ကျွန်တော်တို့ ရှေ့ သမိုင်းခေတ်အဆက်ဆက်က ကဗျာဆရာတွေ
ငယ်ငယ်ကလိုပဲ၊ ကျွန်တော်တို့နဲ့ ခေတ်ပြိုင်သူငယ်ချင်း ကဗျာဆရာတွေ
ငယ်ငယ်ကလိုပဲ၊ နောက်ဆုံးမျိုးဆက်သစ်လူငယ်ကဗျာဆရာတွေဟာ " ကဗျာ "
ဆိုတဲ့အရာကို တန်ဖိုးထား ရူးသွပ်တဲ့စိတ်နဲ့ ဖန်တီးရေးသားနေကြပါတယ်။
လူ့ စရိုက်သဘာဝ ထုံးစံအတိုင်းပဲ၊
တချို့က လူ့အဖြစ်မှာ အနုပညာလက်ရာ ဖန်တီးတယ်ဆိုတဲ့ အလုပ်ကို လုပ်ဖို့၊
တချို့က ကဗျာဆရာဘ၀ကို တည်ဆောက်ဖို့၊ တချို့က ကဗျာဆိုတဲ့အရာကို
ရိုးရိုးသားသားချစ်လို့၊ တချို့က ပေါ်ပြူလာဖြစ်ချင်လို့၊ တချို့က
ခင်ဗျားတို့ ကဗျာရေးသလို ကျုပ်တို့လည်း ကဗျာရေးတယ်ဆိုတဲ့ စိတ်နဲ့
ခြေရာချင်းတိုင်းတာဖို့၊ တချို့က ကိုယ်ခရေဇီဖြစ်တဲ့ ကဗျာဆရာတစ်ယောက်ရဲ့
အနုပညာလောင်းရိပ်မိပြီး အဲဒီလူရဲ့ ကိုယ်ပွားတစ်ယောက်လို ဖြစ်လာစေဖို့၊
တချို့က ကဗျာဆရာဆိုတဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားမက်မောလို့။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။
ကဗျာ ပြုလုပ်/ဖန်တီး/ ရေးသားတဲ့ ရသအနုပညာနယ်ပယ်ထဲကို လူငယ်တွေ
မျိုးဆက်မပြတ် ခြေလှမ်းတိုးဝင်လာနေကြတာ မြန်မာကဗျာယဉ်ကျေးမှု ဘယ်တော့မှ
မသေဆုံး၊ အမြဲရှင်သန်သက်ဝင်နေလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး
သက်ရောက်နေပါတယ်။ ခေတ်စမ်းကဗျာ၊ စာပေသစ်၊ မိုးဝေ၊ တော်လှန်ကဗျာ၊ မော်ဒန်၊
ပို့စ်မော်ဒန်၊ အယ်လ်ပီ၊ နီယိုမော်ဒန်။ ကဗျာသမိုင်းခေတ်အဆက်ဆက်မှာ
လူငယ်တွေဟာ မြန်မာကဗျာယဉ်ကျေးမှု ရှင်သန်သက်ဝင်အောင် ဘယ်အာဏာရှင်၊ ဘယ်မိဘကမှ
အမိန့်အာဏာနဲ့ အတင်းအကျပ်မခိုင်းစေဘဲ သူတို့ကဗျာ သူတို့ ရေးပြီး ကိုယ့်
အနုပညာတာဝန် ကိုယ်ကျေပွန်အောင် အလုပ်လုပ်ခဲ့ကြတယ်လို့ ပြောနိုင်ပါတယ်။
ပင်မရေစီး ခေတ်ပေါ်ကဗျာအလွန်၊ အယ်လ်ပီ-နီယိုမော်ဒန်
ပဋိပက္ခအပြီး၊စမ်းသပ်ကဗျာ၊ ကွန်ဆက်ခြူရယ်၊ ဖလာ့ဖ်နဲ့ ဒစ်ဂျစ်တယ်ကဗျာ
စသဖြင့် ခေတ်ပြိုင်ကဗျာအမျိုးအစားသစ်တွေ ပေါ်ထွန်းလာတဲ့ ၂၀၁၀ ၀န်းကျင်မှာ
ကျွန်တော်တို့ နိုင်ငံရဲ့ နောက်ဆုံးမျိုးဆက်သစ် လူငယ်ကဗျာဆရာတွေ
ထွက်ပေါ်လာခဲ့ကြပါတယ်။ ပရင့်တ်မီဒီယာက စာပေနဲ့ ပေါ့ပ်မဂဇင်းတွေမှာ၊
အွန်လိုင်းက ဘလော့ဂ်နဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပေါ်မှာ လူငယ်တွေရဲ့
ကဗျာတွေဟာ နေ့စဉ်နဲ့အမျှ အရှိန်ပြင်းပြင်း ပေါက်ကွဲပွင့်ထွက်လို့။
အွန်လိုင်း PEM Skool အဖွဲ့က လူငယ်တွေရဲ့ အယ်လ်ပီ၊ ပီအယ်လ်ပီနဲ့
ဖလာ့ဖ်ကဗျာတွေ။ မောနွေ၊ အေးချမ်း၊ နေအေဒီ၊ မောင်မိုးမြင့်၊ ရင်ခွင်ရှိန်း၊
မှူးသစ်၊ ဇက်ကကြိုး၊ ကိုသျှား၊ လင်းလက်တာရာ၊စတဲ့ နီယိုမော်ဒန် ပထမမျိုးဆက်
လူငယ်ကဗျာဆရာတွေ၊ မန္တလေးက ရွှေကိုယ်နတ်( UCSM) ၊ မှူးနေ၀န်း၊ ညီမင်းဝေ၊
မိုးခါး၊ကျော်မိုးထွေး၊
သူဝေး ၊ ခွန်သာ စတဲ့ နောက်ဆုံးမျိုးဆက်သစ် ကဗျာဆရာတွေ။ မှူးဒါရီ၊ မယ်ယွေး၊
ချိုပိန်းနောင် စတဲ့ နောက်ဆုံးမျိုးဆက် အမျိုးသမီးကဗျာဆရာမတွေ။
အနုပညာဝါသမ္ဘာရင့်တဲ့ ကဗျာဆရာတွေ အနေနဲ့ မျိုးဆက်သစ်လူငယ်ကဗျာဆရာတွေ
ပေါ်ထွက်လာနေတာကို မီးပွိုင့်မှာ မီးဝါမြင်နေရသလို သတိအနေအထားနဲ့
စောင့်ကြည့် အကဲခတ်လေ့လာသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။ လက်ရှိ
ကြုံတွေ့ဖြတ်သန်းနေရတဲ့ ခေတ်ပြိုင်ကဗျာခေတ်က သူရဲကောင်းဝါဒခေတ်
ကုန်ဆုံးသွားပြီ။ မော်ဒန်ကဗျာခေတ်တုန်းကလို " ငါတို့က
ဝါရင့်ကဗျာဆရာကြီးတွေ၊ ငါတို့က ကဗျာဘုရားသခင်နဲ့ နတ်ဘုရားတွေ " ဆိုပြီး
ကိုယ့်ကိုယ်ကိုယ် မာနထောင်လွှား၊ ကဗျာထီးနန်းပလ္လင်ပေါ်မှာ သက်ဦးဆံပိုင်
ဧကရာဇ်တစ်ပါးလို အနုပညာ အာဏာယစ်မူးနေလို့ ရနိုင်တဲ့ ခေတ် မဟုတ်တော့ဘူး။
အခုခေတ်က ဇော်ဝင်းထွဋ်၊ လေးဖြူ၊ မာရဇ္ဇ၊ အငဲ၊ မျိုးကြီးတို့ သက်ရှိထင်ရှား
ရှိနေတဲ့ အချိန်မှာပဲ The Ants, Big Bag, Wanted, Reason, Idiots စတဲ့
လူငယ်ဂီတအဖွဲ့တွေ စင်မြင့်ပေါ် ဂစ်တာတွေနဲ့ အပြိုင်တက်လာကြတဲ့ခေတ်။
ရန်ကုန်မြို့ပြလမ်းမတွေပေါ်ပန့်ခ်၊ အီမို၊ ဟစ်ဟော့ပ်၊ ဖရီးစတိုင်လ်
ဒီဇိုင်းမျိုးစုံနဲ့ တက်တူးလူငယ်တွေ ဘယ်သူ့ကိုမှ စောက်ဂရုမစိုက်တဲ့ အထာနဲ့
လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ကိုယ့်လမ်းကိုယ် လျှောက်သွားနေကြတဲ့ခေတ်။
ခင်ဗျားဟာ အနုပညာ/ ကဗျာကောင်းတွေ ဖန်တီးရေးသားခဲ့ပြီးတဲ့
ဝါရင့်ကဗျာဆရာတစ်ယောက် ဖြစ်နေမယ် ဆိုရင်တောင် ခင်ဗျားထက် ပို
ချွန်မြစူးရှတဲ့ အနုပညာ/ ကဗျာတွေ အချိန်မရွေး ပေါ်ထွက်လာနေနိုင်တဲ့ ခေတ်။
ခေတ်နဲ့ လူငယ်တွေက အပြောင်းအလဲမြန်တယ်။
လူငယ်တွေဆိုတာ လီဗာ ခပ်ပြင်းပြင်းတစ်ချက် ပုတ်လိုက်တာနဲ့ ရှေ့ကို
အရှိန်နဲ့ ပြေးထွက်သွားမယ့် ပြိုင်ကားတစ်စီးလိုပဲဆိုတာ လူငယ်ဘ၀ကို
ဖြတ်သန်းခဲ့ဖူးတဲ့ ခင်ဗျား အသိဆုံးပါ ကိုယ့်လူ။
###
မိုဃ်းဇက်သော်၊ မိငြိဏ်းခက်၊ ရွှေကြယ်မိုး၊ မြေနံ့၊ တယ်ရီတို့ အဖွဲ့
ကဗျာစာအုပ်ထုတ်မယ်ဆိုတော့ အမှာစာ/ ကဗျာချဉ်းကပ်မှု တစ်ခုခု ရေးပေးဖို့
တောင်းဆိုလာကြပါတယ်။ ကျွန်တော် ရေးနေကျ
ကဗျာချဉ်းကပ်ဆောင်းပါးပုံစံရေးမယ်ဆိုရင် ကဗျာအကြောင်းအရာနဲ့
စာသားဖွဲ့စည်းတည်ဆောက်ပုံတွေ၊ သုံးစွဲထားတဲ့ ကဗျာဘာသာစကားနဲ့
အရပ်ပြောဘာသာစကားတွေ၊ သွင်ပြင်လက္ခဏာနဲ့ နောက်ခံအယူအဆတွေအားလုံးကို
အသေးစိတ်ဖော်ပြ၊ စနစ်တကျချဉ်းကပ်ပြီး အနုပညာမြောက်ပုံနဲ့ ရသခံစားမှုတွေကို
ကောင်းဆိုး ဆုံးဖြတ်ဝေဖန်ပေးရမှာ ဖြစ်ပါတယ်။ သူတို့ ၅ ယောက်စလုံးရဲ့
ကဗျာတွေကို တစ်ပုဒ်ချင်းအသေးစိတ် ချဉ်းကပ်ရင် လက္ခဏာနဲ့ အချက်အလက်တွေ
များပြားရှည်လျားသွားမှာ ဖြစ်လို့ ကဗျာချဉ်းကပ်မှုအရေးအသားမျိုး မရေးဘဲ
သူတို့ အနုပညာကို အကဲခတ်နိုင်ရုံလောက်ပဲ ခပ်ပါးပါး ပြောမယ်လို့
စဉ်းစားမိပါတယ်။
မိုဃ်းဇက်သော် ( သို့မဟုတ်) ခေတ်နဲ့ လူမှုဝန်းကျင်ကို လှောင်ပြောင်သရော်ချင်သူ ကဗျာဆရာ
မိုဃ်းဇက်သော်၊ အသက် ၂၃၊ ရန်ကုန်ရောက် ကလေးမြို့သားကဗျာဆရာ၊
ကိုရီးယားကိုထွက်ဖို့ ဘာသာစကားသင်တန်း တက်နေသူ၊ ချင်းလူမျိုးလိုလို
ကချင်လူမျိုးလိုလို မျက်နှာပေါက်နဲ့၊ အပြစ်ကင်းစင်တဲ့
ကလေးငယ်တစ်ယောက်ပုံစံ၊ အရပ်ပုပု အော်လ်တာရှပ်နဲ့ ဂျင်းန်ပင်နဲ့
လျှာထိုးဦးထုပ်နဲ့။ ရိုးသားပွင့်လင်းတဲ့ စိတ်နှလုံး ရှိသူဆိုတာ
သူရယ်လိုက်ရင် မျက်နှာပေါ်မှာ အတိုင်းသား မြင်နေရတယ်။
မိုဃ်းဇက်သော်ရဲ့ ကဗျာတွေထဲမှာ " ဆင်ဆာတော့ ဆင်ဆာပေါ့..... " နဲ့ "
ဈေးဦးမပေါက်သေးတဲ့ ချွေးသံသွေးသံတွေ..... " ကဗျာနှစ်ပုဒ်က
နီယိုမော်ဒန်တွေ ဖြစ်ပြီး " ကျည်ကာမပါတဲ့ ကဗျာ " စီးရီးစ်အပါအ၀င်
တခြားကဗျာတွေက ခေတ်ပေါ်ကဗျာရေးဟန်နဲ့ ရေးထားတဲ့ ကဗျာတွေ ဖြစ်ပါတယ်။
ပင်မရေစီးခေတ်ပေါ်ကဗျာနဲ့ ရင်းနှီးကျွမ်းဝင်သူ၊ ခေတ်ပေါ်ကဗျာလွန်
ရေးဟန်တွေကိုလည်း လေ့လာနေသူပီပီ ကဗျာဘာသာစကားနဲ့ အရပ်ပြောဘာသာစကား
နှစ်မျိုးလုံး သုံးစွဲပြီး ရေးဟန်နှစ်မျိုးလုံး နိုင်နိုင်နင်းနင်း
ရေးဖွဲ့နိုင်တာ သတိပြုမိပါတယ်။
" ကျည်ကာမပါတဲ့
ကဗျာ " စာသားတွေထဲက " ခေတ်ကြီးတစ်ခုလုံးဟာ ရုပ်ရှင်ရုံနာမည်နဲ့ လူဆီမှာ
သေပန်းပွင့်လို့ " ဆိုတဲ့ အဖွဲ့အနွဲ့ဟာ ကဗျာဘာသာစကားကို အသုံးပြုပြီး
လူပုဂိုလ်တစ်ဦးတစ်ယောက်ရဲ့ နိုင်ငံရေး အကွက်ရွှေ့ထိန်းချုပ်မှုအောက်မှာ
မရှူနိုင် မကယ်နိုင် သေလုမျောပါး မျက်ကလူးဆန်ပြာ ဖြစ်နေရတဲ့ နိုင်ငံရေး
အခင်းအကျင်းကို ရဲရဲရင့်ရင့် လက်ညှိုးထိုး ဝေဖန်လိုက်တာပဲ ဖြစ်ပါတယ်။
" ကျည်ကာမပါတဲ့ ကဗျာ( ၂) " မှာ ခေတ်နဲ့ လူမှုဝန်းကျင်အပေါ် အမြင်တွေ ပိုကျယ်ပြန့်လာတယ်။
အသက်နဲ့ လူလုပ်ရတဲ့ခေတ်မှာ အရှက်ဟာ ဘီကနီ ၀တ်စုံနဲ့ တဲ့။
ဒီနေ့ခေတ်မှာ အရှက်နဲ့ အသက်နဲ့ ဆိုင်တဲ့ အစဉ်အလာ အသိအမြင်တွေ ကျိုးပျက်နေပြီဆိုတာ ပြောပြနေသလိုပဲ။
လူကြီးလူကောင်းတွေ နောက်ဖေးပေါက်က ၀င်လာပြီး အိမ်ဦးခန်းမှာ ခြေတွဲလွဲချ
ထိုင်နေတယ်။ ကံတရားဟာ သန်းကြွယ်သူဌေးတစ်ဦး
ပိုက်ဆံတစ်ပဲခြောက်ပြားကောက်တွေ့ရသလို ကလိမထိုးဘဲ ရယ်ရတယ် တဲ့။
အဲဒီ စာသားတွေမှာ လူမှုဝန်းကျင်အပေါ် ဝေဖန်သုံးသပ်ချက်နဲ့ ကံကြမ္မာအပေါ် လှောင်ပြောင်သရော်မှုတွေကို မြင်နိုင်ပါတယ်။
" ကျည်ကာ မပါတဲ့ ကဗျာ ( ၃) " ကတော့ ခေတ်ပြိုင်ကမ္ဘာကြီးအပေါ်
အကျဉ်းချုပ်ကောက်ချက်ချပြီး စစ်ဆန့်ကျင်ရေး အသိအမြင်နဲ့ ရေးဖွဲ့ထားတဲ့
ခေတ်ပေါ်ကဗျာတစ်ပုဒ်။
ဗိုလ်ချုပ်အောင်ဆန်း
မွေးနေ့အမှတ်တရ ရေးဖွဲ့ထားတဲ့ " ကျည်ကာ မပါတဲ့ ကဗျာ ( ၄) " မှာ
မိုဃ်းဇက်သော်ဟာ ရန်ကုန်မြို့ပြနဲ့ မြန်မာ လူ့အဖွဲ့အစည်းအတွင်းက
လွဲမှားနေတဲ့ လူမှုအမှန်တရားတွေ၊ ခေတ်ပြိုင်လူမှုဆက်ဆံရေး အခင်းအကျင်းတွေကို
မမေ့မလျော့ ထည့်သွင်းရေးသားထားတာ တွေ့ရပါလိမ့်မယ်။
" မှန်ရာကို သစ္စာဆိုပါမည် " ကဗျာမှာတော့ အသစ်စက်စက် Sex Worker
မလေးတစ်ယောက်ရဲ့ ဘ၀အတွေ့အကြုံနဲ့ အချိုးပျက်ယွင်းနေတဲ့ လူမှုအသိအမြင်တွေ၊
လူသားဆန်တဲ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာမပါ သွေးသားဆန္ဒနဲ့ ငွေကြေး
တိုက်ရိုက်ဖလှယ်တဲ့ အပေးအယူသဘောတွေ ၊ မိခင်ကို မွေးကျေးဇူးဆပ်ဖို့
ကိုယ်ခန္ဓာနဲ့ ဘ၀ကို ထိုးကျွေးလိုက်ရတဲ့ ဆင်းရဲမွဲတေမှု အခြေအနေတွေကို
ရေးသားထားပါတယ်။
အဲဒီကဗျာထဲက " ကိုယ့်ကိုယ်ကိုယ်
သေကြောင်းကြံနေတဲ့ အနုစားစိတ်ရောဂါရှင်တွေ၊ ကျွန်မက ပျက်စီးနေတဲ့ ဆဲလ်
အစုအဝေးပဲ၊ အမေတော့ ၀၀လင်လင် စားရပါတယ် ၊ ကျွန်မဟာ ဆင်ဆာမလွတ်တဲ့
ဗီဒီယိုကား " စတဲ့ ကဗျာဘာသာစကားတွေက ကဗျာဖတ်သူရဲ့ စိတ်ကို တစ်စုံတစ်ရာ
ထိခိုက်နာကျင်စေနိုင်လိမ့်မယ် ထင်ပါတယ်။
မိုဃ်းဇက်သော်ဟာ ၂၀၁၂-၂၀၁၃ အတွင်းမှာ ခေတ်ပေါ်ကဗျာရေးဟန်ကို ကျော်လွန်ပြီး
နီယိုမော်ဒန်ကဗျာတွေ စမ်းသပ်ရေးသားလာတဲ့ လူငယ်တစ်ယောက်ပါ။ သူ့ရဲ့
နီယိုမော်ဒန်ကဗျာတွေမှာ ခေတ်ပြိုင်လူမှုဝန်းကျင်အပေါ်
လှောင်ပြောင်သရော်ချက်တွေ၊ နိုင်ငံရေး အခင်းအကျင်းနဲ့ နည်းဗျူဟာတွေအပေါ်
မျက်စိမှတ်လျှာထုတ်ပြခြင်းတွေ အဓိကအကြောင်းအရာ အဖြစ် ပါဝင်တာ
သတိပြုမိပါတယ်။ တခြားလူငယ်ကဗျာဆရာတွေနဲ့ ကွဲပြားခြားနားတာက သူဟာ တစ်သီးပုဂလ
အာရုံခံစားမှုနဲ့ အီဂိုနာကျင်မှု ဖော်ပြတာမျိုး သိပ်မလုပ်ဘဲ
ခေတ်ပြိုင်လူ့အဖွဲ့အစည်းအပေါ် ဝေဖန်လှောင်ပြောင်မှုကို အဓိက ထားတာပါပဲ။
မိုဃ်းဇက်သော်ဟာ ခေတ်နဲ့ လူမှုဝန်းကျင်ကို လှောင်ပြောင်သရော်ချင်တဲ့
ကဗျာဆရာတစ်ယောက်လို့ ကိုယ်ပိုင်အမှတ်အသားလက္ခဏာ အမှတ်တံဆိပ်တစ်ခု
တပ်ပေးနိုင်မယ် ထင်ပါတယ်။
မိငြိဏ်းခက် ( သို့မဟုတ်) အတွေးရဲ အရေးရဲ Female Expressionist
ခေတ်ပြိုင်မြန်မာ ကဗျာလောကမှာ ကဗျာဆရာတွေရဲ့ အရေးအသားနဲ့ အယူအဆတွေပဲ
လွှမ်းမိုးကြီးစိုးနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေ အသံထွက်လာတဲ့ ၂၀၁၂ အတွင်းမှာပဲ
အွန်လိုင်းမှာ မျိုးဆက်သစ် ကဗျာဆရာမတွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာတာ
သတိပြုမိပါတယ်။ အိန္ဒြာ ၊ပန်ဒိုရာ၊ ငယ်ငယ်(ကျောက်ဆည်) ၊ ညိုပြာဝိုင် တို့
မျိုးဆက်နောက်က ကပ်လိုက်လာတဲ့ မှူးဒါရီ၊ မယ်ယွေး၊ နေအေဒီ၊
ချိုပိန်းနောင်တို့ မျိုးဆက်တွေ။
အဲဒီ မျိုးဆက်သစ် ကဗျာဆရာမတွေ အမည်စာရင်းထဲမှာ အခု နောက်ထပ်နာမည်အသစ်တစ်ခု ထပ်တိုးလာပါပြီ။
သူ့ ကဗျာနာမည်က မိငြိဏ်းခက်တဲ့။
မိငြိဏ်းခက်ရဲ့ ကဗျာအရေးအသားအများစုက စိတ်အာရုံခံစားမှုနဲ့ အသိအမြင်တွေကို
ဖော်ထုတ်ပြတဲ့ Expression ကဗျာမျိုးတွေ ဖြစ်ပြီး စကားပြေဆန်တဲ့
ဝါကျရှည်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ သူ့ ကဗျာတွေက
အကြောင်းအရာတစ်ခုတည်းကို ဦးတည်ရေးဖွဲ့တဲ့ ခေတ်ပေါ်ကဗျာဟန်တွေ ဖြစ်ပေမဲ့ "
နာဖျားမှုအကျဉ်းသား " နဲ့ " Monopoly " လို အရေးအသားမျိုးတွေမှာ
အကြောင်းအရာတစ်ခုထက်ပိုတဲ့၊ ဒြပ်မဲ့ဆန်တဲ့ အတွေးအမြင်မျိုးတွေ ပါဝင်တာလည်း
တွေ့ရပါတယ်။
" ငါး " ကဗျာမှာ ယောက်ျားသဘာဝကို
ဆန့်ကျင်အားပြိုင်နေတဲ့ မိန်းမတစ်ယောက်ရဲ့ ဗီဇသဘာဝကို ငါး/ အမျှားခံရခြင်း/
ပြန်လည်ဆော့ကစားခြင်း သဘောတွေပါအောင် သင်္ကေတပြု ရေးဖွဲ့ထားတာ
တွေ့ရပါလိမ့်မယ်။
" ကျွန်မက ခလုတ်တစ်ခု၊
ရှင့်ကို လမ်းတစ်ခု ခင်းပေးထားခဲ့တယ်၊ ကျွန်မရဲ့ နာကျင်မှုတွေကို ရှင်တို့
သိပ်လိုချင်နေတယ်ဆိုရင် အခု ကျွန်မ နာကျင်မှုတွေ ထုပ်ပိုးပြီး လက်ဆောင်အဖြစ်
ပို့ပေးလိုက်မယ် " ဆိုတဲ့ အရေးအသားတွေက ကဗျာဖတ်သူတွေကို
ဆွဲဆောင်ဖြားယောင်းမှုတစ်ခုခု ပြုနေသလိုပါပဲ။
"
နာဖျားမှု အကျဉ်းသားဟာ ခေတ်ပေါ်လူသားမိန်းမတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ
မွန်းကျပ်နာကျင်မှုကို ကျစ်လျစ်တဲ့ ဒြပ်မဲ့စာသားတွေနဲ့ ရေးဖွဲ့ထားတဲ့
Expression ကဗျာတစ်ပုဒ်ပါ။
လူသားတွေအတွက်
နာကျင်မှုဆိုတာ ဘုရားက ပေးတဲ့ ဆုလာဘ်တစ်ပါးပါပဲ ဆိုတဲ့ Existentialist
ဆန်တဲ့ အတွေးအခေါ်တွေ၊ လူရယ်လို့ ဖြစ်လာကတည်းက ကျွန်တော် သစ္စာတရားကို
စူးစူးနစ်နစ် နာကျည်းမိတယ် ဆိုတဲ့ အမှန်တရားအပေါ် အယုံအကြည်ကင်းမဲ့လေ့
ရှိတဲ့ ခေတ်သစ်လူသားတစ်ယောက်ရဲ့ အာရုံခံစားမှု အမြင်တွေကိုလည်း
တွေ့ရပါလိမ့်မယ်။
" ဘာနဲ့ မြှောက်မြှောက်
ဘယ်လိုပဲ ခေါက်ချ ခေါက်ချ ကဗျာတစ်ပုဒ်အပြင် ဘာမှ ထွက်ကျမလာဘူး " ကဗျာရှည်ဟာ
မိငြိဏ်းခက် လက်ကုန်ဆန့်ထုတ်ရေးဖွဲ့ထားတဲ့ ကဗျာတစ်ပုဒ်လို့ ယူဆနိုင်ပါတယ်။
" ကဗျာ " လို့ Nickname ပေးထားတဲ့ လူငယ်တစ်ယောက်အကြောင်း အက်ဆေးဆန်ဆန်
Narrative Style နဲ့ ရေးသားထားပေမဲ့ ကဗျာတစ်ပုဒ်လို အရသာမျိုးလည်း
ပေးနိုင်တဲ့ အရေးအသားတွေပါ။ နမူနာစာသားတွေ ထုတ်ပြတာထက်စာရင် သူ့
ကဗျာစာသားတွေထဲ ကဗျာဖတ်သူကိုယ်တိုင် စီးမျောနစ်ဝင်ခံစားကြည့်တာက အရသာ
ပိုရှိနိုင်လိမ့်မယ် ထင်ပါတယ်။
" Monopoly " က
စာသားဖွဲ့စည်းပုံ သေသပ်ကျစ်လျစ်တဲ့၊ မိငြိဏ်းခက်ရဲ့ ရေးဟန် စကားပြေဆန်တဲ့
ဝါကျ/ လိုင်းအရှည်တွေနဲ့ ကွဲပြားခြားနားပြီး စာသားအပိုင်းအစ( Fragments )
တွေနဲ့ စမ်းသပ်ရေးဖွဲ့ထားတဲ့ ကဗျာတစ်ပုဒ်ပါ။ " အတ္တပုံဆောင်ခဲများ " ဟာ
ထူးအိမ်သင်ရဲ့ သီချင်းခေါင်းစဉ်ဖြစ်ပြီး Concrete Poetry ရဲ့
အရိပ်အငွေ့နည်းနည်းတွေ့ရ၊ " အဲဒီနေ့ကတည်းက..... " နဲ့ " မိုးချုပ်လို့
မှောင်တာလား..... " ကဗျာနှစ်ပုဒ်မှာ ရေးဟန်နဲ့ တင်ပြပုံ ဆင်တူယိုးမှား။
မိငြိဏ်းခက်ကို " အတွေးရဲ အရေးရဲ Female Expressionist ကဗျာဆရာမ " လို့
ကိုယ်ပိုင်အမှတ်အသား နာမည်တပ်ပေးနိုင်တဲ့ ကဗျာကတော့ " ရေရွတ်ရင်း..... ရယ်/
မောရင်း စက္ကန့်တံတွေ ပြေးလွှားရင်း " ဆိုတဲ့ အရေးအသားပဲ ဖြစ်ပါတယ်။
မိငြိဏ်းခက်က ကျွန်မ ချစ်ခြင်းမေတ္တာအကြောင်း မပြောတော့ဘူးတဲ့။
ဦးနှောက်ထဲပိုးဝင်နေတဲ့ ရှင့် ချစ်ခြင်းမေတ္တာ အကြောင်းကြီးလည်း
မကြားချင်တော့ဘူးတဲ့။
ရုပ်ဝတ္ထုအသစ်အဆန်းတွေနဲ့
နည်းပညာတွေ ပေါက်ကွဲတိုးတက်နေတဲ့ ခေတ်ကာလကြီးထဲမှာ ချစ်ခြင်းမေတ္တာ၊
ဥာဏ်ပညာနဲ့ အမှန်တရားလို စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေ
ပြိုကွဲလျော့နည်းလာနေတယ်၊ အဲဒါတွေအပေါ် လူငယ်တွေရဲ့ သဘောထားအမြင်တွေ
ပြောင်းလဲနေတယ် လို့ Noemodernist တွေ ထပ်တလဲလဲ သတိပေး
ရေးသားခဲ့ဖူးကြပါတယ်။ အဲဒီလို ခေတ်သစ် လူမှုအမှန်တရားတွေ မိငြိဏ်းခက်ရဲ့
ကဗျာထဲမှာ ပါဝင်နေတာ တွေ့ရပါတယ်။
" ရှင်သိလား ချစ်ခြင်းကြောင့် ကိုက်တတ်တဲ့ ဗိုင်းရပ်စ်က စိတ်မှာ အလားဂျစ်ဖြစ်ရင်
အိုင်တီ ကုထုံးသစ်နဲ့ မျိုးဆက်ခြားလို့ ရနိုင်ကောင်းမယ်လို့ရော ရှင်ထင်လား "
" ရှင့် ချစ်ခြင်းမေတ္တာ မြောင်းပုပ်ကြီးထဲ လိင်စိတ်တွေပဲ စီးဆင်းနေသလားလို့ "
အဲဒီလို အရေးအသားတွေမှာ ဖိုမလိင်ဆက်ဆံရေးအပေါ် ပုံမှန်မဟုတ်တဲ့ အဆိုးမြင်
ထိတ်လန့်မှု၊ လိင်ကိစ္စပါဝင်တဲ့ ချစ်ခြင်းမေတ္တာအပေါ် အယုံအကြည်ကင်းမဲ့မှုတွေကို
မိန်းမတစ်ယောက်အနေနဲ့ ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြထားတာ
ဖတ်ရပါလိမ့်မယ်။
အဲဒီလို
အရေးအသားတွေကြောင့်လည်း မိငြိဏ်းခက်ကို အတွေးရဲ အရေးရဲ Female
Expressionist ကဗျာဆရာမတစ်ယောက်လို့ အမည်တံဆိပ် သတ်မှတ်ပေးနိုင်တာ
ဖြစ်ပါတယ်။
ရွှေကြယ်မိုး ( သို့မဟုတ်) သူ့ အသိဥာဏ်သူ Existentialist ကဗျာဆရာတံဆိပ် ကပ်ထားတဲ့ လူငယ်
ရွှေကြယ်မိုး၊ အသက် ၂၀၊ ဒသနိကဗေဒ အထူးပြု ဒုတိယနှစ် ကျောင်းသား၊ အဖြူရောင်
စတစ်ခ်ကော်လာ လက်ရှည်၊ ကချင်ပုဆိုး၊ ပါဝါမပါတဲ့ ကျွဲကော်ကိုင်းမျက်မှန်နဲ့
ဟစ်ဟော့ပ်ဦးထုပ်ကို တွဲဖက်ဝတ်ဆင်တတ်သူ၊ မာတင်ဟိုက်ဒက်ဂါ၊
ယန်းပေါလ်ဆာ့ထ်တို့ရဲ့ Existentialism အတွေးအခေါ်တွေနဲ့ အဲလ်ဘတ်ကမူးရဲ့
ဝတ္ထုအရေးအသားတွေကို နှစ်သက်စွဲလမ်းသူ၊ ဘာသာရေးကိုးကွယ်မှု မရှိ၊
ကျောင်းသားသမဂ သင်္ကေတ ခွပ်ဒေါင်းပုံ ရင်ထိုးတံဆိပ်ကို ဖျင်နီကြမ်း
ဘေးလွယ်အိတ်မှာ အမြဲထိုးထားလေ့ ရှိသူ။
ရွှေကြယ်မိုးရဲ့ " ဂဂါင်္ရဲ့ချစ်သူ.... မိဧရာဝတီ " ကဗျာဟာ
ဧရာဝတီမြစ်အကြောင်းကို သမိုင်း၊ နိုင်ငံရေးနဲ့ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးအမြင်တွေရောယှက်ပြီး တာရာမင်းဝေရေးဟန်နဲ့ ရေးသားထားတဲ့
ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။ ရွှေကြယ်မိုးရဲ့ ကဗျာအရေးအသားအများစုက အချစ်ရေးနဲ့
ပတ်သက်တဲ့ ပုဂလိကစိတ်ခံစားမှုနဲ့ အသိအမြင်တွေကို အဓိကအကြောင်းအရာပြု
ရေးဖွဲ့ထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို စာသားတွေကြားထဲမှာပဲ
နိုင်ငံရေးနဲ့ လူမှုဝန်းကျင်အပေါ် အမြင်၊ Existentialist ဆန်တဲ့ အယူအဆတွေနဲ့
သူ့ကိုယ်ပိုင်အတွေးအခေါ်တွေ ရက်ဖောက်ရေးဖွဲ့ထားတာ တွေ့ရပါတယ်။
" ကိုယ်တို့ လိုအပ်နေတာ အချစ်မဟုတ်ဘူး " ကဗျာမှာ စိတ်ပိုင်းဆိုင်ရာ
တန်ဖိုးနဲ့ အလှတရားတစ်ခု ဖြစ်တဲ့ ချစ်ခြင်းမေတ္တာကို ဆန့်ကျင်ငြင်းဆန်ထားတဲ့
ရုပ်ဝါဒီဆန်ဆန် အတွေးအမြင်တွေကို သတိထားမိကြပါလိမ့်မယ်။ ရွှေကြယ်မိုးက "
အချစ်ပဲ ဖြစ်ဖြစ် မေတ္တာပဲ ဖြစ်ဖြစ် လိင်ဆက်ဆံခြင်း/ စီးကရက်ဖွာခြင်းလောက်
အရသာရှိမှာ မဟုတ်ဘူး" တဲ့။ လူငယ်တွေ ရင်ဆိုင်ဖြတ်သန်းနေရတဲ့
ခေတ်စနစ်လူမှုဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ လူမှုအဖြစ်အပျက်တွေက သူတို့ရဲ့
အတွေးအမြင်တွေကို ရိုက်ခတ်ပြောင်းလဲသွားစေတယ်ဆိုတာ လူမှုရေးပညာရှင်တွေ
အပါအ၀င် ခင်ဗျားတို့ အားလုံး သတိပြုမိသင့်ကြပါတယ်။
" တိုင်းပြည်အလင်းမပွင့်သလိုပဲ ဘာဆို ဘာမှ မမြင်ရတဲ့ ဘ၀တွေက အများကြီး။
တစ်ခုခုကို ယုံကြည်ရမယ်ဆိုရင်တော့ ဒဏ်ရာဆိုတာ ရှိလာမှာပဲ။
ကိုယ်လုံးပေါ်မှန်ထက် မျက်စိတွေက ပို အရေးပါတယ်။ စိတ်ကူးတချို့က
လူ့အဖွဲ့အစည်းကို ဘောင်ခတ်ပစ်လိုက်ကြတယ် "
အဲဒီလို အရေးအသားတွေဟာ ရွှေကြယ်မိုးရဲ့ အချစ်ကဗျာတွေထဲက ခင်ဗျားတို့
တူးဖော်ရရှိနိုင်မယ့် ခေတ်စနစ်အပေါ် ဝေဖန်သုံးသပ်မှုနဲ့
ပုဂလိကအတွေးအမြင်တွေပဲ ဖြစ်ပါတယ်။
"
စီးကရက်တွေကိုပဲ အသေခံရွေးလိုက်တယ် " ကဗျာမှာ ရသတဏှာအပေါ် စွဲလမ်းတပ်မက်မှု၊
ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ကူးသာယာမှုနဲ့ Exist အယူအဆတွေ ရောနှောရေးသားထားတယ်။
ယုံကြည်ချက် တော်တော်များများနဲ့ ဝေးနိုင်ခဲ့တယ်၊ စီးကရက်နဲ့တော့
အဝေးမခံနိုင်။ အနာဂတ်မသိ/ မရှိ ဒဏ်ရာမကင်းတာကိုက လူသားဆန်ခြင်းတစ်မျိုးပဲ။
ပေါင်တံဖြူဖြူလေးတွေကို ကြည့်နေရင်း တစ်ရှိုက်ပြီးတစ်ရှိုက်။
တွန်းတင်လိုက်ရတဲ့ ကျောက်တုံး ပြန် လှိမ့်ချလိုက်ရပြန်၊ ငါလည်း စီစီဖတ်ပဲ။
ဒီမှာ ဘ၀ရဲ့ ဒဏ်ခံစီးကရက်များ လှလို့ ပလို့။
အဲဒါတွေက ရွှေကြယ်မိုးရဲ့ ကဗျာတွေထဲက ကဗျာဖတ်သူတွေ သတိပြုမိလောက်စရာ အရေးအသားတချို့ပါ။
ရွှေကြယ်မိုးရဲ့ အရေးအသားအများစုက စကားပြေဆန်ပြီး စာသားနဲ့ အနက်အဓိပ္ပာယ်
ဖောင်းပွမှု အနည်းငယ်ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ စာသားတွေ
ကြားထဲမှာပဲ နိုင်ငံရေး အခင်းအကျင်းနဲ့ လူ့အဖွဲ့အစည်းအပေါ် အမြင်တွေ၊
ပုဂလိကယုံကြည်ခံယူချက်နဲ့ ဘ၀အမြင်တွေ ရက်ဖောက်ရေးဖွဲ့လေ့ ရှိတယ်လို့
ဆိုနိုင်ပါတယ်။
ဒီ အချက်ကို " ဂင်္ဂါချစ်သူ "
ကဗျာထဲက " နင့် သိက္ခာတွေ နင့်ကိုယ်ကျင့်တရားတွေကို
နိုင်ငံကျော်ဈေးကွက်ကြီးထဲ ပို့လိုက်ကြပေါ့ " ဆိုတဲ့ စာသား၊ "
အသက်ဆက်ရ်ျရသော/ မရသော... .... " ကဗျာထဲက " နွမ်းဖျော့နေတဲ့ အတွေးတွေကို
သွေးသစ်လောင်းဖို့ဆိုတာ ငါတို့ရဲ့ ဘ၀ ရှင်သန်ခြင်းပဲ " ဆိုတဲ့ စာသားနဲ့ "
ကံကြမ္မာဆိုတာကို လူညံ့တွေကသာ ယုံကြည်ကြကြောင်း မင်းကို ယုံခဲ့စေချင်တယ် "
ဆိုတဲ့ စာသားတွေက ဖော်ပြပေးနေပါတယ်။
မြေနံ့ ( သို့မဟုတ် ) Ms. Sylvia Myay Nant
မြေနံ့၊ အသက် ၂၁ ၊ ကိုယ်ခန္ဓာ သေးသေးသွယ်သွယ် ခေတ်ပေါ်မိန်းကလေး၊ လျှို့ဝှက်တိတ်ဆိတ်ငြိမ်သက်သူ၊ သူ့ အရေးအသားတွေက Sylvia Plath နဲ့
ခပ်ဆင်ဆင်။ ကဗျာရေးဖော် ဘော်ဒါရင်းတွေက သူ့ကို Sylvia Myay Nant လို့ သူ
မသိအောင် Nick ပေးထားတယ်။ Facebook အကောင့်နာမည်က Sofar Awayfrom You.
Facebook မှာ သာမန်မိန်းကလေးတွေ ရှော့ခ်ဖြစ်သွားတတ်တဲ့ Update Status
တွေကို သူက Tomboy လို အထာမျိုးနဲ့ Like လုပ်လေ့ ရှိတယ်။
လျှို့ဝှက်နားလည်ရခက်တဲ့ မျက်နှာသွင်ပြင်ရဲ့နောက်ကွယ်နဲ့ သူ့အရေးအသားတွေမှာ
စိတ်ပိုင်းဆိုင်ရာ ကိုက်ခဲအေးစက်မှုနဲ့ ဆန့်ကျင်ဘက် ပဋိပက္ခတွေကို
အထင်းသားမြင်နေရပေမဲ့ အဲဒီ အမှန်တရားကို မသိချင်ယောင်ဆောင် ငြင်းဆန်တတ်လေ့
ရှိတယ်။
" ကျွန်မကို ကော်ဖီဖျော်ခိုင်းပါ "
ဆိုတဲ့ ကဗျာမှာ Sylvia Plath ရဲ့ တွေးဟန် ရေးဟန်တွေ အရိပ်သြဇာလွှမ်းမိုးနေတာ
သိသိသာသာမြင်ရတယ်။ အသက်ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်လို့
အချစ်ရေးခံစားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်ကိုက်ခံမှုတွေကို Expressive
Modern ဆန်ဆန် အရေးအသားတွေနဲ့ ရင်ဖွင့်ထုတ်ဖော်ပြတတ်တဲ့ လူငယ်ကဗျာဆရာမလေး။
" ရှင်ဟာ ကျွန်မကို နိုးထစေတဲ့ စိတ္တဇ သီချင်းလေး တစ်ပုဒ်လည်း ဖြစ်ရဲ့
တစ်နှစ်ထက် တစ်နှစ် ရှင်ဟာ ပိုမို နုပျိုလာရင်းနဲ့ ကျွန်မကို အိုမင်းစေတယ် "
" ရှင့်ရဲ့ အစိမ်းရောင် ဖြစ်မှုတွေနဲ့မှ အော်ဟစ်ချင်ပေမဲ့
ကျွန်မ ရှင့်ရဲ့ သေမင်းအဖြစ်ပဲ လိုချင်တယ် "
အဲဒီလို အရေးအသားတွေမှာ ကျားသဘာဝဆီ တိမ်းညွတ်အလျှော့ပေးနေရတဲ့
မိန်းမသားဘ၀ခံစားမှုနဲ့ ဆန့်ကျင်အန္တရာယ်ပေးလိုတဲ့ မသိစိတ်အခြေအနေတွေ
ပဋိက္ခအသွင်ဆောင် ပေါ်လွင်နေပါတယ်။
" ကိုယ့်
လက်မှာ မိုးတွေ ရွာနေတယ် " ကဗျာမှာ အတွင်းစိတ်အခြေအနေကို ကျစ်လျစ်သပ်ရပ်တဲ့
စိတ်ခံစားမှုဖော်ပြစကားလုံးတွေနဲ့ ရေးသားထားတာ တွေ့ရတယ်။ လူတစ်ယောက်နဲ့ပဲ
ကိုယ့်ရဲ့ ချစ်ခြင်း ကုန်ခန်းပြီးနောက်၊ မြွေတစ်ကောင် ကိုယ့်ကို
စိုက်ကြည့်နေပုံက သွေးနွေးနေလွန်းလို့။ အသက်ကယ်ဆေးပုလင်းတွေတောင်မှ
ကိုယ်အဖုံးဖွင့်လိုက်တော့ ဆေးမှုန့်တွေဆီကနေ မီးခိုးတွေပဲ လိမ့်တက်လာတယ်လေ
တဲ့။ ချစ်ခြင်းအပေါ် စိတ်အစွဲအလမ်းကြီးမားမှု၊ ဆာရီယယ်ဆန်တဲ့ အတွေးစဉ်တွေနဲ့
အာရုံမှောက်မှားမှု သဘောတွေပါဝင်နေတဲ့ မြေနံ့ရဲ့ အရေးအသားတွေ။
မြေနံ့ဟာ တိတ်ဆိတ်လျှို့ဝှက်ပြီး သိနားလည်ရခက်ခဲတဲ့ ကဗျာဆရာမတစ်ယောက်
ဖြစ်တယ်ဆိုတာကို " ဆိုင်ယာနိုက်လျှာ " နဲ့ " ၁၈ ခါမြောက် " ကဗျာစာသားတွေကို
ဖတ်ရှုကြည့်ရင် ခင်ဗျားတို့ ရိပ်မိနားလည်လာနိုင်ပါလိမ့်မယ်။
ဆိုင်ယာနိုက်လျှာ တဲ့။ ဆွဲဆောင်ဖြားယောင်းနိုင်စွမ်းတဲ့ ကဗျာဘာသာစကား
သုံးစွဲမှုတစ်ခုပေါ့။ ရှုပ်ထွေးနေတယ်ဆိုတာ ခံစားမှုအစစ်တွေလေ ၊ နင် နားမလည်တာက
ငါ့ စဉ်းစားမှုတွေပဲတဲ့။ အဲဒီစာသားတွေဟာ မြေနံ့ရဲ့ အတွင်းစိတ်
စရိုက်သဘာဝကို တစ်ပိုင်းတစ်စ ဖွင့်လှစ်ပြနေတဲ့ အရေးအသားတွေ။
" ၁၈ ခါမြောက် " နဲ့ " အချိန်စေ့သွားပြီ " ကဗျာတွေမှာ မူးယစ်ဆေးဝါးနဲ့
စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဓာတုပစ္စည်းတွေ သုံးစွဲမှု အတွေ့အကြုံ၊
အာရုံခံစားမှုနဲ့ အတွေးစဉ်တွေ လွင့်မျောနေခြင်း၊ အထီးကျန်ဆန်မှုနဲ့
သေခြင်းတရားအပေါ် စိတ်တိမ်းညွတ်မှု လက္ခဏာတွေ ပါဝင်နေတာ ခင်ဗျားတို့လည်း
သတိပြုမိကြလိမ့်မယ် ထင်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ခေတ်ပေါ်မိန်းကလေးတစ်ယောက်
သေခြင်းတရားဆီ အာရုံတိမ်းညွတ်မှု ဖြစ်တာဟာ ခေတ်ပေါ်လူငယ်တွေရဲ့
ဒီပရက်ရှင်လက္ခဏာ၊ Sylvia Plath ရဲ့ သြဇာလွှမ်းမိုးမှု၊
မူးယစ်ဆေးဝါးယဉ်ကျေးမှုရဲ့ နောက်ဆက်တွဲ Side Effect ၊ ဒါမှ မဟုတ်
ကျွန်တော်တို့ မသိနိုင်တဲ့ တခြားလျှို့ဝှက်သော အကြောင်းအရာ စသဖြင့်
ဖြစ်နိုင်ခြေ အမျိုးမျိုး ရှိနေနိုင်ပါတယ်။ ဒီနေရာမှာ အဓိက ပြောချင်တာက
လူငယ်တွေရဲ့ အသိအမြင်/ အတွေးအခေါ် ပြောင်းလဲမှုတွေနဲ့ လူငယ်တွေရဲ့
ခေတ်ပေါ်လူမှုဘ၀ဟန်ပန် အပြောင်းအလဲတွေကို ကဗျာစာသားတွေဆီကတစ်ဆင့်
ကဗျာဖတ်သူတွေ အာရုံဖမ်းဆုပ် ခံစားမိစေဖို့ပါ။
ကျွန်တော့် အမြင်ပြောရရင် မြေနံ့ဟာ အတွင်းစိတ်အာရုံခံစားမှုနဲ့
အာရုံမှောက်မှားမှုတွေကို တိကျသပ်ရပ်တဲ့ စကားလုံးရွေးချယ်မှု၊ Expressive
Modern ဆန်တဲ့ အရေးအသားဟန်ပန်နဲ့ ကဗျာရေးဖွဲ့လေ့ ရှိတဲ့ ကဗျာဆရာမတစ်ယောက်
ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
တယ်ရီ ( သို့မဟုတ် ) တာရာမင်းဝေ လောင်းရိပ်အောက်က ထွက်ပြေးလွတ်မြောက်လာသူ
တယ်ရီဟာ မူဆယ်က လူငယ်၊ အွန်လိုင်းကဗျာဆရာတစ်ယောက်လို့ သိရတယ်။ လူ မမြင်ဖူး၊ အသက်အရွယ် အတိအကျမသိ။ www.poemscorner.com
ကဗျာဝက်ဘ်ဆိုက်မှာ ၀ါသနာအရ ကဗျာတွေ ပါဝင်ရေးသားနေသူ။ သူ့
ဝန်ခံပြောဆိုချက်တစ်ခုအရ တာရာမင်းဝေရဲ့ " မီးတောက်ရစ်သမ် " ကဗျာ
အနုပညာဝိညာဉ် အပူးကပ်ခံရပြီး ကဗျာကို အရူးအမူးစွဲလမ်းခဲ့တယ်လို့ သိရတယ်။
သူ့ ဖွင့်ဟ၀န်ခံချက် အတိုင်းပါပဲ။
" ငါ မပြောဘူးလား မိယမုံ...... " ကဗျာမှာ တာရာမင်းဝေ၊
မင်းခိုက်စိုးစန်တို့ရဲ့ ကဗျာရေးဟန် အရိပ်အငွေ့တွေ သြဇာလွှမ်းမိုးနေတာ
တွေ့ရပါတယ်။ ကဗျာဖတ်အတွေ့အကြုံနုနယ်တဲ့ အသက် ၁၆နှစ်နဲ့ ၂၀ ကျော်
လူငယ်တွေအပေါ် တာရာမင်းဝေနဲ့ မင်းခိုက်စိုးစန်တို့ရဲ့ စကားလုံး
အဖွဲ့အနွဲ့အလှအပနဲ့ သာမန်ထက်ထူးခြားတဲ့ စဉ်းစားတွေးတောပုံတွေ
သြဇာလွှမ်းမိုးမှု အတော်ရှိတာ အသိအမှတ်ပြုရပါမယ်။ လူငယ်တွေနဲ့
အမြဲထိတွေ့နေတဲ့ ကျွန်တော့် အတွေ့အကြုံအရ အဲဒီ လူငယ်တွေဟာ
အခြားခေတ်ပြိုင်ကဗျာအရေးအသားတွေကို ထိတွေ့လေ့လာမိကြတဲ့အခါမှာ သူတို့ရဲ့
ကဗျာအပေါ် ရှိရင်းစွဲအသိအမြင်တွေ ပြောင်းလဲသွားပြီး ခေတ်ပြိုင်ကဗျာဟာ
ကဗျာဘာသာစကားသုံးစွဲမှုနဲ့ ထူးခြားတဲ့စဉ်းစားတွေးတောပုံတွေထက်
ပိုမိုကျယ်ပြန့်တဲ့ နယ်ပယ်ကြီးတစ်ခု ဖြစ်တယ်ဆိုတာ သိသွားကြတာ များပါတယ်။
တယ်ရီဟာလည်း အဲဒီလို ကဗျာအသိအမြင် ပြောင်းလဲကျယ်ပြန့်လာတဲ့ လူငယ်ကဗျာဆရာတစ်ယောက် ဖြစ်ပုံ ရပါတယ်။
" မိယမုံ" ကဗျာ ( ၂၀၁၁ ) မှာ တာရာမင်းဝေနဲ့ မင်းခိုက်စိုးစန်တို့ရဲ့
ကဗျာရေးဟန်၊ စကားလုံးရွေးချယ်သုံးစွဲပုံနဲ့ လေယူလေသိမ်းတွေကို တွေ့ရပေမဲ့
၂၀၁၂-၂၀၁၃ အတွင်း အရေးအသားတွေမှာ အဲဒီ အရိပ်သြဇာလွှမ်းမိုးမှုအောက်က
လွတ်မြောက်လာတာ သတိပြုမိပါတယ်။
တယ်ရီရဲ့ " ချုပ်ရိုး ပြုတ်သွားတဲ့ တိမ် " ကဗျာကို ကြည့်ပါ။
ဒုက္ခကို မမြင်ဖူးသူဟာ ဘုရားသခင်ရဲ့ လျစ်လျူရှုခြင်းကို ခံရသူပဲ၊
ငွေမမြင်ရရင် သေကြောင်းကြံချင်တဲ့ ရောဂါ တကယ်ရှိတယ်၊ အလှအပဟာ သူ့ဘ၀မှာ
အရေးအကြီးဆုံးလို့ ပြောပြောနေတဲ့ မိန်းမအတွက် ရေဖြန်းဖွင့်ထားပါ၊
နတ်ပြည်နဲ့ ငရဲဟာ မှန်တစ်ချပ်ပဲ ခြားတယ်။
အဲဒီလို အရေးအသားနဲ့ လေယူလေသိမ်းတွေမှာ တယ်ရီရဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရေးဟန်တွေ ဖြစ်လာတာ တွေ့ရပါလိမ့်မယ်။
တာရာမင်းဝေ၊ မင်းခိုက်စိုးစန်တို့ရဲ့ ကဗျာရေးဟန်ကို စကားလုံး အဖွဲ့အနွဲ့
အလှအပ ဦးစားပေးတဲ့ Semi-Modern ကဗျာရေးဟန်လို့ ခေတ်ပြိုင်ကဗျာဆရာ အများစုက
သတ်မှတ်လေ့ရှိကြပါတယ်။ အဲဒီလောင်းရိပ်အောက်က လွတ်မြောက်လာတဲ့ တယ်ရီရဲ့
ကဗျာအရေးအသား အများစုက ပင်မရေစီး ခေတ်ပေါ်ကဗျာရေးဟန်တွေပါ။ " ထွက်ပေါက်၊
ဝင်္ကပါ ၊ မှန်ထဲက ခွဲစိတ်ခန်း " ကဗျာမှာတော့ ကဗျာရေးသူရဲ့ အမြင်တွေနဲ့
မိန်းကလေးတစ်ယောက်ရဲ့ အမြင်တွေကို ရောနှောရေးဖွဲ့ပြီး
ခေတ်ပေါ်ကဗျာအစဉ်အလာဖြစ်တဲ့ တစ်ယောက်တည်းပြောစကားပုံစံ တင်ဆက်မှုကို
ချိုးဖျက်ထားတာ တွေ့ရပါတယ်။
" စိတ္တဇ၊ ရုပ်"
ကဗျာမှာတော့ ကဗျာဘာသာစကား( နိမိတ်ပုံ ) သုံးစွဲမှုနဲ့ ဆာရီယယ်ဆန်တဲ့
အရေးအသားတချို့ သုံးစွဲထားတယ်။ လမ်းမပေါ်က လူစီးကြောင်းထဲမှာ တစ်ယောက်တည်း
တိတ်ဆိတ်နေသလို၊ ပန်းချီကားထဲက အရောင်တွေကြားမှာ တစ်ရောင်တည်း
တိတ်ဆိတ်နေသလိုတဲ့။ ရုပ်ဝတ္ထု၊ တိုက်တာအဆောက်အအုံ၊ လူဦးရေပေါက်ကွဲမှု၊
မြို့ပြအခြေစိုက်ပြောင်းရွှေ့မှုနဲ့ ထွေပြားမြားမြောင်တဲ့ Social Issue
အမျိုးမျိုးအကြား လူအုပ်ကြီးထဲ ရောနှောပျောက်ဆုံးနေတဲ့ တစ်သီးပုဂလလူသားရဲ့
ကိုယ်ပိုင်အမှတ်အသားမှိန်ဖျော့မှုကို ဖော်ပြနိုင်တဲ့ တယ်ရီရဲ့ စာသားတွေ
ဖြစ်ပါတယ်။
" ရေခွက်ထဲ ကူးနေတဲ့ ငါးမန်းတွေကြောင့်
သောက်လက်စ လက်တွေ လွတ်ထွက်သွားတာချည်းပဲ "
" ညတိုင်း တံခါးကြားကနေ တစ်ယောက်တည်း ချောင်းကြည့်တာ ခံနေရတယ် "
( စိတ္တဇ၊ ရုပ် ကဗျာမှ )
" နည်းပညာအသစ် လူနေမှုအသစ်
ကြောက်ရွံ့မှုအသစ် မလုံခြုံမှုအသစ် "
( အိပ်မွေ့မိနေတဲ့ ထောင်ချောက် ကဗျာမှ )
အဲဒီ စာသားတွေဆီမှာ ဆာရီယယ်ဆန်တဲ့ အာရုံမှောက်မှားမှု၊
ခေတ်သစ်လူသားတစ်ယောက်ရဲ့ လူမှုဝန်းကျင်အပေါ် သံသယနဲ့ စိတ်ပိုင်းဆိုင်ရာ
မလုံခြုမှုတွေ ပါဝင်နေတာ တွေ့ရပါတယ်။ အဲဒီလို အကြောင်းအရာနဲ့
စာသားရွေးချယ်မှုတွေကြောင့်ပဲ တယ်ရီဟာ တာရာမင်းဝေရဲ့ အနုပညာလောင်းရိပ်အောက်က
ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ်ကဗျာဆရာတစ်ယောက် ဖြစ်တယ်လို့ ပြောနိုင်တာ
ဖြစ်ပါတယ်။
ခေတ်ပြိုင်ကဗျာများ
မိုဃ်းဇက်သော်၊ မိငြိဏ်းခက်၊ ရွှေကြယ်မိုး၊ မြေနံ့၊တယ်ရီ တို့
လူငယ် ၅ ယောက် က သူတို့ရဲ့ ကဗျာစာအုပ်ကို ခေတ်ပြိုင်ကဗျာများလို့
ခေါင်းစဉ်တပ်ပေးထားပါတယ်။ ကျွန်တော့်အမြင်ပြောရရင် ခေတ်ပြိုင်ကဗျာဆိုတဲ့
စကားရပ်ဟာ ပင်မရေစီးခေတ်ပေါ်ကဗျာအပါအ၀င် နီယိုမော်ဒန်၊ အယ်လ်ပီ၊
စကားပြေကဗျာ၊ ကွန်ဆက်ခြူရယ်၊ဖလာ့ဖ်၊ စမ်းသပ်ကဗျာစတဲ့
ကဗျာအမျိုးအစားသစ်တွေကို လွှမ်းခြုံခေါ်ဝေါ်တဲ့ ကဗျာပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု
ဖြစ်ပါတယ်။ ခေတ်ပြိုင်ကဗျာဟာ ကဗျာအမျိုးအစားတစ်ခု မဟုတ်ဘဲ ခေတ်ပေါ်ကဗျာနဲ့
ခေတ်ပေါ်ကဗျာလွန် အမျိုးအစားသစ်တွေကို ယေဘုယျသဘောခေါ်ဝေါ်တဲ့
အသုံးအနှုန်းတစ်ခုသာ ဖြစ်ပါတယ်။ အခု " ဂြိုဟ်ပျက်အမှတ် ၂၀၁၃ ဆီက
အရေးပေါ်သတင်းပေးပို့ချက် " ကဗျာစာအုပ်မှာ ခေတ်ပေါ်ကဗျာနဲ့
နီယိုမော်ဒန်ကဗျာတွေ ပါဝင်တဲ့အတွက် " ခေတ်ပြိုင်ကဗျာများ " လို့
ခေါင်းစဉ်တပ်တာ ဘာပြသနာမှ မရှိ၊ အေးဆေးပဲ လို့ ပြောချင်ပါတယ်။
ချစ်ခြင်းမေတ္တာဖြင့်
ေ အာ င် ရ င် ငြိ မ်း
၁ ၀ မ တ် ၂ ၀ ၁ ၃
ရ န် ကု န်
No comments:
Post a Comment