Friday, December 28, 2012
ပျော်ရွှင်ခြင်းနှင့် မပျော်ရွှင်ခြင်း အစွန်းတစ်ဖက်
                ညနေခင်းရဲ့ အညိုရောင်လေပြည်တွေကို မျက်နှာချင်းဆိုင် ပြေးလွှားနေတဲ့ ဆိုင်ကယ်တစ်စင်းပေါ်မှာ သူဟာ ရောက်ရှိနေခဲ့တယ်။ လေပြည်တချို့က သွေးဆာနေတဲ့ သားရဲတစ်ကောင်လို သူ့ကိုယ်ခန္ဓာကို အတင်းခုန်အုပ်လို့။ သူ့နောက်မှာ ရိပ်ကနဲ ရိပ်ကနဲ ကျန်ရစ်ခဲ့တဲ့ မိုင်တိုင်တွေ၊ ဓာတ်တိုင်တွေ။ သူ့ရှေ့က ဖြူးဖြောင့်နေတဲ့ ကွန်ကရိလမ်းမကြီးသာ ဘ၀လို့ဆိုရင် ဘယ်လောက်များပျော်စရာကောင်းလိုက်မလဲ။ ဒါပေမယ့် လက်တွေ့ဘ၀ကို သူဟာ တတ်နိုင်သလောက် အဆင်ပြေအောင် ဖြတ်သန်းနေခဲ့ပါတယ်။ လူတိုင်းလူတိုင်းလည်း ဒီလိုဘ၀အဖြတ်အသန်းမျိုးနဲ့ပဲ တစ်နေ့ပြီးတစ်နေ့ ကုန်လွန်၊ ကုန်လွယ် နေခဲ့တာ မဟုတ်လား။
                 အဝေးဆီမှာ မိန်းမသားတစ်ယောက်ရဲ့ မရွံ့မရဲမှုမျိုးနဲ့ တောင်တန်းပြာပြာတွေကို လှမ်းမြင်နေရတယ်။ လမ်းဘေးတစ်ဖက်တစ်ချက်က ကွင်းပြင်ကို ဖြတ်သန်းလာတဲ့ လေဟာ လတ်ဆတ်လို့။ အရှိန်ပြင်းပြင်း မောင်းနှင်နေတဲ့ ဆိုင်ကယ်တစ်စင်းရဲ့နောက်မှာ ဘယ်လိုအရာမျိုး အရိပ်မိုး တည်ရှိနေနိုင်သလဲ။ သူတို့တွေ အမြဲခပ်ရွံ့ရွံ့ဖြစ်ရလေ့ရှိတဲ့ သေခြင်းတရားလား။ ဘ၀ရဲ့နောက်ကွယ်က အဆုံးအစမရှိ မရေရာမှုမျိုးလား။ ဘာမဆိုဖြစ်နိုင်တာပဲလေ။
                 သူ့ဆီမှာ စကားလုံးတွေ သေဆုံးနေတာကြာခဲ့ပြီ။ ကဗျာဆီကိုလည်း သူဟာ သိပ်မရောက်ဖြစ်တော့။ ဒီလိုနဲ့ပဲ သူဟာ စာမျက်နှာတွေဆီ၊ တစ်ကိုယ်တော်လွတ်မြောက်မှုဆီကနေ တိတ်တဆိတ် ပျောက်ကွယ်သွားရတော့မှာလား။ သူ့သူငယ်ချင်းကာတွန်းဆရာကတော့ ဘ၀တူချင်းဆိုတော့ သူ့အပေါ် နားလည်တယ်။ မင်းဟာ ကဗျာဆရာတစ်ယောက်ပေမယ့် မင်းကျင်လည်ရာ လူမှုအသိုင်းအ၀ိုင်းမှာ အနုပညာဆိုလို့ ဘာတစ်ခုမှ မရှိဘူးလေတဲ့။ သူငယ်ချင်းရဲ့မှတ်ချက်စကားကိုဖတ်ရတော့ သူတစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် ၀မ်းနည်းခဲ့ရတယ်။ တစ်သီးပုဂ္ဂလ နာကျင်ခံစားမှုတိုင်းတော့ ဘယ်လိုလုပ် ကဗျာဖြစ်နိုင်ပါ့မလဲ။
                 တကယ်ဆို လူတိုင်းဟာ ဘ၀မှာ ရွေးချယ်ခွင့် အရမ်းနည်းပါးလေ့ရှိကြပါတယ်။ ဘ၀ကပဲ သူ၊ သူတို့ကို ရွေးချယ်သွားခဲ့တာမဟုတ်လား။ သူဆိုရင် သူ့ဘ၀ရဲ့ စီးကြောင်းတစ်လျှောက် ဒီလိုပဲ မလူးသာမလွန့်သာ စီးမျောခဲ့ရတာပဲ။ သူ့ဘ၀မှာ သူစိတ်ကြိုက်ရွေးခွင့်ရှိခဲ့တာဆိုလို့ သူ့လက်ထဲက လွတ်ကျလုဆဲဆဲ ကဗျာဆရာဘ၀တစ်ခုပဲ ရှိတယ်။ ကျန်တာဘာရှိလို့လည်း။ လူ့အသက်နဲ့ ပတ်သတ်တဲ့ သူ့အသက်မွေးဝမ်းကြောင်းကိုတောင် သူဟာ တစ်ခါတစ်လေ စိတ်ပျက်၊ စိတ်မျက်မိသလားပဲ။
                 သူ့နားထဲမှာ ရထားဥသြသံကျယ်ကျယ်လွင့်လွင့်ကို ကြားရတယ်။ ငယ်ရွယ်စဉ်ဘ၀မြို့လေးထဲကို ရထားဟာ ဥသြသံရှည်ရှည်နဲ့ ခမ်းနားစွာ ၀င်ရောက်လို့လာချေပေါ့။ အညာဒေသရဲ့ ရှုခင်းမြင်ကွင်းဟာ အနည်းငယ်ခြောက်သွေ့သွေ့နိုင်ပေမယ့် အပြစ်ကင်းစင်နေတယ်။ အသေအချာကြည့်ရင် ရထားဥသြသံမှာ သူ့ရဲ့ လွမ်းဆွတ်မှုတို့ကို မြင်ကောင်းမြင်နိုင်မှာပါ။ ဟိုးအဝေး..…တစ်စုံတစ်ရာဆီ အဓိပ္ပါယ်မဲ့ တိုးဝင်သွားခဲ့တဲ့ ရထားသံလမ်းတွေပေါ်မှာ သူဟာ တစ်ခုခုကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေမိပြန်ပေါ့။
                ဒီလိုနဲ့ပဲ သူဟာ သူ့ရဲ့ ပုဂ္ဂလိကအလုပ်ကို ရောက်သွားရဦးမှာပဲ။ နာကျင်နေတဲ့ မျက်လုံးတွေ၊ ဆာလောင်မွတ်သိပ်နေတဲ့ အကြည့်တွေကို သူဟာ မရင်ဆိုင်ချင်လည်း ရင်ဆိုင်ရဦးမှာပဲ။ အဓိပ္ပါယ်ရှိတဲ့ အလုပ်ဆိုတာလည်း တစ်ခါတစ်လေ အဓိပ္ပါယ်မရှိတဲ့ အလုပ်တစ်ခု ဖြစ်မသွားဘူးလို့ ဘယ်သူများ အာမခံနိုင်လို့လည်း။ ဟိုတစ်လောက သူ့ဆီ မိန်းမငယ်တစ်ဦးရောက်လာတယ်။ အရွယ်ရဲ့ နုသစ်ပျိုမြစ်မှုတွေ၊ အရှက်အကြောက်တရားတွေအားလုံးကို ငွေကြေးတစ်ခုတည်းနဲ့ လဲလှယ်ထားရတဲ့ သနားစဖွယ် မိန်းမငယ်လေး တစ်ဦးပါပဲ။ သူမမျက်လုံးတွေထဲက သောကဟာ သူ့ဆီထိ လာပြီးအပူဟပ်တယ်။ စိုးရိမ်လို့၊ ကြောင့်ကြလို့။ မီးတောက်မီးလျှံတစ်ခုလိုမျိုး သူမဟာ လူနာခုတင်ပေါ်လဲလှောင်းနေခဲ့တယ်။ သူမ၀မ်းထဲမှာ ရှိတာက သူမ မလိုချင်၊ လုံးဝမျှော်လင့်မထားခဲ့တဲ့ သန္ဓေသားနုနု။ အဲဒီတုန်းက သန္ဓေသားငယ်ရဲ့ တဆတ်ဆတ်ခုန်နေတဲ့ နှလုံးသားကိုကြည့်ရင်း သူ့မျက်လုံးတွေ ပြာဝေလာခဲ့တယ်။ ကလေးရေ…. မင်းဟာ လူ့လောကထဲကိုကော ၀င်ခွင့်ရပါ့မလား။ ကံ ကံ၏အကျိုးဆိုတာကို သူဟာ အရွယ်ရလာတာနဲ့အမျှ ပိုပိုပြီး နားလည်လာတယ်။  တပြိုင်နက်တည်းမှာပဲ သူ့ဟာ အမေ့ကို အရမ်း သတိရမိတယ်။
                   ရုတ်တရက် သူ့အတွေးကို မီးပွိုင့်ရဲ့ နီရင့်ရင့်အရောင်က ဆတ်ကနဲ ဖြတ်တောက်ပစ်လိုက်တယ်။ စက်ရပ်ထားတုန်း သူ့လိုပဲ စိတ်ကူးစိတ်သန်းတွေ ခဏရပ်တန့်နေတဲ့ မျက်ဝန်းလေးတစ်စုံကို ဖျတ်ကနဲ မြင်ဖြစ်အောင် မြင်လိုက်မိသေးတယ်။ သူ အကြည့်ကို ပြန်လွှဲလိုက်တယ်။ မစဉ်းစားချင်ပါဘူး။ ခဏကြာရင် အချိုးအကွေ့တစ်ခုမှာ လွယ်လင့်တကူ ဖြတ်သန်းပျောက်ကွယ်သွားမှာပဲလေ။ လူ့လောက လူ့ဘ၀ရဲ့ အလှည့်အပြောင်းတွေ၊ အချိုးအကွေ့တွေ။ လူသားမပီသစွာနဲ့ပဲ သူဟာ ဘာကိုမှ မမျှော်လင့်တတ်ခဲ့တာလည်း ကြာလှပေါ့။
                   မနေ့က လူနာတစ်ယောက် သေဆုံးသွားခဲ့တယ်။ ဆေးကုဖို့ရာ ပိုက်ဆံမတတ်နိုင်လို့။ မြန်မာငွေ ထောင်ဂဏန်းလောက်ဟာ လူတစ်ယောက်၊ မိသားစုတစ်ခုအတွက် ဘာဖြစ်လို့များ ဒီလောက်တောင်  ရှားပါးနေခဲ့ရတာပါလိမ့်။ မျက်လုံးတွေကို မှိတ်ထားပေမယ့် သူ့နှလုံးသားက မြင်နေရတုန်း၊ လူနာရှင်ရဲ့ ရှိုက်သံသဲ့သဲ့ကို ကြားနေရတုန်း။ `ကင်ဆာဆဲလ်တွေက ကျွန်တော်အနာဂတ်အထိ ပျံ့နှံ့နေပြီဆရာ´၊ `သုံးရက်ဆက်တိုက် သွေးတွေ တအားသွန်နေလို့ ကျွန်မဗိုက်ထဲက ကလေးလေး…´၊ `သမီးမျက်လုံးတွေ ပြာနေပြီ၊ ဘာကို မမြင်ရတော့ဘူးဆရာ´။ စိတ်အေးအေးထားပါ။ သက်သာသွားမှာပါ။ နေဦး။ အဲဒီစကားတွေက သူ့ရဲ့ လူနာတွေကို ပြောနေတာလား၊ ဒါမှမဟုတ် သူ့ကိုယ်သူ ပြန်နှစ်သိမ့်နေတာလား။
                  တချို့ညတွေမှာ သူဟာ အိပ်မပျော်ဘူး။ ကိုယ်ခန္ဓာက အရမ်းပင်ပန်းနွမ်းနယ်နေပေမယ့် တွေးလက်စ ဘယ်တော့မှ ဆုံးမှာမဟုတ်တဲ့ အတွေးတွေက သူ့အိပ်ချိန်ကို နှောင့်ယှက်၊ အတားအဆီးဖြစ်နေစေတတ်တယ်။ မပြီးဆုံးသေးတဲ့ တာဝန်ဝတ္တရားတွေ၊ မပြီးဆုံးသေးတဲ့ ကဗျာတွေ၊ မပြီးဆုံးသေးတဲ့ လူမှုဆက်ဆံရေးတွေနဲ့။ မပျော်ရွှင်တဲ့လူဟာ နတ်ပြည်မှာ သွားထားရင်တောင် ပျော်ရွှင်မှာမဟုတ်ဘူး။ တကယ်တမ်း သူဟာ သူ့ကိုယ်သူ အသိခေါက်ခက် အ၀င်နက်နေခဲ့တာ။ သူဟာ ဘုန်းကြီးတစ္ဆေ။
                    သေသွားရင်လည်း ပြီးတာပဲ။ တစ်ခါတစ်ခါတော့လည်း သူ့ကိုယ်သူ အဲဒီလို စိတ်အချဉ်ပေါက် ရွဲ့စောင်းမိပြန်တယ်။ နိစ္စဓူဝဆိုတဲ့ စကားလုံးဟာ ဒီလောက် ပျင်းရိငြီးငွေ့ဖွယ်ရာကောင်းမယ်လို့ သူအရင်က မထင်ခဲ့ဘူး။ အရင်က သူဟာ မြို့ပြရဲ့ပလက်ဖောင်းတွေပေါ်မှာ ခပ်သွက်သွက်လျှောက်လို့။ ရှုပ်ထွေးတဲ့လမ်းမတွေကို ခပ်သွက်သွက်ဖြတ်ကူးလို့။ အချစ်သီချင်းတစ်ပုဒ်ကို တိုးတိုးလေချွန်လို့။ တစ်ချိန်ချိန်မှာ မြို့ကြီးပြကြီးဆန်ဆန် တောကြီးမျက်မည်းတစ်ခုထဲမှာ ပျောက်ချင်းမလှ ပျောက်ဆုံးသွားရလိမ့်မယ်လို့ သူ့ကိုယ်သူ ဘယ်ထင်ပါ့မလည်း။ သူ့ဘ၀သူ ခဏခဏ restart ချနေရလိမ့်မယ်လို့လည်း ဘယ်တွေးမိပါ့မလည်း။ ဒါပေမယ့် ခင်ဗျားတို့နည်းတူပါပဲ။ ဒါပေမယ့် ဒါဟာ တကယ့်ဘ၀ပါပဲ။ အဆင်ပြေပါတယ်။ သူပျော်ရွှင်နေပါတယ်။ သူ့ပျော်ရွှင်နေပါတယ်လို့ သူ့ကိုယ်သူ ခဏခဏ ပြန်ပြောနေပါတယ်။
ဘုန်းနေသွန်း
၂၅-၁၀-၂၀၁၂
No comments:
Post a Comment