ွှTranslated Prose
Monday, December 24, 2012
ကျွန်တော်အပါအ၀င် သက်ရှိအားလုံးဝင်ရောက်ကစားနိုင်တဲ့ အဲဒီအရာရဲ့ပြဇာတ်
သမရိုးကျဇာတ်လမ်းတစ်ပုဒ်ဖြစ်ကောင်းဖြစ်နိုင်တယ်
မြေ ၊ ရေ ၊ လေ ၊ မီး ဓာတ်ကြီးလေးပါး
လူငယ်ကြိုက် အာအမ်ဘီ မြူးဇစ်၊ ခေတ်ပေါ်ရေပန်းစားဖက်ရှင်
* ( အမျိုးသမီးကြီးကြီးငယ်ငယ် = တိုတောင်းလွန်းသော လှစ်ဟဖော်ပြအ၀တ်အစားများနှင့်ခပ်ညုညုဒီဇိုင်း
အမျိုးသားငယ်ငယ်ကြီးကြီး = လည်ပင်းပေါက်ပါမကျန်ကြယ်သီးအစုံတပ်၊ ဘောင်းဘီအောက်လျှောဝတ်ဆင်မှု )
အကြော်၊ အလှော်၊ အကင်၊ မီးခိုးတလုံးလုံးနှင့် ရနံ့မျိုးစုံသင်းထုံဘီယာဆိုင်
ကွန်မန့်များစွာနှင့်အသက်ဝင်လှုပ်ရှား သူသူငါငါ
အွန်လိုင်းကဗျာဆရာများစွာရေးဖွဲ့နေကျ ပုံစံမျိုးစုံကဗျာစာသား
နားမဆင်ဘဲ အကြားအာရုံထဲတိုးတိုးဝင်လာ
အရပ်လေးမျက်နှာမှ ကော်ပီသံစဉ်ရက်ပ်သီချင်းများ
တစ်စုံတစ်ရာလှုပ်ရှားရုံ ပြိုလဲသွားနိုင် လူတစ်ယောက်ရဲ့အိပ်ရာဝင်အလွမ်းများ
အရာအားလုံး ထိုအဖြစ်အပျက်တွင် လွတ်လပ်စွာသမ်းဝေခွင့်ရှိနိုင် ။
ပြုံးချင်သလား ပြုံးပါ၊ မဲ့ချင်သလား မဲ့ပါ
မုန်းချင်သလား မုန်းပါ၊ ငိုချင်သလား ငိုပါ
ငွေရေးကြေးရေးပိုလျှံသလား ကောင်းမှုကုသိုလ်လုပ်ပါ
အရှုံးအမြတ်တွက်ချက်ချင်ရုံလောက်နဲ့ ဘယ်သူကချစ်တမ်းကစားမှာလဲ
အချစ်အကြောင်း အသေအချာဆွေးနွေးဖို့
ကမ္ဘာအနှံ့စစ်တမ်းကောက်ယူမယ်ဆို ခင်ဗျားရော၊ ကျွန်တော်ရော
သူရော၊ စိုင်းစိုင်းခမ်းလှိုင်ရော၊ ဂျူလီယာရောဘတ်စ်ရော
စာရေးဆရာ ကိုနေရီရော၊ ကျွန်တော့်သူငယ်ချင်း ဇော်ခိုင် ကော
အားလုံးက ခံစားချက်တစ်ချို့တေးသီဖို့ ရင်ဘတ်ထဲမှာနှလုံးသားကိုယ်စီနဲ့ပဲ ။
ချစ်ခြင်းတရားဆိုတာ အရာအားလုံးရဲ့ ထိပ်ဆုံးမှာရှိသလား?
ဖြေပေးကြပါ၊ စိတ်ဝင်စားသူ အဲဒီမေးခွန်းလေးကိုဖြေပေးကြပါ
ခပ်ချိုချိုအနမ်းတစ်ပွင့် ကျွန်တော့်အိပ်မက်အတွက်လိုအပ်တယ်
တန်ဖိုးကျပ်တစ်သောင်းပတ်ချာလည် အော်လ်တာရှပ်တစ်ထည်ဝတ်ဆင်ထားတဲ့အခါ
တစ်စုံတစ်ယောက်ရဲ့ စိတ်ကျေနပ်ဖွယ် မှတ်ချက်စကားလိုအပ်တယ်
ဝမ်းကွာတားဘောင်းဘီအောက်က အဖြူ၊အမည်းရောနှောနေတဲ့
အမျိုးသမီးတွေရဲ့ ပေါင်တံကို မလိုအပ်ဘူး
လူငယ်တွေဦးခေါင်းထက်က ကိုရီးယားစတိုင်လ်ဆံပင်ပုံစံမျိုးစုံမလိုအပ်ဘူး
ကူးစက်ရောဂါလိုပျံ့နှံ့နေတဲ့ အရွယ်စုံမနုဿတွေကြားက
ပျစ်ချွဲချွဲဟန်နဲ့ ဖုန်းပြောပုံကို မလိုအပ်ဘူး
လိုအပ်တယ် နဲ့ မလိုအပ်ဘူး ဆိုတဲ့ခြားနားချက်လည်း အဲဒီအဖြစ်အပျက်မှာ အမှန်တစ်ကယ်မလိုအပ်ပြန်ဘူး ။
စကားစုတစ်ခုရဲ့အဓိပာယ်ကို ဘယ်သူ ခပ်ကြောင်ကြောင် သရုပ်ခွဲကြည့်ဖူးလဲ
လူတစ်ယောက်ရဲ့စကားကို ရာနှုန်းပြည့်ပျော်ဝင်နိုင်ဖို့
သူ့မျက်ဝန်းက အရိပ်တစ်ချို့လေ့ကျက်မိချိန်ကစလို့
ဘာသာဗေဒတစ်ချို့နဲ့ ကိုယ်စီဆန္ဒအားလုံးပြီးမြောက်ခဲ့
ဆောင်းဥတုရဲ့ မနက်ခင်းနှင်းထုအချို့လို နေရောင်လာတဲ့အချိန် အရည်ပျော်ပျောက်ကွယ်သွားခဲ့
မဆန်းသောထူးဆန်းမှုတစ်ခုလို့ အဲဒီအဖြစ်အပျက်ကို လက်ခံသွားတတ်ခဲ့
နိဂုံးချုပ်အဖြေအတွက် အသွားနှစ်ဖက်ဓားတစ်လက်ရဲ့ထက်မြမှုအရသာကို
ဆုလာဘ်တစ်ခုအဖြစ် သေရာပါအမှတ်အသား လက်ခံရရှိခဲ့
နောက်ဆုံးတော့ တစ်နေ့နေ့ဆိုတဲ့ဖြစ်ရိုးဖြစ်စဉ်ကြားမှာပဲ
ခင်ဗျားရော၊ ကျွန်တော်ပါ အဲဒီအရာအတွက် ကူးခတ်နေကြတော့တယ် ။
*( ) = ခေတ်ပေါ်ရေပန်းစားဖက်ရှင်
ရွှေကိုယ်နတ်(UCSM)
[ 09.05.12 - 2:20 PM ]
ရယ်စရာ - မဂ္ဂဇင်း December - 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment