Tuesday, August 27, 2013

လူငယ်ကဗျာဆရာ ကိုသျှား၊ လင်းလက်တာရာ၊ ကျော်ဦး(လှိုင်) တို့နဲ့ အွန်လိုင်းလူငယ်ကဗျာစကားဝိုင်း

၁။ အောင်ချိမ့်အစ မိုဃ်းဇော် အဆုံး ပင်မရေစီး ခေတ်ပေါ်ကဗျာခေတ်တုန်းက အနုပညာသြဇာနဲ့ ၀ါသမ္ဘာ တည်ဆောက်နိုင်ခဲ့ကြတဲ့ ၀ါရင့်ကဗျာဆရာ အများစု အနေနဲ့ ခေတ်နဲ့အညီ ကဗျာရေးဟန်အသစ်တွေ
ဆက် မဖန်တီးနိုင်တော့ဘဲ
ခေတ်ပေါ်ကဗျာအဟောင်းထဲမှာပဲ ရပ်တန့်ကျန်နေခဲ့ကြပြီလို့ ကိုယ် ထင်တယ်။ အာရုံခံစားပုံ လတ်ဆတ်ပြီး လူငယ်ဆန်တဲ့ နေမျိုး၊ ပိုင်၊ မောင်ဆေးရိုး၊ မင်းဆွေနှစ်၊ နိုင်မွန်အောင်သွင်၊ ခရမ်းပြာထက်လူ၊
ခိုင်မြဲကျော်စွာ၊ မောင်ဖီလာ၊ ကိုရွေး သူတို့ကတော့ ခြွင်းချက်ပေါ့လေ။ ကဲ ညီလေးတို့ အမြင်ကို ပြောပါဦး။

ကိုသျှား - ပင်မရေစီး ခေတ်ပေါ်ကဗျာခေတ်တုန်းက အနုပညာသြဇာနဲ့ ၀ါသမ္ဘာ တည်ဆောက်နိုင်ခဲ့ကြတဲ့ ၀ါရင့်ကဗျာဆရာ အများစု အနေနဲ့ ခေတ်နဲ့အညီ ကဗျာရေးဟန်အသစ်တွေ ဆက်မဖန်တီးနိုင်တော့ဘဲခေတ်ပေါ်ကဗျာ
အဟောင်းထဲမှာပဲ ရပ်တန့်ကျန်နေခဲ့ကြပြီလို့ ယတိပြတ်ပြောနိုင်သူတွေ ရှိသလို တမင်သက်သက် ချန်နေရစ်ခဲ့ကြတဲ့ကဗျာဆရာ
တွေလည်း အသေအချာ ရှိမယ်လို့ ထင်ပါတယ်။အဲဒါကလည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တာပေါ့။ကမ္ဘာကြီးဟာ ပြောင်း
လဲနေတယ်။ခေတ်တွေစနစ်တွေဟာ ပြောင်းလဲနေတယ်။အရာရာဟာ ပြောင်းလဲနေတယ်။အဲဒီတော့ ယဉ်ကျေးမှုနဲ့အနုပညာဟာလည်း ရွေ့ရတယ်။အပြောင်းအလဲနောက် မလိုက်နိုင်တဲ့ မလိုက်ချင်တော့တဲ့ အစွဲအလန်းကြီးတဲ့ကဗျာဆရာတွေ ကျန်ရစ်တာပဲ။လူငယ်တွေလည်း အဲဒီလို မလုပ်နိုင်ရင် တက်ကို လာမှာ မဟုတ်ဘူး။ချန်ရစ်တာခံရမယ်။ဒါပေမယ့် မဆုတ်မနစ် လုပ်လာတဲ့ လုပ်နေတဲ့ ကဗျာဆရာတွေဟာ ဘယ်တော့မှ ရပ်တန့်ကျန်နေရစ်ခဲ့မှာ မဟုတ်ပါဘူး။

လင်းလက်တာရာ - ပင်မရေစီးခေတ်ပေါ်ဆရာတွေဟာ ကျွန်တော်လေးစားအားကျခဲ့ရတဲ့ ဆရာသမားတွေပါပဲဗျာ။ သူတို့ ကဗျာတွေနဲ့ ကြီးပြင်းခဲ့ရတာပါ။ ရပ်တန့် ကျန်ခဲ့တယ် ဆိုတာထက် ခရီးတစ်ခု ကို ခရီးပေါက်အောင် ချီတက်ခဲ့ကြတာပါ။ မှတ်တိုင်တွေ စိုက်ထူခဲ့ကြတာပါ။ အဲ့ဒီ မှတ်တိုင်နဲ့ မတင်းတိမ်နိုင်တဲ့ အနုပညာလောဘကြီးသူတွေကတော့ ကိုယ့်အနုပညာကို ချွန်မြအောင် သ,ရင်း သ,ရင်း ရွေ့ နေတဲ့ ခေတ်ကြီးနဲ့ အတူ လိုက်ပါရွေ့ လျားရင်း ရှိရင်းစွဲ မှတ်တိုင်ကနေ နောက်မှတ်တိုင်ဆီ နောက်ခြေလှမ်းတွေ ခရီးဆက်နေကြတယ်လို့ မြင်ပါတယ်။ တချို့ ကလည်း ရှိရင်းစွဲ မှတ်တိုင်မှာ သူ့ တို့ အလုပ် သူတို့ ပီပီသသ လုပ်ဆောင်နေကြဆဲပဲလေ။  ဒါဟာ ပြဿနာ မဟုတ်ပါဘူး။ ကိုယ့်အယူအဆနဲ့ ကိုယ် ၊ ကိုယ့်ခံယူချက်နဲ့ ကိုယ်၊ ကိုယ့်သမိုင်းနဲ့ ကိုယ်ပဲလေ။ ကိုယ်လုပ်ချင်ရာ လုပ်ဖို့ အတွက် လူ့ ဘဝကို ရရှိခဲ့တာပဲ မဟုတ်လား။တစ်ခုပါပဲ။ ကဗျာရေးသူတွေသာ အကြောင်းကြောင်းကြောင့်ကျန်ရစ်၊ ဒါမှမဟုတ် သေဆုံးသွားကြတယ်။ ကဗျာကတော့ ခေတ်နဲ့ အတူ ရွေ့ လျား စီးဆင်နေမှာပဲ။ သမင်လည်ပြန်ကြည့်လိုက်မယ်ဆိုရင် အစဉ်အလာကဗျာ လေးလုံးစပ်တွေကနေ မော်ဒန်၊ မော်ဒန်ကနေ ခေတ်ပေါ်၊ ခေတ်ပေါ်ကနေ အခု ခေတ်ပြိုင်လို့ တွင်တွင်ကျယ်ကျယ် ခေါ်ဝေါ်နေကြတဲ့ ကျယ်ပြန့် နက်ရှိုင်း ရှုပ်ထွေးလှတဲ့ ကွန်တမ်ပိုရာရီ အခင်းအကျင်းထိပေါ့။ လက်မခံချင်လည်း လက်မခံလို့ မရတဲ့ အနေအထားကို ရောက်နေပါပြီ။

ကျော်ဦး(လှိုင်) - ခေတ်ပေါ်ကဗျာရဲ့ရေစီးမှာ ရေးဟန်ပြောင်းလဲလာတဲ့ ကဗျာရဲ့အပြောင်းအလဲတွေကို လက်ခံနားလည်ပေးတဲ့  ဆရာတွေလည်း ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ အွန်လိုင်းကဗျာတွေမှာလူငယ်တွေကို အားပေးထားတဲ့ ကွန်မန့်တွေလည်း တွေ့နေရတာတွေက လူငယ်တွေအတွက်အားတက်စရာပါ အစ်ကို။

၂။ ညီလေးတို့က ၂၀၁၀ အလွန်မှာ ထွက်ပေါ်လာတဲ့ နောက်ဆုံး မျိုးဆက်သစ် လူငယ်ကဗျာဆရာတွေပေါ့။ ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာက ညီလေးတို့ ရဲ့ အနုပညာ ဖန်တီးမှုအပေါ်မှာ မူတည်နေပြီ။ ခေတ်ပြိုင်မြန်မာကဗျာယဉ်ကျေးမှု အသစ်ဟာလည်း ညီလေးတို့ လက်ထဲ ရောက်နေပြီလို့ ကိုယ် ယူဆတယ်။ ဒါပေမဲ့ လူငယ်ကဗျာဆရာတွေနဲ့ လူမှုရေးနဲ့ အနုပညာ ထိတွေ့ဆက်ဆံမှု သိပ်မရှိတဲ့ ၀ါရင့်ကဗျာဆရာတွေက နောက်ဆုံး မျိုးဆက်သစ် လူငယ်တွေ ပေါ်ထွက်နေပြီဆိုတာ သတိမထားမိကြသေးဘူး။ တချို့ ကဗျာဆရာတွေအယ်ဒီတာတွေကျတော့လည်း သတိထားမိပေမဲ့ လူငယ်တွေကို အသိအမှတ်ပြု တန်ဖိုးထား နေရာပေးဖို့ ၀န်လေးတွန့်ဆုတ်နေကြသေးတယ်။ သူတို့ကို ဘာပြောချင်လဲ။

ကိုသျှား - ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာက ကျွန်တော်တို့ ရဲ့ အနုပညာ ဖန်တီးမှုအပေါ်မှာ မူတည်နေပြီး ခေတ်ပြိုင်မြန်မာကဗျာယဉ်ကျေးမှု အသစ်ဟာလည်း ကျွန်တော်တို့ လက်ထဲ အလုံးစုံ ရောက်နေပြီလို့ ကျွန်တော်တော့ မယူဆဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့လေ့လာမှုအား ကဗျာရေးသက်အတွေ့အကြုံအရ
အချိန်အနည်းနဲ့အများတော့ စောင့်ကြည်ရဦးမယ်။လူငယ်ကဗျာဆရာတွေနဲ့ လူမှုရေးနဲ့ အနုပညာ ထိတွေ့ဆက်ဆံမှု သိပ်မရှိတဲ့ ၀ါရင့်ကဗျာဆရာတွေက နောက်ဆုံး မျိုးဆက်သစ် လူငယ်တွေ ပေါ်ထွက်နေပြီဆိုတာ သတိထားမိအောင်ရယ်လို့ ကဗျာအလုပ်ကို
လုပ်နေတာ မဟုတ်ပါဘူး။အဲဒီလိုပဲ သတိမထားမိအောင်လည်း မလုပ်ပါဘူး။အဲဒီလို သတိထားမိခြင်း မထားမိခြင်းဟာ အပေါ်ယံကိစ္စလို့ ထင်ပါတယ်။လူငယ်တွေကို အသိအမှတ်ပြု တန်ဖိုးထား နေရာပေးဖို့ တွန့်ဆုတ်နေတာဟာ သူတို့အခိုင်အမာ
တည်ဆောက်ခဲ့ရတဲ့နေရာ ပျောက်သွားမလားဆိုတဲ့စိုးရိမ်ကြောက်လန့်စိတ်ကြောင့် ဖြစ်နိုင်သလို ကျွန်တော်တို့အနုပညာပေါ်မှာ
စိတ်မချသေးလို့ စောင့်ကြည့်နေတာလည်း ဖြစ်နိုင်ပါတယ်။ကျွန်တော်တစ်ယောက်တည်းအနေနဲ့ အခိုင်အမာ ပြောချင်တာ
ကတော့ ကိုယ့်ကဗျာကိုယ် သေချာနေဖို့ပါပဲ။နေရာဆိုတာ သူများက ပေးတာမဟုတ်ပါဘူး။ကိုယ်တိုင် တည်ဆောက်ယူရတာပါ။
ကျွန်တော်တို့ သေချာရင် ကျွန်တော်တို့ကို ဘယ်သူမှ မငြင်းဘူးလို့ ယုံကြည်ပါတယ်။

လင်းလက်တာရာ - နောက်ဆုံးမျိုးဆက်သစ် ဆိုတာ ခေတ်အဆက်ဆက်မှာ ပေါ်ထွက်ခဲ့တာပဲ။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်သဘာဝတစ်ခုပါ။ အဲဒီ့ မျိုးဆက်သစ်ကပဲ အချိန်ကာလ အချိုးအကွေ့ တစ်ခု အရောက်မှာ မျိုးဆက်ဟောင်းဖြစ်သွားတာပါပဲ။ အဟောင်းနေရာမှာ အသစ်က အော်တိုမစ်တစ် ဝင်လာမှာပဲ။ အဓိကက စစ်မှန်တဲ့ အသစ်ဖြစ်မဖြစ် အရေးကြီးတာပါ။ ဒါဟာ လူငယ်တွေအတွက် ကြီးလေးတဲ့တာဝန်ပဲ။ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးပဲ။ ညံ့လို့ မရပါဘူး။ အချောင်လိုက် ရေသာခိုနေလို့ လည်း မရတော့ပါဘူး။ ကြိုးစားအားထုတ်မှုတွေ နဲ့ ထင်သာမြင်သာ ရှိရပါတော့မယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း မျိုးဆက်သစ်ဖြစ်ရဲ့လား ဆိုတာ သံသယဝင်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း အားရမိတယ်လို့ ကို မရှိသေးဘူး။ ကဗျာကျောင်းသား အဆင့်ပဲ ရှိပါသေးတယ်။ လေ့လာဆဲ ၊ သင်ယူဆဲ၊ ကြိုးစားဆဲပါ။ ကျွန်တော့်အမြင်ရ ခေတ်ပြိုင်မြန်မာကဗျာရဲ့ ဂယက်ဟာ ပရင့်တ်မှာထက် အွန်လိုင်းမှာက ပိုပြီးလှုပ်ခတ်နေပါတယ်။ အွန်လိုင်းသုံးနေတဲ့ ကဗျာဆရာတွေ ကဗျာချစ်သူတွေ ပိုပြီးသတိထားမိမှာပါ။ ဆရာမောင်ပြည့်မင်း၊ ဆရာသစ္စာနီ၊ ဆရာနိုင်မွန်အောင်သွင်၊ ဆရာ ခရမ်းပြာထက်လူ၊ ဆရာစေတ၊ ဆရာ အောင်ရင်ငြိမ်း၊ ဆရာ မောင်ယုပိုင်၊ ဆရာ လူဆန်း ၊ ဆရာနရနီ၊ ဆရာလွန်းဆက်နိုးမြတ် စတဲ့ ဝါရင့် ကဗျာဆရာတွေ ကိုယ်တိုင် အွန်လိုင်းပေါ်ကလူငယ်တွေရဲ့ ကဗျာတွေကို အရေးတယူဖတ်ပြီး ထင်မြင်ချက်တွေ၊ ဟိုက်လိုက် တွေ ၊ ကွန်မန့် တွေ ပေးကြတယ်။ လူငယ်တွေကို လက်တွဲခေါ်ကြတယ် အားပေးကြတယ်။ ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်ပါ။ လူသားဆန်တဲ့ ကြည်နူးဖွယ် ယဉ်ကျေးမှု တစ်ခုပါ။ လူငယ်တွေအပေါ် အလေးထားတဲ့ လူကြီးတွေကိုလည်း ရှိရင်းစွဲ လေးစားမှုတွေကို ၂ထပ်ကိန်းတင်မိပါတယ်။ ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာဟာ လူငယ်တွေပေါ်မှာ မူတည်နေတယ်ဆိုတာ မှန်ပေမယ့် မပြည့်စုံပါဘူး။ ဒီနေရာ မှာ အလေးအနက် ထပ်ပြောချင်တာက ကျွန်တော်တို့ လူငယ်တွေဟာ ကဗျာပညာရှင်တွေ မဟုတ်ပါဘူး။ လေ့လာဆဲ သင်ယူဆဲ ကြိုးစားဆဲ ကဗျာကျောင်းသားတွေ ဆိုတော့ အစွန်းအထင်း အမှားအယွင်းတွေ တလွဲဆံပင်ကောင်းတာတွေလည်း ရှိနိုင်ပါတယ်။ တတ်သိနားလည်တဲ့ ဆရာသမားတွေရဲ့ ထောက်ပြမှု ၊ အတိမ်းအစောင်းတွေ ကို လမ်းကြောင်း ကျောင်းပေးတာမျိုးတွေ လိုအပ်တယ်လို့ ယူဆမိပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ အတွကိ ရွှေပါပဲ။ ခေတ်ပြိုင် မြန်မာကဗျာရဲ့အလားအလာ ပိုပြီးကျယ်ပြန့် ခိုင်မာဖို့ ဆိုရင် အွန်လိုင်းအပြင် ပရင့်တ်ဘက်မှာပါ ပေါက်ရောက်ဖို့ လိုအပ်ပါတယ်။ ပရင့်ဘက်မှာတော့ အယ်ဒီတာတွေနဲ့ ဆိုင်တာပေါ့ဗျာ။ အယ်ဒီတာတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ပါပဲ။

ကျော်ဦး(လှိုင်) - လူ့ပတ်ဝန်းကျင်မှာလည်း လူငယ်တွေကို သတိထားမိပေမယ့် နေရာမပေးတဲ့ လူကြီးတစ်ချို့လည်းကျွန်တော်တို့တွေ တွေ့နေကြရတာပဲ အစ်ကိုရာ အခုဆို လူငယ်ကဗျာဆရာတွေ အများကြီးထွက်လာပြီ။ ခေတ်ရဲ့ရေစီးကြောင်းကို မြင်ရဲ့သားနဲ့ လက်မခံနိုင်ဘူးဆိုရင်တော့လူငယ်တွေအတွက်က ကိုယ်ယုံကြည်တဲ့ အနုပညာကို ဆက်ပြီးဖန်တီးယုံပေါ့။

၃။ လက်ရှိ အခြေအနေအရ ၂၀၁၀ အလွန် ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ပင်မရေစီးခေတ်ပေါ်ကဗျာအပြင် အယ်လ်ပီ ၊ နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ စကားပြေကဗျာ၊ ဖလာ့ဖ် စသဖြင့် ကဗျာအမျိုးအစားသစ်တွေ အယူအဆတွေ အမျိုးမျိုး ရှိနေကြတယ်။ အဲဒီ ကဗျာအယူအဆ/ အနုပညာ လက်ရာတွေအပေါ် ညီလေးတို့ရဲ့ အမြင်။

ကိုသျှား - ကျွန်တော် စာဖတ်အား အလွန့်အလွန်နည်းပါးကြောင်း ၀န်မခံလို့မရတော့ဘူး။ ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းထဲမှာ ရှိနေတဲ့ ကဗျာအမျိုးအစားတွေထဲက တစ်ခုချင်းစီအပေါ် အမြင်ကို ပြောရမယ်ဆိုရင်တောင် အရမ်းလက်ဝင်နေလိမ့်မယ်။ အားလုံးအပေါ်အမြင်ကို ပြောရမယ်ဆိုရင် ကျယ်ပြန့်နက်ရှိုင်းတာထက် အများကြီး ပိုနေမှာပေါ့။သေချာတာတစ်ခုကတော့ အမျိုးအစားတစ်ခုချင်းစီဟာ သူ့နည်းသူ့ဟန်နဲ့သူ အားကောင်းမောင်းသန်ဖြစ်နေတယ်ဆိုတာပါပဲ...။တစ်ခုချင်းစီမှာ အားသာချက်ကိုယ်စီ ရှိနေပါတယ်။

လင်းလက်တာရာ - ခေတ်ပြိုင် မြန်မာကဗျာ အခင်းအကျင်းမှာ ပင်မရေစီးခေတ်ပေါ် ကဗျာအပြင် ကဗျာအမျိုးအစား အသစ်တွေ အပြိုင် ဖြစ်ထွန်းပေါ်ထွက်လာတာဟာ မြန်မာကဗျာလောကရဲ့ တိုးတက်တဲ့ လက္ခဏာ တစ်ရပ်ပါပဲ။ ကောင်းမွန်ပါတယ်။ ဆက်လက်ပြီး ဘယ်လို ကဗျာအမျိုးအစားသစ်တွေ ပေါ်ထွက် လာဦးမလဲ ဆိုတာ ရင်ခုန်စရာကောင်းပါတယ်။ နိုင်ငံတစ်နိုင်ငံတည်းမှာ လူမျိုးပေါင်းစုံ ဘာသာစကား ဘာသာတရားပေါင်းစုံ အတူတကွ မှီတင်းနေထိုင်သလိုမျိုး ကဗျာနိုင်ငံတော်မှာ ကဗျာအမျိုးအစားပေါင်းစုံ အတူတကွမှီတင်းနေထိုင်ကြခြင်းပေါ့။ တိုက်ခိုက်ရန်ပြုနေမယ့်အစား ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ် ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံး အတူတကွ နေထိုင်သမှုပြုကြမယ်ဆိုရင် ကဗျာနိုင်ငံတော်ကြီး ငြိမ်းချမ်းမှာပေါ့။ စိတ်ချမ်းမြေ့စရာကောင်းမှာပေါ့။ ဘယ်လိုကဗျာအမျိုးအစားသစ်မဆို ပင်မရေစီး ခေတ်ပေါ်ကဗျာလိုပဲ ခိုင်မာတောင့်တင်းတဲ့ ကျောရိုးဆစ်တွေ ရှိနေဖို့ အရေးအကြီးဆုံးပါပဲ။ ဒါဆိုရင် အကောင်းဆုံးပေါ့။

ကျော်ဦး(လှိုင်) - ကော်ဖီကြိုက်တဲ့လူကော်ဖီ လက်ဘက်ရည်ကြိုက်တဲ့လူ လက်ဘက်ရည်ပေါ့ အစ်ကို။ ဘာပဲသောက်သောက်ဆန္ဒပြည့်သွားဖို့ပဲ အဓိကလို့ ထင်ပါတယ်။ အားထုတ်ထားတဲ့ ကဗျာတွေ အများကြီး ကျွန်တော်တို့ဖတ်နေရပါတယ်။

၎။ အဲဒီ ခေတ်ပြိုင်ကဗျာတွေထဲက ညီလေးတို့ အာရုံတိမ်းညွတ်မှု ရှိတဲ့ ကဗျာအမျိုးအစား။ အဲဒီ ကဗျာဗေဒအပေါ် နားလည်ခံယူထားပုံ အနှစ်ချုပ်။ တကယ်လို့ ညီလေးတို့ လက်ရှိရေးနေတဲ့ ကဗျာအနုပညာလက်ရာ တွေကို ဖန်တီးသူကိုယ်တိုင် အမှတ်တံဆိပ်တစ်ခုခု ခွဲခြားပြောပြပါ။ ကိုယ့် အနုပညာကိုယ် တခြားသူတွေနဲ့ ကွဲပြားခြားနားအောင် ပြောပါလို့ မေးရင် ဘယ်လိုဖြေကြမလဲ။ တချို့ ကဗျာဆရာတွေ/ ကဗျာဖတ်သူတွေကတော့ ကဗျာအနုပညာကို အမည်အမှတ်တံဆိပ်တွေ တပ်တာ
အပေါ်ယံ ကိစ္စတွေပဲလို့ ယူဆပြီး နှစ်သက်လက်ခံမှု မရှိကြဘူး။ ကိုယ့် အမြင်ပြောရရင် ကဗျာကိုယ်တိုင်ကိုက
တခြား အနုပညာ အမျိုးအစားတွေနဲ့ ကွဲပြားခြားနားနေတဲ့ စာပေပုံသဏ္ဍာန်တစ်မျိုးပဲလေ။ အဲဒါကြောင့် မေးတာပါ။

ကိုသျှား - အခုလို မဟာ့မဟာဗဟုဝါဒခေတ်ကြီးထဲမှာ ကဗျာရေးသူ/ဆရာတစ်ယောက်အတွက် ကဗျာအမျိုးအစားတစ်ခုတည်း ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့အနည်းငယ်ကို စိတ်အာရုံတိမ်းညွတ်နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးထင်ပါတယ်။နောက်တစ်ခုက
ကျွန်တော့်အနေနဲ့ ဘယ်ကဗျာအမျိုးအစားကို အာရုံတိမ်းညွတ်တယ်ဆိုတာ တိတိကျကျ ပြောဖို့ အရမ်းခက်ခဲပါတယ်။ပြီးတော့
အာရုံတိမ်းညွတ်တာနဲ့ တကယ်လုပ်လိုက်တာဟာလည်း လွဲချော်နေနိုင်ပါတယ်။ကျွန်တော် လက်လှမ်းမီသလောက် လေ့လာပါတယ်။ကျွန်တော် လိုချင်တာ သဘောကျသွားတာ တွေ့ရင် ယူသုံးရင် သုံးမယ်။ ကျွန်တော် မကြိုက်တာလေးတွေ သဘောမတူနိုင်တာလေးတွေ တွေ့ရင် ဘာကြောင့် အဲဒီလို ဖြစ်တာလဲလို့ အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်ပါတယ်။တံဆိပ်ကပ်မှုတွေအပေါ်မှာတော့ ဘယ်လိုမှ သဘောမထားတတ်ပါဘူး။လက်ခံလို့ပဲဖြစ်ဖြစ် လက်မခံလို့ပဲဖြစ်ဖြစ် အနှေးနဲ့အမြန်ပဲ ကွာမှာပါ။တံဆိပ်တစ်မျိုးမျိုးကတော့ ကျွန်တော်တို့ကဗျာတွေဆီ ရောက်ရှိလာမှာပါပဲ။
ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ကဗျာတွေကို ဘာကဗျာအမျိုးအစားတွေပါလို့ ခွဲခြားပြောပြဖို့ အရည်အချင်းမရှိပါဘူး။ကိုယ့်ကဗျာတွေကိုယ် ပြန်ဖတ်ကြည့်တဲ့အခါ ရောဘတ်ဘန်းတို့ခေတ်လောက်ကတည်းက တွင်တွင်ကျယ်ကျယ် သုံးခဲ့တဲ့ ထပ်တလဲလဲအသုံးတွေကိုတောင် ပြန်တွေ့နေရတုန်းပါပဲ။အများဆုံးတွေ့ရတာကတော့
ခေတ်ပေါ်ကဗျာ ကောလာ့(ဂ်ျ)နဲ့စမ်းသပ်တွေဖြစ်မယ်လို့ ထင်မိတာပါပဲ။

လင်းလက်တာရာ - ခေတ်ပြိုင်ကဗျာ အခင်းအကျင်းမှာ ဘယ်လိုကဗျာအမျိုးအစားမဆို ကျွန်တော်စိတ်ဝင်စားပါတယ်။ ကဗျာရေးသူတစ်ယောက်အနေနဲ့ အားလုံးကို ခြုံငုံလေ့လာသင့်ပါတယ်။ ကျွန်တော့်အနေနဲ့ ကတော့ ကဗျာအမျိုးအစားတစ်ခုတည်းအပေါ် အာရုံတိမ်းညွှတ် သွားတာမျိုး မရှိပါဘူး။ ကဗျာအမျိုးအစားတစ်ခုတည်းနဲ့ လည်း မလုံလောက်တော့ပါဘူး။ ကဗျာအမျိုးအစားမျိုးစုံရဲ့ လွှမ်းမိုးရိုက်ခတ်မှုတွေ ကတော့ ကျွန်တော့်အပေါ်မှာ အနည်းနဲ့ အများပါပဲ။ ကိုယ်တိုင်က ကဗျာအမျိုးအစားအသစ်တစ်မျိုး ရေးစွမ်းဖန်တီးနိုင်တဲ့ အစွမ်းအစ မရှိတော့ ရှိနှင့်ပြီးသား ကဗျာအမျိုးအစားတွေထဲကပဲ ကျွန်တော် သဘောကျ နှစ်သက်တာ တွေကို ငှားယူသုံးစွဲပြီး ပေါင်းစပ်ရေးသားကြည့်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကဗျာရေးသူတစ်ယောက်အနေနဲ့ ကိုယ်ဘာတွေ ရေးနေလဲ ဘယ်လိုအမျိုးအစားတွေ ရေးနေလည်းဆိုတာတော့ သိသင့်တယ်လို့ ထင်တယ်။ ကိုယ်စီးနေတာ ရထားလား ကားလားဆိုတာတော့ သိထားရမယ် မဟုတ်လားဗျာ။ လောလောဆယ် Hybrid ပါပဲ။  ကျွန်တော်အရေးအသားအများစုဟာ အယ်လ်ပီရဲ့ အငွေ့ အသက်တွေ၊ ပို့ စ်မော်ဒန်ရဲ့ ပိုင်းစစိတ်မွှာမှု fragments တွေ၊ နီယိုမော်ဒန်ရဲ့ အာရုံခံစားပုံနဲ့ နောက်ခံအယူအဆ တချို့ တွေ ရောယှက်ပါဝင်နေပါတယ်။ ပြီးတော့ collage နဲ့ collaborate တွေလည်း စိတ်ဝင်တစား ရေးဖြစ်ပါတယ်။ ခေတ်ပြိုင်ကဗျာ အခင်းအကျင်းဟာ အနံ့ အရသာ မျိုးစုံ ခင်းကျင်းထားတဲ့ ပွဲတော်အုပ်ကြီးနဲ့ တူပါတယ်။ ကျွန်တော်တို့ ကြိုက်နှစ်သက်ရာ ရွေးချယ် စားသုံးနိုင်တာ မဟာအခွင့်အရေးတစ်ခုပါပဲ။ အဲ့ဒီအပေါ်မှာပဲ ရှာဖွေရင်းချဲ့ ထွင်ရင်း စမ်းသပ်ရင်း ဥာဏ်မီသလောက် ကြိုးစားအားထုတ်ကြည့်ရမှာပါပဲ။ တံဆိပ်တွေကတော့ ကဗျာရေးသူကိုယ်တိုင် လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ ကပ်ပါလာမှာပဲ။ တတ်သိနားလည် ကျွမ်းကျင်သူတွေ ကိုယ်တွယ်သင့်တဲ့ ပညာရပ်ဆန်တဲ့ ကိစ္စမျိုးပါ။ ကဗျာရေးသူတစ်ယောက်ရဲ့ ကဗျာအနည်းငယ်ကို ခွဲခြမ်းစိပ်ဖြာပြီး တံဆိပ်ကပ်လိုက်တာ အမျိုးအစားခွဲလိုက်တာမျိုးဟာ  အဲဒီကဗျာရေးသူအပေါ်မှာ ဘယ်အတိုင်းအတာ ဘယ်ကာလထိ ခံမလဲ။ မသေချာပါဘူး။ ခေတ်ကလည်း ရွေ့ နေပါတယ်။ ကဗျာတွေကလည်း ရွေ့ နေပါတယ်။ ကဗျာရေးသူတွေကလည်း တစ်နေရာတည်း ကျောက်ချ မနေပါဘူး။ ဒါကြောင့် ကျွန်တော်ရေးခဲ့တဲ့ ကဗျာတွေကို အမျိုးအစားခွဲနိုင်ပါတယ်။ တံဆိပ်ကပ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီတံဆိပ် အဲဒီအမျိုးအစား ဘယ်အတိုင်းအတာထိ တည်ရှိနေမလဲ ဆိုတာကိုတော့ ကျွန်တော် အာမ မခံနိုင်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အချိုးအကွေ့ တစ်ခုခုမှာ အားလုံးဟာ ပြောင်းလဲ သွားနိုင်လို့ ပါ။ မရောက်ဖူးသေးတဲ့ အရပ်ဒေသတွေကိုလည်း ခရီးထွက်ချင်ပါသေးတယ်။

ကျော်ဦး(လှိုင်) - ကဗျာကိုတော့ဘယ်လိုကဗျာမျိုးဖြစ်ဖြစ် ဖတ်ပါတယ်။ သွယ်ဝိုက်မှုတွေ သိပ်မပါပဲထိထိရောက်ရောက်ရေးနိုင်မယ့် ကဗျာအရေးအသားမျိုးတွေကို ပိုသဘောကျတယ်။ ကျွန်တော်ရေးတဲ့ ကဗျာကို အမျိုးအစားသတ်မှတ်ဖို့ကတော့ ဖတ်သူတွေကိုယ်တိုင်ပဲတံဆိပ်ကပ်ပါစေ။ ဘယ်လိုတံဆိပ်ကပ်ကပ် ကျွန်တော်တို့ရေးနေတာ ခေတ်နဲ့လူမှုအမြင်ကို ထိထိရောက်ရောက် ဖွင့်ထုတ်ပြလိုက်တဲ့ ခေတ်ပြိုင်ကဗျာတွေလို့ပဲ သတ်မှတ်ပါတယ်။ ကိုယ်ရေးတဲ့ကဗျာကို ကိုယ်ကြည်ညိုရင် ကျေနပ်စရာလို့ထင်ပါတယ်။

၅။ ညီလေးတို့ အနေနဲ့ ကဗျာအနုပညာ လက်ရာတစ်ခုကို ဘယ်လို အတွေးအခေါ် ဘယ်လို အာရုံခံစားပုံ ဘယ်လို အတတ်ပညာပိုင်း နည်းစနစ်ပိုင်းတွေနဲ့ ရေးသားဖန်တီးနေကြသလဲ။ ကဗျာရေးသားခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လို နောက်ခံ အယူအဆနဲ့ ခံယူ ယုံကြည်ချက်တွေ ရှိနေကြသလဲ။

ကိုသျှား - ကဗျာအနုပညာလက်ရာတစ်ခုကို ဘယ်လိုဖန်တီးသလဲဆိုတာကို ပြောပြဖို့က ကျွန်တော့်အတွက် တော်တော်ကို မလွယ်တဲ့ကိစ္စပဲ။ကျွန်တော်ကတော့ ကျွန်တော် ရေးချင်တာကို ရေးတတ်သလို ရေးတာလို့ပဲ ပြောချင်တယ်။

လင်းလက်တာရာ - ခေတ်ပြိုင်ကဗျာရဲ့ အခန်းကဏ္ဍမှာ အတွေးအခေါ် အာရုံခံစားပုံ အတတ်ပညာပိုင်း နည်းစနစ်ပိုင်းတွေ မရှိမဖြစ်လိုအပ်ပါတယ်။ သိထားသင့်ပါတယ်။ တချို့ ကလည်း ကဗျာရေးဖို့ တစ်ခုတည်းသာ အာရုံစိုက်ပြီး poetic ပိုင်းဆိုင်ရာတွေ ၊ Ideology ပိုင်းဆိုင်ရာတွေ သိပ်ဂရုမစိုက်ကြပါဘူး။ ဒါတွေ ပြောဖို့ လည်း ဝန်လေးတွန့် ဆုတ်တတ်ကြတယ်။ လောလောဆယ် လက်လှမ်းမီသလောက် လေ့လာနေဆဲပါပဲ။ ကျွန်တော်ကတော့ သီဝရီတွေ နည်းစနစ်တွေကြား ကိုယ့်ကဗျာလိပ်ပြာလေး ပိတ်မိညပ်သေမသွားအောင် ရှဥ့်လည်း လျှောက်သာ ပျားလည်းဆွဲသာ ဂရုစိုက်ချင်ပါတယ်။ တစ်ပုဒ်နဲ့ တစ်ပုဒ် ပုံစံခွက်ထဲကအတိုင်း ထွက်ကျလာတာ မဟုတ်ပဲ လွတ်လပ်လန်းဆန်းနေတာမျိုးပေါ့။ ဖြစ်ချင်တာကို အကောင်အထည် ဖော်ဖို့ အတွက်ကလည်း မလွယ်ကူပါဘူး။ ဘာပဲဖြစ်ဖြစ်ကဗျာရေးသူ တစ်ယောက်အနေနဲ့ poetic ပိုင်းဆိုင်ရာတွေ Ideology ပိုင်းဆိုင်ရာတွေ ရှောင်လွှဲလို့ မရပါဘူး။ ကျွန်တော်ကတော့ သဒ္ဒါအလင်္ကာရ နဲ့ အတ္ထါအင်္လကာရ နှစ်ရပ်စလုံးပါအောင် အတတ်နိုင်ဆုံး အားထုတ်ပါတယ်။ ခေတ်စနစ်၊ နိုင်ငံရေး၊ယဉ်ကျေးမှု၊ လူအဖွဲ့ အစည်းကြီးရဲ့ အဖြစ်အပျက်နဲ့ ရှုမြင်သုံးသပ်ချက်တွေ၊ ပုဂ္ဂလအာရုံခံစားမှုတွေ၊ စတဲ့ အရာတွေကို ဘာသာစကားနဲ့ hybrid လုပ်ရေးဖြစ်တာများပါတယ်။ အကြမ်းအားဖြင့် Expression နဲ့ Construction ကို ပေါင်းစပ်ရေးသားဖို့ အားသန်ပါတယ်။ ကျွန်တော့်ကို ရိုက်ခတ်လာတဲ့ ကျွန်တော့်အပေါ်မှာ ကပ်ငြိလာတဲ့ သိမှုနဲ့ အဓိပ္ပါယ်တွေကို ဘာသာစကားကို ကြားခံထားပြီး ပေးပို့ စေသလို၊ ဘာသာစကားထဲကပဲ သိမှုနဲ့ အဓိပ္ပါယ်တွေ ပြုလုပ်တည်ဆောက်ရတာကိုလည်း စိတ်ဝင်တစားသဘောကျမိပြန်တယ်။ ဘောလုံးသမားကောင်းတစ်ယောက် ဖြစ်ဖို့ ဘယ်ခြေရော ညာခြေရော သန်ရပါ့မယ်။ ခေါင်းတိုက်ဘောတွေ ဖရီးကစ်တွေ၊ အလိမ်အခေါက်၊ သက်လုံ၊ ကြံ့ခိုင်မှု၊ နည်းစနစ် ၊ အားကစားစိတ်ဓါတ် စတဲ့ အင်္ဂါရပ်တွေ ပြည့်စုံဖို့ လိုအပ်ပါတယ်။ ကဗျာရေးသူကလည်း ဒီလိုပါပဲ။ ကျွန်တော်ကတော့ ကျွန်တော်လေ့လာထားသလောက် သိသလောက် ဥာဏ်မီသလောက်နဲ့  ဂိုးရှူးဖို့ ဘယ်ခြေညာခြေတော့ ရွေးနေမှာ မဟုတ်ပါဘူး။

ကျော်ဦး(လှိုင်) - ကျွန်တော်ရေးလိုက်သမျှကတော့ စိတ်ခံစားမှုပေါ်ထင်ဟပ်လာတဲ့ အကြောင်းအရာတွေကိုချရေးပစ်တာများပါတယ်။ နေစဉ်တွေ့နေရတဲ့ ပတ်ဝန်းကျင်ရဲ့ နာကျင်မှုတွေရယ် ကိုယ်ပိုင်တဲ့ လွပ်လွပ်လပ်လပ် ခံစားမှုတွေ အဲဒီကမှ ကဗျာတည်ဆောက်ပုံကို အရိုးရှင်းဆုံး တင်ပြနိုင်မယ့်ဘာသာစကားမျိုးတွေ သုံးဖြစ်ပါတယ်။ လူ့ပတ်ဝန်းကျင်ကို ထင်ဟပ်ပြနိုင်ဖို့ကျွန်တော်တို့ ကဗျာတွေ ရေးနေရအုံးမှာပါပဲ။


၆။ မြန်မာနိုင်ငံက ကွန်ဆက်ခြူရယ်၊ အယ်လ်ပီ စသဖြင့်နဲ့ ပို့စ်မော်ဒန် ပထမမျိုးဆက် စာပေအယူအဆတွေကို လက်ခံယုံကြည်တဲ့ ကဗျာဆရာတွေမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလအာရုံခံစားမှုကို အဓိကမထားတဲ့၊ ခေတ်စနစ်လူမှုဝန်းကျင်ရဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို မျက်ကွယ်ပြုချင်တဲ့ အယူအဆမျိုးတွေ ရှိနေကြတယ်။ တကယ်တော့ အဲဒီ အယူအဆတွေက ၁၉ ရာစုအလယ်ပိုင်းလောက်က ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ ခေတ်စားခဲ့တဲ့ Aestheticism ရဲ့ စာပေအနုပညာ အယူအဆတွေ။ Oscar Wilde တို့လို ကိုယ်တို့ဆီမှာဆိုရင် ဆရာသစာနီတို့လိုပေါ့ အနုပညာရသအဓိက၀ါဒီတွေက သန့်စင်တဲ့ အနုပညာဟာ
လူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ကျင့်တရားဆိုင်ရာ ဆုံးမသွန်သင်မှုတွေနဲ့ မရောထွေးသင့်ဘူးလို့ ယူဆခဲ့ကြတယ်။ အနုပညာဟာ အနုပညာအတွက်ဆိုတဲ့ ကြေညာချက်က Aestheticism ရဲ့ အနှစ်ချုပ် အယူအဆပေါ့။ ညီလေးတို့ အမြင်ကရော...ကဗျာအနုပညာမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလ အာရုံခံစားမှုနဲ့ ခေတ်စနစ်လူမှုဝန်းကျင်အပေါ် အမြင်တွေ ပါသင့် မပါသင့်။

ကိုသျှား - တွေ့နေရသမျှကဗျာအများစုဟာ တစ်သီးပုဂ္ဂလ အာရုံခံစားမှုနဲ့ခေတ်စနစ်လူမှုဝန်းကျင်အပေါ် အမြင်တွေကို ရေးကြတာပါ။ ကျွန်တော်က တစ်သီးပုဂ္ဂလ အာရုံခံစားမှုနဲ့ခေတ်စနစ်လူမှုဝန်းကျင်အပေါ် အမြင်တွေမပါဘဲ ကဗျာရေးလို့ မရဘူးလို့ ယုံကြည်တယ်။

လင်းလက်တာရာ - ကဗျာအမျိုးအစားတစ်ခုချင်းစီမှာ ယျေဘူယျသွင်ပြင် လက္ခဏာတွေ၊ ဒေါက်တိုင်တွေ ကတော့ သူ့ အယူအဆနဲ့ သူ ရှိနေတာပဲ။ မတူညီနိုင်ပါဘူး။ ကဗျာစားသုံးသူချင်းလည်း မတူညီနိုင်ပါဘူး။ အသီးအရွက်ကြိုက်သူနဲ့ အသားငါးကြိုက်သူ။ ကိုယ်က အသားငါး မစားလို့ အသားငါးစားသူတွေကို ရန်လုပ်စော်ကားထိုင်ဆဲ မနေသင့်ဘူးလေ။ ပွဲတော်အုပ် ဥပမာလို ပဲပေါ့ဗျာ။ ကိုယ်ကြိုက်တဲ့ဟင်း ရွေးနှိုက်စားရုံပါပဲ။ ယဉ်ကျေးမှု ခေတ်စနစ်နဲ့ မျက်မှောက်ခေတ် လူမှုအဖွဲ့ အစည်း အကြောင်းချင်းရာတွေက နေ့ စဉ်နဲ့ အမျှ လူသားတွေ အပေါ် ရိုက်ခတ်နေပါတယ်။ ရှောင်လွှဲလို့ မလွတ်ပါဘူး။ ဒါတွေရဲ့ ကောင်းကျိုး ဆိုးကျိုးကိုလည်း ကျွန်တော်တို့ အနေနဲ့ မီးမောင်းထိုးပြသင့်တယ်။ ရှုမြင်သုံးသပ်သင့်ပါတယ်။ ' ငါ ' ဗဟိုပြုကိစ္စတွေကလည်း ခုထိ အငြင်းအခုန်ကောင်းတုန်းပါပဲ။ ' ငါ' နဲ့  'ငါ့ ခံစားမှု ဟာ ပင်မရေစီးခေတ်ပေါ်ကဗျာမှာ အဓိက ဇာတ်ဆောင် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ခေတ်ပြိုင်ကဗျာတချို့ က 'ငါ' ဗဟိုပြုတွေကို နည်းအမျိုးမျိုးနဲ့ ဖျောက်ဖျက်ကြိုးစားလာကြတယ်။ ငါ' ကို ဆောက်သွားနဲ့ တစ်ချက်ပြီးတစ်ချက်ဖဲ့ထုတ်ကြတယ်။ ငါ' ပါနေခဲ့ရင်လည်း အဲဒီ 'ငါ' ဟာ 'ငါ ' ဗဟိုပြု ' ငါ' မဖြစ်ရလေအောင် ပြုလုပ်ကြတယ်။ ခုနောက်ပိုင်းဆို Parody ပုံစံ 'ငါ' တွေ ခေတ်ပြိုင်ထဲမှာ ထွက်ပေါ်လာပြန်တယ်။ ကျွန်တော့်တစ်ဦးတည်အမြင်အရ လူအုပ်ကြီးထဲမှာ ရောနှောပျောက်ဆုံးနေတဲ့လူသားရဲ့ Identity ကို ရှာဖွေတည်ဆောက်တာကို လက်ခံပါတယ်။ ဒါပေမယ့် ကဗျာဆရာတစ်ဦးတည်းမှာပဲ 'ငါ' ဗဟိုပြုကဗျာတွေ ချည်းပဲ ဖြစ်နေတယ် ဆိုရင်တော့ ငြီးငွေ့ စရာကောငိးပြီး ကဗျာအနုပညာအမြင် အရ ဘောင်ကျဉ်းလွန်းနေမှာပါ။ ဒီလိုပါပဲ ကဗျာဗေဒအယူအဆတွေအရ 'ငါ'ကို လုံးဝကြီး ပစ်ပယ်ထားပြန်ရင်လည်း ကဗျာဗေဒအယူအဆတွေအရ မှန်ကန်ပေမယ့် အနုပညာအမြင်အရတော့ ဘောင်ကျဉ်းနေဦးမှာပဲ။ ငါ ဆိုတာ အတ္တပါပဲ။ ကဗျာရေးသူတွေဟာ ပုထုဇဉ်တွေပါပဲ။ ပုထုဇဉ်မှန်ရင် အတ္တနဲ့ မကင်းပါဘူး။ ” ငါ ” ဗဟိုမပြုတဲ့ ကဗျာတွေကရော ငါ့ကဗျာမှာ “ငါ“ ဗဟိုမပြုအောင် ရေးမယ်ကွာ။ ငါ့ ကဗျာအမျိုးအစားမှာ “ငါ” ကိုဖဲ့ထုတ်မယ်ကွာ ဆိုတဲ့ “ငါ“ အတ္တကြီး ပါနေပြီမဟုတ်လား။ ဆိုတော့ ကဗျာရေးသူမှာ အတ္တမကင်းစင်သေးသမျှ ကဗျာအနုပညာမှာ “ ငါ” ကင်းစင်တယ်လို့ ယူဆလို့ ရပါ့မလား။ ကဗျာနဲ့ ကဗျာရေးသူကို ပူးတွဲ မမြင်သင့်ဘူးဆိုပေမယ့် လူဆိုတာ အတ္တနဲ့ မကင်းကြောင်း ပြောပြတာပါ။ အနုပညာ က အရမ်းကို ကျယ်ပြန့် နက်ရှိုင်းပါတယ်။ ကဗျာဆရာတွေရဲ့ အတ္တကြောင့် ကျဉ်းမြောင်းနေရတာပါ။ အနုပညာမှာ အရာအားလုံးပါသင့်ပါတယ်။ အနုပညာကို မကန့် သင့်ပါဘူး၊ မသတ်သင့်ပါဘူး၊ မကန့် သတ်သင့်ပါဘူး။ ကျွန်တော်ကတော့ ' ငါ' ကို လုံးဝ ပစ်ပယ်လိုက်တာမျိုး မရှိပါဘူး။ တစ်ခါတလေ ဇာတ်ဆောင်၊ တစ်ခါတလေ ဖြတ်လျှောက်ပါပဲ။ အနုပညာဟာ ပြည်သူအတွက်၊ မဟုတ်သေးပါဘူး၊ အနုပညာဟာ အနုပညာရှင်အတွက် ၊ မဟုတ်သေးပါဘူး၊ အနုပညာဟာ အနုပညာအတွက်၊ မဟုတ်သေးပါဘူး။ အနုပညာဟာ အဲဒီအရာတွေ အားလုံးအတွက်ပါ။

ကျော်ဦး(လှိုင်) - ကဗျာဆရာရဲ့တစ်သီးပုဂ္ဂလ အာရုံခံစားမှုနဲ့ ခေတ်စနစ်လူမှုဝန်းကျင်အပေါ် အမြင်တွေ ပါသင့်တယ်လို့ကျွန်တော်မြင်ပါတယ်။ ဒီနေ့ခေတ်ရဲ့ နာကျင်မှုတွေကို ကျွန်တော်တို့လည်းခံစားနေကြရတာပဲ။

၇။ ကိုယ့် အမြင်ပြောရရင် မြန်မာစာပေလောကမှာ Realism အယူအဆနဲ့ တန်ဖိုးစံနှုန်းတွေကို စွဲလမ်းဆုပ်ကိုင်ထားတဲ့ အယ်ဒီတာတွေနဲ့ စာရေးဆရာတွေ ရှိနေလို့ မြန်မာဝတ္ထုတို/ အက်ဆေး အရေးအသားတွေဟာ Realism နယ်ပယ်ထဲမှာပဲ ပိတ်မိနေကြပြီး မြန်မာစကားပြေယဉ်ကျေးမှု အသစ်ဖွံဖြိုးတိုးတက်မှု မရှိဘဲ နှစ်ပေါင်းများစွာ ရပ်တန့်နေတာလို့ မြင်မိတယ်။ ၁၉၉၅ ၀န်းကျင်ကနေ ၂၀၀၅ လောက်အထိ ခေတ်စားရှင်သန်ခဲ့တဲ့ မော်ဒန်နဲ့ ပို့စ်မော်ဒန် စကားပြေတွေကတော့ ခြါင်းချက်ပေါ့လေ။ ကဗျာအနုပညာမှာ ဆိုရင်လည်း Modern Conservative ဖြစ်နေတဲ့ ၀ါရင့် ၀ါနုကဗျာဆရာတွေ၊ အယ်ဒီတာတွေ ကဗျာဖတ် ပရိသတ်တွေ ရှိနေကြသေးတယ် ထင်တယ်။ အဲဒီလို Modern Conservative တွေကို မြန်မာကဗျာယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားတဲ့သူတွေ၊ အနှောင့် အယှက် အဟန့်အတား ဖြစ်စေမယ့် သူတွေလို့
ဆိုနိုင်မလား။

ကိုသျှား - ကျွန်တော်တော့ အဲဒီလို မထင်ဘူး။မော်ဒန်ခေတ်ဦးကိုပဲ ပြန်ကြည့်ရင် ဘယ်လောက်ခက်ခဲကြမ်းတမ်းခဲ့သလဲ။အချိန်တန်တော့လည်း အခုမဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ ကဗျာအများစုဟာ (ကောင်းတာညံ့တာကြိုက်တာမကြိုက်တာက တစ်ပိုင်းပေါ့) ခေတ်ပေါ်ကဗျာတွေချည်းပါပဲ။အဲဒီလိုပဲ တဖြည်းဖြည်းတော့ ရွှေ့ယူကြရမယ်လို့ထင်ပါတယ်။ ခေတ်အဆက်ဆက်ပေါ့ ဖောက်ထွက်တဲ့လူက ဖောက်ထွက်မယ်။ပိတ်တဲ့လူက ပိတ်မယ်။ဒါတွေက မဆန်းပါဘူး။ စကားပြေကိစ္စနဲ့ပတ်သက်လို့ ပြောရရင် Realism အယူအဆနဲ့ တန်ဖိုးစံနှုန်းတွေကို စွဲလမ်းဆုပ်ကိုင်ထားတဲ့ အယ်ဒီတာတွေနဲ့ စာရေးဆရာတွေ ရှိနေတာတစ်ခုတည်းနဲ့ မြန်မာဝတ္ထုတို/ အက်ဆေး အရေးအသားတွေဟာ Realism နယ်ပယ်ထဲမှာပဲ ပိတ်မိနေကြတယ် ပြောလို့ရမယ်မထင်ဘူး။အခုနောက်ပိုင်းမှာ စကားပြေအရေးအသားသစ်တွေကို ဘယ်လောက်များများက အင်တိုက်အားတိုက် ရေးနေသလဲဆိုတာကို ပြန်ကြည့်ဖို့ လိုမယ်ထင်ပါတယ်။ကျွန်တော်ကတော့ အများကြီး သိပ်မတွေ့မိဘူး။ကျွန်တော် စာဖတ်အားနည်းတာကြောင့် မတွေ့မိတာလည်း ဖြစ်နိုင်ပါတယ်။

လင်းလက်တာရာ -  မြန်မာစကားပြေတွေဟာ မြန်မာကဗျာတွေထက် တိုးတက်မှု နှောင့်နှေး နေတာ အားလုံးမျက်မြင်ပါပဲ။ စကားပြေမှာက realism တွေ အားကောင်းမောင်းသန်ဖြစ်ဆဲပါပဲ။ ဒါဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အမှောင်ခေတ်မှာ နှစ်ရှည်ကြာမြင့်စွာ နစ်မြုပ်ခဲ့တာတွေရဲ့ နောက်ဆက်တွဲ ရလဒ် လို့ လည်း ပြောနိုင်တာပဲ။ ဆန်းသစ်တဲ့ စကားပြေရေးဟန်တွေ၊ မော်ဒန်နဲ့ ပို့ စ်မော်ဒန် စကားပြေတွေ ရေးသားခဲ့/ နေသူ အများစုဟာ ကဗျာဆရာတွေ ဖြစ်နေတာကလည်း ထည့်စဉ်းစားသင့်တဲ့အချက်ပါ။ modern conservative တွေကို မြန်မာကဗျာယဉ်ကျေးမှု ဖွံ့ ဖြိုးတိုးတက်ရေးမှာ အနှောက်အယှက် အဟန့် အတား ဖြစ်စေမယ့် သူတွေလို့ ကျွန်တော် မသတ်မှတ်ချင်ပါဘူး။ အနည်းနဲ့ အများတော့ အနှောက့်အယှက် အတားအဆီး ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ကိုယ့်ပန်းတိုင်ရှိရာ ကိုယ့်ယုံကြည်မှုကို ခိုင်ခိုင်မာမာ မလျော့သောဇွဲနဲ့ ကိုယ့်လမ်းကိုယ်ဖောက်သွားမယ်ဆိုရင် အကောင်းဆုံးအနေအထားတစ်ခုကို ရရှိလာမှာပါပဲ။ အနုပညာဟာ စစ်အစိုးရမှ မဟုတ်တာ။ ဟစ်ပ်ဟော့ပ်တွေ အောင်မြင်ဖို့ ရော့ခ်တွေ အမှိုက်တောင်းထဲ/ ရေဆိုးမြောင်းထဲ ထိုးကျပေးလိုက်ရတာမှ မဟုတ်တာ။ အနုပညာယဉ်ကျေးမှုအသစ်တွေ ပေါ်ထွန်းဖို့ အနုပညာယဉ်ကျေးမှုအဟောင်းတွေ မီးရှို့ ဖျက်စီး ပစ်ဖို့ မလိုပါဘူး။ အနုပညာယဉ်ကျေးမှု အဟောင်းတွေဟာ တလေးတစား တမြတ်တနိုး ထိန်းသိမ်းထားသင့်တဲ့ အရာတွေပါ။

ကျော်ဦး(လှိုင်) - အဟန့်အတားလို့တော့ကျွန်တော်မမြင်ပါဘူး။ အားလုံးဟာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ပဲ ကဗျာယဉ်ကျေးမှုဟာခေတ်ရဲ့အလိုအရ ပြောင်းလဲတိုးတက်လာတာကို ဘာနဲ့မှ တားလို့မရနိုင်ဘူး ထင်ပါတယ် အစ်ကို။


၈။ အွန်လိုင်း ကဗျာယဉ်ကျေးမှုဘက် တစ်ချက်လောက် လှည့်ကြည့်လိုက်ရအောင်။ အွန်လိုင်းက ကဗျာဆရာတွေနဲ့ ကဗျာတွေအပေါ် ညီလေးတို့ အမြင်ကို အုပ်စုနဲ့ အမျိုးအစားတွေ ခွဲခြားဝေဖန်ပေးပါ။ အွန်လိုင်းနဲ့ ပရင့်တ်မီဒီယာ ပဋိပက္ခ ကိစ္စ၊ အနုပညာဗီဇနဲ့ ကဗျာဖန်တီးမှု အတွေ့အကြုံ အနုအရင့်ကိစ္စ၊ အယ်ဒီတာ မရှိတဲ့ မီဒီယာဖြစ်တဲ့အတွက် ကိုယ့်ကဗျာကိုယ် လွတ်လွတ်လပ်လပ် ရေးလို့ရနေတဲ့ အခွင့်အလမ်းရဲ့ နောက်ဆက်တွဲ ကောင်းကျိုး ဆိုးကျိုး၊ အနုပညာ အဆင့်အတန်း သိပ်မရှိတဲ့ ကဗျာတွေအောက်က Like & Comment ကိစ္စတွေက အစပေါ့။

ကိုသျှား - အွန်လိုင်းကဗျာယဉ်ကျေးမှုဟာ ဘာလဲဆိုတာ ကျွန်တော် သေသေချာချာ မသိပါဘူး။အခုနောက်ပိုင်းကတော့ အွန်လိုင်းရယ် ပရင့်ထ်ရယ်လို့ သီးခြားကန့်သတ်ခွဲထားလို့ မရတော့ဘူး။အွန်လိုင်းမှာ ရေးတဲ့ကဗျာဆရာ/မတွေကလည်း ပရင့်ထ်မှာ ၀င်ရေးလို့ရတာပဲ။ ပရင့်ထ်မှာ ရေးနေတဲ့ကဗျာဆရာ/မတွေကလည်း အွန်လိုင်းပေါ် တက်လာကြပါပြီ။အွန်လိုင်းမီဒီယာဟာ အယ်ဒီတာ မရှိတဲ့ မီဒီယာဖြစ်တဲ့အတွက် ကိုယ့်ကဗျာကိုယ် လွတ်လွတ်လပ်လပ် ရေးလို့ရနေတဲ့ အခွင့်အလမ်းရဲ့ နောက်ဆက်တွဲတွေကတော့ အတွေးရဲရဲအရေးရဲရဲလူငယ်ကဗျာဆရာ/မအမြောက်အများထွက်ပေါ်လာခြင်း၊ ကဗျာထဲမှာ သမ္မတဦးသိန်းစိန်အပါအ၀င်လမ်းဘေးခွေးလေခွေးလွင့်တွေကိုအထိ လွတ်လပ်စွာ ဆဲရေးပိုင်ခွင့်ရှိတဲ့အတွက် အဲဒီအခွင့်အရေးကို အပြည့်အ၀ အသုံးချခြင်း၊ကိုယ်စမ်းသပ်ချင်တဲ့ပုံသဏ္ဍာန် အကြောင်းအရာကို စိတ်ကြိုက် ရေးးသားပြခွင့်ရှိခြင်း.....အများကြီးပါပဲ။အုပ်စုနဲ့အမျိုးအစားကို ခွဲခြားပြောရရင် ကျွန်တော် သိနေတဲ့ ကဗျာရေးသူ/ဆရာ/မတွေကိုက အများကြီးဖြစ်နေတယ်။ကျွန်တော် မသိတဲ့ကဗျာရေးသူ/ဆရာ/မတွေက ထောင်သောင်းချီနေမှာ။
အဲဒါကိုတော့ ကျွန်တော် မပြောဘဲ ချန်ထားခဲ့ပါတယ်။အနုပညာ အဆင့်အတန်း သိပ်မရှိတဲ့ ကဗျာတွေအောက်က Like & Comment ကိစ္စတွေကိုတော့ ကျွန်တော် တော်တော်ကို ကြိုဆိုလက်ခံပါတယ်။ဘာကြောင့်လဲဆိုတော့ အခုလက်ရှိခပ်ညံ့ညံ့ကဗျာတွေလို့ အများလက်ခံထားတဲ့လက်ရာတွေကို ရေးသားဖန်တီးထုတ်လုပ်နေသူ တစ်ယောက်ဟာ
အဲဒီလို အားပေးကြမ်းတဲ့အတွက်ကြောင့်နောင်တစ်ချိန်မှာ တိုင်းပြုပြည်ပြုကမ္ဘာကျော်ကဗျာဆရာ/မတစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်လို့ပါပဲ။

လင်းလက်တာရာ - ပွင့်လင်းမြင်သာမှုနဲ့ နည်းပညာတိုးတက်မှုတွေရဲ့ အကျိုးရလဒ်က အွန်လိုင်းမှာ ကဗျာရေးသူတွေ အုံနဲ့ ကျင်းနဲ့ ဖြစ်လာတာပါပဲ။ အွန်လိုင်းက ရှိနှင့်ပြီးသား လူငယ်တွေအပြင် ပရင့်တ်သမားတွေပါ အွန်လိုင်းပေါ်ရောက်လာတော့ အတော်ကို မြိုင်လာပါတယ်။ အုပ်စုတွေ အမျိုးအစားတွေကတော့ အတိအကျ မပြောနိုင်ပါဘူးဗျာ။ အစုံပလုံပါပဲ။ ကျွန်တော် သိသလောက်တောင် လူငယ်ကဗျာရေးသူတွေ တော်တော်ကြီးကို များနေတယ်။ နာမည်တွေ အရမ်းများလွန်းလို့ ကျွန်တော် အကုန်မပြောနိုင်လို့ ချန်လှပ်ပရစေ။ တွေ့ မိတဲ့ ကဗျာအမျိုးအစား အများစုကတော့ ခေတ်ပေါ်ကဗျာ၊  lp နဲ့  lp နွယ်ကဗျာတွေ ၊ နီယိုမော်ဒန်နဲ့  ပို့ စ်မော်ဒန်၊  စကားပြေ၊ စမ်းသပ်၊  ကော့လာ့ဂ်ျ၊  ဖလာ့ဖ်တွေ၊ hybrid တွေ။ ဆူရီရယ်၊ ဒီဂျစ်တယ် ကဗျာတွေ၊ အစုံပါပဲ။ အနည်းနဲ့ အများပဲကွာတာပါ။ အွန်လိုင်းနဲ့ ပရင့်တ်ကတော့ အရင်လောက် အဖုအထစ်တွေ သိပ်မရှိတော့ဘူးပါဘူး။ သမီးရည်းစားအဆင့်တောင် ရောက်လောက်ပါပြီ။ ပရင့်တ်သမားတွေ အွန်လိုင်းပေါ် ရောက်လာသလို အွန်လိုင်းသမားတွေလည်း ပရင့်ပေါ်တက်လှမ်းနေကြပါပြီ။ မဂ္ဂဇင်းတွေ အီးမေးလ်လိပ်စာတွေ အသုံးပြုလာတာ အွန်လိုင်းနဲ့ ပရင့်ကွာဟ မှုကို ကျဉ်းမြောင်းစေတာပါပဲ။ မဂ္ဂဇင်းတိုင်းလိုလို အီးမေးလ်လိပ်စာတွေ သုံးလာနိုင်မယ်ဆိုရင် အွန်လိုင်းပေါ်က လူငယ်ကဗျာဆရာတွေ ပရင့်တ်ပေါ် ခပ်စိပ်စိပ်မြင်လာနိုင်ပါတယ်။ အွန်လိုင်းချည်းသက်သက် ရေးသားနေတဲ့ လူငယ်တွေလည်း ရှိနေပါသေးတယ်။ အွန်လိုင်းရဲ့ အားသာချက်က ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ်ချပြလို့ ရတယ်။ ဒ့ါက ကဗျာအနုပညာ ကို ပိုပြီး ကျယ်ပြန့် စေတဲ့အချက်ပေါ့။ ဖက်သူဆီက ချက်ချင်း တုန့် ပြန်မှုရတယ်။ ပရင့်တ်မှာဆို ကိုယ့်ကဗျာ စာဖတ်သူဆီရောက်ဖို့ အဆင့်ဆင့် ကျော်ဖြတ်ရတယ်။ အယ်ဒီတာက မကြိုက်လို့ ပလုံစွက်လိုက်ရင် ကိစ္စပြတ်ရော။ ဆိုးကျိုးကတော့ ပရမ်းပတာ နိုင်လာတယ်။ မင်းမဲ့ဆန်လာတယ်။ copy paste တွေကလည်း ခေတ်စားတော့ ခပ်တည်တည် ကလောင် ပြောင်းတပ်ခံရတာတွေ ပေါ့။ like တွေ comment တွေကိစ္စကတော့ ကဗျာရေးသူအတွက် အားအင် ဖြစ်စေနိုင်သလို like တွေ comment တွေ ထဲမှာပျော်ဝင်မသွားဖို့ လည်း သတိထားသင့်မယ်ထင်တယ်။ အွန်လိုင်းမှာလည်းသာမန်ကဗျာဖတ်ပရိသတ်များပါတယ်။ ခေတ်ပေါ်ကဗျာကောင်းတစ်ပုဒ်ဟာ ခေတ်ပြိုင်ကဗျာကောင်းတစ်ပုဒ်ထက် like တွေ၊ commentတွေ ၊ share တွေ ပိုရနေတာ အထင်းသားပါ။ ပရိသတ်အကြိုက် လိုက်ရေးနေမယ်ဆိုရင်လည်း တိုးတက်သင့်တာတွေ နောက်ကျသွားနိုင်ပါတယ်။ လူငယ်ကဗျာရေးသူအများစုကတော့ သူတို့ ရှေ့ က တတ်သိနားလည်တဲ့ ဆရာသမားတွေရဲ့ အပြုသဘောဆန်တဲ့ comment တွေ ကို ပိုပြီးဆာလောင်တတ်ကြပါတယ်။ တန်ဖိုးထားတတ်ကြပါတယ်။

ကျော်ဦး(လှိုင်) - အွန်လိုင်းကဗျာတွေမှာကဗျာကိုတစိုက်မတ်မတ်ရေးနေတဲ့ လူငယ်/လူကြီး ကဗျာဆရာတွေ ရှိပါတယ်။ အဲဒီလူတွေတော်တော်များများကလည်း အခုဆို စာမျက်နှာတွေပေါ်မှာ တွေ့နေရပါပြီ။ အွန်လိုင်းနဲ့ပရင့် ကိစ္စတွေကလည်း အေးအေးဆေးဆေး ဖြစ်သွားကြတယ်။ အနုပညာဗီဇနဲ့ ကဗျာဖန်တီးမှု အတွေ့အကြုံကတော့ကျွန်တော်လည်း ဖတ်တုန်း လေ့လာတုန်းပဲ ရှိပါသေးတယ်။ ကဗျာတွေလိုင်းပေါ်မှာလွပ်လွပ်လပ်လပ်ရေးလို့ရတဲ့ကောင်းကျိုးက ကဗျာအကောင်းစားတွေကိုအွန်လိုင်းပေါ်မှာတွေ့နေရတာပါပဲ။ ဆိုးကျိုးကတော့ အစ်ကိုပြောသလို  အနုပညာချို့တဲ့နေတဲ့ ကဗျာတွေနဲ့ ပုဂ္ဂိုလ်ရေးLike & comment ယဉ်ကျေးမှုတွေ ထွန်းကားလာတာပါပဲ..။ ဒီထက်ပိုဆိုးတာကနာမည်ရပြီးသား ကလောင်နာမည်တွေကို စာလုံးပေါင်းလေးလွဲရုံလောက်ပေးပြီး နာမည်ယူနေတဲ့အတုတွေ ပေါ်လာတာ အဆိုးဆုံးပဲ အစ်ကိုရာ။


၉။ မြန်မာကဗျာလောကမှာ ကဗျာချဉ်းကပ်ခံစား ဝေဖန်မှု လုပ်ကြတဲ့အခါ တန်ဖိုးထား နားလည်ခံစားမှု( Appreciation ) နဲ့ ကောင်းဆိုး ဝေဖန် ချဉ်းကပ်သုံးသပ်( Criticize ) လုပ်တာ ဆိုပြီး နှစ်မျိုးနှစ်စားလုံး လုပ်ဆောင်ကြတာ တွေ့ရတယ်။ ဆရာမြဇင်၊ ဆရာ မင်းလှညွန့်ကြူး၊ ဆရာမျိုးသန့်၊ ကိုမင်းခက်ရဲ၊ သူရနီတို့ရဲ့ ကဗျာချဉ်းကပ်မှုတွေက Criticize ဘက်ကို အလေးသာပြီး ဆရာမောင်သာချိုနဲ့ ကို အောင်ခင်မြင့်တို့က Appreciation ဘက်ကို အလေးသာတယ်လို့ ကိုယ် မြင်တယ်။ မြန်မာကဗျာဝေဖန်ရေးအပေါ် ညီလေးတို့ရဲ့ အမြင်။ ပြီးတော့ အခု နှစ်ပိုင်း အွန်လိုင်းမှာ သဘောထားအမြင်မျိုးစုံနဲ့ လူပြောသူပြောများနေတဲ့ မောင်ဂျိုကာရဲ့ ကဗျာချဉ်းကပ်မှုတွေနဲ့ လူမှုရေး ဝေဖန်ချက်တွေအပေါ် အမြင်။

ကိုသျှား - Appreciation လုပ်တာပဲဖြစ်ဖြစ် Criticize လုပ်တာပဲဖြစ်ဖြစ် မြန်မာကဗျာလောကအတွက်
အတိအကျ လိုအပ်ပါတယ်။ဘာမှမလုပ်တာကိုပဲ မလိုအပ်တာပါ။အခုနောက်ပိုင်းမှာဆိုရင် ကဗျာတွေကို ချဉ်းကပ်ခံစားပြထားတာ
တွေရော၊အကောင်းအဆိုး ဝေဖန်သုံးသပ်ပြတာတွေရော မတွေ့ရသလောက် နည်းပါးနေတာကိုတော့ အားလုံး သတိပြုမိမယ်
ထင်ပါတယ်။တတ်သိနားလည်တဲ့ဆရာဆရာမများ စွမ်းဆောင်စေချင်ပါတယ်။မောင်ဂျိုကာနဲ့ပတ်သက်လို့ ပြောရရင်တော့ သူ့အရေးအသားတွေကို ကြည့်ရုံနဲ့ သူဟာ ကဗျာဗေဒတွေနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ကဗျာခံစားမှုမှာပဲ ဖြစ်ဖြစ် အဆင့်အတန်း
နိမ့်ကျသူတစ်ယောက်မဟုတ်ဘူးဆိုတာ သိသာပါတယ်။ပုဂ္ဂိုလ်ရေးဝေဖန်ချက်တွေ လျှော့လိုက်ရင် မောင်ဂျိုကာရဲ့ဆောင်းပါးတွေ
ဟာ ကျွန်တော်တို့မြန်မာကဗျာလောကအတွက် တစ်နည်းတစ်ဖုံ အကျိုးသက်ရောက်မှုရှိလာလိမ့်မယ်လို့ ထင်ပါတယ်။

လင်းလက်တာရာ - Appreciation ရော Criticize ရော နှစ်ခုစလုံး လိုအပ်ပါတယ်။ ဝေဖန်ဆန်းစစ်မှု တွေ ရှိမှလည်း တိုးတက်မှု တွေ ရှိမှာပါ။ အခုအခြေအနေက ကဗျာဝေဖန်ရေးသမားက ဗေဒါ တစ်ပင်ဆို ကဗျာရေးသားသူက ဘဲအုပ် တစ်ရာ နှစ်ရာ အနေအထားကို ရောက်နေသလိုပဲ။ ဝေဖန်ရေး ဆိုရာမှာလည်း ချစ်သူကို သာစေ မုန်းသူကို နာစေ ကြီးကတော့ လုံးဝကို မရှိသင့်တဲ့ အရာပါ။ သမာသမတ်ရှိဖို့ အရေးကြီးပါတယ်။ ပုဂ္ဂိုလ်ရေး ဝေဖန်မှုတွေမလုပ်ပဲ စာပေအနုပညာပေါ်မှာပဲ အကယ်ဒမစ်ကျကျ လုပ်ဆောင်ရင်တော့ ဒါဟာ  တကယ်လေးစားစရာပါပဲ။ ဆရာဇော်ဇော်အောင်၊ဆရာဇေယျာလင်း၊ဆရာဇော်ဇော်ထွန်းတို့ ရဲ့ ကဗျာဆိုင်ရာဆောင်းပါးတွေ၊ ဆရာမင်းခက်ရဲ၊ ဆရာသူရနီ၊ ဆရာအောင်ရင်ငြိမ်း စတဲ့ ဆရာတွေရဲ့ ကဗျာချဉ်းကပ်တွေဟာ လေ့လာသူလူငယ်တွေအဖို့ အလွန်ကိုတန်ဖိုးရှိပါတယ်။ ကဗျာအမြင်တွေလည်း တိုးတက်ပွင့်လင်းလာပါလိမ့်တယ်။ မောင်ဂျိုကာ နဲ့ မောင်ချာလီကိုတော့  ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု တွေကို လျော့ပြီး ကဗျာဝေဖန်ရေး တွေ ဆက်လုပ်ပေးပါလို့ တောင်းဆိုလိုက်ပါတယ်။

ကျော်ဦး(လှိုင်) - ကဗျာချဉ်းကပ်တွေကတော့ လေးလေးစားစားနဲ့အားပေးရမှာပါ။  ချစ်လို့ရိုက်တာ ကောင်းစေချင်လို့ရိုက်တာမျိုးတွေပေါ့အစ်ကို။ ကြည့်မရလို့ရိုက်တာဆိုရင်တော့ ဘာမှလေးစားစရာ မရှိတဲ့လုပ်ရပ်ပါပဲ

၁၀။ ၂၀၁၀ အလွန် ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ခေတ်ပေါ်ကဗျာ၊ အယ်လ်ပီ၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ ဖလာ့ဖ်၊ စကားပြေကဗျာ စသဖြင့် ကဗျာအယူအဆ/ အမျိုးအစားတွေ ရှိနေကြတယ်။ ခေတ်ပြိုင်ကဗျာ( Contemporary Poetry) ဆိုတဲ့ ဝေါဟာရအပေါ်မှာလည်း အမြင်နဲ့ ၀ိဝါဒ အမျိုးမျိုး ကွဲပြားနေကြတယ်လို့ ထင်တယ်။ ကိုဇော်ဇော်ထွန်းကတော့ ခေတ်ပြိုင်ကဗျာလို့ မြန်မာလို မပြောဘဲ Contemporary Poetry လို့ အင်္ဂလိပ်လို တိုက်ရိုက် သုံးနှုန်းပြောဆိုဖို့ အကြံပေးထားတယ်။ ခေတ်ပြိုင်ကဗျာဆိုတာ တချိုကဗျာဆရာတွေ ယူဆနေသလို ကဗျာအမျိုးအစားသစ် တစ်ခုလား။ ဒါမှမဟုတ် ၂၀၁၀ အလွန် မြန်မာနိုင်ငံမှာ အသစ်ဖြစ်ထွန်းလာတဲ့ ကဗျာအမျိုးအစားသစ်တွေကို ခြုံငုံခေါ်ဝေါ်တဲ့ ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခုလား။ ညီလေးတို့ ဘယ်လို ခွဲခြားနားလည်ထားလဲ။ ညီလေးတို့ အမြင်နဲ့ဆိုရင် ခေတ်ပေါ်ကဗျာကိုရော ၂၀၁၀ အလွန် ခေတ်ပြိုင်ကဗျာစာရင်းထဲ ထည့်မလား။ ချန်ထားခဲ့ချင်လား။ ပြီးတော့ လာမယ့် ဆယ်စုနှစ်တစ်ခု အတွင်း ခေတ်ပြိုင်မြန်မာကဗျာရဲ့ အလားအလာ။ ဘယ်လို ကဗျာအမျိုးအစားတွေ ဆက်လက် ရှင်သန်ရပ်တည် နေနိုင်မယ် ထင်လဲ။ ဘယ်လို ကဗျာ အမျိုးအစားသစ်တွေ အသစ် ပေါ်ပေါက် ထွန်းကားလာမယ်လို့ ခန့်မှန်း ထင်ကြေးပေးမလဲ။

ကိုသျှား - ကျွန်တော် ယူဆချင်တာကိုပဲ ပြောပါ့မယ်...။အကိုဇော်ဇော်ထွန်းအကြံပြုသလို Contemporary Poetry လို့ အင်္ဂလိပ်လို တိုက်ရိုက်သုံးသုံး ခေတ်ပြိုင်ကဗျာလို့ပဲ သုံးသုံးပေါ့။အသစ်ဖြစ်ထွန်းလာတဲ့ ကဗျာအမျိုးအစားသစ်တိုင်းကို ခြုံငုံခေါ်ဝေါ်တဲ့ ပညာရပ်ဆိုင်ရာဝေါဟာရလို့တော့ ကျွန်တော် မယူဘူး။ အသစ်ဖြစ်ထွန်းလာတာတွေက ခေတ် စနစ် အာရုံခံစားပုံ တစ်သီးပုဂ္ဂလဝေဒနာ...အဲဒါတွေကို လုံးဝနီးပါး ပစ်ပယ်ထားတယ်ဆိုရင်တော့ ခေတ်ပြိုင်ကဗျာလို့ ကျွန်တော် လက်မခံနိုင်သေးဘူး
ကျွန်တော့်အနေနဲ့ဆိုရင် ခေတ်ပေါ်ကဗျာကိုလည်း ၂၀၁၀အလွန် ခေတ်ပြိုင်ကဗျာစာရင်းထဲ ထည့်ချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ အခု ကျွန်တော်တို့ တွေ့ရသလောက် အကိုမောင်ဆေးရိုး၊အကိုနိုင်မွန်
အကိုခရမ်း၊အကိုမောင်ဖီလာ သူတို့ရဲ့ကဗျာတွေကို ခေတ်ပြိုင်ကဗျာစာရင်းထဲ ထည့်လို့ရတဲ့ ခေတ်ပေါ်ကဗျာတွေလို့ ကျွန်တော်
ယုံကြည်လို့ပါပဲ။ခေတ်ပြိုင်မြန်မာကဗျာရဲ့ အလားအလာကိုတော့ ကျွန်တော် မခန့်မှန်းတတ်ပါဘူး...။ဒါပေမယ့် ဘယ်လိုကဗျာအမျိုး
အစားသစ်တွေပဲပေါ်ပေါ် ဘယ်လိုအယူအဆတွေပဲ ရှိနေပါစေ သူများလုပ်တိုင်း လိုက်လုပ်တတ်တဲ့ မျောက်လိုကဗျာဆရာတစ်ယောက် မဖြစ်အောင်တော့ ကျွန်တော့်ကိုယ်ကျွန်တော် အမြဲသတိပေးနေပါတယ်။


လင်းလက်တာရာ - ခေတ်ပြိုင် ကဗျာ ဆိုတာ ခေတ်တစ်ခေတ်တည်းမှာ အပြိုင်ပေါ်ထွက်လာတဲ့ ကဗျာအမျိုးအစားအကုန်လုံး ကို ခြုံငုံခေါ်ဝေါ်တာ ဖြစ်သလို ခေတ်ပြိုင်ကဗျာအမျိုးအစားအသစ်တွေကို ရည်ညွှန်းတာလည်း ဖြစ်တယ် လို့ အကြမ်းဖျင်းသဘောပေါက်ထားပါတယ်။ပြီးတော့ ခေတ်ပြိုင်အကြောင်းချင်းရာတွေကို ရေးသားထားတဲ့ကဗျာတွေကိုလည်း ခေတ်ပြိုင်ကဗျာလို့ လည်း ပြောလို့ ရပါတယ်။ ခေတ်ပေါ်ကဗျာတွေကလည်း ခေတ်ပြိုင်အကြောင်းချင်းရာတွေ ရေးသားကြတော့ ခေတ်ပြိုင်ကဗျာထဲ အကျုံးဝင်နေမှာပါပဲ၊  ခေတ်ပေါ်ကဗျာကို ဘယ်သူတွေက ဘယ်လိုပဲထားခဲ့ ထားခဲ့ ပင်မရေစီးကြောင်းကတော့သူ့ အလှနဲ့ သူစီးဆင်းနေဦးမှာပါပဲ။ ခေတ်ပေါ်သာမရှိခဲ့ဘူးဆိုရင် ခေတ်ပြိုင်ကဗျာအမျိုးအစားအသစ်တွေလည်း ပေါ်လာစရာအကြောင်း မရှိပါဘူး။ ကျွန်တော်တို့ ရဲ့ မိခင်မြစ်မ,ဖြစ်တဲ့ ခေတ်ပေါ်ကဗျာကိုတော့ ယန်ဇီမြစ်လို မခန်းခြောက်စေချင်ပါဘူး။ သူ အနုပညာနဲ့ သူ ၊သူ့ တန်ဖိုးနဲ့ သူ ဆက်လက်စီးဆင်းစေချင်ပါတယ်။ ဆရာဇော်ဇော်ထွန်းရဲ့ အကြံပေးမှုဟာ အလေးအနက်ထား ဝိုင်းစဉ်းစားစရာပါ။ ပညာရပ်ဆန်တဲ့ အတွက် ကျွန်တော် လက်လွှတ်စပယ် မသတ်မှတ်ဝံ့ပါဘူး။ ဘယ်လိုကဗျာအမျိုးအစားတွေ ဆက်လက်ရှင်သန်ရပ်တည်မလဲ ဆိုတာကတော့ ပြောရခက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က ကဗျာလောဘကြီးသူတစ်ယောက်ဆိုတော့ ကဗျာအမျိုးအစားအကုန်လုံးကို ဆက်လက်ရှင်သန် တိုးတက်ရပ်တည်စေချင်ပါတယ်။ တစ်မျိုးတစ်စားတည်း အားကောင်းသွားမယ်ဆို ကဗျာအနုပညာ ဘောင်ကျဉ်းသွားနိုင်ပါတယ်။ အနုပညာနယ်ပယ်မှာ ကဗျာဟာ အနက်ရှိုင်းဆုံးနဲ့ အကျယ်ပြန့် ဆုံးပါပဲ။ နောက်ထပ် ဘယ်လို ကဗျာအမျိုးအစား အသစ်တွေ ပေါ်ထွက်မလာတော့ဘူးဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ပေါ်ထွက်လာခဲ့ရင်လည်း ကြိုဆိုဖို့ အသင့်ပါ။ လူငယ်တွေရဲ့ အသံကို ဖော်ထုတ်ပေးတဲ့ ဆရာအောင်ရင်ငြိမ်းကိုလည်း ကျေးဇူးအရမ်းတင်ရှိပါတယ်။
ကျော်ဦး(လှိုင်) - လက်ရှိစမ်းသပ်ကဗျာနဲ့ ရေးဟန်ပြောင်းလာတဲ့ ခေတ်ပေါ်ကဗျာတွေအားလုံးကိုခြုံငုံပြီးတော့ ခေတ်ပြိုင်အဖြစ်ခေါ်လို့ရမယ်လို့ ကျွန်တော်ထင်တယ်။ ခေတ်ပြိုင်ကဗျာကအခုဆို လူငယ်ကဗျာတွေ အများကြီး ရေးနေကြတဲ့ အမျိုးအစားအဖြစ် ထွန်းကားလာပါပြီ။ စစ်မှန်တဲ့ အနုပညာတွေ အောင်မြင်စွာ ကျန်ခဲ့မှာပါအစ်ကို။ ကဗျာက မပြီးဆုံးနိုင်တဲ့အနုပညာအဖြစ်နဲ့ ဖွံ့ဖြိုးတိုက်တက်နေမှာပဲ လို့ကျွန်တော် ယုံကြည်ပါတယ်။

အောင်ရင်ငြိမ်း

No comments:

Post a Comment