Tuesday, July 2, 2013

လူငယ်ကဗျာဆရာ အေးချမ်း၊ မောင်မိုးမြင့်၊ ရင်ခွင်ရှိန်းတို့နဲ့ အွန်လိုင်း လူငယ်ကဗျာစကားဝိုင်း

လွန်ခဲ့တဲ့ ၃ နှစ်လောက်က TeenMagazine က အယ်ဒီတာ ဆရာမျိုးမြင့်ညိမ်းက တောင်းဆိုလို့ခေတ်ပြိုင်လူငယ်ကဗျာဆရာများနဲ့ ကဗျာဒိုင်ယာလော့ဂ်ဆိုတဲ့ ခေါင်းစဉ်နဲ့ကဗျာစကားဝိုင်းအစီအစဉ်ကို ကျွန်တော် ပြုလုပ်ခဲ့ဖူးပါတယ်။ ပရင့်တ်မီဒီယာက ကဗျာဆရာစိုးမင်းအောင်၊ မင်းသက်ဇဉ်၊ သူရနီ၊ ဇော်လူစိမ်း၊ လင်းသဏ်ညီ၊ မြတ်ဝေတို့ အုပ်စုနဲ့အွန်လိုင်းက ဥက္ကာကိုကို၊ နေ့သစ်၊ ရုပ်သေး၊ သူရသ၀ါ၊ ယုန်ယုန်တို့ အုပ်စုတွေနဲ့အင်တာဗျူးလုပ်ပြီးမှ ကဗျာစကားဝိုင်းပုံစံ Presentation ပြန်ပြောင်းပြီးပုံနှိပ်မီဒီယာပေါ် တင်ဖြစ်ခဲ့တာပါ။

အဲဒီလို လူငယ်ကဗျာစကားဝိုင်းတွေဆက်လုပ်ပေးဖို့ လူငယ်တချို့က တောင်းဆိုခဲ့ပေမဲ့ ကျွန်တော်က အလုပ်တွေ များနေတာရယ်၊စိတ်အာရုံ တိမ်းညွတ်မှု ပြတ်တောက်နေတာရယ်ကြောင့် ဆက်မလုပ်ဖြစ်ဘဲ ရပ်တန့်နေခဲ့ပါတယ်။

အခုတော့အွန်လိုင်းလူငယ်ကဗျာစကားဝိုင်းကို ပြန် အသက်သွင်းဖို့ စဉ်းစားစီစဉ်လိုက်ပါတယ်။
အွန်လိုင်း လူငယ်ကဗျာစကားဝိုင်း အစီအစဉ်တွေကို fb နဲ့ www.neomodernmyanmarpoetry.blogspot.com မှာ Note& Post တင်ပေးသွားပါ့မယ်။ အွန်လိုင်းတင်ပြီးမှ Faces Magazine
မဂ္ဂဇင်း မှာ  2013 August Issue မှ စတင်ပြီး လစဉ် အလှည့်ကျပုံနှိပ်ဖော်ပြသွားဖို့ စီစဉ်ထားပါတယ်။

အွန်လိုင်းက တခြားလူငယ်ကဗျာဆရာတွေ အနေနဲ့လည်း ဒီ လူငယ်ကဗျာစကားဝိုင်း အစီအစဉ်ကိုစိတ်ဝင်စားကြမယ်ဆိုရင်( ဘယ်သူမဆို/ ကျားမ လိင်ခွဲခြားမှု မရှိ) မေးခွန်းတွေကို ဖြေဆိုပြီး ကျွန်တော့်ဆီ Tag ပေးနိုင်ပါတယ်။ အမေးအဖြေတွေအပေါ်မူတည်ပြီး အွန်လိုင်းကဗျာစကားဝိုင်း အစီအစဉ်မှာ ထည့်သွင်းဖော်ပြသွားဖို့၊ပရင့်တ်မီဒီယာမှာ ဆက်လက် ထည့်သွင်းဖော်ပြသွားဖို့ စဉ်းစားထားပါတယ်။

အခု ပထမဆုံး အနေနဲ့ လူငယ်ကဗျာဆရာ အေးချမ်း၊ မောင်မိုးမြင့်၊ ရင်ခွင်ရှိန်းတို့နဲ့ လူငယ်ကဗျာစကားဝိုင်းကို စီစဉ်တင်ဆက်ပေးလိုက်ပါတယ်။ သူတို့ဟာ အွန်လိုင်းအပြင် ပုံနှိပ်မီဒီယာမှာပါ ကဗျာတွေ ပါဝင်ရေးသားနေကြတဲ့ နောက်ဆုံးမျိုးဆက်သစ် လူငယ်ကဗျာဆရာတွေ ဖြစ်ပါတယ်။

အောင်ရင်ငြိမ်း။          အောင်ချိမ့်အစ မိုဃ်းဇော် အဆုံးပင်မရေစီး ခေတ်ပေါ်ကဗျာခေတ်တုန်းက အနုပညာသြဇာနဲ့ ၀ါသမ္ဘာ တည်ဆောက်နိုင်ခဲ့ကြတဲ့ဝါရင့်ကဗျာဆရာ အများစု အနေနဲ့ ခေတ်နဲ့အညီ ကဗျာရေးဟန်အသစ်တွေဆက် မဖန်တီးနိုင်တော့ဘဲခေတ်ပေါ်ကဗျာအဟောင်းထဲမှာပဲ ရပ်တန့်ကျန်နေခဲ့ကြပြီလို့ ကိုယ် ထင်တယ်။ အာရုံခံစားပုံလတ်ဆတ်ပြီး လူငယ်ဆန်တဲ့ နေမျိုး၊ ပိုင်၊ မောင်ဆေးရိုး၊ မင်းဆွေနှစ်၊နိုင်မွန်အောင်သွင်၊ ခရမ်းပြာထက်လူ၊ခိုင်မြဲကျော်စွာ၊ မောင်ဖီလာ၊ ကိုရွေး သူတို့ကတော့ ခြွင်းချက်ပေါ့လေ။ ကဲ ညီလေးတို့အမြင်ကို ပြောပါဦး။

အေးချမ်း။          ပင်မရေစီး ခေတ်ပေါ်ကဗျာခေတ်မှာ ကျန်ခဲ့တဲ့ကဗျာဆရာတွေအများကြီးပါပဲ ။ အခုခေတ်ပြိုင်ကဗျာတွေကိုပဲ မနှစ်သက်တာလား ၊ ခေတ်ပေါ်ကဗျာတွေပဲ နှစ်သက်တာကြောင့်လားတော့ မသိဘူးဗျ ။ တခုတော့ ရှိတယ် ။ ကျနော်ကိုယ်တိုင်လည်းကြုံဖူးတယ် ။ ကိုယ်တည်ဆောက်ခဲ့တဲ့အရေးအသားမျိုးကို ချိုးဖျက်ပြီး နောက်တခုကို ကူးပြောင်းတဲ့နေရာမှာမအောင်မြင်တာများတယ် ။ မအောင်မြင်တော့ မလုပ်ချင်တော့ဘူး ။ ကိုယ်လုပ်နေကျ ကိုယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ အရေးအသားမျိုးကိုပဲဆက်ရေးဖြစ်တယ် ။ အဲ့လိုမျိုး လုံးဝ ဖြစ်တယ်လို့ မပြောချင်ပါဘူး ။ အဲ့လိုမျိုး ဖြစ်နိုင်တယ်လို့ပဲ ပြောတာပါ။

မောင်မိုးမြင့်။           ဒါကတော့ ကျနော့်အမြင် တစ်ဦးချင်းစီရဲ့ အတ္တပါ ။ သေချာနှိုင်တဲ့အချက်ကတော့ ခေတ်ကို မျက်ခြေပြတ်မှန်း မသိ ပြတ်သွားတာပါ ။ မျိုးဆက်ကွာဟမှုရဲ့ ထင်ရှားတဲ့လက္ခဏာ တစ်ခုပါ ။ လူကြီးတစ်ချို့ရဲ့ အပြုအမူကတော့ အိမ်မက်လေးပျောက်မသွားအောင် အတင်းမျက်စိပြန်မှိတ်ထားသလိုပါပဲ။ ဒါပေမဲ့ သူတို့ကအမှန်တော့ နိုးနေပါပြီ ။

ရင်ခွင်ရှိန်း။           မေးခွန်းမှာတော့ရေးဟန်အသစ်ဆိုတဲ့ကိစ္စကိုမေးထားတယ်လို့ကျနော်နားလည်လိုက်ပါတယ်။ ကျနော့်အနေနဲ့ကတော့ ၀ါရင့်ကဗျာဆရာတွေရဲ့အနုပညာဟာ ကျနော်တို့အတွက်တွန်းအားတစ်ခုကိုဖန်တီးပေးနိုင်ခဲ့တယ်လို့ဆိုချင်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်နဲ့ဒီနေ့ရဲ့အာရုံခံစားပုံဟာမတူညီတော့ပဲကွဲပြားခြားနားမှုတွေအများကြီးပေါ်ထွက်လာပါတယ်။ ခေတ်ရဲ့ပြောင်းလဲပုံအရ စကားပြောဆိုဆက်ဆံပုံ၊ လူမှုဘ၀၊ အသက်ရှင်ရပ်တည်မှု၊ တန်ဖိုးထားအပ်မှုတွေ၊ စံနှုန်းတွေပြောင်းလဲလာတာနဲ့အမျှ ဒီပြောင်းလဲမှုတွေနဲ့အတူ အနုပညာဖန်တီးမှုတွေပါ ပုံစံအသစ်တွေပေါ်ပေါက်လာခဲ့ပါတယ်။ ဘန်းစကားတွေ၊ ၀တ္ထုပစ္စည်းတွေရဲ့အခေါ်အဝေါ်တွေကစလို့ လူတွေရဲ့တွေးခေါ်မှုပုံစံတွေ၊ အကြောင်းအရာတစ်ခုကိုချဉ်းကပ်ပုံတွေပါကွဲပြားလာခဲ့ပါပြီ။ ဂျင်းပင်န်နဲ့ဂျင်းရှပ်ကိုစွဲစွဲလမ်းလမ်းခိုက်တယ်ဆိုတာဟုတ်ပါတယ်။ ဒါပေမယ့် ရာသီဥတုနဲ့မကိုက်တော့ဖူးဗျာ။ဒါကြောင့် စကပ်တိုလေးတွေ၊ စွပ်ကျယ်လေးတွေ ၀တ်လာကြတယ်။ ဒီလောက်ပါပဲ ။ကျနော့်တစ်ယောက်တည်းရဲ့အယူအဆမှာတော့ အခြေအနေပေါ်မူတည်ပြီးလိုအပ်တဲ့ ပြောင်းလဲမှုကိုလုပ်ဆောင်ခြင်းဟာလည်း လူတစ်ယောက်ရဲ့အမှတ်အသားတစ်ခုပါပဲ
အောင်ရင်ငြိမ်း။          ညီလေးတို့က ၂၀၁၀ အလွန်မှာ ထွက်ပေါ်လာတဲ့ နောက်ဆုံး မျိုးဆက်သစ်လူငယ်ကဗျာဆရာတွေပေါ့။ ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာက ညီလေးတို့ ရဲ့အနုပညာ ဖန်တီးမှုအပေါ်မှာ မူတည်နေပြီ။ ခေတ်ပြိုင်မြန်မာကဗျာယဉ်ကျေးမှု အသစ်ဟာလည်းညီလေးတို့ လက်ထဲ ရောက်နေပြီလို့ ကိုယ် ယူဆတယ်။ ဒါပေမဲ့ လူငယ်ကဗျာဆရာတွေနဲ့လူမှုရေးနဲ့ အနုပညာ ထိတွေ့ဆက်ဆံမှု သိပ်မရှိတဲ့ ၀ါရင့်ကဗျာဆရာတွေက နောက်ဆုံးမျိုးဆက်သစ် လူငယ်တွေ ပေါ်ထွက်နေပြီဆိုတာ သတိမထားမိကြသေးဘူး။ တချို့ကဗျာဆရာတွေအယ်ဒီတာတွေကျတော့လည်း သတိထားမိပေမဲ့ လူငယ်တွေကို အသိအမှတ်ပြု တန်ဖိုးထားနေရာပေးဖို့ ၀န်လေးတွန့်ဆုတ်နေကြသေးတယ်။ သူတို့ကို ဘာပြောချင်လဲ။

အေးချမ်း။            နေရာမပေးချင်တာ အခုမှ မဟုတ်ပါဘူး ။ ထားပါတော့ …။ ကျနော်အပါအ၀င် လူငယ်တချို့ က ကိုယ့်အထာနဲ့ ကိုယ်နေပြီး ကိုယ့်ကဗျာပဲ ကိုယ်အာရုံစိုက်ရေးလေ့ရှိတာတွေ့ ရတယ် ။ ကဗျာရွတ်ပွဲတွေမှာ တွေ့ ရင်လည်း အခေါ်အပြောမလုပ်ဖြစ်တာ တွေ့ ရတယ် ။ လူချင်းမသိဘူး။ အနုပညာလည်း မသိဘူး ။ ကိုယ်သိတဲ့လူပဲ ကိုယ်သုံးမယ် ဆိုတဲ့ အယ်ဒီတာတွေ များပါတယ် ။ နေရာယူထားတဲ့လူကြီးတွေကိုယ်တိုင်ကrespect ကို အရမ်းကြိုက်ကြတယ် ။

မောင်မိုးမြင့်။           တစ်ခုခုကို စိုးရိမ်နေပုံရပါတယ် ။ အဓိက ကတော့ ကိုယ့်ရဲ့ခိုင်မာတဲ့ အယူအဆနဲ့ ရပ်တည်မှုပါပဲ ဒါတွေမရှိရင်တော့ ဘာမှသိပ်ပြောစရာကို မလိုတော့ဘူး။ မျက်စိစုံမှိတ်ပြီးငြင်း အချိန်တန်လို့ သမိုင်းမှာ လူဆိုးတွေအဖြစ် ကျန်ခဲ့တာကို သိသွားတဲ့အခါမှာသူတို့ဟာ သိပ်သနားဖို့ကောင်းနေမှာပါ ။ ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ် ဆက်ပြီး လုပ်စရာရှိတာလုပ်နေမှာပါ ။

ရင်ခွင်ရှိန်း။            ခေတ်တိုင်းရဲ့အနုပညာအနာဂတ်ဟာ အဲ့ဒီခေတ်ရဲ့အနုပညာဖန်တီးသူတွေအပေါ်မူတည်ခဲ့ပါတယ်။ကျနော်တို့အနေနဲ့ ကျနောက်တို့ နောက်ကထွက်ပေါ်လာမဲ့ Generation တွေကိုအားနာရသလို လေးစားရပါတယ်။လူငယ်တွေကိုအသိအမှတ်ပြုတန်ဖိုးထားနေရာပေးဖို့ဝန်လေးတွန့်ဆုတ်စရာမလိုပါဘူး။ အဲ.. လူငယ်တွေရဲ့အနုပညာက အသိအမှတ်ပြုစရာဖြစ်လာပြီဆိုရင်ပေါ့ ။ ကျနော့်အနေနဲ့ကတော့ ကဗျာဆရာတွေ အယ်ဒီတာတွေရဲ့အသိအမှတ်ပြုမှုဆိုတာထက် အနုပညာစစ်မှန်မှုကိုအနုပညာကပဲ အသိအမှတ်ပြုသွားလိမ့်မယ်လို့ခံယူထားပါတယ်။ ခေတ်ဆိုတာကို ကျနော်တို့ရဲ့နောက်ကထွက်ပေါ်လာမဲ့ Generation တွေဆီကနေ ချေးယူထားတာပါ။ ရှေ့က Generationတွေဆီက အမွေဆက်ခံထားတာမဟုတ်ပါဘူး။ အားနာကြပါ ။

အောင်ရင်ငြိမ်း။          လက်ရှိ အခြေအနေအရ ၂၀၁၀ အလွန်ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ပင်မရေစီးခေတ်ပေါ်ကဗျာအပြင် အယ်လ်ပီ ၊နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ စကားပြေကဗျာ၊ ဖလာ့ဖ် စသဖြင့်ကဗျာအမျိုးအစားသစ်တွေ အယူအဆတွေ အမျိုးမျိုး ရှိနေကြတယ်။ အဲဒီ ကဗျာအယူအဆ/ အနုပညာလက်ရာတွေအပေါ် ညီလေးတို့ရဲ့ အမြင်။

အေးချမ်း။          ဒီမေးခွန်းကို ဖြေဖို့  ကျနော်စိတ်မ၀င်စားပါဘူး။

မောင်မိုးမြင့်။         ဘယ်ကဗျာရေးရေး ကဗျာက ကဗျာပါပဲ ။ ကျနော်ကတော့ကဗျာအမျိုးအစား အကုန်လုံးကို လက်ခံပါတယ် ။ တစ်ခုတော့ရှိတာပေါ့ သေချာမလေ့လာပဲ လမ်းတစ်ဝက်ကနေဖြတ်လုပ်နေတယ် အခြေမခိုင်တဲ့ လူက ခဏပါပဲ ။ သေသေချာချိာလုပ်မယ် ဆိုရင်လက်ခံပါတယ် ။ တစ်ယောက်ကပြောတယ်သူပြောတဲ့စကားကို လေသံကြားတရားနာပြီး ကိုယ်လဲသေချာမသိပဲ အသံမှန်းနဲ့ ထင်ရာလျှောက်လုပ်မယ်ဆိုရင်တော့အဲ့လူတွေဟာ အရူးနားကန်းတွေပါ ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ မမေ့မလျော့တဲ့ အသိနဲ့ ဆင်ခြင်သုံးသပ်နှိုင်ဖို့လိုပါတယ် ။ နောက်ဆုံးတော့ အနုပညာဟာ အနုပညာပါပဲ ။

ရင်ခွင်ရှိန်း။         ကဗျာအမျိုးအစားအသစ်တွေစုံလင်လာတာကို ကျနော့်အမြင်မှာတော့ကျေနပ်တယ်။ ကြိုက်ခြင်း/မကြိုက်ခြင်းတွေ ၊ပုဂ္ဂလိကခံစားမှုတွေကိုခဏဘေးချိတ်ထားလိုက်မယ်ဆိုရင် အနုပညာရဲ့အနာဂတ်အတွက် ကဗျာအမျိုးအစားစုံလင်မှုဟာ ကျိန်းသေကို လိုအပ်ပါတယ်။ ကဗျာအယူအဆတွေအမျိုးမျိုးကွဲပြားနေမှသာ မတူညီတဲ့အမြင်တွေ ရှုထောင့်တွေစုံလင်လာမှာပါ။ အကြောင်းအရာတစ်ခုကိုပဲမတူညီတဲ့ဖော်ပြချက်တွေ၊ မတူညီတဲ့အယူအဆရေးရာတွေရှိပါတယ်။ ဒါကြောင့်အယ်လ်ပီ၊ နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ စကားပြေကဗျာ၊ ဖလာ့ဖ် စတာတွေကို ငြင်းဆန်စရာမလိုပါဘူး။ လိုအပ်တဲ့အထိန်းအညှိတွေကိုပဲ အထိုက်အလျောက်လုပ်ဆောင်ရမယ်လို့ကျနော်ထင်ပါတယ်။ ထာဝရအမှန်တရားဆိုတာ မရှိပါဘူး။ သူရဲကောင်းဝါဒကြီးလည်းကျဆုံးသွားပါပြီ။ ဟက်… ပြီးတော့ လူတစ်ဦးတစ်ယောက်တည်းနဲ့ ခေတ်တစ်ခေတ်လုံးကိုပြောင်းလဲနိုင်တဲ့အခြေအနေတွေလည်း သားလျောသွားပါပြီ ။ 

အောင်ရင်ငြိမ်း။          အဲဒီ ခေတ်ပြိုင်ကဗျာတွေထဲကညီလေးတို့ အာရုံတိမ်းညွတ်မှု ရှိတဲ့ ကဗျာအမျိုးအစား။ အဲဒီ ကဗျာဗေဒအပေါ်နားလည်ခံယူထားပုံ အနှစ်ချုပ်။ တကယ်လို့ ညီလေးတို့ လက်ရှိရေးနေတဲ့ ကဗျာအနုပညာလက်ရာတွေကို ဖန်တီးသူကိုယ်တိုင် အမှတ်တံဆိပ်တစ်ခုခု ခွဲခြားပြောပြပါ။ ကိုယ့်အနုပညာကိုယ် တခြားသူတွေနဲ့ ကွဲပြားခြားနားအောင် ပြောပါလို့ မေးရင် ဘယ်လိုဖြေကြမလဲ။တချို့ ကဗျာဆရာတွေ/ ကဗျာဖတ်သူတွေကတော့ ကဗျာအနုပညာကို အမည်အမှတ်တံဆိပ်တွေ တပ်တာအပေါ်ယံ ကိစ္စတွေပဲလို့ ယူဆပြီး နှစ်သက်လက်ခံမှု မရှိကြဘူး။ ကိုယ့် အမြင်ပြောရရင်ကဗျာကိုယ်တိုင်ကိုကတခြား အနုပညာ အမျိုးအစားတွေနဲ့ ကွဲပြားခြားနားနေတဲ့ စာပေပုံသဏ္ဍာန်တစ်မျိုးပဲလေ။အဲဒါကြောင့် မေးတာပါ။

အေးချမ်း။          ကျနော်က နီယိုမော်ဒန်သမားဆိုတော့ နီယိုကိုသဘောကျပါတယ်။ ရေးဖြစ်တာကတော့ အက်ခ်စ်ပရက်ဆစ်ဗ်နီယိုမော်ဒန်ကဗျာတွေရေးဖြစ်တယ် ။ အက်ဆေးတွေ စကားပြေကဗျာတွေကိုလည်း ကြိုက်ပါတယ်။ ပင်မရေစီးကြောင်းခေတ်ပေါ်ကဗျာအကြောင်းပြောရင်တော့ အရင်တုန်းက ကြိုက်ခဲ့တဲ့ကဗျာတွေ အခုနေပြန်ဖတ်ကြည့်တော့ ကြိုက်နှစ်သက်မှုအများကြီးလျှော့သွားတယ်ဗျ ။ လုံးဝမကြိုက်တော့ဘူးလို့တောင် ပြောလို့ ရပါတယ် ။ L.P ကဗျာတွေကိုတော့ အရင်ကရော အခုရော မကြိုက်ပါဘူး ။ Flarf ကဗျာတချို့  နဲ့ ကွန်ဆက်ကဗျာတချို့ကိုတော့ တခါတလေဖတ်ဖြစ်ပါတယ် ။တစုံတယောက်ကို ဦးတည်ရေးတဲ့ကဗျာတွေ ဥပမာ- ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတို့ဒေါ်အောင်ဆန်းစုကြည်တို့ ကို ရည်ညွှန်းပြီးရေးတဲ့ကဗျာတွေ နဲ့ အချစ်သီးသန့် ကဗျာတွေကိုမြင်တော့ ရယ်မိပါတယ် ။

မောင်မိုးမြင့်။          ကဗျာဗေဒ ကိုက ကျနော့် အနေနဲ့ ပြောဖို့ စောပါသေးတယ်။ ကျိန်းသေတာက ကျနော် ရိုးသားစွာနဲ့ပဲ ဖန်တီးပါတယ် ။ လူငယ်ပီပီ လွတ်လပ်စွာနဲ့ စိတ်ညွှတ်ရာကိုဖန်တီးရေးသားပါတယ် ။

ရင်ခွင်ရှိန်း။            နီယိုမော်ဒန်ပါ။ကျနော့်အမြင်မှာတော့ နီယိုမော်ဒန်ဟာကျနော်နေထိုင်တဲ့ ဒီခေတ်ရဲ့သရုပ်ကိုအကောင်းဆုံးဖော်ပြနိုင်တယ်။လူအုပ်ထဲမှာရောနှောပျောက်ဆုံးနေတဲ့ကျနော်တို့ရဲ့ Identity ကိုရှာဖွေနိုင်တယ်။ လူသားရဲ့လူမှုဘ၀အတွေ့အကြုံ၊ နာကျင်မှုတွေကစလို့ အစွန်းရောက်နေတဲ့စိတ်အတွင်းသားတွေအထိ ကျနော်တို့ထိကပ်ခွင့်ရတယ်။ ကျနော်တို့ ရယူခွင့်ရှိတယ်၊ စွန့်လွှတ်ခွင့်ရှိတယ်။ အကြောင်းအရာပေါင်းများစွာလာရောက်ထိတွေ့တာကိုလည်း တုန့်ပြန်ခွင့်ရှိတယ်။ ကျနော်ရေးတဲ့တစ်ချို့ကဗျာတွေဟာ နီယိုမော်ဒန်လို့ပြောလို့ရနိုင်ပါတယ်။ ပြီးတော့ ကျနော့်ရဲ့အနုပညာဟာ ကျနော့်ရဲ့ ဖန်တီးမှုပါ။ Fabric တွေကိုသုံးပြီး ကျနော်ဖန်တီးပါတယ်။ ဒီလောက်ပါပဲ ။ 

အောင်ရင်ငြိမ်း။          ညီလေးတို့ အနေနဲ့ ကဗျာအနုပညာလက်ရာတစ်ခုကို ဘယ်လို အတွေးအခေါ် ဘယ်လို အာရုံခံစားပုံ ဘယ်လို အတတ်ပညာပိုင်းနည်းစနစ်ပိုင်းတွေနဲ့ ရေးသားဖန်တီးနေကြသလဲ။ ကဗျာရေးသားခြင်းရဲ့ နောက်ကွယ်မှာဘယ်လို နောက်ခံ အယူအဆနဲ့ ခံယူ ယုံကြည်ချက်တွေ ရှိနေကြသလဲ။

အေးချမ်း။           နာကျင်စရာတွေများလာတဲ့အခါ ထွက်ပေါက်မရှိတော့ဘူးလေ။ အဲ့လိုအချိန်တွေမှာဆိုရင် ကဗျာရေးဖြစ်ပါတယ် ။Pop Culture တွေနဲ့ ကျနော့်အနုပညာကို မတည်ဆောက်တဲ့အတွက် အရေးကျဲပါတယ် ။ ကျနော်က Anti-Social တယောက်ဖြစ်တဲ့အတွက် ကျနော့်ကဗျာတွေမှာ လူ့ အဖွဲ့ အစည်းကို ဆန့် ကျင်တဲ့ အရေးအသားတွေ တွေ့ ရမှာပါ ။ ကိုယ်ပိုင်အယူအဆ နဲ့ အမြင်တွေ နဲ့ံ့ ရေးသားသင့်ပါတယ်။ ကဗျာဆိုတာ နာမည်ကြီးဖို့ တခုတည်းအတွက် အသုံးချဖို့ သက်သက်မဖြစ်သင့်ဘူးလေ ။ မလုပ်သင့်ပါဘူး။

မောင်မိုးမြင့်။          ဝမ်းစာရှိသလောက် ခံစားမိသလောက်ကို သွေရိုသားရိုးပဲဖန်တီးပါတယ် ။ ကိုယ်အရမ်း သဘောကျတဲ့ စာပေလက်ရာတွေရဲ့ လောင်းရိပ်လဲ အနည်းငယ် ကပ်မှန်းမသိကပ်နေနှိုင်ပါတယ် ။ အားထုတ်မှုနဲ့ ပတ်သတ်ရင်တော့ ဘယ်သူ ဘယ်လူမျိုးက ဖတ်ဖတ် ဖတ်လိုက်တာနဲ့မြန်မာကဗျာဆရာတစ်ယောက်ရေးတဲ့ မြန်မာကဗျာမှန်း သိနေစေမဲ့ ကဗျာမျိုးတွေ ( မည်သည် ကဗျာအမျိုးအစားမဆို ရည်ရွယ်ပါတယ် ) ရေးနှိုင်အောင် အားထုတ်နေပါတယ် ။ ရေချင်မိပါတယ် လောလောဆယ်တော့မဖြစ်သေး အားထုတ်နေတုန်းပါ ။

ရင်ခွင်ရှိန်း။           များသောအားဖြင့်တော့ တစ်ခုခုက လာရောက်တို့ထိမှကျနော် ရေးသားဖန်တီးလို့ရပါတယ်။ဘာလဲ ကျနော်မပြောတတ်ဘူး။ ယုံကြည်ချက်ကတော့ ကဗျာဆိုတာ တစ်ဦးချင်းဆီရဲ့တန်ဖိုးထားမှုအပေါ်မူတည်ပြီး ကွဲပြားပါတယ်။ ကျနော့်ယုံကြည်ချက်မှာ ကဗျာဟာ ဘာမှမဟုတ်ပါဘူး ။ ရိုးသားစွာဝန်ခံပါတယ်။ အတတ်ပညာပိုင်း၊နည်းစနစ်ပိုင်းတွေမှာ ကျနော်ဟာ သူများရေးတဲ့စာတမ်းတွေ၊ ဖတ်ပြီး ဆင့်ပွားသုံးစွဲရတဲ့ အဆင့်ပဲရှိပါတယ်။ကျနော်ကိုယ်တိုင်စွန့်ဦးတီထွင်တာမျိုးကို မလုပ်နိုင်သေးပါဘူး ။ အဲ့တော့ ကျနော်နည်းစနစ်ပိုင်းကိုပြောရင် ခရက်ဒစ်တွေတမုန်းပေးရပါလိမ့်မယ်။း) 

အောင်ရင်ငြိမ်း။           မြန်မာနိုင်ငံက ကွန်ဆက်ခြူရယ်၊အယ်လ်ပီ စသဖြင့်နဲ့ ပို့စ်မော်ဒန် ပထမမျိုးဆက် စာပေအယူအဆတွေကို လက်ခံယုံကြည်တဲ့ကဗျာဆရာတွေမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလအာရုံခံစားမှုကို အဓိကမထားတဲ့၊ခေတ်စနစ်လူမှုဝန်းကျင်ရဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို မျက်ကွယ်ပြုချင်တဲ့အယူအဆမျိုးတွေ ရှိနေကြတယ်။ တကယ်တော့ အဲဒီ အယူအဆတွေက ၁၉ ရာစုအလယ်ပိုင်းလောက်ကပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ ခေတ်စားခဲ့တဲ့ Aestheticism ရဲ့ စာပေအနုပညာအယူအဆတွေ။ Oscar Wilde တို့လို ကိုယ်တို့ဆီမှာဆိုရင် ဆရာသစာနီတို့လိုပေါ့အနုပညာရသအဓိက၀ါဒီတွေက သန့်စင်တဲ့ အနုပညာဟာလူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ကျင့်တရားဆိုင်ရာ ဆုံးမသွန်သင်မှုတွေနဲ့မရောထွေးသင့်ဘူးလို့ ယူဆခဲ့ကြတယ်။ အနုပညာဟာ အနုပညာအတွက်ဆိုတဲ့ ကြေညာချက်ကAestheticism ရဲ့ အနှစ်ချုပ် အယူအဆပေါ့။ ညီလေးတို့ အမြင်ကရော...ကဗျာအနုပညာမှာကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလ အာရုံခံစားမှုနဲ့ခေတ်စနစ်လူမှုဝန်းကျင်အပေါ် အမြင်တွေ ပါသင့် မပါသင့်။

အေးချမ်း။          Art for people sake ဆိုတဲ့ အယူအဆကကျဆုံးသင့်နေပါပြီ ။ ကဗျာဆရာတယောက်ရဲ့ ကဗျာတပုဒ်က ပြည်သူလူထုကို ကိုယ်စားမပြုပါဘူး။ Art for art sake ဆိုတဲ့ အသုံးအနှုန်းမျိုးကိုတော့ တော်တော်များများမှာ တွေ့ နေရပါပြီ။ ကျနော်ကတော့ Art for no sake ပါပဲ ။ ကျနော်တယောက်တည်းအမြင်ပြောရရင်တော့ အနုပညာဟာ ဘာကိုမှကိုယ်စားမပြုပါဘူး Art is zero ။ အနုပညာဟာ ဘယ်တုန်းကမှ မရှိခဲ့ဘူး ။ ဘာအတွက်မှ အနုပညာကို လုပ်နေတာ မဟုတ်ဘူး ။ ပြီးတော့ အနုပညာဆိုတဲ့ စကားလုံး နဲ့ အနက်အဓိပ္ပါယ်ကိုလည်းအယုံအကြည်မရှိပါဘူး ။
မောင်မိုးမြင့်။           ခေတ်နဲ့စနစ် ကို ထားခဲ့လို့ လုံးဝမဖြစ်ဘူး ထင်မိတယ်ဗျာ။ တစ်သီးပုဂ္ဂလ အာရုံခံစားမှုဟာလဲ ဘာပဲဖြစ်ဖြစ် မျက်မှောက်ခေတ်ဆီမှာပဲ အရင်းခံမှာပါ။ ကျနော့် အနေနဲ့ကတော့ မထားခဲ့ပါဘူး ဘာလို့လဲဆိုတော ပတ်သတ်ဆက်နွယ်နေတယ် လိုအပ်မယ်ထင်လို့ပါ။

ရင်ခွင်ရှိန်း။           ခင်ဗျာ ။ မေးစရာတောင်မလိုပါဘူး ။ ခေတ်စနစ်လူမှုဝန်းကျင်အပေါ်အမြင်တွေမပါရင်ဘာတွေပါရတော့မှာလဲ။ ကဗျာဆရာရဲ့တစ်သီးပုဂ္ဂလအာရုံခံစားမှုကိုအဓိကမထားတဲ့အယူအဆမျိုး ၊အဖြစ်အပျက်တွေကိုမျက်ကွယ်ပြုချင်တဲ့အယူအဆမျိုး လုံးဝမပါဘူးဆိုတာမရှိပါဘူးဗျာ ။ ချဉ်းကပ်တဲ့Perspective အပေါ်မူတည်ပြီးကွဲပြားပါတယ်။ Dimension ပြောင်းလိုက်တာနဲ့ အဲ့ဒီအယူအဆတွေမျက်ကွယ်ပြုမှုတွေဟာ …. “ဟာ” ဖြစ်သွားပါလိမ့်မယ်။း) တရားသေအယူဝါဒဆိုတာ သေခဲ့တာကြာခဲ့ပါပြီဗျာ ။ 

အောင်ရင်ငြိမ်း။           ကိုယ့် အမြင်ပြောရရင်မြန်မာစာပေလောကမှာ Realism အယူအဆနဲ့ တန်ဖိုးစံနှုန်းတွေကို စွဲလမ်းဆုပ်ကိုင်ထားတဲ့အယ်ဒီတာတွေနဲ့ စာရေးဆရာတွေ ရှိနေလို့ မြန်မာဝတ္ထုတို/ အက်ဆေး အရေးအသားတွေဟာ Realismနယ်ပယ်ထဲမှာပဲ ပိတ်မိနေကြပြီး မြန်မာစကားပြေယဉ်ကျေးမှု အသစ်ဖွံဖြိုးတိုးတက်မှုမရှိဘဲ နှစ်ပေါင်းများစွာ ရပ်တန့်နေတာလို့ မြင်မိတယ်။ ၁၉၉၅ ၀န်းကျင်ကနေ ၂၀၀၅လောက်အထိ ခေတ်စားရှင်သန်ခဲ့တဲ့ မော်ဒန်နဲ့ ပို့စ်မော်ဒန် စကားပြေတွေကတော့ခြါင်းချက်ပေါ့လေ။ ကဗျာအနုပညာမှာ ဆိုရင်လည်း Modern Conservative ဖြစ်နေတဲ့ ၀ါရင့်ဝါနုကဗျာဆရာတွေ၊ အယ်ဒီတာတွေ ကဗျာဖတ် ပရိသတ်တွေ ရှိနေကြသေးတယ် ထင်တယ်။ အဲဒီလိုModern Conservative တွေကို မြန်မာကဗျာယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကိုမလိုလားတဲ့သူတွေ၊ အနှောင့် အယှက် အဟန့်အတား ဖြစ်စေမယ့် သူတွေလို့ဆိုနိုင်မလား။

အေးချမ်း။          သေချာတာပေါ့ ။သူတို့ က လုံးဝအနှောက်အယှက်ပေးနေကြတာ။ လူငယ်တွေရဲ့ အတွေးအခေါ်နဲ့ ဖန်တီးမှုကို ပိတ်ဆို့ ပစ်တယ် ။ လူငယ်တော်တော်များများက realism ၀တ္တုတွေ လက်ရာတွေနဲ့ ပဲ ကြီးပြင်းလာကြတယ် ။ အဲ့တာModern Conservative တွေရဲ့  စောက်သုံးမကျတဲ့ လုပ်ရပ်တွေကြောင့်ပါပဲ ။

မောင်မိုးမြင့်။         အဲ့အဆိုကို ကျနော် လက်ခံပါတယ် ။ ကျနော့် အမြင်ကတော့ ယဉ်ကျေးမှုဆိုတာ ရှေ့ကိုပဲသွားနေသင့်တဲ့စီးကြောင်းတစ်ခုပါ ။ အပြောင်းမလဲတွေဟာ သမိုင်းကို ခေတ်အဆက်ဆက်ပုံဖော်လာတာလေဗျာ ။ အဲ့တော့မျက်စိမှိတ်ပြီး တစ်ခုထဲကို ဇွတ်ကိုင်ထားလို့မရပါဘူး ။ အမြင် ပွင့်လင်း ကျယ်ပြန့်ရမှာပါ။ တစ်ခုတော့ရှိပါတယ် အဲ့လိုအတားအဆီးတွေကြောင့်လဲ အဟုန်က ပိုပြင်းထန်သွားပြီး အားကောင်းနှိုင်သေးတယ်လေ။

ရင်ခွင်ရှိန်း။           စကပ်တိုမလေးတွေ၊ စွပ်ကျယ်လက်ပြတ်လေးတွေကိုလက်ခံကြပါဗျာ ။ ဆရာ ဦးကျော်ဝင်းပြောသလိုပဲ ခေတ်တစ်ခေတ်ရဲ့အမှန်တရားကို ခေတ်တစ်ခေတ်ရဲ့စံနှုန်းတွေနဲ့ပဲတိုင်းတာလို့ရတာပါ။ကွန်ဆာဗေးတစ်တွေအကြောင်းတစ်ခုပြောချင်တယ်ဗျ ။ ကွန်ဆာဗေးတစ်တွေရှိနေရင် Institutionတွေသိပ်ခိုင်မာတယ်။ သူတို့က မရှိလည်းမကောင်း၊ ရှိလည်းမကောင်းတွေပေါ့ ။ ဒါပေမယ့် အပြောင်းအလဲကိုတော့ သူတို့ဟာ သိပ်လက်ခံယုံကြည်လေ့မရှိဘူး။ ဒါကကိစ္စမရှိပါဘူး ။ အကြမ်းဖက်မှုမရှိတဲ့ဆန့်ကျင်ခြင်းဟာမွန်မြတ်ပါတယ်။ သူတို့ကိုအနှောင့်အယှက်အတားအဆီးတွေဆိုတာထက်တန်ဖိုးထားမှုလွန်ကဲသူတွေလို့ဆိုချင်ပါတယ်။ ပြီးတော့ရယ်စရာတစ်ခုပြောပြမယ်ဗျာ ။ ကွန်ဆာဗေးတစ်တွေမှာ တစ်ခုခုကို သဘောကျပြီး ကြိုက်နှစ်သက်လာရင်တောင် လွတ်လွတ်လပ်လပ်ပေါ်တင် ကြိုက်တယ်လို့မပြောရဲကြဘူး။ တန်ဖိုးထားမှုတွေက သူတို့ကိုဟန့်တားထားတာကိုးဗျ ။။ Diversity ကိုသိရဲ့သားနဲ့ လက်ခလယ်ထည့်ပြီးငြင်းနေရင်လည်းမပြောတတ်တော့ဘူး။ ကျနော်တို့သေပြီးရင် ရယ်စရာအဖြစ်ကျန်ခဲ့မှာ ကျနော်တော့ကြောက်တယ်။ 

အောင်ရင်ငြိမ်း။          အွန်လိုင်း ကဗျာယဉ်ကျေးမှုဘက်တစ်ချက်လောက် လှည့်ကြည့်လိုက်ရအောင်။ အွန်လိုင်းက ကဗျာဆရာတွေနဲ့ ကဗျာတွေအပေါ်ညီလေးတို့ အမြင်ကို အုပ်စုနဲ့ အမျိုးအစားတွေ ခွဲခြားဝေဖန်ပေးပါ။ အွန်လိုင်းနဲ့ပရင့်တ်မီဒီယာ ပဋိပက္ခ ကိစ္စ၊ အနုပညာဗီဇနဲ့ ကဗျာဖန်တီးမှု အတွေ့အကြုံ အနုအရင့်ကိစ္စ၊အယ်ဒီတာ မရှိတဲ့ မီဒီယာဖြစ်တဲ့အတွက် ကိုယ့်ကဗျာကိုယ် လွတ်လွတ်လပ်လပ် ရေးလို့ရနေတဲ့အခွင့်အလမ်းရဲ့ နောက်ဆက်တွဲ ကောင်းကျိုး ဆိုးကျိုး၊ အနုပညာ အဆင့်အတန်း သိပ်မရှိတဲ့ကဗျာတွေအောက်က Like & Comment ကိစ္စတွေက အစပေါ့။

အေးချမ်း။          တာရာမင်းဝေရဲ့ ကဗျာတွေလောက်ပဲ ဖတ်ဖူးပြီးSemi – modern ကဗျာတွေက အကောင်းဆုံးပဲလို့ အော်နေကျတဲ့ လူငယ်တွေ တော်တော်များများလို့ကျနော်မြင်ရတယ် ။ သူတို့ အဲ့တံခါးတွေကို တွန်းမဖွင့်နိုင်ကြဘူး ။ အဲ့တံခါးတွေကို တွန်းမဖွင့်နိုင်၌ ဘယ်တော့မှ နောက်တံခါးတွေကို ရောက်မှာ မဟုတ်ဘူး ။အွန်လိုင်းမှာကတော့ ကဗျာအုပ်စုတွေ အများကြီးပဲဗျ ။ အွန်လိုင်း နဲ့ ပရင့် ပြဿနာတွေကတော့အခုအချိန်မှာ မရှိသင့်တော့ဘူးထင်ပါတယ် ။ ကဗျာအောက်က Like Comment ကိစ္စတွေကိုတော့ ကျနော်စိတ်မ၀င်စားဘူးဗျ။ ရေးပြီး စိတ်ပါရင် ဖေ့ဘုတ်မှာ တင်လိုက်တာပဲ ။ စိတ်မပါရင် မတင်ဖြစ်ပါဘူး ။ ပြီးတော့ကျနော်သိတဲ့ကဗျာဆရာတချို့ ကိုပဲ အွန်လိုင်းမှာ Friend လုပ်ထားတာ ။ ကျနော်စိတ်မ၀င်စားတဲ့ကဗျာဆရာတွေကိုဘလော့လုပ်ထားတယ် ။

မောင်မိုးမြင့်။          အွန်လိုင်းကတော့ အခုနောက်ပိုင်း အားကောင်းလာတာနဲ့အမျှဘေးထွက်ဆိုးကျိုးတွေ ပိုများလာပါတယ် ။ အွန်လိုင်းရယ် အွန်ပရင့်ရယ် ခွဲခြားနေတာကတော့အမြင်ကျဉ်းသူတစ်ချို့ရဲ့ လုပ်ရပ်ပါ ။ တစ်ခုတော့ရှိတယ် အခြေမခိုင်သူ ဟာ နေခဲ့ရမှာပါ။ အွန်လိုင်းမှာတော့ ကျနော့်အမြင် စာရေးသူ နှစ်မျိုးပဲရှိတယ် ။ ပထမ တစ်မျိုးက လွတ်လပ်စွာထုတ်ဖော်ဖန်တီး မျှဝေချင်လို့ ဒုတိယ တစ်မျိုးက ဘယ်မှာမှနေရာမရ ( ခိုင်မာတဲ့အယူ အဆနဲ့ဖန်တီးမှုလဲမရှိ ) လို့ နေရာလာဦးတာပါ အွန်လိုင်းမှာက နေရာလွတ်တွေပေါတယ်လေ ။ တကယ်တော့ဒုတိယ အမျိုးအစားက ပြဇာတ်မင်းသားလို လူစားတွေပါ ။ ရယ်တော့ ရယ်ရတယ်ဗျ ပေါတောတောနဲ့ ။like & comment ကတော့ဗျာ လူမှုရေးအရတွေ များပါတယ် ။ နောက်ပြီ ကွန်မန့်ဆိုတာထက်အဲ့ကွန်မန့်ကို ဘယ်သူရေးတာလဲ ဘာသဘောအတွက် ရေးတာလဲက ပိုပြီး စိတ်ဝင်စားသင့်တာ ။ သူငယ်ချင်းတွေစုပြီးထောပနာပေးနေရင်တော့ အရပ်ဇာတ်ကနေတာပါပဲ ။ အပြင်းပြေတာပေါ့ ။ သိပ်တော့ မကြာပါဘူး ။

ရင်ခွင်ရှိန်း။          အွန်လိုင်းမှာတော့ ပြောမပြတတ်အောင်ပါပဲဗျာ။ ဘာတွေမှန်းကိုမသိတော့ပါဘူး ။ ကြက်ခေါင်းဆိတ်မခံတွေ၊ စစ်သွေးကြွတွေ၊ စောက်ရူးနားကန်းတွေ၊ ကိုဖင်ယား မဖင်ယားတွေ၊စုံပလုံနေတာပဲ။အွန်လိုင်း နဲ့ ပရင့်တ် ဟာ မီဒီယာတွေပါ ။ ဘယ်ဟာကဘာဖြစ်တယ်ညာဖြစ်တယ်ငြင်းခုံနေတာ ရယ်ချင်စရာကြီး ။ လူတွေကခက်တယ်ဗျ ။ အခွင့်အရေးနဲ့လွတ်လပ်ခွင့်ကိုပဲတောင်းဆိုကြတာ၊ ရယူကြတာ။ တာဝန်ယူမှုကိုဘယ်သူကမှမတောင်းဆိုဘူး။ Like တွေ Comment တွေကတော့ဘယ်လိုပြောရမလဲ ။ ဘာမှလည်းမဟုတ်ပါဘူး ။ ပွန်းပုံ တစ်ပုံမှာရတဲ့ Like တွေComment တွေက အရမ်းကောင်းမွန်တဲ့ကဗျာဆယ်ပုဒ် ဒါမှမဟုတ် အပုဒ်တစ်ရာထက် ပိုများနေတာတွေ့နေတယ်မှတ်လား။ တစ်ခုပြောချင်တယ်။ နည်းပညာပစ္စည်းတွေ၊ အလှအပတွေ၊ ပေါ်ပင်တွေက ခုခေတ်မှာသိပ်ခေတ်စားတယ်မဟုတ်လား။ လက်ခံရမှာပါ ။ ကျနော်တို့ငြင်းလို့မရဘူး ။ ဒါဟာအခြေအနေပဲ။ 

အောင်ရင်ငြိမ်း။           မြန်မာကဗျာလောကမှာကဗျာချဉ်းကပ်ခံစား ဝေဖန်မှု လုပ်ကြတဲ့အခါ တန်ဖိုးထား နားလည်ခံစားမှု( Appreciation )နဲ့ ကောင်းဆိုး ဝေဖန် ချဉ်းကပ်သုံးသပ်( Criticize ) လုပ်တာ ဆိုပြီး နှစ်မျိုးနှစ်စားလုံးလုပ်ဆောင်ကြတာ တွေ့ရတယ်။ ဆရာမြဇင်၊ ဆရာ မင်းလှညွန့်ကြူး၊ ဆရာမျိုးသန့်၊ကိုမင်းခက်ရဲ၊ သူရနီတို့ရဲ့ ကဗျာချဉ်းကပ်မှုတွေက Criticize ဘက်ကို အလေးသာပြီးဆရာမောင်သာချိုနဲ့ ကို အောင်ခင်မြင့်တို့က Appreciation ဘက်ကို အလေးသာတယ်လို့ကိုယ် မြင်တယ်။ မြန်မာကဗျာဝေဖန်ရေးအပေါ် ညီလေးတို့ရဲ့ အမြင်။ ပြီးတော့ အခုနှစ်ပိုင်း အွန်လိုင်းမှာ သဘောထားအမြင်မျိုးစုံနဲ့ လူပြောသူပြောများနေတဲ့မောင်ဂျိုကာရဲ့ ကဗျာချဉ်းကပ်မှုတွေနဲ့ လူမှုရေး ဝေဖန်ချက်တွေအပေါ် အမြင်။

အေးချမ်း။          မြန်မာကဗျာလောကမှာ ဝေဖန်ရေးသမားကောင်းရှားတယ်။ ကျနော့်စိတ်ထဲ မင်းခက်ရဲ တယောက်လောက်ပဲ သဘောကျမိတယ် ။ ဝေဖန်ရေးသမားတွေက ပညာရှင်ဆန်ဆန်ပဲ ဆောင်းပါးရေးသင့်တယ်ဗျ ။ ပုဂ္ဂလိက စိတ်ခံစားချက်တွေကိုမသုံးသင့်ဘူး ။ မောင်ဂျိုကာက ကျနော်နဲ့ တခြားကျနော့်အသိကဗျာဆရာတွေကို အရင်ကပြောထားဆိုထားတာတွေတော့တွေ့ မိပါတယ် ။ သူရဲ့ ကဗျာချဉ်းကပ်တော့ မဖတ်ဖူးပါဘူး ။ နောက်ပိုင်းအွန်လိုင်းသိပ်မသုံးဖြစ်လို့ ပါ။ ကျနော့်အတွက်တော့ အွန်လိုင်းက စကားတွေ ၊ တိုက်ခိုက်မှုတွေ က ကျနော်ဂိမ်းဆော့နေတဲ့အချိန်လောက်အရေးမပါပါဘူး ။

မောင်မိုးမြင့်။          Appreciation ဘက်ယိုင်တဲ့ ဝေဖန်ရေးကို ပိုသဘောကျပါတယ်။ နှစ်မျိုးစလုံးကတော့ လိုအပ်လို့ပဲ ရှိနေတာပါ။ မောင်ဂျိုကာကတော့ စာဖတ်နာထားတဲ့ စာရေးသူတစ်ဦးပါ။ ဘဝင်မကျမိတာကတော့ အနုပညာအရ မဟုတ်ပဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာရယ် ။ သူသိသလောက်ကိုအမှန်တရားလို့ ထင်ပြီးလုပ်နေတာတွေ ဟာ သူ့ကို အမြင်ကျဉ်းမြောင်းသူ စာရင်းထဲ ကျနော်ထည့်မိတဲ့အချက်တွေပါ ။ ပြောရမှာတော့ မကောင်းဘူးဗျ သူကိုယ်သူတောင် ဘယ်သူဆိုတာမပြောရဲတဲ့ သူအကြောင်းကိုကျနော်တို့ပြောလဲ အလကားပါ ။

ရင်ခွင်ရှိန်း။          ကဗျာချဉ်းကပ်တွေကတော့လိုအပ်တယ် ။ အသေအချာကိုလိုအပ်တာပါ။Appreciation ပဲဖြစ်ဖြစ်Criticize ပဲဖြစ်ဖြစ်လိုအပ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ခုကိုလည်း ကဗျာဝေဖန်ရေးသမားတွေဟာမျှတစွာသုံးစွဲရမယ်ဆိုတာသိထားတယ်လို့ ကျနော်ယုံကြည်ပါတယ်။ ပုဂ္ဂိုလ်ရေးဝေဖန်ချက်တွေကိုတော့ကျနော်စိတ်လည်းမ၀င်စားဘူး။ ဘယ်တော့မှလည်းဖတ်မှာမဟုတ်ပါဘူး။ Aggression စိတ်နဲ့ဝေဖန်ရေးကိုဖတ်ရတာထက် ကျနော် အောစာအုပ်ဖတ်ရတာ ပိုသဘောကျတယ်။ ကျနော့်ခံစားမှုကိုပြောတာပါ ။ 

အောင်ရင်ငြိမ်း။           ၂၀၁၀ အလွန် ခေတ်ပြိုင်မြန်မာကဗျာအခင်းအကျင်းမှာ ခေတ်ပေါ်ကဗျာ၊ အယ်လ်ပီ၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ ဖလာ့ဖ်၊စကားပြေကဗျာ စသဖြင့် ကဗျာအယူအဆ/ အမျိုးအစားတွေ ရှိနေကြတယ်။ ခေတ်ပြိုင်ကဗျာ(Contemporary Poetry) ဆိုတဲ့ ဝေါဟာရအပေါ်မှာလည်း အမြင်နဲ့ ၀ိဝါဒ အမျိုးမျိုးကွဲပြားနေကြတယ်လို့ ထင်တယ်။ ကိုဇော်ဇော်ထွန်းကတော့ ခေတ်ပြိုင်ကဗျာလို့ မြန်မာလိုမပြောဘဲ Contemporary Poetry လို့ အင်္ဂလိပ်လို တိုက်ရိုက် သုံးနှုန်းပြောဆိုဖို့အကြံပေးထားတယ်။ ခေတ်ပြိုင်ကဗျာဆိုတာ တချိုကဗျာဆရာတွေ ယူဆနေသလို ကဗျာအမျိုးအစားသစ်တစ်ခုလား။ ဒါမှမဟုတ် ၂၀၁၀ အလွန် မြန်မာနိုင်ငံမှာ အသစ်ဖြစ်ထွန်းလာတဲ့ကဗျာအမျိုးအစားသစ်တွေကို ခြုံငုံခေါ်ဝေါ်တဲ့ ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခုလား။ညီလေးတို့ ဘယ်လို ခွဲခြားနားလည်ထားလဲ။ ညီလေးတို့ အမြင်နဲ့ဆိုရင် ခေတ်ပေါ်ကဗျာကိုရော၂၀၁၀ အလွန် ခေတ်ပြိုင်ကဗျာစာရင်းထဲ ထည့်မလား။ ချန်ထားခဲ့ချင်လား။ ပြီးတော့ လာမယ့်ဆယ်စုနှစ်တစ်ခု အတွင်း ခေတ်ပြိုင်မြန်မာကဗျာရဲ့ အလားအလာ။ ဘယ်လို ကဗျာအမျိုးအစားတွေဆက်လက် ရှင်သန်ရပ်တည် နေနိုင်မယ် ထင်လဲ။ ဘယ်လို ကဗျာ အမျိုးအစားသစ်တွေ အသစ်ပေါ်ပေါက် ထွန်းကားလာမယ်လို့ ခန့်မှန်း ထင်ကြေးပေးမလဲ။

အေးချမ်း။          ခေတ်ပြိုင်ကဗျာ (ContemporaryPoetry ) ကို ၂၀၁၀ နောက်ပိုင်းကဗျာအမျိုးအသစ်တွေကို ခြုံငုံခေါ်ဝေါ်တဲ့ ပညာရပ်ဆိုင်ရာဝေါဟာရတခုလို့ နားလည်ထားပါတယ် ။ ကျနော့်အမြင်ကတော့ ခေတ်ပေါ်ကဗျာကို ခေတ်ပြိုင်စရင်းထဲမထည့်ထားပါဘူး။ ခေတ်တခုရဲ့ အပိုင်းအခြားအတိုင်းပဲ ထားခဲ့သင့်တယ် ။အခုရှိနေတဲ့ ကဗျာအမျိုးအစားတွေက ဆက်ရှိနေဦးမှာပါ။ အခုရှိနေတဲ့ ပြဿနာတွေလည်း ရှိနေပါဦးမယ် ။ လာမယ့်ဆယ်စုနှစ်ရောက်ရင်တော့ EleticPoetry ဆိုတာ ပေါ်ကောင်းပေါ်လာနိုင်ပါတယ် ။ ဒီမှာက ကိုယ်ပိုင်ရေးဟန်နဲ့ ကဗျာဆရာတော်တော်နည်းပါသေးတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိရင် ကိုယ့်လက်ရာကိုယ်ဖန်တီးသင့်ပါတယ် ။

မောင်မိုးမြင့်။           ခေတ်ပြိုင်ကဗျာဆိုတာ ၂၀၁၀ အလွန် မြန်မာနိုင်ငံမှာအသစ်ဖြစ်ထွန်းလာတဲ့ ကဗျာအမျိုးအစား အသစ်တွေကို စုခေါ်တဲ့ ပညာရပ်ဆိုင်ရာ ဝေါဟာရပါ ။ ကျနော်နှစ်သက်စွဲလန်းခဲ့ရတဲ့ ခေတ်ပေါ်ကဗျာကတော့ ခေတ်ပြိုင်ထဲ မပါလောက်တော့ပါဘူး ။ ဒါပေမဲ့ခေတ်ပေါ်ဟာ သူဘာသာ ဂုဏ်သိက္ခာရှိရှိနဲ့ ကျန်နေခဲ့တာပါ ။ ခိုင်မာတဲ့ အယူအဆ ရပ်တည်မှုမှန်ကန်တဲ့ကဗျာအမျိုးအစားတွေပဲ သမိုင်းမှာ ကျန်ခဲ့မှာပါ ။ ကိုဇော်ဇော်ထွန်နဲ့ ၃၈ လမ်းမှာ နေစောင်းတဲ့အထိပြောတဲ့အကြောင်းလေးလိုပေါ့ ဘယ်ကဗျာ အမျိုအစားကို မဆို ရူးရင်တော့ ကျကျနနလေး ရူးသင့်တယ်။ ဟိုမရောက် ဒီမရောက်ရူးတာဟာ ပြဿနာ တော်တော်ကြီးတယ်ဗျ ။ လေသံကြား တရားနာ သူများပြောလို့သိတာထက် ကိုယ့် ဘာသာသိပြီး သေချာလေးလုပ်တာပိုကောင်းပါတယ် ။ ကျိန်းသေတာကတော့ သမိုင်းကအဆုံးအဖြတ်ပေးပါလိမ့်မယ် အချိန်လေးစောင့်ပါပေါ့ ။

ရင်ခွင်ရှိန်း။         ခေတ်ပြိုင်ကဗျာပဲ ပြောပြောဗျာ ခေတ်ပေါ်ကဗျာပဲပြောပြော အနှစ်သာရ က နာမည်အပေါ်မှာမူတည်နေတာမှမဟုတ်တာ။ Contemporary Poetry ပဲခေါ်ခေါ် ကြိုက်သလိုခေါ်နိုင်ပါတယ်။ နောက်ဆယ်စုနှစ်တစ်ခုမှာ အသစ်ထွက်ပေါ်လာမဲ့ နောက် Generation တွေက “ ဟာ … ဘဲကြီးတွေကြည့်စမ်း ။ ဘာမဟုတ်တဲ့နာမည်လေး အခေါ်အဝေါ်လေးတစ်ခုကို တစ်ချိန်လုံးငြင်းခုန်သွားရတယ်”လို့အပြောခံရမှာ ကျနော်ကြောက်တယ်။အခေါ်အဝေါ်တစ်ခုခုကတော့လိုအပ်တာမှန်ပါတယ်။ ဒါပေမယ့် တစ်ကယ့်အနှစ်သာရက အခေါ်အဝေါ်မှာမရှိပါဘူး ။ ဒါကိုလည်း အားလုံးကသိပြီးသားကြီးပါဗျာ ။ အနာဂတ်မှာကဗျာအမျိုးအစားအသစ်တွေအများ
ကြီးပေါ်ပေါက်လာမှာပါ။ အနုပညာက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘ၀အသက်ရှင်နေထိုင်မှု စတာတွေနဲ့ဆက်စပ်နေတဲ့အတွက်
နိုင်ငံရေး၊ စီးပွားရေးစတာတွေပြောင်းလဲလာရင် ပုံစံအမျိုးမျိုး၊ ဖန်တီးမှုအမျိုးမျိုး၊ သဘောတရားအမျိုးမျိုးနဲ့ပြောင်းလဲဖြစ်ပေါ်လာမှာပါ ။

စီစဉ်တင်ဆက်သူ
အောင်ရင်ငြိမ်း
၂၂ ဇွန် ၂၀၁၃

No comments:

Post a Comment