးသုံးပစ်လိုက်တဲ့ ပိုက်ဆံတွေ မင်းမမှတ်မိတော့ဘူး
၂၀၂၀ ရောက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ရေအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းဟာ ပျောက်ကွယ်သွားတော့မယ်
မနေ့ကညနေက ငါပြောခဲ့တာတွေ မှတ်ဥာဏ်ထဲကွယ်ပျောက်သွားတာ အမြှုပ်တစီစီ မဟုတ်လား
ဘဝမျှော်လင့်ချက်ကိုအတိတ်မေ့သွားတဲ့အမေက ညတွေညတွေမှာ အိပ်ပျော်အောင်အိပ်စေချင် မျှော်လင့်ချက်နဲ့
ဘဝဟာ တစ်ဦးနဲ့တစ်ဦး မမေ့နိုင်ရာသက်ပန် ဖြစ်စေချင်လို့ မနက်မှာ နှိုးဖြစ်အောင်နှိုးပေးဖို့ အမေ့ကို
အလုပ်မှာ ၁၅ မိနစ်နောက်ကျရင် ၁၀၀၀ ဖြတ်ခံရတယ် မင်းပိုက်ဆံအိတ်ထဲက ဓာတ်ပုံဆိုက်ဇ်ကို
ငါကြီးကြီးလုပ်ပေးခဲ့သင့်တယ် ငါတွေးတာမင်းမှတ်မိမှာမဟုတ်လောက်ဘူး ပိုက်ဆံအိတ်အတွင်းအိတ်အပေါ်ဆုံးက
ပိုက်ဆံရဲ့ထိပ်ဆုံးက ဂဏန်းကိုငါအလွတ်ကျက်ကျက်ထားတတ်တယ် မင်းမှတ်မိလား
အဓိကက မင်းဘာမှ မနေ့ညနေက ပြန်မမှတ်မိဖို့ပဲ ငါ့မျှော်လင့်ချက်က ခုတလော
ဖတ်ဖြစ်လိုက်တဲ့ Rachel Zolf ရဲ့ ကဗျာတစ်ပုဒ်အဖွင့်ပိုဒ်မှာ ဥပုသ်နဲ့ဂျီဟဒ်အကြောင်းပါတယ်
အဲဒါကို ညနေက ငါပြောပြခဲ့တာကို မင်းမမှတ်မိဖို့ပဲ ဘတ်နာ့ဒက်မေယာတောင် အသက်ကြီးလာတော့မေ့သေးတာပဲ
၂၀၁၁ စက်တင်ဘာက ကဗျာဆရာငြိဏ်းဝေရဲ့ ထုတ်ဝေမှု ခေတ်ပြိုင်အနုပညာဟာ ပြိုင်ဖို့မဟုတ်
ပြိုင်တာဟာ I ကိုတည်ဆောက်တာ မော်ဒန်တွေရဲ့ လုပ်ရိုးလုပ်စဉ် ခေတ်ပြိုင်က I ကို ဒီကွန်စထရပ်
လုပ်တာ ဒီကွန်စထရပ်ဆိုကတည်းက အစကတည်းကမလုပ်ခဲ့ရင်အကောင်းသားလို့  အတွေးအခေါ်မှာ
Suggestion မပေးလိုက်နဲ့ ငါငါငါဒီကွန်စထရပ်လုပ်ခဲ့တာတွေ မင်းမမှတ်မိတာကောင်းမယ်
မှတ်မိသလောက် ဒီဘက်ခေတ်မှာ မြန်မာခေတ်ပြိုင်ကဗျာဆရာမ ရှားပါးလာမှုအပေါ် ဘယ်လိုသဘောရလဲ
ကိုရီးယားလူမျိုး အမဲရစ်ကန်ကဗျာဆရာမ မြောင်မီကင်ရဲ့ Under Flag ကဗျာ
ကျွန်ုပ်တို့ဟာ ကိုယ်တိုင်မသိ၊ မမြင်ရတဲ့ တည်ဆောက်ခံတံတားတွေပေါ် ဖြတ်သန်းနေကြရတုန်း
ငါတို့ကို ဘူတာကြီးကုန်းကျော်တံတားပေါ်မှာ ကောင်လေးတစ်ယောက် သင်္ဃန်းကျွန်းပြန်ဖို့
လမ်းစရိတ်မရှိတော့လို့ ပိုက်ဆံတောင်းမလိုလုပ်တာ လွှတ်တော်မှာ ပြည်သူတွေဝင်ငွေတိုးလာဖို့အတွက်
လွှတ်တော်ကိုယ်စားလှယ်တွေကို ဘယ်လိုမေးခွန်းတွေ မေးစေချင်လဲ ငါဘာမေးရင်ကောင်းမလဲ
မင်းကိုမနေ့ကပြောတဲ့အထဲမှာ မင်းမမှတ်မိတော့တာလား ဘာလား တစ်ခါတလေမှာ ဘယ်သူမှမသိတဲ့
စိတ်ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အပ်ကြောင်းထပ်နေတဲ့ မေးခွန်းနဲ့ တစ်ယောက်တည်း ထရော်မာကမ္မဌာန်း
အရသာခံရတာကို ငါကြိုက်တယ် မကြိုက်ဘူးဆိုတာ ကွန်ဆက်မဲ့ဇုန်ထဲရောက်ရောက်သွားလို့ စကြဝဠာရဲ့ password လည်းငါဖွင့်မကြည့်ရဲဘူး ငါ့ကိုမမေးနဲ့ ကဗျာစာအုပ်နဲ့ Tripod ကဗျာအမှာစကား မကြားချင်မှ မပြောချင် ငါပြောချင်မှ ပြောခဲ့တာတွေ မှတ်မှတ်မထားနဲ့ ဆာရီယာယ်သစ်သီးစားပြီး အဆင်ပြေသလိုဆက်ဆံကြပလေ့စေ မင်းမှတ်ထားတတ်တဲ့အကျင့်မရှိဘူး ဥာဏ်ကိုပေးမတွေ့နဲ့လူအများနဲ့ဆက်ဆံရတာ ခက်ခဲတယ် ဒီလိုပဲ လမ်းစံပယ်နန်းလယ်ပန်းအလယ် မပေါ်ခိုက်ဟာမို့ ငါပေးတဲ့လက်ဆောင်မှာ ဗဟုမျက်နှာအပြားတွေနဲ့ စက်မှုသစ်သီးထဲမှာ ထက်ခြမ်းခွဲလိုက်ရင် အိုင်းစတိုင်းရဲ့သီအိုရီလည်း ဘဝဆိုတာ မရှိ/မသိ
မောနွေ
23.2.2012-24.2.2012
ဘ၀ရဲ့လက်ကျန်အချိန်တွေကို တစ်ဝက် ပေါင်ပြီး တစ်ဝက် အပြတ်ရောင်းတော့မယ်
သက်တမ်းစေ့နေရမယ်ဆိုရင် လူ့အဖြစ်ကို ကိုယ် အဲဒီလောက်ကြီး ရွံရှာနေမှာမဟုတ်ဘူး
ဖုန်းဆက်တော့ အမေက ကိုယ့်အသံကို မမှတ်မိတော့ဘူး
ကိုယ်မွေးထားတဲ့ခွေးလေး အထက်တန်းစားဆန်ဆန် အူတတ်ဟောင်တတ်နေပြီလား
အခုလို တစ်မြို့လုံး လင်းထိန်နေတာ မြင်ရတော့ ကိုယ့်အခန်းတံခါးကို
ရောက်ရာအရပ်က ဆွဲဖွင့်လိုက်မိတယ်
ကိုယ်က လူယဉ်ကျေးတစ်ယောက်ဆိုတော့ မကျေနပ်ရင် မကျေနပ်တဲ့အတိုင်း ပေါက်ကွဲ
နာရင် နာတယ်လို့ အော်ပစ်လိုက်တာပဲ
လူတွေက တရားဓမ္မလိုလို နေထိုင်ကြတဲ့အခါမှာ ကိုယ်က တရားဓမ္မအဖြစ် ရှင်သန်တယ်
ရေကိုသောက်တာ မဟုတ်ဘူး၊အာဟာရကိုပဲ သောက်တာ
အရက်ကိုသောက်တာ မဟုတ်ဘူး၊အရသာကိုပဲ သောက်တာ
ကိုယ်ပြုံးနေတာ မြင်ရရင် ကိုယ်ပျော်နေလို့ပဲ
ကိုယ့်ရယ်မောသံကြားရရင် ကိုယ် ကြည်နူးနေလို့ပဲ
ကိုယ်က တစ်ယောက်တည်းအဖြစ်မှာ နှစ်ချို့လာတော့ ကိုယ့်ကိုယ်ကို ကြောက်လာတယ်
အလင်းရောင်ရှိတဲ့နေရာတွေမှာ ကိုယ် မနေတော့ဘူး
ကိုယ့်အခိုးအငွေ့ကို ထိုးဖောက်ဖြတ်သန်းသွားမယ့် လူကြီးလူကောင်းတွေနဲ့
မျက်နှာချင်း မဆိုင်ချင်တော့ဘူး
အရာရာဟာ ထစ်အဆိတ်သုဉ်း
ကိုယ့်ခန္ဓာကို မိန်မတစ်ယောက်ဆီ တစ်ညဖိုးလောက် ရောင်းချင်တယ်
သွေးနဲ့သားနဲ့လူသားစစ်စစ်ကြီးပါကွာ
ကိုယ်ဟာ ပလိပ်ရောဂါကျရောက်နေတဲ့နယ်မြို့လေးတစ်မြို့
ကိုယ် အရမ်းသိမ်ငယ်မွန်းကြပ်လွန်းလို့ မင်းလက်တစ်ဖက်ကို ဆုပ်ကိုင်ဖျစ်ညှစ်မိတာပါ
အေးစက်ထုံကျင်နေတဲ့ကိုယ့်လက်ဖ၀ါးတွေကို
မင်းရင်အုံနွေးနွေးလေးထဲ ထည့်ပြီး ကြယ်သီးတပ်ထားပေးပါ
ကိုယ့်ဆောင်းရာသီတွေကို မင်းရဲ့မီးလင်းဖိုညတွေနဲ့ ၀ယ်ပါ
အဖျားတက်တုန်ယင်ပြီး မင်းနာမည်ကို ဂယောင်ဂတမ်း ရေရွတ်ညည်းညူမိတဲ့အခါ
မင်းရဲ့နားတွေကို ပိတ်မပစ်လိုက်ပါနဲ့
ကိုယ့်ကိုယ်ကို ဘာမှန်းမသိတဲ့နေ့ရက်တွေဆီက အဓိပ္ပာယ်တစ်ခုခု ထွက်ကျလာဖို့
မျှော်လင့်ထားပါတယ်
လမ်းလျှောက်ရင်းဖြစ်ဖြစ်၊ဘစ်ကားစီးရင်းဖြစ်ဖြစ်၊လက်ဘက်ရည်သောက်ရင်းဖြစ်ဖြစ်
အလုပ်လုပ်ရင်းဖြစ်ဖြစ် မင်းအသည်းကွဲတာကို မေ့ပြီး ကိုယ့်ကို အပေါင်ဆုံးပစ္စည်းလို ၀ယ်ပါ
ဒီအသက်ဒီအရွယ်ရောက်မှ ဆယ်ကျော်သက်တစ်ယောက်လို လက်မောင်းသွေးဖောက်ပြီး
အချစ်ကို သက်သေမပြချင်တော့ဘူး။
မသေခင် အားရပါးရ ချစ်ထား၊သေမှ လာမငိုနဲ့။ ကိုယ် တငွေ့ငွေ့ လောင်နေတယ်။
ကိုသျှား