# နိဒါန်း
၂၀၀၇မှာ ခေတ်ပေါ်ကဗျာကို ကျော်လွန်တဲ့ နီယိုမော်ဒန်
လမ်းကြောင်းကို ဆက်လျှောက်ကြမယ်လို့ ကျွန်တော်တို့ စဉ်းစားမိကြတော့
စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့ နီယိုမော်ဒန်ကဗျာက တစ်မျိုးတစ်စားတည်း
ဖြစ်ပါတယ်။
နီယိုမော်ဒန်ဟာ ခေတ်ပေါ်ကဗျာ သွင်ပြင်လက္ခဏာတွေထဲက
အတွင်းစိတ်ခံစားမှုကို လွတ်လပ်စွာ ထုတ်ဖော်ခြင်း ( Freedom of Expression )
နဲ့ အရပ်သုံးအပြောဘာသာစကား ( Spoken Language ) ကို ဆက်လက်ဆွဲကိုင်ထားပြီး
သွယ်ဝိုက်ဖွဲ့ဆိုခြင်း ၀င်္က၀ုတ္တိသဘော၊ စကားပြောရစ်သမ် ( Spoken Rhythm )၊
မှန်ကူကွက်ပုံစံ စီစဉ်တင်ဆက်မှုနဲ့ နိမိတ်ပုံ သင်္ကေတတွေကို အလွန်အကျွံ
သုံးစွဲတဲ့ ကဗျာဘာသာစကားတွေကို သိသိသာသာ စွန့်ပစ်လိုက်ပါတယ်။
( နီယိုမော်ဒန် နောက်ခံ အယူအဆ၊ သွင်ပြင်လက္ခဏာတွေနဲ့
ဘာသာစကားအယူအဆတွေကို တခြားနီယိုမော်ဒန်အယူအဆ ဆောင်းပါးတွေမှာ
သီးခြားဖော်ပြပြီး ဖြစ်တဲ့အတွက် ပြန်လည် ဖော်ပြခြင်း မပြုတော့ပါ။ )
၂၀၀၈-၂၀၀၉အတွင်းမှာနီယိုမော်ဒန်အယူအဆရေးရာတွေတည်ဆောက်ရင်းနီယိုမော်ဒန်ကဗျာတွေကိုကျွန်တော်စမ်းသပ်ရေးသားနေခဲ့ပါတယ်။ကျွန်တော်နဲ့လူမှုရေးနီးစပ်တဲ့
လူငယ်ကဗျာဆရာတချို့ကလည်း သူတို့ စမ်းသပ်ရေးသားထားတဲ့
နီယိုမော်ဒန်ကဗျာတွေကို ကျွန်တော့်ကို ပေးဖတ်ပြီး အလွတ်သဘော
ဆွေးနွေးဝေဖန်တာမျိုး လုပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီမှာ
စိတ်ပိုင်းဆိုင်ရာနဲ့ သိမှုဆိုင်ရာ အကျပ်ရိုက်မှုတစ်ခု ဖြစ်တာက ကျွန်တော်
စိတ်ကူးပုံဖော်ထားတဲ့ နီယိုမော်ဒန်ကဗျာနဲ့ သူတို့ရေးသားထားတဲ့
နီယိုမော်ဒန်ကဗျာရဲ့ သွင်ပြင်လက္ခဏာတွေ အထိုက်အလျောက် ကွဲပြားခြားနားမှု
ရှိနေတာပါပဲ။ အဲဒီလို အခြေအနေမှာ သူငယ်ချင်း ကဗျာဆရာ တိုးနှောင်မိုးက
ကျွန်တော့် စိတ်ကူးပုံဖော်မှုနဲ့ ကွဲပြားခြားနားနေတဲ့ ကဗျာတွေကို
နီယိုမော်ဒန် မျိုးကွဲတွေအဖြစ် လက်ခံပေးဖို့ အကြံပြု ပြောဆိုခဲ့ပါတယ်။
တိုးနှောင်မိုးရဲ့ အကြံပြုချက်ဟာ နီယိုမော်ဒန် ကဗျာလမ်းကြောင်း
ပိုမိုကျယ်ပြန့်လာဖို့အတွက် အရေးပါထိရောက်တဲ့ အကြံပြုချက်ပဲ ဖြစ်ပါတယ်။
သူ့ အကြံပြုချက်ကို လက်ခံပြီး ကျွန်တော့်
စိတ်ကူးပုံဖော်မှုနဲ့ ကွဲပြားခြားနားနေတဲ့ နီယိုမော်ဒန် ကဗျာတွေကို
Alternative Neomodern လို့ အမည်တံဆိပ်သတ်မှတ်ပေးဖို့ စဉ်းစားမိသွားပါတယ်။
အဲဒီ စဉ်းစားမှုကို ချဲ့ထွင်ဆန့်ထုတ်လိုက်တဲ့ အခါမှာတော့ နီယိုမော်ဒန်
လမ်းကြောင်းမြွှာများလို့ ပြောလို့ ရနိုင်တဲ့ နီယိုမော်ဒန် ကဗျာမျိုးကွဲ (
၇) မျိုး ထွက်ပေါ်လာပါတော့တယ်။ နီယိုမော်ဒန် ဖြစ်နိုင်ခြေ အလားအလာ ရှိတဲ့
နီယိုမော်ဒန် မျိုးကွဲ ( ၇) မျိုးကတော့-
( ၁ ) Semi- Neomodern ( Semineo )
( ၂ ) Neomodern ( Neo )
( ၃ ) Alternative Neomodern ( Alterneo )
( ၄ ) Prose Neomodern ( Prosneo)
( ၅ ) Collage Neomodern ( Collaneo )
( ၆ ) Experimental Neomodern ( Experneo )
( ၇ ) Post+ Neomodern ( Poneo )
တို့ပဲ ဖြစ်ကြပါတယ်။
( နီယိုမော်ဒန် လမ်းကြောင်းမြွှာများ ဆောင်းပါးမှာ နီယိုမော်ဒန် မူကွဲတွေရဲ့ လက္ခဏာတွေကို ဖတ်ရှုနိုင်ပါတယ်။ )
# အနုပညာ အာဏာရှင် ဆန်ခြင်းကို ရှောင်ရှားစေနိုင်ဖို့ နည်းလမ်း
၂၀၀၈- ၂၀၀၉ ကာလဟာ နီယိုမော်ဒန် နောက်ခံ
အယူအဆ၊ သွင်ပြင်လက္ခဏာတွေနဲ့ ဘာသာစကားအယူအဆတွေကို တည်ဆောက်ဆဲကာလ၊
နီယိုမော်ဒန်ဘက်ကို တိမ်းညွတ်မှု ရှိတဲ့ ကဗျာဆရာတွေကလည်း နီယိုမော်ဒန်
ကဗျာတွေကို စမ်းသပ်ရေးဖွဲ့နေကြတဲ့ ကာလတွေ ဖြစ်ပါတယ်။ ၂၀၁၀ နှစ်ဆန်းမှာ
မဂဇင်း အယ်ဒီတာ၊ စာအုပ်ထုတ်ဝေသူ၊ ကဗျာဆရာတစ်ယောက်က ၂၀၀၈-၂၀၀၉ နီယိုမော်ဒန်
ကဗျာတွေကို Anthology စာအုပ်တစ်အုပ် တာဝန်ယူစီစဉ်ပေးဖို့ ကျွန်တော့်ကို
ကမ်းလှမ်းခဲ့ပါတယ်။ ခေတ်ပေါ်ကဗျာရေးဟန်ကို ကျော်လွန်စပြုလာပြီး
နီယိုမော်ဒန်ဘက် ရွေ့လာတဲ့ ကဗျာတွေကို အမျိုးသားစာကြည့်တိုက်နဲ့
လက်လှမ်းမီရာ မဂဇင်းတွေထဲက ရှာဖွေ ရွေးချယ်စုစည်းပြီး Neomodern Myanmar
Poetry Vol-1 အမည်နဲပ စာအုပ်လုပ်ဖို့ စီစဉ်နေတုန်းမှာ ကျွန်တော့်ဘက်က
အားနည်းပျက်ကွက်မှု ( အိမ်ထောင်ပြိုကွဲမှု ဖြစ်ပြီး အရေးကြီး စာအုပ်စာတမ်းတွေ
နေပြည်တော်မှာ ကျန်ခဲ့တာ) ကြောင့် တစ်ပိုင်းတစ်စနဲ့ ရပ်တန့်သွားခဲ့ရပါတယ်။
၂၀၁၀ အလွန်မှာတော့ ကျွန်တော်တို့ နောက်မျိုးဆက်
ကဗျာဆရာတချို့ဟာ နီယိုမော်ဒန် မူကွဲ ( ၇) မျိုး အပြင် နောက်ထက်
နီယိုမော်ဒန် မျိုးကွဲသစ် ( ၂ ) မျိုးကိုပါ စမ်သပ် ရေးဖွဲ့လာနိုင်တာ
တွေ့ရပါတယ်။ ကဗျာဆရာ စိုးမင်းအောင်၊ ဘုန်းနေသွန်း၊ ဆူးရင့်၊ မင်းစိုးရာ၊
အောင်ပိုင်စိုး၊ ၀ီရထက်နောင်၊ သက်ငြိမ်သစ်၊နေ့သစ်၊ မောနွေ၊ အေးချမ်း၊
နေအေဒီ တို့ဟာ Expressive Neomodern နဲ့ Hybrid Neomodern လို့
အမည်တံဆိပ်သစ် သတ်မှတ်ပေးနိုင်တဲ့ နီယိုမော်ဒန် ကဗျာမျိုးကွဲသစ်တွေကို
ရေးဖွဲ့လာကြပါတယ်။ အွန်လိုင်းက သုဏော်စိုင်း၊ ရင်ခွင်ရှိန်း၊ လင်းလက်တာရာ၊
ကိုသျှား၊ မှူးသစ်၊ ဇက်ကကြိုး၊ ရွှေကိုယ်နတ်( UCSM ) ရွှေကြယ်မိုး စတဲ့
လူငယ်ကဗျာဆရာတွေဟာလည်း နီယိုမော်ဒန် ကဗျာတွေ ရေးဖွဲ့လာတာ တွေ့ရပါတယ်။
ပင်မရေစီးခေတ်ပေါ်ကဗျာအလွန် ခေတ်ပြိုင်ကဗျာယဉ်ကျေးမှု
အခင်းအကျင်းမှာ စမ်းသပ်ရေးဖွဲကြတဲ့ ကဗျာသစ် အများစုဟာ အယ်လ်ပီ၊
ကွန်ဆက်ခြူရယ်နဲ့ ပို့စ်မော်ဒန် နယ်ပယ်ထဲကို ၀င်ရင်ဝင်၊ အဲဒီလိုမှ မဟုတ်ရင်
နီယိုမော်ဒန် နယ်ပယ်ထဲ ၀င်ရောက်လာကြတာ များတယ်လို့ ကျွန်တော်
ပြောခဲ့ဖူးပါတယ်။ ဒီနေရာမှာ နီယိုမော်ဒန်နဲ့ ပို့စ်မော်ဒန်စာရင်းဝင်
အခြားကဗျာတွေကို ဘယ်လို နယ်ပယ်/ အမျိုးအစား ခွဲခြားသလဲလို့ မေးခွန်းထုတ်စရာ
ဖြစ်လာပါတယ်။
အကျဉ်းချုပ် လိုရင်း ပြောရရင် ကဗျာစာသား
အဆောက်အအုံထဲမှာ ခေတ်ပေါ်ကဗျာလွန် လက္ခဏာတွေ တွေ့ရ / မတွေ့ရ ၊ ဘာသာစကားကို
သုံးစွဲပုံ နည်းလမ်း၊ ဘာသာစကားနဲ့ အနက်အဓိပ္ပာယ် စနစ်တွေ အလုပ်လုပ်ပုံ၊
နီယိုမော်ဒန် နောက်ခံ အယူအဆနဲ့ သွင်ပြင်လက္ခဏာတွေ ပါဝင်မှု ရှိ မရှိ၊
ကဗျာစာသားတွေဆီက ရရှိတဲ့ အကြောင်းအရာနဲ့ အာရုံခံစားမှု၊ ကဗျာဆရာရဲ့ တစ်သီး
ပုဂလအာရုံခံစားပုံ၊ ကဗျာစာသားတွေ ဆက်စပ် ဖွဲ့စည်းတည်ဆောက်ထားပုံ၊
ခေတ်ပြိုင် လူမှု အကြောင်းခြင်းရာတွေနဲ့ ချိတ်ဆက်ထားခြင်း ရှိ မရှိ၊
နောက်ဆုံး ကျွန်တော့် ကဗျာဖတ်မှတ်လေ့လာမှု အတွေ့အကြုံ၊ အဲဒီလို
အချက်အလက်မျိုးစုံနဲ့ ချိန်ထိုးတိုင်းတာပြီး နီယိုမော်ဒန် မျိုးကွဲ ( ၉)
မျိုးထဲမှာ ထည့်သွင်းသတ်မှတ်လို့ ရ မရ ချင့်ချိန်စဉ်းစားပါတယ်။
အဲဒီလို လုပ်တဲ့ အခါမှာ ကျွန်တော် တစ်ဦးတည်းရဲ့
စဉ်းစားဆုံးဖြတ်ချက်ဟာ အနုပညာ အာဏာရှင် ဆန်ကောင်း ဆန်နေလိမ့်မယ်လို့
တစ်ခါတလေ တွေးမိပါတယ်။ အဲဒီတော့ နီယိုမော်ဒန် ကဗျာ အမျိုးအစား
ခွဲခြားသတ်မှတ်ရတဲ့ အလုပ်ကို လုပ်ဖို့ ကျွန်တော် ၀န်လေးတွန့်ဆုတ်မိတာ
အမှန်ပါ။ ဒါပေမဲ့ တချို့ လူငယ်ကဗျာဆရာတွေက အဲဒီ အလုပ်ကို ဆက်လုပ်ဖို့၊
နီယိုမော်ဒန် ကဗျာအညွှန်း/ ချဉ်းကပ်မှုတွေ ဆက်လုပ်ဖို့
တိုက်တွန်းနှိုးဆော်ကြတဲ့ အတွက် မဖြစ်မနေ ဆက်လုပ်ရပါတယ်။ တခြား ကဗျာအယူအဆ
ကျွမ်းကျင်သူတွေ၊ ကဗျာချဉ်းကပ်တဲ့ အလေ့အကျင့် ရှိသူတွေ၊ မြန်မာကဗျာ
ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန် စေတနာ ထားသူတွေသာ ကိုယ်
တတ်စွမ်းနိုင်သလောက် ၀ိုင်းဝန်းလုပ်ဆောင် ကြမယ် ဆိုရင်
တစ်ဦးတစ်ယောက်တည်းရဲ့ ပြောရေးဆိုခွင့် ဘောင်ကို ကျော်လွန်ပြီး အနုပညာ
အာဏာရှင်ဆန်တဲ့ အခြေအနေကို ရှောင်ရှားလာနိုင်ကြလိမ့်မယ်လို့ တွေးမိပါတယ်။
# မောနွေ ( သို့ မဟုတ် ) Conceptual Neomodern အရေးအသားများ ပေါင်းစပ် ဖန်တီးသူ
အခု မောနွေ ဆိုတဲ့ နောက်ဆုံး မျိုးဆက်သစ် လူငယ် ကဗျာဆရာတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
မောနွေဆိုတာ ရန်ကုန် ကဗျာရွတ်ပွဲတွေမှာ " အလားအလာ
အရှိဆုံး လူငယ်ကဗျာဆရာ " လို့ ကျွန်တော် ရည်ညွှန်း မိတ်ဆက် ပြောဆိုလေ့
ရှိတဲ့ ပထမဆုံး လူငယ်တစ်ယောက်ပါ။ ၂၀၁၀- ၂၀၁၁ ရန်ကုန်မြို့ပြရဲ့ အနုပညာနဲ့
လူမှုရေး စစ်မြေပြင်မှာ ကျွန်တော်၊ ၀ီရထက်နောင် တို့နဲ့အတူ ( ငပေ၊ ငတေ၊ ငလေ )
ဆိုတဲ့ ဘွဲ့တံဆိပ်တွေနဲ့ သွေးသောက်ကွန်မန်ဒိုတစ်ယောက်လို ရင်ဆိုင်
ဖြတ်သန်းခဲ့ဖူးတဲ့ လူငယ်ကဗျာဆရာတစ်ယောက် ဖြစ်ပါတယ်။
သူ့ပုံစံက အသက် ၂၂ နှစ် အရွယ်၊ အသားဖြူဖြူ၊
အရပ်မနိမ့်မမြင့်၊ လူစိမ်းတွေနဲ့ဆုံရင် ကဗျာအကြောင်း သိပ်မပြောဘဲ Mr.Bean
လို မျက်နှာပေးမျိုးနဲ့ အင်တာနက်ဟာသပုံပြင်တွေ၊ အရွှတ်အနောက် စကားတွေသာ
အဆက်မပြတ် ပြောလေ့ ရှိသူ။ ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကား ခရေဇီ။ မိသားစု
အခြေအနေကြောင့် အင်္ဂလိပ်စာမေဂျာ ဒုတိယနှစ်မှာ ကျောင်းထွက်ထားရပေမဲ့
အင်္ဂလိပ်စာနဲ့ အဆက်မပြတ်ဘဲ လက်ရှိနိုင်ငံရေး သတင်းဂျာနယ်တစ်စောင်မှာ
ဘာသာပြန် အယ်ဒီတာ အလုပ်လုပ်နေသူ။ အပြောအဆို ယဉ်ကျေးရည်မွန်ပြီး
လူမှုဆက်ဆံရေး ပါးနပ်လိမ်မာလွန်းအားကြီးလို့ ၀ီရထက်နောင်က သူ့ကို " လူလည် "
လို့ Nick ပေးထားခြင်း ခံရသူ။
မောနွေဟာ သူ့ရဲ့ ပုဂလိက စိတ်ပိုင်းဆိုင်ရာ နာကျင်မှုနဲ့
လူမှုပြသနာတွေကို တခြားသူတွေ မရိပ်မိအောင် လျှို့ဝှက်နေထိုင်တတ်သူ ဖြစ်ပြီး
လောကဓံတရားကို မချိပြုံးလေးနဲ့ တုံ့ပြန် ရင်ဆိုင်တတ်သူ ဖြစ်ပါတယ်။
လက်ထဲမှာ ငွေကြေး အပိုအလျှံရှိလာတဲ့အခါ တခြားလူငယ်တွေလို
အပေါ်ယံဖက်ရှင်ပစ္စည်းတွေ ၀ယ်ယူဖို့ထက် ဖဆပလခေတ် ၀န်ကြီးချုပ် ဦးနု၊ ပန်းချီ
ပိုပို၊ စာရေးဆရာ မင်းခက်ရဲ တို့လို သူ လိုချင်နေတဲ့ စာရေးဆရာတွေရဲ့
စာအုပ်စာတမ်းတွေကို ပြေးဝယ်ဖို့ စဉ်းစားတတ်သူ။ အယ်လ်ပီနဲ့ ဖလာ့ဖ်ကဗျာတွေကို
သိပ် စိတ်ဝင်စားပုံ မပြဘဲ နီယိုမော်ဒန်နဲ့ ကွန်ဆက်ခြူရယ် ကဗျာဗေဒတွေကို
စိတ်ဝင်တစား စူးစမ်းလေ့လာနေသူ လူငယ်တစ်ယောက်လည်း ဖြစ်ပါတယ်။
" ကျွန်တော် အသက် ၂၇ နှစ်လောက် ရောက်ရင် မြန်မာကဗျာနဲ့
ပတ်သက်ပြီး ပြောရေးဆိုခွင့် ရှိသူတစ်ယောက် ဖြစ်လာဖို့ ရည်မှန်းထားတယ်။
အဲဒီ အချိန်ကျရင် နောက်ထပ် နီယိုမော်ဒန် ကြေညာစာတမ်း အသစ်တစ်စောင်
ထပ်ထုတ်မယ်ဗျာ။ နီယိုမော်ဒန်အတွက် အစ်ကို ဘာမှ မပူနဲ့။ အစ်ကို သေသွားရင်
ကျွန်တော် အဲဒါကို ဆက်လုပ်မယ် "
မောနွေက အဲဒီလို ရည်မှန်းချက် မြင့်မားပြီး
ကျွန်တော့်ကိုလည်း သေတွင်းထဲ စိတ်ကူးနဲ့ မကြာခဏ ပို့တတ်တဲ့
ကဗျာညီငယ်တစ်ယောက်ပါ။ ၀ီရထက်နောင်၊ မောနွေ၊ နေအေဒီနဲ့ ကျွန်တော်တို့ကြားက
လူမှုဆက်ဆံရေးက ချစ်ခြင်းမေတ္တာအပေါ်မှာ အခြေခံထားပြီး တကယ့်
သွေးသားရင်းချာတွေလို စိတ်ထားကြတဲ့ သူတွေ။ မောနွေကို အပေါ်ယံ
အကဲခတ်မယ်ဆိုရင် ဖက်ရှင်ဒီဇိုင်း ပုံမကျ ပန်းမကျနဲ့
ပေါ့ပျက်ပျက်စကားတွေကိုပဲ ပြောလေ့ရှိတဲ့ ချာတိတ်တစ်ယောက်အဖြစ်ပဲ
မြင်ရပါလိမ့်မယ်။ သူ့ရဲ့ အနုပညာ အမြင် ကျယ်ပြန့်မှု၊ စာပေဗဟုသုတ ကြွယ်ဝမှု၊
အာဝဇ္ဇန်း ရွှင်လန်းမှု၊ တီထွင်ဆန်းသစ် ဖန်တီးနိုင်မှုနဲ့ ကဗျာအနုပညာအပေါ်
ရူးသွပ် တပ်မက်ယုံကြည်မှုတွေက လူတွေ အလွယ်တကူ မမြင်နိုင်တဲ့ သူ့ အဇ္ဈတ္တနဲ့
အတွေးအခေါ်တွေ ထဲမှာ ပုန်းလျှိုးနေလေ့ ရှိပါတယ်။
မောနွေဟာ Internet User တစ်ယောက်ဖြစ်တဲ့အပြင်
စူးစမ်းလေ့လာလိုစိတ်လည်း ရှိတဲ့ လူငယ်ဖြစ်လို့ အနောက်ဥရောပမှာ နီယိုမော်ဒန်
ပန်းချီနဲ့ ဗိသုကာတွေ ရှိတဲ့အကြောင်း ကျွန်တော့်ကို အစောဆုံး
အသိပေးခဲ့သူလည်း ဖြစ်ပါတယ်။
သူနဲ့ ကျွန်တော် ပုဂိုလ်ရေး စတင်ထိတွေ့မိခါစ ၂၀၁၀
နှစ်လယ်ပိုင်းလောက်တုန်းကဆိုရင် ကဗျာမှာ သင်္ကေတတွေ အလွန်အကျွံသုံးစွဲတာနဲ့
ဆာရီရယ်ဆန်တဲ့ အရေးအသားတွေကို နှစ်သက်စွဲလမ်းတတ်သူ တစ်ယောက်ပါ။
နောက်ပိုင်းမှာ သူ့အရေးအသားတွေဟာ နီယိုမော်ဒန်ဘက်ကို သိသိသာသာ ရွေ့လျားလာတာ
သတိပြုမိပါတယ်။
" အယ်လ်ပီနဲ့ နီယိုမော်ဒန် ပဋိပက္ခက အစ်ကိုတို့
ပရင့်တ်မီဒီယာမှာပဲ ဖြစ်ပြီး ပြီးဆုံးသွားတာမျိုး မဟုတ်ဘူး။ ကျွန်တော်တို့
မျိုးဆက်မှာလည်း အွန်လိုင်းပေါ်က လူငယ်တွေ ပဋိပက္ခတွေ ဆက်ဖြစ်ကြတယ်။
အယ်လ်ပီနဲ့ နီယိုမော်ဒန်က အယူအဆရေးရာမှာတော့ တကယ့်ကို ဆန့်ကျင်ဘက်တွေပဲ "
ကဗျာယဉ်ကျေးမှု အသစ်ကို တပ်မက်လိုလားတဲ့ မောနွေဟာ သူ
အရင်က နှစ်သက်စွဲလမ်းခဲ့တဲ့ ဆာရီရယ် အရေးအသားတွေနဲ့ နီယိုမော်ဒန်
အရေးအသားတွေကို ပေါင်းစပ်ပြီး စမ်းသပ်ရေးသားဖို့ စိတ်ကူးကြံစည်ခဲ့သူလည်း
ဖြစ်ပါတယ်။ ဒါပေမဲ့ ပေါင်းစပ်ဖို့ မဖြစ်နိုင်တဲ့ ကဗျာအယူအဆတွေ
ဖြစ်နေတာကြောင့် သူ စိတ်ကူးပုံဖော်ထားတဲ့ Surreal Neomodern
ကဗျာအမျိုးအစားကို ဆက်လက် စမ်းသပ်ရေးဖွဲ့ခြင်းမပြုဘဲ
နောက်ပြန်ဆုတ်ခဲ့ပါတယ်။
ဒါပေမဲ့ မောနွေဆိုတာ ကဗျာအရေးအသား အသစ်တွေ စမ်းသပ်ဖန်တီးဖို့ စိတ်အားထက်သန်တဲ့ လူငယ်တစ်ယောက်ပါ။
" Surneo စမ်းကြည့်ုလို့ အဆင်မပြေရင် Conceptual နဲ့
Neomodern ကို Remix လုပ်မယ်ဗျာ။ Conceptual Neomodern ပေါ့ "
နောက်ပိုင်းမှာ မောနွေဟာ Conceptual ဆန်တဲ့
အသိအမြင်နဲ့ စာသားတွေ၊ နီယိုမော်ဒန် အာရုံခံစားပုံနဲ့ တက္ကနစ်တွေပါဝင်တဲ့
စာသားတွေကို ရောနှောပေါင်းစပ်ပြီး ကဗျာတွေ ရေးသားလာပါတယ်။ သူ့ရဲ့ " အချစ် "
ဆိုတဲ့ ကဗျာဟာ Conceptual Poetry ဘက်ကို တိမ်းညွတ်မှု ပိုများပြီး "
သရဲတစ်ကောင်သာ နားမထောင်ခဲ့ဘူးဆိုရင်...... " ကဗျာက Conceptual Neomodern (
Concepneo ) ကဗျာလို့ အမည်တံဆိပ်သစ်တပ်ပေးနိုင်တဲ့ နီယိုမော်ဒန်
ကဗျာအမျိုးအစားသစ် ဖြစ်ပါတယ်။
အခု မောနွေရဲ့ Conceptual Neomodern ကဗျာအကြောင်း
မဆွေးနွေးခင် " စက်ရုပ်လက်ရေး " ဆိုတဲ့ ကဗျာကို အရင်
ဖတ်ရှုလေ့လာကြည့်စေချင်ပါတယ်။
စက်ရုပ်လက်ရေး
by Maw Nwai on Thursday, December 8, 2011 at 4:41am ·
ဒီနေ့မှာ နေရောင်ခြည်ဆိုက်ရောက်မှုအားကောင်း
တစ်နာရီကို မိုင် ၃၀ မှ မိုင် ၄၀ အထိ စိတ္တဇ ပျံ့နှံ့တိုက်ခတ်နေ
ကမ္ဘာကြီး ၂၄ ဒီဂရီ ပြောင်းလဲတိမ်းစောင်း.....
အဲဒီစာကို ဘယ်သူပို့လိုက်သလဲ
ကျွန်တော် လူအဖြစ်ကွေးကောက်နေတုန်း ဘယ်သူ Click နှိပ်လိုက်သလဲ။
မြို့ထဲသွားတယ်
အောင်မြင်မှုက Bill Board နဲ့ LED မီးလုံးတွေနဲ့
အော်သံတွေ၊ ဟောင်းလောင်းပေါက်တွေ၊ ယောင်ကိုင်းနေတဲ့ မြေဆီလွှာတွေ
ခြောက်ခြားဖွယ် Classical တီးလုံးသံ၊
မျက်နှာဖုံးစွပ်ပြီး နမ်းကြတဲ့အခါ အမှန်တကယ်မထိတွေ့နိုင်တဲ့
နှုတ်ခမ်းနှစ်ခုရဲ့ ကွာဟခြင်းအတုအယောင်မှာ လူတွေဟာ အရသာရှိစွာ၊
လူငယ်တစ်ယောက်ဟာ မြင်ရတဲ့တစ်နေရာမှာ ဘာကိုစောင့်မျှော်နေပါသလဲ တဲ့
ပုခုံးကိုပုတ်ပြီးမေးလာရင် " ချစ်ခြင်းမေတ္တာ "
အလွတ်ကျက်ထားမလား မင်းနာမည် X
လူငယ်တစ်ယောက်ဟာ ကျွန်တော်
ကျွန်တော်ဟာ မသိကိန်းတစ်ခု၊ ဥပမာ - X ပေါ့ ။
လူအဖြစ်ဟာ အထီးကျန်ခြင်း/ကိုယ်တိုင်ပျောက်
ဆုံးနေခြင်း/နေ့ရက်များစွာ
တွေဝေခြင်းမြူခိုးများအကြားရော
က်ရှိနေရခြင်း
အဲဒီလို X အနေနဲ့တွေ့ရှိရတယ်
The Mist ဆိုတဲ့ ရုပ်ရှင်ကားကြည့်တုန်းက
ခရိုမိုဇုန်းထဲအထိ ဖြတ်ပြေးသွားတဲ့ ကြောက်ခြင်းတရားရဲ့ အသံ !
အသံ !
တချို့စကားလုံးတွေမှာ ကိုယ့်ကိုယ်ကိုယ် အသံဖြစ်စေနိုင်တဲ့ အစွမ်းရှိတယ်
မမ ရေ !!!
( ဘာမှမကြားရပါ )
မမနဲ့ ဝေးကွာခြင်းအပိုင်းအစများ၊ အက်တမ်များ၊ နယူးကလိယက်စ်များ
မမများ၊ လိင်စိတ်ကင်းမဲ့ခြင်းများ၊ စိတ်ကူးယဉ်များ၊
နောက်ဆုံးတော့ အားလုံးဟာ Being And Nothingness ။
ချစ်ခြင်းမေတ္တာဟာ Gaseous အဆင့်ကို ရွေ့လျားလာနေပါပြီ၊ သူ့အမည်ဟာ
Ph 7၊ O 2 ၊ H 2 O ... ဒါမှမဟုတ် ကျွန်တော့်လိုပဲ မသိကိန်းတစ်ခု - X
X ကြောင့် ကျွန်တော်ဟာ လူကုန်ကူးတာမကြိုက်ဘူး
ကျပ်မပြည့်တဲ့ ရူးကြောင်ကြောင်ညီမလေးကို လက်ဆွဲပြီး
သူရဲကောင်း X ဟာ အမှောင်လူသားတွေရှေ့မှာ ခုနှစ်စင်ကြယ်လို လင်းလက်လို့
X ဟာ ချစ်ခြင်းမေတ္တာ(သို့မဟုတ်) မသိကိန်းတစ်ခု
X ဟာ မြင်ရနိုင်တဲ့ကြယ် / မမြင်ရနိုင်တဲ့ အခိုးအငွေ့
အသက်ဓာတ်မရှိတဲ့ ဓာတ်ပုံတစ်ပုံထဲက မိန်းမတစ်ယောက်ရဲ့ ပါးပြင်နေရာကို
အသက်ရှိတဲ့ လူတစ်ယောက်က နမ်းရှိုက်လိုက်ခြင်းကို ကမ္ဘာကြီးက
အချစ်လို့ သတ်မှတ်ပေးပါ့မလား
အချစ်ဆိုတာ ဘာလဲ
ခင်ဗျားချစ်သူရဲ့ လက်သန်းလေးတစ်ချောင်းပြတ်သွား
ရင်
ခင်ဗျား လက်သန်းလိုက်ဖြတ်မလား၊
X ဟာ ခုတော့ ရိုဘော့ လုံးလုံး ဖြစ်ရပြီပေါ့
ရိုဘော့ တစ်ကောင်/တစ်ယောက်/တစ်ခု ရဲ့
တုံ့ပြန်မှု စနစ် လို " ထမင်းစားပြီးပြီလား " မေးခွန်းနံပါတ် - ၉၁၇၂
ညာဘက်ခြေထောက်ကို .... Newton အားနဲ့ ဘယ်ဘက်ခြေထောက်ကို ..... Newton အားနဲ့
လမ်းလျှောက်မှု လေ့ကျင့်ခန်း၊
မိန်းမတစ်ယောက်ဆီက အချစ်ကိုမရရင် ဘာယူမလဲ
SEX လား Fornucation Under Control of the King ကိုယူမလား
အားလုံးဟာ Program ခန်းမတစ်ခုထဲက
လူလွန်မသားတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေကြရတာ သေချာတယ်၊
ရိုဘော့ X ဟာ နေ့မနား၊ ညမနား ကိုယ့်ဖြစ်တည်မှုကိုယ် ပြန်စဉ်းစားတယ်
မြို့ပြထဲမှာ ကဗျာရေးတယ်၊ Email တည်ဆောက်ထားတယ်
Face book မှာ လှုပ်ရှားမှုတွေ လုပ်တယ်၊ ကဗျာတွေ ရေးတယ်
ရိုဘော့ X ခွမ်းခနဲအသဲကွဲတယ်
နောက်တော့ ရိုဘော့ X အားလုံးကိုအယုံအကြည်မရှိတော့ဘူး
Nihilist တစ်ယောက်ဖြစ်လာတယ်/ ဖြစ်ချင်လာတယ်
" မြို့ဟာ ချော်ရည်ပူတွေနဲ့ အက်ကွဲကြောင်းတွေနဲ့....." စတဲ့
ကဗျာတွေရေးပြီး ထွက်ပြေးတော့တယ်၊
ရိုဘော့ X မြို့ထဲမှာပျောက်ဆုံးနေတယ်
သူတည်ရှိနေရာနေရာကို GPS System နဲ့လည်း ရှာလို့မရပါဘူး
သူ့ဆီကို Message ပို့ပေးပါ၊ အာဟာရမျှဝေစားသုံးပါ၊ ချစ်ခင်ပေးပါ
ရိုဘော့ X ရဲ့ Expire Date က 6.6.2011
This is not Training .
ဒါအစမ်းလေ့ကျင့်နေတာ မဟုတ်ပါဘူး ။
ဒီနေ့မှာ နေရောင်ခြည်ဆိုက်ရောက်မှုအားကောင်းပါတယ် ( Robot - X ) ။
မောနွေ
New Style Magazine , 2011 December
စက်ရုပ်လက်ရေးကဗျာကို အပေါ်ယံဖတ်ရင်
ခေတ်ပေါ်ကဗျာ အရိပ်အငွေ့မကင်းတဲ့၊ အကြောင်းအရာတစ်ခုတည်းကို
ဦးတည်ရေးဖွဲ့ထားတဲ့ Semi- Neomodern ကဗျာလို့ ထင်မှတ်မှားနိုင်ပါတယ်။
တကယ်တော့ ဒီကဗျာဟာ ကဗျာဆရာရဲ့ အာရုံတွေ့ကြုံခံစားမှု၊ ကိုယ်ပိုင် အသိအမြင်၊
ပုဂလိက လူသားဖြစ်တည်မှု အာရုံမှောက်မှားထွေပြားနေပုံနဲ့
ကိုယ်ပိုင်အမှတ်အသားပျောက်ဆုံးမှုတွေကို ဖော်ထုတ်တင်ပြထားတဲ့ Expressive
Neomodren ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။ စက်ရုပ်လက်ရေး ကဗျာစာသားတွေထဲမှာ
အသည်းကွဲဝေဒနာ၊ ချစ်ခြင်းမေတ္တာအပေါ် အမြင်သစ်၊ လူမှုဝန်းကျင်အပေါ် အမြင်၊
ပုဂလိက ဖြစ်တည်မှု အနှစ်သာရ ပျောက်ဆုံးခြင်း၊ စိတ်ပိုင်းဆိုင်ရာ
အာရုံမှောက်မှား ပြိုကွဲနေခြင်း စတဲ့ အကြောင်းအရာတွေနဲ့ အာရုံခံစားမှုတွေ
ရောနှော ပါဝင်နေပါတယ်။
စက်ရုပ်လက်ရေးကဗျာကို နီယိုမော်ဒန်ကဗျာတွေမှာ
တွေ့ရလေ့ ရှိတဲ့ Fragments ( ပိုင်းစစိတ်မြွှာနေသော စာသားများ ) နဲ့ Fibrous
Lines ( ချည်မျှင်ဆန်သော လိုင်းများ ) အပြင် ပင်မရေစီးခေတ်ပေါ်ကဗျာရေးဟန်
တချို့လည်း ပေါင်းစပ်ရေးဖွဲ့ထားပါတယ်။ ခေတ်ပေါ်ကဗျာတုန်းကလို ၀င်္က၀ုတ္တိ
သွယ်ဝိုက်ဖွဲ့ဆိုတဲ့ သဘော၊ အကွက်သဘောနဲ့ နိမိတ်ပုံ သင်္ကေတ အလွန်အကျွံ
သုံးစွဲခြင်းတွေ အရိပ်အယောင် မမြင်ရတော့ပေမဲ့ တင်စားဖွဲ့နွဲ့တဲ့
ကဗျာဘာသာစကား သုံးစွဲမှု အနည်းငယ် ပါဝင်နေတာတော့ တွေ့ရပါတယ်။ ဥပမာ- စိတ္တဇ
ပျံ့နှံ့ တိုက်ခတ်၊ တွေဝေခြင်း မြူခိုး၊ ယောင်ကိုင်းနေတဲ့ မြေဆီလွှာတွေ၊
အမှောင်လူသားတွေ ရှေ့မှာ ခုနစ်စဉ် ကြယ်စင်လို လင်းလက်လို့၊ အောင်မြင်မှုက
Billboard နဲ့ LED မီးလုံးတွေနဲ့ စတဲ့ အသုံးအနှုန်းတွေဟာ ကဗျာဘာသာစကား
အဖွဲ့အနွဲ့တွေပဲ ဖြစ်ပါတယ်။
Fragments သုံးစွဲမှု အနေနဲ့ " အော်သံတွေ၊
ဟောင်းလောင်းပေါက်တွေ၊ အက်တမ်များ၊ ဝေးကွာခြင်း အပိုင်းအစများ၊
နယူးကလီးယာ့စ်များ၊ မမများ၊ လိင်စိတ် ကင်းမဲ့ခြင်းများ၊ စိတ်ကူးယဉ်များ "
စတဲ့ စာသား အပိုင်းအစတွေကို တွေ့ရပါတယ်။ Fibrous Lines တွေ အနေနဲ့ကတော့
အဓိပ္ပာယ် တစ်ဝက်တစ်ပျက်မှာ ရပ်တန့်ထားတဲ့ " အောင်မြင်မှုက Billboard နဲ့
LED မီးလုံးတွေနဲ့" လို စာသားမျိုးက အစ၊ အနက်အဓိပ္ပာယ် ပြီးပြည့်စုံတဲ့
အသွင်ဆောင်တဲ့ " ရိုဘော့တ် X ခွမ်းခနဲ အသည်းကွဲတယ်၊ ရိုဘော့တ် X ဟာ နေ့မနား
ညမနား ကိုယ့် ဖြစ်တည်မှု ကိုယ် ပြန်စဉ်းစားတယ် " စတဲ့ ၀ါကျတွေမှာ
တွေ့ရပါတယ်။
စက်ရုပ်လက်ရေး ကဗျာထဲက လူငယ် ( သို့မဟုတ်)
ကဗျာဆရာဟာ အသည်းကွဲနေတယ်။ ချစ်ခြင်းမေတ္တာနဲ့ ဆိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ
တန်ဖိုးတွေ အသွင်ပြောင်း/ ပြိုကွဲပုံပျက်နေတဲ့ အခြေအနေကို မျက်မှောက်ပြု
ကြုံတွေ့နေရတယ်။ အဲဒီ အာရုံတွေ့ကြုံခံစားမှုတွေကို သူ ဘယ်လိုစာသားတွေနဲ့
ပုံဖော်ပြထားသလဲ။
" ချစ်ခြင်းမေတ္တာဟာ Gaseous အဆင့်ကို ရွေ့လျား လာနေပါပြီ
သူ့နာမည်ဟာ PH7, O2m H2O ဒါမှ မဟုတ် ကျွန်တော့်လိုပဲ မသိကိန်းတစ်ခု X "
လူသားသမိုင်း အစဉ်အဆက် တန်ဖိုးထား
ကိုးကွယ်ယုံကြည်ခဲ့ကြတဲ့ ချစ်ခြင်းမေတ္တာ ဆိုတဲ့ အရာဟာ
ရုပ်ဝတ္ထုပစ္စည်းအသစ်အဆန်းတွေနဲ့ နည်းပညာ တိုးတက်ပေါက်ကွဲမှုကြောင့်
လူသားတွေရဲ့ သဘောထားအသိအမြင်တွေ ပြောင်းလဲလာတာနဲ့ အမျှ စိတ်ပိုင်းဆိုင်ရာ
တန်ဖိုးအဖြစ်ကနေ ရုပ်ဒြပ်ပစ္စည်းအဆင့်/ ဓာတ်ငွေ့အခြေအနေ ဒါမှမဟုတ် ဘာမှန်း
သေချာရေရာ မသိရတဲ့ အခြေအနေဆီ လျှောကျ အသွင်ပြောင်းလဲနေပြီလို့ ကဗျာဆရာက
ပြောနေပါတယ်။ ကျွန်တော်တို့ အသက်ရှင် ဖြတ်သန်းနေရတဲ့ ခေတ်ပြိုင် လူမှု
အဖွဲ့အစည်းထဲမှာ ချစ်ခြင်းမေတ္တာဟာ အမှိုက်၊ ချစ်ခြင်းမေတ္တာဟာ
လိင်လိုအင်ဆန္ဒရဲ့ ချစ်စနိုး နာမည်ပြောင်လို့ တချို့လူငယ်တွေ ( အမှန်က
ကျွန်တော် ကိုယ်တိုင် ) က ပြောင်းလဲယူဆလာကြပြီး တချို့ကလည်း အချစ်ဆိုတာ
စိတ်ရောဂါတစ်မျိုးပဲ လို့ အမြင်ပြောင်းလဲ ယူဆလာကြပါတယ်။
အဲဒီလို ခေတ်ကြီးထဲမှာ ကဗျာဆရာ မောနွေက "
မိန်းမတစ်ယောက်ဆီက အချစ်ကို မရရင် ဘာယူမလဲ Sex လား " လို့
မေးခွန်းထုတ်ထားပါတယ်။
ချစ်ခြင်းမေတ္တာအပေါ် စိတ်ပိုင်းဆိုင်ရာ
တန်ဖိုးထားမှုတွေ ပုံပျက်ပြိုကွဲနေတဲ့ ခေတ်အခြေအနေထဲမှာ ကဗျာဆရာက " သူ့ဆီကို
Message ပို့ပေးပါ၊ အာဟာရ မျှဝေ စားသုံးပါ၊ ချစ်ခင်ပေးပါ၊ ရိုဘော့တ် X ရဲ့
Expire Date က 6.6.2011 " လို့ ချစ်ခြင်းမေတ္တာကို
အော်ဟစ်တောင်းဆိုနေပါတယ်။ ခရိုမိုဇုန်းတွေထဲအထိ ဖြတ်ပြေးသွားတဲ့ အက်ဒွပ်
မန့်ခ်ျရဲ့ အော်သံလို အဲဒီ အသံဟာ ခင်ဗျားတို့ရဲ့ စိတ်နှလုံးသားနဲ့
အသိအမြင်ထဲကို နည်းနည်းလေးမှ အဖျားခတ် ၀င်ရောက်မလာဘူးလား။ ဒါဆိုရင်တော့
ခင်ဗျားရဲ့ စိတ်နှလုံးသားဟာ ဘယ်လို ကိုယ်ချင်းစာတရားမျိုးနဲ့
လူသားချင်းစာနာထောက်ထားမှုကိုမှ မသိမမြင်နိုင်တဲ့ မှောင်မိုက်နေတဲ့
နှလုံးသားပဲ ဖြစ်လိမ့်မယ်။
ကဗျာဆရာကတော့ တကယ်လို့ ချစ်ခြင်းမေတ္တာကိုသာ
သတ်မှတ်ထားတဲ့ နေ့ရက် အချိန်မီ မရခဲ့ဘူးဆိုရင် ကဗျာဆရာ ( ဒါမှမဟုတ် )
ရိုဘော့တ် X ဟာ သေဆုံးကွယ်လွန်သွားရတော့မယ်လို့ သူ့စိတ်ထဲမှာ
ထင်ယောင်ထင်မှား ဖြစ်လာနေပါတယ်။
စက်ရုပ်လက်ရေး ကဗျာထဲမှာ လူ့ အဖွဲ့အစည်း /
လူ့လောကနဲ့ ဆိုင်တဲ့ အမြင်ကို ၀ါကျရှည်တစ်ကြောင်းတည်းနဲ့ နာနာကြည်းကြည်း ၊
ပက်ပက်စက်စက် ဝေဖန်သုံးသပ်ထားတာကိုလည်း တွေ့ရပါတယ်။
" အားလုံးဟာ Program ခန်းမ တစ်ခုထဲက
လူလွန်မသားတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေကြရတာ သေချာတယ် "
ကဗျာစာသားထဲက လူလွန်မသား ဆိုတာ ကမ္ဘာလောကို
ဖန်တီးသူ တန်ခိုးရှင်၊ စူပါမန်း၊ အာဏာရှင် တစ်ဦးဦး/ အစိုးရ
အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက် စ သဖြင့် ကဗျာဖတ်သူစိတ်ထဲ ဘာမဆို
ဖြစ်နေနိုင်ခြေ ရှိအောင် အနက်ထွေပြားေ၀၀ါးတဲ့ သဘော ( Ambiguity ) ဆောင်နေတာ
တွေ့ရပါတယ်။ ကဗျာဖတ်သူအနေနဲ့ လူလွန်မသား စကားလုံးရဲ့ အနက်ကို ဘယ်လိုပဲ
ပုံဖော်ကောက်ယူသည် ဖြစ်စေ၊ ကမ္ဘာလောက/ လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ
တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ရာရဲ့ ထိန်းချုပ်မှုကို ခံနေရတယ် ဆိုတဲ့
အမြင်ကို သတိပြုမိကြဖို့ပဲ အရေးကြီးပါတယ်။
စက်ရုပ်လက်ရေးကဗျာမှာ ချစ်ခြင်းမေတ္တာနဲ့
ကဗျာဇာတ်ကောင် ကျွန်တော်ကို မသိကိန်း X နဲ့ ထပ်တူ ကိုယ်စားပြု
ဖော်ပြထားသလို လု့အဖြစ်ကိုလည်း မသိကိန်း X နဲ့ပဲ ထပ်တူပြု အဓိပ္ပာယ်
ဖွင့်ဆိုထားတာ တွေ့ရပါတယ်။
" လူ့အဖြစ်ဟာ အထီးကျန်ခြင်း/ ကိုယ်တိုင်ပျောက်ဆုံးနေခြင်း /
နေ့ရက်များစွာ တွေဝေခြင်း မြူခိုးများ အကြား ရောက်ရှိနေရခြင်း
အဲဒီလို X အနေနဲ့ တွေ့ရှိရတယ် "
ဝိုးးးးးးးးးးးးးးးး ဒါဆိုရင် ခင်ဗျားတို့
တန်ဖိုးထား စွဲလမ်း ဆုပ်ကိုင်ထားတဲ့ ချစ်ခြင်းမေတ္တာ၊ အာရုံမှားမှုအပေါ်
အခြေခံထားတဲ့ အီဂို အတ္တ၊ အသိဥာဏ် မြင့်မား လှပါတယ် ဆိုတဲ့
လူသားဘ၀ဖြစ်တည်မှု အရာအားလုံးဟာ ဘာမှ မသေချာ မရေရာတဲ့ သဘော ( Uncertainty )
နဲ့ အဓိပ္ပာယ် အနှစ်သာရ မရှိတဲ့ ( Meaningless ) သဘောတွေပဲလို့
ကဗျာစာသားတွေက ပြောနေတာပေါ့။
ကဗျာဆရာက ပြောနေတယ်။
" နောက်ဆုံးတော့ အားလုံးဟာ Being and Nothingness " တဲ့။
စက်ရုပ်လက်ရေးကဗျာမှာ အထင်ရှား အမြင်သာဆုံး
အကြောင်းအရာက " ပုဂလိက လူသားဘ၀ ဖြစ်တည်မှု အစစ်အမှန်နဲ့
ကိုယ်ပိုင်အမှတ်အသားပျောက်ဆုံးနေမှုကို Robot- X အသွင်နဲ့ ရောထွေးဖော်ထုတ်
တင်ပြနေခြင်းပဲ ဖြစ်ပါတယ်။ ကဗျာထဲက ဇာတ်ကောင် Robot-X ဟာ ကဗျာဆရာ အစစ်
ကိုယ်တိုင်လား၊ ဒါမှ မဟုတ် အာရုံထင်ယောင်ထင်မှား ဖြစ်နေတဲ့ ၊
စိတ်ကူးအိပ်မက်ဆန်တဲ့ ဖြစ်တည်မှု အတုအယောင်လား။ Robot- X ဟာ နေ့မနား ညမနား
သူ့ ဖြစ်တည်မှု သူ ပြန်စဉ်းစားနေတယ်။ Robot- X ဟာ မြို့ပြထဲမှာ ကဗျာရေးတယ်။
Email တည်ဆောက်ထားတယ်။ Robot- X ဟာ အဲဒီလို ကဗျာတွေ ရေးပြီး
လူမှုဝန်းကျင်နဲ့ လူ့ အဖွဲ့အစည်းရဲ့ ဝေးရာကို ထွက်ပြေးနေတော့တယ်။
" ရိုဘော့တ် X မြို့ထဲမှာ ပျောက်ဆုံးနေတယ်
သူ တည်ရှိရာ နေရာကို GPS System နဲYလည်း ရှာလို့ မရပါဘူး "
စက်ရုပ်လက်ရေးကဗျာထဲမှာ Robot- X ဟာ
သူ့ကိုယ်သူလည်း ပျောက်ဆုံး၊ တခြားလူတွေကလည်း သူ ပုဂလိက ဖြစ်တည်ရှိနေတဲ့
နေရာအတအကျကို ကို နောက်ဆုံးပေါ် နည်းပညာ GPS System နဲပလည်း ခြေရာခံ စုံစမ်း
ရှာဖွေလို့ မရ။ အဲဒီလို ပုဂလိက ဖြစ်တည်မှု ပျောက်ဆုံးနေသလို ခံစားနေရတဲ့
လူသားတစ်ယောက်ရဲ့ အတွင်းစိတ်ခံစားမှုတွေကို စက်ရုပ်လက်ရေးကဗျာထဲမှာ
တွေ့ရပါတယ်။ ဒါ့အပြင် Robot- X ကို ကဗျာဇာတ်ကောင်အဖြစ်
ဖော်ထုတ်တင်ပြထားခြင်းဟာ ဒီနေ့ ခေတ်ပြိုင် လူ့အဖွဲ့အစည်းထဲက လူသားဆန်မှုနဲ့
စက်ရုပ်ဆန်မှု ရောထွေးနေတဲ့ ခေတ်သစ်လူသားတွေရဲ့ စရိုက်သဘာဝနဲ့
သွင်ပြင်လက္ခဏာတွေကို ရည်ညွှန်းသလို ဖြစ်နေတယ်လို့ မြင်မိပါတယ်။
# မောနွေရဲ့ Conceptual Neomodern ကဗျာတစ်ပုဒ်
အခု ကွန်ဆက်ခြူရယ် ဆန်တဲ့ အရေးအသားတွေနဲ့
နီယိုမော်ဒန်ဆန်တဲ့ အရေးအသားတွေ ကို ပေါင်းစပ်ရောနှောရေးသားထားတဲ့
မောနွေရဲ့ Conceptual Neomodern ကဗျာတစ်ပုဒ်ကို ဖတ်ရှုလေ့လာ ကြည့်စေချင်ပါတယ်။
သရဲတစ်ကောင်သာ ခိုးနားမထောင်ခဲ့ဘူးဆိုရင်။ မနေ့ညနေက ငါပြောခဲ့တာတွေ မင်းမှတ်မိမှာမဟုတ်ဘူး၊ အန်းဂရီးဘဒ်လေးတစ်ကောင်ဖမ်းမိတယ်
အာတိတ်သမုဒ္ဒရာရဲ့ အေးစက်မှုနဲ့ ပူနွေးတဲ့လူသားဖြစ်မှုမှာ ဝေါဒစ်စနေးအိပ်မက်တွေကို
လှေကားထစ်စိုက်ပျိုးနည်းစနစ်နဲ့ ပုံရိပ်ဒေါကျူမင်ထရီတို့ ဝတ်မှုန်ကူးကြ သစ္စာဟာ Pop-Art အသွင်
ဖြစ်တည်မှုနဲ့ အနည်ထိုင် အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်းများတဲ့ အဖျော်ယမကာလောကညနေမှာ
မနေ့ကငါပြောခဲ့တာတွေ မှတ်မိသေးလား ငါဘာတွေပြောခဲ့လဲ မင်းမမှတ်မိတော့တာ ကောင်းတယ်
နားစည်ရဲ့ အဓိပါယ်ဟာ အာဘွားတဲ့ ဘယ်သူမှမသိဘူးဆိုတဲ့အရာ နိုင်ငံတော်ဘတ်ဂျက်ကိုတောင်
အတိအလင်း ဖွင့်ဟကြေညာနေပြီ ပညာရေးနဲ့ကျန်းမာရေးကဏ္ဍမှာ ဘယ်နိုင်ငံကမှ ဘတ်ဂျက်ထဲက
၃၀ ရာခိုင်နှုန်းမသုံးဘူး မနေ့ညနေကအကုန်လုံးသုံးပစ်လိုက်တဲ့ ပိုက်ဆံတွေ မင်းမမှတ်မိတော့ဘူး
၂၀၂၀ ရောက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ရေအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းဟာ ပျောက်ကွယ်သွားတော့မယ်
မနေ့ကညနေက ငါပြောခဲ့တာတွေ မှတ်ဥာဏ်ထဲကွယ်ပျောက်သွားတာ အမြှုပ်တစီစီ မဟုတ်လား
ဘဝမျှော်လင့်ချက်ကိုအတိတ်မေ့သွားတဲ့အမေက ညတွေညတွေမှာ အိပ်ပျော်အောင်အိပ်စေချင် မျှော်လင့်ချက်နဲ့
ဘဝဟာ တစ်ဦးနဲ့တစ်ဦး မမေ့နိုင်ရာသက်ပန် ဖြစ်စေချင်လို့ မနက်မှာ နှိုးဖြစ်အောင်နှိုးပေးဖို့ အမေ့ကို
အလုပ်မှာ ၁၅ မိနစ်နောက်ကျရင် ၁၀၀၀ ဖြတ်ခံရတယ် မင်းပိုက်ဆံအိတ်ထဲက ဓာတ်ပုံဆိုက်ဇ်ကို
ငါကြီးကြီးလုပ်ပေးခဲ့သင့်တယ် ငါတွေးတာမင်းမှတ်မိမှာမဟုတ်လောက်ဘူး ပိုက်ဆံအိတ်အတွင်းအိတ်အပေါ်ဆုံးက
ပိုက်ဆံရဲ့ထိပ်ဆုံးက ဂဏန်းကိုငါအလွတ်ကျက်ကျက်ထားတတ်တယ် မင်းမှတ်မိလား
အဓိကက မင်းဘာမှ မနေ့ညနေက ပြန်မမှတ်မိဖို့ပဲ ငါ့မျှော်လင့်ချက်က ခုတလော
ဖတ်ဖြစ်လိုက်တဲ့ Rachel Zolf ရဲ့ ကဗျာတစ်ပုဒ်အဖွင့်ပိုဒ်မှာ ဥပုသ်နဲ့ဂျီဟဒ်အကြောင်းပါတယ်
အဲဒါကို ညနေက ငါပြောပြခဲ့တာကို မင်းမမှတ်မိဖို့ပဲ ဘတ်နာ့ဒက်မေယာတောင် အသက်ကြီးလာတော့မေ့သေးတာပဲ
၂၀၁၁ စက်တင်ဘာက ကဗျာဆရာငြိဏ်းဝေရဲ့ ထုတ်ဝေမှု ခေတ်ပြိုင်အနုပညာဟာ ပြိုင်ဖို့မဟုတ်
ပြိုင်တာဟာ I ကိုတည်ဆောက်တာ မော်ဒန်တွေရဲ့ လုပ်ရိုးလုပ်စဉ် ခေတ်ပြိုင်က I ကို ဒီကွန်စထရပ်
လုပ်တာ ဒီကွန်စထရပ်ဆိုကတည်းက အစကတည်းကမလုပ်ခဲ့ရင်အကောင်းသားလို့ အတွေးအခေါ်မှာ
Suggestion မပေးလိုက်နဲ့ ငါငါငါဒီကွန်စထရပ်လုပ်ခဲ့တာတွေ မင်းမမှတ်မိတာကောင်းမယ်
မှတ်မိသလောက် ဒီဘက်ခေတ်မှာ မြန်မာခေတ်ပြိုင်ကဗျာဆရာမ ရှားပါးလာမှုအပေါ် ဘယ်လိုသဘောရလဲ
ကိုရီးယားလူမျိုး အမဲရစ်ကန်ကဗျာဆရာမ မြောင်မီကင်ရဲ့ Under Flag ကဗျာ
ကျွန်ုပ်တို့ဟာ ကိုယ်တိုင်မသိ၊ မမြင်ရတဲ့ တည်ဆောက်ခံတံတားတွေပေါ် ဖြတ်သန်းနေကြရတုန်း
ငါတို့ကို ဘူတာကြီးကုန်းကျော်တံတားပေါ်မှာ ကောင်လေးတစ်ယောက် သင်္ဃန်းကျွန်းပြန်ဖို့
လမ်းစရိတ်မရှိတော့လို့ ပိုက်ဆံတောင်းမလိုလုပ်တာ လွှတ်တော်မှာ ပြည်သူတွေဝင်ငွေတိုးလာဖို့အတွက်
လွှတ်တော်ကိုယ်စားလှယ်တွေကို ဘယ်လိုမေးခွန်းတွေ မေးစေချင်လဲ ငါဘာမေးရင်ကောင်းမလဲ
မင်းကိုမနေ့ကပြောတဲ့အထဲမှာ မင်းမမှတ်မိတော့တာလား ဘာလား တစ်ခါတလေမှာ ဘယ်သူမှမသိတဲ့
စိတ်ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အပ်ကြောင်းထပ်နေတဲ့ မေးခွန်းနဲ့ တစ်ယောက်တည်း ထရော်မာကမ္မဌာန်း
အရသာခံရတာကို ငါကြိုက်တယ် မကြိုက်ဘူးဆိုတာ ကွန်ဆက်မဲ့ဇုန်ထဲရောက်ရောက်သွားလို့ စကြဝဠာရဲ့ password
လည်းငါဖွင့်မကြည့်ရဲဘူး ငါ့ကိုမမေးနဲ့ ကဗျာစာအုပ်နဲ့ Tripod ကဗျာအမှာစကား
မကြားချင်မှ မပြောချင် ငါပြောချင်မှ ပြောခဲ့တာတွေ မှတ်မှတ်မထားနဲ့
ဆာရီယာယ်သစ်သီးစားပြီး အဆင်ပြေသလိုဆက်ဆံကြပလေ့စေ
မင်းမှတ်ထားတတ်တဲ့အကျင့်မရှိဘူး ဥာဏ်ကိုပေးမတွေ့နဲ့လူအများနဲ့ဆက်ဆံရတာ
ခက်ခဲတယ် ဒီလိုပဲ လမ်းစံပယ်နန်းလယ်ပန်းအလယ် မပေါ်ခိုက်ဟာမို့
ငါပေးတဲ့လက်ဆောင်မှာ ဗဟုမျက်နှာအပြားတွေနဲ့ စက်မှုသစ်သီးထဲမှာ
ထက်ခြမ်းခွဲလိုက်ရင် အိုင်းစတိုင်းရဲ့သီအိုရီလည်း ဘဝဆိုတာ မရှိ/မသိ
မောနွေ
23.2.2012-24.2.2012
ဒီကဗျာထဲက " ငါ " ဟာ ကဗျာဆရာကိုယ်တိုင် ဒါါမှ
မဟုတ် ကဗျာဆရာရဲ့ အဇ္ဈတ္တ ဖြစ်တည်မှု အီဂိုကို ကိုယ်စားပြုထားတဲ့ " နာမ်စား "
တစ်ခုသာ ဖြစ်ပြီး " မင်း" ဆိုတဲ့ နာမ်စားကတော့ Angry Bird လို့ Nick
ပေးထားတဲ့ ကဗျာဆရာရဲ့ ချစ်သူ ကောင်မလေး ဖြစ်ပါတယ်။ ( အဲဒီ ကောင်မလေးရဲ့
ပါးနှစ်ဖက်ကို မျက်နှာရှေ့တည့်တည့်ကနေ လက်နဲ့ဖျစ်ညှစ်လိုက်ရင် Angry Bird
ငှက်ရုပ်လေးနဲ့ ချွတ်စွပ် တူပါတယ်။မယုံ မရှိပါနဲ့။ :P )
ဒီဆောင်းပါးမှာ Angry Bird ကဗျာကို Criticize
နဲ့ Appreciate သီးခြား မလုပ်တော့ဘဲ ကဗျာဖတ်သူတွေ ကိုယ်တိုင်
ခွဲခြမ်းစိတ်ဖြာ လေ့လာခံစားလို့ ရနိုင်အောင်
သဲလွန်စတွေပဲချန်ထားပေးခဲ့ချင်ပါတယ်။ဒီကဗျာစာသားတွေနဲပ ပတ်သက်ပြီး
ခင်ဗျားတို့ကို ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ အလုပ်ပေးချင်တာကတော့-
( ၁ ) ကွန်ဆက်ခြူရယ် ဆန်တဲ့ အရေးအသားတွေနဲ့
နီယိုမော်ဒန် ဆန်တဲ့ အရေးအသားတွေကို သီးခြားဆီ ခွဲထုတ်ပြီး ကဗျာစာသားတွေ
ဖွဲ့စည်းတည်ဆောက်ထားပုံကို အသေးစိတ် ကြည့်ရှုပါ။
( ၂ ) ကွန်ဆက်ခြူရယ် ဆန်တဲ့ အရေးအသားတွေထဲမှာ
နိမိတ်ပုံ သင်္ကေတ အလွန်အကျွံ သုံးစွဲထားတဲ့ ကဗျာဘာသာစကားတွေ
အသုံးပြုထားတာကို သတိပြုပါ။
( ၃ ) နီယိုမော်ဒန်ဆန်တဲ့ အရေးအသားတွေထဲမှာ
ရိုးရှင်းလွယ်ကူတဲ့ အရပ်ပြောဘာသာစကား ( Unequivocal Spoken Language ) တွေ
သုံးစွဲထားတာကို သတိပြုပါ။
( ၄ ) နီယိုမော်ဒန် နောက်ခံ အယူအဆတစ်ခု
ဖြစ်တဲ့ ပုဂလိက အာရုံခံစားမှုနဲ့ ခေတ်ပြိုင် လူမှု အကြောင်းခြင်းရာတွေ
ချိတ်ဆက်ဖော်ပြထားတာကို မြင်အောင်ကြည့်ပါ။
( ၅ ) တွေးခေါ်ဆင်ခြင် သိမှုကို အခြေခံထားတဲ့ ကဗျာဆရာရဲ့ အသိအမြင်တွေ ပါဝင်နေတာကိုလည်း သတိပြုပါ။
( ၆ ) တခြား ပင်မရေစီးခေတ်ပေါ်ကဗျာ၊အယ်လ်ပီ၊
နီယိုမော်ဒန်၊ဖလာ့ဖ်၊ စမ်းသပ်ကဗျာတွေ မှာ သိမြင်ခံစားဖူးတဲ့ ရသအလှနဲ့ ဒီ
ကဗျာစာသားတွေဆီက ရရှိတဲ့ ရသအလှ ဘယ်လို ဘယ်ပုံ ကွဲပြားခြားနားမှု ရှိနေသလဲ၊
Aesthetic- Shift ( ရသအပြောင်းအလဲ ) ဘယ်လို လုပ်ထားသလဲ
ချိန်ထိုးဆုံးဖြတ်ပါ။
( ၇ ) တကယ်လို့ ဒီ ကဗျာစာသားတွေကို
Conceptual Neomodern လို့ အမည်တံဆိပ် မကပ်သင့်ဘူးလို့ ထင်မြင်ယူဆမိရင်
တခြားသင့်တော်မယ်လို့ ထင်ရတဲ့ ကဗျာ အမည်တံဆိပ်သစ် တစ်ခုခုကို ကဗျာဖတ်သူ
ကိုယ်တိုင် သတ်မှတ်ပေးပါ။
လို့ အကြံပေးချင်ပါတယ်။
# နိဂုံး
ကဗျာ အနုပညာ လက်ရာတွေအပေါ် အမည်တံဆပ်တွေ
သတ်မှတ်ခေါ်ဝေါ်တာ မကြိုက်တဲ့ တချို့ ကဗျာဆရာတွေရဲ့ စိတ်နေစိတ်ထားကို
ကျွန်တော် ကိုယ်ချင်းစာ နားလည်ပေးနိုင်ပါတယ်။ ကဗျာတစ်ပုဒ်
ဖန်တီးရေးသားနေတဲ့ အချိန်မှာ အဲဒီလို အမှတ်တံဆိပ်တွေ မလိုအပ်ဘူးဆိုတာလည်း
အမှန်ပါပဲ။ ဒါပေမဲ့ ကဗျာ အနုပညာ လက်ရာတစ်ခုကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ
ချဉ်းကပ် လေ့လာတဲ့ နေရာမှာတော့ အမှတ်တံဆိပ်နဲ့ ကဗျာအမျိုးအစားတွေ
ခွဲခြားလေ့လာတာက ပိုမို ထိရောက်လွယ်ကူစေတယ်လို့ ကျွန်တော့် အတွေ့အကြုံအရ
မြင်မိပါတယ်။
ပြီးတော့ " ကဗျာ " ကိုယ်တိုင်ဟာလည်း အနုပညာ အမျိုးအစား အမှတ်တံဆိပ် တစ်ခုပဲ ဖြစ်ပါတယ်။
တကယ်တော့ ကျွန်တော်တို့
အသက်ရှင်သန်နေထိုင်နေရတဲ့ ကမ္ဘာလောက လူမှုဝန်းကျင်မှာ အမည်တံဆိပ်/ အမှတ်
သင်္ကေတ တွေဟာ ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်အောင်
လွှမ်းမိုးခြယ်လှယ်နေကြပါတယ်။ လူတွေ ၀တ်ဆင်သုံးစွဲနေကြတဲ့
ဖက်ရှင်ပစ္စည်း၊ကော့စ်မက်တစ်ခ် ပစ္စည်းတွေ၊ အကျီင်္၊ဂျင်းန် ဘောင်းဘီ၊နာရီ၊
ဟန်းဖုန်း၊ မော်တော်ကား အရာ အားလုံးမှာ ကိုယ်ပိုင် အမှတ်တံဆိပ်တစ်ခုစီ
ရှိနေကြပါတယ်။ အဲဒီလို ရုပ်ဝတ္ထု ပစ္စည်းတွေမှာသာမက ကျွန်တော်တို့ရဲ့
အတွေးအခေါ်၊အာရုံသိမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ယဉ်ကျေးမှု စတဲ့
စိတ်ပိုင်းဆိုင်ရာတွေမှာလည်း အမှတ်တံဆိပ်/ သင်္ကေတတွေ လွှမ်းမိုးပါဝင်နေတာဟာ
အမှန်တကယ် ရင်ဆိုင် ကြုံတွေ့နေရတဲ့ လူမှု အမှန်တရား တစ်မျိုးပဲ ဖြစ်ပါတယ်။
ဒါနဲ့ စကားမစပ်။
ခင်ဗျားအသိဥာဏ်ရဲ့ အမှတ်တံဆိပ် အမျိုးအစားက ဘာလဲ။
စာအုပ်စာပေတွေ ဖတ်မှတ် လေ့လာရာက ရရှိလာတဲ့ အသိဥာဏ်မျိုးလား။
ကိုယ်တိုင် တွေးခေါ်ဆင်ခြင်မှုကနေ ရရှိလာတဲ့ အသိဥာဏ်မျိုးလား။
ဒါမှမဟုတ် ဘာသာစကားလွန်၊ ဆင်ခြင်မှုလွန် အာရုံထိုးထွင်း သိမြင်မှုကနေ တစ်ဆင့် ရရှိလာတဲ့ အသိဥာဏ် အမျိုးအစားလား။
# အော င် ရ င် ငြိ မ်း
27th December,2012
No comments:
Post a Comment