Monday, December 24, 2012

နေကြာပန်း ၂


ငါတို့ဟာ ဘာလိုလိုနဲ့ လူအဖြစ်ကိုရရှိခဲ့ကြတာပေါ့၊ ငါတို့အသက်တွေကြီးလာတယ်၊ ကုန်ထုတ်လုပ်မှုတွေ တဖြည်းဖြည်းကျဆင်းလာတယ်၊ အဆင်ပြေပါရဲ့လား ကမ္ဘာကြီး၊ ခင်ဗျားစကားပြေမှာ ကျွန်တော့်အရေးအသားတွေ တွေ့တွေ့နေရတာ၊ ဆာလောင်မှုဟာ ငါ့သွေးမှာ မြွေလိုဝင်ခွေနေ၊ ပျော်ရွှင်ခြင်းဂီယာအတင်းထိုး၊ လူအဖြစ်က အတင်းဆောင့်ရုန်း၊ မျက်နှာတွေကို တစ်ခုချင်းလိုက်ကြည့်၊ ငါ့ကို စွန်းထင်းခဲ့တဲ့အညစ်အကြေး၊ ငါပြုခဲ့တဲ့မကောင်းမှုတွေ၊ မြို့ပြဟာ ငြီးငွေ့ဖွယ်၊ အာရုံမှာ အ၀ါရောင်၊ စီးကရက်တစ်လိပ်ဟာ မိန်းမပျက်တစ်ယောက်၊ အာရုံဟာ မှောက်မှားလို့၊ အ၀ါရောင်… သူ့ရနံ့သူ လှုပ်ချနေတဲ့ ပန်းပွင့်၊ သူ့ကိုသတိရလို့ မျက်ရည်ကျ၊ လူသားဆန်မှု ဆားကစ်တွေက အလုပ်မလုပ်တော့ဘူး၊ ကျွန်တော်ဟာ အနည်မထိုင်သေးတဲ့ အမှုန်အမွှား၊ ၂၆-၉-၁၉၈၃၊ ၀၉၅၁၃…. ၊ ကိုယ်ရေးကိုယ်တာ၊ အရာရာဟာ စိတ်ပျက်ဖွယ်၊ ငါတို့ဟာ ဒီလိုရှင်သန်ခဲ့ကြတာပေါ့၊ ခေတ်ကြီးကိုက ဘာလိုလို၊ မင်းအကြောင်း ခုတလော အတော် တွေးဖြစ်တယ်၊ အခွန်မဆောင်ရသေးလို့ ငါဖုန်းရော ကိုယ်ကျင့်တရားရော အပိတ်ခံထားရတယ်၊ တီရှပ်အဟောင်းအမြင်းတစ်ထည်လို ငါ့ဘ၀ထဲက ဆွဲချွတ်လိုက်ချင်တယ်၊ ငါပြုတဲ့ကံကို ငါပဲခံရမှာပေါ့၊ ဒါပေမယ့် ရွဲကုန်သည်လို ငါ့မှာဇဝေဇ၀ါ၊ ငါ့မှာ စကားတွေမှားမှားနေတာ၊ ရန်ကုန်မှာ ရာသီဥတု သာယာရဲ့လား၊ အဆင်မပြေတာကလွဲရင် အစစအရာရာ အဆင်ပြေပါရဲ့လား၊ ဘ၀ကြမ်းခင်း အေးစက်စက်ကြီးပေါ် ပစ်ချခံရ၊ အဓိပ္ပါယ်ရှိသလိုလို အဆက်အစပ်မဲ့သလိုလို၊ ငါဟာ ပြောင်ချော်ချော် သရုပ်ဆောင်ရ၊ Photoshop သုံးရ၊ ဆို့နင့်ရ၊ ဘ၀မှာ ဒုက္ခသစ္စာကို ဘယ်လိုနိမိတ်ပုံမျိုး သုံးမလဲ၊ အိပ်မက်တစ်ခုလို ငါလျှောက်လာ၊ အပြင်လောက၊ သုည၊ အတွေးထဲက လျှောကျလာတဲ့ ကဗျာ၊ မြွေတစ်ကောင် အရေခွံလဲသလို ငါ့အသွေးသားကို ချွတ်ချလိုက်ချင်တယ်၊ စိတ်ကူးသက်သက်၊ ဆက်ရန်မရှိ၊ ၀ံပုလွေတစ်ကောင်၊ ငါ့ညကို ပူးသတ်ဖို့၊ အကိုက်အခဲပျောက် ဆေးပြားတွေ၊ သင်ခန်းစာအမှား၊ လူအဖြစ်က အင်ဂျင်ကျနေပြီ၊ ငါ့ခေါင်းထဲမှာ ၀ိုင်ယာကြိုးတွေရှုပ်ထွေးနေပြီ၊ ချစ်ခြင်းမေတ္တာမရှိ၊ ငါဟာငြင်းဆန်လို့၊ ခေါ်သံတစ်စုံတစ်ရာ၊ အိပ်မက်လား မသဲကွဲ၊ အာရုံခံစားမှု တွေမရှိ၊ ဘာမှမသိတော့ဘူး၊ ကြိုးစားပေါ့ကွာ ဒီလိုပဲ ဒီလိုပါပဲ၊  ငါတို့ဟာ… ခေတ်ကြီးကို မျက်မှောက် ပြုလို့၊ ငါတို့ဟာ ဘာကိုမျှော်လင့်ရမလဲ၊ အချစ်မှာ မှားယွင်းလို့၊ ဒီလိုပေါ့ကွာ…၊ အမေ့ဆီ ဖုန်းဆက် မရတာ၊ နင့်ကိုသတိရတယ်၊ မရောက်တာကြာလို့ ကြာပန်းတွေ ပွင့်နေတာပေါ့၊ ရပါတယ် နေကောင်း သွားမှာ အဆင်ပြေသွားမှာပါ အဲဒီကောင်ကအရမ်းပါးတယ် ဘာမှမဖြစ်တော့ပါဘူး၊ ငါတို့ဟာ ကိုယ့် ကိုယ်ကို အားပေးနေတာ၊ အလွမ်းဇာတ်မှာ ငါတို့ဟာ စိုးရိမ်နေတာ၊ နေရောင်ခြည်ကိုမုန်းတယ်၊ ငါတို့ဟာ လူဖြစ်နေတာ၊ လူဖြစ်ဖို့ကြိုးစားနေရတာ၊ တိတ်ဆိတ်မှုထဲ ကျွံဝင်နေ၊ လက်ကောက်ဝတ်က သွေးကြောကိုလှီးဖို့၊ ဘာကိုမှမတွေးနဲ့၊ ဘာကိုမှ တွေးဖို့မကြိုးစားနဲ့၊ မှန်နံရံတွေ၊ ပုံရိပ်ယောင်၊ ဖြစ်နိုင်ရင် မင်းငရဲမီးထဲ ငါထပ်တိုးဝင်ချင်တာ၊ နောက်မှ ဖုန်းထပ်ဆက်လိုက်မယ်၊ ဗလာ၊ ငါ့သိမှုဟာ လေဟာနယ်၊ ထင်ယောင်ထင်မှားဖြစ်နေတာ

                                                                                                                     ဘုန်းနေသွန်း
                                                                                                             ၂၂-၅-၂၀၁၁   

1 comment: