အဝေးက အလင်းနှစ်သန်းပေါင်းများစွာ
ငါမသိတဲ့ အာ၇ုံတွေ ကပ်ညှိလို့ 
ရှင်သန်နေရတဲ့  စိတ်ကမ္ဘာ
မင်း နဲ့ မင်းရဲ့ အသက်သွေးကြောတွေမှာ ကိုယ်ဟာ လူတစ်ယောက်အဖြစ်အသက်ရှင်နေပါတယ်
နာကျင်မှုရဲ့ အနက်အဓိပ္ပာယ်ကို သိုဝှက်ထားတယ် နားထဲမှာ သီချင်းသံတွေ မကြားရတော့ဘူးဆိုရင် ရှော့ခ်တွေကို မရတော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ
လက်ကျန်သွေးကြောတွေကို ဘယ်နေရာမှာဖောက်ချပစ်ရမလဲ
ငါ့စိတ်ငါ့ကမ္ဘာမှာ အခါခါသေတယ်
အနီရောင်တွေ ပြန့် ကျဲသွားတဲ့ ငါရဲ့ စိတ္တဇတွေကို
ကိုယ်ချစ်တဲ့ လူတစ်ယောက်ယောက်က မော့သောက်ပစ်လိုက်စေချင်တယ်
ကိုယ် လွတ်နေတယ်
သဘာဝမကျမှုတွေ နဲ့ မတော်တဆတွေ ကိုယ့်ကို လွတ်နေတယ်
ဟာသပဲ ရယ်ရတယ် ကိုယ့်စိတ်ကိုယ် အထူးပြုရင်း
မရှာဖွေဘဲ ရလာတဲ့ အရာအားလုံးက အရာအားလုံးကို တိုက်စားသွားတယ်
မင်းရဲ့ ကျယ်ပြန့် မှုထဲ ပြန်ပြန်မျှားနေတဲ့ မင်းရဲ့ စိတ် ဘယ်မှာဆုံးမလဲ
အဝေးကြီးက လာတဲ့ အသံတွေက ကိုယ့်စိတ်ကို မပြတ်မသားဖြစ်စေတယ် ။
မင်းရဲ့ နေရာမှာ ဘယ်သူနေရာဝင်ယူလဲ။
အဝေးကြီးမှာလည်း ပန်းတွေပွင့်နေတယ်
စိတ်အရောင်ခြယ်ထားတဲ့ ပန်းတွေ
ငါဝေခွဲမရဘူး တွေဝေခြင်းရနံ့ တွေရတယ်
လမ်းဘေးမှာ အိပ်ဆေးတွေ ထွက်ကျသွားတယ်
စိတ်ပျက်စရာ လူမှုအသိုင်းအ၀ိုင်း နဲ့ အောင်မြင်မှုတွေ ကြားထဲမှာ ကိုယ်ရှင်သန်နေရတယ် ၊
ကိုယ်ချင်းစာပါ ။ မလိုအပ်တဲ့ရှင်သန်မှုတွေထဲက အောက်ဆီဂျင်တွေ မုန်းတယ်
ဘာမှမလုပ်ဘဲနဲ့ ဘာဖြစ်လို့ လုပ်တယ်လို့ ထင်နေရတာလဲ ။
မယုံကြည်ရင် မင်းရဲ့ လက်ဖျံသွေးကြောစိမ်းစိမ်းလေးတွေကို ပြန်မေးကြည့်ပါလား
သွေးကြောစိမ်းစိမ်းလေးတွေက ပါ ကိုယ့်ကို သတ်နေကြတယ်
လက်ထဲလာလာထည့်ပေးတဲ့ ဆေးရောင်စုံအပိုင်းအစလေးတွေ
စိတ်ပျက်ညစ်ညူးစရာဆိုတာမေ့လျော့နေတဲ့ အိပ်ချိန်တွေထဲကုန်ဆုံးသွားပြန်တယ်
ကဗျာရယ် နင်ရှိရင် မသိစိတ်ထဲလည်း ငါနေတတ်ပါတယ်
ကိုယ် ကဗျာတွေကို မုန်းလာပြီ ။ အဲလို ကိုယ့်ကိုယ်ကိုယ်ညာတယ် ။မင်းကိုလည်း ညာချင်ပါတယ်
မင်းမျက်ဝန်းထဲက ကြယ်လေးကောင်းကင်ကြီးထဲ ပျော်နေပါစေ
မင်းပျော်နေရင် ပြီးတာပဲ ။ ဘာပဲဖြစ်နေဖြစ်နေ မင်းပျော်နေပါ ။ လိုအပ်ရင် မင်းရယ်လိုက်ပေါ့ ။
ကိုယ့်ကို ရောဂါဖြစ်နေတဲ့အစိတ်အပိုင်းတခုအဖြစ် ခွဲစိတ်ပစ်လိုက်ပါ ။
နောက်တစ်နေရာကို မင်းရောက်အောင်သွားပြီး တစ်ခုခုကို စွန့် အ နေလိုက်ပါ ကွာ
တစ်ယောက်တည်းပဲလို ခံစားမှုကို မကြိုက်ဘူး ။ ဘာမှမတတ်နိုင်ဘူး ။
ကိုယ်ခုချိန်ထိ အောက်တိုဘာနဲ့ နိုဝင်ဘာထဲကမထွက်သေးဘူး
နေ့စွဲအလဂျစ်တွေ ကိုယ့်ကိုဆွဲဆောင်ထားတုန်းပဲ
မလိုအပ်တဲ့ အတိတ်တွေဆိုတာ မေ့ပစ်လိုက်ရတယ် ။
တိတ်ဆိတ်လွန်းတဲ့ညနေတွေဟာ အလကားပဲ ။ ကိုယ့်ရဲ့နှစ်သက်မှုတွေကို ကိုယ်ပြန်မေ့နေရတယ်။
အနုပညာသမားတစ်ယောက်ဖြစ်နေတော့ နာကျင်မှုကို သာမန်လူတွေထက် နာကျင်တတ်တယ်
အမှားချည်းပဲ ပေးခဲ့တယ် ။ ကိုယ့်ကို ဘာဖြစ်စေချင်လို့လဲ ။
ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှုမရှိသော ကော်ဖီဆိုင်လေးမှာ ညနေခင်းဟာ သူ့ကိုယ်သူ ဆူဆိုက်ဒ် လုပ်ဖို့ ကြံရွယ်နေတယ်
အဝေးဆုံးမှာ ရယ်ပြနေတဲ့ လူတချို့က ကိုယ့်နားရောက်တော့ ပျောက်ကွယ်သွားတယ် ။
ညဘက်တွေမှာ တစ်ယောက်တည်း အထီးကျန်ဆန်လွန်းတဲ့အခါ အထီးကျန်ခြင်းကို သတိရတယ် ။
ပြဿနာက ကိုယ့်အနီးဆုံးတိုးကပ်လာတယ်
ရုပ်ရှင်ထဲက လိုအပြင်မှာ တကယ်ဖြစ်တော့မယ် လူသားမျိုးရိုးဗီဇစမ်းသပ်မှုတွေထဲက မတော်တဆမှားယွင်းမှုတွေထဲကနေ လူအချင်းချင်းစားသောက်ချင်ဖြစ်ပေါ်လာကြတော့မယ်။
မင်း ပုန်းနေပါကွာ ။
ကိုယ် နဲ့ မင်း ရည်းစားသက်တမ်းတစ်လျှောက်လုံး စောင့်ထိန်းခဲ့တဲ့ ကိုယ်ကျင့်တရားကို မင်းပုန်းနေလိုက်ပါ
Gynophobia / Trauma အားလုံးက ကိုယ့်စိတ်ဝိညာဉ်အမည်းရောင်အစက်အပျောက်တွေ။ မင်းဘယ်လိုလဲ မလိုအပ်ရင်မေ့ထားပစ်လိုက်
မေ့ပစ်ခြင်းအစိတ်အပိုင်းတွေက ဦးနှောက်ရဲ့ လက်ဆောင်ပဲမဟုတ်လား။
အေးချမ်း ၊ နေအေဒီ

No comments:
Post a Comment