ွှTranslated Prose
Monday, December 24, 2012
သူငယ်ချင်းအရူး
ဟိုတစ်နေ့ည Cheers ဆိုတဲ့ဆိုင်လေးမှာ ငါတို့သူငယ်ချင်းတွေ၊ငါတို့သူငယ်မချင်းတွေ၊
ငါတို့သူငယ်မချင်းတချင်းတွေ ပြန်ဆုံကြတော့ မင်းအကြောင်းစကားစပ်မိကြတယ်
မိုးတွေအရမ်းရွာတဲ့တစ်နေ့
ငါတို့မြို့ကလမ်းမပေါ်မှာ ထီးကြီးတစ်ချောင်းကိုင်လို့ မင်းလျောက်သွားနေတယ်ဆိုလား
ထီးပါလျက်နဲ့ဖွင့်မဆောင်းဘဲ မင်းတစ်ယောက်တည်း စကားတွေပြောရင်း လမ်းလျောက်နေတယ်ဆိုလား
မင်းအတွေးအခေါ်တွေက တစ်ခါတစ်ခါ ဟိုးဘက်အစွန်းကိုရောက်ရောက်သွားပြီး
တစ်ခါတစ်ခါ ဒိဘက်အစွန်းကိုရောက်ရောက်နေတယ်ဆိုလား
မင်းရည်းစားရဲ့ ညီမအရင်းခေါက်ခေါက်က မင်းအကြောင်းဖောက်သည်ချလို့မို့ မင်းရည်းစားရဲ့သူငယ်ချင်းတွေက မင်းအကြောင်းသိရတယ်ဆိုလား
အရင်ကဆို မင်းကစိတ်ရင်းကောင်းသူ ၊ သဘောထားပြည့်ဝသူ၊သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးပြေပြစ်သူ
တစ်ခါတစ်ခါ ပျောက်ပျောက်သွားတတ်ပြီး တစ်ခါတစ်ခါမှ သူငယ်ချင်းတွေကြားပြန်ရောက်လာတတ်သူ
အရင်တစ်ခေါက်တုန်းကတော့ မင်းအတော်အဆင်ပြေနေတယ်ဆိုတဲ့ သီတင်းကြားရတယ်ဆိုလား
နယ်မြို့လေးတစ်မြို့မှာ ဆေးခန်းဖွင့်လို့တဲ့ ၊ ခုမှဘယ်လိုဖြစ်တာလဲ၊ညာလိုဖြစ်တာလဲ ဘာလားညာလားဆိုပြီး
ငါတို့မှာ အံ့တွေသြလို့
ငါတို့မြို့မှာမိုးတွေရွာရင် တီကောင်တွေအရမ်းထွက်တတ်တဲ့အကြောင်းစကားစပ်မိရာကနေ
တီကောင်တွေမှာအရိုးမရှိတဲ့အကြောင်းပြောကြရင်း အရိုးမရှိတိုင်းပြောတတ်တဲ့ ငါတို့လျှာတွေကို
တီဆားနဲ့တို့သလို တွန့်တွန့်နေမိတယ်
ပျောက်သွားတဲ့ File တွေပြန်ရှာရင်း ၊မမှတ်မိတော့တဲ့အကြောင်းတွေပြန်စဉ်းစားရင်း
သိမ်းထားတဲ့မှတ်ဥာဏ်တွေကို ပြန်ခေါ်ရင်း၊ရင်းနေတဲ့အနာကို ပြန်ပြန်ဆွရင်း
များများ၊ မြန်မြန်၊ပိုပိုသာသာ လိုတာရော မလိုတာရော ငါတို့ရောရောပြီးရောလိုက်ကြတယ်
ဒီလိုမှန်းသာသိရင် ဒီလိုမလုပ်ပါဘူး ဒီလိုမှန်းသာသိရင် နည်းပညာကောလိပ်မတက်ပါဘူး
ဒီလိုမှန်းသာသိရင် ဒီမေဂျာမယူပါဘူး ဒီလိုမှန်းသာသိရင် ဆရာဝန်မလုပ်ပါဘူး
ဒိလိုမှန်းသာသိရင် ခြောက်ချင်ယောင်ဆောင်ပြီး အလှပြုပြင်ရေးတာပေါ့
ဒီအတိုင်းဆိုရင်တော့ အတိတ်ကိုရော အနာဂတ်ကိုရော ပစ္စုပ္ပန်ကိုရော ရောရောမသွားအောင်အာရုံစုစည်းရဦးမှာပဲ
ဒီအတိုင်းဆိုရင်တော့ သတင်းကိုရော အတင်းကိုရော သီချင်းကိုရော ရောရောမသွားအောင် Filter ခံရဦးမှာပဲ
ဒီအတိုင်းဆိုရင်တော့ ဆေးလိပ်ကိုရော အရက်ကိုရော ဘီယာကိုရော ရောရောမသွားအောင် Time table ဆွဲရဦးမှာပဲ
ဒီအတိုင်းဆိုရင်တော့ Phone no. ကိုရော Email လိပ်စာကိုရော Facebook ကိုရော ရောရောမသွားအောင် မှတ်စုထုတ်ရဦးမှာပဲ
ဒီအတိုင်းဆိုရင်တော့ မိသားစုကိုရော ချစ်သူကိုရော အပေါင်းအသင်းကိုရော ရောရောမသွားအောင် အကန့်ခွဲရဦးမှာပဲ
ဒီအတိုင်းဆိုရင်တော့ အလုပ်ကိုရော ကိုယ်ရေးကိုယ်တာကိုရော ရောရောမသွား အောင် တက်ကြမ်းဖတ်ရဦးမှာပဲ
ဒီအတိုင်းဆိုရင်တော့ ကျောသားရော ရင်သားရော ရောရောမသွားအောင် ခေါင်းဆောင်မှုအတတ်ပညာသင်ရဦးမှာပဲ
ဒီအတိုင်းဆိုရင်တော့ လူကိုရော လေကိုရော ရေကိုရော ရောရောမသွားအောင် Treatment လုပ်ရဦးမှာပဲ
ဒီအတိုင်းဆိုရင်တော့ ရုပ်ကိုရော နာမ်ကိုရော ရောရောမသွားအောင် သတိကပ်ရှုမှတ်ရဦးမှာပဲ
ငါ့သူငယ်ချင်းအရူး
ငါလည်းရူးချင်နေပြီ။
မင်းစိုးရာ
၂၀၁၁
Subscribe to:
Post Comments (Atom)
No comments:
Post a Comment