Monday, April 8, 2013

ကိုယ့်အရေပြားမှာခြစ်ရာရှရာများတယ် ကမ္ဘာကြီးမှာသွေးထွက်သံယိုများတယ်


ကိုယ့်ဘဝထဲနေ့တွေညတွေဒလဟောစီးဝင်လာပုံက ကြောက်စရာ..
ဘာကိုမှမလိုချင်တောတဲ့အခါ ကမ္ဘာကြီးရဲ့ဘယ်တံခါးပေါက်ကိုအရင်ထပိတ်လိုက်ရမလဲ??
စိတ်အလျင်တွေက အရာအားလုံးနောက်ပြေးလိုက်နေချိန် ခန္ဓာကိုယ်တစ်ခုလုံးက အိပ်ရာလေးထဲအလဲလဲအပြိုပြို ထပ်ခါထပ်ခါအကြောင်းပြချက်တွေဆိုရင် အကြောင်းပြချက်မရှိ တူးတူးခါးခါးမုန်းတယ်။
ကိုယ့်ဘဝလေးမှာ စိတ်ဒဏ်ရာတွေနဲ့ ကိုယ့်ကမ္ဘာကြီးမှာ စစ်ဒဏ်ရာတွေနဲ့ ဘယ်သူမှ ဘယ်သူ့ကိုမကယ်နိုင်
တိတ်တိတ်ဆိတ်ဆိတ် ကျဆုံးပစ်လိုက်ရမလား ??? သူရဲကောင်းတံဆိပ်ကပ်ပြီး ကြိုးစင်ပေါ် တစ်လှမ်းချင်း တက်သွားရမလား ?
ပြာ... ကိုယ့်မျက်လုံးတွေပြာ..ကိုယ့်အသံတွေပြာ...  ကိုယ့်အတွေးတွေပြာ... ကိုယ့်ကမ္ဘာကြီးဟာအပြာ ငြိမ်းချမ်းရေးတွေက အပြာ.. စိတ်ဒဏ်ရာတွေအနာတရမဖြစ်ဖို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပေးပါ.. အပြာရောင်နေ့တွေ သွေးထွက်သံယိုမဖြစ်ဖို့ကမ္ဘာကြီးကို ဂရုစိုက်ပေးပါ ကိုယ့်အသွေးအသားတွေနာကျင်ကိုက်ခဲလာတဲ့အခါ မျက်လုံးတွေအသာအယာမှိတ်ပြီး ဆေးအပြာတောင့်လေးကိုမော့သောက်တယ်။ ကမ္ဘာကြီးမှာ အနာတရတွေများလာတဲ့အခါ …...............................???
ကိုယ့်မျက်လုံးတွေကို နာနာကျင်ကျင်မှိတ်ပစ်လိုက်ရမလား?? ကြုံရာတစ်ခုခုကိုမော့သောက်လိုက်ရမလား ??
ဘဝကို စိတ်ထဲထိုးကျွေးပြန်ရင်လည်း ကိုယ်ပဲအလဲလဲအပြိုပြို ကမ္ဘာကြီးကို စစ်ထဲထိုးကျွေးပြန်ရင်လည်း ဘဝတွေကအလဲလဲအပြိုပြို လက်တစ်ကမ်းက မငြိမ်းချမ်းခြင်းတွေက ကိုယ့်အရေပြားထဲတစိမ့်စိမ့်ထိုးဖောက်ဝင်ရောက်လာတဲ့အခါ ကိုယ့်ကမ္ဘာကြီးတစ်ခုလုံးက အနီရောင်တွေ တစက်စက်ကျနေတဲ့ စစ်မြေပြင်တစ်ခု !
အကျအရှုံးများခဲ့မယ်ဆိုလည်း ငြိမ်းချမ်းစွာ အဆုံးသတ်ခွင့်ကိုပဲ အလိုရှိတယ်။
အကျအရှုံးများခဲ့မယ်ဆိုလည်း ငြိမ်းချမ်းစွာ အသက်ရှင်နေနိုင်ခွင့်ကိုပဲ အလိုရှိတယ်။
ဖျားနေတဲ့ကမ္ဘာကြီးနဲ့ မကျန်းမာတဲ့လူတွေကြား 'စစ်' ဆိုတဲ့ စကားလုံးကို မင်နီတားတယ်
မှားယွင်းပစ်ခတ်မှုတွေထဲ သေဆုံးပေးရမည့် ကလေးငယ်များ မရှိစေရ ။
နယ်ခြားကျူးကျော်သူများ၏ အကျယ်အကျယ်မငြိမ်းဖွယ်များ မရှိစေရ။
အရွယ်မရောက်သေးသော လက်နက်ကိုင်ကလေးသူငယ်စစ်သားများမရှိစေရ။
အာဏာရစစ်သားများမှ အပြစ်မဲ့အရပ်သားများအား လက်နက်ဖြင့်ပစ်ခတ်ဖမ်းဆီးခြင်းမရှိစေရ။
အရေပြားသို့ ထိုးဖောက်လောင်ကျွမ်းစေတတ်သော မျက်ရည်ယိုဗုံးများ မရှိစေရ ။
မရှိစေရ မရှိစေရလို့ နေ့စဉ်ရေရွတ်နေရ။ မိဘပြည်သူတွေက ရဟန်းသံဃာတွေကို ဝါဆိုသင်္ကန်းအစား ကျည်ကာသင်္ဃန်းပြောင်းလဲလှူဒါန်းလိုက်ချိန် ကမ္ဘာကြီးကတော့ " စစ်" ဆိုတဲ့ဘောလုံးကိုကစားရင်း ကိုယ့်ဂိုးကိုယ်အကြိမ်ကြိမ်ပြန်သွင်းရင်း  သွေးထွက်သံယိုများနေတုန်းပဲ။

ရွှေဆက်

No comments:

Post a Comment