Tuesday, December 25, 2012

ဘ၀ရဲ့လက်ကျန်အချိန်တွေကို တစ်ဝက် ပေါင်ပြီး တစ်ဝက် အပြတ်ရောင်းတော့မယ်


သက်တမ်းစေ့နေရမယ်ဆိုရင် လူ့အဖြစ်ကို ကိုယ် အဲဒီလောက်ကြီး ရွံရှာနေမှာမဟုတ်ဘူး

ဖုန်းဆက်တော့ အမေက ကိုယ့်အသံကို မမှတ်မိတော့ဘူး
ကိုယ်မွေးထားတဲ့ခွေးလေး အထက်တန်းစားဆန်ဆန် အူတတ်ဟောင်တတ်နေပြီလား
အခုလို တစ်မြို့လုံး လင်းထိန်နေတာ မြင်ရတော့ ကိုယ့်အခန်းတံခါးကို
ရောက်ရာအရပ်က ဆွဲဖွင့်လိုက်မိတယ်

ကိုယ်က လူယဉ်ကျေးတစ်ယောက်ဆိုတော့ မကျေနပ်ရင် မကျေနပ်တဲ့အတိုင်း ပေါက်ကွဲ
နာရင် နာတယ်လို့ အော်ပစ်လိုက်တာပဲ
လူတွေက တရားဓမ္မလိုလို နေထိုင်ကြတဲ့အခါမှာ ကိုယ်က တရားဓမ္မအဖြစ် ရှင်သန်တယ်
ရေကိုသောက်တာ မဟုတ်ဘူး၊အာဟာရကိုပဲ သောက်တာ
အရက်ကိုသောက်တာ မဟုတ်ဘူး၊အရသာကိုပဲ သောက်တာ

ကိုယ်ပြုံးနေတာ မြင်ရရင် ကိုယ်ပျော်နေလို့ပဲ
ကိုယ့်ရယ်မောသံကြားရရင် ကိုယ် ကြည်နူးနေလို့ပဲ
ကိုယ်က တစ်ယောက်တည်းအဖြစ်မှာ နှစ်ချို့လာတော့ ကိုယ့်ကိုယ်ကို ကြောက်လာတယ်
အလင်းရောင်ရှိတဲ့နေရာတွေမှာ ကိုယ် မနေတော့ဘူး
ကိုယ့်အခိုးအငွေ့ကို ထိုးဖောက်ဖြတ်သန်းသွားမယ့် လူကြီးလူကောင်းတွေနဲ့
မျက်နှာချင်း မဆိုင်ချင်တော့ဘူး
အရာရာဟာ ထစ်အဆိတ်သုဉ်း

ကိုယ့်ခန္ဓာကို မိန်မတစ်ယောက်ဆီ တစ်ညဖိုးလောက် ရောင်းချင်တယ်

သွေးနဲ့သားနဲ့လူသားစစ်စစ်ကြီးပါကွာ
ကိုယ်ဟာ ပလိပ်ရောဂါကျရောက်နေတဲ့နယ်မြို့လေးတစ်မြို့
ကိုယ် အရမ်းသိမ်ငယ်မွန်းကြပ်လွန်းလို့ မင်းလက်တစ်ဖက်ကို ဆုပ်ကိုင်ဖျစ်ညှစ်မိတာပါ
အေးစက်ထုံကျင်နေတဲ့ကိုယ့်လက်ဖ၀ါးတွေကို
မင်းရင်အုံနွေးနွေးလေးထဲ ထည့်ပြီး ကြယ်သီးတပ်ထားပေးပါ
ကိုယ့်ဆောင်းရာသီတွေကို မင်းရဲ့မီးလင်းဖိုညတွေနဲ့ ၀ယ်ပါ

အဖျားတက်တုန်ယင်ပြီး မင်းနာမည်ကို ဂယောင်ဂတမ်း ရေရွတ်ညည်းညူမိတဲ့အခါ
မင်းရဲ့နားတွေကို ပိတ်မပစ်လိုက်ပါနဲ့
ကိုယ့်ကိုယ်ကို ဘာမှန်းမသိတဲ့နေ့ရက်တွေဆီက အဓိပ္ပာယ်တစ်ခုခု ထွက်ကျလာဖို့
မျှော်လင့်ထားပါတယ်

လမ်းလျှောက်ရင်းဖြစ်ဖြစ်၊ဘစ်ကားစီးရင်းဖြစ်ဖြစ်၊လက်ဘက်ရည်သောက်ရင်းဖြစ်ဖြစ်
အလုပ်လုပ်ရင်းဖြစ်ဖြစ် မင်းအသည်းကွဲတာကို မေ့ပြီး ကိုယ့်ကို အပေါင်ဆုံးပစ္စည်းလို ၀ယ်ပါ
ဒီအသက်ဒီအရွယ်ရောက်မှ ဆယ်ကျော်သက်တစ်ယောက်လို လက်မောင်းသွေးဖောက်ပြီး
အချစ်ကို သက်သေမပြချင်တော့ဘူး။

မသေခင် အားရပါးရ ချစ်ထား၊သေမှ လာမငိုနဲ့။ ကိုယ် တငွေ့ငွေ့ လောင်နေတယ်။

ကိုသျှား

No comments:

Post a Comment