Monday, December 17, 2012

ေ အ း ခ် မ်း ( သို့ မ ဟု တ် ) လူ့အ ဖွဲ့ အ စ ည်း ကို ဆ န့် ကျ င် သူ - နီ ယိုေ မာ် ဒ န် ပ ထ မ မျိုး ဆ က် လူ င ယ် က ဗျာ ဆ ရာ


နိဒါန်း


                    ၂၀၁၂ နိုဝင်ဘာလအတွင်းက ကျွန်တော် မဖြေဖြစ်ခဲ့တဲ့ ကဗျာအင်တာဗျူးတစ်ခုမှာ " မြန်မာနိုင်ငံမှာ နီယိုမော်ဒန်ကဗျာတွေ ရှိနေပြီလား။ ဘယ်ကဗျာဆရာတွေရဲ့ ဘယ်ကဗျာတွေကို နီယိုမော်ဒန်လို့ သတ်မှတ်နိုင်မလဲ " လို့ လူငယ်ကဗျာဆရာတစ်ယောက်က မေးမြန်းခဲ့ဖူးပါတယ်။

                     " မြန်မာနိုင်ငံမှာ နီယိုမော်ဒန် ကဗျာတွေ ရှိနေပြီလား " ဆိုတဲ့ အမေးဟာ ကျွန်တော် ရေးခဲ့တဲ့ နီယိုမော်ဒန် ကဗျာ ချဉ်းကပ်ဆောင်းပါးတွေကို အရင်က မဖတ်ဖူးခဲ့လို့ ထွက်လာတဲ့ မေးခွန်းလို့ ယူဆပါတယ်။ ဒုတိယ မေးခွန်းကတော့ သူ သိချင်လို့ ရိုးရိုးသားသား မေးတဲ့ မေးခွန်းလို့ပဲ ယူဆပါတယ်။ ဒါပေမဲ့ သူ့ သွေးရိုးသားရိုး မေးခွန်းက ကဗျာအနုပညာနဲ့ ပတ်သက်ပြီး အမည်တံဆိပ်တွေ ခေါ်ဝေါ်သတ်မှတ်တာ မကြိုက်တဲ့ ကဗျာဆရာတွေရဲ့ အမြင်မှာ ပြသနာတစ်စုံတစ်ရာ ဖြစ်လာနိုင်တဲ့ မေးခွန်း ဖြစ်နေပါတယ်။

                     တချို့ မော်ဒန် ကန်ဆားဗတစ်ဗ် ( Modern Conservative ) ကဗျာဆရာတွေက ပင်မရေစီး ခေတ်ပေါ်ကဗျာကို ကျော်လွန်ဖောက်ထွက်လာတဲ့ အယ်လ်ပီ ၊ နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ်၊ ဖလာ့ဖ်နဲ့ အခြားစမ်းသပ်ကဗျာတွေကို အနုပညာ အမျိုးအစားသစ်တွေ အဖြစ် အသိအမှတ်မပြုဘဲ မျက်လုံးစုံမှိတ် ငြင်းဆန်ချင်တတ်ကြပါတယ်။ ကဗျာနောက်ခံ အယူအဆ၊ ဘာသာစကား အမြင်၊ သွင်ပြင်လက္ခဏာနဲ့ တက္ကနစ်တွေအရ ကြောင်းကျိုးနည်းလမ်းတကျ တုံပြန် ဝေဖန်ငြင်းဆန်ဖို့ မတတ်နိုင်တဲ့ အခါကျတော့ ငြင်းဆန်ဖို့ လွယ်ကူတဲ့ အပေါ်ယံ အမှတ်တံဆိပ်တွေကိုပဲ အလွယ်တကူ ဆန့်ကျင်ငြင်းဆန်ပစ်လိုက်လေ့ ရှိကြပါတယ်။ သူတို့ ရေးတဲ့ ကဗျာအမျိုးအစားကိုကျတော့ " ငါတို့က ခေတ်ပေါ်ကဗျာပဲ " လို့ စွဲလမ်းဆုပ်ကိုင်ထားပြီး အသစ်ဖြစ်ပေါ်လာတဲ့ အမှတ်တံဆိပ်တွေကို မျက်လုံးစုံမှိတ် ငြင်းဆန်နေကြတာဟာ ကျွန်တော့် အမြင်မှာ အင်မတန် ရယ်စရာကောင်းတဲ့ အတွေးအခေါ် ရှေ့နောက် မညီညွတ်မှုပဲ ဖြစ်ပါတယ်။

                     ကျွန်တော့် အမြင်က ကိုယ့် အယူအဆနဲ့ ယုံကြည်မှုကို တန်ဖိုးထားသလို ကိုယ်နဲ့ မတူကွဲပြားခြားနားနေတဲ့ တခြားသူတွေရဲ့ အယူအဆနဲ့  ယုံကြည်မှုကိုလည်း အသိအမှတ်ပြု တန်ဖိုးထားပေးတတ်တဲ့ သိမှုအလေ့အကျင့် ရှိအောင် နှလုံးသွင်း ကြိုးစားသင့်ကြတယ်လို့ ထင်ပါတယ်။ တကယ်လို့ တခြားအယူအဆနဲ့ အနုပညာလက်ရာတွေအပေါ် အတွေးအခေါ်နဲ့ ရသပညာရှုထောင့်အရ လက်သင့်မခံ၊ ငြင်းဆန်ချင်တယ် ဆိုရင်လည်း ပုဂိုလ်ရေး အမြင် လွတ်ကင်းတဲ့ အယူအဆရေးရာ ဆွေးနွေးငြင်းခုံမှုတွေနဲ့ပဲ တုံ့ပြန်ရင်ဆိုင်သင့်တယ်လို့ ယူဆပါတယ်။

နီယိုမော်ဒန် ပထမမျိုးဆက် ကဗျာဆရာများ

                    ၂၀၀၇ အယ်လ်ပီနဲ့ နီယိုမော်ဒန် ပဋိပက္ခနောက်ပိုင်းမှာ ကဗျာယဉ်ကျေးမှု အသစ်ကို တပ်မက်လိုလားတဲ့ ကဗျာဆရာတချို့က ခေတ်ပေါ်ကဗျာရေးဟန်ကို ကျော်လွန်ဖောက်ထွက်လာတဲ့ ကဗျာအရေးအသား အသစ်တွေကို စမ်းသပ်ရေးဖွဲလာခဲ့ကြပါတယ်။ အဲဒီ အရေးအသား အသစ်တွေမှာ တချို့က အယ်လ်ပီဆန်တဲ့ဘက်ကို သိသိသာသာ တိမ်းပြီး တချို့က နီယိုမော်ဒန်ဘက်ကို သိသိသာသာ ရွေ့လျားလာကြပါတယ်။ တချို့ကတော့ အယ်လ်ပီလိုလို၊ နီယိုမော်ဒန်လိုလို၊ ပို့စ်မော်ဒန်လိုလို အရေးအသားမျိုးတွေ ဖြစ်ကြပါတယ်။

                     ပင်မရေစီး ခေတ်ပေါ်ကဗျာရေးဟန်ကို ကျော်လွန်ဖောက်ထွက်လာတဲ့ ကဗျာဆရာတွေထဲမှာ ကျွန်တော်တို့ ရှေ့မျိုးဆက်က ကဗျာဆရာ ပိုင်၊  ခရမ်းပြာထက်လူ၊ ခိုင်မြဲကျော်စွာ၊ မောင်ဖီလာ၊ ကွန်စစ်ကောင်း၊ ကိုရွေး ( တခြား ကဗျာဆရာနာမည်တွေ ကျန်ရစ်ကောင်း ကျန်ရစ်ခဲ့နိုင်ပါတယ် ) တို့ရဲ့ အရေးအသားတချို့ဟာ ဘာသာစကားမီဒီယမ် အလုပ်လုပ်ပုံ၊ နောက်ခံ အယူအဆနဲ့ စာသားဖွဲ့စည်းပုံတွေအရ နီယိုမော်ဒန်ဘက်ကို ရွေ့လာတဲ့ အရေးအသားတွေ ဖြစ်တယ်လို့ အကြမ်းဖျဉ်း ပြောနိုင်ပါတယ်။

                     ကျွန်တော်တို့ မျိုးဆက်ထဲမှာတော့ ကြည်ဇော်အေး၊  စိုင်းဝင်းမြင့်၊ ၀ိုင်ချို၊ တိုးနှောင်မိုး၊ သားဦး၊ ဇော်ထိန် တို့ရဲ့ အရေးအသားတချို့က နီယိုမော်ဒန်ဘက်ကို အနည်းငယ်တိမ်းညွတ် ရွေ့လျားမှု ရှိပါတယ်။ ကျွန်တော်တို့ နောက်မျိုးဆက်ထဲက နီယိုမော်ဒန်ဘက်ကို သိသိသာသာ တိမ်းညွတ်ရွေ့လျားမှု ရှိတာက စိုးမင်းအောင်၊ မင်းသက်ဇဉ်၊ ဘုန်းနေသွန်း၊ စိုးမိုးယံ၊ မင်းစိုးရာ၊ လင်းသဏ်ညီ၊ အောင်ပိုင်စိုး၊ ၀ီရထက်နောင်၊ မြတ်ဝေတို့ရဲ့ အရေးအသားတွေ ဖြစ်ပါတယ်။

                     သူတို့နောက်က ကပ်လိုက်လာတဲ့ နောက်ဆုံးမျိုးဆက်သစ် ကဗျာဆရာတွေထဲက ဆိုရင် သက်ငြိမ်သစ်၊ မောနွေ၊ အေးချမ်း၊ နေအေဒီ တို့ရဲ့ အရေးအသားတွေဟာ နီယိုမော်ဒန်မျိုးကွဲ ( ၉) မျိုးထဲမှာ ထည့်သွင်းလို့ ရတဲ့ ကဗျာအမျိုးအစားသစ်တွေပါ။ အခုနောက်ပိုင်း အွန်လိုင်းပေါ်က နေ့သစ်၊ရင်ခွင်ရှိန်း၊  မှူးသစ်၊ လင်းလက်တာရာ၊ ရွှေကိုယ်နတ် ( UCSM)၊ ကိုသျှားနဲ့ ရွှေကြယ်မိုး တို့ရဲ့ ကဗျာတချို့ဟာလည်း နီယိုမော်ဒန် ကဗျာတွေ ဖြစ်တယ်လို့ ပြောလို့ ရနိုင်ပါတယ်။

                    ကဗျာဆရာ နာမည်တွေနဲ့ နီယိုမော်ဒန်ကို တွဲဖက်ပြောဆိုရာမှာ ခြွင်းချက်တစ်ခု ရှိတယ်ဆိုတာတော့ နားလည်ပေးထားကြစေလိုပါတယ်။ အခု ဖော်ပြခဲ့တဲ့ ကဗျာဆရာအားလုံးဟာ နီယိုမော်ဒန်ကဗျာတွေကိုပဲ တစိုက်မတ်မတ် ရေးသားနေကြတယ်လို့ မဆိုလိုဘဲ သူတို့ရဲ့ အရေးအသား အများစု / တချို့ အနည်းစုဟာ နီယိုမော်ဒန်ဘက်ကို တိမ်းညွတ်ရွေ့လျားလာနေတယ်လို့ပဲ ဆိုလိုတာပါ။ သူတို့ဟာ တခြား အမည်တံဆိပ် တစ်ခုခု သတ်မှတ်လို့ ရနိုင်တဲ့ တခြားအရေးအသားတွေကိုလည်း ရေးဖွဲ့နေကြပါတယ်။

                    နောက်ထပ် ခြွင်းချက်တစ်ခုကတော့ အခုနောက်ပိုင်း ၂၀၁၁- ၂၀၁၂ အတွင်း ထွက်ပေါ်လာတဲ့ ကိုဇေယျာလင်း၊ မိုးဝေး၊ မောင်ယုပိုင်တို့ရဲ့ ကဗျာတချို့ဟာ နီယိုမော်ဒန်ကဗျာလို့ သတ်မှတ်ယူဆနိုင်တဲ့ အရေးအသားတွေ ဖြစ်နေတယ် ဆိုတာပါပဲ။ ( လိုအပ်လာရင် နမူနာကဗျာတွေ ထုတ်ပြ/ ချဉ်းကပ်ပြနိုင်ပါတယ်။ လောလောဆယ် မလိုအပ်သေးဘူး ယူဆလို့ ချန်လှပ်ထားခဲ့ပါတယ်။ )

                    ဒါဟာ ကျွန်တော့်ရဲ့ ပုဂလိက ထင်မြင်ယူဆချက်သာ ဖြစ်ပြီး ကာယကံရှင်ကဗျာဆရာတွေ အနေနဲ့ သဘောမတူ ငြင်းဆန်ကောင်း ငြင်းဆန်နိုင်ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို တန်ဖိုးထား အသိအမှတ်ပြုပါတယ်။ သူတို့ အရေးအသားတွေကို နီယိုမော်ဒန်ဖြစ်တယ်လို့ သတ်မှတ် ပြောဆိုရာမှာ အပေါ်ယံ အလွယ်တကူ မှတ်ချက်ချ ပြောဆိုတာမျိုး မဟုတ်ဘဲ နီယိုမော်ဒန် နောက်ခံ အယူအဆ၊ ဘာသာစကားအမြင်၊ သွင်ပြင်လက္ခဏာတွေနဲ့ တိုက်ဆိုင်ညှိနှိုင်း ဆန်းစစ်ပြီးမှ ပြောဆိုတာ ဆိုတာကိုလည်း နားလည်ပေးစေချင်ပါတယ်။

အေးချမ်း ( သို့မဟုတ် ) လူ့အဖွဲ့ အစည်းကို ဆန့်ကျင်သူ - နီယိုမော်ဒန် ပထမမျိုးဆက် လူငယ်ကဗျာဆရာတစ်ယောက်

                    ကျွန်တော့်ကို အင်တာဗျူးလုပ်ခဲ့တဲ့ နောက်ဆုံးမျိုးဆက် လူငယ်ကဗျာဆရာရဲ့ မေးခွန်းတွေထဲမှာ " နီယိုမော်ဒန် ပထမမျိုးဆက် ကဗျာဆရာ စာရင်းထဲမှာ ဘယ်သူတွေကို ထည့်သွင်းလို့ ရမလဲ " ဆိုတဲ့ မေးခွန်းတစ်ခုလည်း ပါပါတယ်။

                    ကျွန်တော့် အမြင်ကို ပြောရရင် နီယိုမော်ဒန် ကဗျာလှုပ်ရှားမှု စတင်ခဲ့တဲ့ ၂၀၀၇ ကနေ ပထမ ဆယ်စုနှစ် တစ်ခုအတွင်း၊ လောလောဆယ် ဒီနေ့ ၂၀၁၂ အထိ ( ၆) နှစ်တာ ကာလအတွင်း နီယိုမော်ဒန် အရေးအသားတွေ စမ်းသပ်ရေးဖွဲ့ခဲ့ကြတဲ့ ကဗျာဆရာအားလုံး ( အသက်ကြီးငယ် မရွေး၊ အနုပညာ ၀ါသမ္ဘာ အနုအရင့် မခွဲခြား) နီယိုမော်ဒန် ပထမမျိုးဆက်ထဲမှာ ပါဝင်တယ်လို့ ဆိုချင်ပါတယ်။

                     အခု နောက်ဆုံးမျိုးဆက် လူငယ်ကဗျာဆရာတွေထဲက နီယိုမော်ဒန် ပထမ မျိုးဆက် ကဗျာဆရာတစ်ယောက် ဖြစ်တဲ့ အေးချမ်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

                     အေးချမ်းရဲ့ facebook acc က Agga Aye Chan ပါ။ အေးချမ်းဆိုတာ မြောက်ဒဂုံက သူ့ အစ်ကိုရဲ့ အင်တာနက်ဆိုင်မှာ အလုပ်လုပ်ပြီး ခေတ်ပေါ် ရောင်စုံ အရုပ်/ စာလုံးတွေနဲ့ တီရှပ်အနက်၊ သရီးကွာတား ဘောင်းဘီ၊ ရွှေရောင်ဆေးဆိုး ဆံပင်၊ လက်ထဲမှာ ဟန်းဖုန်းနဲ့  အသက် ၂၂ ၀န်းကျင် ခေတ်ပေါ် လူငယ်တစ်ယောက် ဖြစ်ပါတယ်။ အွန်လိုင်းနဲ့ ပရင့်တ်မီဒီယာ ပူးပေါင်းစီစဉ်တဲ့ ရန်ကုန်ကဗျာရွတ်ပွဲတွေမှာ ကျွန်တော်နဲ့ သူတို့ အဖွဲ့ (ဆူးခက်မင်း၊ နေ့သစ်၊ ရုပ်သေး၊ မောနွေ၊ အေးချမ်း၊ နေအေဒီ၊ မှူးသစ်၊ တာယာ၊ ဇက်ကကြိုး၊ စသဖြင့် ) မကြာခဏ တွေ့ဆုံလေ့ ရှိပြီး ကဗျာရွတ်ပွဲတိုင်းမှာ သူ့ကဗျာတွေကို ရွတ်ဆိုပေးဖို့ ကျွန်တော်နဲ့ မောနွေကို အေးချမ်းက အမြဲ နားပူနားဆာ လုပ်လေ့ ရှိပါတယ်။ ကျွန်တော်တို့ ကဗျာရွတ်နေပြီ ဆိုရင် ဟော်လိုဂစ်တာတစ်လက်နဲ့ Modern Rock ဆန်တဲ့ Guitar Riff တွေ၊ Vamp တွေနဲ့ Music Improvisation တီးခတ်ပေးလေ့ ရှိတဲ့ သူကတော့ ပုသိမ်သား Depression ကဗျာဆရာ ၀ီရထက်နောင်ပေါ့။

                      စကားဆက်စပ်လို့ ပြောရရင် ရန်ကုန် ကဗျာရွတ်ပွဲတချို့မှာ ကျွန်တော့် အမြင်မှာ " အလားအလား အကောင်းဆုံး လူငယ်ကဗျာဆရာ " လို့ မိတ်ဆက်ညွှန်းဆိုလေ့ ရှိတဲ့ ပထမဆုံး လူငယ်ကဗျာဆရာက မောနွေ ဖြစ်ပြီး ဒုတိယ ညွှန်းဆိုတဲ့ လူငယ်က အေးချမ်း ဖြစ်ပါတယ်။ တတိယ လူငယ်ကဗျာဆရာက မှူးသစ်ပါ။ စတုတ္ထမြောက်နဲ့ ပဉ္စမမြောက် လူငယ်တွေကိုတော့ မကြာခင် မိတ်ဆက် ညွှန်းဆိုပေးပါမယ်။

                     သူဟာ Blogger တစ်ယောက် မဟုတ်ဘဲ ကဗျာဆရာတစ်ယောက် ၊ Gamer တစ်ယောက် ဖြစ်တယ်လို့လည်း သူ့ကိုယ်သူ ပြတ်ပြတ်သားသား ခံယူထားသူလည်း ဖြစ်ပါတယ်။ အေးချမ်းဟာ အင်တာနက်နည်းပညာနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ Facebook User နဲ့ Gamer တစ်ယောက် ဖြစ်ပေမဲ့ fb မှာ Status ရေးဖို့၊ Comment ပေးဖို့ တွန့်ဆုတ်ရှောင်ကြဉ်လေ့ ရှိသူပါ။ တကယ်လို့ သူ့ စိတ်ခံစားမှုတွေနဲ့ အမြင်ကို Update Status ရေးရင်လည်း လူ့အဖွဲ့အစည်းနဲ့ ဆန့်ကျင်ကွဲလွဲတဲ့ အမြင်တွေ၊ လူ့အဖွဲ့အစည်းရဲ့ လူမှုရေး အလေ့အကျင့်တွေကိုပြစ်တင် ဝေဖန်တဲ့ စာသားမျိုးတွေကိုပဲ ရေးသားလေ့ ရှိပါတယ်။

                      သူ့ အပေါ်ယံ ဖက်ရှင်ကို အကဲခတ်ရင် ခေတ်ရေစီးထဲ သာမန်စီးမျောနေတဲ့ ခေတ်ပေါ်လူငယ်တစ်ယောက် အဖြစ်ပဲ မြင်ရမှာ ဖြစ်ပါတယ်။ သူ့ အဇ္ဈတ္တ အတွင်းစိတ်ခံစားမှုတွေကို ထွင်းဖောက် ချဉ်းကပ်ကြည့်ရင်တော့ အေးချမ်းဟာ ဘာသာရေးကိုးကွယ် ယုံကြည်မှု မရှိတဲ့၊ လူမှု ၀န်းကျင်နဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်ဆံရေး မချောမွေ့တဲ့၊ လူ့အဖွဲ့အစည်းက အလိုက်သင့်လက်ခံထားတဲ့ အစဉ်အလာ စည်းမျဉ်းကျင့်ဝတ်တွေကို ဆန့်ကျင်တော်လှန်လိုစိတ် ပြင်းထန်တဲ့ လူငယ်တစ်ယောက် ဖြစ်တယ်ဆိုတာ တွေ့မြင်ရပါလိမ့်မယ်။

                     " ကျွန်တော် အယ်လ်ပီနဲ့ ကွန်ဆက်ခြူရယ်ကို မကြိုက်ဘူး။ စိတ်လည်း မ၀င်စားဘူး။ နီယိုမော်ဒန်ကိုတော့ စိတ်ဝင်စားတယ်။ ကျွန်တော်ရေးတဲ့ ကဗျာတွေကလည်း နီယိုမော်ဒန်တွေ ဖြစ်တယ်လို့ ထင်တယ် " လို့ ခေတ်ပေါ်လူငယ်တစ်ယောက်ပီပီ အေးချမ်းက သူ့ အမြင်ကို ပွင့်လင်းလွတ်လပ်ရဲတင်းစွာ ပြောပြခဲ့ဖူးပါတယ်။

                      ကျွန်တော့် အမြင် ပြောရရင်  အေးချမ်းရဲ့ အရေးအသားတွေဟာ နီယိုမော်ဒန်ကဗျာတွေ ဖြစ်ပြီး ပုဂ္ဂလိက အာရုံခံစားပုံ ပြင်းထန် စူးရှတဲ့၊ ခေတ်ပြိုင်လူမှု အဖွဲ့အစည်းအပေါ် အမြင်တွေ ရောနှော ထားတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ခေတ်ပြိုင်ကဗျာ အမျိုးအစားသစ်တွေကို အဓိကထား ရွေးချယ်တင်ဆက်နေတဲ့ ကဗျာအယ်ဒီတာ တစ်ယောက် အမြင်နဲ့ ပြောရရင် အေးချမ်းရဲ့ ကဗျာတွေဟာ ငြင်းဆန် ပယ်ချပစ်လို့ မရနိုင်အောင် အနုပညာမြောက်ပြီး ကဗျာစာသားရွေးချယ် တည်ဆောက်ပုံလည်း သပ်ရပ်လှပသေချာတဲ့ အရေးအသားတွေလည်း ဖြစ်ပါတယ်။

                     အခု Faces Magazine Jan 2013 Issue မှာ ပုံနှိပ်ဖော်ပြမယ့် အေးချမ်းရဲ့ ကဗျာတစ်ပုဒ်ကို ဖတ်ရှုလေ့လာကြည့်ကြပါမယ်။


ခင်ဗျားဟာ လာ့စ်ဗီးဂဲ့စ်ကို မသွားခင် ခင်ဗျားဟာ လာ့ဗီးဂဲ့စ်ကို မသွားတာ ကံကောင်းပါတယ်

by Agga Aye Chan on Sunday, December 16, 2012 at 12:57pm ·

လက်ကလွှတ်ချလိုက်တဲ့ ဖုန်းစကားပြောစက် ၊ ကြိုးတန်းလန်းနဲ့ အသံတွေ တန်းလန်းနဲ့ ….။
လူတယောက်ကို မြင်ရုံနဲ့ ၀မ်းနည်းခြင်း ၊ ကြောက်ရွံ့ ခြင်း ၊ နာကျင်နေခြင်းတွေနဲ့ … ၊ ထရော်မာ ။
အိပ်ပျော်ပါတယ် အခန်းထဲမှာ ပြန့် ကျဲနေတဲ့ အိပ်ဆေးလုံးလေးတွေ ။
ပျော်ရွင်ခြင်းမနက် ၊ ညကြားထဲက အဆင်ပြေခြင်းတွေဟာ ကိုယ့် profile မှာ ရှိတယ်
ရုတ်တရက် ပြေးထွက်သွားတဲ့ စိတ်အာရုံတွေမှာ မိတ်ကပ်တွေ မပါဘူး
ဖန်ကွဲစတချို့ နဲ့ ကြမ်းပြင်ဟာ ပကတိငြိမ်သက်လျက် ။ အနုပညာဟာ နောက်မီးလင်းတယ် ၊ ဖောက်ပြန်ရေး project /
အနုပညာဟာ အနုပညာမဟုတ်တော့နဲ့ နောက်ပိုင်း မှာ ကိုယ်တွေ ဘာရလဲ ။ ဘာတွေ ပေးခဲ့ရလဲ ။
လူတွေဟာ ပျော်ရွင်မှုပါတီတွေမှာ ပြီးခဲ့နှစ်တွေရဲ့ ရုပ်ရှင်လက်မှတ်တွေကို လွှင့်ပစ်ကြတယ်
အထီးကျန်ဆန်နေခြင်းဟာ ပါရာစီတမောလ် သောက်လို့ ပျောက်သွားတဲ့ အဖြစ်အပျက် ။
ကိုယ်ပြောချင်တာ ပြီးအောင် နားထောင်ပြီးမှကိုယ့်ကို ပြန်အော်ပါ ။
ခင်ဗျားရဲ့ လူမှုရေးအသိဥာဏ်က 1 GB or 2 GB or 4 GB or8 GB or …. Etc ..
ကိုယ်တိုင်ပါဝင်ပတ်သက်နေတာ ပြစ်မှုဆိုင်ရာမှုခင်းမဟုတ် ။
မီဒီယာက လက်နက်တွေအားလုံးရဲ့ ရှေ့ ပြေးလူသက်လက်နက် ။ ။
လူ့ ဘ၀ရုပ်ရှင်ကား ပြနေတယ် ။ အရောင်မျိုးစုံ စိတ်ရောဂါတွေကြားထဲမှာ ဘာသာရေးဆန့် ကျင်ရေးစာသားတွေနဲ့ 
ကိုယ်ရယ်လိုက်တဲ့ ဘာသာစကားကို သူ တို့ နားမလည်ကြ ။ ဘာသာစကားဟာ အသုံးချခံသက်သက်လို့ ကိုယ်ပြောခဲ့ဖူးပါတယ်
နိုင်ငံရေးသမားများတယ် ၊ ကဗျာဆရာများတယ် ၊ sexy ဓာတ်ပုံအောက်က ကောင်မလေးတွေများတယ် ။
ရိုးသားမှု တစ်စက်မှမရှိ .. Socialist တစ်ယောက်ရဲ့ ထင်ထင်ရှားရှားစောက်ပိုတွေ ။
“ ရှင်တို့ မသိဘူးလား ၊ ကျွန်မ ပြောပြမယ် “ ဆိုတဲ့ ခေတ်က စစ်အတွင်းမှာ အသုံးများလာတယ် ။
ဘယ်သူ့ ရဲ့ ချစ်ခြင်းမေတ္တာကိုမှ မလိုချင်တော့သလို ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း ဘယ်သူ့ ကိုမှ မပေးချင်တော့ ။
လူ့ အဖွဲ့အစည်းက လူငယ်တွေကို ငြီးငွေ့ မှုတွေထဲ တွန်းပို့ ခဲ့ကြပြီး အဲဒီငြီးငွေ့ မှုတွေကိုပဲ စွဲလမ်းခိုင်းခဲ့ကြတယ် ။
အွန်လိုင်းရေစီးကြောင်းမှာ ဆာရီရယ် သဘောတရားသစ်တွေ ပါနေတယ် ။
ကြာပွတ်နဲ့ရိုက်တတ်တဲ့ လိင်အကြမ်းဖက်ဝါဒီတယောက်က အပေါစားပြကွက်တွေနဲ့ ပြလို့ ။
အစားအသောက်စာရင်းထဲမှာ အသုံးမကျတဲ့ အတွေးအခေါ်တွေ နဲ့ အစဉ်အလာတွေပါလား ။ ငါ့ကို မှာကျွေးပါ ။
နိုင်ငံတော်သီချင်းလာရင် မသိချင်ယောင်ဆောင်ပြီး ထိုင်ချလိုက်တဲ့ စိတ်မလုံမှုရောဂါ ။ စိတ်တွင်းသွေးယိုစီးမှုတွေ ။
လူငယ်တွေရရှိသွားတဲ့ လူမှုရေးရောဂါတွေ ။
The Skin I Live In ရုပ်ရှင်ကို ကြည့်ပြီး တွေဝေတယ် ။ အရေပြား နဲ့ လိင်အင်္ဂါ အပြောင်းအလဲဟာ လူ့ ဖြစ်တည်မှုကို တည်ဆောက်မှန်း ငါအံ့သြသိခဲ့ရ… ။
တချို့ ဖုန်းခေါ်သံတွေမှာ နှလုံးခုန်စက်တပ်ပေးထားသင့်တယ် ။
စားပွဲခုံပေါ်က ကော်ဖီခွက်ထဲမှာ အေးအေးစက်စက် အရည်တွေ အပြည့်ပါဝင်လို့ တဲ့ … ။
ချီကာဂိုမြို့ ကို မေ့ပစ်လိုက် ။ အဲဒီနာမည်က သူ နဲ့ တစိမ်းဆန်လွန်းတယ် ။ ဖုန်းနံပါတ်တွေဟာ အသက်ရှိတယ် ။
သေသွားတဲ့ဖုန်းနံပါတ်တွေဟာ ဘယ်တော့မှ မမြင်ရတော့…။
ကိုယ်က သူ့ အသက်ရှူသံတွေပြန်ကြားပြီး သူက သူ့ လက်ဖ၀ါးကို ငုံ့ ကြည့်နေရုံသက်သက်ပဲ… ။
လူဆိုတာ တစ်ယောက်တည်းနေလို့ ရတဲ့သတ္တ၀ါ အဲဒီ စကားကို ကိုယ်ပြောတယ် ။

အေးချမ်း


                     အေးချမ်းရဲ့ ကဗျာဟာ ပိုင်းစစိတ်မြွာနေတဲ့ စာသား ( Fragments ) အနည်းငယ်နဲ့ ချည်မျှင်ဆန်တဲ့ လိုင်းတွေ ( Fibrous Lines ) အများစု ပေါင်းစပ် ဖွဲ့စည်းထားတဲ့ Expressive Neomodern ကဗျာတစ်ပုဒ် ဖြစ်ပြီး ပုဂလိက အာရုံတွေ့ကြုံခံစားမှု၊ ပုဂလိက အသိအမြင်နဲ့  လူမှုဝန်းကျင်အပေါ် အမြင်တွေကို အဓိက အကြောင်းအရာများ အဖြစ် ရောယှက်ရေးဖွဲ့ထားပါတယ်။ လာ့စ်ဗီးဂဲ့စ် ကဗျာရေးဟန်ဟာ ခေတ်ပေါ်ကဗျာရေးဟန်ကို ကျော်လွန်ဖောက်ထွက်လာတဲ့ ရေးဟန် ဖြစ်တဲ့ အပြင် ကွန်ဆက်ခြူရယ်ဆန်တဲ့ အယူအဆ / စိတ်ကူးတွေးခေါ်ပုံနဲ့ အယ်လ်ပီ ကဗျာဆန်တဲ့ သာသာစကား  သုံးစွဲမှု အရိပ်အယောင် လုံးဝ ကင်းရှင်းနေပြီး နီယိုမော်ဒန် နောက်ခံ အယူအဆနဲ့ သွင်ပြင်လက္ခဏာ၊ တက္ကနစ်တွေ ရာနှုန်းပြည့် ပါဝင်နေတဲ့အတွက် နီယိုမော်ဒန် ကဗျာတစ်ပုဒ် ဖြစ်တယ်လို့ အခိုင်အမာ ပြောနိုင်တာ ဖြစ်ပါတယ်။ ကဗျာစာသားတွေထဲမှာ Fragments ဆိုလို့ ထရော်မာ ( Trauma ) ၊ ဖောက်ပြန်ရေး ပရော့ဂျက်၊ စိတ်တွင်း သွေးယိုစီးမှု စတဲ့ စကားလုံး / စကားစုတွေ လောက်ပဲ ပါဝင်ပြီး အများအားဖြင့် Fibrous Lines လို့ ခေါ်နိုင်တဲ့ အဓိပ္ပာယ် ကြည်လင် ရှင်းလင်း ပြတ်သားတဲ့ စကားစုတွေ၊ အဓိပ္ပ္ပာယ် ပြီးပြည့်စုံတဲ့ ၀ါကျ အတို/ အရှည်တွေနဲ့ ဖွဲ့စည်းထားတာ မြင်တွေ့နိုင်ပါတယ်။

                    အေးချမ်းရဲ့ ကဗျာဟာ အကြောင်းအရာ တစ်ခုတည်းကို ဦးတည်ရေးဖွဲ့ထားတဲ့ Semi- Neomodern ကဗျာမျိုး မဟုတ်ဘဲ ကဗျာရေးသူရဲ့ ပုဂလလိက အာရုံတွေ့ကြုံခံစားမှု၊ ပုဂလိက အသိအမြင်နဲ့ လူမှုဝန်းကျင်အပေါ် အသိအမြင်တွေကို အဓိက အကြောင်းအရာပြုပြီး တခြား ဆက်စပ် အကြောင်းအရာ မျိုးကွဲတွေ ရောနှောထားတဲ့ Expressive Neomodern ကဗျာ အမျိုးအစား ဖြစ်ပါတယ်။

                   အခု ကဗျာထဲမှာ ပါဝင်တဲ့ အဓိက အကြောင်းအရာတွေကို ကဏ္ဍတစ်ခုချင်းအလိုက် ခွဲခြမ်းစိတ်ဖြာ လေ့လာသွားကြပါမယ်။ ဒီလို လေ့လာတဲ့ နေရာမှာ Deconstructive နည်းကို အသုံးပြုပြီး Criticize ( ဝေဖန်သုံးသပ် ထင်မြင်ချက်ပေး ) လုပ်တဲ့ နည်းနဲ့ Appreciate ( တန်ဖိုးထား နားလည်ခံစား ) တဲ့ နည်းတွေကို အဆင်ပြေသလို ပေါင်းစပ် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

                    လာ့စ်ဗီးဂဲ့စ် ကဗျာရဲ့ အဓိက အကြောင်းအရာတစ်ခု ဖြစ်တဲ့ ကဗျာဆရာရဲ့ ပုဂလိက အာရုံတွေ့ကြုံခံစားမှုတွေထဲမှာ မိန်းကလေးတစ်ယောက်နဲ့ ဖုန်းဆက်သွယ်ပြောဆိုမှု၊ အခန်းထဲမှာ ပြန့်ကြဲနေတဲ့ အိပ်ဆေးလုံးလေးတွေ၊ ဖန်ကွဲစတွေနဲ့ ပကတိ တိတ်ဆိတ်ငြိမ်သက်နေတဲ့ကြမ်းပြင်၊  စားပွဲခုံပေါ်က အေးစက်စက် အရည်တွေ ပါဝင်တဲ့ ကော်ဖီခွက်၊ ကဗျာဆရာက မိန်းကလေးရဲ့ အသက်ရှူသံကို ကြားနေရပြီး မိန်းကလေးက သူ့ လက်ဖ၀ါးသူ ငုံကြည့်နေရုံ သက်သက် တိတ်ဆိတ်ငြိမ်သက်တဲ့ ပုဂလိက ဖြစ်တည်မှု စတဲ့ အကြောင်းအရာခွဲတွေ ပါဝင်ပါတယ်။

                    လာ့စ် ဗီးဂဲ့စ် ကဗျာထဲမှာ အဲဒီ အာရုံတွေ့ကြုံခံစားမှုတွေကို တစ်ဆက်တစ်စပ်တည်း ရေးသားမထားဘဲ ကဗျာအဖွင့်ပိုင်းနဲ့ နောက်ဆုံးအပိုင်းတွေမှာ သီးခြားစီ အဆက်အစပ် ဖြတ်တောက် နေရာချထားတာ သတိပြုမိကြပါလိမ့်မယ်။ ဒါဟာ ကဗျာဆရာရဲ့ ပုဂလိက အာရုံတွေ့ကြုံခံစားမှုတွေ၊ ဖရိုဖရဲ အဆက်အစပ် ပြတ်တောက်နေတာကို အကောင်းဆုံး ပုံဖော်ပြသနိုင်တဲ့ စာသားနေရာချထားနည်း တစ်မျိုး ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ကဗျာဆရာနဲ့ မိန်းကလေး ကြားက တိတ်ဆိတ်ငြိမ်သက်တဲ့ ပုဂလိက ဖြစ်တည်မှုဟာ အဲလ်ဘတ်ကမူးရဲ့ ၀တ္ထုဇာတ်ကောင်တွေလို အေးစက်သွေးအေးတဲ့ Existentialist တစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုကို ထုတ်ဖော်ပြသနေသလိုပါပဲ။

                   လာ့စ် ဗီးဂဲ့စ် ကဗျာထဲမှာ ကဗျာဆရာရဲ့ ပုဂလိက အသိအမြင်တွေနဲ့ လူမှုဝန်းကျင်အပေါ် အမြင်တွေကိုလည်း သူ့ အကြောင်းအရာနဲ့ သူ၊ သူ့ အကန့်နဲ့ သူ တစ်ဆက်တစ်စပ်တည်း ရေးဖွဲ့ မထားဘဲ အဆက်အစပ်တွေ ဖြတ်တောက်ပြီး ဖရိုဖရဲ ရောနှော ရေးဖွဲ့ထားတာကို တွေ့မြင်ရပါတယ်။ ဒါဟာ နီယိုမော်ဒန် ကဗျာဆရာတွေ အသုံးပြုလေ့ ရှိတဲ့ တက္ကနစ် တစ်ခု ဖြစ်ပြီး အာရုံ အသိအမြင်တွေ အဆက်အစပ် ပြတ်တောက်နေတာကို ဖော်ပြလိုတဲ့ ရည်ရွယ်ချက်နဲ့ သုံးစွဲကြတာ ဖြစ်ပါတယ်။

                    အခု လာ့စ် ဗီးဂဲ့စ် ကဗျာရဲ့ ဒုတိယ အဓိက အကြောင်းအရာ ဖြစ်တဲ့ ကဗျာဆရာရဲ့ ပုဂလိက အာရုံခံစားမှုနဲ့ အသိအမြင်တွေကို ဖော်ပြနေတဲ့ စာသားတွေကို ကျွန်တော်တို့ စူးစမ်းလေ့လာ ကြည့်ကြပါမယ်။

                    "  အနုပညာဟာ နောက်မီးလင်းတယ်၊ အထီးကျန် ဆန်နေခြင်းဟာ ပါရာစီတမောလ် သောက်လို့ ပျောက်သွားတဲ့ အဖြစ်အပျက်၊ အရောင်မျိုးစုံ စိတ်ရောဂါတွေ ကြားထဲမှာ ဘာသာရေး ဆန့်ကျင်စာသားတွေနဲ့၊ ဘယ်သူ့ရဲ့ ချစ်ခြင်းမေတ္တာကိုမှ မလိုချင်တော့သလို ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း ဘယ်သူ့ကိုမှ မပေးချင်တော့၊ နိုင်ငံတော် သီချင်းလာရင် မသိချင်ယောင်ဆောင်ပြီး ထိုင်ချလိုက်တဲ့ စိတ်မလုံမှု ရောဂါ၊ စိတ်တွင်း သွေးယိုစီးမှုတွေ၊ အရေပြားနဲ့ လိင်အင်္ဂါ အပြောင်းအလဲဟာ လူ့ဖြစ်တည်မှုကို တည်ဆောက်မှန်း ငါ အံသြသိခဲ့ရ၊ ဖုန်းနံပါတ်တွေဟာ အသက်ရှိတယ် "  တဲ့။

                      ကဗျာစာသားတွေက ပေးနေတဲ့ အာရုံခံစားမှုတွေနဲ့ အဓိပ္ပာယ်တွေကို ခင်ဗျားတို့ အသေအချာ တန်ဖိုးထား ခံစားကြည့်ပါ။
  
                       ဘယ်လောက် ထိတ်လန့်နာကျင်စရာ ကောင်းတဲ့ ခေတ်သစ်လူငယ်တစ်ယောက်ရဲ့ အာရုံခံစားမှုတွေနဲ့ အသိအမြင်တွေလဲလို့။

                       ဒီနေ့ ခေတ်သစ်လူငယ်တွေကြားထဲမှာ အစဉ်အလာ ဘာသာရေး အစွဲအလမ်းတွေကနေ လွတ်ကင်းလိုတဲ့ စိတ်ဆန္ဒတွေ ပြင်းပြင်းထန်ထန် ရှိနေကြတယ်။ အပေါ်ယံ အရေပြားဆန်တဲ့ လူမှုဆက်ဆံရေးတွေအပေါ် စိတ်အချဉ်ပေါက်မှုနဲ့ လူမှုဆက်ဆံရေး ပူနွေးလာမှု ( Social Warming ) ( = Global Warming လို အန္တရာယ် အချက်ပေး သဘောဆောင်တဲ့ မြန်မာ နီယိုမော်ဒန် နောက်ခံအယူအဆ ပညာရပ်ဆိုင်ရာ စကားလုံး) ဟာ စိတ်ရောဂါ လက္ခဏာတစ်ခုလို ဖြစ်နေတယ်။ ဒီမိုကရေစီ စနစ်သစ်ဆီ ဦးတည်လျှောက်လှမ်းနေပါတယ်လို့ အစိုးရနဲ့ နိုင်ငံရေးသမားတွေက ဘယ်လိုပဲ ကြွေးကြော်နေကြပါစေ၊ လူငယ်တွေမှာ ခေတ်ပြိုင်လူ့အဖွဲ့အစည်းကို ချုပ်ကိုင်ခြယ်လှယ်နေတဲ့ နိုင်ငံရေး အုပ်ချုပ်မှု စနစ်နဲ့ ယန္တရားအပေါ် အယုံအကြည်ကင်းမဲ့မှုတွေ ရှိနေကြတယ်။ ဒါ့အပြင် လူတွေ အစဉ်အလာတန်ဖိုးထား ကိုးကွယ်ခဲ့ကြတဲ့ ချစ်ခြင်းမေတ္တာနဲ့  စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေအပေါ် ထားတဲ့ ခေတ်သစ်လူငယ်တွေရဲ့ သံသယကိုလည်း အေးချမ်းရဲ့ ကဗျာစာသားတွေက မြင်သာထင်ရှားအောင် ဖော်ပြပေးနိုင်တာ တွေ့ရပါတယ်။

                       ကျွန်တော်တို့ အသက်ရှင် ဖြတ်သန်းနေရတဲ့ ခေတ်ကြီးထဲမှာ လူတွေဟာ ရုပ်ဝတ္ထုနဲ့ နည်းပညာတွေရဲ့ ကျေးကျွန်တွေ ဖြစ်နေကြပြီး လူသားဆန်မှု ၊ ချစ်ခြင်းမေတ္တာ၊ သစ္စာတရား၊ ကိုယ်ချင်းစာနာမှု စတဲ့ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေ လျော့နည်းပြိုကွဲနေတယ်လို့ Neomodernists တွေက ထင်မြင်ယူဆထားကြပါတယ်။
                    
                       Neomodernist တစ်ယောက်ဖြစ်တဲ့ ကဗျာဆရာ အေးချမ်းရဲ့ စာသားတစ်ခုက "  တချို့ ဖုန်းခေါ်သံတွေမှာ နှလုံးခုန်စက် တပ်ပေးထားသင့်တယ် " တဲ့.။

                       လူမှုဆက်ဆံရေးအရ သူ ရင်ဆိုင် ကြုံတွ့နေရတဲ့ ဖုန်းခေါ်သံတချို့မှာ အသက်မရှိ၊ နှလုံးခုန်သံ မပါ၊ လူသားဆန်မှုတွေ ပျောက်ဆုံး သေဆုံးနေတယ်လို့ ကဗျာဆရာက အာရုံထိုးထွင်း သိမြင်ခံစားနေရတယ်။ ရုပ်ဝတ္ထု ပစ္စည်းတစ်ခုကို ကြားခံမီဒီယံအဖြစ် ဆက်သွယ် ပြောဆိုနေရတဲ့ လူသားနှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ စိတ်ပိုင်းဆိုင်ရာ အသက်ဝင်စေတဲ့ ၊ နွေးထွေးကြင်နာတဲ့ လူသားဆန်မှုတွေ ရှိမနေသင့်ဘူးလား။ အဲဒါတွေ ရှိနေသင့်တယ်လို့ ကဗျာဆရာက ယူဆတယ်။

                        ဒါဟာ ရုပ်ဝတ္ထု တိုးတက်ထွန်းကားမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာတန်ဖိုးတွေ၊ လူသားဆန်မှုတွေ မျှတညီညွတ်နေတဲ့ လူ့ယဉ်ကျေးမှု အသစ်တစ်ခုဆီ တိမ်းညွတ်ရွေ့လျားချင်နေတဲ့ အာသာဆန္ဒကို ကဗျာဆရာက ထုတ်ဖော်ပြသလိုက်တာပဲလို့ ကျွန်တော် မြင်ပါတယ်။

                        လာ့စ် ဗီးဂဲ့စ် ကဗျာစာသားတွေမှာ ပါဝင်နေတဲ့ တတိယမြောက် အဓိက အကြောင်းအရာက ခေတ်ပြိုင် လူ့အဖွဲ့အစည်းနဲ့ လူမှုဝန်းကျင်အပေါ် Neomodernist တစ်ယောက်ရဲ့ သဘောထား အမြင်တွေပဲ ဖြစ်ပါတယ်။ အေးချမ်း ( သို့မဟုတ် ) လူ့ အဖွဲ့အစည်းကို ဆန့်ကျင်သူ နီယိုမော်ဒန် ပထမမျိုးဆက်ကဗျာဆရာတစ်ယောက်ရဲ့ လူ့အဖွဲ့အစည်းအပေါ် အမြင်တွေပေါ့။

                          
လူတွေဟာ ပျော်ရွင်မှုပါတီတွေမှာ ပြီးခဲ့နှစ်တွေရဲ့ ရုပ်ရှင်လက်မှတ်တွေကို လွှင့်ပစ်ကြတယ်
ခင်ဗျားရဲ့ လူမှုရေးအသိဥာဏ်က 1 GB or 2 GB or 4 GB or8 GB or …. Etc ..
မီဒီယာက လက်နက်တွေအားလုံးရဲ့ ရှေ့ ပြေးလူသက်လက်နက်
နိုင်ငံရေးသမားများတယ် ၊ ကဗျာဆရာများတယ် ၊ sexy ဓာတ်ပုံအောက်က ကောင်မလေးတွေများတယ်
ရိုးသားမှု တစက်မှမရှိ .. Socialist တစ်ယောက်ရဲ့ ထင်ထင်ရှားရှားစောက်ပိုတွေ
လူ့ အဖွဲ့အစည်းက လူငယ်တွေကို ငြီးငွေ့ မှုတွေထဲ တွန်းပို့ ခဲ့ကြပြီး အဲ့ဒီငြီးငွေ့ မှုတွေကိုပဲ စွဲလမ်းခိုင်းခဲ့ကြတယ်
အွန်လိုင်းရေစီးကြောင်းမှာ ဆာရီရယ် သဘောတရားသစ်တွေ ပါနေတယ်
လူငယ်တွေရရှိသွားတဲ့ လူမှုရေး ရောဂါတွေ
အစားအသောက်စာရင်းထဲမှာ အသုံးမကျတဲ့ အတွေးအခေါ်တွေ နဲ့ အစဉ်အလာတွေပါလား ငါ့ကို မှာကျွေးပါ 
ကြာပွတ်နဲ့ရိုက်တတ်တဲ့ လိင်အကြမ်းဖက်ဝါဒီတယောက်က အပေါစားပြကွက်တွေနဲ့ ပြလို့

                      အေးချမ်းရဲ့ ကဗျာထဲက   အဓိပ္ပာယ် ရှင်းလင်းကြည်လင် ပြတ်သားတဲ့ စာသားတွေအလုပ်လုပ်နေပုံက ရိုးရှင်းနားလည်လွယ်ပြီး ဘာသာစကားကို   ကဗျာဆရာ/ ကဗျာနဲ့ ကဗျာဖတ်သူကြား ကြားခံဆက်သွယ်ပေးတဲ့ မီဒီယမ်တစ်ခု အနေနဲ့ပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။ " ဘာသာစကားက အသုံးချခံသက်သက်ပဲ " ဆိုတဲ့ အမှီဝါကျမှာလည်း ကဗျာဆရာရဲ့ အဲဒီအယူအဆကို မြင်နိုင်ပါတယ်။

                      ခေတ်ပြိုင် လူ့အဖွဲ့အစည်းထဲ့ လူတွေရဲ့ တချို့ အပြုအမူတွေဟာ အတိတ်မေ့ ရူးသွပ်နေသလို အဓိပ္ပာယ်မျိုး သက်ရောက်နေတယ်လို့ ကဗျာရေးသူက မြင်ထားပုံ ရပါတယ်။ သူ့ လူမှုဝန်းကျင်က လူတွေရဲ့ လူမှုဆက်ဆံရေး အသိဥာဏ် အဆင့်အတန်းကို  မေးခွန်းထုတ်ထားပြီး ပွင့်လင်းလွတ်လပ်တဲ့ ခေတ်သစ်နိုင်ငံရေးအခင်းအကျင်းမှာ အသံကျယ် ရေပန်းစားလာတဲ့ စတ္ထုတ္ထမဏ္ဍိုင် မီဒီယာရဲ့ လူ့အသိအမြင်ကို သြဇာလွှမ်းမိုးနိုင်မှုနဲ့ အဖျက်စွမ်းအားကိုလည်း လူအများနဲ့ ကွဲလွဲဆန့်ကျင်ပြီး အမှောင်ဘက်ခြမ်းကနေ ရှုမြင် သုံးသပ်ထားပါတယ်။ တစ်နေ့တခြား ရှုပ်ထွေးကျယ်ပြန့်လာတဲ့ ခေတ်သစ်လူ့အဖွဲ့အစည်းထဲမှာ  နိုင်ငံရေးသမား၊ ကဗျာဆရာနဲ့  Sexy Photo ယဉ်ကျေးမှုကို ခရေဇီဖြစ်တဲ့ ကောင်မလေးတွေနဲ့ သူတို့ရဲ့ သဘောထားခံယူချက်တွေဟာ အတုနဲ့ အစစ်၊ အမှန်နဲ့ အမှား၊ အပေါ်ယံနဲ့ အတွင်းသား တွန့်လိမ်ရောထွေး ရှုပ်ယှက်ခတ်လို့။ ကဗျာဆရာ အေးချမ်းက လူ့အဖွဲ့အစည်းဟာ လူငယ်တွေကို နာတာရှည် ပျင်းရိငြီးငွေ့မှုနဲ့ လူမှုဆက်ဆံရေးဆိုင်ရာ စိတ်ရောဂါတွေ ဖြစ်ပွားကူးစက်စေတဲ့ ဗိုင်းရပ်စ်တွေ မွေးထုတ်ပေးနေတဲ့ အခြေခံရင်းမြစ် တစ်ခု ဖြစ်တယ်လို့လည်း ပြစ်တင်စွပ်စွဲထားပါတယ်။

နိဂုံး

                      လူ့အဖွဲ့အစည်းအပေါ် နီယိုမော်ဒန်နစ်တစ်ယောက်ရဲ့ အမြင်ဟာ သာမန်လူမှုဝန်းကျင် အမြင်ဘက်ကကြည့်ရင် အဆိုးမြင် အပျက်သဘောဆန်လွန်းတယ်လို့ အပေါ်ယံကောက်ချက်ချကောင်း ချနိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ ကျွန်တော်တို့ေ ခတ်သစ် လူ့အဖွဲ့အစည်းထဲမှာ အမှန်တကယ် ဖြစ်ပျက်တည်ရှိနေတဲ့ လူမှုအမှန်တရားတွေပဲ ဖြစ်ပါတယ်။ ခေတ်ကြီးထဲမှာ အဆိုးနဲ့ မကောင်းမှုတွေ အမှန်တကယ် တည်ရှိနေလို့ အဆိုးမြင်/ မကောင်းမြင်တာဟာ ခေတ်စနစ်နဲ့ လူမှုအလေ့အကျင့်တွေအပေါ် အမြင်စူးရှမှုတစ်မျိုးပဲလို့ ယူဆပါတယ်။

                      မြန်မာလူ့အဖွဲ့အစည်းဟာ ၁၉၈၈-၂၀၁၀ အမှောင်ခေတ်ကို ကျော်လွန်လာပြီး ၂၀၁၀အလွန် Political Hysteria ရောဂါထလာတဲ့ အရူးခေတ်ကို စတင်ချဉ်းနင်းဝင်ရောက်နေပြီလို့ ကျွန်တော် ယူဆခဲ့ဖူးသလိုပေါ့။

                      နီယိုမော်ဒန်နစ်တွေရဲ့ အမြင်ဟာ လူမှုဝန်းကျင်က အခြား နိုင်ငံရေး၊လူမှုရေး၊ စိတ်ပညာရှင်တွေနဲ့ အကောင်းမြင်ဝါဒီတွေရဲ့  အမြင်နဲ့ ကွဲလွဲဆန့်ကျင်ပြီး ခေတ်ပြိုင်လူ့အဖွဲ့အစည်းရဲ့ လူမှုရေး ရပ်တည်ချက်နဲ့ သဘောထားအမြင်တွေ ရုန်းရင်းဆန်ခတ်၊ ဖရိုဖရဲ၊ ကမောက်ကမ ဖြစ်နေပုံကို လှောင်ပြောင်သရော်လိုစိတ် အလေးကဲလေ့ ရှိကြပါတယ်။

                     "  အနုပညာနှင့် facebook ၏ အားသာချက်များကို အသုံးပြုရ်ျ လူကြီးမင်းသို့ တိုက်ရိုက်စကားပြောခြင်း " ကဗျာထဲမှာ ကျွန်တော် ရေးခဲ့ဖူးတဲ့ စာသားတချို့ ရှိပါတယ်။
                      အရေးအကြီးဆုံးက နိုင်ငံရဲ့ အခြေအနေကို အမှန်အတိုင်း သိမြင်ဖို့၊အပေါ်သစ်လွင်တောက်ပပြီး အတွင်းသားလှိုက်စားနေတဲ့ လူမှုယန္တရားကြီးတစ်ခုလုံးကို အသစ်ပြုပြင်တည်ဆောက်ဖို့။

                       အခု ကဗျာဆရာ အေးချမ်းရဲ့ လာ့စ် ဗီးဂဲ့စ် ကဗျာဟာ လူ့အဖွဲ့အစည်းရဲ့ ရုန်းရင်းဆန်ခတ်၊ဖရိုဖရဲ ဖြစ်မှုတချို့ကို နက်နက်ရှိုင်းရှိုင်း ဖောက်ထွင်းကြည့်ရှုပြီး အခြားသူတွေနဲ့ ကဗျာဖတ်သူတွေ သိမြင်နိုင်အောင် ရေးသားပြထားတဲ့ Expressive Neomodern ကဗျာတစ်ပုဒ် ဖြစ်တယ်လို့ မြင်မိပါတယ်။

                      လူမှုဝန်းကျင်အပေါ် အဆိုးမြင် အပျက်သဘော ရှုထောင့်က ချဉ်းကပ်ထားတဲ့ စာသားတွေကို ဖတ်ရှုပြီး ကျွန်တော်တို့ ဘာတွေဘယ်လို နှလုံးသွင်း ဆင်ခြင်ပြီး လူမှုရေးသင်ခန်းစာ ရယူနိုင်ပါသလဲ။

                      စိတ်ပညာ ရှုထောင့်က စဉ်းစားရင် အဲဒါဟာ လူမှုဖြစ်ရပ် ဒါမှမဟုတ် အသိအမြင်ထဲ ၀င်လာတဲ့ စာသားတွေနဲ့ ပတ်သက်ပြီး ခင်ဗျား တွေးတော ဆင်ခြင် နှလုံးသွင်းပုံ အပေါ်မှာပဲ မူတည်နေပါတယ်။ Beauty is in the eye of the beholder ဆိုတဲ့ သိုးဆောင်း ဆိုရိုးစကားတစ်ခုလည်း ရှိပါတယ်။

                      လာ့စ် ဗီးဂဲ့စ် ကဗျာကို ဖတ်ပြီး " ရိုးသားမှုတစ်စက်မှ မရှိ၊ Socialist တစ်ယောက်ရဲ့ ထင်ထင်ရှားရှား စောက်ပိုတွေ "   လို့ ကဗျာဆရာက ပြစ်တင်ရှုတ်ချခြင်းခံရတဲ့ လူတစ်ယောက် မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်နေထိုင်သင့်တယ် ဆိုတဲ့ အသိမျိုး သင်ခန်းစာ ရယူနိုင်တယ်လို့ ကဗျာဖတ်သူတစ်ယောက်အနေနဲ့ နှလုံးသွင်း ဆင်ခြင် မိပါတယ်။

ေ အာ င် ရ င် ငြိ မ်း
17th December2012

Like · · · Share

No comments:

Post a Comment