Sunday, December 16, 2012
ကဗျာဆရာဝီရထက်နောင် အင်တာဗျူး(မေးမြန်းသူ=ကဗျာဆရာ လင်းသဏ်ညီ)
by Wira Htet Naung on Thursday, October 11, 2012 at 8:25pm ·
မေးခွန်း(၁)
_ပထမဦးဆုံးကဗျာမှာလူသုံးများတဲ့ဝေါဟာရသုံးခုကိုခင်ဗျားတို့သိသလောက်နားလည် သလောက်ရင်ပြောကြည့်ပါလား။(၁) concept(၂) Expression(၃)content,theme
concept
_အမှန်တကယ်လည်း ကဗျာသုံးများတဲ့ အရာတွေပါပဲ။ဟုတ်တယ် ကဗျာသုံးများတာ။
ဒီသုံးခုအပေါ် အမြင်တစ်ယောက်တစ်မျိုးစီကွဲပြားနိုင်ပါတယ်။ကျွန်တော့်အမြင်ပြောမယ်ဗျာ
ဒီသုံးခုကို ကျွန်တော်ကဗျာရေးနေစဉ် အတွင်းမှာ ဘယ်လိုအသုံးချသလဲပါ တွဲပြောချင်တယ်။
‘concept’ ၊ဒါကိုကျွန်တော်ဘယ်လိုမြင်သလဲဆိုတော့၊ဥပမာ လိုအပ်ရင်လိုအပ်သလို တပ်ဆင်
ယူသုံးနိုင်တဲ့ sofrware programm တစ်မျိုးလို့ထင်တယ်။ကဗျာတစ်ပုဒ်ပြီးမြောက်အောင် process လုပ်ဖို့အတွက် အရေးကြီးတဲ့ စိတ်ကူးစိတ်သန်း၊အတွေးအခေါ်၊အယူအဆပိုင်းနဲ့ ပံ့ပိုး
တဲ့လုပ်ငန်း၊ဒီလိုမြင်တယ်။ ပြီးတော့ ဒီ software programm ကို update တော့အမြဲတမ်း
လုပ်ပေးနေမှ တန်ရုံကြမယ်။ဘယ်လောက် အာရုံခံစားပုံတွေလန်ပျံနေပါစေ။concept ပိုင်းမှာ ဟောင်းနွမ်းနေပြန်ရင်လည်း ကဗျာက သိပ်အရောင်မတောက်နိုင်တော့ဘူး။ဒါအရေးကြီးတယ်။
ကျွန်တော်ကတော့ အခုရေးဖြစ်နေတဲ့ကဗျာတွေမှာ concept ပိုင်းကိုသုံးမိနေပုံက ဒီလိုဗျာ။ ကျွန်တော့်ရဲ့အရင် ရှေးမဆွက ကဗျာတွေရယ် ကဗျာဆရာကြီးတွေရဲ့ ကဗျာဗေဒပိုင်းဆိုင်ရာပို့
ချချက်တွေရယ်အဲဒီဟာတွေကနေ လွှမ်းမိုးခံရတဲ့ concept၊ပြီးတော့ ကဗျာရေးနေစဉ်အတွင်း
မှာ တရံမလပ်ဖြစ်ပေါ်နေတဲ့ concept၊ဒါတွေကို ကြုံရင်ကြုံသလို ထည့်သုံးဖြစ်တယ်။ ကဗျာတစ်ပုဒ် မစတင်မီကြိုတင်ရည်ရွယ်ကြံစည် ထားတာမျိုးတော့မလုပ်ဖြစ်တာများတယ်။
အဲဒီကဗျာမျိုးရှားတယ်။
Expression
ဒါကိုကျွန်တော်ကတော့ ပြင်းထန်တဲ့ခံစားမှုကို ပြန်လည် ဖေါ်ထုတ်တင်ပြခြင်းလို့ မြင်တယ်။ ဒါ
ကိုကဗျာမှာသုံးရတာ ကျွန်တော့်အနေနဲ့တော့ သိပ်လက်တွေ့တယ်ထင်တာပါပဲ။ပြီးတော့ (ကျွန်တော့်အနေနဲ့ပြောတာနော်) ဒါလေးပါမှ“ကဗျာ”ဟာ ပိုပြီးတော့ လူသားဆိုတာရဲ့“ကဗျာ”
ပိုဆန်တယ်လို့ထင်မိတယ်။ ခံစားမှုကိုလျှော့ချထားတဲ့ ကဗျာသမားတွေအနေနဲ့ကတော့ Expression အပေါ်ဘယ်လိုခံယူထားသလဲ။မြင်ကြသလဲတော့မသိဘူး။ကျွန်တော့်ကဗျာတွေ
ကတော့ ခုချိန်မှာ ဘယ်သူဘယ်လိုပဲကြည့်ကြည့် Expressionကဲနေတာကို အတိုင်းသားမြင်
နိုင်ပါလိမ့်မယ်။
Content, theme
အကြောင်းအရာ၊ကဗျာတစ်ပုဒ်ဖတ်ခြင်းအလုပ်အပြီးမှာ ရလိုက်တဲ့ massage၊ဦးတည်ချက်တစ်
ခုခုဖြစ်ကြောင်းနဲ့အဲဒီဦးတည်ချက်၊နောက်ဆုံးရလာတဲ့ taste၊အဲဒီလို သဘောပေါက်တယ်။ဒါ
ပေမယ့်ဗျာ ခုနောက်ပိုင်း မော်ဒန်ကဗျာကိုကျော်လွန်လာတဲ့ကဗျာတွေမှာတော့ အဲဒီအရာတွေ
ဟာ သိပ်ဖမ်းရတာမလွယ်ကူတော့ဘူး။ ကဗျာတစ်ပုဒ်လုံးဟာ မွထနေတဲ့ခေတ်တစ်ခုလုံးကို ဖတ်နေရသလို content မျိုးစုံအပြင်၊theme မျိုးစုံ ခြေချင်းလိမ်နေတာမျိုးလည်းတွေ့ရနိုင်တယ်
မေးခွန်း(၂)
_ခင်ဗျားတို့က ဘယ်ဟာကိုပိုဦးစားပေးရေးဖြစ်သလဲ။ အလိုအလျှောက်အချိုးချပြီးရေးသလား။
တစ်ခုခုပိုကဲပြီးရေးလေ့ရေးထရှိသလား။
ကျွန်တော်စောစောက ပြောသလိုပဲ ကျွန်တော်က Expressionဘက်ပိုကဲနေမလားပဲ။ဒါက
လည်း ကျွန်တော့်အပေါ်ကျွန်တော်ပြန်မြင်တဲ့ မြင်ဘက်/မြင်ထောင့်ကျဉ်းကျဉ်းလေးရယ်ပါ။
မေးခွန်း(၃)
­_ စိတ်ကူးတစ်ခု၊အကြောင်းအရာတစ်ခု၊စကားလုံးလေးတစ်ခုကို တည်ရေးနေရင်း ကြားဖြတ်
ဝင်လာတဲ့ အခြားသောစိတ်ကူး၊အကြောင်းအရာ၊စကားလုံးတွေကိုကဗျာထဲထည့်ရေးလေ့ရှိလား။ဒါမှမ
ဟုတ်မူရင်းဦးတည်ရာဆီကိုပဲ ရောက်နိုင်သလောက် အားစိုက်ပြီး ကျန်တာဖယ်ထုတ်ရေးသ
လား။အပေါ်ကမေးခွန်းတွေနဲ့ ဆက်စပ်နေမယ်ထင်တယ်။
အိုးးးးးး။အများကြီးဖြစ်နိုင်တာပဲလေ။ဥပမာဗျာ လတ်တလောကြီးကိုယ်ရေးနေတဲ့ လူ့တန်ဖိုးစံ
နှုန်းအဟောင်းတွေကိုရေးနေရင်းနဲ့ပဲ အပေါစားကြော်ငြာစာသားတွေနဲ့လည်း ပြန်ထေ့ငေါ့နိုင်
တာပဲ။ဒါကရှေ့မှာလည်း အများကြီးလုပ်ဖူးကြပါပြီ။ အာရုံခံစားပုံ အကျယ်ပြန့်ဆုံး အ၀န်းအ၀ိုင်း
ကြီးထဲမှာ ကျွန်တော်တို့ဟာ ဖြစ်ချင်သလိုဖြစ်နေနိုင်ခွင့်ရှိတယ်လေ။ အာရုံခံစားပုံအစုအဝေး
တွေကိုတစ်ခုနဲ့တစ်ခု သံကွင်းဆက်လို ချိတ်ဆက်သွားမယ်ဆိုလည်းသွားနိုင်တာပဲ။နောက်တစ်
ခု ကဗျာတစ်ပုဒ်ဟာ ကားလမ်းမတစ်ခုပဲ ဆိုပါစို့။ ဥဒဟိုသွားနေတဲ့ ကားတန်းကြီးကြားထဲကို
အင်မတန် အော်ဂလီဆန်စရာကောင်းတဲ့ အကြောင်းအရာ စကားစု တစ်ခု(၀ါ) ကားစုတ်တစ်
စီးကန့်လန့်ဖြတ်ထိုးတင်လိုက်သလို ကဗျာတစ်ပုဒ်လုံးလမ်းတွေပိတ်။ဟွန်းသံတွေ တပွမ်ပွမ်နဲ့
ဗြောင်းဆန်သွားတာမျိုးလည်းဖြစ်နိုင်တာပဲ။အာ……..ဒါတွေက အများကြီးပါဗျာ။ပြောဆုံးမှာ
မဟုတ်ဘူး။အဓိက က အာရုံခံစားပုံပဲ။အဲဒီအောက်မှာ ကျွန်တော်ကတော့ ဘာမဆို သတ္တိရှိ
ရှိလုပ်ရဲတယ်။
မေးခွန်း(၄)
ခုနောက်ပိုင်း လူငယ်ကဗျာဆရာတွေ ဘယ်လို ကဗျာလမ်းကြောင်းတွေပေါ်လျှောက်လှမ်းဖို့
အားယူနေကြသလဲ။ဘယ်လိုလမ်းကြောင်းတွေပေါ် လျှောက်လှမ်းနေကြသလဲ။တစ်ယောက်
တစ်လမ်းလား။အပေါ်စီးက အုပ်မိုးကြည့်တာမျိုးပဲဖြစ်ဖြစ်၊အောက်ကပင့်ကြည်တာမျိုးပဲဖြစ်ဖြစ်
ခင်ဗျားအမြင် တစ်ဆိတ်လောက်သိချင်တယ်။
ဒီကိစ္စက အရမ်းရှုပ်ထွေးတယ်ဗျ။ လူငယ်ကဗျာဆရာတေါက အခုအွန်လိုင်းကလည်းတံခါးမရှိ
ဓားမရှိဝင်လာတော့ အကောင်းအဆိုး ရောပြွန်းပြီးအကုန်ဝင်လာကြတာပဲ။ပြီးတော့ အစဉ်အ
မျိုးဆက်အလိုက် သမိုင်းတန်ဖိုးထားမှုတွေကေ၀၀ါးသွားတယ်၊ရှုပ်ထွေးသွားတယ်။မျိုးဆက်
အဉ်လိုက်ခွဲခြမ်းတဲ့ ဆရာသမားများအဖို့လည်း ပိုခက်ခဲသွားတယ်။တလွဲတွေချည်း ခွဲခြမ်းပိုင်း
ခြားမိကုန်ရော။ပြီးတော့ ငါလည်းကဗျာရေးတယ်၊သူလည်းကဗျာရေးတယ်၊ငါလည်းကဗျာဆ
ရာ၊သူလည်းကဗျာဆရာဆိုတဲ့ သောက်သုံးမကျတဲ့အတွေးအခေါ် အယူအဆတွေခေတ်စား
လာတယ်။ နောက်ဖန်တီးတဲ့အပိုင်းမှာ ကဗျာဗေဒဆိုင်ရာ ဆောင်းပါးတွေအချက်အလက်
တွေကနေရတဲ့တက္ကနစ်နဲ့ကဗျာရေးကြတယ်။ ဥ့ပမာ ကိုဇေယျာလင်းဘာသာပြန်တဲ့ ကဗျာဗေ
ဒဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ကိုဖတ်၊ခုချက်ချင်းပဲ အဲဒီတက္ကနစ်နဲ့ကဗျာရေး၊၊ဒီတော့ကိုဇေယျာ
လင်းပြောတဲ့ အဲဒီကဗျာဖြစ်ရောတဲလား။ခင်ဗျားရောဒါကိုလက်ခံလား။အင်း။အဲဒီလိုနည်းတွေနဲ့
ကဗျာရေးတဲ့လူငယ်တွေရှိတယ်။(တစ်ခါတစ်လေ လူကြီးတွေတောင်ပါသေး)။သိပ်အားမရဘူး
ဗျာ။တစ်ချို့ကြတော့လည်းအခုမှ ကိုချောတို့၊ကိုအောင်ချိမ့်တို့ဟန်တွေကို လိုက်တုရေးတာတွေ
ရှိသလို မော်ဒန်ရဲ့ ဂွမ်းဆီထိတဲ့ဖန်တီးမှုပုံသဏာန်တွေပေါ်မှာသာယာလို့ကောင်းတုန်း၊ကိုချော
တို့၊ကိုအောင်ချိမ့်တို့ဆိုတာ သူတို့သမိုင်းတန်ဖိုးကို သူတို့တည်ဆောက်ခဲ့ကြတဲ့ကဗျာဆရာစစ်
စစ်တွေ၊သူတို့ကို အားကျလိုက်တုရေးနေရုံနဲ့တော့ လူငယ်ရဲ့ကဗျာကိစ္စက မပြီးသေးဘူးထင်
တာပဲ။အားရဖို့ကောင်းတဲ့လူငယ်တွေဆိုလို့ အဲဒီအများကြီးထဲမှာလက်ချိုးရေလို့တောင်ရပါ
တယ်။မဖြစ်မနေအကောင်းမြင်တဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ ကဗျာလောကကြီး စည်ပင်
ဝပြောလာတယ်ပေါ့ဗျာ။ဘယ်လမ်းကြောင်းတွေသွားနေကြသလဲဆိုတာကတော့ပိုပြီးရှုပ်သွား
မယ်ထင်ပါတယ်။ကဗျာဆိုတဲ့အရာကလည်း အဲဒီ ကဗျာဆိုတဲ့အသုံးအနှုန်းအောက်ကတောင်
ခဏခဏ ထွက်ထွက်သွားတတ်တဲ့ ကျယ်ပြောမှုတစ်ခုဆိုတော့ကာ၊ဒါကဗျာပါလို့ စာသားအ
ဆောက်အအုံတစ်ခုကိုလာပြတိုင်း“ဟုတ်ပါတယ် ကဗျာပါ“။“မဟုတ်ပါဘူး ကဗျာမဟုတ်ဘူး”
လို့ဖွင့်ပြောဖို့ရာခက်နေပါတယ်။
မေးခွန်း(၅)
တစ်ယောက်ရဲ့ကဗျာရေးဟန်က တစ်ယောက်အပေါ် ကူးလူးမှုရှိလား။“ဟန်တစ်ခုရရင် ဒီအပေါ်
တည်ပြီးရေးသွားရုံပဲ”တဲ့ ဒီအပေါ်ခင်ဗျားအမြင်။
ရှိပါရောလားဗျာ။ခေတ်ပြိုင်သဘောတရားကို ဘယ်လိုသဘောထားကြသလဲတော့မဆိုနိုင်ဘူး။
ကျွန်တော်သိတဲ့ခေတ်ပြိုင်ဖြစ်တဲ့ကဗျာရေးလက်အနည်းစုမှာ ဟန်၊တက္ကနစ်၊အစောပိုင်းကမေး
တဲ့သုံးခု၊အစီးအဆင်း၊နရီိထိုးဖောက်ပုံ၊စသဖြင့် တစ်ခုမဟုတ်တစ်ခု။တစ်ယောက်နဲ့တစ်
ယောက် အတူတကွငြိနေတတ်ကြတာရှိမယ်။ တစ်ယောက်စီကနေတစ်ယောက်က မသိလိုက်
မသိဘာသာပဲဖြစ်ဖြစ်၊သိသိကြီးနဲ့ပဲဖြစ်ဖြစ် လွှမ်းမိုးခံလိုက်ရတာ၊ကူးလူးခံလိုက်ရတာမျိုးရှိနိုင်ပါ
တယ်။
အဲ…ဟန်တစ်ခုရရင်ဒီအပေါ်တည်ပြီးရေးလိုက်ရုံပဲ ဆိုတာကတော့ အဲဒီကဗျာဆရာဟာ ကဗျာ
ကိစ္စကိုမတတ်နိုင်လောက်အောင် အိုမင်းနေရင်လည်းဖြစ်မယ်။ဒါမှမဟုတ် အဲဒီကဗျာဆရာဟာ
ငပျင်း ၇င်လည်းဖြစ်ရမယ်အဲဒီလိုထင်တာပဲ။
မေးခွန်း(၆)
ကဗျာဟာ ကိုယ်ရောက်နေတဲ့နေရာမှာရပ်ပြီး ရေးနေရင်လုံလောက်ပြီလို့ ယူဆရေးသားနေသူ
တွေရှိသလို၊ကဗျာကို အသစ်ဖန်တီးမှုတွေလုပ်ရမယ် ကဗျာအသစ်တွေရေးကြဆိုပြီး အပြေးအလွှားရေးသားသူတွေလည်းရှိတယ် ။ခင်ဗျားရောဘယ်ထဲပါသလဲ။ နှစ်ခုကြားထဲကတစ်
ခုလား။
ဒီကိစ္စကတော့ ကိုယ့်ရေချိန်နဲ့ကိုယ်၊ကိုယ်သတ်မှတ်တဲ့ Equlibrium ရှိကိုရှိရမယ်။အနုပညာရပ်
တစ်ခုမှာ အဲဒီအနုပညာသမားဟာ အမြဲဆန်းသစ်နေချင်စိတ်ရှိတယ်ဆိုတာတော့ဟုတ်ပါတယ်
။ခင်ဗျားပြောသလို အပြေးအလွှားတို့ ဆပ်ပြာသည်လင်ပျောက်တို့တော့လုပ်လို့မရတာအမှန်ပဲ။
အဲဒိလို ကိုယ့်ရေချိန်နဲ့ကိုယ် ကိုယ့်မျှခြေနဲ့ကိုယ်ဆိုပေမယ့်လည်း အဲဒီမျှခြေကိုယ်တိုင်ကလည်း
တော်တော်လေးခဲယဉ်းတာအမှန်ပဲ။အင်းပေါ့  ကျွန်တော်က ခင်ဗျားပြောတဲ့နှစ်ခုကြားထဲက တစ်ခု အဲလေ…..တစ်ခုတော့မဟုတ်ဘူး။နှစ်ခုကြားက တစ်ခုခုပေါ့။
မေးခွန်း(၇)
ကဗျာရေးသူတစ်ယောက်ဟာ ကဗျာတွေလေ့လာသူ၊ကဗျာဆိုင်ရာလမ်းကြောင်းသစ်တွေရှာဖွေ
သူလို့ပြောနိုင်သလား။ကဗှာဆိုင်ရာသိဒ္ဓိပြီးသူတွေရှိတယ်တဲ့။ဒီအပေါ်အမြင်။
ပြောလိုရနိုင်ပါတယ်။အပြည့်အ၀တော့မဟုတ်ဘူး။အနုပညာလက်ရာတစ်ခုကိုဖန်တီးသူက
သက်သက်ရှိသင့်တယ်။ခွဲခြမ်းစိတ်ဖြာ၊နှိုင်းယှဉ်ပြသ၊စုဆောင်း၊ပြုစု၊လေ့လာ သူများကသက်
သက်ရှိသင့်တယ်။ဒီမှာကသက်သက်မရှိတော့ ဖန်တီးသူပဲ ဗေဒဖေါ်ထုတ်သူဖြစ်လိုက် ခွဲခြမ်း
စိတ်ဖြာသူဖြစ်လိုက်  အို   အမျိုးမျိုးကိုဖြစ်နေတော့တာပဲ။ဒါအပြစ်လို့တော့မဆိုနိုင်ပါဘူး။
ကဗျာသိဒ္ဒိပြီးသွားတယ် ဟုတ်စ။တော်တော်ပေါတာပဲဗျာ။
မေးခွန်း(၈)
ကိုယ်ရေးတဲ့ကဗျာကို ကိုယ်တိုင်ခေါင်းစဉ်ပေးခဲ့သလို ကိုယ်ရေးတဲ့ကဗျာကို ဘယ်ကဗျာအမျိုး
အစားပါလို့ တံဆိပ်တပ်ပြောပိုင်ခွင့်ကဗျာဆရာတွေမှာရှိသလား။ဒါဟာပညာရှင်တွေအလုပ်လား
ပညာရှင်အလုပ်ဆိုရင် ကဗျာကို ဘယ်လောက်အထိ အတွင်းကျကျ သိဖို့လိုသလဲ။
ခေတ်ရဲ့အရှေ့ဆုံးပိုင်းမှာ ရောက်နေတဲ့ ကဗျာပုံသဏာန်တွေမှာတော့ တံဆိပ်ကပ်မယ်ဆို ခက်
ခဲစရာအကြောင်းရှိတယ်။အကြမ်းဖျဉ်းလောက်ပဲ တံဆိပ်ကပ်နိုင်မယ်။အဲဒီတံဆိပ်ကပ်လိုက်တဲ့
အမျိုးအစားအောက်မှာဘယ်လိုခွဲဖြာပြီးစီးဆင်းသွားတယ်ဆိုတာကတော့ အရမ်းအသေးစိတ်
လွန်းသလို အရမ်းဖမ်းဆုပ်ရခက်လိမ့်မယ်။အင်း..ဒီအလုပ်က ပညာရှင်အလုပ်လို့ဆိုနိုင်သလို
တော်ရုံတန်ရုံမျက်မမြင်ပုဏားအဆင့်လောက်နဲ့ကတော့ဘယ်လိုမှမဖြစ်နိုင်ဘူး။အဲဒီပညာရှင်က ခင်ဗျားပြောသလို အတွင်းကျကျပေါ့၊ဒါမှမဟုတ်လေးလေးနက်နက်ပေါ့ဗျာ။အဲဒီလိုလည်း
သိရမယ်။ကျယ်ကျယ်ပြန့်ပြန့်လည်းပြန့်ပြောနိုင်ရမယ်။ကျွန်တော်ထင်တာလေ။
မေးခွန်း(၉)
-ခင်ဗျားးကိုကဗျာဆရာတစ်ယောက်ပါလို့တံဆိပ်ကပ်လိုက်ရင်ကြိုက်လား။
ခင်ဗျားကိုယ်တိုင် ကဗျာဆရာအဖြစ်ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသလား။
ဒါမှမဟုတ်ပရိတ်သတ်ကသတ်မှတ်ပေးမှာပါဆိုတဲ့ ကဗျာရေးသူမျိုးလား။
ဘယ်လိုပရိတ်သတ်က အသိအမှတ်ပြုမှ ကဗျာဆရာဖြစ်မှာလဲ။ဒါမှမဟုတ် ဒါကလည်းပညာရှင်
တွေအလုပ်လား။
-ကဗျာကို ဟိုလိုရေးပါလား ဒီလိုရေးပါလား ဟိုလိုမရေးရဘူး ဒီလိုမရေးရဘူးဆိုရင် ခင်ဗျားတုံ့
ပြန်မယ့်အဖြေ။
မေးခွန်းကလွယ်တော့မှ အဖြေကခက်နေတယ်ဗျာ။ကိုယ့်ကိုကဗျာဆရာလို့တံဆိပ်ကပ်ရင် တ
ခါတလေ ကြိုက်သလိုလိုပဲ။တခါတလေတော့ ဘယ်လိုမှသဘောမထားမိဘူး။ကဗျာဆရာအ
ဖြစ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိသလားဆိုတာလည်းဒီလိုပဲ။ဖြေရတာခက်တယ်။
အနုပညာကို ဘိန်းစွဲသလိုစွဲနေလို့သာလုပ်နေရတာ။ဒါက ၀ဠ်ကြွေးလို့ပဲထင်တယ်။အရာရာ
ဖမ်းဆုပ်မမြဲတဲ့ ခေတ်မှာ ကျွန်တော် ကဗျာနဲ့ ကိုယ့်ကိုယ်ကိုယ် အားလုံးကို သိပ်ယုံကြည်မြဲမြံမ
ထားနိုင်ဘူး။ဒါက ကျွန်တော်တစ်ကိုယ်တည်းဖြစ်နေတဲ့ရောဂါပါ။ကြုံလို့ပြောပြတာ။အခုအဲဒီလို
ဖြစ်နေတယ်ဗျာ။
ကဗျာကို ဟိုလိုရေးပါလား ဒီလိုရေးပါလား ဟိုလိုမရေးရဘူး ဒီလိုမရေးရဘူး အဲဒီလိုပြောရင်လား ဟဟ… ခင်ဗျားရူးနေလားလို့ပြန်ပြောနေလိုက်မှာပေါ့ဗျ။
ကဗျာဆရာနဲ့နိုင်ငံရေး
မေးခွန်း(၁)
နိုင်ငံရေးဆိုတဲ့ဝေါဟာရ စကားလုံးအပေါ် ခင်ဗျားနားလည်ထားပုံကဘယ်လိုလဲဗျ။
သြော်ဗျာ နိုင်ငံထဲမှာနေတော့ နိုင်ငံရေးပေါ့ဗျာ။ကမ္ဘာထဲမှာနေတော့ ကမ္ဘာ့အရေးပေါ့။အနန္တစ
င်္ကြ၀ဠာမှာနေချင်လည်း အနန္တစင်္ကြ၀ဠာအရေးပေါ့ မဟုတ်ဘူးလား။
မေးခွန်း(၂)
ကဗျာဆရာနဲ့နိုင်ငံရေးပက်သက်ဆက်စပ်မှုရှိ၊မရှိ။
နိုင်ငံရေးဆိုတာ ကိုယ်ကသာ ၀င်မစွက်ဘူးနေရမယ်။သူကတော့အားလုံးအပေါ်လာပက်သက်
နေမှာပဲ။ဒါကလည်း ရှေးကျတဲ့နိုင်ငံရေးအတွေးအခေါ်တစ်ခုပါ။ ခင်ဗျားအခုနေနေတဲ့မြို့က အ
များသုံးသန့်စင်ခန်းတွေရဲ့ ဈေးနှုန်းကအစပေါ့။ဒါကိုဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ညနေ
ပြောတဲ့စကားထဲမှာအဲဒီအတွေးအခေါ်ကိုထည့်ပြောသွားသေးတယ်။ကျွန်တော်အဲဒီညနေ အဲဒီ
မှာရှိနေတယ်ဗျ။
မေးခွန်း(၃)
ခင်ဗျားက နိုင်ငံရေးကို စိတ်ဝင်စားတဲ့ ကဗျာဆရာလား။လက်ရှိနိုင်ငံရေး အခင်းအကျင်းအပေါ်
ကဗျာဆရာတစ်ယောက်ရဲ့ အမြင်အနေနဲ့ကော။
စိတ်ဝင်စားပါတယ်။ဒါပေမယ့် သိပ်စိတ်အ၀င်စားကြီးတော့မဟုတ်ဘူး။ကျွန်တော့် အခုအခြေအ
နေက တခြားစိတ်ဝင်စားစရာတွေ အရမ်းဖောင်းပွနေတယ်။
နိုင်ငံရေးအခင်းအကျင်းအပေါ်အမြင်ကတော့ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ခေါင်းစဉ်ကြီးအောက်
မှာ ဖုတ်ပူမီးတိုက်နဲ့မနိုင်မနင်းဖြစ်နေတဲ့ အစိုးရရယ်၊ အမှောင်ခေတ်ကနေလွတ်ခါစလိုလိုနဲ့
အလင်းပါးမ၀သေးတဲ့ လူ့အဖွဲ့အစည်းရယ် ထိပ်တိုက်တွေ့နေတာပေါ့။
မေးခွန်း(၄)
နိုင်ငံရေးပေါ်လစီအရ အစိုးရက ကဗျာဖန်တီးမှု အနုပညာအပေါ် ပိတ်ပင်တားစီးမှုတွေ ဟန့်တား
မှုတွေရှိခဲ့တဲ့အပေါ် ခင်ဗျားအမြင်။
ဒီအနှစ်နှစ်ဆယ်လောာက်ဆိုတာက အနုပညာလက်ရာတွေမှာ sub-culture တစ်ခုလွတ်လွတ်
လပ်လပ်တည်ဆောက်လို့ရနိုင်တဲ့နှစ်ကာလ အပိုင်းအခြားတစ်ခုပဲ။လွတ်လွတ်လပ်လပ် သာ
တကယ်တည်ဆောက်ခွင့်ရခဲ့ရင်ကဗျာသူရဲကောင်းတွေဟာသူတို့အခုလက်ရှိကောင်းပါတယ်ဆိုတဲ့ကဗျာတွေထက် အစတစ်ရာကောင်းတဲ့ကဗျာတွေရေးခွင့်ရခဲ့မှာအမှန်ပဲ(သို့မဟုတ်) ဖေါ်
ပြခွင့်ရခဲ့မှာအမှန်ပဲ။အဲဒီတုန်းကအစိုးရမျိုးကတော့အဲဒီလိုအကျင့်မျိုးပဲလာမှာပဲမထူးဆန်းဘူး။အဲဒီတုန်းက နိမိတ်ပုံ သင်္ကေတတွေနဲ့  cover ယူပြီးလှိမ့်ခဲ့ကြတာ ပြန်မှတ်မိနေသေးတယ်။
မေးခွန်း(၅)
နိုင်ငံရေးသီးသန့်လုပ်သူတွေက အချိန်အကန့်အသတ်တစ်ခုထဲမှာလုပ်စရာရှိတာကို ပြီးမြောက်
အောင်လုပ်ရတယ်။အနုပညာက အချိန်အကန့်အသတ်မဲ့လှုပ်ရှားရုန်းကန်နေရတယ်တဲ့။ဒီအဆို
ကိုဘယ်လိုသဘောရသလဲ။
လက်ခံတယ်ဗျ။ဟုတ်တယ်။
မေးခွန်း(၆)
နိုင်ငံရေးကိုအချိန်ပြည့်လုပ်နေရင်းကဗျာရေးနေတဲ့သူတွေရှိတယ်။သူတို့ကဗျာတွေရော ဖတ်ဖြစ်
လားသူတို့ကဗျာတွေအပေါ်အမြင်။နိုင်ငံရေးစိတ်ဓာတ်အပြည့်ရှိပြီး ကဗျာတွေကို အားနဲ့မာန်နဲ့
ရေးခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၊ဆရာတင်မိုးတို့လို စံပြုထိုက်တဲ့ကဗျာဆရာမျိုးတွေ ဒီဘက်ခေတ်မှာ ခင်ဗျားတို့မြင်လား။အသိအမှတ်ပြုလား။
လူတစ်ယောက်မှာသူရွေူးချယ်ပိုင်ခွင့်တွေ အများကြီးရှိပါတယ်။ကဗျာအလို့ငှာ နိုင်ငံရေး ၊နိုင်
ငံရေးအလို့ငှာ ကဗျာ။နှစ်မျိုးရှိမယ်ဗျ။ဆိုလိုတာက ကိုယ်ကြိုက်သလိုပေါ့ဗျာ။ဒါက လွတ်လပ်
ပါတယ်။ဒါပေမယ့် နိုင်ငံရေးရှေ့ ဆတ်ကော့လတ်ကော့သွားလုပ်ပြနေတဲ့ကဗျာတွေတော့ သိပ်
ကြည့်မရချင်ဘူး။ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ဆရာတင်မိုးတို့လို စံပြုထိုက်တဲ့ကဗျာဆရာ
မျိုးတော့သိပ်မမြင်မိဘူး။ရှိချင်လည်းရှိမှာပေါ့။ကျွန်တော်မမြင်လို့နေမှာပါ။
မေးခွန်း(၇)
အခုလက်ရှိ ပွင့်လင်းလွတ်လပ်လာမှုဟာရော ကဗျာရေးသားမှုအပေါ်အထောက်အကူပြုသလား
တစ်ချို့က အစိုးရရဲ့ပိတ်ဆို့မှုကြောင့် ကွယ်ဝှက်ရေးရတာ၊နိမိတ်ပုံ သင်္ကေတတွေ သုံးရတာ အခု
ပွင့်လင်းသွားတော့ဘယ်လိုရေးရမှန်းမသိဘူးတဲ့။ နိမိတ်ပုံ သင်္ကေတတွေကို ကွယ်ဝှက်စရာတစ်
ခုအဖြစ်ပဲမြင်ထားပုံရတယ်။ဒီအပေါ်မှာ ခင်ဗျားတို့ဘယ်လိုမြင်သလဲ။
အနည်းနဲ့အများတော့အထောက်အကူဖြစ်တယ်လို့ထင်ပါတယ်
အင်း   နိမိတ်ပုံ သင်္ကေတရဲ့ အရည်အသွေးက နဂိုရှိရင်းစွဲကတော့တစ်မျိုးပေါ့ဗျာ။နောက်ပိုင်း
မှာအပိတ်အဆို့အတားအဆီးတွေကရှိတော့ အဲဒီနိမိတ်ပုံသင်္ကေတ အသုံးဟာ တွင်တွင်ကြီး
ဆန့်ကျင်လွဲထွက်သွားတာပေါ့။ နိမိတ်ပုံသင်္ကေတတွေကို လျှော့ချရေးသားလာတာဖြင့် နှစ်ပိုင်း
မနည်းတော့ဘူး နိမိတ်ပုံသင်္ကေတနဲ့ကွယ်ဝှက်ရေးရတာတွေမရှိတော့လို့ ကဗျာဘယ်လိုရေးရ
မှန်းမသိရင်တော့ မရေးဖို့ပဲရှိတော့တာပေါ့ဗျာ။
ကဗျာဆရာနဲ့ ငွေကြေး/ဘ၀ရပ်တည်မှု
မေးခွန်း(၁)
 ငွေကြေးဟာ ခေတ်ပြိုင်လူ့လောကကြီးတစ်ခုလုံးကို ကိုင်လှုပ်နေတယ်ဆိုရင် ဒီရိုက်ခတ်မှုဟာ
ကဗျာဆရာတစ်ယောက်အပေါ် ဘယ်လောက်အထိသက်ရောက်သလဲ။
လူငယ်ကဗျာဆရာတစ်ယောက်အနေနဲ့ငွေကြေးအပေါ်ထားတဲ့ ခင်ဗျားသဘောထားကရော။
ပြီးတော့ ငွေရှာခြင်းဆိုတဲ့အပေါ် ခင်ဗျားအမြင်။
သက်ရောက်ပါပြီကောလားဗျာ။တစ်ဖက်မှာကဗျာအလုပ်ကိုလုပ်နေရတော့ အသက်မွေးမှု
ဆိုတာက နုံနည်းသွားတယ်။ဒီပြင့်လူအဖွဲ့အစည်းရဲ့လုပ်ထုံးလုပ်နည်းတွေ လူမှုဆက်ဆံရေးတွေ
ကအစကိုယ့်မှာ ညံ့ဖျင်းသွားတယ်။တစ်ချို့က ကဗျာရေးတာပဲ ဘယ်လောက်အချိန်ကုန်လို့လဲ။
ကဗျာရေးရင်းနဲ့စီးပွားရှာပေါ့တဲ့။အဲဒီအထဲမှာ ကျွန်တော့်မွေးမိခင် ကျွေးဖခင်တွေလည်းပါတယ်
ကဗျာအလုပ်ဆိုတာက အာရုံခံစားမှုတံခါးကို နှစ်ဆယ့်လေးနာရီဖွင့်ထားရတာ။ဒီံပြင်အလုပ်ဆို
တာက အလုပ်ချိန်နာရီရယ်လို့ သတ်မှတ်ချက်ရှိသေးတယ်။ကဗျာက အနားမရဘူး။ဒီကြားထဲ
ငွေကြေးရဲ့ ဂရက်ကလည်း ကိုယ့်ကိုတည့်တည့်ဝင်တိုးတယ်။ခက်ပါရောလားဗျာ။
ငွေကြေးအပေါ်သဘောထားကတော့ဗျာ ဒါဟာ ဘ၀ကျိန်စာပေါ့။
ငွေကြေးကို တစ်နည်းအားဖြင့်အမုန်းအတီး ရှိတယ်ဆိုပေမယ့် ငွေမရှာလို့လည်းမရပြန်ဘူး
ခင်ဗျားတို့ကျွန်တော်တို့ တနည်းနည်းနဲ့တော့ရှာနေရတာပဲမဟုတ်လား။ဥပမာဗျာ အိမ်တစ်အိမ်
မှာလူသုံးယောက်ရှိတယ်ဆိုပါစို့။နှစ်ယောက်က အလုပ်လုပ်ငွေရှာတယ်။ကျန်တစ်ယောက်က ငွေမရှာဘူး။ဒီလိုဆို အဲဒီတစ်ယောက်ရဲ့ဝန်ထုပ်ဝန်ပိုးက ဟိုနှစ်ယောက်ရဲ့ပခုံးပေါ် မလွဲမသွေ
ကျမှာပဲ။နိုင်ငံတစ်နိုင်ငံမှာလည်းဒီလိုပဲလေ။ကျွန်တော်တို့နိုင်ငံလိုမျိုး အားတိုက်အင်တိုက် တက်ညီလက်ညီကြိုးစားကြရမယ့်အခြေအနေမျိုးမှာ ပိုပြီးအလုပ်လုပ်သင့်တာပေါ့။ဒါကြောင့်
သူတစ်ပါးအပေါ်ဝန်ထုပ်ဝန်ပိုးအတတ်နိုင်ဆုံးမဖြစ်အောင်တော့ ငွေကရှာနေရပြန်တယ်။
မေးခွန်း(၂)
ငွေကြေးနဲ့ကဗျာ တစ်ခုခုကိုရွေးချယ်ဖို့ခေတ်က ခွင့်ပြုသလား။
ခွင့်ပြုတာမပြုတာထက် ကိုယ်ရွေးချယ်မှုကသာ အဲဒီရွေးချယ်မှုအပေါ် သေချာမှုရယ်ကသာပဲ အရေးကြီးမယ်ထင်ပါတယ်။
မေးခွန်း(၃)
ကဗျာနဲ့ရတဲ့ငွေကြေးအပေါ်မှီခိုရပ်တည်နေနိုင်တဲ့ ကဗျာဆရာရှိလား။
ကဗျာသမားစစ်စစ်ဟာကဗျာနဲ့ရတဲ့ငွေကြေးအပေါ် မှီခိုရပ်တည်မနေနိုင်ပါဘူးခင်ဗျာ။
မေးခွန်း(၄)
ကဗျာဟာငွေရှာလို့ရတဲ့ အနုပညာတစ်ရပ်ဆိုရင် ခင်ဗျားတို့ အခြားအသက်မွေးဝမ်းကြောင်းတစ်
ခုခုကိုလုပ်ဖြစ်ပါ့မလား။ကဗျာကိုကုန်ပစ္စည်းတစ်ခုလို အဆက်မပြတ် ထုတ်လုပ်နေကြမလား။
တစ်ဘက်ကလည်း ၀ယ်လိုအားအပြည့်ဆိုပါတော့။
ခင်ဗျားပြောသလိုဆို အဲဒီအချိန်ကျရင် ကဗျာက အပေါစားမြန်မာဗွီဒီယိုဇာတ်ကားတွေလိုပေါ့ ဟုတ်လား…ဟဟ။နောက်တာပါ။ကျွန်တော် မသိဘူး။
မေးခွန်း(၅)
ဘ၀ရဲ့အဆင်မပြေမှုတွေ အားကောင်းလာတဲ့အခိုက်အတန့်မှာ ကဗျာနဲ့ဝေးရာကိုပြေးထွက်ဖို့ ကြိုးစားကြည့်ဖူးလား။ဒါမှမဟုတ် ဒါကိုက ကဗျာရေးဖို့ တွန်းအားတွေဆက်ဖြစ်စေတာလား။
ကျွန်တော်ထွက်ပြေးဖို့ကြိုးစားကြည့်ဖူးပါတယ်။မအောင်မြင်ခဲ့ဘူး။
မေးခွန်း(၆)
အဆင်မပြေမှုတွေကြားထဲက ကဗျာကိုအဆက်မပြတ် ဖက်တွယ်ထားချင်တဲ့စိတ်ကို သာမာန်
ကဗျာရေးသူတွေမှာဖြစ်နိုင်ပါ့မလား။
မဖြစ်နိုင်ဘူးဗျ။သွေးလန့်သွားမှာပေါ့။
မေးခွန်း(၇)
ကဗျာရဲ့ပင်ကိုတန်ဖိုးမယုတ်လျော့ဘဲ အခြားမီဒီယံတွေနဲ့ပေါင်းစပ်တင်ပြတာမျိုး၊ဥပမာ-အသံလွှင့်
ဌာနတွေက ကဗျာကိုနောက်ခံဂီတ တစ်ခုခုနဲ့ပေါင်းစပ်တင်ပြတာမျိုး၊ရုပ်မြင်သံကြားကနေ ကဗျာ
ကို ရုပ်ရှင်ပြန်ရိုက်တာမျိုး၊ကဗျာရွတ်သံနဲ့အခြားအနုပညာပြုလုပ်ချက် အချို့နဲ့ တွဲဆက်တင်ပြတာ
မျိုးလုပ်ဖြစ်မယ်ဆိုရင် ခင်ဗျားတို့သဘောတူနိုင်ပါ့မလား။ဒီအပေါ်ခင်ဗျားရဲ့အမြင်။
“ကဗျာရဲ့ပင်ကိုတန်ဖိုးမယုတ်လျော့ဘဲ”ဒါကအရေးကြီးတယ်ဗျာ။အဲဒီလိုမှန်ရင်တော့ အတိုင်း
ထက်အလွန်ပေါ့။ဒီလိုတော့ရှိတယ်ဗျာ။ကိုယ့်ကိုယ်ကိုယ်တောင်လူသားအဖြစ်ကနေထွက်ပြေးလွတ်မြောက်ချင်၊ဆုပ်ကိုင်ယုံကြည်စရာတန်ဖိုးပျောက်ဆုံးနေ၊ စတဲ့အာရုံသိမျိုးတွေ အိုင်ဒီယို
လော်ဂျီတွေ အဲဒီလိုအစပ်အဟပ်တွေနဲ့ဖွဲ့သီထားတဲ့ အနုပညာလက်ရာတွေရဲ့အလွန်………..။
လူတွေဟာ တစ်ယောက်ကိုမြင်ဘက်တစ်မျိုးစီနဲ့၊ပုဂ္ဂလခံစားမှုတစ်မျိုးစီနဲ့ခရီးဆက်နေကြတယ်
ပြီးနောက် ကိုယ်ကျင့်တရားစံနှုန်း ချစ်ခြင်းမေတ္တာ စသဖြင့် အများစုဟာzero level အထိကျ
ဆင်းဖို့ အားကောင်းမောင်းသန် တာဆူနေတယ်။လူသားဟာတသီးပုဂ္ဂလနေနေရာကနေ အဆမတန်တိုးတက်လာတဲ့ ရုပ်ဝတ္ထု နည်းပညာ အဆင်သင့်ရှိပါလျက် အထီးကျန်ရောဂါကို
တိတ်တဆိတ်ခံစားနေကြရတယ်။အဲဒီလိုအာရုံခံစားပုံမျိုးနဲ့ရေးစပ်တဲ့ အနုပညာလက်ရာတွေ
ကို ဥပမာ ဘယ်လို နောက်ခံ music mediumမျိုးနဲ့ ပံပိုးမှာလဲ။အရင်လို romanceဆန်တဲ့
Music compositionတွေနဲ့ပဲလား။တယောသံ နွဲ့နွဲ့နှောင်းနှောင်းလေးနဲ့လား၊piano သံချိုချို၊
Classic guitarသံ အီအီလေးနဲ့လား။ဒါဆိုရင်တော့မဖြစ်ဘူး။ဒါ မဆီရေးချမဆိုင်ကြီးပဲ။အင်း
နောက်ဆုံးသတ္တုချကြည့်ရင် ကျွန်တော်ကိုယ်တိုင်က ကဗျာအပေါ် သိပ်အတ္တကြီးနေသလား
မဆိုနိုင်ဘူး။နောက်ပြီးတော့ခင်ဗျားပြောတဲ့ ကဗျာရဲ့ပင်ကိုယ်တန်ဖိုးမယုတ်လျော့တဲ့အခြားမီဒီ
ယံ ဆိုတာကြီးကို အယုံအကြည်ကင်းမဲ့နေပုံရတယ်။အကြံဥာဏ်ပေးစရာရှိရင်လည်း ကျွန်
တော့်ကိုပြန်အကြံဥာဏ်ပေးပါဦး။
မေးခွန်း(၈)
ကဗျာဆုတွေဟာ ကဗျာဆရာရဲ့ရပ်တည်မှုအတွက်ဘယ်လောက်အထိ အထောက်အကူပြုသလဲ
ကဗျာဆုပေးတာကိုကြိုက်လား။ ဘယ်ကဗျာအကောင်းဆုံးပါလို့ပြောချင်တဲ့ ဆုပေးတာမျိုးကိုကြိုက်လား။ဘယ်ကဗျာကိုအနှစ်သက်ဆုံးပါလို့ပြောချင်တဲ့ဆုပေးတာမျိုးကိုကြိုက်လား။လူကိုပေးချင်တယ်ဆိုရင် ထောက်ပံ့ကြေးဆိုပြီးပေးတာပိုမကောင်းဘူးလား။ခင်ဗျားအ
မြင်။
ကဗျာဆရာဆိုတာ တလောကလုံးမှာ ဆု ဆိုတာနဲ့အဝေးဆုံးလူတန်းစားတစ်ရပ်ပါ။ ကဗျာဆု
ပေးတာကောင်းတာပေါ့ဗျာ။ဒါပေမယ့် ဘယ်သူကပေးတာလဲ။ဘာအတွက်လဲ။ ဘယ်လိုအ
ကြောင်းနဲ့လဲ။ဘယ်လိုတည်းဖြတ်တာလဲ။ဘယ်လိုကဗျာအမျိုးအစားတွေလဲ။အကြိုက်ဆုံး
အနှစ်သက်ဆုံးဆိုရင် ဘယ်သူတွေက ကြိုက်နှစ်သက်တာလဲ။ဒါကသာအရးကြီးတာပါ။
မေးခွန်း(၉)
နောက်ဆုံးကဗျာဆရာဟာ ငွေရှာတဲ့ အလုပ်တစ်ခုခုကိုတော့ လုပ်နေရမှာပဲလို့မြင်သလား။
မြင်ပါတယ်။သို့ပေမယ့် အလုပ်တစ်ခုခုမလုပ်ဘူးဆိုလည်း မတတ်နိုင်ဘူး။ကဗျာဆိုတာလည်း
လူသားတစ်ယောက်ရဲ့ အလုပ်တစ်ခုပဲလေ။
ကဗျာဆရာနဲ့ကဗျာတွေတင်ဆက်မှုအပိုင်း
မေးခွန်း(၁)
ဒီဘက်ခေတ်မှာ ကဗျာကို မဂ္ဂဇင်းမှာထက် အွန်လိုင်းပေါ်မှာပိုပြီးတွေ့ရများတယ်။အပေါ့အငံ
တော့ပြောမနေတော့ပါဘူး။ဘာလို့လဲဆိုတော့ အချိန်က နာမည်ကြီးခဲ့တဲ့ ကဗျာဆရာကြီးတွေ
ရဲ့ ကဗျာတော်တော်များများကို အွန်လိုင်းပေါ်မှာ ရှာဖွေဖတ်ရှုနိုင်တယ်။ခင်ဗျားရော အွန်လိုင်း
ပေါ်မှာကဗျာတွေရေးဖြစ်လား။ကဗျာတွေတင်ဖြစ်လား။
နည်းပညာရဲ့လွယ်ကူလျင်မြန်တဲ့ ကောင်းကျိုးတွေတော့ကျွန်တော့်တို့မဖြစ်မနေယူသုံးရမှာပဲဗျ။
ကျန်တဲ့ခင်ဗျားပြောတဲ့ အပေါ့အငံတို့ဆိုတာတော့ ဆက်ပြောမနေတော့တာပဲကောင်းပါတယ်။ဟုတ်တယ်။အွန်လိုင်းပေါ်ကဗျာတွေရေးလည်းရေးဖြစ်ပါတယ်။ဖတ်လည်းဖတ်ဖြစ်ပါတယ်။
မေးခွန်း(၂)
မဂ္ဂဇင်းစာမျက်နှာပေါ်မှာ ကိုယ့်ကဗျာတွေကိုမြင်ရတာနဲ့ ကွန်ပျူတာ screenပေါ်မှာကိုယ့်ကဗျာ
ကိုယ်ပြန်တွေ့ရတဲ့အရသာကွာခြားချက်ရှိလား။ရှိရင်နည်းနည်းပြောစေချင်တယ်။
ကဗျာမဟုတ်ဘူး စာသားတွေဆိုရင်တောင် စာမျက်နှာနဲ့မော်နီတာ screen ဖတ်ရတာမတူဘူး
လေ။မဂ္ဂဇင်းစာမျက်နှာကိုပိုကြိုက်တယ်။အဲဒီက ဘယ်လောက်ပဲ ဟောင်းနွမ်းနေတဲ့အဆင်အ
ပြင်ဖြစ်ဖြစ် တန်ဖိုးထားတယ်။ ပရင့်ကနေ စတင်ကဗျာသမားဖြစ်လာတဲ့လူတွေအားလုံးဒီခံစား
မှုကို သိမှာပါ။ကျွန်တော်တို့ ဘယ်လိုခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတယ်ဆိုတာတွေရဲ့ သမိုင်းက
စာရွက်ပေါ်မှာက ပိုလှတယ်။
မေးခွန်း(၃)
စစ်အစိုးရလက်ထက်က မဂ္ဂဇင်းမှာထက် အွန်လိုင်းပေါ်မှာ ကဗျာရေးရတာပိုလွတ်လပ်တယ်လို့
ပြောကြတယ်။တစ်ချို့က လွတ်လပ်လို့အွန်လိုင်းပေါ်မှာရေးတာလို့လည်းပြောတယ်။ဒီဘက်ဒီမိုက
ရေစီခေတ်မှာရော အွန်လိုင်းပေါ်မှာပိုလွတ်လပ်နေတုန်းလား။ နောက်ပိုင်းမဂ္ဂဇင်းကဗျာတွေ
လွတ်လွတ်လပ်လပ် လွတ်လွတ်ကျွတ်ကျွတ်ကွင်းပြင်ပေါ်ဖြတ်ပြေးနိုင်ပြီလို့ယုံကြည်သလား။
ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် အွန်လိုင်းက ပိုလွတ်လပ်တယ်ဆိုတာတော့ ဟုတ်ပါတယ်။
လွတ်လပ်မှုရဲ့နောက်မှာလည်း မျိုးစုံပေါ့ဗျာ။အဲ မဂ္ဂဇင်းကဗျာတွေလွတ်လွတ်ကျွတ်ကျွတ်
ဖြတ်ပြေးနိုင်ပြီလားဆိုတာတော့ မျှော်လင့်ရတာပဲ။ အစိုးရအနေနဲ့လွတ်လပ်ခွင့်ပေးလိုက်
တယ်ဆိုရင်တောင် အဲဒီကဗျာတွေကိုဖေါ်ပြပေးဖို့က အယ်ဒီတာတွေမှာတာဝန်ရှိတာကိုး။
မေးခွန်း(၄)
၂၁ရာစုနှောင်းပိုငးမှာ မဂ္ဂဇင်းကဗျာတွေ ဆက်လက်ရှင်သန်နေနိုင်ဦးမယ်ထင်လား။
ပြီးတော့မဂ္ဂဇင်းတွေရဲ့ရှေ့အလားအလာ။
ကဗျာမျိုးဆက်တွေအမျိုးမျိုးပြောင်းနေသလိုအယ်ဒီတာမျိုးဆက်တွေလည်း ပြောင်းလည်းဦးမယ်။အားလုံးဟာ အစဉ်တစိုက်ပြောင်းလဲနေမှာပဲလေ။နောက် စာပေမဂ္ဂဇင်း
တွေရဲ့ရှေ့ရေးကလည်းပြောလို့တော့မရဘူးဗျာ။အင်း  မဂ္ဂဇင်းတွေရဲ့ရှေ့အလားအလာဆိုတာက
တော့ အားရဖွယ်မရှိပါဘူး။မဂ္ဂဇင်းတစ်ခုရဲ့အမည်နာမဟာ စာပေသမိုင်းရဲ့ အမည်နာမ အဖြစ်
မှည့်ခေါ်ရလောက်အောင် ကိုယ်ရောင်ကိုယ်ဝါရှိတဲ့ မဂ္ဂဇင်းဆိုတာတော့ အခုတော်တော်ရှားနေပြီ။
မေးခွန်း(၅)
ဒီဘက်ခေတ် မဂ္ဂဇင်းတွေရဲ့ ကဗျာရွေးချယ်မှုအပေါ် ခင်ဗျားအမြင်
ဟားဟားးး ကိုလင်းသဏ်ညီ ခင်ဗျား ကျွန်တော့် အချွန်နဲ့မနေပြီထင်တယ်ဗျ။
မေးခွန်း(၆)
နောက်ဆုံးအနေနဲ့ ကဗျာဆရာတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်အ၀ရှိဖို့
ခင်ဗျားကိုယ်ခင်ဗျားဘယ်လိုပြင်ဆင်ထားရသလဲ ၊ပြင်ဆင်ထားခဲ့သလဲ။
သွေးက လှုံ့ဆော်တဲ့သဘောပါပဲ ဘယ်လိုပြင်ဆင်နေသလဲတောင်သတိမထားမိဘူး ။အလိုလို ပြင်ဆင်နေမိတယ်။ရေးမိနေတယ်။အဲဒီ ဒုက္ခတရား
တွေခံစားနေဖြစ်တယ်။သိပ်တော့ထူးခြားဆန်းပြားတယ်လို့ ကိုယ့်ကိုယ်ကိုယ် မထင်မိပါဘူးဗျာ။
No comments:
Post a Comment