Tuesday, January 8, 2013

သ မား ရိုး ကျ အ မှ န် တ ရား များ စွာ နှ င့် ရု ပ် ရှ င်

အဆုံးသတ်မလှပခဲ့သော အဖြစ်အပျက်တစ်ခု၏နောက်ကွယ်တွင် သူမကို သတိရလွမ်းဆွတ်
ခြင်းများသည် ကျွန်တော့်ရင်ခွင်တစ်ခုလုံးပြည့်နှက်စွာ နေရာယူလျှက်ရှိသည် ။ ထိုအရာသည်သမရိုးကျ
ပင်ဖြစ်ပါသည်။အမှန်တကယ်ပင်သမရိုးကျဖြစ်၏ ။ သူမ ရေရွတ်ပြောဆိုနေကျပုံစံအတိုင်း ကျွန်တော်
လိုက်ပါပြောဆိုလိုက်ချင်သည် ။ သမရိုးကျပါပဲဟု အမှန်တစ်ကယ် ခပ်တိုးတိုး ရွေရွတ်ကြည့်လိုက်ချင်၏ ။
အလွမ်းဇာတ်ကွက်များနှင့် စိတ်ကူးယဉ်အနည်းငယ်ဆန်သောအချစ်အကြောင်းရုပ်ရှင်များ၏အဆုံးသတ်တွင်
( အများအားဖြင့် ) ဇာတ်ကောင်နှစ်ယောက် ဝေးကွာသွားလေ့ရှိကြောင်း အားလုံးသိရှိပြီးဖြစ်ပါလိမ့်မည် ။

           မျှော်လင့်ချက်များပျောက်ဆုံးသွားသော အိပ်မက်ဆန်ဆန်ဇာတ်လမ်းတစ်ပုဒ်၏ ပြကွက်များသည်
မနေ့တစ်နေ့ကအတိုင်းပင် ကျွန်တော်၏စိတ်ထဲတွင် အသံ၏မြန်နှုန်းအတိုင်းစီးမျောအသက်ဝင်လေ့ရှိသည်
မှာသူမကိုသတိရ၍ သူမ အကြောင်းတိုက်ဆိုင်စွာတွေးမိချိန်တိုင်းပင် ဖြစ်ပါသည် ။ အချစ်ဆိုသည်မှာ
ရိုးသားသောမှားယွင်းမှုတစ်ခုဖြစ်ခဲ့လျှင်ထိုမှားယွင်းမှုအား အသက်ဝင်စေခဲ့သည့် တိုက်ဆိုင်မှုတစ်ချို့ကိုသာ
အပြစ်ကြီးစွာ ဒဏ်ခတ်တံဆိပ်ရိုက်နှိပ်လိုပါသည် ။

                                                                                 * * *

ဆိုပါစို့  ( သို့မဟုတ် ) ဆိုကြပါစို့

            သူမသည် ပတ်ဝန်းကျင် အဖြစ်အပျက်တော်တော်များများအပေါ်တွင် သမရိုးကျဟုခေါင်းစဉ်တပ်
အမည်ပေးလေ့ရှိသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ သမရိုးကျအဖြစ်အပျက်များစွာကို သဘောကျ
ယဉ်ပါးနှစ်ခြိုက်လှသော သူမသည်ကျွန်တော်နှင့်စတင်တွေ့ဆုံမှုအားလည်း သမရိုးကျဖြစ်စဉ်ဟု ခေါင်းစဉ်
တပ်ပါလိမ့်မည်။မှန်ပါသည် ။ ထိုအဖြစ်အပျက်၊ ထိုအကြောင်းအရာ၊ ထိုတွေ့ဆုံမှုသည် သမရိုးကျပင်
ဖြစ်ပါလိမ့်မည် ။

            သူမနှင့် ကျွန်တော် စတင်ဆုံဆည်းခဲ့သော အချိန်အခါသည် မန္တလေးမြို့၏နွေဦးပေါက်ရာသီ
ရော်ရွက်တစ်ချို့လွင့်ဝဲကြွေကျနေခဲ့သည့် အနည်းငယ်ပျင်းရိဖွယ်ကောင်းချိန်နေ့လည်ခင်းဖြစ်သည်။
နွေဦးရာသီ၏သဘာဝမြင်ကွင်းများကိုပျင်းရိငြီးငွေ့လေ့ရှိတတ်သောကျွန်တော်က ထိုရာသီရောက်တိုင်း
နေ့လည်ခင်းအချိန်များတွင် တတ်နိုင်သမျှအပြင်ထွက်လေ့မရှိပါ။ သို့သော် အနည်းငယ်ရှားပါသော
တစ်စုံတစ်ရာဟူသည့်ဖြစ်စဉ်တစ်ခုဖြင့် မန္တလေးနွေ၏ပူပြင်းမှုအောက်တွင်အထင်ကရနေရာတစ်ခု၌
သူမနှင့်ကျွန်တော် ရိုးသွားစွာတွေ့ဆုံခဲ့ပါသည်။ ထိုအချိန်အခါသည်လေပြေညှင်းတစ်ချို့လှုပ်ခတ်စွာ
တိုက်ခတ်နေခဲ့ခြင်းမရှိသလို၊ စိတ်ကူးယဉ်ဖွယ်ကောင်းသောကြည်နူးဆွတ်ပျံ့ဖွယ်ရှုခင်းတစ်ချို့နှင့်လည်း
 စိုးစဉ်းမျှပါဝင် ပက်သက်မှုမရှိကြောင်း မှန်ကန်မှုအဖြစ် ကျွန်တော် ထပ်လောင်းပြောကြားလိုပါသည် ။

           ဥပမာတစ်ခုအနေဖြင့် ( ဆိုကြပါစို့ ) ဟူသောစကားလုံးအားအသုံးပြု၍ တိုင်တည်မှုပြုရလျှင်
အဆင်ပြေပြည့်စုံနိုင်မည်လား ရေရာစွာမသိပါ။ သို့သော် ဆိုကြပါစို့ ဟုပင် အမည်တပ်ကာအကြောင်း
အရာတစ်ခုအတွက် ရူးနှမ်းစွာ ကျွန်တော် ဖွင့်ဟလိုပါ၏ ။ မှားယွင်းမှုအဖြစ် သတ်မှတ်လိုလျှင်လည်း
ရကောင်းရနိုင်ပါလိမ့်မည် ။

အခန်း ( I )

            နွေဦးပေါက်ရာသီ၏ ပျင်းရိဖွယ်ကောင်းသော ရော်ရွက်ဝါတစ်ချို့ဖြားယောင်းမှုထဲတွင်သူမ
ဆိုသောသက်ရှိတစ်ယောက်နှင့် ကျွန်တော်  သမရိုးကျအတိုင်းပင် စတင်တွေ့ဆုံခဲ့ ။
            ခံစားချက်အချို့ကိုဦးစားပေးလေ့ရှိသော ကျွန်တော်က သူမ၏ကျွမ်းကျင်စွာပြုလုပ်ထားသော
ဆွဲဆောင်မှု အများအပြားတွင် အရူးအမူးကျဆုံး ။ ရူးနှမ်းစွာ စွဲလမ်း ။ အမှတ်တရများစွာတဖြုတ်ဖြုတ်
ကြွေကျလွင့်စင် ။ ဧဒင်ဥယျာဉ်ထဲရှိလက်ဖြာမှုအပေါင်းပြည့်နှက်နေသော အိပ်မက်တစ်ပုဒ်ထဲတွင်
သူမနှင့်အတူ တမေ့တမော အတိုင်းအဆမရှိ လွင့်မျောကခုန် ။
            ထို့နောက်တွင် --------- ။

            အခန်း ( I ) ဟု ခေါင်းစဉ်တပ်ထားသော အကြောင်းအရာတစ်ခု၏အကျဉ်းချုပ်ရေးဖွဲ့မှုသည်
အခြားလူပုဂ္ဂိုလ်များ အသုံးပြုရေးဖွဲ့လေ့ရှိသည့် အချစ်အကြောင်းစာစုများထဲမှ ပုံမှန်အနေအထားများ
အတိုင်းပင် ဖြစ်ပါသည် ။ ( ပိုက်ဆံဆိုတာအသည်းခွဲတဲ့လူကြမ်းကြီးပါပဲ ) ဟု တံဆိပ်တပ်၍ရိုက်ကူးလေ့
ရှိကြသောဇာတ်နာအချစ်ဇာတ်လမ်းများထဲမှအတိုင်းပင် ကျွန်တော်နှင့်သူမ၏ နိဒါန်းသည်လည်း အစပိုင်း
တွင်ကြည်နူးဖွယ် ကောင်းခဲ့သည်ဖြစ်ကြောင်းကို ၀န်ခံလိုပါသည် ။လွန်စွာထူးဆန်းနေမည်မဟုတ်သည့်
အတွက် အသေးစိတ်ထပ်မံပြောကြားရန် မလိုအပ်ဟု ကျွန်တော် ယူဆမိပါသည် ။ထို့ကြောင့်ကျွန်တော်
ရှည်လျားစွာ အကျယ်တ၀င့်ရှင်းပြခြင်း မပြုဖြစ်တော့ပါ ။ အခန်း ( I ) သည် အဓိပ္ပာယ်များစွာနှင့်
အသက်ဝင်ပြီးမြောက်သွားပါသည် ။ ထိုအခန်းတွင် ကျွန်တော့်ကိုသူမတိုက်ဖူးခဲ့သော ကျုံးဘေးအအေး
ဆိုင်တန်းမှ ထောပတ်သီးဖျော်ရည်စွဲလမ်းခဲ့ဖူးသည်။

                   ကျွန်တော်၏မွေးးနေ့ဖြစ်သော စက်တင်ဘာလ ( ၂၅ ) ရက်နေ့တွင် မွေးနေ့လက်ဆောင်
အဖြစ် အမှတ်တရ၀ယ်ပေးသော Evisu တံဆိပ် စပို့ရှပ်အကျီလေးအား တစ်ကြိမ်တစ်ခါမျှပင် ၀တ်ဆင်ခြင်း
မပြုဖြစ်ဘဲ ဘီရိုထဲတွင် မြတ်နိုးစွာ ခေါက်ရာမပျက် သိမ်းထားခဲ့သော ဖြစ်စဉ်တစ်ခုလည်းပါသည် ။
ကြိုက်နှစ်သက်ခြင်းမရှိဘဲ ရွှေလက်ရာမုန့်ဟင်းခါးဆိုင်တွင် ဒုက္ခခံလိုက်ထိုင်၍ သူမ စိတ်ကောက်ခဲ့ဖူးကြောင်း
လည်း ပါသည်။ ကျွန်တော်၏အချစ်ကဗျာတစ်ပုဒ်စာအုပ်တွင် ပထမဆုံးပုံနှိပ်ဖော်ပြခံရချိန်တွင်ဟန်ဆောင်မှု
ကင်းစွာရယ်မောရင်း ပျော်ရွှင်ပေးခဲ့ဖူးခြင်းပါဝင်သည်။ သူမ စိတ်ညစ်လျှင်တစ်ယောက်မျက်မှာတစ်ယောက်
ကြည့်ရင်း ငြိမ်သက်ငေးမောကာအတူထိုင်ခဲ့ကြဖူးသော တောင်သမန်အင်းစောင်း၏ ဆိတ်ငြိမ်ညနေခင်းများ
အကြောင်းပင် ချွင်းချက်မရှိ ပါဝင်နေပါသေးသည်။

            သမရိုးကျအတိုင်းပင် ကျွန်တော်နှင့်သူမ၏ အရာအားလုံး ပါဝင်နေခဲ့ပါသည် ။ ထိုသို့သောပုံစံ
အတိုင်းနှင့်ကျွန်တော်တို့နှစ်ယောက်၏ ဖြစ်တည်မှုသမိုင်းသည် မည်သူမျှမသိရှိလိုက်ရပါပဲခမ်းနားစွာ
ပွင့်ဝေခဲ့ကြ၏ ။

                                                                                    * * *
အခန်း ( II )

            အခန်းထဲတွင် တစ်ဆောင်တည်းအတူနေသော သူငယ်ချင်းငှားရမ်းထားသည့် အချစ်ဝတ္ထု
တစ်အုပ်အားဘာရယ်မဟုတ် ဖတ်ကြည့်မိသောအခါ သူမကိုအနည်းငယ် သတိရမိသွားကြောင်း
ဝန်ခံလိုပါသည်။ ဇာတ်ကောင်များသည်အကြောင်းပြချက်မလိုဘဲတွေ့ဆုံ၍ စည်းချက်တစ်ခုနှင့်
အချစ်ဆိုသောဇာတ်လမ်းတွင် ပျော်မြူးခဲ့ကြ၏ ။ အိပ်မက်များသည်အိပ်မက်အလျောက်အရေးပါမှုများ
ရှိနိုင်၍ခံစားချက်ဆိုသည်မှာလည်း အထိုက်အလျောက်လှုပ်ခတ်ခွင့်ရှိနိုင်ပါသည် ။ ထိုသို့ဖြင့်ချစ်သူ
ရည်းစားများသည် ဘယ်ဘက်ရင်အုံထဲမှတဒိတ်ဒိတ်အော်မြည်သံများအား အချစ်ဟု လွယ်ကူစွာ
ဖြစ်ပျက်လေ့ရှိကြ၏ ။

          သီချင်းတစ်ပုဒ်၏ သရုပ်ဖော်ရိုက်ကူးမှုတွင် ကိုယ်နေဟန်များစွာနှင့် နာမည်ရမင်းသမီးတစ်လက်မှ
လွမ်းဆွေးဖွယ်ကောင်းစွာပင် ဒိုင်ယာလော့ခ်တစ်ခုအား အောက်ပါအတိုင်း ရေရွတ်မြည်တမ်းပုံအားယခုထိ
ကျွန်တော်၏မြင်ကွင်းနှင့် စိတ်အာရုံထဲတွင် စွဲထင်လျှက်ရှိသည် ။

       “ ကို - ကျွန်မတို့နှစ်ယောက်ဘ၀ ဘယ်လိုမှရှေ့ဆက်လျှောက်ဖို့ မဖြစ်နိုင်တော့ဘူး”
    “  အဲဒီတော့ ချစ် က ဘယ်လိုဖြစ်ချင်တာလဲ” ( မင်းသား ဒိုင်ယာလော့ခ် - လိုအပ်၍ယူငင်သုံးနှုန်း )
                 “  ကျွန်မတို့နှစ်ယောက်လမ်းခွဲကြတာ အကောင်းဆုံးပဲ ကို”

            တိုက်ဆိုင်စွာပင် စာအုပ်ထဲတွင် ဇာတ်ကောင်များသည်လည်း အမျိုးမျိုးသောအခြေအနေဖြင်
့ဝေးကွာခဲ့ကြသည်။ ထို့ထက်ပို၍တိုက်ဆိုင်သည်မှာ သူမသည် ကျွန်တော့်အား အကြောင်းပြချက်တစ်ခုနှင့်
အမှတ်တစ်နေရာတွင် ကျောခိုင်းထွက်ခွာရင်း ချန်ထားရစ်ခဲ့ပါသည် ။ စိတ်ကူးသက်သက်များဖြင့်သာ
ကျွန်တော် ရပ်ကျန်နေရစ်ခဲ့၏ ။

            သီချင်းတစ်ပုဒ်မျှပင်ဖြစ်စေ နားထောင်မည်တွေးလိုက်ပြီး ကျွန်တော်ရွေးချယ်၍ဖွင့်လိုက်တိုင်း ထွက်ကျ
လာတတ်သောသီချင်းမှာ ခင်စုစုနိုင် ဆိုသည့်အဆိုတော်ကောင်မလေး၏ ( မဝေးရဲ ) ဆိုသောသီချင်း
ဖြစ်သည် ။ ( မင်းမရှိတဲ့နေ့ရဲ့အဝေးမှာ အသက်မရှိတော့တဲ့အတိုင်း ) ဟူသော စာသားလေးပါသည့်
ထိုသီချင်းအား သူမအလွန်နှစ်သက်၏ ။ ကျွန်တော့်အခန်းငယ်ထဲတွင် ထိုသီချင်းသံအသားကျပျံ့နှံ့လျှက်ရှိ
သည်မှာကာလအတော်ပင်ကြာမြင့်ခဲ့ပြီ။ ( အမြဲတမ်းသတိရနေနော် အမြဲတမ်းသတိရပေးပါ သိလား ) ဟု
ကျွန်တော်၏ဆံပင်များကို ခပ်ဖွဖွထိတွေ့၍ သူမ မကြာခဏပြောကြားတတ်သော စကားနှစ်ခွန်းအား
ယခုထိတိုင် မမေ့နိုင်သေးပါ ။ မေ့ပစ်မည်ဟုတွေးတော၍ ကြံရွယ်စိတ်ကူးလိုက်သော်လည်း လွမ်းဆွတ်ခြင်း
သည်သာကျွန်တော်၏ ရင်သို့ ကန့်လန့်ဖြတ် လာရောက်ချည်နှောင်လေ့ရှိပါသည် ။

            ကျွန်တော်နေထိုင်သော အခန်း၏ အိပ်ရာ၊ ကုတင်ခေါင်မိုးနှင့် မျက်နှာကြက်တွင် လမ်းခွဲခြင်းဖြစ်စဉ်
တစ်ပုဒ်သည်အခန်းဆက်ရုပ်ရှင်အဖြစ် ညစဉ်ပြသလျှက်ရှိ၏ ။ ဖြစ်ကလက်ဆန်းနေထိုင်မှုပြယုဂ်သည်
ကျွန်တော်ဆိုသောသက်ရှိ၏ သမိုင်းကြောင်းတွင် လပေါင်းများစွာပင် အခိုင်အမာနေရာယူလျှက်ရှိနေဆဲပင် ။
ဝေဒနာဟူသည်လူတစ်ယောက်အတွက်မဖြစ်မနေကြုံတွေ့ရမည်ဖြစ်သော သမရိုးကျဖြစ်စဉ်တစ်ခုဆိုခဲ့လျှင်
ကျွန်တော် သူမကို အမည်တပ်၍မရသည့်ဝေဒနာတစ်ခုနှင့်အတူလွမ်းဆွတ်နေပါသည် ။

             မန္တလေးမြို့တွင် အချိန်အခါမဟုတ်ပါဘဲ တစ်ပြိုက်၊ နှစ်ပြိုက်ဆိုသောအခြေအနေနှင့် မိုးပြေးသည်
ခရီးသွားဟန်လွှဲဆန်ဆန် ခဏတာ ရွာသွန်းလျှက်ရှိသည် ။ ဘာရယ်မဟုတ်ပါဘဲနှင့်ကျွန်တော်တို့အတူသောက်
ဖြစ်နေကျလက်ဖက်ရည်ဆိုင်လေးတွင် သူမအတွက်ရည်ညွှန်း၍ နက်စ်ပလိန်းတစ်ခွက်အား တစ်နေ့နေ့ဆိုသော
မျှော်လင့်ချက်နှင့်ဆတူရောကာကျွန်တော် သောက်ချလိုက်မိ၏။ စိတ်အခြေအနေများမှာ တဖြည်းဖြည်းနှင့်
အပျောက်အရှ များလွန်းလာပါသည် ။ ကျွန်တော်၏အသွေးအသားထဲတွင် စွဲလမ်းမှုတစ်ချို့သည် ဆဲလ်တစ်ခု
ချင်းစီမှအခြားဆဲလ်တစ်ခုချင်းဆီသို့၊ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုမှ အခြားအစိတ်အပိုင်းများစွာသို့
လှုပ်ခတ်ပြေးလွှားလျှက်ရှိ၏ ။ သူမဆိုသောဓားစာခံတစ်ဦးအား ၁၅၀၀ အမှုတွဲတွင်သံယောဇဉ်မျက်ဝန်းတစ်စုံ
အားအကြမ်းဖက်မှုဖြင့် ပုဒ်မတပ်၍ တရားသူကြီးတစ်ဦးတစ်ယောက်ထံတွင် ကျွန်တော် အယူခံဝင်တိုင်ကြား
လိုပါသည် ။

                အချစ်နှင့်ဘ၀သည် အကန့်တစ်ခုစီတွင် အပိုင်းအခြားတစ်ခုစီနှင့်ရှိသည်ဆိုခြင်းအား ကျွန်တော်
၏စိတ်ထဲမှ ကြိုတင်တွက်ဆကာ သိနေခဲ့၏ ။ ထို့အပြင် ကျွန်တော် သိရှိနေသောအရာတစ်ခုရှိနေပြန်သည် ။
သူမနှင့်ကျွန်တော်၏ တစ်ခန်းရပ်ပြဇာတ်သည် မည်သို့သောအချက်ပြမီးမျှမပြဘဲ တစ်ချိန်ချိန်တွင် အမှောင်
အတိကျသွားနိုင်ကြောင်း ကျွန်တော်နားလည်ပါသည် ။ သူမစိတ်ညစ်လျှင်ပြောဆိုတတ်သော စကားတစ်ခွန်းမှာ 
( ဘယ်သူမှမရှိတဲ့ အဝေးဆုံးကနေရာတစ်ခုကိုထွက်သွားချင်တယ် ) ဟူ၍ဖြစ်၏ ။ အမှန်အမှားခွဲခြားရန်မလို
အပ်ဘဲထိုစကားသည် လက်ရှိအချိန်တွင် ကျွန်တော့်အတွက်မှန်ကန်နေပြန်ပါသည် ။ အချို့သောအရာများနှင့်
ရစ်သမ်မှန်မှန်စီးဆင်းပျောက်ရှရင်း သူမနှင့်ကျွန်တော်၏ဝေးကွာခြင်းသည် သူမအသုံးပြုနေကျ သမရိုးးကျ
အဖြစ်အပျက်ဟူသော ခေါင်းစဉ်အောက်တွင် အသားကျပျော်မွေ့နေသည်မှာ အချိန်ကာလဟူသော ယန္တရားပင်
ခုန်ပေါက်ပြေးလွှားလျှက် ရှိနေခဲ့ပြီ ။

                                                                                * * *

ပိတ်ကားမလိုသော သမရိုးကျရုပ်ရှင်၏ ဇာတ်သိမ်း

             လူတစ်ယောက်ကို သတိရစိတ်ပြင်းထန်လာသည်နှင့်အမျှ အလွမ်းဆိုသောအရာသည်လည်း
ကိုယ်ခန္ဓာထက်တွင်ဆဲလ်တစ်ခုချင်းစီမှတစ်ခုချင်းသို့တဖျတ်ဖျတ်လှုပ်ခါပြေးလွှားလျှက်ရှိသည်။ အချစ်နှင့်
သတိရစိတ်သည် မှားယွင်းမှုတစ်ခုဆီသို့ဦးတည်နေသည် ဆိုကြပါစို့ ။

              အဆုံးသတ်မလှပခဲ့သောအဖြစ်အပျက်တစ်ခု၏နောက်ကွယ်တွင် သတိရလွမ်းဆွတ်ခြင်းများနှင့်
ရူးသွပ်မှုများကိုဖက်တွယ်ထားသည့် ကျွန်တော်အမည်ရ သင်းကွဲတစ်ကောင် အသက်ရှင် ရပ်တည်နေပါသည် ။

                                                                                    @ @ @
                                                                             
   ရွှေကိုယ်နတ်(UCSM)
[ 13.09.12 ( 2:36 AM ) ]

No comments:

Post a Comment