Sunday, April 7, 2013

ဈေးဦးမပေါက်သေးတဲ့ ချွေးသံသွေးသံတွေ ရောင်းရန်ရှိသည်


ငိုချင်ရက်နဲ့ ပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြ။ မျက်နှာဖုံးကိုယ်စီနဲ့ ဆိုတော့ အားလုံးအသေ။
ရန်ကုန်ကို ဟပ်လိုက်တဲ့ ငါးတွေ ပုစွန်တွေ။ ဒဏ်ငွေဆောင်ရတယ်။ ခုနကတည်းက စထားသလိုလိုနဲ့ ဒီကဗျာ ခုမှ စမှာပါ...အီပါလိမ့်မယ်။ မိုးတအုံ့အုံ့။ အချဉ်နဲ့ တို့ပြီးစားပါ။ စိတ်ချလက်ချ မြည်းပါ။ သေနတ်မပါဘူး။ စစ်ပွဲမပါဘူး။ ဒီတော့ ဒီကဗျာမပေါက်နိုင်ဘူး။ ပေါက်ချင်ရင် ပဲလှော်စားပါ။ ဟာသ။ ပေါက်ကွဲစေနိုင်သည့် အရာတွေကို ခပ်ထုတ်ထားပြီးသား၊ ဘောလုံးပွဲလို ဇာတ်ရံတွေကင်းချပြီး ကစားလိုက်ကြရုံ...ဆင်ဆာမငြိဘဲ ခေတ်ကြီးက ဘတ်လတ်ဘတ်လတ်မြည်လို့။
အသက်ရှူသံများ။ ဆဲသံများ။ လီဗာဗြင်းသံများ။ ကားတွေ တအားကျပ်တာပဲ ရှိစုမဲ့စုတွေ ကဗျာဆရာက ကားခမကျန်အောင် အရက်ထဲ ရေရောတယ်။ နယ်က တက်လာခဲ့တာပါ...စိတ်ကူးတွေ သဲတရှပ်ရှပ်...ပယ်ပယ်နယ်နယ် မခံရခင် ရန်ကုန်ကတောပိုနက်တယ်။ လမ်းပြတွေ ဘယ်မှာလဲ။ ခရာမှုတ်သံတွေ ကြားရတယ်။ လူနံ့တွေ သောင်းပြောင်းထွေလာ ချွေးတဒီးဒီးကျ connection တွေလည်း ၀ါးလုံးခေါင်းထဲ ဆင်ဝင်ရသလို မဆံ့မပြဲ ကျပ်တယ်။ သူများထက် နှာတစ်ဖျားသာချင်လို့ Maldini စီးထားတယ်။ အရိပ်က ပုနေတုန်းပဲ။
မျက်နှာပူလို့ ဦးထုပ်ဆောင်းထားတယ်။ အထာတွေ အညှာတွေ စကပ်တိုတိုတွေ လက်ဝါးဖြန့်ရင် လျက်ဆားရမှာလား...ခမောက်နှင့် သန္ဓေတားဆေး လက်ဝယ်တွေ့ရှိပါက ရောင်းကုန်ဟု သတ်မှတ်မည်။ ကမ္ဘာဦးကနေ ၂၁ရာစုအထိ လိင်ကိစ္စ မျိုးမတုန်းသေး။ ဘ၀မှာ အနာနဲ့ဆေး မတည့်တာလောက် ရယ်စရာကောင်းတာမရှိဘူး။ အနုပညာ အနုပညာနဲ့ ကျယ်ကျယ်အော်တဲ့သူတွေ
အသံအရင် ၀င်မှာပဲ။ မိုးပေါ်မော့နေတဲ့သူတွေ ခလုတ်အရင်တိုက်မှာပဲ။
စလေဦးပုညတို့ ဆရာဇော်ဂျီတို့ အဖြူအမည်း ပိတ်ကားထဲ ပြီးပါပြီလို့ စာတန်းထိုးလို့ ရပြီလား? မရယ်နဲ့ ရိုစီ ငါ ချောင်းဆိုးနေတယ်။ ငါ့လိပ်ပြာကိုလူရွှင်တော်လေသံနဲ့ မှီမှီမှီ လို့ အော်ပြီးပြန် ခေါ်နေရတယ်။ ငါ့ကိုခင်ရင် ဒါတွေမမေးပါနဲ့လား...ရိုစီ။ လွတ်လွတ်လပ်လပ် ငါ လေချွန်နေပါရစေ။
ဆေးသောက်ပြီး အိပ်လိုက်တော့လေ။ မပြောမပြီး မတီးမမြည်ဆိုတာ
ကြားဖူးကြမှာပဲလေ။ ပြီးပြီး မပြီးပြီးဗျာ ဒီကဗျာကို ကျုပ်ဘရိတ်အုပ်လိုက်ပြီ။ မျဉ်းပိတ်လိုက်ပြီ။ ကျေနပ်လား ။ မကျေနပ်ဘူးလား။ စိတ်ထဲမှာတော့ မြန်မာနိုင်ငံထုတ် အကြီးဆုံး တစ်သောင်းတန်တစ်ရွက်လောက်တော့ နည်းနည်းနွမ်းသွားမှာပေါ့။
အိုခေ။
                              မိုဃ်းဇက်သော်
 Faces မဂ္ဂဇင်း၊ မတ်၊ ၂၀၁၃

No comments:

Post a Comment