Tuesday, July 2, 2013

လူငယ်ကဗျာဆရာ မောနွေ၊ မှူးသစ်၊ ဇက်ကကြိုးတို့နဲ့ အွန်လိုင်းလူငယ် ကဗျာစကားဝိုင်း


လွန်ခဲ့တဲ့ ၃နှစ်လောက်က TeenMagazine က အယ်ဒီတာ ဆရာမျိုးမြင့်ညိမ်းက တောင်းဆိုလို့ခေတ်ပြိုင်လူငယ်ကဗျာဆရာများနဲ့ ကဗျာဒိုင်ယာလော့ဂ်ဆိုတဲ့ ခေါင်းစဉ်နဲ့ကဗျာစကားဝိုင်းအစီအစဉ်ကို ကျွန်တော် ပြုလုပ်ခဲ့ဖူးပါတယ်။ ပရင့်တ်မီဒီယာက ကဗျာဆရာစိုးမင်းအောင်၊ မင်းသက်ဇဉ်၊ သူရနီ၊ ဇော်လူစိမ်း၊ လင်းသဏ်ညီ၊ မြတ်ဝေတို့ အုပ်စုနဲ့အွန်လိုင်းက ဥက္ကာကိုကို၊ နေ့သစ်၊ ရုပ်သေး၊ သူရသ၀ါ၊ ယုန်ယုန်တို့ အုပ်စုတွေနဲ့ အင်တာဗျူးလုပ်ပြီးမှကဗျာစကားဝိုင်းပုံစံ Presentation ပြန်ပြောင်းပြီး ပုံနှိပ်မီဒီယာပေါ်တင်ဖြစ်ခဲ့တာပါ။

အဲဒီလို လူငယ်ကဗျာစကားဝိုင်းတွေဆက်လုပ်ပေးဖို့ လူငယ်တချို့က တောင်းဆိုခဲ့ပေမဲ့ ကျွန်တော်က အလုပ်တွေ များနေတာရယ်၊စိတ်အာရုံ တိမ်းညွတ်မှု ပြတ်တောက်နေတာရယ်ကြောင့် ဆက်မလုပ်ဖြစ်ဘဲ ရပ်တန့်နေခဲ့ပါတယ်။

အခုတော့အွန်လိုင်းလူငယ်ကဗျာစကားဝိုင်းကို ပြန် အသက်သွင်းဖို့ စဉ်းစားစီစဉ်လိုက်ပါတယ်။

အွန်လိုင်းက ကဗျာစကားဝိုင်းလုပ်သင့်တယ်လို့ ကျွန်တော် ထင်မြင်ယူဆ ယုံကြည်တဲ့ လူငယ်ကဗျာဆရာတွေဆီကိုမေးခွန်းတွေ သီးခြားပေးပို့ပြီးသွားပါပြီ။ သူတို့ဆီက အမေးအဖြေတွေစုံလင်တဲ့အချိန်ကျရင် ကဗျာစကားဝိုင်းပုံစံ ပြန်လုပ်ပြီး fb နဲ့ www.neomodernmyanmarpoetry.blogspot.com မှာ Notesတင်ပေးသွားပါ့မယ်။ အွန်လိုင်းတင်ပြီးမှ ပရင့်တ်ထုတ်ပြီး FacesMagazine ဒါမှမဟုတ် တခြား သင့်တော်ရာ မဂ္ဂဇင်းတစ်စောင်စောင်မှာ ပုံနှိပ်ဖော်ပြခွင့်ရအောင်ကြိုးစားဖို့ စီစဉ်ထားပါတယ်။

အွန်လိုင်းက  တခြားလူငယ်ကဗျာဆရာတွေအနေနဲ့လည်း ဒီ လူငယ်ကဗျာစကားဝိုင်း အစီအစဉ်ကို စိတ်ဝင်စားကြမယ်ဆိုရင်( ဘယ်သူမဆို/ကျားမ လိင်ခွဲခြားမှု မရှိ)  မေးခွန်းတွေကို ဖြေဆိုပြီးကျွန်တော့်ဆီ Tag ပေးနိုင်ပါတယ်။ အမေးအဖြေတွေအပေါ် မူတည်ပြီးအွန်လိုင်းကဗျာစကားဝိုင်း အစီအစဉ်မှာ ထည့်သွင်းဖော်ပြသွားဖို့၊ ပရင့်တ်မီဒီယာမှာဆက်လက် ထည့်သွင်းဖော်ပြသွားဖို့ စဉ်းစားထားပါတယ်။

အောင်ရင်ငြိမ်း။          ။အောင်ချိမ့်အစ မိုဃ်းဇော် အဆုံး ပင်မရေစီး ခေတ်ပေါ်ကဗျာခေတ်တုန်းက အနုပညာသြဇာနဲ့ဝါသမ္ဘာ တည်ဆောက်နိုင်ခဲ့ကြတဲ့ ၀ါရင့်ကဗျာဆရာ အများစု အနေနဲ့ ခေတ်နဲ့အညီ ကဗျာရေးဟန်အသစ်တွေ
ဆက် မဖန်တီးနိုင်တော့ဘဲ
ခေတ်ပေါ်ကဗျာအဟောင်းထဲမှာပဲ ရပ်တန့်ကျန်နေခဲ့ကြပြီလို့ ကိုယ် ထင်တယ်။အာရုံခံစားပုံ လတ်ဆတ်ပြီး လူငယ်ဆန်တဲ့ နေမျိုး၊ ပိုင်၊ မောင်ဆေးရိုး၊ မင်းဆွေနှစ်၊နိုင်မွန်အောင်သွင်၊ ခရမ်းပြာထက်လူ၊
ခိုင်မြဲကျော်စွာ၊ မောင်ဖီလာ၊ ကိုရွေး သူတို့ကတော့ခြွင်းချက်ပေါ့လေ။ ကဲ ညီလေးတို့ အမြင်ကို ပြောပါဦး။


မောနွေ။          ။ ဆရာအောင်ချိမ့်၊ မိုးဃ်ဇော်တို့ကအစကိုပိုင်၊ ကိုဖီလာ၊ ခိုင်မြဲကျော်စွာစတဲ့ ကဗျာတွေရဲ့ခေတ်မှာ ကျွန်တော်က စာဖတ်သူ၊ကဗျာဖတ်သူ အဆင့်ပဲရှိပါသေးတယ်။ ငယ်ငယ်ကတော့ သူတို့က ကျွန်တော့်ရဲ့ အတုခိုးစရာ ဆရာတွေပါ။ခုချိန်မှာ သူတို့ထဲက တချို့တချို့တွေရဲ့ ကဗျာအာရုံခံစားမှုတွေက မလတ်ဆတ်တော့ဘူးဆိုရင်တောင် ဒါတွေဟာ ကဗျာမှတ်တိုင်တွေပါ။ ကဗျာတစ်ခုမှာ နောက်ခံအယူအဆ၊အာရုံခံစားမှုနဲ့ နှလုံးသွင်းမှု၊ တက္ကနိစတာတွေက အချိုးအစားနဲ့ ပါဝင်ပါတယ်။လူ့အဖွဲ့အစည်း/ အသိုင်းအဝိုင်းတစ်ခုရဲ့ ပျမ်းမျှအာရုံ ခံစားမှုဟာ ကြုံနေရတဲ့ပတ်ဝန်းကျင်ပေါ် မူတည်ပါတယ်။ ဒါကို တစ်နည်းအားဖြင့် နိုင်ငံရေးလို့ သတ်မှတ်ပါတယ်။နိုင်ငံရေးကို အရပ်စကားအရတော့ ခေတ်လို့ခေါ်ကြတယ်။ သူတို့ရဲ့ ကဗျာတွေဟာ သူတို့ရဲ့နိုင်ငံရေးပါပဲ။ သူတို့ကဗျာတွေ ခေတ်ပေါ်ကဗျာ အမျိုး အစား နွယ်တဲ့ =ကဗျာတွေဖြစ်လိမ့်မယ်။ သူတို့ကဗျာတွေဟာ ပြည်သူတွေရဲ့ အာဏာနဲ့ ပိတ်စို့ခံထားရတဲ့ ပါးစပ်ထဲက စကားလုံးတွေကိုကိုယ်စားပြုပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီဘက်ခေတ် (ဒီမိုကရေစီအကူးအပြောင်းခေတ်) ရဲ့ပြယုဂ်ကို ကိုယ်စားပြု၊ လွှမ်းခြုံနိုင်တဲ့ ကဗျာတွေ လည်း ရှိပါသေးတယ်။ ဒီလိုကဗျာမျိုးတွေကိုတော့ကျွန်တော်က ခေတ်ပြိုင်ဖြစ် နေသေးတယ်လို့ ထင်တယ်။ သူတို့ထဲမှာလည်း အတွေး အခေါ်ပြောင်းလဲလာတာတွေ ရှိပါတယ်။ ဆရာအောင်ချိမ့်ရဲ့ ကဗျာဆရာဘဝအဓိပါယ်သတ်မှတ်မှုနဲ့ကိုဖီလာရဲ့ သတ်မှတ်မှု မတူပါဘူး။ အရင်တုန်းက ဆရာအောင်ချိမ့်စာအုပ်ဖတ်တုန်းကသူရဲ့အတွေးအခေါ်ပုံစံမျိုးလည်း ခုခါ စကားပြောကြည့်တော့ ပြောင်းလဲလာတာ တွေ့ရပါတယ်။

မှူးသစ်။          ။ နံပါတ်တစ်မေးခွန်းကိုကျွန်တော့်အနေနဲ့က ပြောစရာတော့ သိပ်မရှိလှပါဘူး ခေတ်နဲ့အတူ ရွေ့လျားလာတဲ့အတွေးအခေါ် ပြောင်းလဲမှုတွေနဲ့ အံဝင်ခွင်ကျ မဖြစ်တော့တာ မရှိတော့တာ လို့ပဲမြင်မိပါတယ်။ ဒါကလည်း ၀ါရင့်ကဗျာဆရာတိုင်းအပေါ်မှာ မသက်ရောက်နိုင်ပါဘူး။အာရုံခံစားမှု အသစ်တွေ ဘယ်လောက် ဆာလောင်သလဲ
ဆိုတာကလည်းအသက်အရွယ်၊ ဖြတ်သန်းမှု၊ ၀ါနုဝါရင့်ဆိုတာတွေ နဲ့ သိပ်ပြီးတော့ သက်ဆိုင်တယ်လို့  မယူဆ မိဘူး။ အာရုံခံစားမှုအသစ်တွေနဲ့ဆက်လက်ဖန်းတီးနေဦးမယ့် ၀ါရင့် ကဗျာဆရာတွေကတော့ ရှိနေဦးမှာပါ။အာရုံခံစားမှုအဟောင်းနဲ့ လူငယ်ကဗျာဆရာတွေလည်း အများကြီးရှိနေတယ်လို့ထင်တယ်။ တစ်ခုပဲအသက်အရွယ်အရ စကားလုံးတွေ အပေါ် ရင်ခုန်ခံစားမှု ဖန်တီးမှု ပုံစံတွေကတော့ပြောင်းသွားလိမ့်မယ်လို့ မြင်မိတယ်။

ဇက်ကကြိုး။          ။  ကျတော့် အထင်တော့ ဥပမာတစ်ခုပေးရရင် သူတို့လဲ အော်ပါလိမ့်မယ်။သူတို့သမ္ဘာဖြတ်သန်းမှု့အရလည်းတော်တော်လေးအသံအောင်ခဲ့တယ်ပြောရမှာပဲ။သူတို့အော်ပါလိမ့်မယ်။သူတို့အချင်းချင်းသာ ကြားနိုင်လောက်မယ့်အသံမျိုးနဲ့ပေါ့။မျိုးစက်ကွာဟမှု့ကြောင့် သူတို့ အော်သံ ကျတော်တို့ဆီ ရောက်မလာသလိုကျတော်တို့ အော်သံလည်း သူတို့မကြားရတာပါလို့ ထင်ပါတယ်။

အောင်ရင်ငြိမ်း။          ။ ညီလေးတို့က ၂၀၁၀ အလွန်မှာ ထွက်ပေါ်လာတဲ့ နောက်ဆုံး မျိုးဆက်သစ် လူငယ်ကဗျာဆရာတွေပေါ့။ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာက ညီလေးတို့ ရဲ့ အနုပညာ ဖန်တီးမှုအပေါ်မှာမူတည်နေပြီ။ ခေတ်ပြိုင်မြန်မာကဗျာယဉ်ကျေးမှု အသစ်ဟာလည်း ညီလေးတို့ လက်ထဲရောက်နေပြီလို့ ကိုယ် ယူဆတယ်။ ဒါပေမဲ့ လူငယ်ကဗျာဆရာတွေနဲ့ လူမှုရေးနဲ့ အနုပညာထိတွေ့ဆက်ဆံမှု သိပ်မရှိတဲ့ ၀ါရင့်ကဗျာဆရာတွေက နောက်ဆုံး မျိုးဆက်သစ် လူငယ်တွေပေါ်ထွက်နေပြီဆိုတာ သတိမထားမိကြသေးဘူး။ တချို့ ကဗျာဆရာတွေအယ်ဒီတာတွေကျတော့လည်းသတိထားမိပေမဲ့ လူငယ်တွေကို အသိအမှတ်ပြု တန်ဖိုးထား နေရာပေးဖို့ ၀န်လေးတွန့်ဆုတ်နေကြသေးတယ်။သူတို့ကို ဘာပြောချင်လဲ။


မောနွေ။          ။ တကယ်တော့ ကဗျာလောကဟာကဗျာနဲ့ပတ်သက်သူတိုင်းမှာ တာဝန်ရှိပါတယ်။ တိတိကျကျပြောရရင် တာဝန်သိတဲ့သူဟာတာဝန်ရှိပါ တယ်။ မသိတဲ့သူမှာတော့ မရှိဘူးပေါ့။ ကဗျာဆရာတွေမှာပဲ တာဝန်ရှိတယ်ဆိုရင်ကဗျာတစ်ပုဒ်မှမရေးတတ်တဲ့ ကဗျာဗေဒဆရာတွေ ကြောင့် ကျွန်တော်တို့ ကဗျာဗေဒအသစ်တွေသိခဲ့ရတာကို လစ်လျူရှုသလိုဖြစ်သွားနိုင်တယ်။ လူငယ်တွေမှာပဲရှိတယ်ဆိုရင်လည်းစစ်အာဏာရှင် အောက်နှစ်ပေါင်းများစွာ ရောက်ခဲ့ရတဲ့နိုင်ငံ၊ကလေးသူငယ်အလုပ်သမားအများဆုံး နံပတ် ၁ ဖြစ်နေတဲ့နိုင်ငံ၊စာနယ်ဇင်းလွတ်လပ်ခွင့်ညွှန်းကိန်းဇယားမှာ ကိုယ့်အောက်မှာ ၁၁ နိုင်ငံပဲရှိလောက်အောင် စာပေ၊ မီဒီယာဖိနှိပ်မှုတွေ နှစ်ပေါင်းများစွာ ကြာပြီးမှ အဆင့် ၂၀ကျော် ပြန်တက်တာ မကြာသေးတဲ့နိုင်ငံ၊ ယနေ့အချိန်ထိ ကမ္ဘာ့အဆင်းရဲဆုံး နံပတ် ၁၃မှာရှိနေတဲ့နိုင်ငံ …အဲဒီလို နိုင်ငံတစ်ခုမှာ ငွေကြေး၊ ဥစ္ဆာကို ပယ်ပြီးကဗျာကိုပဲရွေးချယ်ခဲ့တဲ့ ကဗျာဆရာကြီးတွေကို ပစ်ပယ်ရာရောက်ပါတယ်။
ကျွန်တော်ရန်ကုန်ကဗျာလောကကို ၂၀၀၆-၇ ခုနှစ်မှာ ကိုယ့်သဘောနဲ့ကိုယ်ရောက်တယ်။ ကိုညီတို့ အစ်ကိုတို့လို ကျွန်တော့်ကို အသိအမှတ် ပြုခဲ့တဲ့ကဗျာဆရာတွေရှိသလို၊ ဘာအဆင့်မှမရှိဘဲ ကိုယ့်ကိုယ်ကိုအထင်ကြီးနေပြီးအဖက်မတန်သလိုဆက်ဆံတဲ့ အသိ ဥာဏ်နိမ့် ကဗျာရေးသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ကဗျာဆရာဆိုတာ ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ စံနှုန်းတွေလည်း မရှိပါဘူး။ သူတို့ယုံကြည်သလို ဘဝကိုအဓိပါယ်ဖြတ်လို့ရပါတယ်။ ခုဆို အွန်လိုင်းမှာ ကျွန်တော်လိုလူငယ်တစ်ယောက်တောင် မကြားဖူးတဲ့ ကဗျာဆရာ/မ အသစ်တွေ အွန်လိုင်းမှာ ရှိပါတယ်။ကျွန်တော်တုန်းက ခံခဲ့ရတဲ့အတွက် ကိုယ်ချင်းစာပါတယ်။ သူတို့ကို ကျွန်တော်တို့လိုမဖြစ်စေချင်ဘူး။ ကျွန်တော်ကြုံခဲ့ရတဲ့သူတွေနဲ့ပတ်သက်ပြီးတော့လည်း ခုချိန် ဘာမှမပြောချင်တော့ပါဘူး။


မှူးသစ်။          ။ ဒါကတော့ ကျွန်တော်ထင်ပါတယ်လူငယ်ကဗျာဆရာတွေအပေါ် တစ်ချို့ ၀ါရင့်ကဗျာတွေက သတိမထားမိကြတာ အသိအမှတ်ပြုကြတာတွေရှိနေသလို၊ သတိမထားရဲတာ အသိအမှတ်မပြုရဲတာတွေလည်း ရှိနေနိုင်ပါတယ်။ဒါကပြဿနာတစ်ခုတော့ မဟုတ်ပါဘူး ဘာလို့လည်းဆိုတော့ ခေတ်အရကို ပြဿနာမဟုတ်တော့တာ။ အခုကဗျာရေးဖို့ Space တွေက များလာပြီ။ နောက်တစ်ခုကကဗျာရေးတယ်ဆိုတာ ဘာအတွက် နဲ့ ဘာစိတ်နဲ့ ရေးတယ်ဆိုတာ က လည်းအရေးကြီးပါတယ်။ ၀ါရင့်သမ္ဘာရင့်တွေရဲ့အသိအမှတ်ပြုမှုတစ်ခုအတွက် ရေးနေတာလား အောင်မြင်တဲ့လူတွေရဲ့ အသိအမှတ်ပြုမှုရဖို့ကဗျာရေးနေတာလား လူကြိုက်များဖို့ ကဗျာရေးနေတာ လား အဲ့ဒါက အရေးကြီးပါတယ်။ကျွန်တော်ရဲ့ကိုယ်ပိုင် ခံစားမှုအရကတော့ ဘာလို့ကဗျာရေးလည်းဆိုရင် ရှင်းပါတယ်ရေးချင်လို့ မနေနိုင်လို့ရေးတယ်။ များသောအားဖြင် အရမ်းနာကျင်လာတဲ့အခါ၊လူ့အဖွဲ့အစည်းကို အမြင်မကြည်လင်လာတဲ့အခါ ကဗျာရေးဖြစ်ပါတယ်။ ၀ါရင့်ကဗျာဆရာတွေအနေနဲ့ လူငယ်ကဗျာဆရာတွေ သတိမထားမိကြတာကတော့ သူတို့ရဲ့ ကိုယ်ပိုင် အမြင်နဲ့ ခံစားမှုလို့ပဲထင်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့ လက်ရှိ အာရုံခံစားအသစ်နဲ့ လူငယ်ကဗျာဆရာတွေဘယ်နှစ်ယောက်ရှိသလဲ၊ ဘယ်လိုကဗျာတွေ ရေးနေကြသလဲ၊ ဆိုတာ အသေအချာမသိနိုင်တဲ့အချိန်မျိုး မှာ နီးစပ်ရာ လက်သိပ်ထိုး ဒါမှမဟုတ် လက်ဝါးချင်းရိုက်အသိမှတ်ပြု ကြတာမျိုးတော့ မဖြစ်စေချင်ဘူး။ ဆိုလိုချင်တာက လူငယ်ကဗျာဆရာဘယ်နှစ်ယောက်ရဲ့ကဗျာဘယ်နှစ်ပုဒ်ကို အသေချာလေ့လာ ဖတ်ရူခဲ့ပြီးပြီးလဲ၊၊ ပြောင်းလဲလာတဲ့အာရုံခံစားမှုအသစ်နဲ့ကဗျာတွေကို ဘယ်လောက်ထိတွေ့ ဆန်းစစ်ခဲ့ပြီးပြီလဲ လို့မေးချင်တာပါ။ ဒါပေမယ့် ၀ါရင့်ကဗျာဆရာတွေ အနေနဲ့ လူငယ်ကဗျာဆရာတွေကိုအသိအမှတ်ပြုသည်ဖြစ်စေ မပြုဖြစ်စေ ကျွန်တော်အနေနဲ့ ဆိုရင်တော့ ကျွန်တော်တို့အားကျခဲ့ရတဲ့ ကဗျာဆရာတွေရဲ့ကဗျာတွေ အနုပညာတွေက  ကျွန်တော်တို့ နှလုံးသားကို ရိုက်ခတ်ခဲ့တာ ကို တော့ မေ့ထားခဲ့လို့ရမှာ မဟုတ်ပါဘူး။ အမြဲတစေ နှစ်ခြိုက်နေရမယ့် အနုပညာတွေ အတွက် အသိမှတ်ပြုခြင်းမပြုခြင်းက အရေးမကြီးပါဘူး။ ဥပမာဆိုရင် ကျွန်တော်ကြိုက်ခဲ့တဲ့ ကဗျာဆရာတွေ ရှိတယ်ဆရာ မြေချစ်သူ မောင်ချောနွယ် သုခမိန်လှိုင် တို့က အစ ပေါ့ မောင်ဖီလာ၊ ခိုင်မြဲကျော်စွာ၊၀င်းမြင့် ဟိန်းမြတ်ဇော် စသည်ဖြင့် အများကြီးပါပဲ သူတို့ က ကျွန်တော့်အပေါ် ၊ကျွန်တော့်ကဗျာတွေအပေါ် အသိအမှတ် မပြုဘူးဆိုရင်လည်း ကျွန်တော့်ကတော့ သူတို့ ကဗျာအနုပညာတွေကို လေးစားနေမှာပဲ။

ဇက်ကကြိုး။          ။  လူကြီးကလောင်ကြီးသမားတွေဆိုတာလည်း လူငယ်ကလောင်ငယ်ဘ၀ကစခဲ့တာပဲဗျာ။ရဲရင့်မှု့နဲ့ကျတော်တို့လာနေပါတယ်။အနုပညာက သက်မဲ့အဆောက်အဦးမဟုတ်လို့ စည်းရိုးတွေနဲ့ကာနေတာ သဘာဝမကျမလှပါဘူး။ဘာအရောင်ပဲသုတ်ထားသုတ်ထားစည်းရိုးဆိုရင် ကန့်သတ်ချက်တစ်ခုအဖြစ်ပဲ ကျတော်တို့က မြင်တယ်။အထဲမှာပဲမနေကြပါနဲ့ အပြင်ထွက်ပြီးအသက်ရူကြည့်ပါလို့။လမ်းသလားကြပါလို့။တယောက်တည်း အိမ်ထဲမှာ ရေမွှာပေါက်နေရင်ကွိုင်တက်သွားလိမ့်မယ်။အနုပညာအသစ်တွေနဲ့ လမ်းသလားကြည့်ပါလို့။ကျတော်တို့ကိုလည်းအိမ်ဦးခန်းမှာ မထားခိုင်းပါဘူး။ဧည့်ခန်းမှာထားလည်း ကမ္ဘာကြီးအောင်အော်သံပြဲပြဲကြီးနဲ့ ကျတော်တို့ အော်ပြောနိုင်မှာပါ။

အောင်ရင်ငြိမ်း။          ။  လက်ရှိအခြေအနေအရ ၂၀၁၀ အလွန် ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ပင်မရေစီးခေတ်ပေါ်ကဗျာအပြင်အယ်လ်ပီ ၊ နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ စကားပြေကဗျာ၊ ဖလာ့ဖ် စသဖြင့်ကဗျာအမျိုးအစားသစ်တွေ အယူအဆတွေ အမျိုးမျိုး ရှိနေကြတယ်။ အဲဒီ ကဗျာအယူအဆ/ အနုပညာလက်ရာတွေအပေါ် ညီလေးတို့ရဲ့ အမြင်။

မောနွေ။          ။ ကဗျာဆိုတာက ရှေးအကျဆုံးစာပေအနုပညာတစ်ရပ်ပါ။ စကားပြေအရေးအသားထက် ပိုလေးနက်ပါတယ်။ သံစဉ်မပါ၊ ဇာတ်ကြောင်းမပါ၊ ရုပ်ပုံမပါ (နောက်ပိုင်းကဗျာတွေမှာတော့ ပါလာပြီ) စာသားသက်သက်ကို စာအဖြတ်အတောက်၊ စကားလုံးသုံးစွဲပုံစတာတွေနဲ့ပဲ အနုပညာမြောက်အောင် ဖော်ပြရခြင်းရဲ့နောက်ကွယ်မှာ အယူအဆတွေ၊အတွေးအခေါ်တွေ၊ တက္ကနိတွေဟာ အရမ်းကျယ်ပြန့် နက်ရှိုင်းသိမ်မွေ့လွန်းပါတယ်။ နောက်…ကဗျာအယူအဆတွေဟာ ဆက်တွေးလို့ရနိုင်ခြေအရမ်းနည်းလောက်အောင် အရမ်းများလာပြီ။ပြီးတော့ဗျာ စကားပြေနဲ့ကဗျာကြားမှာရှိတဲ့ မာဂျင်ပါးပါးလေးတောင် ပြိုကျသွားပြီ။ စကားပြေကိုကဗျာလို့ ခေါ်ကြသလို၊ ကဗျာကို စကားပြေလို့ ခေါ်ကြတဲ့အချိန် ရောက်နေပြီ။ကဗျာတစ်ပုဒ်ထဲမှာလည်း အယူအဆ၊ အတွေးအခေါ်၊ အဲဒီအယူအဆနဲ့ဆိုင်တဲ့ တက္ကနိ စတာတွေကိုတစ်မျိုးတည်းသုံးတာ အစ်ကိုတွေ့သေးလို့လား။ ကျွန်တော်တို့က ဗဟုဝါဒခေတ်ဖြစ်နေပြီမဟုတ်လား။ မော်ဒန်ကို တော်လှန်ကြတာဟာ မော်ဒန်ခေတ်က “ငါ”ကိုတည်ဆောက်ခဲ့တာ။ ငါ နာကျင်တယ်၊ ငါခံစားတယ်၊ ငါ့ပြည်သူ၊ပြည်သူတွေလို ငါခံစားရတယ်၊ သူ့လို၊ သူမလို ငါခံစားရတယ် စတဲ့အယူအဆနေရာမှာ ပို့စ် မော်ဒန်ရဲ့ငါဟာ စကြ၀ဠာထဲက အမှုန်လေး၊ ငါဆိုတာဟာ ရှိတောင်မရှိဘူး။ လူတိုင်းဟာ “ငါ” ရှိကြတယ်။ ငါ နာကျင်တယ်ဆိုတာ လူတိုင်းဖြစ်နေကျပဲ။ ဒီလိုအတွေးအခေါ်တွေကြောင့်ပဲ။ အစ်ကိုဆိုရင်ရော ဘယ်လို မြင်လဲ။

မှူးသစ်။           ။ ကျွန်တော့် အနေနဲ့ ကဗျာအယူအဆပိုင်းဆိုင်ရာကို သိပ်ပြီးမဆွေးနွေးနိုင်ပါဘူး။ ကျွန်တော့်အနေနဲ့က ကိုယ်ဖတ်မိတဲ့ကဗျာက ကိုယ့် နှလုံးသားကို ကိုယ့်ခံစားမှုကို ကိုယ်မြင်နေတဲ့ လူ့အဖွဲ့အစည်းကို ဘယ်လောက်အထိရိုက် ခတ်သွားနိုင်လဲ။ ကိုယ့်အတွက် သစ်လွင်တဲ့ ခံစားမှုအမြင်တွေကို ဘယ်လောက်ထိပေးနိုင်သလဲ ဆိုတာကို မူတည်ပြီးတော့ သဘောကျ တတ်ပါတယ်။ ကဗျာရေးတဲ့ နေရာမှာလည်းအရိုးသားဆုံးပြောရရင် နည်းပညာတွေ အယူအဆတွေ ၀ါဒတွေ အားလုံးကို တွန်းလှန်ပြီးတော့ရေးပါတယ်။ ကိုယ်ရေးလိုက်တဲ့ ကဗျာဟာ ဘယ်ကဗျာ အမျိုးအစားဖြစ်ရမယ်လို့ သတ်မှတ်ချက် စံနူန်းမထားမိခဲ့ဖူးပါဘူး။ကဗျာဖတ်သူအနေနဲ့ပြောရရင်လည်း ဘောင်တစ်ခုတည်းကို ပိတ်သွင်းထားခံရတယ်လို့ ခံစားရတဲ့ ကဗျာတွေကိုသဘောမကျမိဘူး။

ဇက်ကကြိုး။          ။ ရှင်းလေရှုပ်လေဆိုတာ ကဗျာအယူအဆပိုင်းကိုပြောတာဖြစ်မယ်။ကျတော်ထင်တယ်။ကဗျာဆိုတာကဗျာဆရာပြောသလောက်မရှုပ်ပါဘူး။ကွာခြားချက်တွေ ရှိပေမယ့် အကုန်လုံးက အနုပညာပစ္စည်းတွေချည်းပါပဲ။
ဟိုအရင်ကလည်း ကဗျာအမျိုးအစားတွေ ကွဲပါတယ်။အခုလည်းကွဲ နောက်လည်းထပ်မံကွဲထွက်ပြီး အစအစတွေက ကဗျာပြု့လုပ်သူတွေကို ထိမှန်နေဦးမှာပါ။ကျတော့အမြင်တော့အမျိုးအစားတိုင်းက သေချာလေ့လာရင်ပဲဖြစ်ဖြစ် အကြမ်းဖျဉ်းလေ့လာရင်ပဲဖြစ်ဖြစ် ခက်ခဲမှု့ပေါင်းစုံနဲ့ဖြစ်လာရတာကိုတွေ့ရမှာမလို့ အကုန်လုံးက တန်ဖိုးရှိတဲ့ အနုပညာတွေပါပဲ။


အောင်ရင်ငြိမ်း။          ။ အဲဒီခေတ်ပြိုင်ကဗျာတွေထဲက ညီလေးတို့ အာရုံတိမ်းညွတ်မှု ရှိတဲ့ ကဗျာအမျိုးအစား။ အဲဒီကဗျာဗေဒအပေါ် နားလည်ခံယူထားပုံ အနှစ်ချုပ်။ တကယ်လို့ ညီလေးတို့ လက်ရှိရေးနေတဲ့ ကဗျာအနုပညာလက်ရာတွေကို ဖန်တီးသူကိုယ်တိုင် အမှတ်တံဆိပ်တစ်ခုခု ခွဲခြားပြောပြပါ။ ကိုယ့်အနုပညာကိုယ် တခြားသူတွေနဲ့ ကွဲပြားခြားနားအောင် ပြောပါလို့ မေးရင် ဘယ်လိုဖြေကြမလဲ။တချို့ ကဗျာဆရာတွေ/ ကဗျာဖတ်သူတွေကတော့ ကဗျာအနုပညာကို အမည်အမှတ်တံဆိပ်တွေ တပ်တာ
အပေါ်ယံ ကိစ္စတွေပဲလို့ ယူဆပြီး နှစ်သက်လက်ခံမှု မရှိကြဘူး။ ကိုယ့်အမြင်ပြောရရင် ကဗျာကိုယ်တိုင်ကိုက
တခြား အနုပညာ အမျိုးအစားတွေနဲ့ ကွဲပြားခြားနားနေတဲ့ စာပေပုံသဏ္ဍာန်တစ်မျိုးပဲလေ။အဲဒါကြောင့် မေးတာပါ။


မောနွေ။          ။ အသိသာကြီးပါ။ ကျွန်တော်နီယိုမော်ဒန်နဲ့ ကွန်ဆက်ချူရယ်ကဗျာတွေ ရေးခဲ့တယ်။ တခြား စမ်းသပ်ကဗျာတွေလည်းရေးခဲ့တယ်။ ဒါ ပေမဲ့ ကျွန်တော် အရင်က ရေးခဲ့တဲ့ကဗျာတွေက Old School လို့ပြောရမယ့်Material Conceptual တွေများပြီး နောက်ပိုင်းမှာက အိုင်ဒီယော်လော်ဂျီကို ကိုယ်စားပြုပြီး တင်ပြပုံရှုပ်ထွေးတဲ့ Conceptual တွေ ပိုရေးဖြစ်တယ်။ Concrete ကိုတော့ တအားမုန်းတယ်။Surrealism ကတော့ ခုချိန်ထိ ရူးသွပ်နေတုန်းပဲ။ ပို့စ်မော်ဒန်ဝါဒကိုကျွန်တော်ကြိုက်ပေမဲ့ ပို့စ်မော်ဒန်ကဗျာတိုင်းကို ကျွန်တော် မကြိုက်နိုင်ခဲ့ဘူး။တကယ်တော့ ပြောမယ့်သာပြောတာ ပို့စ်မော်ဒန် ဝါဒဆိုတာကြီးက အလွန်ပြန့်ကားကြီးမားလွန်းပါတယ်။ကဗျာမပြော နဲ့ နေ့စဉ်ဘဝထဲမှာတောင် ပို့စ်မော်ဒန်အယူအဆတွေကို မသိစိတ်ထဲကနေ မထုတ်နိုင်သေးဘူး။
နီယိုမော်ဒန်က ပို့စ်မော်ဒန်ကို ဆန့်ကျင်တယ်။ ဒါပေမဲ့ ပို့စ်မော်ဒန်တက္ကနိတွေကိုယူသုံးထားတယ်။ အစ်ကို့ကို ကျွန်တော်က Neo Modernism ဘာလို့မလုပ်သလဲလို့ ပြောခဲ့တာမှတ်မိလား။ အစ်ကိုက နီယိုမော်ဒန်ကဗျာအမျိုးအစားကိုသူများတွေပြောသလို ပို့စ်မော် ဒန်ကဗျာပါပဲလို့ ထင်လို့လား။ ကျွန်တော့်အမြင်ကတော့နီယိုမော်ဒန်ဟာ ကဗျာအမျိုးအစားတစ်ခုပဲ။ ဒါပေမဲ့ ဒါဟာ ပို့စ်မော်ဒန်ဝါဒရဲ့အ ကိုင်းအခက်တစ်ခုအနေနဲ့မြန်မာစာပေ၊ မြန်မာဘာသာစကားတည်ဆောက်ပုံ၊ မြန်မာ့နိုင်ငံရေး၊မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အတွေးအခေါ် စတာတွေကို အခြေခံပြီး ထွက်ပေါ်လာတဲ့ကဗျာအမျိုးအစားတစ်ခုလို့ ထင်တယ်။ သူဟာ ပို့စ်မော်ဒန်ကို ဆန့်ကျင်လို့ရတယ်။ဆန့်ကျင် ခွင့်လည်းရှိတယ်။ LP နဲ့ PLP လိုပေါ့။Conceptual နဲ့
Stuckist တွေလိုပေါ့။အစ်ကို့မှာလည်း ဒီလိုအတွေးအခေါ်မျိုးရှိလို့ နီယိုမော်ဒန်ဟာ ဝါဒတစ်ခုအဖြစ် တည်ဆောက်လို့မသင့်သေးဘူး/မရသေးဘူးလို့ သုံးသပ်တာများလား။ ကျွန်တော်တော့ အဲဒီလိုထင်တယ်။ ဒီနေရာမှာ ကြုံလို့နီယိုမော်ဒန်အကြောင်းကို ထည့်ပြောတာပါ။ ကျွန်တော်က ကဗျာအကြောင်း၊ စာအကြောင်းတွေလူတွေနဲ့ သိပ်ပြောတတ်တဲ့ အကျင့်လည်းမရှိပါဘူး။ နီယိုမော်ဒန်အပါအဝင်ကဗျာအမျိုးအစား/ဝါဒတစ်ခုကို ယုံကြည်ပါတယ်ဆိုတဲ့ လူတွေကို ကျွန်တော်က သေသေ ချာချာလေ့လာစေချင်တယ်။ ခင်ဗျား ယုံကြည်တဲ့ ကဗျာဝါဒ/ကဗျာအမျိုးအစားက ဘာလဲဆို မဖြေတတ်ဘဲနေတာမျိုးက ကိုယ့်ယုံကြည် မှုကို တန်ဖိုးကျစေတယ်။
တချို့သူတွေက သွယ်ဝိုက်တဲ့သဘောနဲ့ နိုင်ငံခြားကကဗျာအမျိုးအစားတစ်ခုမဟုတ်လို့ ကဗျာအမျိုးအစားအဖြစ် စာရင်းမသွင်းဘူးလို့ဆို လာရင်ကျွန်တော် မေးချင်တာက နိုင်ငံခြားမှာ ခေတ်စမ်းရှိခဲ့လား၊ ဒွေးချိုးရှိခဲ့လား၊သံပေါက်ရှိခဲ့လား။ မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာ့လူ့အ ဖွဲ့အစည်းကို အခြေခံပြီး ကဗျာဝါဒတစ်ခုမတည်ဆောက်နိုင်ရင်တောင်ကဗျာအမျိုးအစားတစ်ခု တည်ဆောက်နိုင်စွမ်းရှိတယ်ဆိုတာကို ယုံကြည်စမ်းပါလို့ကျွန်တော်ပြောချင်တယ်။ ကျွန်တော် နီယိုမော်ဒန်ကို လော်ဘီလုပ်နေတာ မဟုတ်ပါဘူး။ LPကိုလည်း လေ့လာခဲ့ပြီး ရေးလည်း ရေးခဲ့ပါတယ်။ LPရေးတဲ့သူတွေ(လို့ အတော်များများက သတ်မှတ်တာခံထားတဲ့သူတွေ)ကလည်း ကျွန်တော့်ကိုချစ်ကြ တယ်။ လင်းရမ္မာတို့နဲပဆို အရက်တောင် အတူတူသောက်ဖြစ်တယ်။ အဓိက,က ကဗျာပဲလို့ ကျွန်တော်ထင်ပါတယ်။ Label က အတိုင်းအတာတစ်ခုအထိ အရေးကြီးပေမဲ့ ခုချိန်မှာတော့ ကျွန်တော့်ဘာသာကျွန်တော် ကဗျာလို့ထင်တာတွေကို ရေးနေပါတယ်လို့ ပြော ချင်တယ်။
ဆရာဇေယျာလင်းတို့လို လူတွေနဲ့ စကားပြောဖြစ်တဲ့အခါကျရင်လည်းကျွန်တော့်ကို နီယိုမော်ဒန်ရေးလို့ဆိုပြီး တစ်ခါမှ မတိုက်ခိုက်ခဲ့ဘူး။ အရင်တုန်းကအစ်ကိုနဲ့ ကဗျာဗေဒအရ တိုက်ခိုက်ခဲ့တာတွေရှိရင်တောင် ကျွန်တော်တို့ အပေါ်မှာသူမရှိဘူး။ သူလည်း ကဗျာပေါ် နေတယ်။ ကျွန်တော်တို့လည်း ကဗျာပေါ် နေတယ်။လက်ခံတာလက်မခံတာထက် ကဗျာကိစ္စလုပ်ခြင်းကို သူတို့ မုဒိတာပွားပေးနေ ကြပြီ။ ဒါပါပဲ။ခုခေတ် လူတချို့ ရူးသွပ်နေတဲ့ အစွဲအလမ်းတွေကို ရှေ့ကလူတချို့က စွန့်ပစ်လိုက်ကြပါပြီ။အစ်ကိုတောင် တချို့သော ကိစ္စတွေကို စွှန့်လွှတ်ပြီးကဗျာအတွက်ပဲ လုပ်နေပြီမဟုတ်လား။
နောက်မေးခွန်းကို ဆက်ဖြေရရင်…
ကျွန်တော်တို့ ကဗျာလောကမှာ ဗြုန်းခနဲတွေးရင် ကဗျာမှာတံဆိပ်တပ်တာကအတော်အတန်ကြီးမားတဲ့ ပြဿနာတစ်ရပ်လို့ အားလုံး နီးပါး ထင်ကြတယ်။ ဒါပေမဲ့ တကယ်ကကဗျာဆရာတွေကို တံဆိပ်ကပ်တာကမှ အတော်ဆိုးတဲ့ပြဿနာလို့ ကျွန်တော်ထင်တယ်။ရှည်ရှည်ဝေးဝေး မကြည့်နဲ့။ ကျွန်တော်ဆို အစက နီယိုမော်ဒန်ကဗျာဆရာလို့သတ်မှတ်ခံရတယ်။ နောက်တော့ ကွန်ဆက်ချူရယ်။ ကဗျာလောကမှာ အစ်ကိုပြီးရင်ကိုယ်ရေးတဲ့ကဗျာ နီယိုမော်ဒန်ပါလို့ ပေါ်တင်ပြောခဲ့တဲ့သူဟာ ကျွန်တော်ပဲထင်တယ်။ထားပါတော့။ ဒီတော့ ကျွန်တော့်တို့ ဆီမှာ တကယ်တက်နေတဲ့ ပြဿနာကကဗျာဆရာတွေကိုတံဆိပ်ကပ် တဲ့ပြဿနာပါ။ ဇေယျာလင်း ဆို LP ၊ PEMဆို LP၊ မောနွေဆို နီယိုမော်ဒန်၊ အေးချမ်းဆိုနီယိုမော်ဒန်၊ ငြိဏ်းဝေဆို ကွန်ဆက်ချူရယ်၊ ဟန်လင်းဆို ဒစ်ဂျစ်တယ် …စသဖြင့် လူကိုပိုကြည့်ကြ တာများပါတယ်။ ကလောင်နာမည်ထိုးမထားတဲ့ ကဗျာတစ်ပုဒ်ဆိုရင်တော့ကိုယ့်သိမှုနဲ့ကိုယ် တံဆိပ်ကပ်ကြတာပေါ့။ ရုပ်ရှင်တောင် အမျိုးအစားခွဲခြားရသလိုပဲကဗျာလည်း အမျိုးအစားခွဲတာကောင်းပါတယ်။ Label ဆိုတာလိုအပ်ပါတယ်။ တကယ်တော့ ကဗျာဖြစ်ဖြစ်၊ စီးပွားရေးဖြစ်ဖြစ်၊ နိုင်ငံရေးဖြစ်ဖြစ်၊လူမှုရေးဖြစ်ဖြစ် Professional ပီသတဲ့ နယ်ပယ်တစ်ခုမှာအတန်းအစားခွဲခြားမှုဆိုတာ လိုပါတယ်။ ကဗျာဆိုတာ ကျွန်တော်ရဲ့ Professional ဖြစ်မှု တစ်ခုပါ။


မှူးသစ်။         ။ ဟိုးမော်ဒန်ခေတ်ဦးကတည်းပေါ့ကျွန်တော်တို့ ဖတ်ခဲ့တဲ့ ကဗျာတွေ ရှိပါတယ် ။ အဲ့ဒီချိန်တွေတုန်းကတည်းကဘာကဗျာအမျိုးအစား ဆိုတာထက် ကဗျာဆရာနဲ့ ဘယ်လိုခံစားတွေ ဘယ်လိုကဗျာတွေကကိုယ့်ရင်ဘတ်ထဲက ခံစားမှုတွေ ကို အထိခတ်နိုင်ဆုံးဆိုတာတွေကို အဓိကထားခဲ့မိတယ်။ပြန်ကြည့်မိရင်တော့ ကိုယ်သဘောတကျ ကြိုက်မိခဲ့တဲ့ ကဗျာတွေကလည်း  နာကျင်ခံစားမှု ချို့တဲ့မှု၊ လူ့အဖွဲ့အစည်းကို ထောက်ပြ ပြောဆိုနိုင်မှုစတာတွေကို သဘောကျခဲ့တယ်။ အခုကျွန်တော့်ကဗျာတွေကလည်း
 အရေးအသားပုံသဏ္ဍန်တွေအရတော့ကွဲပြားမှုရှိနေနိုင်ပေမယ့်လည်း နာကျင်ခံစားမှု ချို့တဲ့မှု၊ လူ့အဖွဲ့အစည်းကို တော်လှန်အန်ထုတ်ချင်တဲ့ ခံစားမှုတွေ့ အများဆုံး ပါဝင်နေတယ်လို့ ထင်တယ်။ ဒါပေမယ့်ကိုယ့်ခံစားမှုပဲ ဖြစ်ဖြစ် နာကျင်မှုပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်း ထောက်ပြပြောဆိုမှုပဲဖြစ်ဖြစ်ရိုးရှင်းတဲ့ စကားလုံးအဟောင်းတွေကို အသုံးပြုပြီး လွယ်လင့်တကူချပြရတာမျိုးကိုမနှစ်သက်ဘူး။ဘယ်လို ကဗျာအမျိုးအစားမျိုး ဖြစ်တယ်ဆိုတာတော့ ကျွန်တော်မပြောတတ်ပါဘူး။ ပြောနိုင်တဲ့ အနေအထား ကျွန်တော့်မှာ မရှိပါဘူး။

ဇက်ကကြိုး။          ။  အကျီ င်္တွေကိုပြောင်းလဲ ၀တ်ဆင်တဲ့လူငယ်တစ်ယောက်မဟုတ်ပါဘူး။ဒါပေမယ့် neoModern Dress ကိုကျတော်ကြိုက်တယ်။လူမြင်ကောင်းဖို့ကြိုက်တာမဟုတ်ဘူး။ကိုယ့်နဲ့သင့်တင့်မျှတမှု့ကိုပေးနိုင်စွမ်းရှိလို့ပါ။
အမျိုးအစားတစ်ခု တပ်ပြမှဖြစ်မယ်ဆိုရင်တော့ လူငယ်တစ်ယောက်အတွက်ပိုလွန်းနေတဲ့ နာကျင်စရာတွေ ခံစားရလိုက်တာကို အမူအရာနဲ့ ပြရင်( တစ်။မျက်စိ /နှစ်။ပါးစပ်/ သုံး။လက်ဖျားခြေဖျားလေးတွေ)ရဲ့တုန်လှုပ်သွားမှု့ကအကြမ်းဖျဉ်းတူနိုင်ပေမယ့် အဲ့အချိန်မှာ ရွေ့လျားနေတဲ့ စိတ်အလျင်ကတစ်ယောက်နဲ့ တစ်ယောက် တူလိမ့်မယ် မထင်ဘူး။အဲတာ စိတ်ပိုင်းဆိုင်ရာခြားနားမှု့ပါ။ဒီစိတ်က ဖန်တီးလိုက်တဲ့ အနုပညာက တစ်ခြားသူကို တုမထားရင် ဒါမှမဟုတ်တမင်ကွဲအောင်ရေးမနေရင်တောင် ကဗျာဆရာရဲ့ အတွေးအခေါ်နဲ့တင် ကွဲသွားလိမ့်မယ်ထင်ပါတယ်။အကောင်းဆုံးကွဲပြားနိုင်မှု့တစ်ခုကတော့
ကဗျာတစ်ပုဒ်မှာ ရေးသူရဲ့ လက်ဗွေရာထည့်ပေးလို့ရမယ် ဆိုရင်တော့သိပ်အဆင်ပြေမှာဗျ။



အောင်ရင်ငြိမ်း။          ။ ညီလေးတို့ အနေနဲ့ကဗျာအနုပညာ လက်ရာတစ်ခုကို ဘယ်လို အတွေးအခေါ် ဘယ်လို အာရုံခံစားပုံ ဘယ်လိုအတတ်ပညာပိုင်း နည်းစနစ်ပိုင်းတွေနဲ့ ရေးသားဖန်တီးနေကြသလဲ။ ကဗျာရေးသားခြင်းရဲ့နောက်ကွယ်မှာ ဘယ်လို နောက်ခံ အယူအဆနဲ့ ခံယူ ယုံကြည်ချက်တွေ ရှိနေကြသလဲ။

မောနွေ။          ။ ကဗျာရေးချင်စိတ် အရင်ဖြစ်ပါတယ်။ကျွန်တော်က နဂိုကတည်းက ကဗျာအရေးကျဲသလို တည်ပြီးရေးဖြစ်တာမျိုးလည်း ရှားပါတယ်။ဒါပေမဲ့ ကျွန်တော့်ကဗျာရဲ့ စကားလုံးတွေနဲ့ တင်ဆက်မှု နောက်ကွယ်မှာကျွန်တော်ယုံကြည်တဲ့ အယူအဆတွေနဲ့ လူပုဂ္ဂိုလ်၊ အဖြစ်အ ပျက် စတာတွေကိုအုတ်မြစ်ချထားပါတယ်။ ကဗျာဘာသာစကားနဲ့ ကဗျာရသတင်ဆက်မှုကိုတော့ ကျွန်တော့်သိမှုထဲလက်တလော စိတ်ထဲရှိနေတဲ့ တက္ကနိတွေကို အသုံးပြုပြီး အာရုံခံစားမှုကို ဘာသာပြန်၊တည်ဆောက်(မိ)ပါတယ်။ တကယ်တော့ ကဗျာက unconsciousnessနဲ့ consciousness ကြားက ခေါက်တုံ့ခေါက်ပြန်သွားလာနေတဲ့ လမ်းကြောင်းပါပဲ။ ism တွေကို တည်ပြီးမှ ကဗျာရေးတာထက်ကဗျာရေးပြီးတဲ့နောက်မှာမှ ဒီစာအစုအဝေး(သို့မဟုတ်)စာသားဟာ ကိုယ့် သိမှုထဲကိန်းအောင်းနေတဲ့ ဒီ ism ကို ကိုယ်စားပြုတာပဲဆိုပြီး ပြန်တွေ့ဖြစ်တာများပါတယ်။တက္ကနိတွေကတော့ ဆရာဇေယျာလင်း၊ ဆရာငြိဏ်းဝေတို့ရဲ့ ကဗျာ ဆောင်းပါး တွေမှာရောအစ်ကို့ရဲ့နီယိုမော်ဒန်ဆောင်းပါးတွေမှာပါ ပါပြီးသားမို့ ကျွန်တော်ပြန်မပြောပြတော့ပါဘူး။

မှူးသစ်။          ။ သေချာတာကတော့ ကမ္ဘာကြီးနဲ့လူ့အဖွဲ့အစည်းကို ကယ်တင်မယ်ဆိုတဲ့ စိတ်နဲ့ ကျွန်တော် ကဗျာမရေးဖြစ်ပါဘူး။ရေးဖို့လည်း ဆန္ဒမရှိပါဘူး။ဘာသာစကား ဒါမှမဟုတ် စကားလုံးတွေပေါ့ အဲ့ဒီအရာတွေကို ကြားခံမီဒီယာတစ်ခုထက်ပိုပြီး ရင်းနှီးထိတွေ့တဲ့ အရသာ၊ အဲ့ဒီအရာတွေပေါ်မှာထားတဲ့ ရိုးသားမှု  ခံစားမှု အဲ့ဒါတွေကို ကျွန်တော်သဘောတကျရှိတယ် တန်ဖိုးထားတယ်။ ဘာသာစကား စကားလုံးတွေကို ကြားခံဆိုတာထက်ပိုပြီးတန်းဖိုးထားတယ်။ အာရုံခံစားမှုအနေနဲ့လည်း ကြားခံပစ္စည်းဆိုတာထက် ပို ပြီးအသုံးပြုရတာ သဘောကျတယ်။ ကျွန်တော်ရေးလိုက်တဲ့ ကဗျာထဲက ဘာသားစကား၊ စကားလုံးတွေဟာ ကြားခံပစ္စည်းတစ်ခုအနေနဲ့ပါဝင်သွားတာလို့ မယူဆဘူး၊ ကျွန်တော်နဲ့ အရင်းနှီးဆုံးဖြစ်တည်လာတဲ့ အာရုံခံစားမှုတွေနာကျင်မှုတွေလို့ပဲ သဘောထားတယ်။ အတွေးအခေါ်အရလည်း ဒီလိုပါပဲ။ လူ့အဖွဲ့အစည်းနဲ့ခေတ်စနစ်နဲ့ သက်ဆိုင်နေရင်လည်း ဒီလိုပါပဲ။
ကဗျာရေးသားခြင်းနောက်ကွယ်မှာဘယ်လို နောက်ခံအယူအဆ ယုံကြည်ချက်ဆိုတာတွေ ရှိနေသလဲဆိုတော့ ကျွန်တော်ရဲ့ တစ်သီးပုဂ္ဂလနာကျင်မှု စိတ်ခံစားမှု ၊ဖေါက်ထွက် တော်လှန်လိုမှု တွေဟာ လူ့အဖွဲ့အစည်းနဲ့ဆက်စပ်နေသလို၊ လူ့အဖွဲ့အစည်းရဲ့ နာကျင်မှု ချို့တဲ့မှု ပေါက်ထွက် တွန်းကန်မှုတွေကလည်းကျွန်တော်ရဲ့ အာရုံခံစားမှု နာကျင်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်တဲ့ အယူအဆရှိတယ်။

ဇက်ကကြိုး။          ။ ရှိထားသလောက် ဖတ်ထား/ရထား သလောက်လတ်တလော အထိအခိုက် တွေနဲ့ ပေါင်းစပ်ပြီး ရေးပါတယ်။ဖန်တီးခြင်းရဲ့နောက်ကွယ်မှာတော့ကိုယ့်ခံစားချက်ကို အနုပညာတစ်ခုအဖြစ် အလံထူပြချင်နေတဲ့ စိတ်ပဲ ရှိတယ်

အောင်ရင်ငြိမ်း။          ။  မြန်မာနိုင်ငံက ကွန်ဆက်ခြူရယ်၊အယ်လ်ပီ စသဖြင့်နဲ့ ပို့စ်မော်ဒန် ပထမမျိုးဆက် စာပေအယူအဆတွေကို လက်ခံယုံကြည်တဲ့ကဗျာဆရာတွေမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလအာရုံခံစားမှုကို အဓိကမထားတဲ့၊ခေတ်စနစ်လူမှုဝန်းကျင်ရဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို မျက်ကွယ်ပြုချင်တဲ့အယူအဆမျိုးတွေ ရှိနေကြတယ်။ တကယ်တော့ အဲဒီ အယူအဆတွေက ၁၉ ရာစုအလယ်ပိုင်းလောက်ကပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ ခေတ်စားခဲ့တဲ့ Aestheticism ရဲ့စာပေအနုပညာ အယူအဆတွေ။ Oscar Wilde တို့လိုကိုယ်တို့ဆီမှာဆိုရင် ဆရာသစာနီတို့လိုပေါ့ အနုပညာရသအဓိက၀ါဒီတွေက သန့်စင်တဲ့အနုပညာဟာ
လူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ကျင့်တရားဆိုင်ရာ ဆုံးမသွန်သင်မှုတွေနဲ့မရောထွေးသင့်ဘူးလို့ ယူဆခဲ့ကြတယ်။ အနုပညာဟာ အနုပညာအတွက်ဆိုတဲ့ ကြေညာချက်က Aestheticismရဲ့ အနှစ်ချုပ် အယူအဆပေါ့။ ညီလေးတို့ အမြင်ကရော...ကဗျာအနုပညာမှာကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလ အာရုံခံစားမှုနဲ့
ခေတ်စနစ်လူမှုဝန်းကျင်အပေါ် အမြင်တွေ ပါသင့် မပါသင့်။


မောနွေ။          ။ အရင်က ကဗျာကို ချစ်သူလို၊လက်တွဲဖော်လို၊ ရဲဘော်ရဲဘက်လို၊ ဇနီးမယားလို၊ ဘာသာတရားလို ယုံကြည်မှုတစ်ခုလို့ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကဗျာဟာ အဲဒီလိုအရာတစ်ခုမဟုတ်ဘူးဆိုတာ သိလာတယ်(မြင်လာတယ်။) ကျွန်တော့်အတွက်ကဗျာဆိုတာ Something ပါပဲ။ တစ်ခါကလည်း ဒီအတွေးအခေါ်နဲ့ပတ်သက်ပြီး ကဗျာတစ်ပုဒ်ထဲထည့်ရေးဖူးပါတယ်။ပညတ်တော်ဆယ်ပါး ရုပ်ရှင်ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ ကီစလိုစကီက I am not surecinema is art. လို့ပြောခဲ့သလိုပဲ။ ကျွန်တော့်အတွက်လည်း I amnot sure poetry is art. ပါပဲ။ ကဗျာ ထဲ လူမှုရေး၊ နိုင်ငံရေး၊ကိုယ်ကျင့်တရား စတာတွေ ရောထွေးကောင်းရောထွေးနိုင်သလို မရောထွေးဘဲလည်းဖြစ်နေနိုင်ပါတယ်။ကျွန်တော့် ကဗျာတွေကို သိမှာပါ။ ကဗျာကို ဝေဒနာနဲ့ ရေးခဲ့တဲ့ အချိန်တွေရှိခဲ့ပေမဲ့ခုချိန်မှာတော့ ကဗျာကို ကိုယ့်စိတ်ကျေနပ်မှုအတွက် ရေးနေတာပါ။ ကဗျာဆရာဘဝကိုလည်း ကိုယ့်စိတ်ကျေနပ်မှုအတွက်ရွေးချယ်ထားတာပါ။ Language Poetry ကဗျာတွေနဲ့ မြန်မာအပါအဝင်နိုင်ငံတကာက ခေတ်ပြိုင်ကဗျာဆရာလို့ ခံယူထားသူတွေကတော့ ကဗျာဆရာဟာ ခေတ်ကိုထင်ဟပ်ဖို့၊ ခေတ်ကို ကိုယ်စားပြုဖို့ထက် ခေတ်ရှေ့ပြေးနေဖို့၊ လူ့အဖွဲ့အစည်းရဲ့လည်ပတ်နေတဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ ကိုယ်ကျင့်တရား စတာတွေကိုရှေ့က ဦးဆောင်ပြီး ကိုယ်ကလမ်းပြတာ၊ ကိုယ်က ဦးဆောင်ပြတာ။(ဒါဟာလည်းကိုယ့်ယုံကြည်မှုဖြစ် တဲ့အတွက် လက်ခံခံ၊ မခံခံ သူတို့က ဂရုမစိုက်ဘူး) ပြောရရင်ခေတ်ကို ရင်ဘောင်မတန်းဘူး။ ခေတ်ကို ရှေ့ကစံနှုန်းတွေကို ငယ်ထိပ်ပုတ်နေသူတွေလို့ သူတို့ကခံယူကြပါတယ်။ကျွန်တော့်အနေနဲ့တော့ ကဗျာဆိုတာ ဟိုဟာပါမှ၊ ဒီဟာပါမှ၊ ဟိုဟာမပါနဲ့၊ ဒီဟာမ ပါနဲ့စတာတွေမရှိပါဘူး။ အဲဒီလိုတွေရှိလို့ ကျွန်တော့်ကဗျာကို အနုပညာမမြောက်ဘူးလို့ပြောလာရင်လည်း အေးဆေးပါပဲ။ ခုချိန်မှာတော့ ကျွန်တော်က Art for my sake ပါ။

မှူးသစ်။          ။ လူတွေအားလုံးက ကိုယ်ပိုင် တစ်သီးပုဂ္ဂလအတ္တ တွေကတော့ ရှိနေကြတာပဲ။ ဒီလိုမဟုတ်ဘဲ ကိုယ့်ခံစားမှု အတ္တတွေ ထက်ပိုပြီးခေတ်စနစ်တွေ ကသာ၊ လူ့အဖွဲ့အစည်းကသာ အရေးကြီးတယ်လို့ သဘောထားနိုင်တယ်ဆိုရင်တော့ မပြောတတ်ပါဘူး။ကဗျာတစ်ပုဒ်ဟာ ကိုယ်ပိုင်ခံစားချက်တွေ၊ခံစားမှုအမြင်တွေ ကိုယ်ပိုင်ထိတွေ့မှုအမြင်တွေ အတွေးအခေါ် တွေကနေ စတင်လာတာ မဟုတ်ဘူးဆိုရင် စက်ရုံထုတ် ကုန်ပစ္စည်းတစ်ခုသာသာ ပဲ ဖြစ်သွားလိမ့်မယ်လို့ ထင်မိတယ်။ အဲ့ဒီလိုဆိုရင် ခံစားမှုတွေနာကျင်မှုတွေ၊ လူ့အဖွဲ့အစည်းအပေါ် ရူ့မြင်မှုတွေ ကို ရင်းပြီး ကဗျာရေးမနေတော့ဘူးကဗျာရေးနည်း ဆော့ဝဲ တစ်ခု တီထွင်ပြီး ဆော့ဝဲအကူအညီနဲ့ ကဗျာရေးနေရုံပဲဖြစ်နေမှာပေါ့။ ဒီလိုမှမဟုတ်လည်း ကဗျာပြုလုပ်ခြင်းနည်းစနစ်တွေကို သင်တန်းတက် certificateယူပြီး ကဗျာဆရာ(ကဗျာ)လုပ်နေလိုက်ရုံပေါ့။
*ကဗျာအနုပညာမှာကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလ အာရုံခံစားမှုနဲ့
ခေတ်စနစ်လူမှုဝန်းကျင်အပေါ်အမြင်တွေ ပါသင့် မပါသင့်။* ဆိုရင် ပါသင့်ပါတယ်။ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလ အာရုံခံစားမှုနာကျင်မှု တွေကလည်း ခေတ်စနစ်တွေရဲ့ အငွေ့အသက်တွေ ပါဝင်နေမှာပါပဲ။ အဲ့ဒါတော့ အသေချာပြောရဲတယ်။

ဇက်ကကြိုး။          ။ အနုပညာက ဘာအတွက်မှမဟုတ်ဘူးဆိုတာကို ပိုသဘောကျတယ်။ကျတော်တို့လက်ရှိရေးနေကြတာတွေကလည်းကိုယ့်ဆာလောင်မှု့တစ်ခုအတွက်ပါပဲ။ကိုယ်ရေးချင်လို့ကိုယ်ရေးတယ်။
လူမှု့ပတ်ဝန်းကျင်အပေါ် အမြင်ကတော့ပါမယ်ထင်တယ်။သက်ရောက်မှု့မရှိပဲနဲ့တော့ ဘာမှ ဖြစ်ပေါ်လာစရာမရှိပါဘူး။ပတ်ဝန်းကျင်ကပြု့လုပ်တယ်။ချစ်မိတဲ့ မိန်းမတွေကပြု့လုပ်တယ်။မိဘနောက် လူ့အဖွဲ့အစည်းကပြု့လုပ်ချက်တွေကြောင့်ပဲ အာရုံခံစားချက်တွေက ဖြစ်ပေါ်လာပြီး ကျတော်က ဖန်တီးပါတယ်။


အောင်ရင်ငြိမ်း။          ။ ကိုယ့် အမြင်ပြောရရင်မြန်မာစာပေလောကမှာ Realism အယူအဆနဲ့ တန်ဖိုးစံနှုန်းတွေကိုစွဲလမ်းဆုပ်ကိုင်ထားတဲ့ အယ်ဒီတာတွေနဲ့ စာရေးဆရာတွေ ရှိနေလို့ မြန်မာဝတ္ထုတို/အက်ဆေး အရေးအသားတွေဟာ Realism နယ်ပယ်ထဲမှာပဲ ပိတ်မိနေကြပြီးမြန်မာစကားပြေယဉ်ကျေးမှု အသစ်ဖွံဖြိုးတိုးတက်မှု မရှိဘဲ နှစ်ပေါင်းများစွာရပ်တန့်နေတာလို့ မြင်မိတယ်။ ၁၉၉၅ ၀န်းကျင်ကနေ ၂၀၀၅ လောက်အထိ ခေတ်စားရှင်သန်ခဲ့တဲ့မော်ဒန်နဲ့ ပို့စ်မော်ဒန် စကားပြေတွေကတော့ ခြါင်းချက်ပေါ့လေ။ ကဗျာအနုပညာမှာဆိုရင်လည်း Modern Conservative ဖြစ်နေတဲ့ ၀ါရင့်ဝါနုကဗျာဆရာတွေ၊ အယ်ဒီတာတွေ ကဗျာဖတ် ပရိသတ်တွေ ရှိနေကြသေးတယ် ထင်တယ်။ အဲဒီလို ModernConservative တွေကို မြန်မာကဗျာယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကိုမလိုလားတဲ့သူတွေ၊ အနှောင့် အယှက် အဟန့်အတား ဖြစ်စေမယ့် သူတွေလို့
ဆိုနိုင်မလား။


မောနွေ။          ။ မော်ဒန်ကိုမှ မဟုတ်ပါဘူး။ကာလတစ်ခုအတွင်းတွင်ကျင်နေတဲ့ ကဗျာအမျိုးအစား၊ အယူအဆ တစ်ခုကို တရားသေစွဲကိုင်ထားသူတွေဟာ ခေတ်က Fuck တာကို ခံရမှာပါ။ ဒါကြောင့်လည်း အပေါ်မှာပြောခဲ့သလိုကဗျာစွှန့်ဦးတီထွင်လိုသူတွေဟာ ခေတ်ကို Fuck ချင်လို့ ဒီ လိုလူတွေထက်ဆယ်စုနှစ်တစ်ခုစာ(ထက်မက)ပိုစောတဲ့ ကဗျာအယူအဆတွေကို တည်ဆောက်ခဲ့ကြတာပါ။
မော်ဒန်ဟာ အာရုံခံစားမှုနဲ့ဝေဒနာတို့ကို အဓိကထားပြီး ရေးတဲ့ကဗျာဖြစ်တဲ့အတွက်ငြိပြီးသွားရင် ရုန်းထွက်ဖို့မလွယ်ပါဘူး။ ဆရာ အောင်ချိမ့်တို့၊ နေမျိုးတို့မပြောနဲ့ကဗျာရေးသက်နှစ်ကို လက်ချိုးရေလို့ရတဲ့ ကျွန်တော်တောင် ငြိတုန်းကမနည်းရုန်းထွက်ခဲ့ရတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက ကဗျာဆိုတာ Cerebral Art ဖြစ်ပါတယ်။ လူ့အများစုက လက်ခံမှ အလုပ်ဖြစ်မယ့် ဖျော်ဖြေရေးအနုပညာမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ ကဗျာဖြစ်ပြီးတာပဲဆိုပြီး ရေးချင်တာရေးတာတွေကိုကဗျာဖြစ်တယ်/မဖြစ်ဘူး လို့ သတ်မှတ်မှုတွေ ရှိလာတဲ့အခါ နှစ်ဘက်ကြားမှာပြဿနာရှိလာပါတယ်။ ကဗျာဆိုတာ အရှင်းဆုံးပြောရရင် စာသားတွေချရေးထားတာပါ။ ဖတ်သူကအဓိပါယ်တည်ဆောက်ပြီး အာရုံခံစားတာပါ။ အဲဒီမှာ ကဗျာဓာတ် (Sense) ဆိုတာကို လူတွေက ပြောကြတယ်။ ကဗျာဓာတ်ဆိုတာ

ရေးသူ (ဖန်တီးသူ/ပြုလုပ်သူ)ဘက်ကလည်း ဖြစ်ပါတယ်။ ဒါကို Epiphany လို့လည်း ခေါ်ကြတယ်။ဒီတော့ ကဗျာဆရာချရေးထား တာကိုဖတ် သူကအဓိပါယ်ကစလို့ အစစအရာရာ တည်ဆောက်ပေးရတဲ့အတွက်ကဗျာဟာ ရေးသူနဲ့ ဖတ်သူကြား သီးသန့် တယ်လီပသီ အပေးအယူလုပ်တဲ့ ဆက်သွယ်မှုလမ်းကြောင်းလို့ပြောလို့ရပါတယ်။ သူတို့နှစ်ဦးကြား မက်ဆေ့ခ်ျလွဲသွားလည်း အရေးမကြီးဘူး။ အဲဒီလိုအပေးအယူ လုပ်တာကိုက ကဗျာမက်ဆေ့ခ်ျပါပဲ။ Modern Conservativeတွေကြောင့် ကျွန်တော့်အတွက်တော့ အနှောင့်အယှက်ရော အဟန့်အတားပါ မဖြစ်ပါဘူး။ ကဗျာလောကအတွက်လည်းအတိုင်းအတာတစ်ခုထိလောက်ပဲ ဖြစ်တယ်လို့ထင်ပါတယ်။

မှူးသစ်။          ။ *မြန်မာစကားပြေယဉ်ကျေးမှုအသစ်ဖွံဖြိုးတိုးတက်မှု မရှိဘဲ နှစ်ပေါင်းများစွာ ရပ်တန့်နေတာ* ဟာအသစ်ဖေါက်မထွက်ရဲ့ လူငယ်တွေ နဲ့ အများကြီး သက်ဆိုင်နေတယ် အဲ့ဒီလူငယ်တွေမှာတာဝန်လည်းရှိတယ်။ လူကြိုက်နည်းမှာကို စိုးရိမ်မှု၊ အောင်မြင်ပြီးသား လူတွေရဲ့ သြဇာ အရိပ်အောက်မှာအမြဲတစေ ခိုဝင်နေချင်စိတ် စတာတွေ က အများကြီး ပါလိမ့်မယ်ထင်တယ်။ ဖေါက်ထွက်ရဲတဲ့လူငယ်တွေ များလာဖို့လိုလိမ့်မယ်။ ဒါဆိုရင် ဘယ်သူတားထားမလည်း ရှေ့က လူကြီးတွေတားထားမလား အချိန်တန်ရင် ကျန်ခဲ့ရမယ့် လူတွေက ကျန်ခဲ့ရမှာပဲ။ ဒီလိုမဟုတ်ဘဲအဲ့ဒီကျန်ခဲ့တဲ့ လူတွေအနားမှာ အရိပ်မှာ ခိုကပ်နေတဲ့ လူငယ်တွေ များရင်တော့ဒီထက်ပိုပြီး ရပ်တန့်နေလိမ့်မယ်လို့ထင်တယ်။ သေချာတာကတော့ အဟန့်အတားကပြဿနာမဟုတ်ဘူး။ ဖေါက်မထွက်ရဲတဲ့ လူတွေ နည်းတာ က ပြဿနာပါ။

ဇက်ကကြိုး။          ။ နောက်ထပ်အသစ် အရှိတရားကိုလက်မခံနိုင်သ၍တော့ လက်ရှိအရှိတရားကို ဘယ်သူမှ လက်မလွတ်ချင်ကြတာသဘာဝပါ။ကဗျာကိုဘယ်လောက်ထိသစ်နိုင်မလဲ သစ်လာမလဲဆိုတာကစိတ်ဝင်စားစရာပါ။ပျက်စီးသွားမလားပိုမိုသန်မာလာမလားဆိုတာ လိုက်ကြည့်မှ တွေ့နိုင်မှာပါ။စစ်စစ်ပေါက်ပေါက်အပြစ်ရှာမေးနေတဲ့လူတွေ ရှိသလို ထဲထဲဝင်ဝင်လေ့လာနေသူတွေလည်းရှိမှာပဲ။ရေကာတာရှိသလိုကဗျာကာတာတွေလည်း ရှိနေမှာပါပဲ။တိုးတက်မှူ့ကိုမလိုလားတဲ့လူတစ်ယောက် ဘက်စ်ဂိတ်မှာရပ်စောင့်နေမယ်ဆိုရင်တော့ပိုပြီးတော့ ကြပ်တည်းတဲ့ ဘ၀တစ်ခုကိုပဲရမှာ ကျိန်းသေပါတယ်။

အောင်ရင်ငြိမ်း။          ။ အွန်လိုင်း ကဗျာယဉ်ကျေးမှုဘက်တစ်ချက်လောက် လှည့်ကြည့်လိုက်ရအောင်။ အွန်လိုင်းက ကဗျာဆရာတွေနဲ့ ကဗျာတွေအပေါ်ညီလေးတို့ အမြင်ကို အုပ်စုနဲ့ အမျိုးအစားတွေ ခွဲခြားဝေဖန်ပေးပါ။ အွန်လိုင်းနဲ့ပရင့်တ်မီဒီယာ ပဋိပက္ခ ကိစ္စ၊ အနုပညာဗီဇနဲ့ ကဗျာဖန်တီးမှု အတွေ့အကြုံ အနုအရင့်ကိစ္စ၊အယ်ဒီတာ မရှိတဲ့ မီဒီယာဖြစ်တဲ့အတွက် ကိုယ့်ကဗျာကိုယ် လွတ်လွတ်လပ်လပ် ရေးလို့ရနေတဲ့အခွင့်အလမ်းရဲ့ နောက်ဆက်တွဲ ကောင်းကျိုး ဆိုးကျိုး၊ အနုပညာ အဆင့်အတန်း သိပ်မရှိတဲ့ကဗျာတွေအောက်က Like & Comment ကိစ္စတွေက အစပေါ့။

မောနွေ။          ။ ပြောရရင်အွန်လိုင်းကဗျာလောကကို ကျွန်တော်ကြောက်ပါတယ်။ကျွန်တော်က အွန်လိုင်းကဗျာတွေ အရေးပါလာတဲ့ခေတ်မှာ မတောက် တခေါက်ဂျာနယ်လေးနဲ့မဂ္ဂဇင်းတချို့က လူမသိသူမသိကဏ္ဍတွေကနေ တရိပ်ရိပ်ကဗျာလောကထဲ ဝင်ရောက်ခဲ့သူ။ နောက်ပြီးရန်ကုန် ရောက်ခါစက နည်းပညာလည်းကောင်းကောင်းမကျွမ်းကျင်တော့ အွန်လိုင်းကဗျာလောကရှိတယ်ဆိုတာတောင်အသိနောက်ကျခဲ့ပါ တယ်။ ဘားကမ့်စလုပ်ခါစက အွန်လိုင်းကဗျာတွေများလာရင်ဆရာသစ္စာနီဆောင်းပါထဲကလို အနောက်နိုင်ငံကပညာရှင်တွေ တွေးခေါ် သလို PaperlessSociety ကြီးဖြစ်ရင်၊ မဂ္ဂဇင်းတွေမှာ ကဗျာကောင်းတွေမတွေ့တော့ရင်ဘယ်လိုလုပ်မလဲလို့ ကျွန်တော်မေးခဲ့ဖူးတယ်။ အဲဒီတုန်းက မှတ်မိသလောက်ကိုသိုးထိန်းတို့ အမာ(လင်းရမ္မာ)တို့ရှိတယ်။ ဆရာသစ္စာနီလည်း အဲဒီပွဲမှာရှိတယ်။ ကျွန်တော့်မေးခွန်းကိုသူတို့က မဖြစ်လောက်ဘူးလို့ဖြေခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်ကတကယ်စိုးရိမ်လို့ပြောခဲ့တာပါ။ ခုဆို ဂျပန်မှာ ကွန်ပျုတာနဲ့ နုတ် ပတ် (NotePad) လိုနည်းပညာပစ္စည်းတွေပဲ သုံးလို့ လက်နဲ့စာမရေးတတ်တဲ့ ကျောင်းသားတွေအတော်များနေပါပြီ။ မြန်မာကဗျာ လောကကို ကြည့် မယ်ဆိုရင်လည်း ကဗျာကောင်းတွေကပုံနှိပ်စက္ကူပေါ်မှာထက် အင်တာနက်မှာ ပိုရှာရလွယ်လာတယ်။ နောက်ပိုင်းမှအွန်လိုင်းသုံးလာတဲ့ ကိုခရမ်းတို့၊ ကိုဖီလာတို့၊ ကို A မွန် တို့ရဲ့ကဗျာကောင်းတွေ မဂ္ဂဇင်းပေါ်မှာထက် အွန်လိုင်းမှာ ရှာရလွယ်လာပြီလို့ အစ်ကိုမထင်ဘူးလား။
ဆက်တွေးမယ်ဆို အရှည်ကြီးပါပဲ။ တွေးကြည့်မယ်ဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့Infrastructure ထဲမှာ စာပေပါပါတယ်။ စာပေဟာ အင်စတီ ကျူးရှင်းတွေကနေအခြခံပြီးဖြစ်လာတာပါ။ ဒီအင်စတီကျူးဆိုတာ အမျိုးမျိုးရှိတယ်။ ကျွန်တော်ကကဗျာဆရာဆိုတော့ ကဗျာလောကကို စဉ်းစားမိသလောက်ပြောပါ့မယ်။ နွယ်နီမှာ ၂၀၁၀ တုန်းကကျွန်တာ့်ကဗျာပါခဲ့တယ်။ ၂၀၁၁ မှာ စတိုင်သစ်မှာ ကဗျာတစ်ပုဒ်ထပ်ပါတယ်။ကဗျာနှစ်ပုဒ်ကို ယှဉ်ဖတ်ကြည့်တော့ အယူအဆရော၊ တက္ကနိရော၊ အာရုံခံစားမှုရော တခြားဆီဖြစ်နေတာတွေ့ရတယ်။သိလိုက်တာက ကျွန်တော် အဲဒီတုန်းက တမင်မရည်ရွယ်ခဲ့ပေမဲ့ (မသိစိတ်ထဲကနေအလိုလိုလှုံ့ဆော်တာကြောင့်လို့ထင်တယ်) အဲဒီမတူတဲ့ မဂ္ဂဇင်းတစ် ခုကိုမတူတဲ့ကဗျာနှစ်ပုဒ် ဘယ်လိုရွေးချယ်စဉ်းစားပို့ဖြစ်ခဲ့သလဲမသိဘူး။ ကဗျာနှစ်ပုဒ်ကို အပြန်အလှန်ပြောင်းပြန်ပို့ကြည့်မယ်ဆိုရင်နှစ် ပုဒ်လုံး ရွေးခံခဲ့ရမှာမဟုတ်ဘူး။ သိလိုက်တာက နွယ်နီဟာ နိုင်ငံရေးနဲ့စာပေအခြေခံမဂ္ဂဇင်းအဲဒါဟာ နိုင်ငံရေးအင်စတီကျူးရှင်းပေါ်အခြေ ခံတဲ့အတွက် အဲဒီလိုကဗျာတွေရွေးတာများတယ်။ Faces ဆိုပါစို့။ သူလည်းသူ့အင်စတီကျူးရှင်းနဲ့သူပဲ။ဘာသာရေးမဂ္ဂဇင်းတစ်ခုဆိုပါ တော့ ဘာသာရေးကဗျာတွေပိုများတယ်။ ဖတ်သူဘက်ကလည်းသူ့သက်ဆိုင်ရာ အင်စတီကျူးရှင်းအခြေခံတဲ့ မဂ္ဂဇင်းတဲ့လိုက်ဖက်တဲ့ ကဗျာတွေဖတ်ရတာ ပိုလိုက်လျောညီထွေဖြစ်တယ်လို့ထင်ပါလိမ့်မယ်။ ဘာသာရေးမဂ္ဂဇင်းမှာ နိုင်ငံရေးကဗျာဖတ်ရတာမျိုးထက် ဘာသာရေးဘုန်းတော်ဖွဲ့ကဗျာတွေ ဖတ်ရတာ ပိုစိတ်အံကိုက်မယ်ထင်တယ်။
ဒီတော့ အွန်လိုင်းဟာလည်း အင်စတီကျူးရှင်းတစ်ခုဖြစ်လာတယ်။စိတ်ကျရောဂါ၊ လိင်ကိစ္စ၊ ပွင့်လင်းသော လူမှုဆက်ဆံရေး၊ ဘာသာမဲ့ စိတ်ဓာတ်၊အဆိုးမြင်သဘောဆောင်မှု … ဒါတွေဟာ အွန်လိုင်းအင်စတီကျူးရှင်းရဲ့ကြန်အင်လက္ခတွေထဲက အချက်တွေပါ။ ဒီ အချိန်မှာ အားကောင်းမောင်းသန်ဖွံ့ထွားလာတဲ့အွန်လိုင်းကဗျာတွေနဲ့ ပုံနှိပ်ကဗျာတွေ စစ်အေးတိုက်ပွဲစတင်လာတယ်။ အွန်လိုင်းကဗျာဆရာတွေက အမြင်သစ်နဲ့ကြည့်တယ်။ လူတစ်ယောက်ကို အသက်လေးဆယ်အရွယ်လောက်နဲ့ ကမ္ဘာပေါ်ကိုချပေးလိုက်သလို အမြင်မျိုးရှိ ကြတဲ့ ကဗျာဆရာတွေများလာတယ်။ တစ်ဖက်ကလည်း ဓားတောင်ကိုကျော်ပြီးမီးပင်လယ်ကို ဖြတ်ခဲ့တဲ့ ရဲရဲတောက် မဆလ၊ နဝတ၊ နအဖ ခေတ်စနစ်ဆိုးနဲ့ကြုံခဲ့ရတဲ့ Conservativeကဗျာဆရာတွေရှိတယ် (များတယ်။) တစတစကြာလာတော့ ကိုယ်သန်ရာလက်နက်

အားကိုးလာတယ်။ Facebook မှာ Likeနဲ့ Share လက်နက်အားသန်သလို၊ ပုံနှိပ်လောကမှာ OffSet ရိုက်မဂ္ဂဇင်းနဲ့ စာမူခကြားညှပ်ပြီး အယ်ဒီတာ လက်မှတ်ပါတဲ့မဂ္ဂဇင်းစာအုပ်က အားသန်လာတယ်။ ဒါဟာ အချိန်တစ်ခုအထိပဲ သက်တမ်းရှည်မယ့်ပဋိပက္ခတစ်ခုပါ။ နောက်တော့ အဆင်ပြေသွားလိမ့်မယ်လို့ကျွန်တော်မြင်တယ်။
နောက်ပြီး အနုပညာလွတ်လပ်မှု။
တကယ်တော့ အနုပညာဆိုတာ သူ့ဘာသာသူသီးသန့် Autonomy (ကိုယ်ပိုင်လွတ်လပ်မှုစပေ့စ်) ရှိပြီးသားပါ။ ဒီမှာ ဖန်တီးပြုလုပ်သူရဲ့ အတ္တကအဲဒီ စပေ့စ်ပေါ်မှာ တည်ဆောက်တိုက် အဆင်တန်ဆာပဲ။ တကယ်တော့ လူတွေပြောပြောနေတဲ့ အနုပညာလွတ်လပ်ခွင့်ဆိုတာFreedom of Expression ပါ။ နိုင်ငံရေးအမှောင်ကျခဲ့တော့ကျွန်တော်တို့ဆီက တော်တော်များများက အနုပညာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာအနုပညာဖော်ပြခွင့်ကို မကွဲကြဘူး။ တကယ်တော့ အနုပညာလွတ်လပ်ခွင့်ဆိုတာစိတ်လွတ်လပ်မှု၊ စည်းမဲ့ဘောင်မဲ့ အာရုံခံစားမှုနဲ့စိတ်တွင်းအစွန်းရောက်လွှမ်းမိုးခံခြင်းကင်းရှင်းမှု အဲဒါတွေပဲလို့ကျွန်တော်ယုံကြည်တယ်။ အစ်ကိုရာ … ပြောရရင်အရှည်ကြီးပါဗျာ။


မှူးသစ်။          ။ ခုကတော့ အွန်လိုင်း(အထူးသဖြင့်ဖေ့စ်ဘုတ်) မှာ အုံနဲ့ကျင်းနဲ့ ကဗျာရေးသူတွေ ထွက်ပေါ်လာတယ်လို့ မြင်တယ်။ အွန်လိုင်းပေါ်မှာကဗျာရေးသူတွေကို ခွဲကြည့်မယ်ဆိုရင် ကျွန်တော်ကတော့ ပုံစံ ၅ ခုရှိတယ်လို့မြင်မိတယ်။ ပထမ အုပ်စုက  လူကြိုက်များမှုအပေါ်မှာမူတည်ထားပြီး LIKE ,COMMENT တွေ အပေါ်မှာပဲ သာယာ နေတဲ့အုပ်စု။ ဒုတိယ အုပ်စုက သြဇာရှိပြီး အသိအမှတ်ပြုပြီးသား ကဗျာဆရာတွေရဲ့ အရိပ်အောက်မှာသူတို့ရဲ့ ကဗျာဝါဒ အောက်မှာ နေထိုင်တဲ့ အုပ်စု ၊  တတိယအုပ်စုက တစ်သီးတစ်သန့်ဆန်ဆန် ဂုဏ်းဖွဲ့ပြီး နေထိုင်တဲ့ အုပ်စု၊စတုတ္တအုပ်စု ကတစ်သီးပုဂ္ဂလ နေထိုင်တတ်တဲ့ အုပ်စု၊ နောက်ဆုံးတစ်ခုကတော့ ဂုဏ်းလည်းမဟုတ်ဘူးတစ်သီးပုဂ္ဂလနေပေမယ့် ဘယ်အုပ်စု နဲ့ပဲ ဖြစ်ဖြစ် အဆင်ပြေတဲ့ လူတွေ ပါတဲ့ အုပ်စုအဲ့လို ရှိနေတယ်လို့ မြင်တယ်။
အွန်လိုင်းပေါ်မှာကဗျာလွတ်လွတ်လပ်လပ်ရေးလို့ရလာတဲ့အတွက် ကောင်းကျိုးဆိုးကျိုးကတော့အများကြီးရှိနေနိုင်တယ်။ သေချာတာကတော့ ကဗျာဆရာ/ကဗျာရေးသူဆိုတဲ့ ခေါင်းစဉ်အောက်မှာအုတ်ရောရော ကျောက်ရောရော လူတွေအများကြီးပါလာမယ်။ ကဗျာရေးသူတွေများလာတဲ့အတွက်ကဗျာလောက တိုးတက်လာသလိုရှိပေမယ့် ကဗျာအပေါ်ထားတဲ့ တန်းဖိုးစံနူန်းတွေ ကျသွားတယ်လို့ထင်တယ်။ဆိုလိုချင်တာကတော့ ငါလည်းကဗျာရေးလို့ရတယ် သူလည်းကဗျာရေးလို့ရတယ်ဆိုတဲ့အနေအထားဖြစ်နေတော့ ကဗျာအပေါ်ထားတဲ့ တန်ဖိုးထားမှုက လျော့ကျသွားနိုင်တယ်လို့ထင်တယ်။ကောင်းကျိုးအနေနဲ့ကတော့ ချပြစရာ နေရာတွေ ပေါ်လာတယ်။ ကိုယ့်ဖန်တီးထားတဲ့ အနုပညာကို ကိုယ်တိုင်ချပြနိုင်လာတယ်။ကိုယ်နဲ့ အယူအဆတူရာ ခံစားမှုတူရာ ယုံကြည်ချက်တူရာ အနုပညာတွေကို ခံစားရလာနိုင်တယ်။

ဇက်ကကြိုး။          ။ ကိုယ်နဲ့မတူရင် ချချင်တာတွေကိုယ်နဲ့တူနေရင်လည်း နင်းထားချင်ကြတာတွေ ကနေရာမျိုးစုံမှာတွေ့နေရတာပဲ။ကဗျာဆရာတွေမှမဟုတ်ပါဘူး။ကဗျာသစ်လာသလို စိတ်ဓာတ်ပိုင်းဆိုင်ရာမြင့်တက်လာရင်တော့ ကောင်းမှာပေါ့။အတောင်စုံခါစမှာ ပျံခွင့်မရခဲ့တဲ့ကောင်းကင်ပိတ်ပင်မှု့အစားလွတ်လပ်ခွင့်နဲ့ ပျံတက်သွားလို့ လေးခွမှန်လာတဲ့ အမာရွတ်လေးက ပိုပြီး စိတ်ဓာတ်ရေးရာရင့်ကျက်မှု့ကို ရမယ်ထင်တယ်။နောက်တစ်ခုက အွန်လိုင်းရော ပရင့်ရောမှာ ကဗျာဆရာတော်တော်များများကိုကျတော်မသိပါဘူး။သူတို့ဘာတွေဖြစ်နေကြလဲဆိုတာလည်း ကျတော်စိတ်မ၀င်စားဘူး။ကျတော့်မှာကဗျာဆရာအသိ အရမ်းနည်းတယ်။အဲတာကိုကြိုက်တယ်။တချို့ကိုလူသိတယ် ကဗျာမသိဘူးတစ်ချို့ကို ကဗျာသိတယ် လူမသိဘူး။Like Comment ကိစ္စတွေကိုတော့ကျတော်လုံးဝအယုံအကြည်မရှိဘူး။လူတော်တော်များမျာရဲ့ အတွေးအခေါ်က ဘေးချော်နေကြတာ။တကယ့်ကိုရေးသူကိုယ်တိုင်တောင် နောက်တစ်ခေါက်ပြန်မရနိုင်တော့တဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ Ststus တွေမှာ လူသိပ်မရှိဘူး။Celebirity တချို့ရဲ့သေးပေါက် ချီးပါ Status တွေမှာတော့ Like တွေရာချီ Comment တွေဖြောင်းဆန်နေအောင်တွေ့ကြရတာပဲ။လူကြိုက်များအောင် ပေါ်ပင်ရေးနေကြတဲ့လူတွေကအများအားဖြင့်တော့ ကံကောင်းနေကြပါတယ်။ဒါပေမယ့်မကြာပါဘူး။အနုပညာအဆိပ်သီးကိုက်မိပြီးပေါ်ပင်သမားတွေ သေကုန်ကြမှာပါ။လူမှု့ကွန်ရက်ကို ကျတော်ကတော့ ကိုယ့်ကဗျာတွေကိုဖတ်စေချင်တဲ့လူတွေဆီပို့ပေးဖို့နဲ့ ပွန်းပေ့ခ်ျ်တွေ Like လုပ်ပြီးWall ပေါ်တက်လာတာလေးတွေကို အရသာခံဖို့လောက်ပဲအသုံးချပြစ်ပါတယ်

အောင်ရင်ငြိမ်း။          ။  မြန်မာကဗျာလောကမှာကဗျာချဉ်းကပ်ခံစား ဝေဖန်မှု လုပ်ကြတဲ့အခါ တန်ဖိုးထား နားလည်ခံစားမှု( Appreciation) နဲ့ ကောင်းဆိုး ဝေဖန် ချဉ်းကပ်သုံးသပ်( Criticize ) လုပ်တာ ဆိုပြီး နှစ်မျိုးနှစ်စားလုံး လုပ်ဆောင်ကြတာ တွေ့ရတယ်။ ဆရာမြဇင်၊ဆရာ မင်းလှညွန့်ကြူး၊ ဆရာမျိုးသန့်၊ ကိုမင်းခက်ရဲ၊ သူရနီတို့ရဲ့ ကဗျာချဉ်းကပ်မှုတွေကCriticize ဘက်ကို အလေးသာပြီး ဆရာမောင်သာချိုနဲ့ ကို အောင်ခင်မြင့်တို့ကAppreciation ဘက်ကို အလေးသာတယ်လို့ ကိုယ် မြင်တယ်။ မြန်မာကဗျာဝေဖန်ရေးအပေါ်ညီလေးတို့ရဲ့ အမြင်။ ပြီးတော့ အခု နှစ်ပိုင်း အွန်လိုင်းမှာသဘောထားအမြင်မျိုးစုံနဲ့ လူပြောသူပြောများနေတဲ့ မောင်ဂျိုကာရဲ့ကဗျာချဉ်းကပ်မှုတွေနဲ့ လူမှုရေး ဝေဖန်ချက်တွေအပေါ် အမြင်။
မောနွေ။          ။ ခုပြောတော့ ငယ်ငယ်တုန်းက အသက် ၂၆နှစ်ရောက်ရင် ဝေဖန်ရေးဆရာတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိခဲ့တာပြန်သတိရ တယ်။ခုတော့ အဲဒီရည်ရွယ်ချက်လည်း သိပ်မရှိတော့ပါဘူးဗျာ။ ကဗျာ အေးအေးလူလူရေးနေရရင်ကျေနပ်ပါပြီ။ ဝေဖန်ရေးတွေထဲမှာ ကိုမင်းခက်ရဲကို လေးလေးစားစားဖတ်ပါတယ်။ ဒါပေမဲ့မောင်ချောနွယ်လေ့လာချက်ကတော့ မဖတ်ခင်တုန်းကထင်ထားသလောက် စိတ်မ တွေ့ခဲ့ဘူး။နောက်ပြီးသူ့ရဲ့ တရားမျှတမှုနဲ့ပါဝါ၊ အိုင်ဒီယော်လော်ဂျီ၊ မြန်မာမကျော်ခဲ့သော ကမ္ဘာကျော်စာရေးဆရာများအဲဒီလိုစာအုပ် တွေမှာ ပိုအရသာတွေ့ရပါတယ်။ ဒါကတော့ ကျွန်တော် ပုဂ္ဂလိကအမြင်ပါ။ကဗျာဆောင်းပါးတွေလည်း ကြိုက်ပါတယ်။ အွန်လိုင်း ကဗျာလောကဟာ အင်စတီကျူးရှင်းတစ်ခုလိုဖြစ်လာတယ်ဆိုတာ သူ့ဆောင်းပါးတွေဖတ်ပြီး ကျွန်တော်စဉ်းစားမိခဲ့တာပါ။ လက်ရှိမှာတော့မြန်မာကဗျာဝေဖန်ရေးက ပျင်းစရာနည်းနည်းကောင်းနေတယ်။ အွန်လိုင်းက မောင်ဂျိုကာရဲ့ကဗျာဝေဖန် ချက်တွေက လည်း ဖတ်ဖြစ်လိုက်၊ မဖတ်ဖြစ်လိုက်မို့ သိပ်မပြောတတ်ပါဘူး။ လူမှုရေးဝေဖန်ချက်တွေကတော့ကဗျာနဲ့မဆိုင်လို့ မပြောချင် ပါဘူး။ သူ့ကိစ္စနဲ့ သူရှင်းပါလိမ့်မယ်။

မှူးသစ်။          ။ ကဗျာဝေဖန်ချဉ်းကပ်မှုတွေကတော့ဘယ်ထောင့်ကနေပဲ ချဉ်းကပ်ချဉ်းကပ် အားထုတ်မှုတွေ နဲ့ စေတနာ ကို လေးစားပါတယ်။ဒါပေမယ့် ဗိုင်းရပ်စ် ဘယ်လောက်ကင်းသလဲဆိုတာကလည်း မေ့ထားလို့မရဘူးလို့ထင်ပါတယ်။အထက်က ဖေါ်ပြထားတဲ့ ဆရာတွေကိုတော့ ပြောစရာသိပ်မရှိပါဘူး။ သူတို့ရဲ့ ရိုးသားမှု စေတနာလေ့လာမှုအား အားထုတ်မှု ဒါတွေကို ကျွန်တော့်အနေနဲ့ ပြောနိုင်တဲ့ အနေအထားမရှိဘူးလို့ထင်ပါတယ်။မောင်ဂျိုကာရဲ့ ကဗျာချဉ်းကပ်မှုတွေနဲ့ ပတ်သက်ပြီး အသေချာမဖတ်ဖြစ်ပါဘူးဘာကြောင့်လည်း ကိုယ့် Identity ကိုတောင် သေချာ မဖေါ်ပြရဲတဲ့လူတစ်ယောက်ရဲ့ ချဉ်းကပ်မှုဟာ စေတနာသန့်ပြီး ဗိုင်းရပ်စ်ကင်းမယ်လို့ မယုံကြည်လို့ပါ။မျက်နာဖုံးနဲ့ ဖြစ်နေတဲ့အတွက် တာဝန်ခံမှု အားနည်းမယ်လို့လည်းထင်တယ်။မျက်နာဖုန်းတပ်ထားတဲ့ အတွက်လည်း ပုဂ္ဂိုလ်ရေးအလွယ်တကူတိုက်ခိုက်နိုင်သလို၊ပုဂ္ဂိုလ်ရေး လော်ဘီ လုပ်တာလည်း လွယ်ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ကတော့မျက်နာဖုန်းတပ်ထားတဲ့အတွက် လဘက်မစားကွမ်းမစား သဘောထားလိုက်ပါတယ်။

ဇက်ကကြိုး။          ။ ဝေဖန်ရေးနဲ့လေကန်ရေးက နေရာမျိုးစုံမှာရှိကြပါတယ်။တချို့လေတွေက အပုပ်နံပဲ လွှတ်ပြီး တချို့လေတွေဆီကတော့သင့်တင့်မျှတမှူ့ကို ရပါတယ်။မောင်ဂျိုကာကိုတော့ မအေxxဆရာလို့ထင်ပါတယ်။ဘာလို့လဲဆိုတဲ့မောင်ဂျိုကာ စစပေါ်လာချင်းချင်း မအေနှမ စုံနေအောင် ပတ်ကြမ်းတိုက်ကြတဲ့ ကဗျာဆရာတွေကမောင်ဂျိုကာ ကဗျာချည်းကပ်မှူ့တွေကို Tag လုပ်လိုက်တဲ့ အချိန်ကြတော့ဆရာလို့ပြောင်းခေါ်ကြလို့ပါ။ကျတော့် အမြင်ကတော့ ရယ်ရပါတယ်။နောက်ပြီး မောင်ဂျိုကာရဲ့ဆဲရေးမှူ့တွေကို ဖတ်ရတာ ငြိုးငယ်နေတဲ့ ကျတော့်ကို ဖီးလ်တက်စေတယ်။

အောင်ရင်ငြိမ်း။          ။ ၂၀၁၀အလွန် ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ခေတ်ပေါ်ကဗျာ၊ အယ်လ်ပီ၊ ကွန်ဆက်ခြူရယ်၊စမ်းသပ်၊ ဖလာ့ဖ်၊ စကားပြေကဗျာ စသဖြင့် ကဗျာအယူအဆ/ အမျိုးအစားတွေ ရှိနေကြတယ်။ခေတ်ပြိုင်ကဗျာ( ContemporaryPoetry) ဆိုတဲ့ ဝေါဟာရအပေါ်မှာလည်း အမြင်နဲ့ ၀ိဝါဒ အမျိုးမျိုးကွဲပြားနေကြတယ်လို့ ထင်တယ်။ ကိုဇော်ဇော်ထွန်းကတော့ ခေတ်ပြိုင်ကဗျာလို့ မြန်မာလိုမပြောဘဲ Contemporary Poetry လို့ အင်္ဂလိပ်လို တိုက်ရိုက်သုံးနှုန်းပြောဆိုဖို့ အကြံပေးထားတယ်။ ခေတ်ပြိုင်ကဗျာဆိုတာ တချိုကဗျာဆရာတွေယူဆနေသလို ကဗျာအမျိုးအစားသစ် တစ်ခုလား။ ဒါမှမဟုတ် ၂၀၁၀ အလွန် မြန်မာနိုင်ငံမှာအသစ်ဖြစ်ထွန်းလာတဲ့ ကဗျာအမျိုးအစားသစ်တွေကို ခြုံငုံခေါ်ဝေါ်တဲ့ ပညာရပ်ဆိုင်ရာဝေါဟာရတစ်ခုလား။ ညီလေးတို့ ဘယ်လို ခွဲခြားနားလည်ထားလဲ။ ညီလေးတို့ အမြင်နဲ့ဆိုရင် ခေတ်ပေါ်ကဗျာကိုရော၂၀၁၀ အလွန် ခေတ်ပြိုင်ကဗျာစာရင်းထဲ ထည့်မလား။ ချန်ထားခဲ့ချင်လား။ ပြီးတော့ လာမယ့်ဆယ်စုနှစ်တစ်ခု အတွင်း ခေတ်ပြိုင်မြန်မာကဗျာရဲ့ အလားအလာ။ ဘယ်လို ကဗျာအမျိုးအစားတွေဆက်လက် ရှင်သန်ရပ်တည် နေနိုင်မယ် ထင်လဲ။ ဘယ်လို ကဗျာ အမျိုးအစားသစ်တွေ အသစ် ပေါ်ပေါက်ထွန်းကားလာမယ်လို့ ခန့်မှန်း ထင်ကြေးပေးမလဲ။

မောနွေ။          ။ ပထမဆုံးပြောချင်တာကခေတ်ပြိုင်ကဗျာဆိုတဲ့ စကားလုံးဟာ ဝေါဟာရတစ်ခုပါ။ ကဗျာကိစ္စမဟုတ်ဘဲ ဘာသာစကား အကူးအပြောင်းလုပ်တဲ့ကိစ္စဖြစ်တဲ့အတွက် သိပ်တော့မပြောချင်ပါဘူး။ တွေးမိသလောက် ပြောပါ့မယ်။ခေတ်ပြိုင်ဆိုတာ Contemporary ဆိုတဲ့စကား လုံးကိုအတိအကျအနက်ဖွင့်ဆိုပေးထားတဲ့ စကားလုံးတစ်ခုမဟုတ်ပါဘူး။ ဒီ့အတွက်Contemporary အတွက် ခေတ်ပြိုင်က သင့်လျော်
တဲ့ စကားလုံးတစ်လုံးသာဖြစ်ပါတယ်။ အဓိပါယ်ဖော်ဖို့မဟုတ်ပါဘူး။ မြန်မာလို ကျွန်တော်ကို အင်္ဂလိပ်လို I လို့ပြန်ရပြီး ကျွန်မကိုလည်း I လို့ပဲသုံးပါတယ်။ ယောက်ျားကပြောတယ်၊ မိန်းမကပြောတယ်ဆိုတာကို အဓိပါယ်ဖော်ဆောင်ဖို့ I ကိုသုံးတာမဟုတ်ပါဘူး။ဖလှယ်စရာ ဝေါဟာရတစ်ခုအဖြစ်ပဲ သဘောထားပါတယ်။ ဒါကြောင့် Contemporary ကို ခေတ်ပြိုင်လို့ပဲ ကျွန်တော်သုံးချင်တယ်။ ကိုဇော်ဇော်ထွန်း ရဲ့ အကြံကိုကျွန်တော်သဘောမတူပါဘူး။ ခေတ်ပြိုင်ကဗျာဆိုတာ အမျိုးအစားတစ်ခုမဟုတ်ပါဘူး။ ဒါပေမဲ့ကဗျာ Domain တစ်ခု အဖြစ်နဲ့ အမျိုးခွဲပြီးသီးသန့်ပြုစုထားရမယ့် ကဗျာအမျိုးအစားတစ်မျိုးပါ။ ဒါကြောင့် ကျွန်တော်ရှေ့မှာပြောခဲ့သလို ခေတ်ပေါ်ဖြစ်ဖြစ်၊ နီယိုဖြစ်ဖြစ်၊ LP ဖြစ်ဖြစ်ခေတ်ပြိုင ဖြစ်ရင်ခေတ်ပြိုင်လို့သတ်မှတ်ရမှာပါ။ ခေတ်ပြိုင်ကဗျာရဲ့ ကြန်အင်လက္ခဏာကိုတော့ကျွန်တော်က ပညာရှင်တစ်ယောက် မဟုတ်တဲ့အတွက် မပြောပြနိုင်ပါဘူး။ ဒါဟာ ကျွန်တော်ကမြန်မာတစ်ယောက်ဖြစ်တဲ့အတွက် မြန်မာခေတ်ပြိုင် ကဗျာအတွက် ဆိုလိုပါတယ်။နောက်ဆယ်စုနှစ် အတွင်းမှာ ကဗျာလောကရဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ခေတ်ပြိုင်ကဗျာရဲ့ နေရာမှာ ခေတ်ကျွံ၊ ခေတ်လွန် စသဖြင့် ဝေါဟာရတစ်ခုခုကအစားထိုးဝင်ရောက်လာနိုင်ပါတယ်။ ကဗျာအမျိုးအစားအသစ်တွေကတော့ ထွန်းလာမယ် ဆိုရင်တော့တက္ကနိ၊ အယူအဆအသစ် တွေမဟုတ်ဘဲ အာရုံခံစားမှုပုံစံအဟောင်းတွေ၊ အယူအဆအဟောင်းတွေ၊ ထဲကပဲအသစ်ပြန်လည် အသက်သွင်း၊ ပုံစံပြောင်း၊ နာမည်ပြောင်းထားတဲ့ ကဗျာအမျိုးအစားမျိုးပေါ်လာနိုင်ပါတယ်။
ကဗျာအပြောင်းအလဲနဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်မှာတော့ အတွေးအခေါ်၊နောက်ခံအယူအဆတွေ ကုန်ဆုံးသွားပြီ၊ လမ်းဆုံးသွားပြီ လို့ မြင်ပါတယ်။


မှူးသစ်။          ။ ဝေါဟာရ အရ ဘယ်လို ခေါ်မလည်း ဆိုတာကျွန်တော် မပြောတတ်ဘူးဗျ။ ပြောနိုင်တဲ့ လူတွေ ပြောတာက ပိုအဆင်ပြေမှာပါ။ကျွန်တော့်အမြင်အရတော့ အယူအဆ အတွေးအခေါ် ရူမြင့်ပုံ အချိ့ နဲ့ပတ်သက်ရင် ၂၀၁၂နောက်ပိုင်းမှာ  အချိုးအကွေ့ အပြောင်းအလဲတစ်ခုပေါ်ထွက်လာတယ်လို့ထင်တယ်။ နောက်ထပ် အလားအလာကို မပြောတတ်သေးဘူး။ မပြောရဲဘူးလိုပဲဆိုရမှာပါ။

ဇက်ကကြိုး။          ။ ခေတ်ပေါ်ကောင်လေးတွေ ကောင်မလေးတွေ ရေးတဲ့ကဗျာကခေတ်ပေါ်ကဗျာပါပဲ။ခေတ်ပြိုင်ကဗျာဆိုတာ အကောင်းဆုံးဖြစ်အောင် မွှမ်းမံပြီးမှ ယုံကြည်ချက်နဲ့ခွဲထွက်လာတယ်လို့ထင်တယ်။အခေါ်အဝေါ်ကြောင့်တော့ ကဗျာမပျက်စီးပါဘူး။ဘယ်လိုပဲခေါ်ခေါ်ပါ။တခါတလေလူ့အသိကိုစာသားနဲ့ပြမှ ထိရောက်ပြီး တစ်ခါတစ်လေကြ အစက်လေးတစ်စက်နဲ့ပဲ တကမ္ဘာလောက်ရသွားတဲ့အနုပညာတွေကိုလည်း ကျတော်တို့မြင်နေရတာပဲ။နောက်ဆုံးတော့ စစ်မှန်တဲ့ အနုပညာ ခေတ်ရဲ့ဒဏ်ရာခေတ်ရဲ့ပျော်ရွှင်ရာနဲ့တသားတည်းကျနေမယ့် အနုပညာသစ်တွေ ကျန်နေမယ်လို့ ယုံပါတယ်။

ချစ်ခြင်းမေတ္တာဖြင့်
အောင်ရင်ငြိမ်း
၂၄ဇွန် ၂၀၁၃

No comments:

Post a Comment